ရှေးဖြစ်ဟောင်း
-----------------
ပဲခူးမြို့၏ တောင်ဘက် မြို့ရိုးဟောင်းကြီးကို ကျော်လွန်လျှင် တိမ်ကောနေပြီ
ဖြစ်သော ကျုံးဟောင်းကို တွေ့ရမည်။ ထိုကျုံးဟောင်း၏ ဟိုမှာဘက်ကမ်းတွင်
တည်ရှိသော ရွာကလေးကား ယခုခေတ်အခေါ် ကတွင်းခြံရွာ မွန်ဘာသာဖြင့် အမည်မှန်ကား
ကတွံခြံ။
မြန်မာဘာသာဖြင့် မိကျောင်းတံတား ဟု အဓိပ္ပါယ်ရသော ဤရွာကလေး
ဖြစ်လာပုံ၊ ရွာလယ်ရှိ ပြိုပျက်နေပြီဖြစ်သော မြသိန်းတန်စေတီ
ဖျက်ဆီးယူငင်သွားခြင်း ခံရ၍ အောက်ခြေအုတ်ခုံသာ ကျန်ရစ်တော့သော တန်ဆောင်၊
ဤဘုရားပြို တန်ဆောင်းပျက် အနီးမှာ တည်ရှိသည့် အုတ်ပြာသာဒ် အရိုးဂူ စသည်တို့
အကြောင်းကို စာရေးသူသည် ၁၉၅၈ ခုနှစ်ထုတ် စာပေဗိမာန် မဂ္ဂဇင်းတွင်
‘ဘိုးရွှေယောက်’ ဟူသော အမည်ဖြင့် ဝတ္ထုတိုအဖြစ် ရေးသားဖော်ပြခဲ့ပြီး
ဖြစ်သည့်အပြင် ၁၉၆၄ ခုနှစ် အောက်တိုဘာလထုတ် သွေးသောက် မဂ္ဂဇင်းတွင်
ရေးသားခဲ့သည့် ‘အယူမသီးသော်လည်း’ ဝတ္ထုရှည်၌ ဘိုးရွှေယောက်၏ အတ္ထုပ္ပတ္တိကို
ထပ်လောင်း ဖော်ပြခဲ့ပါသည်။
ဤ ဘိုးရွှေယောက်ကား စာရေးသူ မိခင်ဘက်က
အဘိုး အရင်းအချာပင် ဖြစ်ပါသည်။ ဘိုးရွှေယောက် တည်ထောင်ခဲ့သည့် ဤကတွံခြံ
ရွာကလေး တစ်ရွာလုံးကား ဘိုးရွှေယောက်နှင့် ဇနီး ဒေါ်စီတို့မှ ပေါက်ဖွားသော
သားသမီး၊ မြေး၊ မြစ်များဖြင့် စည်ကားသာယာ သိုက်မြိုက်လှစွာ၏။
အေးချမ်းသာယာစွာ ဆွေစုမျိုးစု၊ တစ်စုတစ်လုံးတည်း နေထိုင်ကြသော ဤရွာကလေးဝယ်
ကြောက်မက်ဖွယ်၊ ကြေကွဲဖွယ် အဖြစ်ဆိုးကြောင့် ဘိုးရွှေယောက် ဒေါ်စီတို့မှ
ပွားစီးလာသော သားသမီး မြေးမြစ်တို့ မျိုးပြုတ်လုမျှ သေကျေပျက်စီးခဲ့ကြသည့်
အဖြစ်သည် ယခုခေတ် လူတို့အနေဖြင့် ယုံကြည်နိုင်မည် မဟုတ်ဘဲ ပုံပြင်လိုလို
ဒဏ္ဍာရီဆန်ဆန် ဖြစ်လေမည်ဟု တွေးမိကောင်း တွေးမိကြပေလိမ့်မည်။ သို့သော်
ထိုအဖြစ်အပျက်ကား အမှန်တကယ်ပင် ဖြစ်ခဲ့ကြလေသည်။
ထိုအဖြစ်ဆိုးကြီးကြုံကြိုက်သည့် အချိန်ကား လွန်လေပြီးသော နှစ်ပေါင်း
လေးဆယ်ကျော် မြန်မာသက္ကရာဇ် (၁၂၉၁) ခုနှစ်၊ ဝါဆိုလမှာ ဖြစ်ပျက်ခဲ့လေသည်။
ထိုအချိန်က စာရေးသူသည် အသက်ဆယ်နှစ် မျှသာ ရှိနေသေး၍ ကလေးဘဝဖြင့်
ဤအဖြစ်ဆိုးကြီးကို စေ့စပ်သေချာ တိကျစွာ မသိခဲ့နိုင်ချေ။
စာရေးသူ၏
မိဘများက ပဲခူးမြို့ပေါ်မှာ နေထိုင်သည် ဖြစ်သောကြောင့် မိုးသည်းထန်စွာ
ရွာသွန်းနေသော ဤဝါဆိုလ တစ်လလုံးမှာ စာရေးသူသည် မိဘနှစ်ပါးနှင့်အတူ
ပဲခူးမြို့နှင့် ကတွံခြံရွာကို ကူးချည်သန်းချည် သွားလာနေရခြင်း၊
မိခင်ဖြစ်သူ၏ ရှိုက်ကြီးတငင် ငိုကြွေးနေခြင်းတို့ကို မြင်နေတွေ့နေခြင်း၊
ရွာတွင် နေ့စဉ်ရက်ဆက် ဆွေမျိုးတွေ သေဆုံးနေခြင်းတို့ကို
ကလေးဖြစ်သည့်အလျောက် လေးလေးနက်နက် မတွေးခဲ့။ စိတ်မဝင်စားခဲ့ချေ။ အဖေနှင့်
အမေ ပဲခူးမြို့မှ ကတွံခြံရွာ သွားမည်ဆိုလျှင် စာရေးသူ အမြဲလိုလို
လိုက်ရသောကြောင့် လေအသိမ်းမှာ တယိမ်းနွဲ့နွဲ့ စိမ်းလန်းနေသော စပါးပင်
လယ်ကွင်းပြင်များမှ ဖြတ်၍ ဖြိုင်ဖြိုင်သဲသဲ ရွာနေသော မိုးရေထဲမှာ
ကစားရွှင်မြူးရင်း သွားရသည်ကို စာရေးသူ အလွန်ပျော်ခဲ့ပါသည်။
ယခု
အသက်အရွယ် ရောက်၍ ရှေ့ရှေ့နောက်နောက် စဉ်းစားမိသောအခါ လွန်ခဲ့သော
နှစ်ပေါင်း လေးဆယ်ကျော်က တွေ့ကြုံခဲ့ရသည့် ကြေကွဲဖွယ်၊ ကြောက်မက်ဖွယ်
အဖြစ်ဆိုးကို ပြန်လည်သတိရမိ၏။ သို့သော် တိကျသေချာစွာ ပြောဆိုနိုင်မည့်သူကို
မတွေ့ခဲ့ရချေ။ ၂၆-၈-၇၀ နေ့ကမူ မိုးသည်းထန်စွာ ရွာသွန်းနေသည့်အခိုက်
ကြာမြင့်စွာ ကွဲကွာနေခဲ့သော စာရေးသူ၏ အစ်ကိုဝမ်းကွဲသည် ဆိုက်ဆိုက်
မြိုက်မြိုက် ရောက်လာပါတော့သည်။ အစ်ကိုတစ်ဝမ်းကွဲ၏ အမည်မှာ ဦးပန်းကျော်ဟု
ခေါ်တွင်၍ အသက်မှာ ၇၂ နှစ် ရှိလေပြီ။ စာရေးသူအဖို့ သိလိုသော အကြောင်းကို
မေးရပေတော့မည်။
“ကိုပန်း ရောက်လာတဲ့အခိုက် ကျွန်မ သိချင်တာ ပြောခဲ့စမ်းပါ”
“အေး… မင်းက ဘာသိချင်တာလဲဟာ ဆိုစမ်းပါဦး”
မောင်နှမနှစ်ယောက် ဤသို့ အမေး အဖြေ အစပျိုးပြီး ကျွန်မက လွန်ခဲ့သည့်
နှစ်ပေါင်းလေးဆယ် အချိန်ဝယ် ကတွံခြံရွာမှာ ဖြစ်ခဲ့သည့် တစ်ဆွေလုံး
တစ်မျိုးလုံး ဆိတ်သုဉ်းလုမျှ ကြောက်မက်ဖွယ် သေကြေခဲ့ကြပုံများကို
မေးမြန်းပါသည်။
