ထဘီဖာ လိုပါသေးရဲ့၊ တဘက်ဖာ လိုပါသေးရဲ့၊ ဘီးနဲ့မှန် လိုပါသေးရဲ့ …
(၁)
ရွာက သူကြီးဟောင်း ကိုတက်ရိုးက ဖလံကျင်းသူ မမြသင်နဲ့ မင်္ဂလာဆောင်တော့မယ်
ဆိုတော့ သက်ကယ်တန်းတစ်ရွာလုံးက ရယ်လိုက်ကြတာ အုန်းအုန်းထလို့။
တချို့ကတော့လည်း မရယ်နိုင်ကြဘူး။ ကိုယ့်ရွာက သူကြီးဟောင်းကို သိပေမယ့် ဖလံကျင်းသူ မမြသင်ကို တချို့က မမြင်ဖူးကြဘူးကိုး။
သက်ကယ်တန်းနဲ့ ဖလံကျင်း ဆိုတာ တစ်နယ်တော့ တစ်နယ်တည်းပဲ၊ ဒါပေမဲ့ နည်းနည်းတော့ လှမ်းတယ်။ နေ့ဝက်ခရီးလောက် သွားရတယ်။
မမြသင်က သက်ကယ်တန်းက ရီးပေါက်စတို့နဲ့ ဆွေရိပ်မျိုးရိပ် မကင်းတော့
သက်ကယ်ပျစ်ချိန်ဆိုရင် သက်ကယ်ပျစ်ဖို့ တစ်နှစ်တစ်ခေါက် ရောက်လာတတ်တယ်။
အသားဖြူဖြူ၊ မျက်နှာဝိုင်းကလေးနဲ့။ ရှိလှမှ အသက်က နှစ်ဆယ်ကျော်ရင် တစ်နှစ်
ပဲ။ ရွာက သူကြီးဟောင်း ကိုတက်ရိုးကတော့ အသက် ခုနစ်ဆယ်ကျော်လို့ ရှစ်ဆယ်
သီသီဝေ့နေပြီ။ ကညာပျိုနဲ့ ဇရာအို ရယ်လို့တောင် မဟုတ်ပါဘူး၊ တချို့က
မြေးအဘိုးတဲ့၊ တချို့ကလည်း နှမြောလို့ တဲ့ စုတ်တသပ်သပ်နဲ့၊ တချို့ကလည်း
"ဘဝအကြောင်းကိုး တော်ရဲ့” တဲ့၊ တချို့ယောက်ျားတွေကတော့ "မိန်းကလေးနှယ် …
ကြိုက်စရာရှားလို့ကွာ။ ချီး …” ဆိုတဲ့ အာခံတွင်းသံကြီးနဲ့။
ဘာပဲဖြစ်ဖြစ်လေ … ပဲ၊ နှမ်း လေး ပေါ်တာနဲ့ မင်္ဂလာဆောင်တော့မယ် ဆိုတာကတော့
သေချာနေပြီ။ ရီးပေါက်စကပဲ ကမကထလုပ်ပြီး မကွေးဘက် တက် လက်ဖက်လေး ဆေးလေး
ဝယ်လို့၊ အိပ်ရာခမ်းနားလေး ဝယ်လို့၊ မမြသင်ဖို့ အဝတ်အစားလေးဘာလေး ဝယ်လို့ …
တစ်တိတစ်တိနဲ့ လုပ်နေကြပတဲ့။ မမြသင်ဘက်က မိဘဆွေမျိုးများကလည်း သက်ကယ်တန်းကိုလိုက်လာတာ နှစ်ခါတောင်ရှိပတဲ့။
* * *
(၂)
သူကြီးဟောင်း ကိုတက်ရိုးလို့သာ ပြောရတာ ဘကြီးတက်ရိုး၊ ဒါမှမဟုတ်
ဘိုးတက်ရိုးတောင် ဖြစ်နေပါပြီ။ သျှောင်တစ်စောင်းကလေးနဲ့ ပိတ်ဖြူကလေး
ကပိုကရို ရစ်ခွေပတ်ထားတတ်တာလည်း ရှိရဲ့။ ကြာဆံချောင်းတွေလို
ဆံပင်ဖြူဖြူကျားကျားတွေက ပိတ်စခေါင်းပေါင်းပဝါကြားက ထွက်နေလိုက်တာ
အမျှင်မျှင်ထလို့။
သွား ဆိုတာကလည်း ဘယ်တုန်းကမှ တိုက်ခဲ့ပုံမရဘူး၊ နီညစ်ညစ်နဲ့။ ကွမ်းသွားချေးတွေ တက်နေလိုက်တာလည်း ရွံစရာကြီး။
သည်ကြားထဲ သွားတွေက ကျိုးနေလိုက်သေးတယ်။ စိုက်သွားလေး ကူထားလို့
ပါးချောင်နားချောင်တော့ သိပ်မကျလှသေးဘူး။ အသားကတော့ တောသူ တောင်သားပီပီ
