Friday, 15 July 2016

ရနံ့မဲ့ခရီးရှည်

ရနံ့မဲ့ခရီးရှည်
-----------------------
ပိန်းပိတ်သော အမှောင်ထုထဲသို့ ကျွန်မ ငေးမောကြည့်နေမိသည်။
ညသည် လေရူးနှင့်အတူ ကျွန်မအား ညှို့ငင်နေ၏။
ပုရစ်အော်သံများသာ ရှိနေသော တိတ်ဆိတ်မှုထဲတွင် စကားလုံး တချို့ကို ကျွန်မ ကြားနေရ၏။
“ဟော ... ဟိုမှာ မီးခိုးငွေ့တွေ၊ အဲဒီ မီးခိုးငွေ့တွေဟာ ချယ်ရီပေါ့”
ဝိုးတဝါး ကြားယောင်လာသော စကားသံများသည် ပုံရိပ်တို့ကိုလည်း မြင်ယောင်လာစေခဲ့သည်။
* * *
“မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင်၊ ဆီးကြိုဟောင်သော်
ဖိုးမောင် လာပြီ ဆိုကြသည်”
ငြိမ်သက်လျက် ရှိသော အခန်းလေး အတွင်းမှ ကဗျာတစ်ပုဒ်ကို ရွတ်ဆို နေသည့် အသံနှစ်ခု၏ ပိုင်ရှင်သည် ကျွန်မနှင့် ‘ချယ်ရီ’ ဖြစ်၏။
ချယ်ရီက ပြတင်းပေါက် သံတိုင်များကို တင်းတင်း ဆုပ်ကိုင်ထားသည်။ တောက်ပသော မျက်လုံးသည် ပြတင်း အပြင်ဘက်ရှိ ညဥ့်အမှောင်ထု ထဲသို့ ထိုးဖောက် ကြည့်နေ၏။ အနားသတ် ပီသစွာ ကွေးညွတ်လှပသည့် ချယ်ရီ့ နှုတ်ခမ်းတွေကို ကျွန်မ ငေးနေမိသည်။
“ခုလို ညမှောင်မှောင်ထဲမှာ အဲဒီ ‘ဖိုးမောင်လာပြီ’ ကဗျာကို ရွတ်ရတာ နင် မကြောက်ဘူးလား ချယ်ရီ”
ကျွန်မ စကားကြောင့် ချယ်ရီက လှောင်ရယ်လိုဟန် ကြည့်၏။ စည်လွင်စွာ ရယ်မောပြီး မေးသေးသည်။
“ဘာလဲ၊ နင်က ကြောက်လို့လား”
ကျွန်မက ရိုးသားစွာ ခေါင်းညိတ် ပြလိုက်သည်။
“ကြောက်တယ်၊ နင်ရှိနေလို့သာ ငါ ရွတ်ရဲတာ”
ချယ်ရီက ကျွန်မ စကားကို ချက်ချင်းမတုံ့ပြန်ဘဲ အမှောင်ထုထဲ့သို့ ငေးမောနေဆဲ ဖြစ်၏။ ပိန်းပိတ်သော မှောင်ထုတွင် ပုရစ်အော်သံတွေ ရှိနေသည်။ ကျွန်မတို့ အခန်းလေးကို အုပ်မိုးထားသော ပိန္နဲပင်ကြီးမှ သစ်ရွက်ချင်း တွန်းတိုက် လှုပ်ရှားသံတွေ ရှိနေသည်။
“ငါက အဲဒီကဗျာလေးကို သိပ် ကြိုက်တယ်၊ ညဥ့်နက်ထဲမှာ ခွေးဟောင်သံ၊ အူသံတွေ ကြားရပြီဆို အဲဒီ ကဗျာကို သတိရပြီး တိုးတိုးလေးပဲ ဖြစ်ဖြစ် ရွတ်မိတော့တာပဲ၊ သိပ် ခံစားရတယ်၊ ကြက်သီးတွေ ဘာတွေ ဖျဉ်းဖျဉ်းထ,လို့။ အဲဒီ အရသာဟာ ကြောက်တာလားတော့ မသိဘူး။ ဒါပေမယ့် အဲဒီအရသာကို ငါကြိုက်တယ်”
မှုန်ပျသော မီးလုံးရောင်၏ အောက်တွင် ချယ်ရီ မျက်နှာက တည်ငြိမ် နေသည်။ ကျွန်မတို့သည် ညတာကို ထုံးစံအတိုင်း ဖြတ်ကျော်ရန် ပြင်ဆင်ကြ၏။ အအေးဓာတ်များ စိမ့်ဝင်နေသော ပြတင်းတံခါးကို ချယ်ရီက ပိတ်သည်။ ကျပ်နေသော တံခါးပတ္တာသံ တကျွီကျွီကို နားထောင်ရင်း ကျွန်မ အိပ်ရာပြင်၏။ ခဏ ကြာတော့ ချယ်ရီက ကျွန်မအနား ဝင်လှဲသည်။ မီးလုံးရောင် နီကျင့်ကျင့် အောက်တွင် လှဲလျောင်းရင်း ကျွန်မတို့ မဆုံးနိုင်သော စကားတွေ သီမိကြ၏။
“ငါတော့ အိမ်ပြန်ရောက်ရင် ဝတ္ထုရှည်တစ်ပုဒ် ပြီးအောင် ရေးမယ် ချယ်ရီ၊ နင်ရော ဘာလုပ်မလဲ”
“ဝတ္ထုရှည် ... ဟုတ်လား၊ ဘယ်သူ့ အကြောင်းလဲ”
ချယ်ရီက ကျွန်အမေးကို မဖြေဘဲ၊ သူ သိချင်ရာကို ပြန်မေး၏။ သူ့အကြောင်းကို သိနေသော ကျွန်မကသာ ရယ်မော တုံ့ပြန်လိုက်သည်။
“ငါတို့ အကြောင်းပေါ့။ ငါတို့ သူငယ်ချင်းတွေ အကြောင်း၊ ငါတို့ရဲ့ လူငယ်ဘဝ အကြောင်း”
ချယ်ရီက ကျွန်မစကားကို မတုံ့ပြန်ဘဲ ငြိမ်သက်နေ ပြန်သည်။ ကိုယ်တစောင်း လှဲ၍ မျက်နှာချင်းဆိုင် စကား ပြောနေသော ကျွန်မက ချယ်ရီ့ မျက်နှာကို ကြည့်လိုက်သည်။ ချယ်ရီသည် တစ်စုံတစ်ရာကို တွေးတောကာ မျက်တောင် မခတ်တမ်း နှုတ်ဆိတ်နေသည်။
