Monday, 18 July 2016

လေနှင်ရာတိမ်

လေနှင်ရာတိမ် (ခင်မြဇင်)
-----------------------------
နောက်ဆုံးတော့ ကိုယ့်ရပ်ကိုယ့်ရွာ သို့သာ သူ ပြန်လာခဲ့သည်။ မြို့သို့ ဝင်စ၌ပင် သင်္ဘောဆိပ်မှ တက်သည်နှင့် ညနေခင်း နေရောင်မှာ ပြောင်ပြောင်ဝင်းသော ဘုရာကြီးကုန်း ဘုရားကြီး၏ ထီးတော်ကို လှမ်းမြင်ရသည်။ မှိုင်းမှိုင်းညိုသော ညောင်မုတ်ဆိတ်ပင်များမှာ မုတ်ဆိတ်ဖွားသဏ္ဌာန် မြေထောက်ကိုင်းများ ကျလျက် ပို၍ ရင့်ကျက် အိုမင်းသွားသည် ထင်ရသည်။ ဖုန်ခိုးကြောင့် အရွက်များမှာ ဖွေးဖွေးဖြူနေကြသည်။
ပြာသော ကောင်းကင်၊ ဖုန်ခိုးရနံ့ လွှမ်းထုံသော လမ်းများပေါ်မှာ လက်ဆွဲအိတ်ကို လွယ်ရင်း ငယ်ငယ်က ခြေရာများကို အမှတ်မထင် သူ ရှာဖွေကြည့်မိသည်။ ဘုရားပရဝုဏ်ထဲသို့ ဝင်လာသည်နှင့် အေးမြငြိမ်းချမ်းသော အရသာက ရင်မှာ ပြည့်လျှံလာသည်။ ညောင်ရွက်ကြွေများမှာ အသံတဖျပ်ဖျပ် မြည်ရင်း သူ့ခြေလှမ်းနောက်မှာ ကျန်ခဲ့သည်။
ခုံတန်းကလေးတစ်ခုမှာ ဝင်ထိုင်ရင်း အနားဖြေသည်။ ရေသောက်သည်။ မွေးရပ်မြေ၏ သန့်ရှင်းကြည်လင် အေးမြသောရေသည် သူ့လည်ချောင်းတွင်းသို့ တဂွတ်ဂွတ် တဂွပ်ဂွပ် စီးဝင်သွားသည်။ သောက်ချင်ဇော အားကြီး၍ သီးပင် သီးသွားသည်။ ရေမှုတ်မှ ရေညှိစိမ်းစိမ်းတို့ကြောင့် ပို၍အေးမြလေသလား မပြောတတ်။ သူက ရှေ့မှ ခေါင်းလောင်းကို စိုက်ကြည့်နေသည်။
ရုတ်တရက် ထလိုက်သည်။ အနားမှာ တွေ့သည့် သစ်သားတုတ်ကို ကောက်ကာ ခေါင်းလောင်းကို အားရပါးရ တီးခတ်လိုက်သည်။
“ဒေါင် … ဒေါင် …၊ ဒင် … ဒင်”
ချိုမြဝေလွင်သော သံစဉ်တို့ လေထဲမှာ စီးမျောသွားသည်။ သူက သက်ပြင်းချကာ စိတ်ထဲမှ ကျူးရင့်မိသည်။
“ငြိမ်းအောင် ပြန်လာပြီဟေ့၊ ဒေါင် ဒေါင် ဒင် ဒင် ဒေါင် ဒေါင် ဒင် ဒင်”
နားထောင်ရင်း ရင်မှာ ဆို့နစ်တင်းကျပ်ကာ ကတုန်ကယင် ဖြစ်လာသည်။ မျက်လုံးများတွင် မျက်ရည်စတို့ ဖုံးချင်လာသည်။ ခုတော့ သူ ပြန်လိုသည် ဖြစ်စေ၊ မပြန်လိုသည် ဖြစ်စေ မွေးမြေကို ပြန်ခဲ့ရပြီ။ တစ်ဝမ်းတစ်ခါးအတွက် ကြောက်မက်ဖွယ်ရာ ရုန်းကန်ခဲ့ရသော မြို့ပြ၏ဘဝသည် သူ့နောက်မှ ဝေးလံသော အတိတ် တစ်ခုပမာ ကျန်ရစ်ခဲ့ပြီ။ ပညာတစ်ပိုင်းတစ်စသာ ရခဲ့သဖြင့် သူ့ဘဝ ရှေ့ခရီးကို ဘယ်နည်းဘယ်ပုံ စတင်ရဦးမည် သူ မသိ။
အဘွား၏ မျက်နှာ၊ အဘ၏မျက်နှာ မြင်ယောင်လာသည်။ အဘကတော့ မည်သို့ရှိမည် မသိ။ အဘွားသာ မြင်လျှင် ဘယ်လောက် ဝမ်းသာလိုက်မလဲ။ တွေးရင်း မျက်ရည်ကျလုလု ဖြစ်သွားသည်။ အိတ်ကလေးကို ကောက်လွယ်ကာ ခြေလှမ်းသွက်သွက်ဖြင့် လျှောက်လာခဲ့သည်။
ဖွဲခိုးများ တလွင့်လွင့် လွင့်နေသော ဆန်စက်အိုကြီး။ ချိုင့်ခလုတ်ကန်သင်း ထူပြောပြီး အမှိုက်တို့ ပြည့်နေသည့်လမ်းများ၊ အရွက်တို့ အုံ့ဆိုင်းမည်းမှောင်နေသော မန်ကျည်းပင်အိုများ။ သူကလွဲ၍ ထိုအရာများ အားလုံးသည် မပြောင်းလဲ ကြပါကလား။
“ဟေ့ … ဟေ့၊ ငြိမ်းအောင် … ငြိမ်းအောင်”
နောက်မှ ခေါ်သံ ကြားရသည်။ ရေပုံးကို ရွက်လျက် ရေသီးရေစက်ကလေးများ တင်နေသော မျက်နှာ၊ ရွှင်လန်းတက်ကြွသော အပြုံးများ။