ညိုတဲ့ဘက် ကျော်ပြီး မှောင်တဲ့ဘက်ရောက်နေလို့ သူနဲ့ရာထူးတူတဲ့
သူကြီးချင်းကတောင် "သက်ကယ်တန်းသူကြီးက နချီးပိုးထိုး” တဲ့။
သူ
သူကြီးဘဝတုန်းကတော့ ဘာအကြောင်းလဲ။ သူကြီးအာဏာ လက်တစ်ဆုပ်လောက်ပေမယ့်
ရွာမှာတော့ ဖိန့်ဖိန့်တုန်ထဲကပဲ။ ရွာဘုရားပွဲတွေမှာ သူများသူကြီးတွေလို
နှစ်လုံးပြူးတွေဘာတွေ ကိုင်မနေပါဘူး။ ဝါးရင်းတုတ်ကြီးကြီး
လက်တစ်ကိုင်လောက်ကို သူ့အရပ်နဲ့ တိုင်းဖြတ်ပြီး ကိုင်ထားရုံပဲ။ သူ့နောက်က
ရာအိမ်မှူးငမှုံကို ခေါ်ခဲ့ပြီး ပွဲခင်းတစ်ခင်းလုံး လှည့်နေတော့တာ။
သက်ကယ်တန်းသူကြီး ကိုတက်ရိုး ဆိုလို့ကတော့ မူးတဲ့လူတောင် အမူးပြေလောက်အောင်
ကြောက်တယ်။ မိုက်လို့ဆိုးလို့များတော့ ရိုက်စရာရှိရင်
ကျွဲရိုက်နွားရိုက်ပဲ။
လူတိုင်းတော့ အကြောင်းမဲ့ရိုက်နှက်နေတာ
မဟုတ်ပါဘူး၊ တော်တော်ဆိုးမှပါ။ သူပိုင်တဲ့ လယ်တွေချောင်းတွေ ဆိုတာလည်း
မပြောနဲ့တော့။ အနောက်ကွင်း နတ်ကွန်းစင်ဘက်ကနေ လက်ညှိုးသာထိုးလိုက်၊
မြစ်နားတန်းညို့ညို့အထိက သူ့လယ်ချည်းပဲ။ မြေပဲခင်း၊ နှမ်းခင်း ဆိုတာတော့
မမြင်ချင့်အဆုံး။
အရက်ကလေးကလည်း ကြိုက်တယ်။ ဒါကလည်း
တမင်ကျင့်ထားရတာ။ ဝန်ထောက်တို့၊ မြို့ပိုင်တို့ လာရင် ဒါမှအဆင်ပြေတာကိုး။
ကက်တော့ တော်တော် ဝါသနာကြီးတယ်။ သူကြီးရင့်မကြီးလုပ်ပြီး နေ့လယ်နေ့ခင်း
ဈေးလယ်ကောင် ကက်သွားဆွဲချင် ဆွဲနေတတ်တာ။ ဝါးရင်းတုတ်ကြီး
တိုင်ဘေးထောင်ပြီး တစ်နေကုန် ထုံးခွေကြေး ကက်ဆွဲကြတော့ သူ့မျက်နှာ ထုံးတွေ
အစင်းလိုက်ပဲ။
သူများမျက်နှာတွေလည်း ထုံးတွေ အချောင်းလိုက်ပဲ။ ညနေ မိုးချုပ်ခါနီး ကက်ဝိုင်းပြီးလို့ ပြန်လာရင် မျက်နှာသစ်လာတာ မဟုတ်ဘူး။
ထုံးကြောင်းအရစ်အရစ်တွေနဲ့ သည်အတိုင်း အိမ်ပြန်လာတာ။ အိမ်ရောက်တော့မှ
မျက်နှာသစ်တယ် (သူကြီး ဆိုတော့လည်း မျက်နှာကထုံးတွေနဲ့ ရယ်စရာကြီး
ဖြစ်နေပေမယ့် လမ်းတွေ့တဲ့လူကလည်း မရယ်ရဲဘူး)။
"ကနေ့
အဖေချည်းရှုံးတာပဲ သမီးရေ …” ဆိုပြီး အိမ်ပေါ်တက်လာတော့ သမီးကြီး (တတိယသမီး)
မတင်ဥက "အဖေကလည်းတော် … သူကြီးလုပ်နေပြီး မျက်နှာ ထုံးတွေနဲ့။ မရှက်ဘူးလား”
လို့အမြဲ ပြောတတ်တယ်။
"ဟ … သူကြီး ဘာဖြစ်တုံး … သူကြီးလည်း လူပဲဟ”
ဆိုပြီး မျက်နှာသစ်တယ်။ နောက်တစ်နေ့ နေ့လယ် ကက်ဝိုင်းသွားမြဲပါပဲ။ တစ်ခါတလေ
