Monday, 18 July 2016

ဗုဒ္ဓဟူးနံ

ဗုဒ္ဓဟူးနံ (ခင်နှင်းယု)
------------------------
မရွှေဇင်ဆိုသော သူ့အမည်ကို သူ နှစ်သက်သည်။ ဗုဒ္ဓဟူးသမီး ဆိုတော့ ရွှေသည် ဗုဒ္ဓဟူးနံ ဖြစ်သည်။ ဒါပေမယ့် ဇင် ဆိုသော အင်္ဂါနံနှင့် ဘာကြောင့် သူ့ကို မိဘများက တွဲဖက် မှည့်ထားသည်ကိုတော့ သူ မသိပါ။ သို့သော် ဗုဒ္ဓဟူးနံသည် သူ့ကို အကျိုးပေးသည်ဟု သူ ယူဆ၏။ ငယ်စဉ်ကတည်းက မရွှေဇင် အမည်နှင့် ကျောင်းနေလာခဲ့သည်မှာ ကကြီး ခခွေးတန်း (ခေါ်) သူငယ်တန်းမှသည် တက္ကသိုလ် ဒီဂရီ ရသည်အထိ တစ်နှစ်မှ စာမေးပွဲ မကျသည်ကို ထောက်သော် ဗုဒ္ဓဟူး နေ့သင့် နံသင့် အမည်သည် သူ့ကို အကျိုးပေးသည်မှာ သေချာသည်။ ကထိက ဒေါ်ရွှေဇင်သည် ဟူသော အမည်ကလည်း ခန့်သည်။ ဝင်းပလှသည်။
ပြီးတော့ သူလုပ်သော ဌာနသည် ယခုမှ သမိုင်းဌာနဟူ၍ ခေါ်ဆိုကြပေမင့် အရင်က ရာဇဝင်ဌာနဟု ခေါ်သည်။ အရှေ့ဖျား ရာဇဝင်၊ အနောက်တိုင်း ရာဇဝင်တို့ကို သင်ကြားပို့ချ ခဲ့ရသည်။ “ရာဇဝင်” ဆိုသော စကားလုံးမှာ “ရာ” ဆိုသော ရကောက်က စ,သောကြောင့် ယ,ရ,လ,ဝ ဗုဒ္ဓဟူးနံပဲ ဖြစ်သည်။
ယခုတော့ သူ ပင်စင်ယူလိုက်ပြီ။ “လ” အက္ခရာသည် ဗုဒ္ဓဟူးနံ ဖြစ်သော်လည်း “လင်” ဟူသော စကားလုံးနှင့် လုံးဝ နီးစပ်ခြင်း မရှိခဲ့သည်မှာတော့ အံ့ဩဖို့ ကောင်းသည်။
အပျိုကြီး ဘဝနှင့် စည်းကမ်းတကျ နေလာခဲ့၍ ပင်စင် ယူချိန်မှာ စုမိဆောင်းမိသည်။ ငယ်ရွယ်စဉ် ဆိုသည်မှာ တက်ကြွ ဖျတ်လတ်ချိန် အပင်ပန်းခံ နိုင်၍ သူသည် ကျောင်းသူဘဝ မှသည် ကထိကဖြစ်သည် အထိ ဘတ်စ်ကားစီး၍ ကျောင်းတက်ခဲ့သည်။ သူ့မိဘတွေ မည်မျှ ချမ်းသာ့သည် ဆိုသည်ကိုတော့ သူခန့်မှန်း မကြည့်မိ။ မေမေသည် ဘာမဆို ရှိသည် မရှိသည်ကို သားသမီးများမသိအောင် သိုသိုသိပ်သိပ် နေတတ်သည်။ ကျစ်ကျစ်လျစ်လျစ် သုံးစွဲသည်။ ဖေဖေကလွဲ၍ သူတို့ မောင်နှမတွေ ကျောင်းတက်ချိန်မှာ ဘတ်စ်ကားပဲ စီးသည်။ ‍ဖေဖေ တစ်ယောက်ပဲ အော်စတင် အေ (၄၀) ကို သူ ကိုယ်တိုင် မောင်း၍ ရုံးတက်သည်။ ဖေဖေတို့ ကားစီးချိန်က ဇိမ်ကျသည်။ တစ်လတစ်ခါ အင်ဇိုင်းကား ကုမ္ပဏီမှာ ဆာဗင်ဆင်း(Servecing) လုပ်လျှင် ကားဆီထိုး ဆေးကြော လိုအပ်သည်ကို ပြင်ဆင်လျှင် (၅၀) ကျပ်ပဲ ကျသည်။ ကားလေးသည် ကားရုံမှ ထွက်လာလျှင် ငြိမ့်ငြိမ့်လေး စီး၍ ကောင်းသည်။ ကားအတွက် လိုအပ်သော ပစ္စည်းများကိုလည်း ဈေးမှန် အမျိုးမှန် ရသည်။