“ဟာ … မြင့်ရီ”
“ဟယ် … ငါ ကြည့်နေတာ ကြာပြီ၊ နင် ဘုရားဝင်းထဲက ထွက်လာကတည်းက ကြည့်နေတာ၊ နင်မှ ဟုတ်ပါ့မလားလို့”
အသံတွေ တုန်ယင်နေသည်။
“မနေ့ညကလေ အဘွားကတောင် နင့်ကို အိပ်မက်မက်တယ်လို့ ပြောနေတာ၊ နင် တကယ် ပြန်လာခဲ့ပြီနော်”
သူက လှိုက်လှဲစွာ မေးသည်။
“ဟုတ်လား၊ အဘွား နေကောင်းလား”
“ကောင်းပါ့ ကောင်းပါ့၊ သူ့မြေးကို မတွေ့ရမချင်း မသေနိုင်သေးဘူးလို့ ပြောနေတာ”
မြင့်ရီ ခြေလှမ်းများမှာ မြေနှင့် ထိသည်ပင် မထင်ပေ။ မြင့်ရီက ငြိမ်သက်နေသော အိမ်ဝင်းထဲကို လှမ်းကြည့်ရင်း
“ဒီမှာ အထူးအဆန်း ဧည့်သည် ပါလာတယ်ဗျို့၊ ဘွားဘွား ဒီမှာ ဧည့်သည် လာတယ်ဗျို့”
အဘွားကို တွေ့ရမှာပင် သူ ရင်ခုန်နေသည်။
တိတ်ဆိတ်နေသော အိမ်ထဲမှ သေးငယ်ကြုံလှီသော အဘွားအိုတစ်ယောက် ထွက်လာသည်။
“ဘာတွေများ ဒါလောက် အော်ကြီးဟစ်ကျယ် ဖြစ်လာပြန်တာလဲ မြင့်ရီ”
“ဒီမှာလေ ဘွားရဲ့၊ ဘွားရဲ့ အသည်းကျော်ကြီး”
“ဘွား”
သူက ထပ်ခေါ်လိုက်သည်။
“ဟယ် … သား”
အဘွားက သူ့ဆံပင်များကို စမ်းကာ မျက်ရည်ကျနေသည်။ အကြောပြိုင်းပြိုင်း ထနေသော လက်များဖြင့် ပခုံးတစ်ဖက်ကို တင်းတင်း ဆုပ်ကိုင်ထားသည်။
“သား … သား … အမလေး ငါ့သားကြီး ပြန်လာပြီ ဟဲ့”
အဘွား၏အသံမှာ လည်ချောင်းထဲတွင် ဆို့နစ်ပျောက်ကွယ်သွားသည်။ အဘွားမှာ အင်သစ်အားသစ်တွေ ရလာသည်။ ရင်ထဲမှာ တငြိမ့်ငြိမ့်လှိုက်လှဲလာကာ အဘွားက ပြုံးရင်း ရယ်ရင်း ငိုသည်။ အဘွားငိုတော့ သူလည်း မျက်ရည်စို့ရသည်။ မြင့်ရီ ပါးပြင်မှာလည်း ရေစက်နှင့် ရောကာ မျက်ရည်စက်တို့ စိုရွှဲလာသည်။
***
ငြိမ်းအောင် ပြန်လာသော သတင်းမှာ သူတို့ ရပ်ကွက်ကလေးထဲတွင် လေ၏ လျင်မြန်ခြင်းနှင့်အတူ ပျံ့နှံ့သွားသည်။ ကလေးတွေ၊ လူကြီးတွေ အဘွား၏အိမ်ဝိုင်းထဲ စုပြုံ ရောက်လာကြသည်။
လမ်းမပေါ် တစ်ခေါက်ပြန်ရောက်သွားသော မြင့်ရီသည် စက်ဆိုင်မှ ပြန်လာသော ညိုညိုကို တွေ့သည်။
“ညိုညို … ငြိမ်းအောင် ပြန်လာပြီ ဟဲ့”
ညိုညိုက စက်ဘီးပေါ်မှ ခုန်ဆင်းလိုက်သည်။
“လုပ်လိုက်ရင် ပျာယိပျာယာနဲ့ အလန့်တကြားချည်းပဲ၊ တကယ် ပြန်လာတာ ဟုတ်လို့လား”
မြင့်ရီက ညိုညို့ကို အိမ်ထဲ ခေါ်လာခဲ့သည်။ သူတို့ သုံးယောက်ထဲမှာ မြင့်ရီနှင့် ငြိမ်းအောင်က ခုနစ်ရက်ကြီး ခုနစ်ရက်ငယ် ဖြစ်သည်။ ညိုညိုက သူတို့ထက် သုံးလ ငယ်သည်။ ခရီးလွန်နေသော သက်ဦးက တစ်နှစ်ကျော်ကျော် ငယ်သည်။ သို့သော် အပြိုင်းအရိုင်း ကြီးပြင်းလာကြတော့ ရွယ်တူတွေပဲ ဖြစ်နေသည်။ သွေးသား မတော်စပ်ကြသော်လည်း မွေးချင်းရင်းချာထက်ပင် တွယ်တာကြသည်။
ငြိမ်းအောင် မျက်လုံးထဲမှာ ညိုညိုသည် အရပ်ပိုရှည်လာသလို ပခုံးကိုင်းကိုင်းနှင့် ရင့်ကျက်စ မိန်းမကြီးတစ်ယောက် ဖြစ်လာသလို ထင်ရသည်။
“ငြိမ်းငြိမ်း … ညိုညို့ကို မှတ်မိလား”
အဒေါ်လုပ်သူက ပခုံးကို တို့ကာ မေးလိုက်သည်။
“ခွေးချီသွားတောင် မှတ်မိတယ်၊ ဒီ ကောင်မလေး”
ညိုညိုက သွားတက်ကလေးတွေ ပေါ်အောင် ပြုံးနေသည်။ သည်သွားတက် ကလေးတွေကိုပင် ငြိမ်းအောင် ငယ်ငယ်က ခွေးစွယ်ဟု စခဲ့သည် မဟုတ်ပါလား။
