Friday, 22 July 2016

လှိုင်းအသင့်အတင့်

လှိုင်းအသင့်အတင့်

============================

ဓနိပင်များ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေသည့်စက်လှေဆိပ်မှာ ဆိပ်ခံတံတား မရှိ။ လှေအဆင်း မြေအတက် ဆက် သွယ်ပေးသည့် ကုန်းဘောင်ဟုခေါ်သောသစ်သားပြားမရှိ။ လှမ်းမြင်ရသမျှ ရွာထဲ အဝင်လမ်းသည် ရေစပ် စပ်၊ ရွှံ့နွံထူထပ် သည့် မြေစိုစိုစွတ်စွတ်။စက်လှေပေါ်မှ ကမ်းစပ်ဓနိတော ရွှံ့မြေပေါ် ခုန်ဆင်းလိုက်သည့်အခါ ဗွက်ထဲ သို့ နစ်ဝင်သွားသည်။ရွှံ့သည် ရာဘာလည်ရှည် ဖိနပ်၏ ခြေဖမိုးနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။          
            ရွာကအမျိုးသမီးတွေနှင့် အတူတူ ဖြစ်အောင် ထဘီ ဝတ်လာခဲ့ရသော်လည်း တကယ်တော့ ကျွန်မ ဘောင်းဘီဖြင့်သာ လာချင်သည်။ အခုလို လှေအဆင်းမှာ လွှားခနဲ ခုန်ချင်ခုန်၊ ရေမြောင်းကလေးတွေ ရေအိုင်ဗွက်တွေတွေ့ လျှင် လွှားခနဲ ခုန်ချင်ခုန် ကြိုက်သလောက်ခုန် ထဘီလည်း ခဏခဏ ပြင်ဝတ်စရာ မလိုအောင်ပေါ့။သို့သော် ကျွန်မ ထဘီ ဝတ်မှကို ဖြစ်မည်။ မိန်းကလေး ဟူ၍ ကျွန်မ တစ်ယောက်တည်း ပါသည်။ ထိုတစ်ယောက်ကပါယောက်ျားလို ဝတ်ဆင်ထားလျှင် ရွာက အမျိုးသမီးတွေက ကျွန်မ ကို တခြားကမ္ဘာက ဂြိုဟ်သားဟုသတ်မှတ်လိုက်ကြလိမ့်မည်။
            ရွာဟုခေါ်ရသော်လည်းရွာမပီတော့ချေ။ အခုမှ ပြန်ထူထားခါစ အိမ်တိုင်များနှင့် အမိုးမမိုးရသေးသည့် ခေါင် များကိုတစ်အိမ်တလေ မြင်ရသော်လည်း အများစုကတော့ ယိုင်ရွဲ့နေသည့် တဲကလေးများ၊ တဲဘေးနားမှာ ဖြစ်သလိုစုပုံထားသော အိုးခွက်ပန်းကန်များ၊ ပလတ်စတစ် ဂါလံပုံးဟောင်းများ၊ စဥ့်အိုးကွဲများ၊ အိမ်သာခွက်ဖြစ်ခဲ့ဖူးသော အဖြူရောင် ပလတ်စတစ် ခွက်အကျိုးအပဲ့များ အစုအဝေးသာ ဖြစ်သည်။ အိမ်ဟု ခေါ်ရမည့်အိမ်မည်ကာမတ္တတို့သည် အမိုးနှင့် အကာမှာ အပြာတစ်ပိုင်း လိမ္မော်တစ်ပိုင်း တာပေါ်လင်စများဖြစ်သည်။
            ဒီရွာမှာမုန်တိုင်းမတိုင်မီက အိမ်ခြေ ဘယ်လောက် ရှိသလဲ။ အသက်ဆုံးရှုံးသွားသူဦးရေ ဘယ်လောက်လဲ။မိဘမဲ့ ကလေးတွေ ဘယ်နှယောက် ရှိသလဲ။ ကိုယ်ဝန်ဆောင် အမျိုးသမီး ဘယ်နှယောက် ရှိသလဲ။ ထိုမေးခွန်းများ ကိုမေးစရာ မလိုတော့ပါ။ ကျွန်မအတွက် ပထမဦးဆုံးအခေါက် ဖြစ်သော်လည်း အတူလိုက်ပါလာသည့် ယောက်ျားလေးအဖွဲ့အတွက် ဒါက ဒုတိယအခေါက် ဖြစ်သည်။ သူတို့ ပထမအကြိမ် လာတုန်းကတည်းက သိသင့်သိထိုက်သည့်အ ချက်အလက်တွေကို မှတ်တမ်း ရယူပြီးသား ဖြစ်သည်။ တစ်ခုပဲ ရှိသည်။ လွန်ခဲ့သည့်တစ်ပတ်ကလူဦးရေနှင့် အခုလူဦး ရေ တူချင်မှ တူလိမ့်မည်။ ကယ်ဆယ်ရေး စခန်းတွေဆီမှ တဖြည်းဖြည်းချင်းပြန်လာနေသော အမျိုးသမီးတွေ ကလေး တွေ ဦးရေက တိုးလာနေလိမ့်မည်။          
            ရွာ၏ဦးဆောင်သူက ကျွန်မတို့အဖွဲ့ကို စက်လှေဆိပ်တွင် လာကြိုသည်။
            “ကျွန်တော်မျှော်နေတာကြာပြီဗျ။ စိတ်တောင်ပူနေပြီ။ ဘာဖြစ်လို့ နောက်ကျကြတာလဲ၊ လှိုင်းထန်သလား”
            “လှိုင်းကအသင့်တင့်ပါပဲ”
            လပွတ္တာဆိပ်ကမ်းအထိလာကြိုသည့် စက်လှေသမားလူငယ်က ခပ်ပြုံးပြုံး ပြောသည်။
            ဟင်အဲဒါ အသင့်အတင့်လား။ ကျွန်မတို့လှေသည် လှိုင်းဖြင့် မြောက်တက်သွားလိုက် ပြန်ကျလာလိုက်ဟိုဘက်ယိမ်း လိုက် သည်ဘက်ယိမ်းလိုက် လှုပ်ခတ်မွှေနှောက်နေခဲ့၏။ ကျွန်မရင်ထဲအထိ မူးဝေကာအသက်ရှူကျပ်လာ ခဲ့သည်။ အသက်ကယ်အင်္ကျီ ဝတ်ထားခဲ့မိလို့ တော်သေးသည်။ ကျွန်မ ရေးမကူးတတ်ပါ။