“နင် သိချင်တာ ငါ သေသေချာချာ ပြောပြမယ်၊ တို့ဆွေမျိုးတွေ ဘယ်သူဘယ်ဝါဆိုတာ နင် သိရဲ့လား”
ထိုအချိန်က သေဆုံးခဲ့သူတွေ တစ်ယောက်နှင့် တစ်ယောက် မည်ကဲ့သို့ တော်စပ်၍
မည်သူတွေ ဖြစ်ကြောင်း သိလေသလားဟူသော အဓိပ္ပါယ်ဖြင့် မေးကြောင်း ကျွန်မ
သဘောပေါက်ပါသည်။
“အဲဒီအချိန်က ကျွန်မက ကလေးပဲ ရှိသေးတာ၊ ဘယ်မှတ်မိနိုင်ပါ့မလဲ ကိုပန်းရဲ့”
ကျွန်မက ဖြေပါသည်။
“အေး… ဒါဆိုရင် အရင်းခံလူလောက်ပဲ နင် မှတ်လိုက်၊ အဲဒါလောက်ဆို နင် ရှင်းရှင်းလင်းလင်း မှတ်မိမယ်”
အစ်ကိုတစ်ဝမ်းကွဲ ဦးပန်းကျော်က ပြောပါသည်။
ကျွန်မ၏ ဘိုးဘွားအရင်း ဖြစ်သော ဘိုးရွှေယောက်နှင့် ဘွားစီတို့မှာ ဒေါ်ပို၊
ဒေါ်အေးမြ၊ ဒေါ်ဖူး၊ ဦးမောင်မောင်၊ ဦးစံဝင်း၊ ဒေါ်လေးဟူ၍ သားသမီး ၆ ယောက်
ရှိကြောင်း သိခဲ့ပြီ ဖြစ်သည်။ အငယ်ဆုံး ဒေါ်လေးမှာ စာရေးသူ၏ မိခင်
ဖြစ်ပါသည်။ ထိုအချိန်က ဒေါ်ပိုမှာ ကွယ်လွန်သွားခဲ့ပြီး ခင်ပွန်းသည်
ဦးသာခွေးနှင့် ကိုရေချမ်း၊ မသိန်း၊ ကိုထွန်း၊ ကိုပန်းကျော် ဟူသော သားသမီး
လေးယောက် ကျန်ရစ်သည်။ ဒေါ်အေးမြ ဆိုသူမှာလည်း ကွယ်လွန်သွားပြီ ဖြစ်၍
ကျန်ရစ်သော ခင်ပွန်း ဦးဘိုးချစ်က ဒေါ်မဲဆိုသူနှင့် နောက်အိမ်ထောင်
ပြုထားသည်။ ဦးစံဝင်း ဆိုသူမှာလည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ရာ တစ်ရွာလုံး
ကြောက်မက်ဖွယ် အဖြစ်ဆိုးကြီး ကြုံတွေ့နေချိန်က ဘိုးရွှေယောက် ဘွားစီတို့
သားသမီးများအနက် ဒေါ်ဖူး၊ ဦးမောင်မောင်နှင့် ဒေါ်လေးတို့သာ ရှိနေကြသည်။
ဦးပန်းကျော် ပြောပြသည်ကို ဇာတ်လမ်းသဖွယ် ရေးသားပြပါမည်။
အချိန်ကား သက္ကရာဇ် ၁၂၉၁ ခု ဝါဆိုလ ဖြစ်သည်။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်
ဆိုသည့်အတိုင်း ကောင်းကင်တစ်ပြင်လုံး မည်းမှောင်အုံ့ဆိုင်းပြီး မိုးရောလေပါ
သဲသဲမဲမဲ ရွာသွန်းနေသည်။ မိမိတို့ အမွေအနှစ် ရထားသော
ကိုယ်ပိုင်လယ်မြေများကို အေးချမ်းစွာ ထွန်ယက် စိုက်ပျိုးခြင်းဖြင့် အပူသောက
မရှိ နေထိုင်ကြသော ဘိုးရွှေယောက်၏ သားသမီးမြေးများ အုပ်စုတွင် ဒေါ်ဖူးတို့
အိမ်ထောင်၌ အပူသောကမီးသည် စတင် လောင်မြိုက်ခဲ့၏။
ဒေါ်ဖူး၏ သမီးကြီး
အချို၏ ခင်ပွန်း နာမည်ကလည်း ကိုမောင်မောင်ပင် ဖြစ်သည်။ ကိုမောင်မောင်ကား
တောရွာဒေသ အလျောက် ကျယ်ဝန်းသော ခြံမြေကို စည်းရိုးထူထပ် လုံခြုံစွာ
ကာရံသည်။ မိရိုးဖလာ လယ်ယာအလုပ်ကို စိတ်မဝင်စားဘဲ ဗိန္ဓောပညာ အောက်လမ်းပညာကို
စိတ်ဝင်စားသည်။ ဇနီးနှင့် သားသမီးများက လယ်လုပ်ငန်းခွင် ဝင်နေသော်လည်း
ကိုမောင်မောင်က သွေးရိုးသားရိုး လူနာကို ကုသရန် လည်းကောင်း၊ အမှောင့်ပယောဂ
ဖက်သော လူနာကို ကုသရန် လည်းကောင်း၊ ဆေးဝါးစုဆောင်း ဖော်စပ်သည်။
အိမ်ဝင်းအတွင်းမှာ ဘီလူးဂမုန်း အပါအဝင် ဂမုန်းမျိုးစုံ စိုက်သည်။
စပါးလင်ကို အမဲသွေးရည် လောင်းပြီး စိုက်သည်။ ဆေးဝါးပညာကို မည်မျှ
နားလည်ကျွမ်းကျင် ထားသည် ဟူ၍ ဇနီး သားသမီးကပင် မသိနိုင်သော်လည်း အလွန်အမင်း
ဆေးကုချင်သူ ဖြစ်၍ လူနာအနံ့ရလျှင် ဆေးသွားကုတတ်သည်။
ဝါဆိုလဆန်း
တစ်ရက် တစ်နေ့သော အခါဝယ် ကိုမောင်မောင်သည် အသိမိတ်ဆွေ တစ်ယောက်၏
သတင်းပေးချက်အရ ဘူတာရုံကြီး အနီးရှိ အိမ်တစ်အိမ်မှာ ဖျားနာနေသော
လူတစ်ယောက်ကို ဆေးသွားကုလေသည်။ နံနက်ချိန်က ဆေးကုရန် ထွက်သွားသော
ကိုမောင်မောင်သည် ညနေ အိမ်ပြန်ရောက်လာ၏။
လယ်တောမှ ပြန်လာသော ဇနီး
သားသမီးများက အိပ်ရာထဲမှာ လဲနေသော ကိုမောင်မောင်ကို မေးမြန်း
စမ်းသပ်ကြည့်ရှုကြ၏။ နေမကောင်းဟူ၍ သိကြရသည်။ မည်သူ၏ ဆေးကုသမှုကိုမှ မခံယူဘဲ
သူ့ဆေးကိုသာ သူပြန်စားသုံး၍၊ နောက်တစ်နေ့တွင် ကိုမောင်မောင် သေဆုံးလေတော့၏။
လျင်မြန် တိုတောင်းသော အချိန်အတွင်းမှာ ကိုမောင်မောင် သေဆုံးရသည်ကို
တစ်ရွာလုံးက တအံ့တဩ ဖြစ်ကြရသည်။
“ရိုးရိုးတန်းတန်း သေတာမှ ဟုတ်ကဲ့လား”
“ဘူတာရုံနားမှာ သူဆေးသွားကုတဲ့ လူနာက ဆယ့်နှစ်ကြိုးကဝေတဲ့၊ မတောက်တစ်ခေါက် ပညာနဲ့ သွားစမ်းတော့ ဟိုက လုပ်လွှတ်လိုက်တာ ဖြစ်မှာပေါ့”
“မဟုတ်ဘူး … သူ စိုက်ထားတဲ့ ဘီလူးဂမုန်းက အစာမကျွေးလို့ သူ့ပြန်စားတာ”
“အဲဒါတွေလည်း မဟုတ်သေးဘူး၊ စပါးလင်ပင်ကြောင့် ဖြစ်တာ၊ သူ စပါးလင်စိုက်တာ
ရိုးရိုးစိုက်တာမှ မဟုတ်ဘဲ၊ အမဲသွေးတွေ အမဲသားတွေ ခံစိုက်တာကိုး၊