“နင် ပြန်လာပေလို့ပဲ၊ နင့်စိတ်နဲ့ အဘွား သေတော့မလို့၊ နင့် အဘွားမှာ အရူးတစ်ပိုင်း ဖြစ်နေတာ”
ညိုညိုက အပြုံးဖြင့် ပြောသည်။ ဒေါ်လေးသွယ်က သူ့တူကို ချစ်စနိုးကြည့်ရင်း သူငယ်ချင်းများနှင့် စကားပြောကြ ဆိုကာ ထွက်သွားသည်။ အိမ်ရှေ့ ကွပ်ပျစ်ကလေး ပေါ်မှာ အိမ်နီးချင်းများက မစဲသေး။
ညိုညိုရော မြင့်ရီရော စကားကို လုပြောနေကြရသည်။
“ငါ ရန်ကုန် ရောက်တုန်းကလေ နင့်ကို လာတွေ့မလို့၊ ဒါပေမဲ့ နင် ဘယ်နေမှန်း မသိလို့”
“နင် ကျောင်းဆက်မနေတော့ဘူး ဆိုတော့ စာပေးစာယူကော တက်ဦးမှာလား”
“ဖိုးသက် သာ နင့်သတင်း ကြားရင် ချောက်ကနေ ကဆုန်ပေါက် ချလာမှာပဲဟေ့”
ညိုညို့မျက်ဝန်းထဲမှာ ပျော်ရွှင်ခြင်းကို တွေ့ရသည်။ သို့သော် ညိုညို ဘာကြောင့် သည်လောက် ပိန်သွားသလဲ သူ မသိ။ မျက်လုံးတွေကလည်း အရောင်အဆင်း မှိန်လှသည်။ မြင့်ရီ မျက်လုံးတွေကတော့ ရွှင်လန်းတက်ကြွခြင်း အပြည့်ရှိသည်။
“စက်ချုပ်ရတာ ပင်ပန်းတယ်ဟ၊ ဒါကြောင့် ဒီကောင်မ ရှူနာရှိုက်ကုန်း ဖြစ်နေတာ”
မြင့်ရီက ညိုညို့ ပခုံးကို ပုတ်ရင်း ပြောသည်။ ညိုညိုက ဖြေသည်။
“အေး ပညာ မတတ်တော့ ဒီလိုပဲပေါ့ဟာ”
“အံမာ ဒီကောင်မ၊ ညည်းဝင်ငွေက လခစားထက် သာပါတယ်အေ”
“ပြောကြစမ်းပါဦးဟာ ငါလည်း ဘာလုပ်ရ ကောင်းမလဲလို့”
တစ်ယောက်တစ်မျိုး အကြံပေးကြသည်။ သည်အကြံတွေ တစ်ခုမှ ငြိမ်းမောင် လက်ခံနိုင်စရာ မရှိ။ ဒေါ်လေးသွယ်က
“ငြိမ်းငြိမ်း ထမင်းစားတော့လေ”
လှမ်းခေါ်မှ စကားစ ပြတ်သွားသည်။
“နေဦးဟာ ငါတို့အိမ်မှာ ဘာဟင်း ရှိမလဲ မသိဘူး”
ညိုညိုနှင့် မြင့်ရီတို့က ဟင်း ပြန်ယူပေးကြသည်။
ဒေါ်လေး၏လက်ရာ မရန်းသီးသုတ်၊ ပုစွန်ခြောက်ကြော်နှင့် မောင်မခေါ် ပဲဟင်းကို မစားရသည်မှာ ကြာပြီ။
* * *
ဖြတ်သန်း ကြုံတွေ့ခဲ့ရသော ဘဝ၏ဒဏ်ချက်များမှ ပြေပျောက်စေဖို့ အဘွား စိတ်ကျေနပ်အောင် တောင်စာသင်တိုက်မှာ ဒုလ္လဘရဟန်း ဝတ်ရလေသည်။ ဦးပြည်းစိမ်းစိမ်း၊ ဝါရင့်မှိုင်းသော သင်္ကန်းနှင့် သူ့ကိုယ်သူပင် အံ့ဩနေသည်။ ရဟန်းခံစဉ် ခုနစ်ရက် အတွင်း သူသည် ဆရာတော် သွန်သင်သလို တရားထိုင်ခြင်း၊ ကမ္မဋ္ဌာန်း ရှုမှတ်ခြင်းဖြင့် စိတ်၏တည်ငြိမ်မှုကို ရှာဖွေသည်။
ထို့နောက်တွင်တော့ ခေါင်းမှ ဆံပင်တို့ မရှည်လျားမီပင် ဒေါ်လေးသွယ်၏ ဈေးတောင်းကို စက်ဘီးပေါ်တင်ကာ ဈေးသို့ ကုန်ပို့ကုန်သယ် အလုပ်ကို လုပ်ရသည်။ ဘဝအတွက် ရှေ့ခရီးကိုကား မရွေးချယ်ရသေး။ အဘွားကတော့ ဘာမှ မလုပ်ချင်နေ၊ သူ့အနားမှာပဲ နေစေချင်သည်။ အဘကတော့ သူ ဘွဲ့မရခဲ့ခြင်းကို အပြစ်တင်ချင်သည်။ သူ လေလွင့်နေခဲ့ခြင်း၊ စာပေယောင်ယောင်၊ ပန်းချီယောင်ယောင်နှင့် ဖြစ်မြောက်အောင် မလုပ်နိုင်ခဲ့ခြင်းမှာ ဧရာမ မိုက်ပြစ်ကြီး ဖြစ်ခဲ့သည်။ တကယ်တော့မူ သူသည် ပန်းချီ ရေးစားနိုင်ခဲ့လျှင်လည်း တစ်ဝမ်းတစ်ခါး ပူပင်ခဲ့ရမည် မဟုတ်ပေ။ ကျူရှင်တွေ၊ မဂ္ဂဇင်းတွေမှာ ပန်းချီရေးဖို့ မျက်နှာအောက်ချကာ တောင်းခံရသော အလုပ်ကို သူ့မာနက တားဆီးခဲ့လေသည်။ အလုပ်ဖြစ်အောင် လုပ်ရင်း ဝမ်းရေးထဲမှာ နစ်မွန်းသွားရမည်ဟု သူ့အနုပညာကို အထိအခိုက် မခံလိုသော စိတ်ကို ဘ နားလည်းအောင် ဘယ်လို ပြောမည်နည်း။