            နံနက်ပိုင်းမို့မထန်ဘူးဟု စက်လှေသမားလေး ပြောသော လေသည် လှေကို ဦးက ထောင်လိုက် ပဲ့ကထောင်လိုက် ဖြစ်အောင်ကြမ်းတမ်းပါသည်။ မြင်ပြင်ကလည်း အကျယ်ကြီး။ ကျွန်မ ဧရာဝတီမြစ်ကို မော်တော်ဖြင့် စက်လှေဖြင့် လှေဖြင့် အတန်တန်အခါခါ ဖြတ်ဖူးပါသည်။ သို့သော် ပြန်မလော့ မြစ်ကတော့ ကျွန်မအတွက်တော်တော်ကြီး  ကျယ်ပြန့်ပြီး တော်တော်ကြမ်းတမ်းသည့်မြစ်ဖြစ်သည်။ ပင်လယ်ဟု ထင်ရသည်။ ပင်လယ်ထဲ ဝင်နေပြီ ဖြစ်သည့်အပိုင်းမို့ မြစ်သည် မြစ်နှင့်မတူ။ပင်လယ်ကြီးနှင့် တူနေ၏။ ရွာသို့ ချောချောမောမော ရောက်လာတာ တော်ပါသေးသည်။
            ကျွန်မတို့မနိုင်သည့် ခြင်ထောင်ထုပ်တွေ ထည့်သည့် အိတ်များကို ရွာရှိ လူငယ်တချို့က ဝိုင်းကူ သယ်ပေးကြသည်။ မုန်တိုင်းပြီးစ သုံးပတ်အတွင်း ဖြစ်သည်မို့ ရွာရှိလူတွေကို တက်တက်ကြွကြွ ကူညီလာဖို့မျှော်လင့်မထားခဲ့ ပါ။ သူတို့မှာ လူ ဒဏ်ရာတွေ စိတ်ဒဏ်ရာတွေဖြင့် တွယ်ရာမဲ့ ဦးတည်ရာမဲ့တွေဝေစိတ်တွေ ရှုပ်ထွေးစိတ်တွေဖြင့် ခပ် ဖယ်ဖယ် ဖြစ်နေကြဦး မည်ဟု မျှော်လင့်ထားခဲ့သည်။အခုတော့ ရောက်ရောက်ချင်း ပုံမှန်ကြိုဆိုမှုဖြင့် အလုပ်လုပ်နေသူ တွေကို မြင်ရသဖြင့် ကျွန်မစိတ်သက်သာရာ ရမိသည်။
            ခြင်ထောင်တွေကိုအိတ်တွေထဲမှာ ကျစ်လစ်နေအောင် ထည့်ထားခြင်းဖြစ်သဖြင့် အိတ်တွေက နင့်နေအောင် လေးလံပါ သည်။ရွာလူကြီးအိမ်ရောက်တော့ အထုပ်တွေကို ဖြည်ကြရသည်။ ရွာလူကြီးအိမ်က အမိုးအကာ စုံသည်။ စုံသည်ဆိုပေမဲ့ ဓနိ ကပ်တွေကို တာပေါ်လင်အမိုးပေါ်မှာ ထပ်ဆင့်မိုးထားသည့် ခေါင်မိုးနှင့် သွပ်ပြားစအတိုအထွာတို့ကို တစ်ခုချင်းဆက်လျက် စပ်ကြား ကာထားသော အိမ်နံရံ ဖြစ်သည်။
            “အဲဒီမှာပဲချလိုက်ကြပေတော့။ အိမ်ကတော့ ဖြစ်သလိုပဲ ပြန်ပြင်ထားရတယ်ဗျာ”
            ရွာလူကြီးကကျွန်မတို့ အသက်လောက်ပဲ ရှိဦးမည်။ ပွင့်ပွင့်လင်းလင်း တိုတိုပြတ်ပြတ် စကားပြောတတ်သည်။
            “အဆင်ပြေပါတယ်ဗျာအကျယ်ကြီးပဲ လေဝင်လေထွက်လည်း ကောင်းတယ်”
            ကိုဖြိုးကလားမသိ။ လောကဝတ်စကားကို ပြောသည်။ ရွာလူကြီးက သဘောကျစွာ ရယ်မောသည်။
            “အားမနာနဲ့နောကိုယ့်အိမ်လို သဘောထား။ ထမင်းအရင်စားပြီးမှ ဝေကြတာပေါ့”
            ကျွန်မတို့အားနာသွားကြသည်။ ဘယ့်နှယ်ရွာက လေဘေးသင့်ပြည်သူတွေကို ဒုက္ခထပ်မပေးလိုသဖြင့် ထမင်း စီစဉ် မထားပါနဲ့ဟုအတန်တန်မှာခဲ့ပြီးသားပါ။
            “အိုထမင်းမစားတော့ပါဘူး။ ကျွန်မတို့မှာ နေ့လယ်စာအတွက် မုန့်တွေ ပါတယ်”
            “မဟုတ်ဘူးဗျချက်ပြီးသွားပြီ။ လူငါးယောက်စာတောင် ပိုချက်ထားတာ။ မစားလို့ မဖြစ်ဘူး စားသွားရမှာပဲ။ဟင်းကတော့ မကောင်းဘူးပေါ။ ဂဏန်းဟင်း၊ ငရုတ်သီးမီးကင်ထောင်းနဲ့ တို့စရာပဲ။”
            ဟင်းကတော့မကောင်းဘူးဟု အသိပေးလာပြီးသည့်နောက်မှာ မစားဘဲ ထွက်လို့မကောင်းဘူးဟု ကိုမိုးက ပြောသည်။အဲဒါမှ ဒုက္ခ။ ကျွန်မက ပင်လယ်စာနှင့် သိပ်မတည့်ချင်ပါ။ ဂဏန်းကိုလည်း တတ်နိုင်သမျှ မစားပါ။အကင် ဆိုင်တွေမှာ သူငယ်ချင်းတွေက ဂဏန်းဟင်းကို မှာကြလျှင်လည်း တစ်စက်မှ ဝင်မတို့ပါ။တစ်ခါတုန်းက ဂဏန်းစားပြီး သည့်နောက် အစာ အဆိပ်ဖြစ်ပြီး သုံးလေးရက်လောက် ခံလိုက်ရကတည်းကကျွန်မ ဂဏန်း မစားရဲတော့တာ ဖြစ် သည်။ ဘယ့်နှယ် လုပ်ရပါ့။ ထိုဂဏန်းသည် ရွာအနီးက ချောင်းမြောင်းတွေထဲမှာသူတို့ကိုယ်တိုင် ထောင်ထားပြီး ဖမ်း မိလာသည့် ဂဏန်းတွေ ဖြစ်လိမ့်မည်။ မလတ်ဆတ်မှာတော့မပူရ။ လတ်ဆတ်လွန်းအားကြီးမှာသာ စိုးရသည်။ အားနာပြီး ထမင်း ဝင်စားလိုက်ရမလား။ မဖြစ်ပါ။ပါလာသည့် အင်နာဂျီဘားတွေကိုပဲ စားပါမည်။ ဂဏန်းကြောင့် ကျွန်မ ဝမ်းကိုက်ဝမ်းပျက်လျှင်ကျွန်မကြောင့် တစ်ဖွဲ့လုံး နှောင့်နှေး ကြန့်ကြာ သွားလိမ့်မည်။