စပါးလင်ပင်က ခိုက်တာပေါ့”
လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်က
ပြောခဲ့သော ဤစကားတွေမှာ သူတို့ခေတ် သူတို့အချိန်အခါ အယူသီးသည်ဟု မဆိုသာပေ။
ယခုခေတ်လောက် သိပ္ပံပညာ၊ ဆေးပညာတွေလည်း မထွန်းကားသေး။ တောရွာ ဒေသတွေအနေဖြင့်
ရှေးဟောင်း အယူအဆတွေကို လက်ခံယုံကြည် နေကြသော အချိန် ဖြစ်သည်။ ထို့ကြောင့်
မိမိတို့ ထင်မြင်ယူဆရာ တစ်ယောက် တစ်မျိုး ပြောဆိုနေကြသော်လည်း တစ်ရွာလုံး
သွေးသား မကင်းသော ဆွေမျိုးတွေချည်းပဲ ဖြစ်ရာ ကိုမောင်မောင်၏ အသုဘကို
ငါးရက်တိုင်တိုင် ထားပြီး တစ်ရွာလုံး ဝိုင်းဝန်းစောင့်ရှောက်နေကြသည်။
ကိုမောင်မောင် သေဆုံးပြီး သုံးရက်မြောက်သောနေ့ ညဘက်တွင် ကိုမောင်မောင်၏
ဇနီး အချိုနှင့် သားအကြီးဆုံး ကာကာ ဆိုသူတို့ ရွှင်ရွှင်လန်းလန်း မရှိကြ။
နေမကောင်းဘူး ဟူ၍ အိပ်ရာထဲခွေ နေကြသည်။ တောရွာမှာ ရှိနေသော ဆေးဆရာဖြင့်
မေးမြန်း စမ်းသပ်၍ ဆေးဝါးတိုက်ကျွေး ကြ၏။ နောက်တစ်နေ့ ကိုမောင်မောင် အသုဘ
လေးရက်နေ့မြောက် ညဘက် တောရွာ အသုဘ ထုံးစံအတိုင်း မသင်္ဂြိုလ်မီ ညမှာ
ဆိုင်းသွင်းသည် ဟူ၍ မြန်မာ ဆိုင်းဝိုင်းကြီး တစ်ဖွဲ့ကို ငှားကာ
တီးမှုတ်နေချိန်ဝယ် နေမကောင်း ဖြစ်နေသော ကိုမောင်မောင်၏ ဇနီး အချိုနှင့်
သားကြီး ကာကာတို့ မိနစ်ပိုင်းကလေးမျှ ခြားပြီး ဆက်တိုက် သေဆုံးသွားကြသည်။
“အောင်မယ်လေး … ဘယ်လို ဖြစ်ကြတာလဲဟဲ့”
မိခင်ကြီး ဒေါ်ဖူးက ရင်ထုမနာ ငို၏။ သမက် အလောင်းက မသင်္ဂြိုလ်ရသေးမီ သမီးနှင့်
မြေးကြီးက တစ်ပြိုင်တည်းလိုလို သေနေလေပြီ။ ဤတွင် ဆွေစုမျိုးစု အရေးတကြီး
တိုင်ပင်ကြရတော့သည်။ သေဆုံးသော ကာကာ ဆိုသူမှာ လူပျိုကြီးဖားဖား ဖြစ်၍
သူ့အောက် အငယ်များ ဖြစ်သည့် လူပျို လူရွယ်များပင် ဖြစ်သော ကျော်အုန်း၊
ကျော်သိန်း၊ မြမောင်တို့ ညီအစ်ကို သုံးယောက်မှာ မှိုင်စပြုနေလေပြီ။
ထို့ကြောင့် အိမ်ရှေ့ပိုင်းတွင် စည်ကားသော ပရိသတ်ဖြင့် အသုဘဆိုင်းက
မြိုင်မြိုင်ကြီး တီးမှုတ်နေစဉ်မှာ မှောင်မည်းသော မိုးကောင်းကင်က
မိုးဖြိုင်ဖြိုင် ရွာချနေ၏။ အချိန်က ည ၈ နာရီခန့် ရှိလေပြီ။ အချိုနှင့်
ကာကာတို့ သားအမိ နှစ်ယောက်၏ ဝိညာဉ် ကင်းမဲ့နေသော ရုပ်ကလာပ်ကို စောင်ဖြင့်
ထုပ်၊ ဖျာနှင့် လိပ်ကာ၊ အိမ်နောက်ဖေး တံခါးပေါက်မှ ထုတ်၍ ဝါးလုံးဖြင့်
လျှိုထမ်းကာ သတ္တိကောင်းသော ဆွေမျိုးတစ်သိုက် ဝိုင်းရံ၍၊ ညအမှောင်
မိုးသည်းသည်းတွင် သုသာန်သို့ ထုတ်ခဲ့ကြရသည်။ မိုးထဲ လေထဲမှာပင် ကျင်းတူးကာ
သားအမိ နှစ်ယောက်ကို တစ်ကျင်းတည်း ထည့်မြှုပ်နှံလိုက်ကြရလေသည်။ ဤကိစ္စကို
ခေါင်းဆောင် စီစဉ်သူမှာ ရွာသူကြီးမင်း ဦးသာကျော်နှင့် စာရေးသူ မိခင်၏
အစ်ကိုကြီး ဦးမောင်မောင်တို့ ဖြစ်သည်။ သူတို့ ကိုယ်တိုင်ပင်
ကိုင်တွယ်ပြုပြင်၍ သုသာန်သို့ လိုက်ပါကာ၊ ကိစ္စပြီးသည်အထိ
ဆောင်ရွက်ပေးကြသည်။
နောက်တစ်နေ့ ကိုမောင်မောင် အသုဘကို စည်ကား
သိုက်မြိုက်စွာ သုသာန်သို့ ပို့ဆောင် သင်္ဂြိုလ်လိုက်သည်။ ဤအချိန်မှာ
ကိုမောင်မောင်၊ အချိုတို့၏ သားငယ်များ ဖြစ်သော ကျော်အုန်း၊ ကျော်သိန်း၊
မြမောင်တို့ အိပ်ယာထဲမှာ ခွေနေကြလေပြီ။ သူတို့သုံးယောက်ကို အတူတူ
မထားတော့ဘဲ ဆွေမျိုးများ အိမ်တွင် တစ်ယောက်စီ ခွဲထားကြ၏။ သို့သော် တစ်ယောက်
သေဆုံးသည်ကို တစ်ယောက်က အလိုလို သိနေကြ၏။ စိတ်ထိခိုက်မည် စိုး၍
အထူးသိုသိပ် လျှို့ဝှက်ထားပါလျက် အိပ်ယာထဲက နေပြီး သိနေသည်မှာ အံ့ဩဖွယ်ပင်
ကောင်းတော့သည်။ ညီအစ်ကို သုံးယောက် တစ်ယောက် တစ်နေ့စီ ရက်ပင်မခြားဘဲ
ဆက်တိုက် သေဆုံးသွားကြတော့၏။ ဤညီအစ်ကို သုံးယောက်ကိုလည်း ကြာရှည် ထား၍
မဖြစ်တော့ချေ။
သူတို့မိခင်နှင့် အစ်ကိုနည်းတူပင် ဖျာနှင့်လိပ်ကာ
သုသာန်သို့ ပို့ဆောင် မြှုပ်နှံလိုက်ကြရသည်။ ရုပ်ကလာပ်များ ထည့်သိုရန်
ခေါင်းသေတ္တာကိုပင် လုပ်ချိန် မပေးနိုင်အောင် အခြေအနေက ဆိုးဝါး လာလေပြီ။
အဘယ့်ကြောင့် ဆိုသော် မိခင်ကြီး ဒေါ်ဖူးသည် လည်းကောင်း၊ သားဖြစ်သူ
ကိုတိုးကြွယ်သည် လည်းကောင်း၊ သမီးအငယ် ဖြစ်သူ အပုသည် လည်းကောင်း၊ ကွယ်လွန်
သေဆုံးသူများအတွက် မငိုကြွေး နိုင်တော့ဘဲ အိပ်ယာထဲမှာ ခွေနေကြ ပြန်လေသည်။