သူသည် ပင်စင်ယူချိန် အိုမင်းလာလျှင် ကောင်းကောင်း နေမည်ဟု စိတ်ကူး ထားသည်။ သူ့မှာ ဖေဖေ့လို သားသမီးတွေ ကျွေးဖို့မွေးဖို့ မလို ဒီတော့ ဖေဖေ့ထက် ကား ကောင်းကောင်းစီးဖို့ သူအမြဲ ရည်ရွယ်ချက် ရှိသည်။
ဖေဖေ မျက်နှာလွှဲတော့ မေမေနှင့် သူ ကျန်ရစ်သည်။ ကျန်မောင်နှမ သုံးယောက် အိမ်ထောင်သည်တွေက အမွေခွဲဝေ၍ အိမ်ထောင် ခွဲသွားချိန်မှာ သူသည် အမေနှင့်အတူ ကျန်ရစ်၍ အမေ့အိမ်မှာ သူ နေရသောကြောင့် သူ အိမ်ဝယ်ဖို့ မလို။ သူ့ အစ်ကို တစ်ယောက်နှင့် ညီမ တစ်ယောက်က မေမေ ဝယ်ခြမ်းထားသော မြေကို ယူကြသည်။ ပြီးတော့ မေမေသည် သူ၏ လက်ဝတ်လက်စားများကို သူတို့ညီအစ်မ နှစ်ယောက်ကို ခွဲဝေပေးတော့မှ မေမေ့ ချမ်းသာမှုကို သူ သတိပြုမိသည်။
သူ၏ပင်စင်ယူချိန်ကို သူ ကြေနပ်၏။ သူ စုဆောင်းထားသောငွေနှင့် ရွှေအနည်းငယ်ကို ထုခွဲလိုက်တော့ သူ ကားတစ်စီး ဝယ်နိုင်သည်။ ဒီတုန်းက “လင်ဆာ”ကား သင်္ဘောကျ တစ်စီးမှ (၃) သိန်း။ တူတော်မောင်က လာရောက် မောင်းပေးသည်။ ထမင်းကျွေး၊ လခ (၃၀၀) ကျပ်၊ နောက်ဖေးတန်းလျားမှာ နေခွင့် ပေးထားသည်။ ကားနာမည် “လင်ဆာ” ဆိုတော့လည်း ဗုဒ္ဓဟူးနံ။ ကားရောင်ကလည်း သူကြိုက်သော (ည) မိုးပြာရောင်၊ မျက်စိအေး၍ ချမ်းမြေ့ လှသည်။ မေမေ့ကို ဒီကားလေးနှင့် တစ်လတစ်ခါ ရွှေတိဂုံဘုရားကို ပို့သည်။ သူတို့က မရမ်းကုန်းမှာ နေသည်။
ကားမောင်းသူက တူဝမ်းကွဲ သွေးစပ်လေတော့ ကား ပစ္စည်းလည်း ခိုးမရောင်း၊ ဓာတ်ဆီကိုလည်း စုပ်၍ အပြင်မထုတ်၊ ကံကောင်းလိုက်လေ။
ဒါပေမင့် ကားရပ်ရာ နေရာမှာ သူများကားက ပွတ်သွားမှာလား။ သူ ခဏခဏ ပူပင်မိသည်။
“ဖြည်းဖြည်းမောင်းနော် ရာမ ကားတိုက်မိမယ်” ကားစီးချိန်မှာလည်း သူ့ကားကို အတိုက်ခံရမှာ စိုးရိမ်သည်။
“အန်တီဇင်ရဲ့ ကားရှင်းတဲ့အခါ မြန်မြန်မောင်းလို့ ရပါတယ်။ အမေရိကမှာ ဆိုရင် မြန်သင့်ရက်နဲ့ မြန်မြန် မမောင်းရင် အဖမ်းခံရတယ်”
တူတော်မောင်က ဘယ်တုန်းက ရရှိသော ဗဟုသုတနှင့်လည်း မသိ သူ့ကို ပြောပြသည်။
“အဲဒါ အမေရိကဟဲ့” သူငေါက်လိုက်တော့ ရာမက ငြိမ်သွားသည်။ ရာမ ဆိုသော နာမည်ကလည်း ဗုဒ္ဓဟူးနံပဲ။ ဒီတော့ သူ့ကို ကျိုးနွံရှာပေသား။ ကောင်းကျိုးပေးသည်။ ဒါပေမင့် ရာမက ကားကို ညင်သာစွာ ဘယ်လိုပဲ မောင်းမောင်း တခြား ကားတွေက လေထက်မြန်အောင် မောင်းကြသည်မှာ သူ့အနား ဝှီးခနဲ ဝှီးခနဲ အသည်းထိတ်စရာ ကောင်းပါဘိ။ သူ့ကားကို တိုက်သွားလျှင် ...
