နှင်းဆီခိုင်
----------------------
(၁)
သမီး အငယ်ဆုံး “အေးအေးမာ” က “နှင်းဆီခိုင်” နာမည်နှင့် “အလှပြင်ဆိုင်”
ဖွင့်တော့ ဖွင့်ခါစ နီးစပ်ရာ လက်တည့် စမ်းချင်တာလည်း မှန်သည်။ သူ
အလှပြင်သော “လက်” များကိုလည်း စိတ်ချ သေချာနေရာ ဖွင့်ခါစ အချိန်မှာပင်
လူစည်ကားသော အလှပြုပြင်ရေး ဌာန ဖြစ်လာတော့ ကိုယ်နှင့် အနီးဆုံး၊ အချစ်ဆုံး၊
အတွယ်တာဆုံး “မေမေ့” ကို ဆံပင် ကောက်ပေးချင်တာက ပြဿနာ စလေသည်။
“ငါ့ကို ဇွတ် မလုပ်ကြနဲ့နော် မေမေက ကတုံးကို တုံးပစ်မှာ”
မေမေက စကတည်းက ရာဇသံ ပေးလေသည်။
“ကော်ဖီလဲ စိတ်လက်ချ သောက်ပါ မေမေရဲ့ ... အိပ်ဆေး ထည့်မထားပါဘူး၊ မေမေ့ကို အိပ်ခိုင်းပြီး ဆံပင် ကောက်ပေးမယ် ဆိုတာ စ တာပါ”
သမီးကြီး ဝင်းဝင်းက ရယ်မောကာ ပြောသည်။ နှုတ်အေး တိတ်ဆိတ်လှသော သမီးအလတ် တင်တင်ကပင်။
“ဆံပင်တွေက သိပ်ပါးတာပဲ နည်းနည်း ကောက်လိုက်တာ မဟုတ်ဘူး” စည်းရုံး ကြည့်သည်။
“မလုပ်ပါနဲ့အေ အသက်ပဲ ငါးဆယ် ကျော်နေပြီ”
“ဪ ... မေမေ ကလဲ မိန်းမပဲဟာ အသက် ဘယ်လောက် ဖြစ်ဖြစ်ပေါ့၊ သူ့ဘာသာသူ
လှအောင် ပြင်ထားရင် လှတာပဲ၊ ရုပ်ရှင်မင်းသမီး ဒေါ်ကြည်ကြည်ဌေး၊
မြင့်မြင့်ခင်တို့ ခင်ယုမေတို့ ဘယ်လောက် လှထားလဲ နဂိုရှိရင်းစွဲ အသက်ထက်
ဆယ့်လေးငါးနှစ် အသာနုတ်လို့ ရတယ်”
“သူတို့က မင်းသမီးပဲ-”
“ကိုင်း- ဒါဖြင့် မာဂရက် သက်ချာရော နိုင်ငံခေါင်းဆောင် ပဲဟာ။ နှုတ်ခမ်းနီတွေ
ဆိုး၊ ပုလဲပုတီးဆွဲလို့ သိပ်ချစ်စရာ ကောင်းတာ၊ မစ္စက်အကွီနိုလဲ ဆံပင်
ပုံသွင်းထားတာကော နှုတ်ခမ်းနီ ဆိုးတာရော။ လှနေတာပဲ။ အကွီနို ဆိုရင် မေမေနဲ့
ရွယ်တူပဲ”
“သူတို့က နိုင်ငံခြားကပဲ”
“အို နိုင်ငံခြားရော၊ မြန်မာရော အတူတူပေါ့၊ မိန်းမတို့ဥစ္စာသည် အဆင်းလို့ လောကနီတိက ဆိုတယ် မဟုတ်လား”
ကျောင်းဆရာမလေး ဝင်းဝင်းက နီတိလာ စကားနှင့် ဆွယ်ပြော ပြောပြန်လေသည်။
တလောတုန်းက မေမေ့ခေါင်းတွင် အနာတွေ ပေါက်ပြီး ကတည်းက ဆံပင်တွေ
အုံလိုက်ကျွတ်ထွက်ကာ ဆံပင် ပြန်မပေါက်တော့သော ထိပ်မှာ အတော်ပင် ပါးကျဲ၍
နေလေသည်။ မေမေ့ဆံပင်ကို ကြည့်ရင်း သမီးတွေက စိတ် မသက်မသာ ဖြစ်နေတာ
အမှန်ပင်။ ပြီးတော့ မေမေ့ထက်စာလျှင် “ဖေဖေ” က များစွာ နုပျိုနေသည်ကိုလည်း
မကျေနပ်နိုင် မိန်းမပဲ ... ကိုယ့်ကိုယ်ကို နည်းမျိုးစုံနှင့်