            ကျွန်မတို့မှာပါလာသည့် ပစ္စည်းက သုံးမျိုး။ အမျိုးသမီး တစ်ယောက်ချင်းအတွက် အရေးပေါ် အဝတ်အစား နှင့်အသုံးအဆောင်များပါဝင်သည့် အထုပ်တွေ၊ ကလေးများကို ကယ်တင်ပါ အဖွဲ့မှ ပေးသော ခြင်မကိုက်စေသည့်ဆေး စိမ်ထားပြီးသား ခြင်ထောင်တွေ၊ နဂိုကတည်းက လျှပ်စစ်မီးမရသည့် ရွာတွေမို့ ညအခါ အလင်းရောင်မှိန်မှိန်ဖြစ်ဖြစ် ရစေနိုင်မည့် ဖန်သီး သေးသေးလေးများပါသည့် တရုတ်နိုင်ငံဖြစ် မီးချောင်းလေးတွေ။ဒါတွေကို အချိန်မီဝေငှနိုင်ဖို့ အရေးကြီးပါသည်။ ထို့ပြင် သဘာဝဘေး အန္တရာယ်ထိခိုက်အပြီးမှာဖြစ်တတ်သည့် စိတ်ဒဏ်ရာ ဒဏ်ချက်ဝေဒနာတွေ ကို ရှာဖွေ ဆန်းစစ်ဖို့ မှတ်တမ်းယူဖို့ သတင်းစုဆောင်းဖို့တာဝန်ကိုလည်း ကျွန်မ ယူထားလိုက်သေးသည်။ ကျွန်မ နေ မကောင်းဖြစ်လို့ မရပါ။
            ခြင်ထောင်ထုပ်ကြီးတွေကိုဖြည်ရသည့်အခါ ခက်ခက်ခဲခဲ လုပ်ရ၏။ သံပြားကြိုးဖြင့် ထုပ်ပိုးချည်နှောင်စဉ်က စက်ဖြင့်ရစ်ပတ်ပြီး ထုပ်ပေးထားသည်မို့ အလွန်ကျစ်လစ်နေသည်။ ယောက်ျားလေးတွေ အကုန် တစ်ယောက်ချင်းကြိုးစားပြီး ပလာယာနှင့် ဖြုတ်ညှပ်သော်လည်း မပြတ်။ အားနှင့်မာန်နှင့် ဖြတ်တောက်သော်လည်းရစ်ပတ်ထားသည့် ကြိုးက မပြတ်။ နောက်ဆုံး ကြိုးစားသူ ကိုလင်း၏ လက်ချက်ဖြင့် ကြိုးပြတ်သွားတော့ထောင်းခနဲတောင် အသံမြည် သည်။ ဖြည်လိုက် သည့်အခါ ခြင်ထောင် ဆယ်ထုပ်စာ အထုပ်ငယ်တွေ ပြေလျော့ကာထွက်လာ၏။ ပါမာနက်ဟု အင်္ဂလိပ်လို ရေးထား သည့် ခြင်ထောင်ထုပ်လေးတွေက ပါးပါးလျလျပါပဲ။ ဘေထုပ်ကြီးကြီးတစ်ထုပ်တွင် ခြင်ထောင် ပေါင်းတစ်ရာ ပါသည်။ အထုပ်ငါးထုပ်မှာ ခြင်ထောင်ငါးရာ ရှိသည်။
            ကိုမိုးနှင့်ကိုလင်းကခြင်ထောင်တွေကို တစ်အိမ်စီမှာ ဝေငှပြီး ခြင်ထောင်အကြောင်း ရှင်းလင်း ပြောပြဖို့ တာဝန်ယူသည်။ဖန်ချောင်းလေးများကို ကိုဖြိုးက တာဝန်ယူပြီး ခလုတ်ဖွင့်ပြ ရှင်းပြပေးရန် တာဝန်ယူသည်။ကျွန်မက ကိုထိုက်နှင့် အတူ အမျိုးသမီးတွေအတွက် အထုပ်တွေကို တာဝန်ယူပြီး ဝေရသည်။
            အမျိုးသမီးဆိုတာကစိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာပင် သနပ်ခါးလေးတော့ လိမ်းထားချင်ကြသည်မို့ ကျွန်မတို့ကိုပေးလိုက်သည့် အထုပ်ထဲတွင် သနပ်ခါးလည်းပါသည်။ သနပ်ခါးတုံးတော့ ဘယ်ဟုတ်မလဲ။ သနပ်ခါးအနှစ်ဟု ပြောသော သနပ်ခါးဘူးပေါ့။ တစ်ကိုယ်ရေသန့်ရှင်းရေးမို့ လက်သဲညှပ်လည်းပါသည်။ အဝတ်လျှော်ရန်ဆပ်ပြာ ထုပ်လေး တစ်ထုပ်၊ ကိုယ်တိုက်ဆပ်ပြာမွှေး တစ်ခဲ၊ အားဆေးက ဆယ်လုံးကတ်နှစ်မျိုးမို့နှစ်ကတ်ပါသည်။
            ထမင်းစားပြီးလျှင်ပြီးချင်း အသုံးအဆောင်ဝေသည့် လုပ်ငန်းကို စတင်ပါသည်။ အုပ်စုသုံးစုခွဲပြီး ရေစွတ်စွတ်ဗွက်ခင်းလမ်းတစ်လျှောက် သစ်တုံးကျော် ရေအိုင်ကျော်ဖြင့် လမ်းလျှောက် သွားကြသည်။
            အိမ်တွေကအိမ်ဟုသာ သတ်မှတ်ရပေမဲ့ အိမ်မဟုတ်သေးသည့် အိမ်တွေဖြစ်သည်။ အကာအနေနှင့်ကတော့ ရရာကိုကာရံထား၏။ ရိုးရိုးပလတ်စတစ် အကြည်စတွေလည်း ပါသည်။ တာပေါ်လင် ဖြတ်စတွေလည်း ပါသည်။ ဓနိရွက် အစိမ်းတွေကို အပင်မှ ချက်ချင်းခုတ်ယူ ဖြတ်တောက် ချက်ချင်း သက်ကယ်ရက်ပြီး အမိုးရောအကာရော ဓနိစိမ်း ရွက်တွေချည်း ဖြစ်နေသည့် အိမ်တွေလည်း ပါသည်။ တချို့အိမ်တွေမှာက မုန်တိုင်းမတိုင်မီ တစ်ချိန်က လယ်လုပ်ငန်း အထိမ်းအမှတ်အဖြစ် ထွန်တုံး အတိုအပြတ်တွေ ထယ်သွားတွေကျန်ရစ်ခဲ့တာကို ရွှံ့တစ်ဝက် လူးလျက် တုံးလုံးပက် လက် တွေ့ရသည်။ တချို့ အိမ်တွေမှာတော့ရေလုပ်ငန်း၏ အထိမ်းအမှတ်အဖြစ် ပိုက်ကွန် အစုတ်အပြဲ တစ်ပိုင်းတစ် စ၊ ပလတ်စတစ်ဘောအနက်တွေကွန်ကြိုးအပိုင်းအစတို့ကို မြင်ရသည်။