ကစားဖက်က နိုင်လို့ သူကြီးမျက်နှာ ထုံးမခွေရဲဘူး ဆိုရင် …
“ဟကောင် …
ခွေလကွာ … သူကြီးမို့ ထုံးမခွေဘူး ဆိုရင် ဘယ်တရားပါ့မလဲကွ။ ကက်ဆွဲရတာ ဘယ်
အရသာရှိတော့မှာလဲ။ လုပ်ပါ ငါ့ကောင်ရ … ခွေပါ …” လို့ ပြောပြီး
မျက်နှာထိုးပေးတတ်တယ်။
တကယ်က ကိုတက်ရိုးက သူကြီးမျိုးမဟုတ်ဘူး။
ပညာကတော့ အပြင်အောင်ခြင်း၊ အတွင်းအောင်ခြင်းလောက်ပါပဲ။ သူ့အရင်
သက်ကယ်တန်းသူကြီးက ကိုကံရင် တဲ့။ အဲဒီတုန်းက ကိုတက်ရိုးက သူကြီးရဲ့
ညာလက်ရုံး။ သူကြီးကိုကံရင်မှာ သားမရှိဘူး၊ သမီးတွေချည်း မွေးထားတာ။ သူကြီး
ကိုကံရင် အသက်ကြီးတော့ သူ့သမီးတွေထဲက မကျင်လှကို ကိုတက်ရိုးနဲ့ ပေးစားတယ်။
ဒါဘာပွဲ တို့၊ မင်းပွဲတို့မှာ ကိုတက်ရိုးကို ပွဲထုတ်တယ်။
ကိုကံရင်
သေတော့ သမက်ကိုတက်ရိုး သူကြီးဖြစ်လာတာပါပဲ။ သူကြီးဖြစ်တဲ့နှစ်က ကိုတက်ရိုး
ပိုက်ဆံတော်တော်ကုန်တယ်။ မြို့ပိုင် တို့၊ နယ်ပိုင်တို့
ရွာကိုကြွတော်မူတယ်ဆိုရင် ကိုတက်ရိုးက အရိုးခံ မဟုတ်လား၊ ဘာမှမလုပ်တတ်ဘူး။
သူ့မိန်းမ မကျင်လှက သူကြီးသမီး ဆိုတော့ ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ ဒီလို
ဒီလို လုပ် ပေါ့၊ ဒီဟာ ဒီဟာ ကျွေး ပေါ့၊ ဒါလေး ဒါလေး ပေးပေါ့ ဆိုတော့မှ
သူကြီးပါးဝသွားတော့တယ်။
မကျင်လှနဲ့က နှစ်အစိတ်လောက်
ပေါင်းလိုက်ရတယ်။ မကျင်လှ မီးယပ်သွေးဆုံးနဲ့သေတော့ ကိုတက်ရိုးက
ငါးဆယ်ကျော်ရုံရှိသေးတယ်၊ အရွယ်ကောင်းတုန်း။ သားနှစ်ယောက်၊ သမီးသုံးယောက်
ကျန်ရစ်တယ်။ ငတင် တဲ့၊ ငမှင် တဲ့၊ မတင်ဥ တဲ့၊ မကျင်နု တဲ့၊ မခင်ပု တဲ့။
သားကြီးကိုတင်က ခေတ်ပညာတတ်တယ်။ မကွေးမှာ ကျောင်းထားတယ်။ သူကြီးလည်း
လုပ်ချင်ပုံမရတော့ သားလတ်ကိုမှင်ကို နားသွင်းရတယ်။ သူကြီးလက်စွဲလေး ဘာလေး
ဖတ်ခိုင်း၊ ရပ်အမှု ရွာအမှုတွေ စစ်တော့ နားထောင်ခိုင်း၊
သူကြီးအစည်းအဝေးလေးဘာလေး စာရင်းလုပ်ခိုင်း၊ ကောက်ခိုင်းနဲ့ သူကြီးထရိန်နင်
ပေးလာလိုက်တာ ရွာက တော်ရုံကိစ္စ ကိုမှင်နဲ့တင် ပြီးတယ်။
မကျင်လှ ဆုံးပြီးလို့ လေးနှစ်လောက်ကြာတော့ ကိုတက်ရိုး မိန်းမထပ်ယူတယ်။ သက်ကယ်တန်းကပါပဲ။ ဆွေကြီးမျိုးကြီးထဲကပါ။ မငြိမ်း တဲ့။
မငြိမ်းက အပျိုစစ်စစ်တော့ မဟုတ်ဘူး၊ မုဆိုးမ။ သူ့ အရင်ယောက်ျားက
အပေါင်ဆိုင်ဖွင့်ထားတဲ့ တရုတ်ကိုကျင်မှိန်။ ရွှေလေးငွေလေးနဲ့