အလှပြုပြင်လို့ ရတာ။ ဖေဖေ့ထက် သုံးနှစ်ငယ်သော မေမေ့ကို စိတ်ရောလူရော
မကျစေချင်။
“ယောက်ျားတွေက အသက် ဘယ်လောက်ကြီးကြီး လှေကားသုံးထစ်
ဆင်းရင် လူပျို ဖြစ်တာ ... တော်နေ အန်ကယ်ကြီး အန်ကယ်ကြီးနဲ့ သမူးရဲ့အီး၊
အဲလေ သမီးရဲ့ဦး ဖြစ်နေရင် မေမေ ဘယ့်နှယ် လုပ်မလဲ။ မေမေ သိပ်
ခေါင်းမာမနေနဲ့နော်”
“အိုအေ- မတတ်နိုင်ပါဘူး။ ညည်းတို့ဖေဖေ ငါ့ကို ကြိုက်ခဲ့တုန်းက ရုပ်ကို ကြိုက်ခဲ့တာ မဟုတ်ပါဘူး”
“အင်းနော် ...မေမေ့အရပ်က ပုပုလေးရယ်၊ ကြောင်ပစ်တဲ့တုတ် လောက်ပဲ ရှိတယ်”
အေးအေးမာက ဆိုတော့ တင်တင်က ရယ်ကာ။
“ဟား ဟား ခွေးပစ်တဲ့တုတ်တောင် မဟုတ်ဘူး ... ကြောင်ပစ်တဲ့တုတ် တဲ့”
“အဲဒီ ပုပုသေးသေးလေးကို အလှပြင်လိုက်ရင် သိပ်ကို ချစ်ဖို့ ကောင်းလာမှာ”
ဘယ်လိုပင် သမီးတွေက ဆွယ်သော်လည်း မီးဖိုချောင်ထဲ အလုပ်လုပ်နေမြဲ ဖြစ်သော
မေမေသည် ခေါင်းမာနေဆဲပင်။ သူ့ဘဝ တစ်လျှောက်လုံး နံနက်လေးနာရီက စ၍ အိပ်ရာထ
ဘုရားရှိခိုး ပြီးတာနှင့် မီးဖိုချောင် တန်းဝင်ကာ ရေနွေးအိုးတည်၊
ကော်ဖီနှပ်၊ ဈေးသွား ချက်ပြုတ်ပြီး စားဖို့သောက်ဖို့ ပြင်ဆင်ခဲ့လေရာ
နေ့လယ်တိုင်သည်အထိ မပြီးသေး။ မနက်မီးနှင့် ညမီး ဆက်ကာ ညရှစ်နာရီကျော်မှ
မီးဖိုထဲက ထွက်ခွင့် ရရှာသည်။
“မိန်းမတကာ မိန်းမဘဝထဲမှာ
ဝင်းဝင်းတို့ မေမေ့ဘဝက အနစ်နာဆုံး၊ အဆုံးရှုံးဆုံးပဲ၊ ဖေဖေ ရာထူးမတိုးခင်
မေမေ စာရေးမ လုပ်တုန်းကမှ သိပ်ပင်ပန်း ဆင်းရဲခဲ့တာ ဝင်းဝင်း ငယ်ငယ်ပဲ
ရှိသေးပေမယ့် အကုန်လုံး မှတ်မိနေတယ်”
ဝင်းဝင်းသည် ကဗျာဆရာမ
ပေါက်စအဖြစ် စာများလည်း အဖတ်များသည်မို့ “မေမေ့” ကို “အမျိုးသမီးများအတွက်
တကယ့် လွတ်မြောက်ရေး” ဆိုသော ဆောင်းပါးထဲမှ ကောက်နုတ် ဖတ်ပြနေမိသေးသည်။
ယောက်ျားများနှင့် တန်းတူ မိန်းမများပါ အလုပ်လုပ်နိုင်မှ ထမင်းစားရသော
ယနေ့ခေတ်တွင် အမျိုးသမီးတို့ ဘဝမှာ ပို၍ ရင်နာစရာ ကောင်းပေသည်။
မျက်စိနှစ်လုံး ပွင့်သည်နှင့် လင်ယောက်ျားနှင့် သားသမီးများ စားရေး၊
သောက်ရေး၊ ကလေး ကျောင်းပို့ရေး၊ ကိစ္စများကို ဖုတ်ပူမီးတိုက် လုပ်ပြီးမှ
လုပ်ငန်းခွင်သို့ သွားရသည်။ အလုပ်ခွင်မှ ခြေကုန်လက်ပန်းကျ၍ ပြန်လာလျှင်လည်း
နားနေခွင့် မရ။ ချက်ရ၊ ပြုတ်ရ၊ ဈေးသွားရ လုပ်ရသေးသည်။ အလုပ်အားရက် ဟူသည်