“ငါ ဝတ္ထုရေးတဲ့ အခါကျရင် မမှတ်မိတာတွေ နင့်ကို မေးရမှာပဲ ချယ်ရီ၊ ‍ငါတို့ အတူနေခဲ့ကြတုန်း စိတ်ညစ်စရာ ကြုံရတာတွေ၊ ရယ်စရာ ပျော်စရာ ကြုံရတာတွေ၊ အခက်အခဲတွေကို ဖြစ်တဲ့နည်းနဲ့ ဖြတ်ကျော်ခဲ့ရတာတွေ အားလုံးပေါ့။ နင် မှတ်မိတယ် မဟုတ်လား”
ချယ်ရီက ခပ်လေးလေး ခေါင်းညိတ် ပြသည်။
“ဒါတွေကို ဘယ်လိုမေ့နိုင်မှာလဲဟာ၊ မှတ်မိတာပေါ့၊ အင်း ... အိမ်ပြန်ရောက်ရင် နင့်မှာ စာရေးဖို့ တစ်ခုပဲ အရေးတကြီး ရှိတယ် ငါ့မှာက လုပ်စရာတွေ အများကြီး”
ချယ်ရီ့ စကားသံက အစတွင် လေးလံဟန် ပေါက်ပေမယ့် နောက်ပိုင်းတွင် တက်ကြွ လာ၏။
“အရေးတကြီး လုပ်စရာ ဒီတစ်ခုတည်းတော့ မဟုတ်ဘူးပေါ့ဟာ၊ တခြား အရေးကြီးတာတွေလည်း အများကြီးပဲပေါ့၊ အလုပ်တစ်ခု ရအောင် အရင်ရှာရမယ်၊ ပြီးတော့ ငါ့ညီမနဲ့ ငါ့မောင် ပညာရေးအတွက် ငါတတ်နိုင်သမျှ ဖြည့်ဆည်း ပေးရဦးမယ်၊ ငါ့အမေကလည်း အသက် ကြီးပြီ၊ သူ့အတွက်လည်း စဉ်းစားရဦးမယ်၊ စာရေးဖို့ဆိုတာ အရေးကြီးတာတွေ အများကြီးထဲက တစ်ခုပေါ့”
“ငါကတော့ ငါ့အဖေ ထောင်ဝင်စာအတွက် ရှာရမယ်၊ ငါ့အမေနဲ့ အိမ်မှုကိစ္စတွေ အိမ်တွင်းရေးတွေ ဝိုင်းကူရမယ်၊ ၁၀ တန်း မအောင်သေးတဲ့ ငါ့မောင် နှစ်ယောက်အတွက် ကျောင်းစရိတ် ရှာပေးရဦးမယ်”
ကျွန်မ စကား ဆုံးဆုံးခြင်းမှာ ချယ်ရီက အဆက်မပြတ် ဝင်ပြော၏။ ထိုညအတွက် ကျွန်းမတို့ စကားဝိုင်းက လေးလံနေခဲ့သည်။ ချယ်ရီရော ကျွန်မပါ အရင်ညတွေကလို ပေါ့ပေါ့ပါးပါးစကား စကားတွေ မစဖြစ်ခဲ့ပေ။
ကျွန်မက စောင့်ကြိုနေသည့် အနာဂတ်မှ တာဝန်များအတွက် ဖြေသိမ့် စကားဆိုဖို့ စဉ်းစားနေစဉ် ချယ်ရီကတော့ ကော့ရွှန်းသော မျက်တောင်များကို မှေးစင်းကာ မျက်လုံးမှိတ်နေပြီ။ ချယ်ရီ အိပ်ချင်ပြီလား။ ဒါမှမဟုတ် မျက်လုံး မှိတ်၍ အတွေး ရွက်လွှင့်ကာ အနာဂတ်၏ လေးလံမှုများကို ပုံဖော် ရင်ဆိုင်တော့ မည်လား။
“ငါတို့က လူငယ်တွေပဲ ချယ်ရီ ရယ်၊ ကြုံလာသမျှ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှား နိုင်ရမှာပေါ့။ အခုလည်း ရင်ဆိုင် နေရတာပဲ”
ကျွန်မ၏ ဖြေသိမ့်စကားကို ချယ်ရီ မတုံ့ပြန်ပါ။ သူ အိပ်မပျော်သေးဘူး ဆိုတာ ကျွန်မ သိသည်။ စကား မပြန်ချင်သူအတွက် အလိုက်တသိနှင့် စကား ရပ်လိုက်ပြီး အိပ်ပျော်ဖို့ ကြိုးစားမိတော့သည်။
အိပ်မပျော်ခင် အချိန်ကတော့ တွေးတော စဉ်းစားသူဟု ကိုယ့်ကိုယ်ကို မသတ်မှတ်ရသေးခင် အတွေးက စ,နေ လေပြီ။ ကျွန်မတို့နှင့် မျက်နှာချင်းဆိုင် အခန်းမှ မေခိုင်၏ သီချင်းညည်းသံသဲ့သဲ့ ကို ကြားရသည်။
“အားမငယ်ပါနဲ့ တို့ရဲ့ဘဝကို ... မြတ်ဘုရားတော့ သိမယ် ...”
အင်္ဂတေ နံရံကာ တိုက်ခန်းလေးတွေမို့ အသံက လုံပြီး ကြည်နေသည်။ ကျွန်မရော ချယ်ရီပါ မအိပ်သေးခင်၊ အတွေး တစ်ခုခုနှင့် မလွင့်မျောခင် ဆိုလျှင်တော့ မေခိုင် သီချင်းဆိုလျှင် ကျွန်မတို့ပါ တိုးတိုးတစ်လှည့်၊ ကျယ်ကျယ်တစ်ခါ လိုက်ဆိုနေကျပင်။ ခုတော့ ချယ်ရီရော ကျွန်မပါ လေးလံသော စကားတွေကို အတွေးနှင့် ဆက်လက် သယ်ဆောင်မိကြပြီမို့ သီချင်းလိုက်မဆို မိကြတော့ပေ။
ထိုအချိန်၌ ကျွန်မတို့ အခန်းလေးကို အုပ်မိုးထားသော ပိန္နဲပင်ကြီး၏ အကိုင်းများပေါ်မှ ကျီးတစ်အုပ် တဝေါဝေါနှင့် ထ,ပျံ အော်ဟစ်ကြ၏။
တိတ်ဆိတ်သော ညသည် ကျီး ပြိုသံများနှင့် လှုပ်ခတ်ကာ ချောက်ချားစဖွယ် လူးလွန့်တော့သည်။ ရုတ်တရက် လန့်သွားမိသော ကျွန်မက “ချယ်ရီ” ဟု တိုးတိုးခေါ်လိုက်သည်။
“ဟင် ...”