သူငယ်ချင်းများနှင့် စိတ်ဝမ်းကွဲကာ ခွဲထွက်လာပြီးကတည်းက သူ့နှလုံးသားမှာလည်း အနာတစ်ခု ရှိရစ်သည်။ တကယ်တော့မူ သူ့ကိုယ်သူ အယူသီးခြင်းဖြင့် သူ မြတ်နိုးသော အနုပညာမီးအိမ်မှာ ရင်ထဲတွင်သာ မှိန်မှိန်လင်းရုံ ကျန်တော့ကြောင်း သူ ကောင်းကောင်း မသိခဲ့။
ဘကမူ-
“လူမိုက် နောက်မှ နောင်တရပေါ့ကွာ၊ မင်းနောက်မှ ကျောင်းတက်တဲ့ တင့်လွင်တို့တောင် ဘွဲ့ရသွားပြီ သိလား”
သူက အဘနှင့်အပြိုင် ငြင်းချက်မထုတ်ချင်ပေ။
စိတ်လည်း လေနေသည်။ အနာဂတ်ရယ်လို့ မည်မည်ရရ မရှိ။ သူ ဘာလုပ်ရမလဲ။ လူသားတစ်ယောက် အနေနဲ့ သူ့ဘဝလမ်းကို အကောင်းဆုံး ဖြစ်အောင် ဘယ်လို ရွေးချယ်ရမလဲ။ အတွေးတွေ ကြားမှာ နစ်မျောနေခဲ့သည်။
* * *
ခေါင်းမှ ဆံပင်များကတော့ မကြာမီကာလအတွင်း သန်စွမ်းရှည်လျာားကြသည်။ သည်တစ်ခါ ဆံပင်ကိုတော့ သူ မွေးမြူထားချင်သည်။ သို့သော် အဘက သည်ဆံပင်နှင့် ပတ်သက်၍ သူ့အပေါ် မကြည်လင်လှ။ ဆိုးဆိုးရွားရွား ရှည်လျားသည် မဟုတ်သော်လည်း ဆံပင်ကို ခလုတ်တိုက်နေကြသည်။ သူကတော့ အဘ ဆူတိုင်း မျက်မှောင်ကြုတ်နေသည်။ သူ့ဆံပင်တွေက ရှည်ချင် ရှည်မည်၊ တိုချင် တိုမည်။ အဓိကကမူ နှလုံးဖြူစင်ဖို့ပဲ ဖြစ်သည်။ ခေါင်းပေါ်က ဆံပင်တွေ ပြောင်းလဲသွားသော်လည်း သူ မပြောင်းလဲ။ ဘဝကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ အားမွေးဆဲ ဖြစ်သည်။ ဆံပင်ကို သူက ပြဿနာ လုပ်ကာ တွေးမနေသော်လည်း ဘွားဘွားက သူ့လက်ထဲသို့ ဆံပင်ညှပ်ဖို့ ပိုက်ဆံ ထည့်သည်။
“သွား … သား၊ ဆံပင်ညှပ်လိုက်ဦး၊ ညှဉ်းသိုးသိုး ဖြစ်နေပြန်ပြီ”
“ဟာဗျာ … ခင်ဗျားတို့ကလည်း”
သူဆံပင် မညှပ်ချင်သည်မှာ သူတို့မြို့ကလေးက ဆံပင်ညှပ်ဆိုင်တွေကို အားမရ၍လည်း ဖြစ်သည်။ ပုံပျက်ပန်းပျက် တိပစ်မှာ ကြောက်သည်။ အဘွားက ဗျစ်တောက်ဗျစ်တောက် ဆူတော့သည်။
“ခုကာလ ကလေးတွေများ ပြောရခက်တယ်”
အဘွားက ဆူသကဲ့သို့ အဘကလည်း မြည်တွန်တောက်တီး ပြန်သည်။ နောက်ဆုံးတော့ စိတ်မပါလက်မပါဖြင့် ဆံပင်ညှပ်ဆိုင်ရှေ့သို့ ရောက်လာရသည်။
နံရံမှာ ကွဲကြောင်းထင်သော မှန်အိုကြီးတစ်ချပ်နှင့် ဟောင်းနွမ်းပြီး ဟိုးအတိတ်က ရုပ်ရှင်ကြော်ငြာပုံတွေ ကပ်ထားသော ဆံပင်ညှပ်ဆိုင်ရှေ့မှာ ခြေလှမ်းတို့ တုံ့သွား၏။
ဆိုင်ထဲက တင်မောင်မြင့်က သူ့ကို လှမ်းမြင်သည်။ ဆံသဆရာက သူ့ကို ဆံပင်ညှပ်ပေးနေသည်။ အဖြူရောင် ပိတ်စပေါ်သို့ ဆံပင်ခွေများ ကျနေသည်။ စက်ကတ်ကြေးသံ ကြားရသည်။
“ဟေ့ … ငြိမ်းအောင်”
မထင်မှတ်ဘဲ ဆံပင်ညှပ်ဆိုင်ထဲသို့ သူ့ခြေလှမ်းများက ရောက်ရှိသွားသည်။
“ဘယ်တုန်းက ပြန်လာသလဲကွ”
“သိပ်မကြာသေးပါဘူး၊ သုံးလလောက်ပဲ ရှိသေးတယ်၊ မင်းလည်း ပျောက်နေပါလား၊ ငါ ပြန်ရောက်ကတည်းက ခုမှ တွေ့တော့တယ်”
“ငါ စေတုတ္တရာ ရောက်နေတယ်ကွ”
“အိမ်ထောင်တွေ ဘာတွေ ကျနေပြီလား”
“အဟီး မစွံသေးပါဘူးကွ၊ ငါ မြို့နယ်သမအသင်းမှာ ဝင်လုပ်နေတယ်၊ ခု ကုန်ဝယ်ရင်း လာတာ၊ မင်း ဆံပင်ညှပ်မလို့လား”