ဘာမှ မဖြစ်သေးသော ဆွေမျိုးတစ်သိုက်က ရင်တမမ ဂရုစိုက် စောင့်ကြပ်
ကြည့်ရှုနေဆဲဝယ်၊ ဒေါ်ဖူးသည် သား ကိုတိုးကြွယ် သမီးငယ် အပုတို့နှင့်အတူ
တစ်ပြိုင်တည်းလိုပင် သေဆုံးကြပြန် လေတော့၏။
တစ်ရွာလုံး မည်သူမျှ
ထမင်း မစားနိုင်ကြတော့ချေ။ ဒေါ်ဖူး၏ ဆွေစုမျိုးစု အားလုံးသည် လည်းကောင်း၊
မသေသေးသော ကြွင်းနေသည့် သားသမီး မြေးမြစ်များသည် လည်းကောင်း၊ ခံစားရသည့်
စိုးရိမ်ထိတ်လန့်မှုမှာ ပြောပြရန်ပင် မစွမ်းတော့ချေ။ ရုပ်ကလပ်တွေကို
စောင်တွေ ဖျာတွေဖြင့် ရစ်ပတ် ထုတ်ပိုးကာ သုသာန်သို့ ပို့ကြရပေဦးမည်။
အလောင်းထမ်းသည့် သူပင် မရှိလောက်အောင် သွေးပျက်နေကြပြီ ဖြစ်၏။
ထိုအခါက လူရွယ်ပိုင်း ရောက်နေပြီ ဖြစ်သော ကိုပန်းကျော်သည် သူနှင့် သက်တူရွယ်တူ ဆွေမျိုး
ညီအစ်ကိုဝမ်းကွဲတွေ စုကာ အရက်ကို မူးအောင် သောက်ပြီးမှ စိတ်မချမ်းမြေ့ဖွယ်
ကြည့်ရက်စရာပင် မကောင်းသော ဒေါ်ဖူးတို့ မိသားစု သုံးယောက်အလောင်းကို
အရက်မူးမူးနှင့် သုသာန်အရောက် ထမ်းသွားကြလေတော့သည်။ ကိုပန်းကျော်တို့
လူသိုက် အရက်သမား မဟုတ်ပါဘဲလျက် အရက်မူးအောင် သောက်ကြရသည်မှာ အပြစ်ဆိုဖွယ်
မဟုတ်ပေ။
သွေးပျက်စရာကောင်းအောင်ပင် ဖန်တီးလာသော အခြေအနေကို
အရက်ဖြင့် အားတင်းကြရခြင်း ဖြစ်၏။ သုသာန်တွင်ကား တွင်းတူးနေသူများက
အသင့်စောင့်နေသည်။ တွင်းတူးသူများကလည်း ဆွေမျိုးတွေပင် ဖြစ်သည်။ ဤလူတွေကို
ကြီးကြပ်စီမံရင်း သူကြီးမင်း ဦးသာကျော်နှင့် ဦးမောင်မောင်တို့က လက်ထဲတွင်
ကြိမ်လုံးကိုယ်စီ ကိုင်ကာ အလောင်း ထမ်းလာသော ကိုပန်းကျော်တို့ လူစုကို
စောင့်နေကြ၏။
ကိုပန်းကျော်တို့ လူသိုက်က ထမ်းလာသော အလောင်းတွေကို
ကျင်းတွေထဲ ချလိုက်သောအခါ ဦးသာကျော်နှင့် ဦးမောင်မောင်က
လက်ထဲတွင်ကိုင်ထားသော ကြိမ်လုံးများဖြင့် ကိုပန်းကျော်တို့ အလောင်းထမ်း
လူစုအား-
“နောက်တစ်ခါ လာဦးမလားဟဲ့”
ဟု မေးရင်း စတိအဖြစ် ရိုက်ကြသည်။
“မလာတော့ပါဘူး ခင်ဗျ၊ ဒီတစ်ခါ နောက်ဆုံးပါပဲ”
ဟု ကိုပန်းကျော်တို့ လူစုက မူးမူးဖြင့် ဖြေကြရ၏။ အလောင်းကို မြှုပ်နှံနေသူများကလည်း-
“ကြီးဒေါ်ဖူးတို့ မိသားစုတွေ ကောင်းရာမွန်ရာ သွားပြီး အေးအေးနေကြ ကျွန်တော်တို့ရွာ ပြန်မလာနဲ့၊ ဘယ်သူ့ကိုမှ လာမခေါ်နဲ့”
ဟု တောင်းပန် ပြောဆိုရင်း မြေဖို့နေကြသည်။ ရင်းချာသော ဆွေမျိုးတွေချည်း
ဖြစ်ရာ မြေမြှုပ်နှံ နေသူများရော၊ ကြိမ်လုံးကိုင် တားမြစ်နေသူ များရော၊
အလောင်းထမ်းလာသူ များရော ရွာနေသော မိုးနှင့်အပြိုင် မျက်ရည်များက
မဆည်နိုင်ကြရှာပေ။ ကြီးဒေါ်ဖူးတို့ မိသားစု နေထိုင်ခဲ့ရာ အိမ်ကိုရော၊
ဈေးဦးပေါက် သေဆုံးသူ ကြီးဒေါ်ဖူး၏ သမက်တို့ မိသားစု နေထိုင်ခဲ့ရာ
အိမ်ကိုရော လူတွေက ကွင်းရှောင်ကြလေသည်။
“မောင်မောင် ဘာပင်တွေ
စိုက်ပြီး ဘယ်လို အစောင့်အရှောက်တွေနဲ့ စီမံထားသလဲ မသိဘူး၊ သူတို့ မိသားစု
တစ်ခုလုံး ကုန်လုအောင် သေကြတာ သိပ်ဆန်းတယ်” ဟူ၍လည်းကောင်း-
“ကိုမောင်မောင့် အိမ်ဝင်းထဲကိုလည်း မသွားကြနဲ့၊ သူ့အိမ်ဝင်းထဲက ဘာပင်ကိုမှ
မကိုင်ကြ မခူးကြနဲ့ …” ဟူ၍ လည်းကောင်း အချင်းချင်း ပြောဆိုသတိပေးကြသည်။
ကြီးဒေါ်ဖူး၏ ကျန်ရစ်သေးသော သားသမီး မြေမြစ်များသည် လည်းကောင်း၊
ကိုမောင်မောင်နှင့် အချိုတို့မှ မသေဘဲ ကျန်ရစ်သည့် သားသမီး သုံးယောက်သည်
လည်းကောင်း၊ အိုးအိမ်ကို စွန့်ပစ်ကာ ဆွေမျိုးများ အိမ်တွင်
လာရောက်ပေါင်းစည်း နေထိုင်ကြရန် စီမံသည့်အတိုင်း ကိုမောင်မောင်နှင့်
အချိုတို့၏ ခြံဝိုင်းနှင့် အိမ်မှာ ဆိတ်ငြိမ် မည်းမှောင်စွာဖြင့်
ကြေကွဲဖွယ် ကြောက်မက်ဖွယ် ဖြစ်နေလေသည်။
တောသူတောသား လယ်သမားအိမ်
ဖြစ်သည့် အလျောက် တစ်မိုးတွင်းစာ တစ်နှစ်စာ သိုမှီးထားသော ငါးပိ၊
ငါးခြောက်၊ ဆန်၊ ဆီ၊ ဆား၊ ကွမ်းသီး၊ ဆေးဖတ် စသည်တို့မှာ အိုးကြီး အိုးငယ်၊
ပုံးကြီး ပုံးငယ်ဖြင့် အပြည့်အစုံ ရှိနေလေသည်။ ကြီးဒေါ်ဖူးတို့ မိသားစုကို
သင်္ဂြိုလ်ပြီး ကိုမောင်မောင်၊ အချို၏ ကျန်နေသေးသော သားသမီး သုံးယောက်က
အိမ်ထဲက ပစ္စည်းတွေ နေရာမပျက် ထားခဲ့ပြီး ကိုယ်လွတ်လက်လွတ် ဆင်းလာသော ညဝယ်
ကိုမောင်မောင်၊ အချိုတို့၏ မည်းမှောင် တိတ်ဆိတ်၍ လူသူကင်းမဲ့နေသော အိမ်ထဲမှ