အမျိုးသမီး လုပ်သားများအဖို့ အလုပ်ရှုပ်ရက် ဖြစ်သည်။ လျှော်ရ၊ ဖွတ်ရ၊
ချုပ်လုပ် ဖာထေးရနှင့် ပြည့်ပြည့်ဝဝ နားနေလိုက်ရသည် ဟူ၍ မရှိသည်မှာ
သေဆုံးသည့်အထိပင် ဖြစ်သည်။ အမျိုးသမီးများ ဤသို့ ခွဲခြားဖိနှိပ်ခြင်း
လွတ်လပ်ခွင့် ဆုံးရှုံးခြင်းများ ခံစားနေရသည်မှာ အဘယ်ကြောင့်နည်း။
(၂)
မေမေ့ကို ဆံပင် ကောက်ပေးရုံ၊ ဖေဖေနှင့်အတူတူ လမ်းလျှောက် ထွက်လိုက်ရုံ၊
အပြင်သို့ ထွက်၍ ဗဟုသုတ ရှာရုံထက် နက်ရှိုင်းသော စကားများကို ပြောချင်တာ
ဖြစ်ပါသည်။ လူတန်းစား ကွဲပြားမှုများ မပေါ်ပေါက်မီ သမိုင်းဦးဘုံမြေခေတ်က
ယောက်ျား၊ မိန်းမ အခွင့်အရေး ခြားနားမှု မညီမျှမှု၊ ဖိနှိပ်မှုများ
မရှိခဲ့သေးဟု ဆိုသည်။
“မိန်းမတွေကို ခွဲခြား ဖိနှိပ်တဲ့ စနစ်ဟာ
ကြေးပိုင်၊ ကျွန်ပိုင် စနစ်နဲ့ အတူတူ ပေါ်လာတာတဲ့ ကြေးကျွန် စနစ်ခေတ်၊
ပဒေသရာဇ်ခေတ်နဲ့ အရင်းရှင်စနစ်တို့က လူတန်းစားအားလုံး ကွဲပြားရေး
ဖြစ်လာသလို၊ ယောက်ျား၊ မိန်းမ ခွဲခြားတဲ့ စနစ်ကိုလဲ မွေးထုတ်ပေးလိုက်တာတဲ့”
မေမေအိမ်ထဲ ကုတ်၍ ဘဝတစ်ခုလုံး ဆုံးရှုံးနစ်နာ ရတော့မည့် ကိစ္စကို အေးအေးမာက ကလေးဆန်စွာ ...
“မေမေ ဆံပင်သာ ကောက်လိုက်၊ လှေကားသုံးထစ် ဆင်းရင် အပျိုပြန်ဖြစ်ရမယ်။ မေမေ့အသက်နဲ့ ဆိုရင် အပျိုကြီးပေါ့နော် ...”
ဖေဖေက ရုံးသွားခါနီး ထမင်းဘူးကို လွယ်အိတ်ထဲ ထည့်ရင်း-
“တယ် ဒီကလေးတွေ ပေါက်တတ်ကရ” ဟု ဟန့်တားလေသည်။ ဝင်းဝင်းက သူ့အဖေကို လှမ်းကြည့်ပြီး ပြုံးရယ်ကာ။
“ဖေဖေက မေမေ့ကို တိုတယ်ပေါ့”
“မတိုရပါဘူးဗျာ ...”
“မတိုနဲ့ ကောင်းတယ်၊ မေမေတိုဖို့ ထားပါဦး ရုံးမှာ အန်ကယ်ရေ၊ အန်ကယ်ရေ၊ မီးမီးကနဲ့ ဟင်း သိနေတယ်နော် ...”
ဝင်းဝင်းက နောက်သလို ပြောင်သလို ပြောတော့ ဖေဖေက ရှက်ရှက်နှင့် မျက်နှာနီပြီး မယားမျက်နှာကိုလည်း ကွက်ကြည့်ကွက်ကြည့်နှင့်-
“တယ် ဒီကောင်မလေး”
“ဖေဖေက ရိုးရိုးကြီးရယ်- ဖေဖေနဲ့ မေမေ သိပ်မကွာခြားလှပါဘူး၊ ဒီခေတ် ကောင်မလေးတချို့ အကြောင်း ဖေဖေ မသိသေးပါဘူး”
“အို- သူ သိမှာပါအေ ... ညည်းတို့က လူကြီးကိုများ ဆရာ လုပ်လို့”
မေမေက ပြောလို့သာ ဝင်ပြောသည် သူ့မျက်နှာကလည်း ခက်ပျက်ပျက်ပင်။
“ညွန့်ရေ- မောင့်ဘက်က ရှေ့နေ လိုက်ပါဦးကွာ၊ မင်း သမီးတွေနဲ့ ပြိုင်မငြင်းနိုင်တော့ဘူး ...”