“ကြားလား”
ကျွန်မ မေးခွန်းက တိုးလျနေဆဲ။
“ဘာလဲ”
“ကျီးတွေ ပြိုနေတယ်၊ အဲဒါ ဘာဖြစ်လို့လဲဟင်”
မျက်စိ မှိတ်လျက်သားနှင့်ပင် ကျွန်မ မေးခွန်းတွေကို ဖြေနေသော ချယ်ရီ၏ မျက်လုံး ဖျတ်ခနဲ ပွင့်သွား၏။ သူ့ကို မျှော်လင့်တကြီး ကြည့်မိသော ကျွန်မ မျက်လုံးများအား သူက စူးစူး ပြန်ကြည့်၍ ပြတ်သားစွာ ပြောသည်။
“နင် အရူးထ, ပြန်ပြီလား၊ ကျီးပြိုတာ အဆန်းမှ မဟုတ်တာ၊ ဒီလိုပဲ ခဏခဏ ပြိုနေတာပဲ ဥစ္စာ”
ကျွန်မက သက်ပြင်းကို လေးပင်စွာ ချမိ၏။ ကျွန်မ၏ ရူးသွပ်ခြင်းနင့် ချယ်ရီ၏ လက်တွေ့ဆန်မှုတို့ ထိပ်တိုက် တွေ့မိကြ ပြန်ပြီ။ ကျွန်မ၏ တွေဝေဟန်ကို မြင်ရမှ ချယ်ရီက ပြုံးရိပ်ဆင်သော မျက်နှာနှင့် ဖြေလျော့ဖို့ ကြိုးစားသည်။
“ဘာလဲ၊ နင် ကြောက်လို့လား၊ မကြောက်နဲ့၊ ခုချိန် ကျီးပြိုတာ မဆန်းဘူး၊ တကယ်လို့ ငါ သေသွားပြီး ဒီ အခန်းထဲမှာ နင်တစ်ယောက်တည်း ကျန်နေတုန်း ကျီးပြိုတာ ဆိုရင်တော့ ‘ဖိုးမောင်လာပြီ’ ကဗျာရွတ်ဖို့ နင့်ဆီ ငါ လာတာ ဖြစ်လိမ့်မယ်”
“ချယ်ရီ၊ နင် ဘာတွေ လျှောက် ပြောနေတာလဲ”
ကျွန်မက အလန့်တကြား တားမြစ်တော့ သူက အားပါးတရ ရယ်မောသည်။ ပြီးတော့မှ “ညဥ့်နက်ပြီး အိပ်ကြရအောင်” ဟု တိုးတိုးပြောကာ ကျွန်မကို ကျောခိုင်း၍ လဲလျောင်း၏။ ထုံးစံ အတိုင်းပင် ကျွန်မကတော့ တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။
* * *
မိဘများနှင့် ခွဲခွာကာ ချို့ချို့တဲ့တဲ့ဖြင့် ပညာ ရှာနေကြရချိန်ကို ကံ မကောင်းဘူးဟု သတ်မှတ် နေရင်းမှပင် ကံကောင်းထောက်မစွာ ချယ်ရီနှင့် ဆုံစည်း နီးစပ်ခဲ့ရခြင်း ဖြစ်သ ည်။
ချယ်ရီက စိတ်ဓာတ် ကြံ့ခိုင်သည်။ ဆုံးဖြတ်ချက် ပြတ်သားသည်။ ရပ်တည်ချက် မှန်ကန်သည်။ သတ္တိရှိသည်။ သေးသွယ် ညိုမောင်းသော ခန္ဓာကိုယ်လေး ထဲတွင် ထိုအရာများ ခိုအောင်း နေခြင်းက အံ့ဩစရာပင် ကောင်းတော့၏။ သို့သော် ချယ်ရီ့ထံတွင် ခိုအောင်းနေသော အရာများက သူမ၏ တောက်ပသော မျက်လုံးများထဲတွင် ထင်ဟပ်နေသည်။ ပါးလျ ပြတ်သားသော နှုတ်ခမ်းများမှာ။ ကြံ့ခိုင်သော မေးရိုးများမှာ။ ကျယ်ပြန့်ပြေပြစ်သော နဖူးပြင်မှာ။
သည်လို သူငယ်ချင်းမျိုးနှင့် နီးစပ်ခွင့် ကြုံခဲ့ခြင်းက ကံကောင်းခြင်း မဟုတ်ဘူးလား။
ကျွန်မတို့၏ တစ်ဘက်ခန်းမှ ကြူကြူတစ်ယောက် စားစရာပြတ်လျှင် အိမ်မှာတုန်းက ရွှေထီးဆောင်းပြီး ဆီဦးထောပတ် စားခဲ့ရသော ရက်များကို တမ်းတ,ကာ ငိုတတ်သည်။ ထိုအချိန်မျိုးတွင် ချယ်ရီက စူးစူးကြည့်ကာ ဆုံးမသလို၊ ဟိန်းဟောက်သလို သတိပေး ဖြေသိမ့်၏။
“နင် အဲဒီလို ငိုနေလို့ရော နင် စားချင်တာတွေ ရောက်လာလို့လား၊ အလကားပဲ ကြူကြူ၊ စားချင်တာ မစားရတာရော ငိုလိုက်ရတာရော နှစ်ခါရှုံးတယ်”
“အို ... အိမ်ကို ငွေပြတ်နေပြီ၊ စားချင်တာ မစားရလို့ မျက်ရည်တောင် ကျတယ်လို့ မှာလိုက်မှာပေါ့။ အဲဒါဆို ငါ ကြိုက်တာတွေ အများကြီး ရောက်လာမှာ”
ထုံးစံအတိုင်း ရန်တွေ့ကောင်းသော ကြူကြူက ကက်ကက်လန် ရန် ပြန်တွေ့လျှင် ချယ်ရီ့ မျက်လုံးများသည် မှုန်မှိုင်းတစ်ခါ၊ တောက်ပတစ်လှည့် ရှိ၏။ ပြီးတော့မှ လေအေးအေးနှင့် စကား ဆိုတတ်သည်။
“အိမ်က မိဘတွေကို ဒုက္ခမပေးပါနဲ့ ကြူကြူရယ်၊ သူတို့လည်း သူတို့ သားသမီးပဲ၊ စားစေချင်မှာပေါ့။ တတ်နိုင်သမျှ ပို့မှာပေါ့၊ နင်က လှမ်းမှာတော့ သူတို့မှာ စိတ်မကောင်း ဖြစ်ရဦးမယ်၊ ငါတို့အားလုံးဟာ ပညာရှာဖို့လာကြတဲ့ သူတွေပဲ၊ ပညာရဖို့အတွက် ကျန်တာတွေ ကိုတော့ နည်းနည်းစီ သည်းခံရမှာပေါ့”