“အေး”
“မင်း အခု ဘာလုပ်နေသလဲ”
ငြိမ်းအောင်က ခေါင်းယမ်းသည်။
“စေတုတ္တရာ လိုက်ခဲ့ပါလား”
“ဘာလုပ်ဖို့လဲ”
“တို့သမမှာ ဖြစ်ဖြစ်ပေါ့၊ မင်း ဝင်လုပ်ရင် ရတယ်၊ ဟိုမှာက ပညာတတ်ရှားတော့ အလုပ် ရနိုင်တယ်”
“သမ ဟုတ်လား၊ ငါမှ စိတ်မဝင်စားဘဲ”
“အေးကွာ အလည်ဖြစ်ဖြစ် တစ်ခေါက်လောက် လိုက်ခဲ့ပါလား၊ မင်းလို ပန်းချီသမားနဲ့ သိပ်ကိုက်တာပဲ၊ မင်း အခု ရှုခင်းကားလေးတွေ ရေးသေးသလား”
ငြိမ်းအောင် ပြုံးနေသည်။ ဆံပင်ညှပ်သမားက သူ့ကို လှမ်းခေါ်သည်။
ညဘက်မှာတော့ တင်မောင်မြင့်နှင့် နှစ်ယောက်သား ရုပ်ရှင်ကြည့်ကြသည်။ ရုပ်ရှင်က ပြန်လာတော့ သူ့ရင်ထဲမှာ တွေးစရာတွေ တစ်သီတစ်တန်းကြီး ပါလာသည်။ ထိုညမှာ အိပ်မပျော်။
ဒေါ်လေးသွယ် တစ်ယောက်တည်း လုပ်စာဖြင့် လုံးပါးပါးနေသော အိမ်ထောင်စီးပွားရေးကို သူ မြင်သည်။ သူကိုယ်တိုင်လည်း အလုပ်လက်မဲ့ဘဝဖြင့် လူပိုလို ဖြစ်ကာ ယောင်ချာချာ ဖြစ်နေခဲ့သည်။ သူ ဘာလုပ်ရမည်နည်း။
* * *
ညိုညို၊ မြင့်ရီ၊ သက်ဦးတို့နှင့် ဆုံမိလျှင် အမြဲတမ်းပင် သူ့ကိုယ်သူ ပြန်ငယ်သွားသည် ထင်မိသည်။ အဘိုးကြီး အဘွားကြီး လုပ်တမ်း၊ ဒိုးထုတမ်း၊ စိန်ပြေးတမ်း၊ အိုးပုတ်တမ်း စသည့် မိန်းကလေး ကစားနည်းရော ယောက်ျားလေး ကစားနည်းပါမကျန် တစ်လမ်းလုံး ဆူညံအောင် ဆော့ဖော်ဆော့ဖက်၊ ပွေဖော်ပွေဖက်တွေ၊ ခုတော့ အလုပ်တွေ၊ တာဝန်တွေနှင့် ရင့်ကျက်စ ပြုလာကြပြီး ထင်ရသည်။ မြင့်ရီကတော့ အမြဲတမ်း ပျာယီးပျာယာ၊ ရယ်ကာမောကာ နေတတ်သူ။ ညိုညိုက သူ့ထက် တည်ငြိမ်သည်။ စကားနည်းသော်လည်း ညိုညိုနှင့် ပြောလိုက်လျှင် သူ့ရင်မှာ ထိခိုက်နာကျင်ရသည်။ သက်ဦးကတော့ လူကြီးတစ်ယောက်လို ဖြစ်နေပြီး သူ့မိဘ မိသားစုဖြင့် ဖွဲ့စည်းထားသော အိမ်ထောင်ကြီး တစ်ခုလုံးကို စက်ဘီးပြင်ဆိုင် ဖွင့်ပြီး လုပ်ကိုင်ကျွေးနေရသည်။
မြင့်ရီက မနက်ပိုင်း ဈေးထွက်ရောင်းပြီး နေ့လယ်မှာ ကရေကရာ လုပ်စရာ မရှိလျှင် အားနေသူ ဖြစ်ရာ အဘွားဆီ ရောက်ရောက် လာတတ်သည်။ အဘွား ဆေးပေါ့လိပ်လျှင် သူက ကူလိပ်သည်။ အဘွားအတွက် ကျောက်ပြင်ကြီးနှင့် တစ်လုံးစာ တောင်တန်ကြီးတွေ သွေးပေးတတ်သည်။ အဘွားနှင့် အလုပ်တွေ ကူလုပ်ရင်း ငြိမ်းအောင်ကို ထေ့ငေါ့ နောက်ပြောင်တတ်သည်။
“ငြိမ်းအောင်ရယ် နင် မိန်းမယူဖို့ ကောင်းနေပြီနော်၊ ငါကလည်း နင်တို့ အိမ်မှာ တစ်သက်လုံး လာလုပ်မပေးနိုင်ဘူး”
အဘွားက ရယ်ကာ-
“အေး ညည်းသူငယ်ချင်းကို ရှာပေးလိုက်စမ်းပါအေ သူဌေးသမီး“
“အဘွားမြေးလား၊ ဘယ်သူဌေးသမီးက ကြိုက်မှာလဲ”
“ငါ့မြေးက လူချောလေးပါအေ”
“အို အဘွားကလည်း ရုပ်ကိုက မှုန်တေတေနဲ့”
ငြိမ်းအောင်က မခံချင် ဖြစ်လာကာ-
“ငါ့ ပြောမနေပါနဲ့၊ နင် အရင်ရှာပါဦး၊ တော်ကြာ အပျိုးကြီး ဖြစ်နေဦးမယ်”
“သွားစမ်းပါ၊ ပါးစပ်ပုပ်ကြီးနဲ့”
မြင့်ရီ ကွယ်ရာမှာတော့ သူတို့ မြေးအဘွားနှစ်ယောက် အတင်းပြောကြသည်။ မြင့်ရီသည် ယခုတိုင် ပေါတောတောနိုင်သည့် အကြောင်း။