“မငြင်းနိုင်ရင် မငြင်းနဲ့ပေါ့”
“ဟောဗျာ- ကိုယ့်ဘက် ပါမလိုလိုနဲ့”
“မပါနိုင်ဘူး တော်ရေ- ဒီကလဲ ယောက်ျားတွေအကြောင်း ခပ်သိသိရယ်”
“မောင့်ကိုတော့ ဒီလို ယောက်ျားတွေထဲ ဆွဲမထည့်ပါနဲ့”
“ယေဘုယျ ခြုံပြောရတာပဲ ပါတယ်၊ မပါဘူး ဆိုတာတော့ ကိုယ့်ဘာသာကိုယ်
ဆန်းစစ်ကြည့်ပေါ့ ... ယောက်ျားများ အိမ်က မိန်းမထက် အခြားမိန်းမကို
စိတ်ဝင်စားတာတော့ အမှန်ပဲ၊ မိန်းမကတော့ ‘အရင်း’ ပဲ ရိုးလဲ ရိုးနေပြီလေ”
“ဖေဖေကတော့ မေမေ့ကို မရိုးပါဘူးနော်”
တင်တင်က ဖျန်ဖျန်ဖြေဖြေ ဝင်ပြော၏။
“မင်းတို့ မေမေကို အရေပြား တစ်ထောက် အလှကို ကြည့်ပြီး ယူလာတာမှ မဟုတ်တာ၊
စိတ်ရင်းစေတနာ ဖြူစင်တယ်၊ ရိုးဖြောင့်တယ်၊ ဇွဲသတ္တိ ကောင်းတယ်၊
ယောက်ျားတွေနဲ့ အပြိုင် လှေလှော်တာ။ တို့ ရွှေကြက်ယက်မှာ နေတုန်းကပေါ့၊
လှေလှော် ပြိုင်ကြပြီး ထမင်းဆာကြတော့ တစ်နာရီအတွင်း မီးနှစ်ဖိုမွှေးပြီး
ထမင်းရော၊ ဟင်းရော ကျက်အောင် ချက်နိုင်တာ”
“ဝက်သားလုံးဟင်း၊
ချဉ်ပေါင်ကြော်နဲ့ ငါးပိကောင်လား ဖေဖေ စားလိုက်တာ ထမင်း သုံးပန်းကန်
ကုန်တယ်။ အဲဒါ မေမေ ပြောပြတာက သုံးခါ ဖေဖေ ပြောတာ ခုနစ်ခါလောက် ရှိသွားပြီ
...”
ဝင်းဝင်းက ဝင်ထောက်တော့ ဖေဖေက ရှက်ရှက်နှင့် ရယ်နေသည်။ အေးအေးမာက လေအေးအေးနှင့် ...
“ညကျတော့- လသာသာမှာ ဖေဖေက မယ်ဒလင်တီးလို့ မေမေက တိုင်းမြန်ပြည်
လှိုင်းလေငြိမ်လို့ရှင်- တော်သလင်း ကုံရာသီအခါဝယ် လို့ ဆရာ မြို့မငြိမ်းရဲ့
ရေခင်းတော်သီချင်း ဆိုတာလဲ ပါသေးတယ်နော်”
“ဪ ဒီလောက် ချစ်ခဲ့ကြတဲ့
လင်မယားတွေလဲ အဆင်မသင့်ရင် ဆံပင်ဖွာရရာ နဖူးပြောင်တာလေးကို ဖုံးတဲ့
ကြွကြွရွရွ ကောင်မလေးတွေ တွေ့ရင်လဲ ခွဲခွါရသေးတာနော်”
အေးအေးမာက ညည်းပြနေသည်ကို မေမေ့စိတ်က ဘယ်လိုမှ မလည်ခဲ့။
“ယောက်ျားတွေစိတ် ပြောလို့မရဘူးအေ- မေမေ့သူငယ်ချင်းရဲ့ ညီမလိုလဲ
ဖြစ်နေပါဦးမယ်။ သူ့ယောက်ျားက လက်ဖက်ရည်ဆိုင် ထိုင်တာ ဝါသနာပါတာမို့
လက်ဖက်ရည်ဆိုင် ဝိုင်းမှာ သီရိဒုံ လာတုန်းက ဆံတိုလေးနဲ့ ဘယ်လို ချစ်စရာ
ကောင်းတာ။ ဘယ်လို တော်တာ။ တဒုံတည်း ဒုံနေတော့ ကောင်မလေးလဲ ခံပြင်းပြင်း
ရှိတာနဲ့ ငါ့ယောက်ျား ဒီလောက် ဆံပင်တိုတဲ့ မိန်းကလေးမျိုး တမ်းတလှတာရယ်လို့
တစ်ခါတည်း တင်ပါးလောက်အထိ ရှည်တဲ့ သူ့ဆံပင်ကို ဖြတ်ပစ်တာ ဘိုကေသာသာပဲတဲ့
ယောက်ျားက ရင်ဘတ်စည်တီး ဖြစ်သတဲ့ ...”