            တစ်အိမ်တက်ဆင်းကိုယ်တိုင်သွားသည်မို့ အမျိုးသမီးတစ်ယောက်ချင်းကို ကျွန်မ တွေ့ခွင့် စကားပြောခွင့်ရသည်။ တချို့ အမျိုးသမီးတွေက နွမ်းလျသော မျက်လုံးများကို တစ်ခဏ ဟန်ဆောင်ကာ၊ ခပ်ငူငူငိုင်ငိုင်မျက်နှာကို အ တင်းလုပ် ပြုံးယူကာ ကျေးဇူးတင်သည့် အပြုံးများဖြင့် အထုပ်တွေကို လက်ခံယူသည်။တချို့ကတော့ မိမိကိုယ်ကိုယ် ကြိုတင်ကာကွယ်သည့် မျက်နှာထားမျိုးဖြင့် ခပ်စိမ်းစိမ်းပဲထွက်လာကာ အထုပ်ကို လက်ခံယူသည်။ တချို့ကတော့ မုန်တိုင်းကြောင့် ဆုံးရှုံးသွားသည့် အသက်တွေအိုးအိမ်ပစ္စည်းတွေကို နှစ်ပတ်ကာလ အတိတ်တွင် ထားပစ်ခဲ့နိုင်သည့် ပုံစံမျိုးဖြင့် ဖော်ဖော်ရွေရွေပင်ဖြစ်စဉ်တွေကို ပြောပြရင်း ပေးဝေသည့် ပစ္စည်းထုပ်ကို ဝမ်းသာအားရ လက်ကမ်းယူ သည်။ ခပ်ရှက်ရှက်ဖြင့်ပြုံးလျက် ယူသူလည်း ရှိသည်။
            ပုံမှန်မဟုတ်သည့်ရုတ်တရက် ကျရောက်လာသော ဘေးဒုက္ခကို တုံ့ပြန်သည့်နေရာမှာ လူတစ်ဦးချင်း၏ မူလ စိတ်သဘာဝပေါ်မှာမူတည်ပြီး အမျိုးမျိုး ကွဲပြားပါလိမ့်မည်။ လူအမျိုးမျိုး၊ ဒဏ်ရာအမျိုးမျိုး၊ ဝေဒနာအမျိုးမျိုး၊အပြုအမူ အမျိုးမျိုး ရှိမည်။ သူတို့၏ နောက်ခံစိတ် ခံစားချက်နှင့် နက်နဲစွာ သိုဝှက်ထားသည့်သဘောထားတွေကို နာရီပိုင်းအ တွင်း ကျွန်မ မသိနိုင်။ မနှိုက်ထုတ်နိုင်။ သို့သော် ဒီကေDK ဟုခေါ်သော Dignity Kits အမျိုးသမီးဂုဏ်သိက္ခာ ပြန် ဖြည့်ဆည်းပေးသည့် အသုံးအဆောင်တွေကိုဝေငှရင်း အကဲခတ်ရင်း စကားပြောကြည့်ဖို့ ကျွန်မ ကြိုးစားသည်။
            သို့သော်တစ်အိမ်ကို ဝင်သည့်အချိန်မှာတော့ အများနှင့်မတူသည့် မိန်းကလေးတစ်ဦးကို သတိထားမိလိုက်သည်။
            မည်သူနှင့်မျှစကားမပြော၊ မည်သူ့ကိုမျှ လှမ်းကြည့်မနေ၊ ဟောင်းနွမ်းသည့် အိမ်တိုင်တစ်ခုကို မှီလျက်ထိုင် နေရင်း ရှေ့တည့်တည့်သို့ ငေးနေသည့် မိန်းကလေးတစ်ဦး။ သူမ၏ မျက်လုံးများမှာ ဗလာသက်သက်ဟာလာဟင်း လင်း။ ဘာအဓိပ္ပာယ်မှ မဖော်ပြ။ ကျွန်မက ဒီကေအထုပ်ကို လှမ်းပေးတော့လည်း စိတ်မဝင်စား။လှမ်းမယူ။ ဘေးက အမျိုးသမီးက သူ့ကို တစ်ခုခု လှမ်းပြောသည်။ ကရင်ဘာသာစကား ဖြစ်သဖြင့်ကျွန်မ နားမလည်ပါ။ ကျွန်မတို့နှင့်အ တူ လိုက်လာသော စကားပြန်ပေးသူ သူနာပြုဆရာမလေးကလည်းစကားကို ဘာသာပြန်မပြပါ။ ကျွန်မဆီက အထုပ် ကို လှမ်းမယူသည့် မိန်းကလေးအား သူကိုယ်တိုင်ယူပေးလိုက်သည်။
            “သူကစကားမပြောဘဲ အကြာကြီး နေနေတတ်သတဲ့။ သူ့ကလေးက ရေထဲမျောပါသွားတာလေ”
            “အို”
            ဖြစ်မှဖြစ်ရလေ။မိန်းကလေးသည် ဆံပင်ကို ကလစ်ဖြင့် ဖြစ်သလို ညှပ်ထုံးထားသည်။ မျက်ကွင်းများ ညိုနေ သည်။သူမ အိပ်ရေးပျက်ရသည်မှာ ကြာခဲ့ပြီလား မသိ။
            “ကလေးကဘယ်အရွယ်လဲဟင်”
            ကျွန်မသူ့ကို ဦးတည်ပြီး မေးလိုက်သော်လည်း မိန်းကလေးက ကျွန်မကို မျက်လုံးလှန်တောင် မကြည့်ပါ။
            “သူ့ကလေးကရှစ်လကိုးလပဲ ရှိသေးတယ်။ အခါတောင် မလည်သေးဘူး”
            အတူနေမိန်းမပြောသည့်ကရင်စကားကို သူနာပြုဆရာမက မြန်မာလို သာသာပြန်ပြီး ပြောသည်။
            ကယ်ဆယ်ရေးစခန်းသို့ရောက်ခါစက အစာလုံးဝမစားဘဲ သုံးရက်တိတိ ငြင်းပယ်နေခဲ့သည်ဟု သူနှင့် အတူ နေမိန်းမက ပြောပြ၏။
            “အိုစိတ်ထိခိုက်နေလို့ ဖြစ်မှာပေါ့နော်”
            သားသေဆုံးသွားသဖြင့်မိခင်တစ်ယောက် ဘယ်လောက် စိတ်ထိခိုက်ရလေမလဲ။
            “သေချင်လို့တဲ့”
            သေချင်သည်။အဲဒါလည်း သဘာဝကျပါသည်။ မိသားစုအားလုံးကို မျက်စိရှေ့မှောက်မှာပင် ရေလှိုင်းများ အ ကြားလက်လွှတ် ဆုံးရှုံးလိုက်ရသူအတွက် အထီးကျန်ဘဝသည် ငြီးငွေ့စိတ်ပျက်စရာ ဖြစ်မည်။