“စိတ်မောစရာ ကောင်းလိုက်တာ မေမေရာ၊ လမ်းမှာ ဘတ်စ်ကားတွေ၊ ကိုယ်ပိုင်ကားတွေ ကျပ်ညပ်နေတာပဲ။ တချို့ နေရာတွေကျတော့လဲ ချယ်ဂါလီ၊ စက်ဘီး၊ ဆိုက်ကား၊ လူတွေ အမလေး ရှောင်လိုက်ရတာ၊ လူတွေက ကား လာတာကို နဲနဲလေးမှ မမှုဘူး။ သေရမှာ မကြောက်သလိုပဲ။ လမ်းစည်းကို မရိုသေဘူး”
မေမေက သူ့မျက်နှာကို စေ့စေ့ပဲ ကြည့်နေသည်။ မေမေက လမ်းသိပ်မထွက်တော့ လမ်းအန္တရာယ်ကို မသိ။
“ဇိမ်ခံချင်လို့ ကားစီးတာ မေမေရ၊ သမီးတို့ အနေနဲ့ ကားနဲ့ သွားပြီး အချိန်မီ လုပ်စရာ ဘာမှ မရှိတော့ဘူးမို့လား”
“အေး ဟုတ်သားပဲ၊ ဒီလိုဆို ကားကို ရောင်းလိုက်ပါလား ...”
“ဟုတ်တယ်၊ ကိုယ့်ကားမှာ ဘာမှ အနာအဆာ မရှိခင် ရောင်းလိုက်တာ ကောင်းပါတယ်။ ညွှန်ချုပ် ဦးသာဆန်းကား ဝင်တိုက် ခံလိုက်ရတာ ခေါင်းကြေသွားတာပဲ။ သူ့ခမျာ ငွေချေပြီးစ, ရှိသေးတယ်”
မေမေ့ကို ပြောပြသော အကြောင်းတွေသာ မဟုတ်၊ ရာမ ကားမောင်းတိုင်း “ဟဲ့ ဝင်ရမယ့်လမ်း၊ မဝင်ရမယ့်လမ်း သတိထားနော်”၊ “ဟဲ့ အနီကြား မရပ်ရပ်နဲ့”၊ လမ်းစည်းကမ်းတွေ ပြောပြရတာ အမော။ ရာမ တစ်ယောက် နားညီး လှပြီ။ ညီးကာမှ ညီးရော စည်းကမ်း မလိုက်နာလျှင် ဒဏ်ငွေက (၁၀၀၀) ကျပ်။ သူသည် အိမ်က ထွက်မည်ကြံတိုင်း ငွေ(၁၀၀၀) ကျပ် အမြဲဆောင်သွားရသည်။
တော်ပါပြီလေ။ ဇိမ်ခံချင်၍ ကားစီးတာ ဇိမ်မရှိ။ ကားစီးတုန်း လည် တဆန့်ဆန့် ခေါင်း တမော့မော့။ ဘယ်ကားများ ဝင်တိုက်မလဲ။ အဝါလိုင်းကို မီးနီမိတုန်း ကျော်မိ၍ ရဲများက ဖမ်းမလား။
သုံးသိန်းတန် အပူကြီးကို သူ မခံစားလိုတော့ပါ။
“ရာမရေ အန်တီ့ကားကို ရောင်းလိုင်ရင် ကောင်းမလား”
“ကောင်းပါတယ် အန်တီ”
ရာမက လျှင်မြန်စွာ အဖြေပေး လိုက်သည်။ သူလည်း နားအေးရတော့မည် မဟုတ်ပါလား။ ဟုတ်သည်။ ဒေါ်ရွှေဇင်က ရင်ပူသည်။ သူ့မှာလည်း နားပူရသည်။
* * *
ယခုတော့ မြို့ထဲကိစ္စရှိလို့ သွားလျှင် ဘတ်စ်ကားနှင့် သွားသည်။ မရမ်းကုန်းမှ သွားလျှင် မင်္ဂလာဒုံ ကားများနှင့် စီးသွားနိုင်သည်။ ကမ္ဘာအေးဘုရား မှတ်တိုင်မှ လာစီးလျှင် မြို့ပတ်ကားတွေနှင့် ရန်ကုန်ထဲ ရောက်သည်။ ဒါပေမင့် သူ့ခန္ဓာကိုယ်က ငယ်စဉ်ကထက် ဝ,၍ ဖိုင့်ဖိုင့်ကြီး ဖြစ်လာသည်။ ကားများကလည်း သူငယ်စဉ် ကျောင်းတက်ချိန်က စီးခဲ့ရသော ဘတ်စ်ကားများ မဟုတ်တော့။ ခရီးသည်က ပိုကျပ်လာ၍ သူက ကျဉ်းကျပ်မှုကို မခံနိုင်တော့သော အရွယ်။ ဒါပေမင့် မတတ်နိုင်။ သူ ဘတ်စ်ကားကို သည်းခံ စီးသည်။