“ကောင်းတယ် သူဘာလို့ ဒီလောက် ဖြစ်နေတုန်း”
ဝင်းဝင်းက ဝင်၍ ထောပနာ ပြုသည်။
“နေဦး ဇာတ်လမ်းက မပြီးသေး၊ နောက်နည်းနည်းကြာလာတော့ အန်း မင်းသမီး
မြန်မာပြည်ကို လာလည်ပါရောလား။ အယ်လီဇဘက် ဘုရင်မကြီးရဲ့ သမီးလေ အဲဒီတော့
အန်း အကြောင်း လက်ဖက်ရည်ဝိုင်းမှာ ပြောမဆုံးဘူးတဲ့။ ဒီတော့ ဒီကောင်မလေးက
သူရှည်လာတဲ့ ဆံပင်ကို ဆံစုနဲ့တွဲပြီး ဆံထုံးထုံးပြီး ရှိုးထုတ်၊ ရုံးကို
လိုက်လည်သတဲ့ ရုံးက ကောင်လေး သူငယ်ချင်းတွေက မင်းမိန်းမ အန်းနဲ့
တူတယ်ဆိုပြီး ဝိုင်းငန်းကြတော့ ကျွဲမြီးတို ပါရောတဲ့”
“ကောင်းလိုက်တာ၊ အရသာ ရှိလိုက်တာ”
ဝင်းဝင်းက ကြားထဲမှ အကုသိုလ် ဖြစ်မိသေးသည် ဖေဖေက ရုံးသွားခါနီးဆဲဆဲ စိတ်မသက်မသာ ဖြစ်ပြီး သက်ပြင်းရှည် ချကာ။
“ဒါတွေဟာ အပေါ်ယံ ပြဿနာပါကွာ၊ အရေးကြီးတာက လင်မယား ကြင်ကြင်နာနာနဲ့
မြတ်မြတ်နိုးနိုး၊ တစ်ယောက်ကို တစ်ယောက် နားလည်ပြီး ခွင့်လွှတ်ဖို့”
“ဖေဖေကလဲ ယောက်ျားတစ်ယောက်က ကိုယ့်မိန်းမ ရှိရဲ့နဲ့ တခြားတစ်ယောက်ကို စိတ်ဝင်စားတာ ဘယ်လို နားလည်ပြီး ဘယ်လို ခွင့်လွှတ်ရမှာလဲ”
“ညွန့်ရေ၊ မင်း သမီးတွေတော့ မလွယ်တော့ဘူးကွ”
“ဒါ ညွန့်ရဲ့ ထရိန်းနင်အောက်မှာ ကြီးလာတော့ ဒါလောက်တော့ ရှိရမှာပေါ့”
“နောက်တစ်ချက် ပြောဖို့ ကျန်သေးတယ် ဖေဖေရဲ့”
ဝင်းဝင်းက လက်ညှိုးထောင်ကာ သူ့လက်ထဲတွင် ကိုင်ထားသော ‘မိန်းမ ဟူသည်’ ဂျာနယ်ကို ဖွင့်လှန်ပြီး၊
“ယောက်ျားတစ်ယောက်၏ မိန်းမကို အခြားတစ်ယောက်က ခိုးယူပေါင်းသင်းလျှင်
အခိုးခံရသူက မယားခိုးမှုအဖြစ် တရားစွဲပိုင်ခွင့် ရှိသော်လည်း မိမိ၏
လင်ယောက်ျားက တခြား မိန်းမတစ်ဦး ထပ်မံ ပေါင်းသင်းနေထိုင်လျှင်
လင်ခိုးမှုဖြင့် တရားစွဲဆိုခြင်း မပြုနိုင်ဘဲ။ မိမိ၏ အခွင့်အရေးထဲမှ ခွဲဝေ
ပေးခြင်း ခံလိုက်ရသေးသည်။ ယောက်ျားတို့က ပဒေသရာဇ် စနစ်၊ နယ်ချဲ့စနစ်နှင့်
အရင်းရှင် စနစ်တို့၏ ကျေးကျွန်များ အဖြစ်သာ ခံကြရသော်လည်း မိန်းမတို့မှာမူ
သဘာဝတရား၏ ကျေးကျွန် ယောက်ျား၏ ကျေးကျွန် အဖြစ်များပါ ထပ်၍ ခံလိုက်ရသေးသည်
တဲ့။ ဒါ အရေးအကြီးဆုံး ပွိုင့်ပဲ ဖေဖေရေ၊ မိန်းမတွေကို ယောက်ျားတွေ
နားလည်ဖို့ ပိုလိုတာ၊ ကြင်နာဖို့ လိုတာ၊ ကျားသနားမှ နွားချမ်းသာဆိုတာ
တကယ်မှန်တယ် ဖေဖေရဲ့ မိန်းမတွေက ဘဝတစ်ခုလုံး အဆုံးရှုံးခံပြီး