ချမ်းချမ်းသာသာပါပဲ။ ကိုကျင်မှိန်နဲ့ ကလေးမရဘူး။ အပေါင်ဆိုင် တရုတ်
ဆုံးတော့ ကျီးကြည့်ကြောင်ကြည့်ဖြစ်နေတုန်း သူကြီးကိုတက်ရိုးက
ကောက်ယူလိုက်တာ။
အပေါင်ဆိုင်တရုတ်နဲ့ ကလေးမမွေးတဲ့ မငြိမ်းက
သူကြီးကိုတက်ရိုးနဲ့ ကျတော့ မွေးလိုက်တာမှ ရှင်မွေးလွန်း ဖြစ်ကရော၊
ဆယ့်တစ်ယောက်တောင် (ဒါတောင် ကြားထဲမှာ နှစ်ယောက် ပျက်ကျသေးတယ်)။
ကိုတက်ရိုးရဲ့ အရင်မယားကရတဲ့ သားသမီးတွေနဲ့က အဆင်မပြေတော့ ဝိုင်းထဲမှာပဲ
အိမ်သတ်သတ်ဆောက်ပြီး ထားတယ်။
အရင်မယားက သားသမီးတွေနဲ့ မငြိမ်းနဲ့သာ
အဆင်မပြေတာ၊ ကလေးတွေချင်းကျတော့ အဆင်ကိုပြေလို့။ ချစ်ကြတယ်။
ကိုတက်ရိုးကလည်း မငြိမ်းမို့ မျက်နှာသာမပေးဘူး၊ အရင်သားသမီးတွေမို့လို့လည်း
ဦးစားမပေးဘူး၊ မျှမျှတတပဲ။
ခြံဝိုင်းကြီးထဲ စပါးကျီ၊ ပဲကျီ
ကြီးကြီးဆောက်ပြီး ရလာတဲ့ စပါး၊ ပဲ၊ နှမ်း လှောင်ထားတာပဲ။
မျိုးချန်စရာရှိတာ ချန်၊ ရောင်းစရာရှိတာ ရောင်း၊
စားဖို့သိမ်းတာ သိမ်းနဲ့ ရသမျှ တစ်စုတစ်စည်းတည်း ထားတာပါပဲ။
ကိုတက်ရိုး အသက်ခြောက်ဆယ်တော်တော်ကျော်လာတော့ သူကြီးအလုပ် စိတ်ကုန်လာတယ်။
အသက်ကလည်း ရလာပြီ၊ လယ်တွေ ချောင်းတွေကလည်း ရှိသေးတယ်၊ ရွာကိစ္စတိုင်းကို
ထစ်ခနဲဆို သူ မသွားနိုင်တာလည်း ပါတယ်၊ ဆိုင်ရာဆိုင်ရာနဲ့
ညှိနှိုင်းပေးကမ်းပြီး သူ့သား ငမှင်ကို သူကြီးရာထူးအပ်ပြီး သူက နားတယ်။
သျှောင်တစ်စောင်းနဲ့ သူကြီးဦးတက်ရိုးနေရာမှာ ဘိုကေနောက်မြင့်နဲ့
သူကြီးဦးမှင် ပြေားတာကလွဲရင် သက်ကယ်တန်းရွာက သူကြီးအပြောင်းအလဲကို
သိတောင်မသိလိုက်ကြဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ရွာကလေးမှာ
သူကြီးအပြောင်းအလဲကို သိပ်ဂရုစိုက်နေကြတာလည်း မဟုတ်ဘူး။
တစ်နေ့
ငမှင် သူကြီးဖြစ်မယ် ဆိုတာ ကြိုသိနေကြတော့လည်း အသွားမပျက် အစားမပျက်ပါပဲ။
ကိုမှင် သူကြီးဖြစ်လို့မှ မကြာသေးဘူး။ သူ့အဖေ သူကြီးဟောင်းကိုတက်ရိုးရဲ့
နောက်မယား မငြိမ်း သေပြန်ရော။ မငြိမ်းသေတော့ သူကြီးဟောင်းကိုတက်ရိုးက
ခုနစ်ဆယ်ကို သုံးနှစ်စွန်းနေပြီ။
လယ်လေးကိုင်းလေးလည်း ကွပ်ကဲရသေးတယ်၊ ရပ်မှုရွာမှုကလည်း တစ်ဖက်၊ ညီအစ်ကို မောင်နှမတွေအရေးက တစ်ဖက်နဲ့ ဂျင်ခြေကိုလည်လို့။
ညီအစ်ကိုမောင်နှမတွေကို အိမ်စောင့်ချသင့်သူ ချ၊ ကျောင်းထားဖို့