            သုံးရက်အစာမစားပေမဲ့ဘေးက ဘဝတူအဖော်တွေ ဒုက္ခသည်တွေက ဝိုင်းဝန်းတိုက်တွန်းသဖြင့် အစာ ပြန် စားရသည်။ သို့သော်ဘယ်သူနှင့်မျှ စကားမပြောတော့ဘဲ ဖာသိဖာသာနေသည်။ ရွာပြန်လာရတော့လည်း အတူသာ လိုက်ပါလာသည်၊သူ့စိတ်က ဘယ်မှာ ကျန်ရစ်ခဲ့မှန်းမသိ။ သူ့အိမ်စုတ်ကလေးကလည်း ရေထဲမှာပါသွားပြီ။ အိမ်တိုင်တောင် မကျန်ရစ်တော့ပေ။ ဒါကြောင့် သူ့ကို အိမ်နီးချင်း မုဆိုးမတစ်ဦးက ခေါ်ယူစောင့်ရှောက်ထားသည်။
            ကျွန်မနောက်ထပ်တစ်အိမ် ပြောင်းဖို့ နေရာမှ မထမီ သူ့ကို နာမည်ခေါ်ပြီး ကျွန်မ နှုတ်ဆက်လိုက်၏။သို့ သော် ကျွန်မကို မော့တောင် မကြည့်ပါ။
            မုန်တိုင်းတိုက်ခတ်ပြီးလို့လူအသေအပျောက်နှင့် ပစ္စည်းဆုံးရှုံးမှု များပြားလှသော အချိန်အခါမျိုးမှာ အသက် ရှင် ကျန်ရစ်သူကာယကံရှင်တွေ ကြုံတွေ့ခဲ့ရသည့် ဇာတ်လမ်းတွေက အများကြီး။ ကျွန်မတို့ ဇာတ်လမ်းအမျိုးမျိုးကြားသိရပါသည်။ အားလုံးက စိတ်ထိခိုက်စရာတွေချည်းပေါ့။ စိတ်ထိခိုက်မှုပမာဏ ကလည်း အမြဲတမ်းတော့ဆုံးရှုံးမှု ပမာဏနှင့် တိုက်ရိုက်အချိုးကျ မနေပေ။ တချို့က မိသားစုလိုက် မုန်တိုင်းရေလှိုင်းတွေထဲပါသွားပြီး မိမိတစ်ယောက် တည်းကျန်သည်။ သို့သော် သူ့စိတ်က ခိုင်သည်။ ကယ်ဆယ်ရေးစခန်းတွေမှာစေတနာ့ဝန်ထမ်း အလုပ်တောင် လုပ် ပေးလိုက်နိုင်သေးသည်။
            အမျိုးသမီးတွေအတွက်ဝေငှစရာ အားလုံးကို တစ်အိမ်တက် တစ်အိမ်ဆင်း ဝေငှပြီးသောအခါ ညမိုးစုန်းစုန်း ချုပ်ခဲ့ပြီ။တစ်ယောက်ချင်းကို အထုပ်ကို ဖွင့်ခိုင်းပြီး အထဲမှာပါသည့် ပစ္စည်းတို့ကို ကြည့်ခိုင်းအသုံးပြုနည်းကို သိလား မသိလား စုံစမ်း၊ အားဆေးကို ဘယ်လိုသောက်ရသည်ဆိုတာ ရှင်းပြ။ အဆင့်တွေကများသည်မို့ အိမ် ၄၀ ကျော်မှာ မိသားစု ၇၂ စုကို ဝေပြီးသည့်အခါမှာတော့ ညစာစားချိန်သို့ပင်ရောက်ခဲ့ပြီ ဖြစ်သည်။ ကျွန်မနှင့် သူနာပြုဆရာမက ကို ထိုက်ကို အလယ်မှာထားလျက် အုန်းလက်အမှိုက်တွေသစ်ပင်ကြီးတွေ၏ ကိုင်းခြောက်တွေ ရွှံ့ဗွက်တွေကို အိုးနင်း ခွက်နင်း ကျော်ခွရှောင်ဖယ်ပြီးပြန်အလာတွင် ကိုထိုက်က ရုတ်တရက်-
            “ဟားကောင်းလိုက်တာ ကျွန်တော်တို့ အယ်လ်အီးဒီ မီးချောင်းတွေကို အခုချက်ချင်းကို သူတို့ အသုံးချလိုက်ပြီ။ ကြည့်စမ်းပါဦး မီးရောင်လေးတွေနဲ့ မြင်ရတာ ဘယ်လောက် စိတ်ချမ်းသာဖို့ကောင်းလဲ”
            ဟုအားရပါးရ အသံပြုသည်။ ကျွန်မတို့ အိမ်လေးတွေကို သတိထားကြည့်မိသွားသည်။ ဟိုအိမ်ကလည်းမီး ရောင်လက်လက်၊ ဒီအိမ်ကလည်း မီးရောင်လက်လက်၊ တယ်ဟုတ်ပါလားဟု စိတ်ထဲက ရေရွတ်မိ၏။
            “အရင်တစ်ခေါက်လာတုန်းက ကျွန်တော်တို့ မှောင်ကြီးမည်းကြီးမှာ လမ်းလျှောက်ရတာ။ တစ်ယောက်နဲ့ တစ်ယောက်အရိပ်အယောင်တောင် လုံးဝ မြင်ရတာမဟုတ်ဘူး။ အမှောင်သက်သက်ပဲ။ လက်နှိပ်ဓာတ်မီး အလင်း ရောင်လေးနဲ့ပဲရွာထဲမှာ သွားကြရတာ။ သစ်ကိုင်းလည်း မမြင်ရ မြွေလည်း မမြင်ရ”
            “မြွေ”
            မြွေကိုတော့ကျွန်မ ကြောက်သည်။
            ဒါကြောင့်လည်းရာဘာလည်ရှည် ဖိနပ်တွေကို စီးထားရခြင်း ဖြစ်သည်။ တကယ်တော့ ဒီဖိနပ်ကြီးတွေကို ကျွန်မမစီးချင်ပါ။ ရွှံ့ဗွက်ထဲနစ်သည့်အခါ သူ့ကြောင့် ပိုလေးလံ၏။ ဖိနပ်ထဲကို ရွှံ့ရေက ဝင်သေး၏။ချောင်းရေ ဖြတ် သည့်အခါ ရာဘာဖိနပ်ဖြင့် ဖြတ်လို့မရ။ အောက်က ရွှံ့နွံက ချောနေသည်။ ကံဆိုးလျှင်ဖိနပ်ထဲသို့ ဝင်နေသော ရွှံ့ရေ နှင့် သဲမှုန့်တွေက ခြေထောက်ကို ပွတ်တိုက်ကာ အရေပြားလန်ပြီးဖိနပ်ပေါက်ရာက ပိုနာကျင်လာသည်။ ဖိနပ်ကြီးကို ချွတ်ပြီး ဒီအတိုင်းသာ လမ်းလျှောက်ပစ်လိုက်ချင်စိတ်တွေ ပေါက်မိသည်။ သို့သော် နာကျင်မှုကို ကြိတ်မှိတ်မျိုသိပ် ကာ ထော့နဲ့ထော့နဲ့ လမ်းလျှောက်ရသည်။မြွေအန္တရာယ်ကို ပိုကြောက်တာကိုး။