အိမ်ထောင်တစ်ခု ထူထောင်လိုက်ရပြီ ဆိုတော့ သူတို့ရလာဒ်ဟာ လင်က ကိုယ့်မယား
ကျန်တာ ဖွဲနဲ့ ဆန်ကွဲ ဖြစ်ဖို့ပဲ”
“သမီးက ရှေ့နေ အလိုက်ကောင်းတယ်။ ဆရာမ လုပ်မယ့်အစား ဥပဒေသင်တန်း အတက်ခိုင်းရရင် ကောင်းမှာပဲ”
“နေဦး ဖေဖေ့ကို မေးရဦးမယ်၊ ဖေဖေက အရေပြားတစ်ထောက် အလှကို မကြည့်ပါဘူး
ဆိုတော့ ဖေဖေ မေမေ့ကို တွေ့စက အသားမည်းမည်း၊ သွားခေါခေါ၊
မျက်စ်စောင်းစောင်း ဆိုရင် ကြိုက်မလား”
“ဒါတော့ ချောင်ပိတ် ဖမ်းပြီကွာ”
“မဟုတ်ပါဘူး။ ဝင်းဝင်းက ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။ ဘာပဲဖြစ်ဖြစ်
မေမေဟာ မလှတောင် အသားဝါဝါ၊ ပုပြတ်ပြတ်ပေမယ့် အချိုးကျတဲ့ကိုယ် ချစ်စရာ
ရူပကာတော့ ရှိတယ် မဟုတ်လား”
ဤတွင် အေးအေးမာက သူ့အကွက် ဆိုက်လာကာ။
“ဒါကြောင့်မို့ ဒီချစ်စရာ ရူပကာယလေးကို ထိန်းသိမ်းရအောင် ထိပ်ပြောင်နေတာကို ကာကွယ်ဖို့ ဆံပင်ကို ကောက်လိုက်ပါလို့ ဆိုနေတာ”
ဆွယ်တရား ဟောပြန် လေသည်။
မေမေ့ ရှေ့တွင်ပင် ကျောင်းအုပ်ဆရာမကြီး တစ်ယောက် သူ့ရှေ့မှ ဆံပင်တွေ
ကျဲပါး ထိပ်ပြောင်နေတာကို အေးအေးမာက ဆံပင်ခွဲကြောင်းပါ ပြောင်း၍ ကောက်ပေး
လိုက်လေသည်။ ဆံပင်များကား လှိုင်းတွန့်လို့ မခို့တရို့ ကောက်ရုံမျှသာနှင့်
ပွရောင်းရောင်း ဖြစ်လာသည်။ ထိပ်ပြောင် ပါးကျဲတာလည်း ပျောက်သွားသည်မို့
ကြည့်၍ ကောင်းလာသည်။
“တပည့်တွေ ဆရာ ဆရာမတွေ၊ ကျောင်းသားမိဘတွေနဲ့ ဆက်ဆံနေရတော့ ဆံဖြူသွားကျိုး ဆိုရင် လူမလေး ခွေးမခန့်နဲ့”
“ဆရာမကြီး ရုပ်ပါ ပြောင်းသွားတယ်။ နုလဲ နုသွားတယ်”
“ဆံပင်ကောက်ခ အပြင် မုန့်လဲ ဝယ်ကျွေးပါ့မယ်”
“တကယ် ပြောတာပါ တီဗွီမှာ သတင်းလွှင့်တဲ့ ဒေါ်နွယ်မာဝင်း လိုလို ဘာလိုလိုပါပဲ။ ဆံပင်ပုံစံ လှသွားတာ ပြောတာပါ”
“ဪ ဆံပင်ပဲ လှတာလား လူကကော”
“လူလဲ လှပါတယ်”
အားလုံး တသောသော ရယ်မောမိကြသည်။
* * *
(၃)
သို့တိုင်အောင်ပင် မေမေက ခေါင်းမာစွာ ဆံပင်ကောက်ရန် ငြင်းဆန် နေဆဲပင်။
စောစောက ကျောင်းအုပ်ဆရာကြီး ဆိုရင် မေမေ့ထက် သုံးနှစ်ကြီးတယ်၊ ပင်စင်ယူဖို့
နှစ်နှစ်ပဲ လိုတော့တာတဲ့ ဆို၍လည်း မရ။ နိုင်ငံခြားသွား၍ အလုပ်ဝင်ခါနီးဆဲဆဲ
ဆရာဝန်မ တစ်ယောက်လည်း ဆံပင်ကို ပုံစံပြောင်းရန် ကောက်သွားသေးသည်။
“သမီးက သိပ်တော်တာပဲ။ စိတ်လဲ အတော်ရှည်တယ်။ ဒီနှင်းဆီခိုင်ကို နန်းရှေ့
ဒေါနဘွားရပ်မှာ ဖွင့်မယ့်အစား ရန်ကုန်မြို့လယ်မှာသာ ဖွင့်ရင် ပိုက်ဆံ `သဲ့´