ထိုနေ့က သူတက်စီးသော ကားမှာ“ရေနိုး” ကားကြီး၊ ကံကောင်းမှာပါ။ “ရေနိုး” ဆို တော့ ရ-ကောက်က စသည်။ ဗုဒ္ဓဟူးနံပဲ။ ဗုဒ္ဓဟူးနံသည် သူ့ကို ကောင်းကျိုးပေးသည် မဟုတ်ပါလား။ ဒါပေမင့် မှတ်တိုင် တစ်တိုင်ပြီး တစ်တိုင် တက်လာလိုက်သည့် လူတွေ။
“ခင်ဗျားတို့ လူ,လူချင်း ငဲ့ညှာတဲ့စိတ် မရှိဘူးလားဗျ။ ဒါလောက်မှ နေရာလေး မပေးနိုင်ဘူးလား”
ကိုရွှေစပယ်ရာက ဗြဟ္မစိုရ် တရားကို ဟောလိုက်သော အခါ ခရီးသည်များသည် နာခံသောအားဖြင့် ကျောချင်းကပ် ရင်ချင်းအပ်ကုန် ကြ၏။
တဖြည်းဖြည်း လူတွေက သိပ်၍ သိပ်၍ ပြည့်လာသည်မှာ ပုသောသူများ အပြင်ကို မမြင်ရတော့ပေ။ သူသည် ဘတ်စ်ကားကို စီးနေကျ ဖြစ်လာ၍ ကားပေါ်တွင် မိမိခန္ဓာကိုယ်ကို ဘယ်လို ထိန်းသိမ်းရမည် ဟူသော အတတ်ကို အလိုလို တတ်လာသည်။ ကြားဖြတ် မှတ်တိုင်များမှ စီးရ၍ သူ တစ်ခါမှ ထိုင်ခုံမရ။ ဒီတော့ လက်က အပေါ်တန်း တစ်ခုခုကို ကိုင်၍ ခြေနှစ်ဘက်ကို တစ်ပေခွဲသာသာ ခွဲထားရသည်။ ကားယိုင်လျှင် ကိုယ်ခန္ဓာကို လဲပြိုကျ မသွားအောင် ထိန်းထားရသည်။
ဒီတော့လည်း ကျောင်းကို သတိရမိသည်။ အနောက်တိုင်းကော အရှေ့တိုင်းရော သမိုင်းတွင် “Balance of Power” ဟူသော နိုင်ငံခြားရေး ဝါဒများတွင် နိုင်ငံများ၏ အင်အားကို ချိန်ခွင်ညှာ ညီအောင် ဘယ်သို့ ထိန်းသိမ်းကြသည်ကို တပည့်များကို သူ သင်ကြားခဲ့၏။ ယခုတော့ ဘတ်စ်ကားပေါ်မှာ ရုတ်တရက် ကားရပ်လိုက်ရင် လဲကျ, မသွားအောင် ကိုယ်ကို ဘယ်သို့ ထိန်းရမည်ကို သူ နားလည်လာပြီ။ ကိုယ်ခန္ဓာ၏ အလေးချိန်ကို ဘယ်, ညာ ခြေနှစ်ဘက်လုံးတွင် မျှတစွာထား၊ ရုတ်တရက် ကားကွေ့လျှင် ဖြစ်ဖြစ် အရှိန်ရပ်လျှင် ဖြစ်ဖြစ် ဒူးများကို အလိုက်သင့် ညွတ်ပေးရသည်။ ကားက ရှေ့ကို စိုက်ကျသွားလျှင် ခန္ဓာကိုယ်ကို နောက်ဘက်သို့ အနည်းငယ် မတ်ပေး ရမည်။
အော် ... ကျောင်းမှာ မရနိုင်သော သင်ခန်းစာများ ပေတည်း။ စပယ်ယာ၏ တစာစာ အော်သံကို သူ ကြားလာ ပြန်သည်။ လမ်းဘေး မှတ်တိုင်များတွင် ရပ်နေသော ခရီးသည်များကို ငဲ့ညှာသနားသော စပယ်ယာသည် အော်ကာ ဟစ်ကာနှင့် ကားပေါ်သို့ အကုန်ဆွဲတင် ရှာသည်။ ကြင်နာလိုက်သည့် ဖြစ်ခြင်း၊ မဟာ ကရုဏာရှင် ပါပေတည်း။