အော်သံ ဟစ်သံတွေကို ကြားရသည်။ သူကြီးမင်း ဦးသာကျော် ခေါင်းဆောင်၍
လူစုပြီး သွားကြည့်သောအခါ သွေးပျက် ထိတ်လန့်နေသော လူသုံးယောက်ကို တွေ့ရသည်။
“မင်းတို့က ဘယ်သူတွေလဲ၊ ဒီအိမ်ထဲ ဘာဝင်လုပ်တာလဲ”
ဟု သူကြီးမင်း ဦးသာကျော်က မေး၏။ လွန်မင်းစွာ ထိတ်လန့် တုန်လှုပ်နေသော လူသုံးယောက်က-
“ကျွန်တော်တို့ တခြားရွာကပါ၊ ဒီအိမ်ထဲ လူမရှိဘူးဆိုတာ သိလို့ ပစ္စည်းတွေ
ခိုးမယ့် အကြံနဲ့ ဝင်တာပါ၊ ကျွန်တော်တို့ကို မည်းမည်း အကောင်ကြီးတွေ
ဝိုင်းရိုက်ကြလို့ အော်တာပါ”
ဟု တညီတညွတ်တည်း ဖြေကြသည်။
ထိုလူသုံးယောက်ကို ဖမ်းဆီးစစ်ဆေးခြင်း ပြုမနေတော့ဘဲ သူကြီးမင်းနှင့်
ရွာသူရွာသားများ သဘောတူ လွှတ်ပေးလိုက်ကြသည်။
ကြောက်မက်ဖွယ်ရာ
သေဆုံးနေကြ၍ အားလုံး စိတ်မချမ်းမသာ ဖြစ်နေစဉ်မှာ အမှုအခင်း စစ်ဆေးခြင်းဖြင့်
ဆီမီးခွက် အတောက်မခံလိုကြ တော့ချေ။ ထိုလူ သုံးယောက်သည်
လွှတ်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်
နောက်ကိုပင် လှည့်မကြည့်တော့ဘဲ၊ မြားလွှတ်သလို တစ်ဟုတ်တည်း ပြေးကြလေတော့သည်။
နောက်တစ်နေ့တွင် သူကြီးမင်း ဦးသာကျော်သည် နေမကောင်းဟု ဆိုကာ အိပ်ရာထဲ
လှဲနေလေတော့၏။ သူကြီးမင်း၏ ဖခင်မှာ ဦးစံလှဟု အမည်ရှိ၏။ ရွာဦးကျောင်းတွင်
သင်္ကန်းဝတ်နေသည်။ တစ်ရွာလုံး လူတွေက ရဟန်းဘွဲ့ကို မည်သူမှ မခေါ်ကြဘဲ
ဘုန်းကြီး ဦးစံလှဟုသာ အသိအမှတ်ပြုကြ၏။ ဦးသာကျော် နေမကောင်းဟု သိလျှင်ပင်
ဘုန်းကြီး ဦးစံလှသည် အလျင်အမြန် ရောက်လာသည်။ သားဖြစ်သူအား အနားမှ မခွာဘဲ
ပွေ့ပွေ့ပိုက်ပိုက် ပြုစုသည်။ ဦးသာကျော်သည် ဝေဒနာကို အပြင်းအထန်
ခံစားရခြင်းလည်း မရှိ၊ သေဆုံးမည် ဟူ၍လည်း မည်သူကမှ မထင်ကြချေ။
စကား
တပြောပြောနှင့်ပင် … သို့သော် … “ငါ သွားရမှာပဲဟေ့ …” ဟူ၍ လူနာ လာမေးသော
ဦးမောင်မောင်အား ပြောသည်ဟု ဆိုသည်။ နောက်တစ်နေ့တွင် သေဆုံးလေတော့၏။
နေမကောင်း ဖြစ်သည်မှာ တစ်နေ့ခွဲမျှသာ ကြာလေသည်။ ဘုန်းကြီး ဦးစံလှသည်
သားအလောင်းကို ပွေ့ပိုက်ကာ ဖြေမဆည်နိုင် မျက်ရည် အဖြိုင်ဖြိုင် ကျ၍
ငိုကြွေးရှာသည်။
“တရားနှင့်ဖြေပါ ဘုန်းကြီးဘုရား၊ သူများတွေ သေစဉ်က ဟောပြခဲ့တဲ့ သင်္ခါရတရားကို နှလုံးသွင်းပါဘုရား”
အသုဘ ကိစ္စကို ဝိုင်းဝန်းကူညီရန် ရောက်လာသူများက လျှောက်ထားကြ၏။ ထိုအခါ ဘုန်းကြီးဦးစံလှက ဤသို့ ပြန်လည် မိန့်ကြားတော်မူသည် ဟူ၏။
“ဟဲ့ … တကာတို့ရဲ့ သူများတွေသာ ငါက သင်္ခါရခိုင်းတာ၊ ဒီဟာက ငါ့သား ငါ သင်္ခါမရနိုင်ဘူး”
သူကြီးမင်း ဦးသာကျော်၏ ရုပ်အလောင်းကိုလည်း အမြန်ဆုံး မြေတွင်းထဲအရောက်
ပို့လိုက်ရပြန်သည်။ ဦးသာကျော် သေဆုံးသောအခါ ဦးမောင်မောင် အတော်ပင်
စိတ်အား ယုတ်လျော့သွား ရှာသည်။ ဦးသာကျော် သေဆုံးသောနေ့က ရွာထဲရှိ
ကိုညိုဆိုသူ နေမကောင်း ဖြစ်နေသည်။ အရက်မူးအောင် သောက်ပြီး အလောင်းထမ်း
တာဝန်ယူထားသော ကိုပန်းကျော်က ဦးညိုကို သတင်းမေး၏။
“ပန်းကျော်ရာ ငါ့ရင်ထဲမှာ အူတွေအသည်းတွေ ဘာမှ မရှိတော့ဘူးကွ၊ ငါ နက်ဖြန်မွန်းလွဲ ၂ နာရီမှာ သွားရမှာပဲ”
ဟု ပီပီသသကြီး ပြောသည်။ ပြောသည့်အတိုင်းပင် နောက်တစ်နေ့ မွန်းလွဲ ၂
နာရီမှာ သေဆုံးရှာသည်။ သယ်ယူပို့ဆောင်ရေးမှာ ကိုပန်းကျော်တို့ တစ်သိုက်ပင်။
သူတို့ မပို့လျှင်လည်း ပို့မည့်သူ မရှိတော့ချေ။ သေဆုံးသူတွေကလည်း
သွေးရင်းသည်နှင့် သွေးဝေးသည်သာ ခြားသည်။ အားလုံး အမျိုးအဆွေတွေ ချည်းပင်
ဖြစ်ရကား၊ ကိုပန်းကျော်တို့ တစ်သိုက်မှာ နားရသည်ဟူ၍ပင် မရှိတော့ချေ။
ဦးညိုကို သင်္ဂြိုလ်ပြီး နောက်တစ်နေ့မှာပင် ဦးမောင်မောင် လဲလေပြီ။
ဦးမောင်မောင် ဖြစ်သောအခါ ဗမာဗိန္ဓောဆရာများနှင့် မကုသတော့ဘဲ၊
ပဲခူးမြို့ပေါ်ရှိ ကုလားလူမျိုး ဆရာဝန် တစ်ယောက်ကို ပင့်သည်။
မိုးဖြိုင်ဖြိုင် ရွာနေသော မိုးတွင်းကာလလည်း ဖြစ်၊ တောရွာဒေသကို
လိုက်ရမည်လည်း ဖြစ်၍ ဆရာဝန်က ငွေ ၁၀၀ ပေးရမည်ဟု တောင်းသည်။ ငွေ ၁၀၀
ချက်ချင်းထုတ်ပေးပြီး ဆရာဝန်ကို ပင့်လာခဲ့သည်။ ဆရာဝန် ဆေးကုသသည်ကိုပင်
ဦးမောင်မောင် မခံယူလိုက်ရတော့ပေ။ ဦးမောင်မောင် သေဆုံးလေပြီ။
ဦးမောင်မောင် သေဆုံး၍ နောက်တစ်နေ့ သင်္ဂြိုလ်ရန် ပြင်ဆင်နေချိန်တွင်