မြို့ကိုပို့သူ ပို့၊ လယ်ထဲကိုင်းထဲ ဆင်းခိုင်းသင့်တဲ့သူ ဆင်းခိုင်း၊
လုပ်နေတုန်းမှာပဲ သူကြီးဟောင်းကိုတက်ရိုးက ပုတီးကလေး လည်ပင်ဆွဲပြီး
ဘုန်းကြီးကျောင်း သွားသွားနေတာ နေ့တိုင်း။
ဘုန်းကြီးကျောင်း သွားတဲ့
လမ်းမှာ ရီးပေါက်စတို့ သက်ကယ်ပျစ်တဲ့ တဲကြီး ရှိတယ်။ ဟိုရွာ သည်ရွာက
မိန်းကလေး တော်တော်များများလည်း ရီးပေါက်စတို့အိမ်မှာ နေရင်း
သက်ကယ်ပျစ်ကြတယ်။ အဲဒီအထဲမှာ ဖလံကျင်းက မမြသင်လည်း ပါတယ်။
အိမ်ရှေ့
ဖြတ်ဖြတ်သွားတဲ့ သူကြီးဟောင်း ကိုတက်ရိုးကို ရီးပေါက်စက
"အိမ်များလည်းဝင်ပါဦး သူကြီးရဲ့ … ဝင်ကောင်းပါတယ်” ဘာညာ ဆိုတော့
သူကြီးလည်း ဝင်ဖြစ်ရော။ ဝင်ရင်းဝင်ရင်းကပဲ သူကြီးဟောင်း ကိုတက်ရိုး
မိန်းမလိုချင်လာရော။ ဒါကို ရီးပေါက်စက သိတယ်။
ရီးပေါက်စက
ဒါကိုတင်သိတာ မဟုတ်ဘူး၊ သူကြီးဟောင်းရဲ့ လယ်တွေ ချောင်းတွေကိုလည်း သိတယ်။
အရင်မယားတွေက ကျန်ခဲ့တဲ့ ကြံဆစ်လက်ကောက်တွေ၊ ပန်းတစ်လိမ်နန်းတစ်လိမ်
ဘယက်တွေ၊ အမ်စီကြိုးတွေကိုလည်း သိတယ်။ သေတ္တာနဲ့နှစ်လုံးလောက် ကျန်ရစ်တဲ့
ထဘီတွေ အဝတ်အစားတွေကိုလည်း သိတော့ မမြသင်ကလေးနဲ့ အောင်သွယ်တယ်။
အောင်သွယ်ခလေး စားလိုက်၊ နားလေးချလိုက်နဲ့ နှစ်နှစ်လောက်ကြာတော့
မင်္ဂလာဆောင်ဖို့ ရက်သတ်တဲ့အထိ ဖြစ်လာတယ်။ ပထမတော့ မမြသင်က ငြင်းတယ်၊
ခုနစ်အိုကျား ရှစ်အိုကျားကြီး မယူချင်ပေါင် တဲ့။
နောက်တော့ ရီးပေါက်စကလည်း အပို့ကောင်း၊ မမြသင် မိဘများကလည်း သည်သတင်းကြားတော့ တွန်း၊ ကြာတော့ မမြသင် "အင်း” လိုက်ရတယ် ဆိုပါတော့။
အဲဒီမှာတင် သူကြီးဟောင်းကိုတက်ရိုးနဲ့ ဖလံကျင်းသူ မမြသင် မင်္ဂလာဆောင်တော့မယ် ဆိုတဲ့သတင်း ထွက်လာလိုက်တာ ပျားတူအုံ တုတ်နဲ့ထိုးသလိုပဲ။
* * *
(၃)
မင်္ဂလာဆောင်မယ့် အကြိုညက မဏ္ဍပ်ထဲမှာ အောက်လင်းဓာတ်မီးတွေ ဆိုတာ ထိန်လို့။
မကွေးကိုတက်ငှားတာ ဓာတ်မီးဖိုးကချည်း တစ်ရာလောက် ကျတယ်။ ချက်တဲ့လူက ချက်၊
ပြုတ်တဲ့လူက ပြုတ် ပေါ့။ သူကြီးကိုမှင် မျက်နှာနဲ့ ဟိုရွာသည်ရွာက
လာပို့တဲ့ ဝက်တို့ကြက်တို့ ဆိုတာ ဖောချင်းပဲ။ အရက် ဆိုတာတော့ မပြောနဲ့တော့။
ပလတ်စတစ်ပုံးကြီးတွေနဲ့ ထည့်ထားတာ၊ သောက်စမ်း … ကြိုက်သလောက် သောက်။
ရွာကတီးဝိုင်းကလည်း ရသမျှသီချင်းလေးတွေနဲ့ ဧည့်ခံလို့။ သူကြီးဟောင်း