ဒေါ်ရွှေဇင်သည် ဘာလုပ်ရမည် မသိ အသက်က ရှူလို့ မရ။ ခေါင်းပေါ်က တန်းကို တင်းတင်းကြပ်ကြပ် ကိုင်ထား၏။
“ဆူးလေ မြို့ထဲကို လာ လာ အတွင်းဝင်ကြလေ” စပယ်ယာ၏အသံ မဆုံးခင် ... “ဟေ့ အထဲမှာ ညပ်နေပြီကွ” ယောက်ျား တစ်သံက ပေါ်လာသည်။
“ချောင်ချောင် စီးချင်ရင် ကိုယ်ပိုင်ကား ဝယ်စီးဗျို့၊ သွားနိုင်ပြီဆရာ” စပယ်ယာ၏ အောင်မြင်သော အသံက တစ်ကားလုံးကို လွှမ်းသွားသည်။
ကမ္ဘာအေး လမ်းပေါ် - မှတ်တိုင်တစ်ခုတွင် ဆင်းဖို့ ဒေါ်ရွှေဇင်သည် ရှေ့ပေါက်ကို ကြိုးစား၍ သွားနေတုန်း ကားကြီးသည် မှတ်တိုင်မှာ အရှိန်နှင့် ထိုးရပ်လိုက်၏။ တစ်ကားလုံးလိုလို လဲပြိုသံတွေနှင့် ဘာဖြစ်ကုန်သည် မသိ၊ သူက သံတန်းကို ကိုင်ထားသော လက်ကို လွှတ်၍ ခုံတန်းပေါ်က လူပေါ် ဖင်ထိုင်လျက် ကျသွားသည်။ ရှက်အားနှင့် ကမန်းကတန်း ထ၍ “ကျမ ရှင့်အပေါ် လဲကျသွားတာ ခွင့်လွှတ်ပါရှင်" သူ၏ တောင်းပန်သော စကားမဆုံးခင် ...
“ဘာ စကား ရှည်နေတာလဲ အဖွားကြီး ဆင်းမှာ မြန်မြန်ဆင်း” မဟာသာဂီနွယ် ဖြစ်သော စပယ်ယာက ယဉ်ကျေးသော မြန်မာ့ထုံးတမ်းနှင့် အညီ သူ့ကို မောင်းချလိုက်သော အခါ သူသည် ကတုန်ကယင်နှင့် ပလက်ဖေါင်းပေါ် ပြေးဆင်းလိုက်ရသည်။
ဝူးကနဲ မောင်းထွက်သွားသော ကားကြီးကို လှမ်းကြည့်ရင်း သက်ပြင်း ချလိုက်၏။ ရင်ထဲမှာ ရင်ခုန်သံ ပြင်းထန် နေသေး၍ သူ ခဏ နားနေသည်။ မိုးတွေက အုံ့လာသည်။ သူသွားရမည့် လမ်းမှာ မနေ့က ရွာချထားသော မိုးရေတွေ တင်နေသည်။ တင်သည့် ရေဗွက် ရေအိုင်တွေ ပျံ့ကြဲနေသည်။ မိုးမရွာခင် သူ လမ်းဘေးမှ ခပ်သုတ်သုတ်လေး ဆက်လျှောက် သွားသည်။ ကားတစ်စီးက ဖြတ်လိုက်စဉ် အော်ပြော သွား၏။
“သေရမှာ မကြောက်ဘူးလား” ဘုရား ... ဘုရား၊ ဘာပြောသွားပါလိမ့် ပြောရက်လိုက်တာ ပြောရက်တာထက် ကားဘီးက သူ့ဘေးက ရေအိုင်ကို အရှိန်နှင့် ဖြတ်လိုက်တော့ သူ့ကိုယ်မှာ ရွှံ့ဗွက်တွေ ရစရာ မရှိ၊ ကားဘီးမှ စင်လာသည်။
သူ ပြီးတော့ ချက်ချင်း သတိရသည်။ သူ ကိုယ်ပိုင် ကားပေါ်မှာ နေနိုင်ခဲ့စဉ်က “လမ်းပေါ်က လူတွေ” အပေါ် သူ့အမြင်သည် ယခုလိုပါပဲ “လူတွေက ကားကို နဲနဲလေးမှ မမှု သေရမှာ မကြောက်” ဟု သူထင်ခဲ့သည်။ ယခုတော့ သူ လမ်းပေါ်ကလူ ဖြစ်လာပြီ၊ လမ်းပေါ်က အမြင်မှာတော့ ကားတွေ အမောင်းကြမ်းသည်။ ဒီလိုပါပဲလေ ကိုယ်ပိုင်ကားပေါ်ကလူ အမြင်နှင့် လမ်းပေါ်ကလူ အမြင် အခြေအနေအရ ဘယ်လိုမှ တူညီ နိုင်မည် မဟုတ်။