ချယ်ရီ့ လေသံအေးအေး အောက်တွင် ကျွန်မတို့အားလုံး ငြိမ်သက်နေ ကြသည်။ အဝေးမှ လာရောက် ပညာရှာကြသူချင်း အတူတူမို့ တစ်ယောက် ခံစားချက်ကို တစ်ယောက် သိသည်။ သို့သော် လက်ဖက်သုပ်နှင့် ထမင်းစားရဖန် များလာသောအခါ၊ ထမင်းဝိုင်းတွင် ဟင်းနုနွယ်ရွက်ကြော် ထပ်လာသော အခါများမှာတော့ တစ်ယောက်မဟုတ် တစ်ယောက် အိမ်ကို တမ်းတမိကြမြဲ ဖြစ်၏။ ထိုအခါမှာ ပင်တိုင် အားပေးဖြေလျော့ သူကတော့ ချယ်ရီပင်။
“အေးလေ၊ ငါက မိဘ အိမ်မှာလည်း ဒီလို ဟင်းမျိုးတွေပဲ စားခဲ့ရတာ ဆိုတော့ ဟင်းမကောင်းတာကို နင်တို့လို ဝမ်းမနည်း တတ်တော့တာ ထင်ပါရဲ့၊ ဟုတ်တယ်၊ နေခဲ့ရတဲ့ အခြေအနေချင်း မတူဘဲ ငါက အားပေးတော့ နင်တို့ကို ကိုယ်ချင်းမစာသလို ဖြစ်သွားတယ်နော်”
နောက်ဆုံးတော့ သည်လိုပင် ချယ်ရီက သူ့ကိုယ်သူသာ အပြစ်ဖို့တော့၏။ သည်လို ပြဿနာမျိုး ကြုံလာလျှင် ကျွန်တို့ ထမင်းဝိုင်းက စကားဝိုင်းအဖြစ် ကူးပြောင်း သွားတတ်မြဲလည်း ဖြစ်၏။
ကျွန်မတို့ နေထိုင်ရာ အဆောင်လေး အတွင်းရှိ လူများသည် အားလုံးလိုလို နယ်ကျောင်းသူများ ဖြစ်ကြ၏။ နယ်မှ ရောက်လာပြီး ကျောင်းဆောင် မရသဖြင့် အပြင်ဆောင်တွင် ငှားနေသူများ စုဆုံ ရင်းနီးကြခြင်း ဖြစ်သည်။ အတန်း၊ ဘာသာ မတူသူများမို့ စာသင်ချိန် ကွဲတာက ကလွဲလျှင် အဆောင်မှာ နေရချိန်က ပိုများသည်။ အိမ်နှင့် ဝေးကွာနေရသော ဝေဒနာချင်းလည်း တူမျှနေသူများမို့ အချင်းချင်း နားလည် ချစ်ခင်ကြ၏။
လူစုံတက်စုံ ရှိမည့် ညနေ တစ်ခု ခုတွင် ကျွန်မတို့ ထမင်းစုစား မိကြလျှင်၊ ထိုသို့ ထမင်းစုစားမည့် ရက်သည် လကုန်ရက်လည်း ဖြစ်နေမည်ဆိုလျှင် တစ်ယောက်ချင်းစီမှာ ပုလင်းကပ် ဘူးကပ်သာ ကျန်တော့သည့် ငါးငိကြော်ကလေးများ စုပေါင်း၊ ခရမ်းချဉ်သီးကို ဆားနှင့် အချိုမှုန့် ရောကာ ဖြစ်သလို သုပ်စားရသည့် အခါမျိုး ဆိုလျှင် ထိုထမင်းဝိုင်းများ အပြီး ကျွန်တို့ စကားဝိုင်းတွေက အိမ်ကို တမ်းတသံများနှင့် ပြည့်ကျပ် စည်ဝေနေ တော့သည်။
“ငါတို့ အိမ်မှာတုန်းကလေ ...” ဟု အစချီမိလျှင် အိမ်အကြောင်း တတမ်းတတ ပြောကြသူ များစွာအတွက် အလှည့်ကျ စကားဝိုင်း အဖြစ် စီစဉ်တော့သည်။
“ငါတို့ အိမ်ပြန်ရောက်ရင်လေ ...” ဟု စကားမြားဦး လှည့်မိလျှင်တော့ အားလုံးသည် ခေတ္တမျှ ငြိမ်သက်သွားကြ တော့သည်။ ဝေဝါးလျက်ရှိသော အိမ်ပြန်ချိန်ကို မှန်းဆ၍ မဝံ့မရဲ မျှော်လင့်ချက်များဖြင့် စကားဝိုင်းကို ပြန်လည် အသက်သွင်းကြ၏။
“ငါက ဂျပန်စာ သင်ထားတော့ ကျောင်းပြီရင် ဂိုက်လုပ်မယ်”
ကြူကြူက စကားဝိုင်းကို စ,တင် ဝေစည်စေသည်။
“ငါကတော့ ထုံးစံအတိုင်းပေါ့၊ ကလေးတွေကို ဝိုင်းလိုက်သင်မယ်”
ခိုင် တစ်ယောက်ကတော့ လုပ်စရာ အခိုင်အမာ ရှိသည်။
“ကျွန်တော်ကတော့ ကျောင်းပြီးရင် အလုပ်လုပ်ဖို့ထက် ကျောင်းပြီးအောင်ပဲ အရင် စဉ်းစားရဦးမယ်”
‘ကျွန်တော်’ ဟု သူ့ကိုယ်သူ သုံးနှုန်းတတ်သော ကျွန်မတို့အဆောင်၏ အငယ်ဆုံး ပထမနစ်ကျောင်းသူ တိုးတိုး ကတော့ သည်လိုပဲ ပြောလေ့ရှိသည်။ ကျွန်မရယ် နိုင်ရယ် ချယ်ရီရယ်က နှုတ်ဆိတ်နေကျ ။ ကျွန်မနှင့် နိုင်ကတော့ တစ်ယောက်ကို တစ်ယောက် ပြိင်တူ မေးငေါ့ မိတတ်ပြီး၊ ပြိုင်တူ ခေါင်းယမ်း မိကြကာ ပြိုင်တူ ရယ်မောနေမိ ကြမြဲ။ စကားတန်း ရှည်လျားကို နောက်ဆုံးမှ ပြောတတ်သူကတော့ ချယ်ရီပင်။
“ငါကတော့ ရတဲ့ အလုပ် တစ်ခုကို အမြန်ဆုံး ရှာမယ်၊ အဖေ့အတွက်ရော အမေ့အတွက်ရော မောင်လေး နှစ်ယောက် အတွက်ရော အမြန်ဆုံး အလုပ် ရှာရမှာ”
ချယ်ရီ စကားစ,လျှင် ကျွန်မတို့ အားလုံး ထပ်မံငြိမ်သက်ရ ပြန်သည်။ ရုံးတစ်ရုံးတွင် ဝန်ထမ်း လုပ်နေသော ချယ်ရီ့ ဖခင်၏ ငွေကွာမှုဆိုလား အကြောင်းရင်းနှင့် ဘုမသိ ဘမသိ အိမ်နှင့်ဝေးကွာ သွားပုံအကြောင်း၊ စကားစ,မိတိုင်း ကလေးသာသာ တိုးတိုးက မခံမရပ်နိုင် တက် ခေါက်နေမြဲပင်။