            စကားပြန်မပြောသည့်မိန်းကလေးရှိရာ တဲအိမ်လေးရှေ့သို့ ရောက်လာသည်။ သူတို့အိမ်လေးလည်း အယ် လ်အီးဒီ မီးချောင်းလေးဖြင့်လင်းနေသည်။ အိမ်ထဲသို့ တိုးယိုပေါက် လှမ်းမြင်နေရသည်။ အိမ်က တံခါးမှ မတပ်ရသေး ဘဲ။ ကျွန်မလက်ထဲကစားလက်စ နေကြာစေ့ထုပ်ကို ကြည့်မိသည်။ အင်း အခုမှ ဖောက်ထားတာ သိပ်မလျော့သေး ဘူး။ ဟိုမိန်းကလေးများနေကြာစေ့ စားချင်မလား။ မိန်းကလေးဆိုတာ နေကြာစေ့လို ဖရုံစေ့လို ဖြိုးဖြိုးဖျောက်ဖျောက်စားရသည့်အရာတွေကို ကြိုက်တတ်မည်။ ကျွန်မ ကိုထိုက်တို့ကို တောင်းဆိုလျက် အိမ်ထဲသို့ဝင်လိုက်သည်။

“မနုအေးတို့ ထမင်းစားပြီးပြီလား”
            မနုအေးကိုနှုတ်ဆက်သော်လည်း သူ့အဖော်ကသာ ပြန်ဖြေသည်။ ကာယကံရှင်က ပြန်မဖြေ။ မော့တော့ ကြည့်၏။ ကျွန်မကိုမှတ်မိသည့် အရိပ်အယောင်ကို သူ့မျက်လုံးထဲတွင် တွေ့ရသည်။ ဒါဆိုလျှင် သူ့စိတ်က လုံးဝတော့ကိုယ်နှင့်ကွာ မနေဘူးပေါ့။ မနုအေးအနားမှာ ထိုင်လျက် နေကြာစေ့ကို စားပြလိုက်သည်။ မနုအေးကစိတ်ဝင်စားပုံမ ရ။ အင်း သူတို့ရွာက ဟိုတုန်းကတည်းက နေကြာစေ့တို့ ဖရုံစေ့တို့ မစားကြဘူးထင်ပါရဲ့။ ကျွန်မ၏ ချဉ်းကပ်နည်းက မှားသွားလေပြီလား။
            “နေကြာစေ့စားပါဦး၊ အပျင်းပြေပေါ့”
            “ရပါတယ်ဆရာမ”
            အိမ်ရှင်ကရိုးသားစွာ ငြင်းသည်။ ကျွန်မ သူတို့ရှေ့မှာ အလိုက်ကန်းဆိုး မသိဟန်ဖြင့် နေကြာစေ့ကိုတစ်စေ့ ချင်း စားပြီး စကားမရှိ စကားရှာပြော နေရပေမဲ့ ဗိုက်က တကြုတ်ကြုတ် ဆာနေပြီ။ ကိုထိုက်နှင့်ဆရာမလည်း ဆာနေ ရောပေါ့။ ကျွန်မက မနုအေး၏ အသိအမှတ်ပြုမှုကို ရချင်သည်။ ထိုမှ ရင်းနှီးမှုကိုရချင်သည်။ ထိုမှ ယုံကြည်မှုကို ရချင် သည်။ အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ရမည်ဟု သိနေပါသည်။          
            “မုန်တိုင်းဖြစ်တဲ့ညကဘယ်မှာလဲ”
            ထိုမေးခွန်းသည်မုန်တိုင်းအန္တရာယ်မှ လွတ်မြောက် အသက်ရှင်ကျန်သူတို့အား စကားပြောရာတွင် အသုံး တည့်သောကိရိယာတစ်ခု ဖြစ်သော်လည်း လူတိုင်းအတွက်တော့ မမှန်ကန်နိုင်ပါ။ အခု မနုအေးလို စိတ်ထိခိုက်မှုကြောင့် ပုံမှန် မူလအခြေအနေသို့ ပြန်မရောက်နိုင်သေးသူများကို မေးလို့ ဖြစ်ပါ့မလား။ကျွန်မ မသိ။ ထို့ကြောင့် မမေး ရဲပါ။
            “မနုအေးဘယ်အရွယ်က အိမ်ထောင်ကျတာလဲဟင်”
            သူ့အတွက်အသက်သာဆုံးနှင့် စိတ်မထိခိုက်စေဆုံးဟု ထင်မည့် မေးခွန်းကို မေးမိမေးရာ မေးကြည့်လိုက်သော်လည်း သူပြန်မဖြေပါ။ သို့သော် ကျွန်မကိုတော့ လှည့်ကြည့်သည်။ ကျွန်မ ပြုံးပြလိုက်၏။ထို့နောက် လက်ထဲက အခွံထွင်ပြီသား နေကြာစေ့ လေးငါးဆယ်စေ့ကို သူ့ဆီ ကမ်းပေးလိုက်သည်။သူ မယူပါ။ ကျွန်မကို တစ်လှည့် အိမ်ရှင် အမျိုးသမီးကို တစ်လှည့် ကြည့်သည်။ အမျိုးသမီးကယူလေဟု ပြောသည့်အခါ သူ လက်ဖြန့်၍ ယူသည်။ တော်ပါ သေးရဲ့ ပထမဆင့်တော့ အောင်မြင်သွားပြီဟုအားတက်သွားသည်။ မနက်မိုးလင်းလို့ နောက်တစ်ရွာသို့ မဆက်ခင် ပြန်လာခဲ့မည်ဟု နှုတ်ဆက်လျက်ကျွန်မတို့ ပြန်ထွက်လာခဲ့သည်။
            ကျွန်မတို့အဖွဲ့ကိုညစာကျွေးဖို့ ရွာလူကြီးက စောင့်နေသည်။ ကျန်သည့် အဖွဲ့နှစ်ဖွဲ့က ပြန်ရောက်နေပြီ။ ကျွန်မတို့ကိုငါးဟင်းနှင့် ညစာကျွေးသည်။ ငါးကို အရင်ကတည်းက ကျွန်မ သိပ်မစားနိုင်။ ကျွန်မက အသီးအရွက်ကိုသာ များများစားချင်သူ ဖြစ်သည်။ သို့သော် ဒီလိုအချိန်အခါ ဒီလိုနေရာမျိုးမှာ ချေးများနေလို့မရ။ဒီရွာသည် အသီးအ ရွက် ဘာမှမရှိသည့်ရွာ ဖြစ်သည်။ ကန်စွန်းရွက်မရှိ၊ ဂေါ်ဖီထုပ်မရှိ၊ ပဲသီးမရှိ၊မုန်လာဥနီမရှိ၊ ကိုက်လန်ဆို ဝေးပါသေး။ အင်း နောက်တစ်ခေါက်လာလျှင်တော့ ပဲစိမ်းဘူးတွေယူလာခဲ့ပြီး