* * *
ဒေါ်ရွှေဇင် ဘတ်စ်ကား မစီးတော့။ တော်ပြီ၊ လုပ်စရာ ရှိသည်များကို စုပေါင်းလိုက်သည်။ သားအမိ နှစ်ယောက်တွက် လစဉ် ငြုပ်၊ ကြက်သွန် စသည် မီးဖို အသုံးအဆောင် တစ်လစာ ဝယ်ရမည်။ ဘဏ်က ငွေထုတ်ရမည်။ မေမေ့အတွက် ဆေးဝါး ဝယ်ရမည်။ ဒါတွေကို တစ်ရက် သတ်မှတ်၍ စုပေါင်း လုပ်လိုက်မည်။ ဒီအတွက် လေးဘီးကား ငှားစီးမည်။ အလွန်ဆုံးကုန်(၂၀၀ိ) ပဲပေါ့။
ဟုတ်သည်။ လေးဘီးပဲ စီးတော့မည်၊ လေးဘီး ဆိုသည်မှာ “လေး”က စ,တော့ ဗုဒ္ဓဟူးနံပဲ၊ သူ့ကို အကျိုးပေးမှာပါ။ မေမေကတော့ သာရေးနာရေး ကိစ္စလေးတွေ ရှိသေးသည်ဟု ပြောသည်။ ဟုတ်ပေသား။ ဒါပေမင့် သာရေးနာရေး ဆိုတာ နေ့စဉ် ဖြစ်နေသည့် အလုပ်မှ မဟုတ်ဘဲ။ ဒီတော့လည်း ဖြစ်လာလျှင် လေးဘီးပဲ စီးမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ဆုံးဖြတ်ပြီး မကြာခင် လုပ်ဖေါ်လုပ်ဖက် ဆရာတစ်ယောက် ဆုံးသွားသည်။ မေမေ အကြံဥာဏ် ပေးသည့်အတိုင်း လေးဘီး ငှားစီးသွားသည်။ ဆရာ့အိမ်က ကမ္ဘာအေးဘုရား ရှေ့မှာ -
“ကျွန်တော်တို့ ဓာတ်ဆီ ၂၀၀၀ ဈေးဆိုတော့ မရမ်းကုန်း လမ်းဒေါင့်က ကမ္ဘာအေးကို ခြောက်ဆယ် တောင်းရတာပါ”
ကားဒရိုင်ဘာက သူ့ကို ရှင်းလင်း ပြသည်။ ကမ္ဘာအေး ဘုရားရှေ့ မောင်းရင်း မောင်းရင်းနှင့် သူ အိမ်ကို မမှတ်မိ။
“နောက်ဘက် ပြန်လှည့်လိုက် ပါလားကွယ် ရှေ့မှာ လမ်းဖြတ် ရှိပါတယ်” သူ့စိတ်ထဲမှာ သူ သွားရမည့်အိမ် နောက်ကျန်ရစ်သည်ဟု ထင်သည်။
“ကျွန်တော်တို့က ရှေ့ကိုသာ ဆက်မောင်းတာ နောက် ပြန်မလှည့်ဘူးဗျ” ပထမ သူ ကားပေါ်တက်စ, လေသံနှင့် မဟုတ်၊ ဒရိုင်ဘာက ခပ်မာမာပဲ ပြောသည်။ သူ ဘာလုပ်ရပါ့မလဲ ဆက်သာမောင်းလျှင် ဝေးသည်ထက် ဝေးမည်။
“ဒီမှာပဲ အန်တီ့ကို ထားခဲ့ပါတော့” ကားဒရိုင်ဘာက မျက်နှာထား တင်းတင်းနှင့် ကားကို ရပ်လိုက်သည်။ သူသည် အိတ်ထဲမှ ငွေ ခြောက်ဆယ် ထုတ်ပေးလိုက်သည်။
ပြီးတော့ ကမ္ဘာအေး ဘုရားလမ်းမကြီးကို ကူးကာ ရှေ့ဘက် မျက်နှာချင်းဆိုင် ပလက်ဖောင်းပေါ် လျှောက်လိုက်သည်။
“ဘာစကား ရှည်နေတာလဲ အဖွားကြီး ဆင်းမှာဆင်း”