“ကျွန်တော်တော့ လုံးဝ မကျေနပ်ဘူး၊ မချယ်ရီ အဖေက အဲ့ဒီကိစ္စမှာ သူ မပါတဲ့အကြောင်း သေချာ ရှင်းမပြနိုင် ဘူးလား"
ညီမလေး တိုးတိုး၏ ပေါက်ကွဲမှုများနှင့် ကြုံရဖန်များသော အခါ ချယ်ရီက ပြုံး၍သာ နေတော့သည်။
“ကျွန်တော်ကတော့ ကျွန်တော့် ရှေ့ရေးထက် မချယ်ရီ ရှေ့ရေးကို ပို ရင်လေးတယ်၊ အဖေက အဝေးမှာ၊ အမေက ရောဂါသည်၊ မောင်လေး နှစ်ယောက်က ပညာမစုံလင် သေးဘူး၊ အိမ် ပြန်ရောက်ရင် မချယ်ရီ ဘယ်လို ရုန်းကန်မလဲ”
သည်လို စကားမျိုး ကြားလျှင် ချယ်ရီသည် လှပသော နှုတ်ခမ်းများကို ပြုံးသလို မဲ့သလို မပီမသ တွန့်ကွေး၍ သူမအတွက် ရင်လေးနေသူ တိုးတိုး၏ ဆံပင်များကို ဖွဖွသပ်ကာ အားပေးတတ် သေးသည်။
“ကံကြမ္မာက ဒီအတိုင်းပဲ ပေးလာတော့လည်း တိုးတိုးရယ် ...”
* * *
ဆန်ကြမ်း ထမင်းများ၊ အချိန် မမှန်သော စားသောက်ချိန်များ၊ မိသားစု အတွက် စိုးရိမ်သောကများကို လပေါင်း များစွာ စုစည်းမိသောအခါ ကံကြမ္မာက ချယ်ရီအား အစာအိမ်ရောဂါကို ထပ်ပြီး လက်ဆောင် ပေးတော့၏။
ချဉ်စုတ်နေသည်ဟု ချယ်ရီ ပြောသော အစားအစာတွေကို ပြန်အန်သည့်အခါ ဖြစ်စေ၊ မျက်ရည် တောက်တောက်ကျအောင် ဗိုက်အောင့်သည့်အခါ ဖြစ်စေ၊ ကျွန်မတို့အားလုံး ချယ်ရီ့ နားတွင် ဝိုင်းအုံနေတော့သည်။
“အဲဒါကြောင့် ပြောတာ၊ အစာကြမ်းတွေ မစားပါနဲ့လို့၊ ခုတော့ နင်ပဲ ခံရတာ၊ ငါတို့လည်း စိတ်မချမ်းသာဘူး”
“နောက်ဆို အချိန်မှန်မှန် စားစမ်းပါ ချယ်ရီရယ်”
“အစာအိမ် ရောဂါဟာ စိတ်နဲ့လည်း ဆိုင်တယ်လို့ ငါ ကြားဖူးတယ် ချယ်ရီ၊ နင် စိတ်ကို သိပ် အထိခိုက်မခံနဲ့ နော်”
ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသမျှ တစ်ယောက်တစ်ပေါက် ဆေးဝိုင်းကုကြ၊ ဖြေသိမ့်ကြ၊ အားပေးကြနှင့် ကျွန်မတို့၏ ရက်ပေါင်း များစွာက ချစ်ခင် နွေးထွေးမှုများနှင့် ကုန်ဆုံးခဲ့၏။
တဖြည်းဖြည်းနှင့် ကျွန်မတို့၏ ခွဲခွာချိန် နီးကပ်လာသော အခါ ကျွန်မတို့၏ စကားဝိုင်းတွေက ပို၍ စည်ဝေလာခဲ့သည်။ အနာဂတ်မျှော် အိပ်မက်များကို ပန္နက်ချကြ၏။
“ငါတို့ တစ်လတစ်ခါ ဖြစ်ဖြစ်၊ နှစ်လတစ်ခါ ဖြစ်ဖြစ် ပြန်ဆုံကြမယ်ဟာ”
ချယ်ရီကပင် သည်လို အားတက်သရော သတ်မှတ်ခဲ့သေးသည်။ “ငါတို့ ဘာတွေ ဆက်ဖြစ်ကြမယ် မသိဘူးနော်” ဟု လူကြီးသူမ ဟန်နှင့်လည်း ညည်းညူသေး၏။
“ငါတို့ သူငယ်ချင်းတွေ ထဲမှာ တတ်ထားတဲ့ ပညာက အစုံ၊ ဘာသာရပ်စုံ၊ နယ်ပယ်စုံ ရှိနေတာပဲ၊ ငါတို့ တစ်ယောက်ချင်းဟာ နေရာတစ်နေရာ နယ်ပယ် တစ်ခုစီမှာတော့ နည်းနည်းစီ ထူးချွန်နေတာပဲ၊ တို့အားလုံးရဲ့ ဦးနှောက်တွေ လုပ်အားတွေ ပေါင်းပြီး အလုပ်လုပ်ကြလို့ ရမှာပေါ့၊ အစပိုင်းမှာတော့ ပတ်ဝန်းကျင် ကျဉ်းကျဉ်းလေးကိုပဲ အကျိုးပြုချင် ပြုမယ် ပေါ့ဟာ၊ အဲဒီကမှတဆင့် ပတ်ဝန်းကျင် ကျယ်ကျယ်အတွက်၊ အဲဒီကမှ တစ်ဆင့် တစ်ဆင့် ဆက်ပြီး မျှော်လင့်ကြတာပေါ့”
ကျွန်မတို့ အတူနေ သူငယ်ချင်းများ ထဲတွင် ရူပဗေဒ အဓိကနှင့် ဂုဏ်ထူးတန်း တက်နေသော ခိုင်က အတက်ကြွဆုံး။ အနာဂတ်ကို အမျှော်လင့်ဆုံးနှင့် သူငယ်ချင်းများ မခွဲမခွာ စုပေါင်းနေထိုင် အလုပ်လုပ်ရေးကို စိတ်ကူးအယဉ်ဆုံး ဖြစ်၏။
“ဘာကိုမှတော့ သိပ်မမျှော်လင့်နဲ့ ပေါ့ဟာ၊ လူ့ဘဝဆိုတာ ကိုယ် မျှော်လင့်သလို ချည်းပဲ ဖြစ်လာတတ်တာမှ မဟုတ်တာ၊ ဘဝဇာတ်ခုံပေါ်မှာ အလျဉ်း သင့်သလို က,ပြ အသုံးတော် ခံကြရမှာပဲ၊ အရေးကြုံလာရင်တော့ မမေ့ကြစတမ်းပေါ့”
ကျွန်မစကားကတော့ အနာဂတ်အပေါ် အယုံအကြည် မဲ့လွန်းနေသလား မသိပါ။ ကျွန်မ တကယ်ပဲ မယုံကြည် တတ်တော့တာ အမှန်ပင် ဖြစ်၏။ ကျွန်မတို့၏ ယုံကြည်မှုတွေက လွဲချော်ပေါင်း များလေပြီ။