ယူသလို ရမှာ သမီးရဲ့”
ထို့နောက် “သမီးမေမေရဲ့ ဆံပင်ကိုလဲ
ပြုပြင်ပေးဦး” ဟု အလှပြင်သူ ဆယ်ယောက်တွင် လေးယောက်လောက်က ပြောသွားတတ်သည်။
မေမေက သူငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ထုတ်ပြရင်း
“အမောက်တွေ ခေတ်မစားခင် ကတည်းက မေမေက အမောက် လုပ်ခဲ့တာ”
“ဟင် ဟုတ်သားပဲ။ အဲဒီ ဆံပင်ပုံစံ ခေတ်ဆန်တယ်နော်။ ခုခေတ် မင်္ဂလာဆောင်တွေမှာ
ထုံးကြတဲ့ ဂျပန်ဆံထုံးတွေ ရှေ့က အမောက်တွေ အတိုင်းပဲ မေမေ့မျက်နှာ
လုံးလုံးလေးနဲ့လဲ လိုက်တယ်”
“အဲဒီတုန်းက ဒီအမောက်ကြီးကို ယောက္ခမတွေ၊
ခဲအိုတွေက ဝိုင်းပြောကြတာ မေမေက မမှုပါဘူး။ မိန်းကလေး အမောက်တွေကို
ကတ်ကြေးနဲ့ လိုက်ဖြတ်တာ ဖြစ်လိုက်သေးတယ် မေမေလဲ နည်းနည်းမှ မဖြုန်ဘူး”
“ဖေဖေနဲ့ မရခင်တုန်း ကတည်းက ဒီအမောက် လုပ်ခဲ့တာလား”
“အင်းပေါ့။ ကြာလှပါပြီ အပျိုတုန်းကတည်းက”
“ဒါနဲ့များ မေမေရယ်၊ ခုလဲ အဲဒီ ဆံပင်တွေကို ဖြတ်ပြီး အမောက်တွေ၊ အကောက်တွေ
လုပ်ပါတော့လား။ ဘာမှ မကြာပါဘူး ခဏလေးရယ်။ အေးအေးမာ လုပ်ပေးရင် ဆံပင်လဲ
မနာစေရဘူး”
အေးအေးမာက နားသွင်းပြန်သည်။
“ခုအရွယ်ကျမှ ဘာလုပ်မှာလဲအေ”
“ဪ မေမေကလဲ ခုအရွယ်ကျမှ ပြင်ရတာ ငယ်တုန်းဆိုတာ သူ့အလိုလို လှပြီးသား”
“ဘာအတွက်လဲ။ ဘယ်သူ့အတွက် လှရမှာလဲ”
“ဖေဖေတို့၊ ဝင်းဝင်းတို့၊ တင်တင်တို့၊ မာမာတို့ အတွက်ပေါ့”
“ဒီလို ထိပ်ပြောင်နေတဲ့ မေမေဆိုရင် မချစ်ကြဘူးပေါ့”
“ဒီလိုလဲ ဘယ်ဟုတ်ပါ့မလဲ။ မေမေ့ကို ဘယ်လိုပဲဖြစ်ဖြစ် ချစ်နေကြတာပဲ။ လှစေချင်တာက စေတနာ အရင်းခံ သပ်သပ်”
“မေမေမှ မလှချင်တော့ပဲ”
“သမီးတို့ကတော့ မေမေ့ကို လှစေချင်နေတာပဲ”
“လှစေချင်လဲ မထူးတော့ပါဘူး။ တဖြည်းဖြည်းချင်း ရုပ်အဆင်းက ပျက်လာတာတော့။ `ဇရာ´ ဆိုတာ မလာနဲ့လို့ တားလို့ မရဘူး”
“ဒါပေမယ့် သူ့အရွယ်နဲ့သူ ပြင်သွားရင် ဇရာဆိုတာ ထိန်းလို့ ရပါတယ် မေမေရဲ့”
“သစ်ဆန်းတဲ့ အပြင်အဆင်တွေနဲ့ သမီးရဲ့ ဖေဖေ စိတ်ကို မဆွဲဆောင် ချင်ပါဘူး။
ဒါဟာလဲ အနှောင်အဖွဲ့ တစ်ခုပဲ။ ဒီ အနှောင်အဖွဲ့တွေဟာ ကိုယ့်အဖို့
နေရထိုင်ရတာတွေဟာ နည်းနည်းမှ မလွတ်လပ်ဘူး သမီး”
တစ်သက်လုံးပဲ
ဒီစိတ်မျိုး ထားခဲ့တာပဲ။ မေမေက တွေး၏။ လင်ယောက်ျားနောက် စတင်
လိုက်လာကတည်းက ယောက်ျားအတွက်။ သားသမီးတွေအတွက် အနစ်နာ ခံရတော့မည်ဟု