ဦးမောင်မောင်၏ ဇနီး ဒေါ်လှထွန်း၊ သမီးမကြိုင်၊ ချွေးမ မကျင်မြိုင်နှင့်
မွေးစားသား မောင်ဟန်စိန်တို့ နေမကောင်းဟု ဆိုကာ မှိုင်စပြုနေကြ၏။
ဦးမောင်မောင် ကိုမူ ညီမထွေး ဖြစ်သူ ဒေါ်လေးက ဖျာလိပ်နှင့်
မချရက်နိုင်သောကြောင့် နှစ်ရက်မျှ အချိန်ဆိုင်း ထား၍ ခေါင်းသေတ္တာ ခုတင်
ခြင်ထောင် စီမံလို၍ နှစ်ရက်မျှ ထားပါရန် အချိန်တောင်းသည်။ ဘိုးရွှေယောက်၊
ဘွားစီတို့မှ ပေါက်ဖွားလာသော သားသမီးထဲတွင် ဒေါ်လေး တစ်ယောက်သာလျှင်
ကျန်ရစ်တော့သည် ဖြစ်၍ တူ၊ တူမ၊ မြေးများ ဆွေမျိုးများက လိုက်လျောကြ၏။
ဦးမောင်မောင်ကား သုသာန်မြေသို့ ခမ်းနား သိုက်မြိုက်စွာပင် သွားရသည်။
အလောင်းထမ်းလာသူ ကိုပန်းကျော်တို့ လူသိုက်အား နောက်လာဦးမလားဟဲ့ဟု
ကြိမ်နှင့်ရိုက်ကာ တားဆီးခဲ့ကြရှာသော ဦးသာကျော်ရော ဦးမောင်မောင်ပါ
နှစ်ယောက်စလုံးပင် ရှေ့ဆင့်နောက်ဆင့် ရက်လေးမျှသာ ခြားလျက် မြေတွင်းထဲ
ရောက်သွားကြလေပြီ။ ဦးမောင်မောင် သင်္ဂြိုလ်ပြီး နောက်တစ်နေ့ဝယ်
ဦးမောင်မောင်၏ ဇနီး ဒေါ်လှထွန်း၊ သမီးမကြိုင်၊ ချွေးမ မကျင်မြိုင်နှင့်
မွေးစားသား မောင်ဟန်စိန်တို့ ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်းလိုပင်
သေဆုံးကြ လေတော့သည်။ ဤလူသိုက်ကား ခေါင်းသေတ္တာ မလုပ်နိုင် တော့ချေ၊
ဖျာနှင့်လိပ်ကာ ဇာတ်လိုက်ကြီး ကိုပန်းကျော်တို့ပင် သယ်ယူပို့ဆောင်ရေး
လုပ်ကြရတော့သည်။ စိတ်ဓာတ် အလွန်အမင်း ချောက်ချားနေကြပြီ ဖြစ်ရကား
နောက်ဆုံးပို့ရသူ မကျင်မြိုင်ကိုမူ လုံခြုံအောင်ပင် မထုပ်ပိုး
နိုင်တော့ချေ။ လက်နားနီးရာ ဖျာနှင့် ဖြစ်ကတတ်ဆန်း လိပ်သွားသည် ဖြစ်ရာ
ဒူးဆစ်အောက်ပိုင်း ခြေနှစ်ချောင်းမှာ ထွက်ပေါ်ကာ တွဲလွဲကြီးကျ၍
သုသာန်မြေအရောက် ဒရွတ်တိုက် ပါသွားရှာလေသည်။ ထို့နောက် ဒေါ်လှထွန်း၏
တူမယောက်ျား ဖြစ်သူ ကိုမောင်ဘသည် လည်းကောင်း၊ ဒေါ်အေးမြ၏ မြေးတော်သူ
ကိုဘချစ်သည် လည်းကောင်း၊ တစ်ပြိုင်တည်း မြေတွင်းထဲ ရောက်ကြပြန်သည်။
ထိုအချိန်ဝယ် ရွာသည် ပျက်လုနီးပါး ဖြစ်နေလေပြီး ဘုန်းတော်ကြီးသည်
ကျောင်းစည်းရိုး တံခါးကို လုံလုံပိတ်ထား၏။ မည်သည့်ကိစ္စနှင့်မျှ
ဘုန်းတော်ကြီးက ရွာထဲသို့ မကြွ။ ရွာထဲက လူတွေကလည်း ဘုန်းတော်ကြီး ထံသို့
လုံးဝ မသွားတော့ချေ။ အချို့သူတို့မှာ ရွာမှာပင် မနေကြတော့ဘဲ ယူနိုင်သမျှ
လက်လှမ်းမီရာ ပစ္စည်းကလေးများကို သယ်ပိုးကာ ရွာကို စွန့်ခွာ ထွက်ပြေးကြ၏။
ဤသို့ ထွက်ပြေးကြသည့် လူသိုက်ထဲတွင် သယ်ယူပို့ဆောင် အကျိုးတော်ဆောင်ကြီး
ကိုပန်းကျော်တို့ မိသားစု ပါဝင်၏။ ရွာမှ ထွက်လာပြီး ပဲခူးမြို့နှင့်
ရွာအကြား ခရီးတစ်ဝက်တိတိ အကွာအဝေးတွင် တဲအိမ် ဆောက်လုပ် နေထိုင်ကြ၏။
ကိုပန်းကျော်က သူ့ဖခင် ဦးသာခွေး၊ အစ်ကိုကြီးဖြစ်သူ ကိုရေချမ်းတို့
ပြောဆိုသော စကားကို နားမထောင်ဘဲ ရွာသို့ မပြတ် ပြန်သွားကာ စေတနာ့ဝန်ထမ်း
သယ်ယူပို့ဆောင်ရေးကို လုပ်နေသည်။ ကိုပန်းကျော်က ဘာမှမဖြစ်ဘဲ၊ ဖခင်
ဦးသာခွေးနှင့် အစ်ကိုကြီး ကိုရေချမ်းတို့သည် ရွာနှင့် လွတ်ကင်းရာ
ဤတဲအိမ်မှာပင် ရက်ကလေးမျှသာ ခြားလျက် သေဆုံးကြပြန်လေတော့၏။
ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဒေါ်အေးမြ၏ ခင်ပွန်း ဦးဘိုးချစ်သည် ဇနီးကြီး
ဒေါ်အေးမြမှ ဖွားမြင်ခဲ့သော သား ကိုဘစိမ့်၊ မောင်ကောက်နှင့် နောက်ဇနီး
ဒေါ်မဲကိုပါ ခေါ်ယူကာ ရွာကို စွန့်ပြီး၊ သနပ္ပပင် မြို့ကလေးသို့
တိမ်းရှောင်လာခဲ့၏။ သို့သော် သနပ္ပပင်မြို့ မရောက်တော့ဘဲ ခရီးတစ်ဝက်
ဖြစ်သည့် တစ်ဝက်ဇရပ် ရောက်လျှင်ပင် အစွမ်းပြလာကြပြီ ဖြစ်၏။
ဦးဘိုးချစ်နှင့် သားငယ် မောင်ကောက်တို့ တစ်ပြိုင်တည်း သေဆုံးကြပြန်သည်။
တစ်ဝက်ဇရပ်အနီး ကျေးရွာမှ လူတွေက ကူညီသင်္ဂြိုလ် မြှုပ်နှံပေးခဲ့ကြသည်။
ဦးဘိုးချစ်နှင့် သားငယ် မောင်ကောက်ကို မြှုပ်နှံပြီး နောက်တစ်နေ့တွင်
သားကြီး ကိုဘစိမ့် သေဆုံး ပြန်သည်။ ထိုအခါဝယ် ဝိုင်းဝန်းကူညီသော ကျေးရွာမှ
လူများက ကြောက်လန့်လာကြပြီ ဖြစ်၍ ကိုဘစိမ့်အား အသက်ကုန်ပြီဟု
သိလျှင်သိခြင်း အမြန်ဆုံး မြေတွင်းတူး မြှုပ်နှံကာ သူတို့ ကျေးရွာသို့
ပြန်ပြေးကြသည်။ ကိုဘစိမ့်အား မြှုပ်နှံသည်မှာ ပဲခူးအရှေ့ဘက်က