“ဒါပေမယ့် လူ့ဘဝမှာ တမ်းတစရာ ကာလလေးတစ်ခု ရှိနေခဲ့တယ်ဆိုရင် တစ်စိတ်တစ်ပိုင်းတော့ နေပျော်ပါတယ်ဟာ။ ငါတို့ အခု နေခဲ့ကြတဲ့ အချိန်ဟာ တမ်းတစရာ ကာလတစ်ခု ဖြစ်သွားမှာပဲ၊ မဟုတ်ဘူးလား”
ကိုယ်မျှော်လင့်ရာ ထင်မြင်ရာတွေကို စကားလုံးတွေနှင့် ဘယ်လောက်ပဲ ပုံဖော်ဖော်၊ တကယ်တမ်း ခွဲခွါကြရတော့မည် ဆိုသောအခါမှာတော့ ကျွန်မတို့ စကား မဝေစည်နိုင်တော့ပါ။
“ရော့၊ နင်က ရှပ်အင်္ကျီပဲ ဝတ်လေ့ရှိတော့ နင့်အတွက် ငါက ဒါလေး လက်ဆောင် ပေးမယ်”
အဖြူရောင် လည်ကတုံး ရှပ်အင်္ကျီ လက်ရှည်လေး တစ်ထည်ကို ချယ်ရီက ကျွန်မအား ပေး၏။ ကျွန်မက ဆင်စွယ်ရောင် ရှပ်အင်္ကျီ လက်တိုလေး တစ်ထည်ကို ချယ်ရီအား ပြန်ပေးလိုက်သည်။
“တူညီသော တုံ့ပြန်မှုပေါ့ဟာ”
ကျွန်မတို့ အားလုံး၏ ခွဲခွါခြင်းက တမ်းတစရာ များစွာကို သယ်ပိုး၍ နွေလယ် တစ်နေ့တွင် စ,တင်ခဲ့တော့၏။
* * *
တကယ်တမ်းကျတော့ တစ်လ တစ်ခါ၊ နှစ်လ တစ်ခါ ဆုံတွေ့ကြဖို့ ဆိုသည်က စကားသက်သက်သာ ဖြစ်ခဲ့တော့သည်။ မဆုံးနိုင်သော မျှော်လင့်ချက်များ၊ မဆုံးနိုင်သော လူမှုတာဝန်များ ကြားတွင် ကျွန်မတို့၏ တွေ့ဆုံခြင်းတွေက ကျဲပါး လွန်းလှသည်။ ကျွန်မတို့၏ ခွဲခွါခြင်းတွေက နွေမှသည် မိုးသို့ တိုင်ခဲ့ပြီ။ ချယ်ရီနှင့် ကျွန်မက မတွေ့ဖြစ်သေးပေ။
တကယ်တမ်း တွေ့ဖြစ်ကြတာကတော့ စက်တင်ဘာလ အတွင်းမှ တစ်ရက်ဖြစ်၏။ တွေ့ဖြစ်တာက ချယ်ရီ ကိုယ်တိုင်နှင့် မဟုတ်ဘဲ ချယ်ရီ့ နာမည်နှင့် ဖြစ်သည်။ တွေ့ဖြစ်သော နေရာက သတင်းစာ စက္ကူပေါ်မှာ။
-------------------
ချယ်ရီ
အသက် (၂၄) နှစ်
-------------------
ဒါဟာ အိပ်မက်တစ်ခု ဖြစ်ပါစေဟု အရင်ဆုံး ကမန်းကတန်း ဆုတောင်းမိ၏။ သည်စာမျက်နှာကို ဖတ်မိသူ များစွာထဲတွင် ကျွန်မသည် ထိတ်လန့် ချောက်ချားမိဆုံးသူ ဖြစ်လိမ့်မည်။
“ငါ့မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်” တဲ့လေ။ ချယ်ရီ ပြောခဲ့ဖူးသည်။ “အရေးကြုံလာရင်တော့ မမေ့ကြစတမ်းပေါ့” ဟု ကျွန်မက ပြောခဲ့သည်။ ဒါပေမယ့် ဒီလို အရေးကြုံမှုမျိုး မဟုတ်ဘူး သူငယ်ချင်းတို့ရဲ့။
တကယ်ပဲ ကျွန်မတို့ သူငယ်ချင်းတွေ အရေးကြုံလာတော့ မမေ့လျော့ကြပါ။ စက်တင်ဘာ ၁၃ ရက်နေ့သည် ချယ်ရီ့အား လိုက်ပါ ပို့ဆောင် နှုတ်ဆက် သူများနှင့် စည်ကားနေခဲ့၏။ ထိုအဖြစ်အပျက်၊ ထိုမြင်ကွင်းတို့ကို ကျွန်မ မယုံချင်ပေ။ ၄, ၅ လ ဆိုသော အချိန်ကာလက လူတစ်ယောက်အား ဘဝတစ်ခုမှ တစ်ခုသို့ပင် ပြောင်းလဲသွားစေခဲ့ ပြီတဲ့လေ။
သူငယ်ချင်း အများစုက ငိုကြွေး တမ်းတကြသည်။ ကျွန်မကတော့ ကျွန်မကိုယ်တိုင် သရုပ်မခွဲတတ်တော့သော ထုထည် အလုံးအခဲကြီး တစ်ခုနှင့် ရင်ထဲတွင် ဆို့ကျပ်ကာ ငို၍ မရခဲ့ပေ။ ကျွန်မ ကြားနေရသော စကားက ကျွန်မ၏ ဆို့နင့်မှုကို အဆပေါင်းများစွာ တိုးပွါးစေသည်။
“သူ ဖြစ်တုန်းက ငှက်ဖျား သမီးရဲ့၊ အန်တီနဲ့အတူ ဆေးခန်း သွားပြသေးတယ်၊ ‘ကျွန်မမှာ အစာအိမ်ရောဂါ ရှိတယ်၊ ငှက်ဖျားဆေးနဲ့ တည့်ပါ့မလား’ လို့ ဆရာဝန်ကို သူ မေးနေသေးတယ်၊ ဆရာဝန်က ‘လိုတာထက် ပိုပြီးတော့ မသောက်နဲ့ပေါ့၊ အန္တရာယ် ရှိတယ်’ တဲ့၊ သူ ရယ်ပြီး နားထောင်ခဲ့တာ၊ အခုတော့ သူ မရှိတော့ဘူး”
ကျွန်မတို့ မျက်လုံးတွေက ချယ်ရီ၏ နောက်ဆုံးရက်များကို စိတ်ဝင်စားစွာ ပြူးကျယ် စူးစိုက်နေကြသည်။ ဆေးခန်း ပြပြီး နောက်တစ်ရက် သေဆုံးသွားခဲ့သော ချယ်ရီ့ အနီးအနားတွင် ၅ ရက်စာ ပေးလိုက်သော ဆေးလုံးပေါင်း များစွာထဲမှ တစ်လုံးတလေပင် ကျန်မနေတော့ဘူး ဆိုတာ အားလုံး သိရှိချိန်တွင် ချယ်ရီက ရုပ်အလောင်း အဖြစ်သာ ရှိနေတော့သည်။ ဆေးဝါးပေါင်း များစွာနှင့် လဲလှယ်သွားခဲ့သော ချယ်ရီ့ ဝိညာဉ်၏ လွတ်မြောက်မှုထဲတွင် မည်မျှ ပြင်းထန်သော ဝေဒနာရောဂါတွေ ပါသွားခဲ့လေသလဲ၊ ကျွန်မ အော်ဟစ် မေးလိုက်ချင်သည်။