ညိုညိုနှင့် တွေ့ရတတ်သည်မှာ ညနေမှောင်ရီပျိုးစ ဖြစ်သည်။ သူကလည်း မိုးချုပ်မှောင်ရီမှ ရေချိုးတတ်သူ ဆိုတော့ ညိုညိုနှင့် မကြာခဏ ရေတွင်းမှာ ဆုံကြတတ်သည်။ ညိုညိုနှင့်သူသည် ဆဲမနာ ဆိုမနာ ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြသော်လည်း ရေတွင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် ရှက်နေတတ်ကြသည်။ သူက သုတ်သီးသုတ်ပျာ ရေချိုးကာ ပြန်လာလေ့ရှိသည်။ ခုနစ်နာရီ ပန်းရုံကြီးက ညမွှေးပန်းရနံ့တွေ လှိုင်လာသည့်အချိန်အထိ ညိုညိုတစ်ယောက်တည်း ရေတွင်းမှာ ဖွပ်လျှော် ရေချိုးကျန်ခဲ့မြဲ။
သက်ဦးနှင့်တော့ စားချိန်၊ အိပ်ချိန်က လွဲ၍ ခွဲမနေကြ။ သက်ဦး၏ စက်ဘီးပြင်ဆိုင်မှာ သူက လက်ထောက် တစ်ယောက်လို ကူညီကာ လုပ်သည်။ သက်ဦးက လက်စလက်န ရှိသည်။ စက်ဘီးသာမက ရေဒီယိုတွေ၊ ကက်ဆက်တွေပါ ပြင်တတ်သည်။ သက်ဦးမှာ ငယ်စဉ်က လေးတန်းနှင့် ကျောင်းထွက်ခဲ့ရသူ ဖြစ်ပြီး ဘဝနာခဲ့သူ ဖြစ်သည်။ သူက သက်ဦးကို အားကျသည်။ သို့သော် အမြဲတမ်းတော့ သက်ဦးလို အလုပ်ထဲမှာ နစ်မြုပ်နေနိုင်သည် မဟုတ်။ ငယ်ငယ်ကနှင့်စာလျှင် သက်ဦးသည် လူကြီးဆန်၍ စိတ်ရှည်လာသည်။
“တို့ငယ်ငယ်တုန်းကပဲ ပျော်တယ်ကွာ၊ ခုတော့ ပျော်လည်း ဟိုတုန်းကလို မဟုတ်တော့ဘူး၊ နေရာတကာ တိုင်းရထွာရ ချင့်ချိန်ရတာတွေကြောင့် ပျော်လည်း နည်းနည်းပဲ ပျော်တတ်တော့တယ်“
စက်ဘီးကျွတ်ကို ရေစိမ်ကာ အပေါက်ရှာရင်း လှမ်းပြောသည်။ သက်ဦးအောက်မှာက ညီ၊ ညီမ ငါးယောက် ရှိသည်။ သူတို့တစ်တွေ စားရေး၊ နေရေး၊ ပညာရေး အားလုံး သက်ဦးက ပူပန်နေရသည်။ စက်ဘီးပညာတတ်ဖို့ ဘယ်လောက် အောက်ကျနောက်ကျခံ ပညာသင်ခဲ့ရသည်ကို သက်ဦးသာ သိသည်။ သက်ဦး ဖြတ်သန်းလာရသော ဘဝမှာ ငြိမ်းအောင်နှင့် မတူ။ သက်ဦးက စာတွေ အလေးအနက်ကြီ ဖတ်တတ်သူ၊ ဖတ်နိုင်သူ မဟုတ်သော်လည်း သူ့မှာ ကိုယ်ပိုင် အတွေးအခေါ် ရှိသည်။
သက်ဦးက အသားညိုသည်။ ခုလိုအခါမျိုးမှာ သူ့အသားသည် ညို၍ ပြောင်နေတတ်သည်။ နဖူးမှ ချွေးစက်တို့ တွဲခိုနေသည်။ သူငယ်ချင်း နှစ်ယောက်သာ စကားမပြောဘဲ ဆိတ်ဆိတ်ငြိမ်ငြိမ် အလုပ်လုပ်ကြပြန်သည်။ သီချင်းတစ်ပုဒ်ကို ငြိမ်းအောင်က စလိုက်သောအခါ သက်ဦးလည်း လိုက်ဆိုသည်။
“အမှောင်ညရှည် ကုန်ဆုံးလို့ ငှက်ကလေးတွေ လင်းအာရုဏ်မှာ သံသာကိုယ်စီ တွန်ကာကျူးရင့် ကိုယ့်ကို တမင် ရည်ရွယ်နေသလို ကြားယောင်မိတယ်၊ ထ အချိန်တန်ပြီ … အို … သွား ချိန်တန်ပြီ”
သက်ဦးရော ငြိမ်းအောင်ပါ သည်အနုပညာဘက်မှာ အားနည်းလှသည်။ အသံတွေက ဟစ်လိုက်တိုင်း ကြောင်ထွက်နေသည်။
* * *
ငြိမ်းအောင်အတွက် ငြီးငွေ့ဖွယ်ကာလများမှာ ဖြည်းလေးစွာ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မန်ကျည်းပင်များသည် ရွက်နုတစ်ဖန် သစ်လာပြန်လေသည်။
ထိုအချိန်ကာလမှာပင် ညိုညို့ကို ငယ်စဉ်ကလို မဟုတ်သော အချစ်မျိုးဖြင့် ချစ်ခဲ့မိပြီကို သိလာရသည်။
တစ်နေ့တော့ သူသည် ဈေးသို့ ကုန်သွားပို့ရင်း ညိုညိုတို့စက်ဆိုင်ရှေ့မှာ အမှတ်မထင် ရပ်မိသည်။ ညိုညိုတို့ဆိုင်၏ မျက်နှာစာအထက်မှာ ‘ပန်းဝတ်မှုန် အပ်ချုပ်ဆိုင်’ ဟု ရေးထားသည်ကို ငေးသည်။