မာနတ်ကျေးရွာအနီး ကျိုက်ထော်လုံး အမည်ရှိသော သုသာန်မှာ ဖြစ်သည်။
ကိုဘစိမ့် သေဆုံးပြီးနောက် မိထွေးဖြစ်သူအား အိပ်မက်ပေးသည်ဟု ကြားရသည်။ အိပ်မက်ထဲတွင် ကိုဘစိမ့်က-
“ကျွန်တော် မသေသေးပါဘူး၊ သတိလစ်နေတာ၊ မသေဘဲနဲ့ မြေမြှုပ်လိုက်လို့
မွန်းပြီး သေရတာပါ” ဟု ပြောသည်ဟု ကြားရ၏။ အိပ်မက်အတိုင်း အမှန်တကယ်
ဖြစ်ပါမူ အလွန်မှ ဝမ်းနည်း ကြေကွဲဖွယ် ကောင်းပေ၏။ သနပ္ပပင် တစ်ဝက်ဇရပ်မှာ
ပြေးရင်း သေဆုံးသော ဦးဘိုးချစ်၏ သားငယ် မောင်ကောက် ဆိုသူမှာ ကိုပန်းကျော်၏
ဖခင် ဦးသာခွေး၏ လယ်တွင် ဝိုင်းကူလုပ်ရန် ငှားထားခဲ့၏။ ဆွေမျိုးရင်းချာ
လယ် ဖြစ်သောကြောင့် လယ်ရှင်နှင့် လယ်ငှား ဟူ၍ သဘောမထားဘဲ သားအဖကဲ့သို့
ခင်မင်ကြ၏။
သနပ္ပပင် တစ်ဝက်ဇရပ်မှာ မောင်ကောက် သေဆုံးသော အချိန်တွင် ကိုပန်းကျော်၏ဖခင် ဦးသာခွေးမှာ နေမကောင်း ဖြစ်နေလေပြီ။
“ဟော ဟိုမှာ မောင်ကောက် ရောက်နေတယ်ကွ၊ လုံချည် နီရဲရဲလေး ဝတ်လို့”
ည ၈ နာရီ အချိန်လောက် မိုးမှောင်ကျပြီး မိုးတွေက သည်းထန်စွာ ရွာနေသည်တွင်
ဝေဒနာကြောင့် အိပ်ရာပေါ်မှာ လဲနေသော ဦးသာခွေးက ခေါင်းထောင်ကာ အပြင်ဘက်သို့
မျှော်ကြည့်ပြီး ပြော၏။
“ဘယ်သူမှ မရှိပါဘူး အဖေရ၊ မောင်ကောက်က သနပ္ပပင်ဘက် သွားနေတာ ပြန်မလာသေးပါဘူး”
ကိုပန်းကျော်က ဆို၏။
“ရောက်နေပါတယ်ကွ၊ လုံချည် အနီရဲရဲလေး ဝတ်လို့၊ တဲအပြင်ဘက်မှာ လမ်းလျှောက်နေတယ်၊ အိမ်ထဲ ခေါ်သွင်းလိုက်”
ဦးသာခွေးက အခိုင်အမာ ဆိုပြန်သည်။
ကိုပန်းကျော်သည် ရေနံဆီ မီးအိမ်ကို ကိုင်ဆွဲကာ တဲတံစက်မြိတ် အောက်သို့
ထွက်လာပြီး ဟိုဟိုသည်သည် ကြည့်လိုက်သည်။ မိုးမှောင်ကကျ၊ လေရော မိုးရော
သွန်ချနေသည်ဖြစ်ရာ အပြင်ဘက်တွင် ပိန်းပိတ်အောင် မှောင်နေသည်။ မည်သူ တစ်ဦး
တစ်ယောက်ကိုမှ မမြင်တွေ့ရချေ။ အကယ်၍သာ ဦးသာခွေး မြင်သည့် အတိုင်း
မောင်ကောက် ရောက်လာရိုးမှန်လျှင် ဤမျှ သည်းထန် မှောင်မည်း၍ ချမ်းအေးလှသော
မိုးထဲ လေထဲတွင် မည်သည့်အတွက် လမ်းလျှောက် နေရပါမည်နည်း။ တဲအိမ်အတွင်းကိုသာ
ဝင်လာရမည် ဖြစ်၏။ တစ်ဖန်တုံ ဝေဒနာ ခံစားနေရသော ဦးသာခွေးက အိပ်ရာထဲကနေပြီး
မြင်နေရသည်။ အပြင်ဘက် ထွက်ကြည့်သော ကိုပန်းကျော်က ဘာမှမတွေ့။
ကိုပန်းကျော်သည် ကြက်သီးဖြန်းဖြန်း ထလာသည်။
ရွာတွင် ဤသို့ ဝေဒနာ
ခံစားရသူတိုင်းသည် သေဆုံးနှင့်သူ တစ်ဦးတစ်ယောက်အား တွေ့သည်မြင်သည်ဟု
ပြောလေ့ရှိသည်။ ထိုသို့ပြောပြီး ထိုလူနာသည် သေဆုံးမြဲ ဖြစ်၏။ ယခု ဖခင်
ဦးသာခွေးသည် မောင်ကောက်ကို တွေ့မြင်ရပါသည်ဟု ဆို၏။
ဤအတိုင်း
မှန်လျှင် မောင်ကောက်သည် သေဆုံးနှင့်ပြီး ဖြစ်ရမည်။ ဦးသာခွေး သည်လည်း
အလွန်ဆုံး နေရလျှင် တစ်ရက်မျှသာ သက်တမ်း ရှိတော့မည်ဟု၊ ကိုပန်းကျော်က
တွေးသည့် အတိုင်းလည်း မှန်သွားလေသည်။ ဦးသာခွေးနှင့် ကိုရေချမ်း
ဆုံးပြီးလျှင် ကိုပန်းကျော်၏ အစ်ကို တစ်ဝမ်းကွဲ ကိုဘိုးစိန် သေဆုံးပြန်သည်။
ကတွံခြံ တစ်ရွာလုံး ရွာပျက်လုမျှ ဖြစ်နေသည်။ ဦးမောင်မောင်တို့
မိသားတစ်စုလုံးတွင် မောင်စော ဟူသော သားတစ်ယောက်သာ မသေမပျောက်
ကျန်ရစ်ချေသည်။ မောင်စောသည် ရွာမှာ မနေလိုတော့ချေ။ ဖခင် ဦးမောင်မောင်၏
နှမထွေးလည်း ဖြစ်၊ ဆွေစုမျိုးစုထဲတွင် အကြီးအကဲအဖြစ် တစ်ဦးတည်းသာ
ကျန်ရစ်တော့သည့် ဒေါ်လေးနေထိုင်ရာ ပဲခူးမြို့ပေါ်သို့ ပြောင်းရွှေ့၍
ဒေါ်လေးနှင့် အတူနေထိုင်ရန် စီစဉ်သည်။ ကတွံခြံရွာ အိမ်ကြီးမှ
ပစ္စည်းဥစ္စာတွေကို ပဲခူးရှိ အဒေါ်ဖြစ်သူ ဒေါ်လေး၏ နေအိမ်သို့ ပြောင်းရွှေ့၏။
ထိုအခါ ရွှေငွေရတနာများ ထည့်ထားသော မီးခံသေတ္တာကြီးကို အိမ်ပေါ်မှ ယူချကြသည်။
မီးခံသေတ္တာကြီးက လေးလံလွန်း၍ လူအများ အားထုတ် ရွှေ့နေဆဲဝယ် အိမ်အပေါ်ထပ်
လှေကားမှ ရင်ထုသံ ငိုရှိုက်သံများ ကြားကြရ၍ သေတ္တာ ရွှေ့နေသူများက
မော့ကြည့်ကြသောအခါ၊ သေဆုံးသွားသော ဦးမောင်မောင်၏ သမီး၊ မောင်စော၏
ညီမဖြစ်သူ မကြိုင်ကို ဆံပင်ဖားလျားနှင့် ငိုနေသည်ကို တွေ့ကြရသည်ဟု ဆို၏။
မောင်စောက မျက်ရည်ကျလျက်က နှမဖြစ်သူအား အမျှဝေမေတ္တာပို့မှ ပျောက်ကွယ်
သွားသည်ဟု ဆို၏။
စေတနာ့ဝန်ထမ်း သယ်ယူပို့ဆောင်ရေး ကိုပန်းကျော်ကား နေမကောင်းစ ပြုလာလေပြီ။ ကိုပန်းကျော်က သူ့အယူအဆကို ထုတ်ဖော်၏။