ကိုတက်ရိုးကတော့ တစ်ခါမှ ထုတ်မပေါင်းဖူးတဲ့ ပန်းနုသွေးမင်္ဂလာရောင်
ခေါင်းပေါင်း နှစ်ပတ်ကျော့လေးနဲ့ တကယ့် ကာလသားလေး ကျနေတော့တာ။ လည္ကတံုးအက်ႌ
လျှာဖတ်လတ်မှာ ရွှေသီး ဆိုတာ တစ်လုံး တစ်လုံးကို မန်ကျည်းစေ့လောက်ရှိတယ်။
တစ်ချက်မှလည်း ဣနြေ္ဒမရဘူး။ ရပ်မိရပ်ဖတွေထိုင်တဲ့ လူကြီးဝိုင်းပဲ
ဝင်ထိုင်ရတော့မလိုလို၊ ကာလသားတီးဝိုင်းထဲ ဝင်ပြီး "မေတ္တာသတ္ထော အနန္တော …
မြတ်ရှင်စော ဟောကြားကာရယ် …” ပဲ ဟဲရတော့မလိုလိုနဲ့။
သူကြီးကိုမှင်ကတော့ ဖအေသတို့သားကြီးကို ကြည့်ရင်းက ပြုံးပြုံးကြီး။
မငြိမ်းနဲ့ရတဲ့ကလေးတွေကလည်း သူတို့အဖေ အိုကြီးအိုမကို ကြည့်ပြီး ရှက်တဲ့သူက
ရှက်လို့၊ မူးတဲ့သူက မူးလို့၊ ပျော်တဲ့သူက ပျော်လို့။ မမြသင်ကိုတော့
မတွေ့ရဘူး။ ရှက်လို့ပဲလား၊ ညွှတ်နေအောင် ဆင်ထားတဲ့ ရွှေတွေနဲ့
မနေတတ်မထိုင်တတ်လို့လား မသိဘူး၊ မဏ္ဍပ်ထဲ တစ်ခါမှ မလာဘူး။ တချို့ကလည်း
ရီးပေါက်စတို့အိမ်မှာ ငိုနေလိုက်တာ ရှိုက်ကြီးငင်ကြီး တဲ့။ တချို့ကလည်း
မဟုတ်ပါဘူး တဲ့၊ သင်းကြူကြူ ပေါင်ဒါလေး လိမ်းလိုက်၊ သီချင်းလေး
ညည်းလိုက်နဲ့ပါ တဲ့။
ခက်တာက မမြသင်ရဲ့ အဖေနဲ့ အမေပဲ။
သူကြီးဟောင်းရဲ့ ယောက္ခမသာ ပြောရတယ်၊ သမက်က သူတို့ထက်ကြီးနေတော့ "သား” ပဲ
ခေါ်ရမှာလား၊ "မောင်တက်ရိုး” ခေါ်ရမှာလား၊ "သူကြီး” လို့ လွယ်လွယ်ခေါ်ရမှာလား
မဝေခွဲတတ်ဘူး ဖြစ်နေတယ်၊ ကိုတက်ရိုးကလည်း ယောက္ခမတွေကို ခေါ်ရင် "ဒီမယ်” တဲ့။
နောက်တစ်နေ့ မိုးလင်းလို့ ဘုန်းကြီးကျောင်း မင်္ဂလာဆွမ်းအုပ်ပို့ပြီးတာနဲ့
ရွာက ရွာမိရွာဖတွေ ထမင်းကျွေးဖို့ စီစဉ်တယ်။ ထမင်းမကျွေးခင် ဟိုဘက်ဒီဘက်
ဆွေမျိုးမိဘတွေ၊ လူကြီးသူမတွေ ခေါင်းရင်းဘက် တန်းစီထိုင်ပြီး သတို့သမီး -
သတို့သား မင်္ဂလာစကားပြောမယ် လုပ်တော့ မမြသင်နဲ့ ကိုတက်ရိုးက ပီဘိ
ကျုံ့ကျုံ့ကလေး ထိုင်လို့။
မမြသင်ကတော့ စံပယ်ပွင့်တွေ ဝေနေအောင်
ပန်ထားတယ်။ မျက်နှာကလည်း ပန်းသွေးထနေလိုက်တာ ရဲလို့။ ခေါင်းကလည်း
ငုံ့ထားလိုက်တာ ဇက်ကျိုးတာကမှ လှုပ်လိမ့်ဦးမယ်။ မိန်းမသုံးယောက်နဲ့
မင်္ဂလာဆောင်ဖူးသွားပြီဖြစ်တဲ့ ကိုတက်ရိုးကတော့ ရှိုးတိုးရှန့်တန့်တော့
မဖြစ်ဘူး၊ ဒါပေမဲ့ ရှက်တော့လည်း ရှက်တာပါပဲ။ သူ့သဘောအတိုင်းဆို
မင်္ဂလာဆောင်ဖို့ စိတ်မကူးဘူး၊ သည်အတိုင်း ပေါင်းလိုက်ရုံ တွက်ထားတာ။ ဒါပေမဲ့