ညိုညိုမှာ သူ့တပည့်တွေကြား တကုန်းကုန်းနှင့် အလုပ်များနေသည်။ အညိုရောင် မှိုင်းမှိုင်းဝတ်စုံက ညိုညို၏ ညိုသွေးနုနု အသားကို ထိန်းထားသည်။ လက်ကိုင်ပုဝါဖြင့် လျော့ရဲစွာ စည်းထားသော ဆံပင်တို့မှာ ကျောလယ်တွင် ဖြာကျနေသည်။ ညိုညိုက ခေါင်းအမော့တွင် သူ့ကို မြင်သွားသည်။ ရှက်သွေးလဲ့လဲ့လွှမ်းသော အပြုံးတစ်စ ပွင့်အံလျက် အမှတ်မထင် ခေါ်သည်။
“ငြိမ်းငြိမ်း လာလေ၊ နင် ဈေးကို လာတာလား”
“အေး … နင် အလုပ်များနေသလား”
“ဒီလိုပါပဲဟယ်၊ များတယ်လည်း မဟုတ်ပါဘူး“
ညိုညိုက ကုလားထိုင်တစ်လုံး လှမ်းပေးသည်။ မိန်းကလေးတစ်ယောက်က အင်္ကျီစကို ကိုင်ရင်း ညိုညိုကို လှမ်းမေးသည်။ ညိုညိုက
“ဒီဘက်က လေးစိတ် ယူ”
ငြိမ်းအောင်မှာ ညိုညို၏ လှုပ်ရှားဟန်ကို နှစ်လိုစွာ ငေးကြည့်နေသည်။ ညိုညိုက မိန်းကလေးတစ်ယောက်ကို လှမ်းပြောသည်။
“လက်ဖက်ရည် မှာပေးပါဟေ့”
“နေပါစေ ညိုညို၊ ငါ သွားတော့မှာ”
“နေပါဦး၊ နင့်ကို ငါ တစ်ခါမှ မကျွေးဖူးသေးပါဘူး”
ပြောစရာ စကားများ ရှားပါးသွားပြန်သည်။ စက်သံတို့က နားထဲမှာ တဂျုံးဂျုံးမြည်လာသည်။ ညိုညိုက လည်တိုင်ချီရင်း အတွေးဖြင့် ငိုင်နေသော ငှက်ကလေးနှင့်တူသည်။ ပျံပြေရမလား၊ ဆက်လက် နားခိုရမလား စဉ်းစားနေသလိုလို။ အတန်ကြာမှ စားပွဲပေါ်က အင်္ကျီဟောင်းတစ်ထည်ကို လှမ်းယူကာ ချုပ်ရိုးဖြေနေသည်။
“အင်္ကျီပြင်ခိုင်းတာ မြင့်ရီပေါ့၊ ကြာလှပြီ၊ ငါလည်း မအားလို့ ဒီကောင်မက သိပ်ကြေး(ဂျီး) များတယ်ဟယ်၊ ငါတော့ အသစ်သာ ချုပ်ပေးလိုက်ချင်တော့တာပဲ”
ရောက်တတ်ရာရာ ပြောကြပြန်သည်။
လက်ဖက်ရည်နှင့် မုန့်ရောက်လာသည်။ သူက လက်ဖက်ရည်ကို ကြည့်ရင်း ညိုညို၏ ချွေးစက်များနှင့် လဲလှယ်ထားရသည့် ဖျော်ရည်ပေလားဟု တွေးရင်း သောက်ရမှာ တွန့်သွားသည်။ ညိုညို့ကို သနားမိသည်။
“သောက်လေ … အေးကုန်လိမ့်မယ်၊ မုန့်လည်း စားဦး”
ညိုညို၏ နူးညံ့ကြည်လင်သော အသံက သူ့နားထဲသို့ စီးဆင်းသွားသည်။
“နင် လောလောဆယ် ဘာလုပ်မယ် စိတ်ကူးထားလဲ”
“ငါလား”
ငြိမ်းအောင် ဘာဖြေရမည် မသိပေ။
“စိတ်ကူး မရှိပါဘူး၊ ဒါပေမဲ့ ငါ အိမ်မှာလည်း မနေချင်ဘူးဟာ
“စေတုတ္တရာမှာတော့ ငါ့သူငယ်ချင်းတစ်ယောက် ရှိတယ်၊ အဲဒီကို သွားရမလား မသိဘူး”
“ဘာလုပ်မလို့လဲ”
“တစ်ခုခုပေါ့ဟာ၊ စာရေးအလုပ် ဖြစ်ဖြစ်ပေါ့”
ညိုညိုက ရယ်သည်။
“ဘာလို့ ရယ်တာလဲ”
“နင့်ပုံက ရိုရိုကျိုးကျိုးနေမယ့် စာရေးနဲ့လည်း မတူပါဘူး၊ နင်က သိပ်စိတ်တိုတတ်တာ”
“စာရေးနဲ့ တူအောင် ငါက ဘယ်လို နေရမှာလဲ၊ ရရာ လုပ်ရမှာပဲ”
ညိုညို့မျက်လုံးတွေက သူ့ကို ငေးကြည့်ရင်း တည်ငြိမ်သွားပြန်သည်။
“အလကား ပြောတာပါ၊ ငါတော့ ဟိုမှာ နင် ဖျားနေမှာပဲ စိုးရိမ်တယ်”
သူ ပြန်လာတော့ ညိုညိုအသံကို နားထဲမှာ ပဲ့တင်ကြားယောင်ပြန်သည်။ ‘နင် ဖျားနေမှာပဲ စိုးရိမ်တယ်’ တဲ့။ သူ မရေမရာ ပြုံးမိသည်။
* * *
ညိုညိုက ညမွှေးပန်းရုံနားတွင် ရပ်နေသည်။ သက်ဦးက ရေကို သဲကြီးမဲကြီး ငင်ပြီး ပုံးထဲ ထည့်သည်။ ထည့်ရင်း
“နင် ဘာလုပ်နေတာလဲ မိညို”
“ရေချိုးမလို့”