လက်ဆောင်ပေးခဲ့ဦးမှပါ ဟု ထမင်းစားရင်း တွေးမိ သည်။ ကျွန်မတို့က ပေါင်မုန့်၊ကော်ဖီမှုန့်၊ နို့ဆီ၊ သကြား၊ ငါးသေတ္တာနှင့် မုန့်ခြောက်တွေ ဝယ်လာပြီး သူတို့ကို လက်ဆောင် ပေးသည်။ တကယ် သူတို့ လိုချင်တာက ငပိရည် မျှင်ငပိ ငရုတ်သီးခြောက်မှုန့်တွေ ဖြစ်နေသည်။နောက်တစ် ခေါက်ပေါ့လေ။ အရင်တစ်ခေါက်တွေက ယောက်ျားလေးတွေ ချည်းသွားတာ။ ကျွန်မတို့ မိန်းကလေးတွေမပါ။ မိန်းက လေးလောက် သူတို့က မျက်စိအမြင်စူးရှမှု ရှိချင်မှရှိမှာ။ တည်းအိမ်မှာ ဘာလိုသလဲ။ဘုန်းကြီးကျောင်းမှာ ဘာလိုသလဲ သူတို့ အသေအချာ စုံစမ်းနိုင်မှာတဲ့လား။         
            ညအိပ်သည့်အခါကျွန်မက သူနာပြုဆရာမနှင့်အတူ ဆေးပေးခန်းအဆောက်အဦမှာ သွားအိပ်ရသည်။ သူတို့ ယောက်ျားလေးတွေကတော့ဘုန်းကြီးကျောင်းမှာ သွားအိပ်သည်။ ကျွန်မ၏ ကျောပိုးအိတ်ထဲမှာ ခြင်ထောင်အသေး တစ်ထည်ပါသည်။သို့သော် အခင်းနေရာက တစ်ခုတည်းရှိသဖြင့် ခြင်ထောင်တစ်လုံးကိုပဲ ထောင်ဖို့ဆန့်သည်။ ဒါကြောင့် ဆရာမ ခွဲတမ်းရထားသော ကျွန်မတို့ဝေသည့် ခြင်ထောင်ကို ထောင်ပြီး နှစ်ယောက်အတူအိပ်ကြမည်ဟု ဆို သည်။ နေပါဦး။ ဒီခြင်ထောင်က အထုပ်ထဲကနေ ထုတ်ယူပြီးလျှင် နှစ်ဆယ့်လေးနာရီထားရသည်။ ပြီးမှ ထောင်ရ သည်တဲ့။ အခုမှ အထုပ်ဖြေတာမို့ မဖြစ်ပါဘူး။ အခင်းတစ်ခင်းပေါ်မှာပဲခြင်ထောင်နှစ်လုံး ထောင်ကြတာပေါ့။ ကျွန်မ ခြင်ထောင်ကိုပဲ ကျွန်မထောင်မည်။ ဆရာမက မူလခြင်ထောင်ကိုပဲထောင်ပါ။ မနက်ဖြန်လောက်ကျမှ ဒီခြင်ထောင်ကို အသုံးပြုရန် ကျွန်မ တိုက်တွန်းရပါသည်။
            နောက်တစ်နေ့နံနက်မှာ ဆက်လျက်ရှိသည့်ရွာကို သွားဖို့ ပြင်ဆင်ကြသည်။ မနုအေးရှိသည့် အိမ်ရှေ့မှ ဖြတ်သွားရမှာမို့ ကျွန်မ ဝမ်းသာသွားသည်။ ဒီရွာတစ်ခုလုံးတွင် ကျွန်မ စိတ်ပူရသည့် စိတ်ဒုက္ခသည်မှာမနုအေးပဲ။ မနုအေး ကို မနက် မိုးလင်းချိန်မှာ ဘာလက်ဆောင် ပေးရပါလိမ့်။ ကျွန်မမှာ ပါလာသည့်ကျွန်မ အနွေးထည် ခပ်ပါးပါးလေးကို လက်ဆောင်ပေးလိုက်သည်။ အနွေးထည်က မရမ်းနုရောင် ကျွန်မတော်တော်ကြိုက်သည့် အင်္ကျီလေးပါ။ သို့သော် ထို အင်္ကျီကို လက်ခံယူလိုက်သည့် မနုအေး၏ မျက်လုံးများတစ်ချက်ဝင်းလက်သွားသည်ကို မြင်ရသည့်အခါ ကျွန်မ မြတ် နိုးသည့် ပစ္စည်း ပေးလိုက်ရတာ ထိုက်တန်လှသည်ဟုကျွန်မ ကျေနပ်သွားသည်။
            “ညနေအပြန်မှာ ဝင်လာဦးမယ်လေ နော်”
            သူ့လက်ဖျားကလေးကိုထွေးဆုပ်လျက် အပြုံးဖြင့် ကျွန်မ နှုတ်ဆက်ခဲ့သည်။ နှစ်သိမ့်သည့်အပြုံးကို မနုအေး လက်ခံလိုက်သည်။
            ညနေအပြန်တွင်သူ့အိမ်သို့ ဝင်တော့ မနုအေးသည် ကျွန်မကို မော့ကြည့်ဖော်ရပြီ။ စကားတော့ စပြီး မပြောသေး။ သို့သော် ညချမ်းက မိုးရွာပြီးစ လေထန်သေးသည့်အချိန် ဖြစ်သဖြင့် အေးနေသည်။ ကျွန်မပေးသည့်အနွေး ထည်လေးကို ဝတ်ထားသည့် မနုအေး၏ မျက်နှာမှာ ဖန်ချောင်းမီးမှိန်မှိန်လေး အောက်မှာပင်ဝင်းလဲ့နေသည်။ သူ့ မျက်နှာကတော့ ညှိုးငယ်နေဆဲ။
            “မနုအေးဆိုတဲ့နာမည်က သိပ်လှတာပဲ ဘယ်သူပေးတဲ့ နာမည်လဲ”
            ထိုစကားကိုသူနာပြုဆရာမက ကျွန်မအတွက် မြန်မာလို ပြန်ပြပေးသည်။ ထို့နောက် အံ့သြစရာပင် မနုအေး ကကျွန်မကို တည့်တည့်မော့ကြည့်ပြီး ကရင်ဘာသာဖြင့် ခပ်မြန်မြန် စကားပြောလာပါသည်။
            “အဖေကပေးတဲ့နာမည်တဲ့”
            ထို့နောက်မနုအေးနှင့် ကျွန်မ စကားပြောလို့ ရသွားပါသည်။