လှပနေဆဲ မျက်နှာတင်းတင်းလေးအား ကျွန်မက သံသယနှင့် အားမလို အားမရမှုများစွာနှင့် ငေးကြည့်နေစဉ် ကျွန်မ သူငယ်ချင်း တစ်ဦးက ကျွန်မ လက်ကို ဆွဲထုတ် ခေါ်ငင်သွားခဲ့သည်။
“သူ မဆုံးခင် နစ်ရက်လောက်ကပဲ ငါ့ဆီ လာသေးတယ်၊ သူ ရင်ဆိုင် နေရတာတွေ ပြောပြတယ်၊ သူ့အဖေအတွက် အစားအသောက် မှန်မှန်ပို့ဖို့၊ သူ့မိသားစု စားဝတ်နေရေးနဲ့ သူ့မောင်လေးတွေ ပညာရေးအတွက် သူ တော်တော် ကသီနေတာ၊ သူလည်း အလုပ်ကို တတ်နိုင်သမျှ ရှာတာပဲ၊ ရတဲ့ အလုပ်ကလည်း သူ လိုအပ်တဲ့ ငွေကြေး မရဘူး။ ဒါကြောင့် သိပ်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီမှာ အကူအညီ တောင်းရတယ်တဲ့၊ ငါတို့ဆီက ငွေကြေးစလေး နည်းနည်းရသွားလို့ အိမ်ပြန်တော့ သူ့မောင်လေးက ဒီငွေတွေ ဘယ်လို ရသလဲလို့ သံသယနဲ့ မေးတယ်တဲ့၊ “သူတို့ ငါ့ကို စော်ကားကြတယ်၊ ငါ့ကို မယုံတော့ဘူးဟာ” လို့ ပြောပြီး ငိုလိုက်တာ၊ ဒါပေမယ့် သူက တစ်သက်လုံး ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့တဲ့သူ မဟုတ်လား၊ သူ အရှုံးပေးသွားလိမ့်မယ်လို့ ငါ မထင်ဘူး”
ချယ်ရီနှင့် ကျွန်မ မဆုံစည်းခဲ့သော နောက်ဆုံး ကာလများက ကျွန်မကို ခြောက်လှန့်လျက် ရှိသည်။ သူ ကျွန်မဆီ ဘာဖြစ်လို့ ရောက်မလာသလဲ။
“သူက နင့်ဆီ ဒီလလယ်လောက်တော့ ရောက်အောင် သွားဦးမယ်လို့ ပြောသွားသေးတယ်”
ဒီနေ့ စက်တင်ဘာ ၁၃ ရက်။ ဒါ လလယ်ရက် ပဲပေါ့။ ခုတော့ သူက ကျွန်မဆီ မလာဘဲ ကျွန်မက သူ့ဆီ ရောက်နေခဲ့ရပြီ။ မျက်ရည် မကျမိသော ကျွန်မတို့ ရင်ထဲမှ အစိုင်အခဲကတော့ နာကျင်မှုတွေ၊ မချိတင်ကဲ အားမလိုအားမရ စိတ်တွေ၊ အေးခဲနေသော မျက်ရည်တွေ၊ ဝမ်းနည်း, တမ်းတမှုတွေ ဖြစ်လိမ့်မည်။ ချယ်ရီ၏ ကြံ့ကြံခံနိုင် စွမ်းအားတွေကို လျော့ပါး ပျက်သုဉ်းအောင် စုပ်ယူခဲ့သော အရာအားလည်း ကျွန်မတို့ ဒေါသထန် ကျိန်ဆဲမိကြသည်။
“ဟော ... ဟိုမှာ မီးခိုးငွေ့တွေ၊ အဲဒါ ချယ်ရီလေ ... ချယ်ရီပေါ့”
သည်လို ရေရွတ်အပြီးမှာတော့ ချယ်ရီ့ မေမေသည် သတိမဲ့ လဲကျသွား တော့၏။ နောက်ဆုံး ဝေ့ဝဲကျန်ခဲ့သော မီးခိုးမျှင်ကလေးတွေကိုပင် ချယ်ရီ့ မေမေက ‘ချယ်ရီ’ ဟု မှတ်ယူ ယုံကြည်နေဆဲပင်။
* * *
စက်တင်ဘာ ၁၅ ရက် ည၏ ပိန်းပိတ်နေသော အမှောင်ထုထဲတွင် ကျွန်မသည် လည်ကတုံး ရှပ်လက်ရှည် အဖြူရောင်ကလေးနှင့် ရှိနေခဲ့သည်။ “ဒီလလယ်လောက် နင့်ဆီရောက်အောင် သွားမယ်လို့ ပြောသွားသေးတယ်” ဆိုသော စကားက ကျွန်မ နားထဲတွင် ပဲ့တင်ထပ်နေ၏။ ဒါ လလယ်ရက် အတိအကျပေါ့။
ကျွန်မ ပြတင်းပေါက် သံဆန်ကာကွက်များ ကြားမှ အမှောင်ထုထဲသို့ စူးစိုက်ငေးကြည့် နေခဲ့တာ ကြာပြီ။
အတိတ်အား တမ်းတခြင်းသည် ပစ္စက္ခအား မေ့လျော့သွားမိစေ၏။ ပစ္စက္ခကို ပြန်လည် ဆုပ်ကိုင်မိချိန်တွင်တော့ သံဆန်ကာကွက်တွေကို တင်းတင်း ဆုပ်ကိုင်ခဲ့မိသော ကျွန်မလက်တွေ နာလှပြီ။ တောင့်တောင့် ရပ်နေမိသော ခြေထောက်တွေလည်း ညောင်းလှပြီ။
ညအမှောင်ကလည်း ဆတက်ထမ်းပိုး တိုး၍ သိပ်သည်းခဲ့ပြီ။
ပြတင်းမှ ခွာကာ ခုတင်ပေါ် လှဲလိုက်ချိန်တွင် သံချောင်းခေါက်သံ တစ်ချက် ကြားရ၏။ ကျွန်မ မျက်လုံး မှေးမှိတ်လိုက်ချိန်တွင် ပြတင်းမှ လေရူးနှင့်အတူ ခပ်ဝေးဝေးမှ လွင့်ပျံလာသော ခွေးဟောင်သံများကို ကြားလိုက်ရ၏။
ကျွန်မ ငေါက်ခနဲ ထ,ထိုင်မိသည်။ ကြက်သီးတွေ တဖြန်းဖြန်း ထ,လာမိ၏။
“ကြက်သီးတွေ ဖြန်းလာတတ်တယ်၊ ဒါပေမယ့် အဲဒီ အရသာကို ငါ ကြိုက်တယ်”
အို ...