“ကျွန်တော်တို့က ရှေ့သာ ဆက်မောင်းတာ နောက်ပြန် မလှည့်ဘူး"
ဘတ်စ်ကား စပယ်ယာနှင့် လေးဘီး ဒရိုင်ဘာတို့၏ စကားများကို သူ ကြားယောင် လာသည်။ သူတို့သည် လူသား တွေပဲ၊ “လူ” ဆိုတော့ ဗုဒ္ဓဟူးနံ၊ ဤလူသား သက်ရှိ ဗုဒ္ဓဟူးနံတွေကတော့ ဘာကြောင့် အကျိုးမပေးပါလိမ့်။ ဗုဒ္ဓဟူးနံ အပေါ် နဲနဲ သံသယ ရှိလာသည်။
ကိစ္စပြီး၍ အိမ်ပြန်ရောက်တော့ မောမောနှင့် မေမေ့ရှေ့မှာ ထိုင်ချမိသည်။ သူက လေးဘီး ဒရိုင်ဘာ အကြောင်း မေမေ့ကို ပြောပြ၏။ သူ့ စိတ်ကူးကိုလည်း ပြောပြမိသည်။
“လင်ဆာ မဟုတ်တောင် သင့်တော်မယ့်ကား တစ်စီး တစ်စီးစီး ဝယ်မှထင်တယ် မေမေ”
မေမေကလည်း သူ့စကားကို စဉ်းစားနေ၏။ ဘာပဲပြောပြော ဒေါ်ရွှေဇင် ဆိုသော သူ့သမီးက အသက် (၆၀) ကျော် သူက ရှစ်ဆယ်၊ ကားလေး တစ်စီးတော့ ရှိသင့်သည်။ သူတို့မှာလည်း ကားဝယ်ရန် ငွေရှိသည်ပဲ။ ဒါပေမင့်
“ကားကတော့ ဝယ်သင့်ပါတယ်၊ ဘယ်သူ မောင်းမလဲ ရာမလိုလူက ရအုံးမှကိုး” ဟု မေမေက ဆို၏။
ဟုတ်ပါ၏။ ရာမသည် မိန်းကလေး တစ်ယောက်နှင့် လက်ထပ်ကာ အညာဘက်ကို ပြောင်းသွားသည်။ တခြား လူတစ်ယောက် ဆိုတော့ ဓာတ်ဆီ စိတ်မချရ၊ တစ်နေ့ တစ်ပုလင်း ခိုးထုတ်အုံးတော့ တစ်ပုလင်း (၃၅) ကျပ်၊ ပြီးတော့ ကားပစ္စည်း အသစ်နှင့် အဟောင်း လဲထည့် ပြန်လျှင်လည်း သူ ပင့်သက် ရှိုက်လိုက်သည်။ ရာမလို လခ(၃၀၀) နှင့်လည်း မရတော့ပြီ၊ ဒရိုင်ဘာ တစ်ယောက် ထမင်းကျွေး၊ နေစရာ ပေးတောင်မှ လခက (၆၀၀) ငွေရေးကြေးရေးက ပြဿနာ မဟုတ်၊ ကားမောင်းသူကို အိမ်ဖေါ်တန်းလျားမှာ ထားရမည်။ သူတို့ သားအမိနှင့် ထမင်းချက် အိမ်ဖေါ်ပဲရှိသော မိန်းမသားချည်း အိမ်မှာ ဒရိုင်ဘာက အပြင်လူနှင့် ပူးပေါင်း၍ မကောင်းကြံမှဖြင့် ဒီအဖြစ်တွေ ကြားနေရသည်ပဲ။ သေရသည် ဆိုသည်က မဆန်းပေမင့် အသတ်ခံရ၍ သွေးရူးသွေးတန်း နှင့်တော့ မသေချင်။
နှောင်းခဲ့ပြီ ဖြစ်သော အတိတ်၏ နောင်တတရားလိုလို သူ့ ခေါင်းထဲ ဝင်လာသည်။ ငယ်ငယ်က လူတစ်ယောက်ယောက်ကို သူ လက်ထပ်ခဲ့ပါလျှင် ဒါကလဲ “လင်” ဆိုတာ ဗုဒ္ဓဟူးနံ ဆိုပေမင့် အကျိုးပေး အုံးမှကိုး။ “လင်” ဆို သူက ခုချိန် မကျန်းမမာ လဲနေပါဘိတဲ့၊ သားသမီး ဆိုတာတွေက ဆိုးသွမ်းနေပါဘိတဲ့၊ မရွှေဇင်၏ တတိယရွယ်သည် အေးချမ်းစွာ ကုန်လွန်နိုင်မှာ မဟုတ်။ တော်ပြီလေ ဒါတွေ နောင်တာ-တရား ရစရာ မဟုတ်ပါပြီ။ လက်ရှိ အခြေအနေနှင့်သာ ပြဿနာ အရပ်ရပ်ကို ကြည့်ဖြေရှင်း သွားရမည်ပဲပေါ့။