“ဒီလောက် လူတွေ မြန်မြန်သေကုန်ကြတာ ဒီရောဂါဟာ စုန်းကဝေ ပယောဂတော့ ဟုတ်မယ်
မထင်ဘူး၊ ဘာကြောင့်လဲဆိုတော့ တို့တစ်ရွာလုံး ဘုန်းတော်ကြီးတွေ ပင့်ပြီး
ပရိတ်ရွတ် ကမ္မဝါဖတ်၊ ပရိတ်ရည်တွေ၊ ပရိတ်ချည်တွေ၊ ပရိတ်ပန်းတွေ၊ တစ်ရွာလုံး
လျှံနေတဲ့အပြင် အစဉ်အလာ လုပ်ရိုးထုံးစံဖြစ်တဲ့ တောထုတ်တာတို့
ခေါစာပြစ်တာတို့ လုပ်နေကြသားပဲ၊ အသေအပျောက်က မလျော့ဘဲ သေမြဲ သေနေတယ်၊
အဲဒီတော့ ငါ့ အယူအဆ ပြောရမယ်ဆိုရင် ကူးစက်တတ်တဲ့ ရောဂါတစ်ခုခု ဖြစ်မယ်
ထင်တယ်၊ ဖြစ်တဲ့လူတိုင်း ဖျားတာက အရင်းခံတာပဲ”
“အဲဒီတော့ ဘာလုပ်ချင်သလဲ”
အိမ်သားတစ်ယောက်က မေးသည်။
“ငါ့ကို ဘာဆေးမှ မတိုက်ကြနဲ့၊ ဟောဟိုခြံစည်းရိုးက ကြက်ဟင်းခါးရွက်တွေ များများ ခူးလာခဲ့စမ်း …”
ကိုပန်းကျော် ညွှန်ကြားသည့်အတိုင်း ကြက်ဟင်းခါးရွက်တွေကို ရသောအခါ၊
ကိုပန်းကျော် ကြက်ဟင်းခါးရွက်တွေကို အရည်ညှစ်သည်။ လက်ဖက်ရည်
အကြမ်းပန်းကန်လုံး တစ်လုံးနှင့်ပြည့်လုနီးပါး ကြက်ဟင်းခါးရွက်
အရည်ခါးခါးတွေကို မျက်စိမှိတ်ကာ ကိုပန်းကျော် သောက်ချလိုက်၏။
ယခု ကိုပန်းကျော် အသက် ၇၅ နှစ် ရှိလေပြီ။ သန်တုန်းမာတုန်း အလုပ်လုပ်နိုင်တုန်း သတိ ကောင်းတုန်းပင်။
ကြေကွဲဖွယ် အဖြစ်ဆိုးကို ပြော၍ ဆုံးသောအခါ စာရေးသူက သေဆုံးသူ
စာရင်းများကို တွက်ကြည့်သည်။ ဝါဆို တစ်လတည်းမှာပင် ဆွေစုမျိုးစု
အားလုံးပေါင်း ၂၄ ယောက် ဆက်တိုက် သေဆုံးခဲ့လေသည်။ ဤအဖြစ်အပျက်ထဲမှာ
ပါဝင်သော ဝိညာဉ်လောကနှင့် ပတ်သက်သည့် အဖြစ်များ၊ စုန်းကဝေ တစ္ဆေ
အမှောင့်ပယောဂ စသည်များနှင့် ပတ်သက်၍ စာရေးသူအနေဖြင့် စာဖတ်ပရိသတ်အား
ယုံကြည် လက်ခံပါဟု အတင်းအကျပ် မတိုက်တွန်းလိုပါ။ သို့သော် ဤအတိုင်းပင်
ဖြစ်ခဲ့သည်ကိုပါ စာရေးသူ၏ မိခင်ရှိစဉ်က တစ်စွန်းတစ်စ ပြောခဲ့ဖူးသည်။
ထိုစဉ်အခါက စာရေးသူသည် တစ်နေ့သောအခါဝယ် ဖြစ်ဖြစ်မြောက်မြောက်
စာရေးတတ်လိမ့်မည်ဟု မမျှော်လင့် မတွေးထင်ခဲ့၍ အသေအချာလည်း မမေးခဲ့။
နာယူမှတ်သားခြင်းလည်း မပြုခဲ့မိချေ။ ယခုမှ အဖြစ်ဆိုးကြီး ကြုံစဉ်က
ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့သူ အစ်ကိုတစ်ဝမ်းကွဲ ဦးပန်းကျော်အား
မေးမြန်းပြီး ဦးပန်းကျော် ပြောပြသည့်အတိုင်း ရေးသား ဖော်ပြလိုက်ခြင်း
ဖြစ်ပါသည်။
အစ်ကို ဦးပန်းကျော်၏ အယူအဆနှင့် စာရေးသူ၏ အယူအဆ တူညီကြပါသည်။
အဘယ်သို့ တူညီသနည်း ဟူမူ
(၁) ပထမဦးဆုံး သေသူ ဆရာယောင်ယောင် ကိုမောင်မောင် ဆေးသွားကုခဲ့သော
ပဲခူးဘူတာရုံအနီးမှ လူနာဆိုသူသည် ကူးစက်တတ်သော ရောဂါတစ်မျိုးကို ခံစားရသူ
ဖြစ်ပေလိမ့်မည်။ ထိုရောဂါပိုးက ကိုမောင်မောင်ကို တွဲကပ်ညှင်းဆဲ၍
ကိုမောင်မောင် သေဆုံးခြင်း ဖြစ်ရမည်။
(၂) အသုဘ အလောင်းကြီးကို
ငါးရက်တိုင်တိုင် ထားခြင်းကြောင့် ရောဂါပိုးတွေ အားရပါးရ ပြန့်ပွားပြီး
ကိုမောင်မောင့် အိမ်သားက တစ်ဆင့် တစ်ရွာလုံးကို ကူးစက် သေဆုံးသွားခြင်း
ဖြစ်ရမည်။
(၃) ဝေဒနာ ဖြစ်လာလျှင် ရှေးအယူအဆများ ဖြစ်သည့် စုန်းကဝေ
ပယောဂ မကောင်းဆိုးဝါးကိုသာ စိတ်က စွဲ၍ စိတ်ဓာတ်ကျဆင်း ချောက်ချားမှုကြောင့်
သင့်တော်မည့် ဆေးဝါးကို ထိရောက်စွာ မစားမသောက်ခြင်း အတွက် မသေဆုံးသင့်ဘဲ
သေဆုံးကုန်ခြင်း ဖြစ်ရမည်။
(၄) ယခုခေတ်တွင် ဖျားနာသူများအား
ကွီနိုင်ဖက်ဖာကရင် စသည့် ဆေးခါးများကို တိုက်ကျွေးခြင်းဖြင့် အဖျားရောဂါ
ပျောက်သည်နှင့် တူညီစွာ နေမကောင်းဖြစ်စ ပြုသော ကိုပန်းကျော်သည်
ကြက်ဟင်းခါးရွက် ညှစ်ရည်ခါးခါးကို သောက်လိုက်ခြင်းဖြင့် အဖျားရောဂါ ပျောက်၍
သေဘေးက လွတ်ခဲ့ရသည်။
နောက်ဆုံးအနေဖြင့် စာရေးသူ ရှင်းမရသော ပြဿနာ
တစ်ခုကား ရှိနေပါသည်။ ထိုပြဿနာကား သေဆုံးကုန်ကြသော ဆွေမျိုးစုမှ
အချို့သူတို့သည် သူတို့ သေဆုံးမည့် နေ့နှင့် အချိန်နာရီကို အတိအကျ
ကြိုတင်သိနေခြင်းကား အဘယ်ကြောင့်ပါနည်း။ သူတို့ ပြောသည်ကို လူနာကြည့်
လူနာစောင့်များက သေချာစွာ မှတ်ထားသည်။ သူတို့ သေဆုံးသောအခါ ပြောခဲ့သော
နေ့ရက် အချိန်နာရီသည် တိကျမှန်ကန်နေကြောင်း တွေ့ရသည်။
ဤ ရှေးဖြစ်ဟောင်းကား နှစ်ပေါင်းလေးဆယ် ကျော်ခဲ့လေပြီ။
-----------
မဝင်းမြင့်
သွေးသောက်၊ အောက်တိုဘာ၊ ၁၉၇၀။
No comments:
Post a Comment