မမြသင်ဘက်က လက်မခံဘူး။ သူ့သမီး အပျိုနုနုထွတ်ထွတ်ကို မင်္ဂလာဆောင်ယူရမယ်
ဆိုလို့သာကိုး။
မမြသင်ရဲ့ မိဘနှစ်ပါးနဲ့ ရပ်မိရပ်ဖတွေ၊ သူ့သား
သူကြီးကိုမှင်တို့ ခေါင်းရင်းခန်း နေရာဝင်ယူတော့ လာသမျှဧည့်သည်တွေကလည်း
အထူးအဆန်းဖြစ်လို့။ ငြိမ်လို့ … ပြုံးကြလို့ … ဒါပေမဲ့ မင်္ဂလာစကားကို ဘယ်သူက
စပြောမယ် ဆိုတာ ညှိမထားတော့ တိတ်ဆိတ်နေလိုက်တာ အကြာကြီး။
တစ်အောင့်နေတော့မှ ရွာက စက်ပိုင်ဦးဘရှင်က …
“မောင်မှင် … မင်းကရွာမှာ သူကြီးပဲ။ မင်းက စပြောကွာ” တဲ့။
ကိုမှင်က ဘယ်လိုမှ မျှော်လင့်ထားတာမဟုတ်ဘူး။ သူ စကားပြောရမယ် လို့လည်း
မထင်ဘူး။ ပြောလည်း မပြောသင့်ဘူး လို့ တွက်ထားတာကိုး။ ဒါကြောင့်
ဦးဘရှင်ကပြောခိုင်းတော့ တွန့်သွားတယ်။
“ဟာ … မဟုတ်တာ … ဘကြီးဘရှင်ပဲ ပြောပါဗျာ”
“အေးပါ … တို့လည်း ပြောမှာပါ။ ဟိုဘက်ဒီဘက် မိဘများကလည်း ပြောရမှာလေ။ မင်းက
မင်းအဖေဘက်က လူကြီးတစ်ယောက် အနေနဲ့ရော ရွာကသူကြီး အနေနဲ့ပါ မင်း စပြောမှ
တင့်တယ်မှာပေါ့”
အဲဒီတော့မှ ရွာကလူတွေကလည်း စိတ်ဝင်စားလာကြတယ်။
ကိုမှင်က သူ့အဖေ သတို့သားကို ဘယ်လိုပြောမှာပါလိမ့်ပေါ့။ ကိုမှင်ကတော့
ချွေးတွေသံတွေတောင် ထွက်လာတယ် လို့ ထင်တယ်။ သူ့ရှေ့က
ဖလားစုံကွမ်းအစ်ကြီးထဲက ကွမ်းသီးတစ်ဖတ် ကောက်ဝါးထည့်ပြီး အကြာကြီး နေတော့မှ
…
“အဟမ်း …”
ချောင်းမဟန့်ချင်ဘဲဟန့်တော့ လူတွေက တဝေါဝေါ စကားပြောနေကြတာ ငြိမ်သွားတယ်။
“အဖေနဲ့ … အဲ … အဖေနဲ့ပေါ့လေ … မမြသင်နဲ့ …”
ကိုမှင်က ဆက်ပြောလို့မရသလို ရပ်သွားတယ်။ ကွမ်းသီးတစ်ဖတ် ထပ်နှိုက်တယ်။ ဝါးတယ်။ မဆီမဆိုင် ရေနွေးကြမ်းတစ်ပန်းကန် ငှဲ့တယ်။
“အဖေနဲ့ မမြသင်နဲ့ ဘာသာဘာဝ ထိမ်းမြားကြလို့ မင်္ဂလာစကား ပြောပါ ဆိုတော့
ကျွန်တော်တို့ ဗုဒ္ဓဘာသာမှရှိတယ်၊ ပုဆိုးတန်းတင် အကြင်လင်မယား တဲ့ … အဟမ်း …
အရှေ့ ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် သိကြလို့ မြန်မာ့ထုံးစံ ကန်တော့ပွဲနဲ့ …
ကွမ်းဆေး လက်ဖက်နဲ့ ဧည့်ခံလို့ လင်မယားအရာမြောက်ပြီ ဆိုတာနဲ့ …”
ကိုမှင်က ငှဲ့ထားတဲ့ ရေနွေးကြမ်းပန်းကန်ကို ယူပြီး ရွှတ်ခနဲ သောက်တယ်။
သူကြီးဟောင်းကိုတက်ရိုးကတော့ သူ့သား ကိုမှင်ကို မျက်ထောင့်နီကြီးနဲ့
ကြည့်နေတယ်။ လူတွေက ရယ်ချင်ပေမယ့် မရယ်ဘဲ တင်းထားတဲ့ရုပ်တွေနဲ့။