လောကကြီးမှာ အပြစ် ကင်းကင်းနှင့် သေရဖို့ကလဲ အရေးကြီးသည် မဟုတ်ပါလား။ ဟုတ်၏။ ဇနက္ကမင်းသား ကိုယ်တိုင်က ပြောခဲ့သည်ပဲ။ မဏိမေခလာနှင့် ပင်လယ်ပြင်မှာ ကူးရင်း စကားဆိုခဲ့စဉ်က “သတ္တဝါတို့မှာ သေရသည်မှာ မထူးဆန်းပါ။ သေခြင်း၏ နောက်မှာ ကဲ့ရဲ့ ပြစ်တင် ခံရခြင်းမှ ကင်းဖို့ လိုပါသည် နတ်သမီး” တဲ့။
ဟုတ်ပါ့။ ဘတ်စ်ကားစီးရင်း ဘတ်စ်ကားပေါ်က လိမ့်ကျ၊ လမ်းလျှောက်ရင်း ကားတိုက်ခံရ အဖြစ်တွေ ဖြစ်လာခဲ့ပါလျှင် မသေသေးခင် ဒဏ်ရာ အနာတရ ဖြစ်ခဲ့ပါလျှင် ဘယ်သူမှ သူ့ကို မသနား။
“သိန်းချီ ချမ်းသာ နေပါရက်နဲ့ ကားတစ်စီးတောင် ဝယ်မစီးတာ သေတာ ကောင်းသည်” ဟူ၍ မှတ်ချက် ချကြမည်။
ကားဝယ်စီး ပြန်တော့ကော။ မေမေ ပြောသလို ကားမောင်းသူ ဒရိုင်ဘာက စိတ်မချရ။ ဓာတ်ဆီခိုးရုံ ကားပစ္စည်း လဲရုံဆို ကိစ္စမဟုတ် အပြင်လူနှင့် ပေါင်းပြီး အိမ်ရှင်ကို သေကြောင်းကြံကြတဲ့ အကြောင်း တွေက ဒါလောက် ကြားနေပါရက်နဲ့ ကားဒရိုင်ဘာ ခေါ်ထားရမလား အပြစ်တင်ကြအုံးမည်။
ဇနက္ကမင်းသားကိုပဲ မေးချင်သည်။ ဘဝမှာ အပြစ်ကင်းသော သေနည်း ခေတ်မီနည်းလမ်းတွေပေါ့။ ဖြစ်နိုင်ခဲ့ပါလျှင် လုပ်စရာတော့ တစ်ခုရှိသည်။ မေမေ့ လယ်ယာများ ရှိသော ကျေးရွာကို ပြောင်းမည်။ ဟိုမှာ သစ်သားအိမ် မြင့်မြင့်ကြီး ရှိသည်။ မြို့ပြနှင့် ဆက်ဆံစရာ လူမှုရေးတွေ မြို့ကြီးမှာလို များမှာမဟုတ်။ အနားမှာ လယ်(စား) သူရင်းငှားတွေက လုံခြုံရေးလဲ တာဝန်ယူသည်။ လိုအပ်သော ပစ္စည်း မြို့တက် ဝယ်ဖို့ လှည်းတစ်စီး ရှိလျှင် လုံလောက်ပြီပဲ။ လှည်းမောင်းသူ တစ်ယောက်ယောက်က ဓာတ်ဆီလဲ ခိုးမထုတ်၊ လှည်းပစ္စည်းလည်း အဟောင်းအသစ် လဲပြီး ခိုးရောင်းဖို့ မလို ...။
ပြီးတော့ “လှည်း” ဆိုသည်မှာ “ဗုဒ္ဓဟူးနံ”ပဲ မဟုတ်လား။ သက်မဲ့ “လူ” ဟူသော ဗုဒ္ဓဟူးနံကသာ အကျိုးမပေးတာ၊ “လင်ဆာ” နှင့် “လှည်း” တို့သည် သူ့ကို အကျိုးပေးမှာ ဖြစ်သည်။ ဒီစိတ်ကူးကို မေမေနှင့် တိုင်ပင်ရအုံးမည်။
* * *
ချမ်းမြေ့ရွှင်လန်းပါစေ။
--------------
ခင်နှင်းယု
မဟေသီ၊ မတ်၊ ၁၉၉၂။

No comments:

Post a Comment