            မနုအေး၏ခင်ပွန်းက ငါးဖမ်းလှေကလေး တစ်စင်းကို ပိုင်ဆိုင်သည်။ မိသားစု ငါးယောက်ရှိသည်။ ခင်ပွန်း၏မိဘနှစ်ပါးနှင့် မနုအေး၊ ရှစ်လအရွယ် သမီးလေး။ အိမ်က ခပ်ကျဉ်းကျဉ်း။ သို့သော် ပျဉ်ခင်းကြမ်းပြင်မို့ခိုင်ခန့်သည့်အိမ် ဟု ဆိုရပါမည်။ အဲဒီ ပျဉ်အိမ်ကလေးပင် မုန်တိုင်းကြီး တိုက်ခတ်သည့်ညကသူတို့မိသားစု ဖက်ထားသော အိမ်တိုင် ကျွတ်လျက် မျောပါသွားခဲ့သည်။ မနုအေးသည် သမီးငယ်လေးကိုပွေ့ချီထားရင်း လှိုင်းအပုတ်မှာ လွင့်စင်ပါသွား၏။ ရေထဲသို့ လိမ့်လူးလျက် ပါသွားပြီးမှဆွဲမိဆွဲရာ မာကျောသည့် အရာတစ်ခုကို ဆွဲလိုက်သည်။ ထိုအရာက အိမ်တိုင်ဖြစ် နေသည်။ ညက ပိန်းပိတ်အောင်မှောင်နေသဖြင့် တစ်ယောက်ကိုတစ်ယောက် အသံပဲပေးနိုင်သည်။ တစ်ယောက် လက်ကိုပင် တစ်ယောက်မမြင်ရသည့် အမှောင်။ ဝင်းခနဲလက်သွားသည့် လျှပ်စီးကြောင်းတွေအောက်မှာ ဖျတ်ခနဲတစ် ချက်မြင်လိုက်ရသည်က အိမ်ခေါင်မိုးထက်တောင် မြင့်မားသော လှိုင်းလုံးကြီးများ ဖြစ်သည်။ ယောက်ျားလည်းသူ့ မိခင်ကို ဆွဲဖက်ရင်း ဘယ်ဆီမျောပါသွားသလဲ မသိ။ မိမိကတော့ သမီးကလေးကို ဖက်ထားရင်းအုန်းပင်ဆီသို့ အ ရောက် ကူးရသည်။ ကျောပြင်ကို လာထိသည့် မိုးစက်မိုးပေါက်တွေက မြားတွေလိုပဲစူးနစ်နာကျင်လှသည်။ သမီးလေး က ကြောက်အားလန့်အားနှင့် တအားအော်ငိုနေသည်။ သမီးလေး အော်ငိုသံကတခြားလူတွေ၏ ထိတ်လန့်တကြား အော်ဟစ် အသံပြာပြာတို့အောက်မှာ ရောလျက် ပျောက်ကွယ်သွားသည်။
            မာကျောသည့်အလုံးကြီးတစ်ခုကို သွားဖက်လိုက်မိသည့် အချိန်မှာ ဒါအုန်းပင်ဟု မသိသေး။ ဖက်ထား။ ဒါ ကိုဖက်ထားမှ ရေလှိုင်းအပုတ်ဒဏ်ကနေ လွတ်မယ်။ သမီးကို ရေမွန်းမှာ ကြောက်သဖြင့် ပခုံးပေါ် တင်ထားရသည်။နောက်တော့ ရေက ပိုပိုတက်လာသည်။ သူ့ရင်ဆို့မှ ပခုံးထိတက်လာသည်။ သမီးလေး ရေမွန်းပြီလား။သူ့လည်ပင်းထိ ရောက်အောင် ကလေးကို လက်မှ မြှောက်ချီပွေ့ထားရသည်။ လက်အံက သေလှပြီ။ နာကျင်လှပြီ။သမီးလေးက မ လှုပ်တော့ဘူး။ သမီး အသံထွက်ခေါ်လို့မရ။ သူ့ပါးစပ်အထိ ရေတွေ ရောက်လာသည်။ သမီးလေး။သမီးကိုလည်းဖက် မာကျောသည့် တိုင်ကြီးကိုလည်း ဖက်။ သူနှင့် တိုင်ကြားမှာ သမီးက ခံနေသဖြင့်တအားတော့ ဖက်လို့မရ။ နောက်ဆုံး ရေက သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။ အသက်အောင့်ထား။သည့်ထက်ထပ်ပြီး အထက်တက်လို့လည်း မရ။ လက် က အရွက်တွေ အလက်တွေဆီ ရောက်လာပြီ။ ဒီ့ထက်ကြာလျှင်သူ လွတ်ထွက်တော့မည်။ ထိုအခိုက်မှာ တိုင်လုံးနှင့် သူ့အကြားက သမီး၏ကိုယ်က ပိုပိုဖောင်းလာသလိုပဲခံစားရသည်။ သမီး သေပြီ။ သေလို့သာ သမီးဗိုက်ထဲ ရေတွေ ပြည့်လို့ ဗိုက်ကြီး ဖောင်းလာတာပေါ့။ရေထဲမှာပင် ပွေ့ချီမြှောက်လျက် သမီးကို ကိုင်လှုပ်ကြည့်သည်။ သမီး။ သမီး။ သို့သော် သမီးကငြိမ်သက်လျက်။ နည်းနည်းမှ လုးလွန့်မှု မရှိ။ သေပါပြီ။ သမီးတော့ သေပြီ။ နောက်တစ်ချီရေလှိုင်း ကြီးတစ်လုံး အပုတ်မှာ အားသွန်ခွန်စိုက် တွယ်ထားဖို့ သမီး၏ အသက်မရှိသော ကိုယ်ခန္ဓာလေးကိုလွတ်ချလိုက်ရ သည်။
            “သမီးသေတာမှ ဟုတ်ရဲ့လား။ သူ လွှတ်ချလိုက်ပြီးမှ သမီး သေသွားတာများ ဖြစ်မလား”
            တစ်ခွန်းပြောလိုက်ဆရာမက ဘာသာပြန်ပြလိုက်နှင့် ကျွန်မ နားလည်သွားပါပြီ။ မနုအေး၏ စိတ်ဒဏ်ရာ သည် နောင်တနှင့်နာကျင်မှု ရောစွက်နေသော ဒဏ်ရာဖြစ်သည်။
            ကျွန်မလိုသူ့ကို စကားပြောပေးမည့်သူတွေ နောက်တစ်ခေါက်လာဖို့ လိုလိမ့်ဦးမည်။ သူ့ကို နှစ်သိမ့်ဖို့ဖေးမဖို့ သူ့သမီးဟာ တကယ်ပဲ သေသွားခဲ့တာပါဟု ကျွန်မ အာမခံချက်ပေးဖို့ လိုပါလိမ့်မည်။
            အပြန်ခရီးတွင်ကျွန်မတို့ တစ်ဖွဲ့လုံး နောက်ထပ် အတွေးတွေနှင့်မို့ အသံတိတ်နေခဲ့သည်။ ရေလှိုင်းတွေကဝုန်းခနဲ ရိုက်ခတ်လိုက် စက်လှေဦးက မြောက်တက်လိုက်။ ပြန်ကျလိုက် ငြိမ့်ခနဲ လူးခနဲ လိမ့်လိုက်။

ဂျူး
(၂၀၀၈ခု၊ စက်တင်ဘာလ၊ အမှတ် (၂၈၃)၊ ကလျာမဂ္ဂဇင်း)

No comments:

Post a Comment