အဲဒါ ဘယ်သူ ပြောခဲ့တဲ့ စကားလဲ။ အခု ကျွန်မလည်း ကြက်သီးတွေ ဖြန်းနေပြီလေ။ ကျွန်မလည်း ထိုအရသာကို နှစ်သက်စွာ၊ အမှောင်ထုကို ထိုးခွဲပြီး ပြတင်းပေါက်ဆီ တိုးဝင် လျှောက်လှမ်းခဲ့ပြီလေ။ ခွေးဟောင်သံတွေ ကြားနေရပြီလေ။ ကျွန်မ၏ နှေးကွေးသော ခြေသံ တရှပ်ရှပ်က အလိုအလျောက် ရွတ်ဆိုနေမိသော ကဗျာအတွက် စည်းချက်သဖွယ် ဖြစ်ခဲ့ပြီ။
“ဘယ်ခါမဆို၊ ဆီးလင့်ကြိုသို့
မှိုင်းညိုညဥ့်ရိပ်၊ လူခြေတိတ်၌
ရေဆိပ်အနား၊ ရွာတံခါးမှ
ဂုတ်ကျားကျယ်လောင်၊ ရမ်းရော်ဟောင်သော်
ဖိုးမောင် လာပြီ ဆိုဆဲပင်”
ပြတင်း သံဆန်ကာကွက်များကို နောက်ထပ်တစ်ကြိမ် ဆုပ်ကိုင်မိချိန်မှာတော့ ခွေးဟောင်သံ အူသံတွေ ဝေးကွာ တိုးတိတ် သွားခဲ့ပြီ။ ကျွန်မကတော့ တောင့်တောင့် ရပ်နေမိလျက်သားပင်။ ကျွန်မသည် အမှောင်ထဲ စူးစိုက်ကြည့်နေရင်း ကြည်လင် ပြတ်သားသော ကဗျာရွတ်သံကို ကြားနေမိသည်။ လှပကွေးညွတ်သော နှုတ်ခမ်းတွေကို မြင်နေမိသည်။ ကျွန်မက သက်ပြင်းရှည်တစ်ချက် ချလိုက်ပေမယ့် နားတွင် ချိုလွင်သော ရယ်သံက ထင်ဟပ်၏။
“ဝေါ ... အား ... အား ...အား”
ကျွန်မ၏ သက်ပြင်းချသံ အဆုံးနှင့် ချိန်ကိုက်ထားသလိုပင် အိမ်ဘေးရှိ ကုက္ကိုပင်မှ ကျီးတစ်အုပ် ပြိုကျလာ၏။ တဖျပ်ဖျပ် အတောင်ရိုက်သံများ၊ တအားအား အော်ဟစ်သံများသည် ပတ်ဝန်းကျင်၌ ချက်ချင်းဆူညံသွား တော့သည်။
ကျီးပြိုတာ ဘာမှ မဆန်းဘူး သိလား။ ဆန်းတာက ...
သံဆန်ကာကွက်တွေကို ဆုပ်ကိုင်ထားသော ကွန်မလက်တွေ တဆတ်ဆတ် တုန်လာ၏။
ကျွန်မ နှုတ်ခမ်းတွေကလည်း တင်းတင်း ဖိကိုက်ထားရင်းကြားမှ လှုပ်ခတ်နေကြသေးသည်။
ကျွန်မသည် ပိန်းပိတ်နေသော အမှောင်ထုများအတွင်း မျက်လုံးတွေ ကျွတ်ထွက်မတတ် စူးစိုက် ရှာဖွေနေမိသည်။
ကျီးကန်းနှင့် ညဥ့်ငှက်တို့၏ ဝိုးတဝါး ပျံသန်းဟန်များကြားမှ နောက်ထပ် တစ်စုံတစ်ရာကို ရှာဖွေနေမိခြင်း ဖြစ်၏။
ကျွန်မ၏ ဆင်စွယ်ရောင် ရှပ်အင်္ကျီ လက်တိုကလေးများ ဝေ့ဝဲလာလေ မလားပေါ့။ ကျွန်မ၏ အတွေးကို ယခု ထိုအင်္ကျီကလေး၏ ပိုင်ရှင် ဖြစ်သွားသူ သိလျှင်တော့ “နင် အရူးမထ,နဲ့” ဟု ငေါက်ငမ်းလိမ့်ဦးမည်။
သစ်ရွက်လှုပ်ခတ်သံများ၊ ကျီးအော်သံများ ဆိတ်သုဉ်း၍ ပတ်ဝန်းကျင်က ပြန်လည် ငြိမ်သက်သွားချိန်မှာတော့ ခေါင်းမော့ မာန်တင်းထားမိသော ကျွန်မ ပါးပြင်မှ မျက်ရည်စီးကြောင်းက လည်ပင်းဆီသို့တိုင် ခရီးလွန်နေကြလေပြီ။
-----------
ခက်မာ
မဟေသီ၊ စက်တင်ဘာ၊ ၁၉၉၄။

No comments:

Post a Comment