မတွေးခဲ့ဘူးလား။ “မောင်နဲ့ ပေါင်းရင် ညွန့် ဆင်းရဲမှာ” ဟု မောင်က
ညည်းခဲ့ဖူးတာလည်း ဘာကိုမှ မစိုးရိမ်ခဲ့ဘူးတာ အမှန်ပင်။ အရာရှိကြီး
တစ်ယောက်၏ တစ်ဦးတည်းသော သမီး၊ စာရေးလေး `မောင့်´ နောက် လိုက်လာတော့
အားလုံး ခြေမဲ့လက်မဲ့၊ လက်ဝတ်လက်စားတွေကို ခေါင်းအုံးပေါ်
ချွတ်ပုံထားခဲ့သည်။
ခိုးရာလိုက်ပြေးသော ညနေတုန်းက ဘိုင်ကျနေသော
မောင်က လက်ဖက်ရည် တစ်ခွက်နှင့် ပေါင်မုန့်တစ်ချပ် ဝယ်ကျွေးသည်။ ညနေစာ ထမင်း
ငတ်ခဲ့သည်။ အိမ်မှာ ကိုယ်တိုင် ချက်ခဲ့သော ငါးဖယ်ဆုပ်ဟင်း၊ ပဲကြီးနှင့်
ဆူးပုပ်။ မရမ်းသီးထောင်းကို တမ်းတရင်း နည်းနည်းတော့ ဝမ်းဗိုက်ဟာသည်။ ဟိုဘက်
အိမ်ခန်းက အမကြီး တစ်ယောက် အမှိုက်ပုံထဲ လာပစ်သော ထမင်းခြမ်းခဲကို
ကောက်စားချင်စိတ် ဘယ်လိုပေါက်မှန်း မသိ။ ဆားနှင့် ဆုပ်စားရရင် နတ်သုဓာတမျှ
နေမှာပဲ။ ဒါတွေ နောင်ကျ သမီးတွေကို ပြောပြရင်း ရယ်စရာ ဖြစ်ခဲ့သော်လည်း
ထိုညနေတုန်းကတော့ မောင် မမြင်အောင် မျက်ရည် လည်ခဲ့ဖူးတာ ဘယ်တော့မှ မမေ့။
“ကောက်စားလိုက်ရောပေါ့ မေမေရယ်”
ဝင်းဝင်းက နောက်သော်လည်း သူသည်လည်း မျက်ရည်တွေ ဝဲနေသည်။
ဒါတွေဟာ ပြန်ပြောဖို့ မလိုသော်လည်း ဝင်းဝင်းတို့ဖေဖေ သတိရတန် ကောင်းသည်။
မိန်းမ၏ ဆံပင် ထိပ်ပြောင်တာနှင့်၊ အရေလိပ် သွားတာနှင့် အချစ်
ပြယ်တော့မည်လား။ လှတော့လည်း လှချင်ပါသည်။ မညာချင်ပါ။ သို့သော်လည်း
အတင်းဖန်တီး လှရမည်ကိုတော့ ဝန်လေးလှသည်။ လှချင် ပချင်စိတ် ငယ်ရွယ်သူတွေ
အတွက် ထားလိုက်ပါတော့။ သမီးအထွေးဆုံး “အေးအေးမာ” ၏ နှင်းဆီခိုင် အမျိုးသမီး
အလှပြုပြင်ရေးဆိုင် လူစည်ကားတာ ကိုတော့ လိုလားပါသည်။ ဟိုတစ်နေ့တုန်းက
ငွေတစ်ရာကျော်၊ မနေ့တုန်းက ငွေခြောက်ဆယ် ဖန့်ခနဲ ရသည်။ စုစုပေါင်း သမီးက
တစ်ပြားမကျန် အပ်သည်။ ဝင်ငွေမှာ ငါးရာနီးပါး ရနေပြီ။ တစ်ပတ် မပြည့်ခင်
ရသည့် ဝင်ငွေ။ သည်ငွေနှင့် ဆန်တစ်အိတ် ဝယ်လိုက်မည်။ သမီးလေး
ချမ်းသာဖို့လည်း မေတ္တာပို့ရဦးမည်။
မေမေ ဆံပင် မကောက်ချင်တော့တဲ့
အတွက်တော့ အေးအေးမာ ခွင့်လွှတ်စေချင်သည်။ မေမေ အဆုံးသတ်စကား ပြောချင်သည်မှာ
... နစ်နာလှသော မိန်းမဘဝတွင် ကိုယ့်ယောက်ျား သူ့ယောက်ျား၊ ဘယ်သူပဲ ဖြစ်ဖြစ်
ကလေးများမေမေ တစ်ဦးတည်းကိုသာ ရာသက်ပန် ချစ်တတ်ဖို့ပဲ ဖြစ်သည်။
------
ခင်ဆွေဦး
မဟေသီ၊ မတ်၊ ၁၉၈၉။
No comments:
Post a Comment