ကိုမှင်ကလည်း သူ့စကား အမြီးအမောက် မတည့်တာ သူ့ဟာသူ သိတယ်။
ဘာဆက်ပြောရမှန်းလည်း မသိဘူး။ ခဏနေတော့မှ …
“ဒီတော့ကာ … မမြသင်ကလည်း
မယားဝတ္တရား တဲ့ … ငါးပါးနဲ့တူတယ် … အဲဒါရှိတယ်။ အဖေကလည်း
လင့်ဝတ္တရားငါးပါးနဲ့အညီ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့
နော်ဗျာ … ရသမျှဥစ္စာကိုလည်း တူအမျှ၊ ရသမျှကုသိုလ်လည်း တူအမျှ ဆိုသလို … အဲ …
ဆိုသလို … မမြသင်ကလည်း ကိုယ့်လင်သားကို လင်သားလို၊ အစ်ကိုလို … အဖေလို
ဆက်ဆံရမယ် … အဖေကလည်း ဒီလိုပဲနော်။ အဖေကလည်း ခါတိုင်းလို မမိုက်နဲ့တော့ …”
သူကြီးဟောင်း ကိုတက်ရိုးက သူ့သား ကိုမှင် ပြောနေတာကို ဒေါသပဲ
ဖြစ်နေလို့လား၊ စိတ်ပဲ မကောင်းလို့လား မသိဘူး။ မျက်လုံးကြီးတွေကလည်း
ပြူးလို့။
“မမိုက်နဲ့ ဆိုတာက အဖေ ကက်လည်း ဖြတ်တော့။ အရက်လည်း ဖြတ်တော့။ အသက်ကလည်း နားထင်ဆောင့်နေပြီ”
ကိုတက်ရိုးက သူ့သားကိုမှင်ရဲ့ မင်္ဂလာစကားထဲမှာ ကက်တွေ ရော၊ အရက်တွေရော၊
မမိုက်နဲ့တော့ရော ပါလာတဲ့အထိက ဘာမှမပြောသေးဘူး၊ အသက် နားထင်ဆောင့်နေပြီ
ဆိုရော …
“ဟေ့ကောင် ငမှင် … ခွေးသား … တော်တော့ကွာ” တဲ့။
အော်လိုက်တာ မင်္ဂလာပွဲလာကြတဲ့လူတွေ ဆိုတာ အုံးခနဲ ထရယ်တာ ပတ်တုတ်ယူရတယ်။
* * *
(၄)
အရင်မယားနှစ်ယောက် ယူခဲ့တုန်းက မယားတွေသာသေခဲ့တဲ့ သူကြီးဟောင်း ကိုတက်ရိုး
မမြသင်နဲ့ ညားလို့ ခြောက်လလောက်လည်း ကြာရော သည်တစ်ခါသေတာ သူကိုယ်တိုင်
ဖြစ်သွားတော့တယ်။
အဲဒီတုန်းက မူလကိုယ်ခံစွမ်းအား လျော့နည်းကျဆင်းတဲ့
ရောဂါ ဆိုတာလည်း မပေါ်သေးပါဘဲနဲ့ သူကြီးဟောင်းကိုတက်ရိုးကတော့ တပိန်ပိန်
တလိန်လိန်နဲ့ လုံးပါးပါးပြီး သေသွားတာ။ ဘာရောဂါရယ်လို့ မည်မည်ရရလည်း
မရှိဘူး။
သူကြီးဟောင်းကိုတက်ရိုး ခုနစ်ဆယ်ကျော်လို့ သေသွားတာက
သတင်းမဟုတ်ပေမယ့် ကျန်ရစ်ခဲ့တဲ့ မမြသင်ကတော့ ကိုယ်ဝန်နှစ်လကျန်ခဲ့တယ်
ဆိုတာကမှ သတင်းဖြစ်နေတော့ ရွာကလူတွေက "ဟယ် … ဟုတ်ပါ့မလား …" ပေါ့။
မဖြစ်နိုင်ပါဘူး ပေါ့။
သူကြီးဟောင်း သေပြီးလို့ မကြာပါဘူး၊ မမြသင် ဗိုက်ကလေး စူလာတော့မှ လူတွေက …
“ဟုတ်ပါ့တော် … သူကြီးဟောင်း ကိုတက်ရိုးတို့များ သေခါနီးတောင် ခုနစ်ထွေကလေးနဲ့” … တဲ့။
--------
နေဝင်းမြင့်
မြားနတ်မောင် မဂ္ဂဇင်း။
No comments:
Post a Comment