“ချိုးမှာ ချိုးပါလား၊ ဘာ စောင့်နေတာလဲ”
သက်ဦး၏ ခပ်ပြတ်ပြတ်အသံကြောင့် ညိုညိုက မျက်စောင်းထိုးသည်။ “သူက အဖေကျနေတာပဲ” တီးတိုး ရေရွတ်သည်။
သက်ဦးက မကြား။ ရေပုံးများကို ထမ်းကာ ပြန်သွားသည်။
ငြိမ်းအောင် ရေချိုးပြီးပြီလား မသိ။
နေ့လယ်က သူ့ထံ ငြိမ်းအောင် ထူးထူးခြားခြား ရောက်လာသည့်အတွက် ပျော်လည်း ပျော်သည်။ စိုးလည်း စိုးရွံ့နေသည်။ ငယ်သူငယ်ချင်းများ ဖြစ်ကြသည့်တိုင် ခုမှ သိသော သူစိမ်းတစ်ရံဆံတွေလို တွေ့ရမှာ ထိတ်လန့်နေပြန်သည်။ ထို့ကြောင့် ရေချိုးရမှာကို သူ မဝံ့မရဲခြင်း ဖြစ်သည်။
အတန်ကြာတော့ ငြိမ်းအောင် ရောက်မလာဘဲ မြင့်ရီတစ်ယောက်သာ အဝတ်တွေ တစ်ပုံတစ်ပင်ကြီးနှင့် ရောက်လာသည်။
“မိုးချုပ်မှ မြင့်ရီရယ်၊ နင် ဒီအချိန် တစ်ခါမှ မလျှော်ဖူးပါဘူး”
“နေ့လယ်က မအားလို့ မမရဲ့၊ ကရေကရာ ဝယ်တွေ လှိုင်နေလို့ တစ်နေ့ခင်းလုံး လုံးလိုက်ရတာ ခါးကို ကိုက်နေတာပဲ”
မြင့်ရီက အဝတ်မလျှော်ခင် ရေအရင် ခပ်လောင်းကာ တဗွမ်းဗွမ်း ချိုးသည်။
“အမလေး ရေချိုးရတာ အရသာရှိလိုက်တာ၊ တစ်နေ့လုံး အပူတွေ ခဲနေတာ”
ခေါင်းကိုပါ လောင်းသည်။ ညိုညိုက ရေကူငင်ပေးရင်း
“နင်တော့ အအေးမိတော့မှာပဲ၊ အဝတ်တွေ တစ်ပုံကြီးနဲ့”
“အဝတ်တွေက တစ်ပုံကြီးနေမှာပေါ့၊ ဟိုကောင် ငငြိမ်း ထားသွားတာတွေရော၊ အဘွားအဝတ်တွေရော၊ ဒေါ်လေးသွယ်လည်း ကောင်းကောင်း နေမကောင်းဘူးလေ၊ ငါပဲ ဝဋ်ခံနေရတာပေါ့”
ညိုညို့စိတ်ထဲမှ စနောင့်စနင်း ဖြစ်သွားသည်။ မြင့်ရီကို ဆပ်ပြာကူတိုက်ပေးရင်း
“ငြိမ်းအောင်က သူ့အဝတ်သူ လျှော်မဝတ်ဘူးလား”
“ခါတိုင်း လျှော်ပါတယ်၊ ဒီနေ့ စေတုတ္တရာ လိုက်သွားလို့ တန်းပေါ်မှာ တွေ့တာတွေပါ ယူလာတာ၊ ချဉ်သိုးနေတာပဲ၊ သိပ်ပျင်းတဲ့ကောင်”
ညိုညို့စိတ်ထဲမှာ ဘယရယ်မသိ လေးလံသွားသည်။ နေ့ခင်းက တွေ့သော်လည်း စေတုတ္တရာ သွားမည့်အကြောင်း တစ်ခွန်းမှ မဟခဲ့။ သွားရကောင်းမလားသာ ပြောခဲ့သည်။ ဆိုင်းမဆင့် ဗုံမဆင့် ထွက်သွားပြီဆိုတော့ သူ့စိတ်ထဲမှာ ဟာနေသည်။ မကျေမနပ် ဆိုမိသည်။
“နေ့လယ်က ငါနဲ့ တွေ့သားပဲ၊ သူ မပြောဘူး”
“ဘယ်ပြောမလဲ၊ ငါတောင် မသိဘူ၊ ညနေမှ စေတုတ္တရာ တက်မယ့်ကား ရှိတာနဲ့ လိုက်သွားတာတဲ့၊ အလုပ်ကလေး ဘာလေး ရလိုရငြားပေါ့ဟာ၊ အဘွားကတော့ မသွားစေချင်ဘူးတဲ့”
“အဲဒီကို သွားရင် ငှက်ဖျားတွေ ဘာတွေ မိနေတော့မှာပဲ”
ညိုညို နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။
“အမယ် … ကောင်မက ပူတတ်နေလိုက်တာ”
မြင့်ရီက ပြက်ရယ်ပြုသည်။
မြင့်ရီ အမှတ်မထင် ပြောလိုက်သော်လည်း ညိုညိုက
“သူငယ်ချင်းတွေပဲအေ့ ပူရတာပေါ့”
အရှက်ပြေ ပြောစဉ် ရင်ခုန်နေသည်။
လေကြောင့် တမာကိုင်းတို့က ရှဲရှဲမြည်စဉ်၊ ညမွှေးပန်းရနံ့ သင်းပျံ့လာစဉ်က ညိုညို့ရင်ထဲမှာ ကြေကွဲနာကျင်လာသည်။
* * *
မြောင်းဦးဇရပ်မှာ တစ်ညအိပ်ရသည်။ လေအေးသည် အတားအဆီးမရှိ တိုက်ခတ်လာသည်။ ခိုးလိုးခုလု ဝါးကြမ်းများက ကျောပြင်ကို နာကျင်စေသည်။ လက်ဆွဲအိတ်ကို ခေါင်းအုံးကာ ပုဆိုးကို ခြေဖျားအထိ ဆွဲ၍ ခပ်ကွေးကွေး အိပ်သည်။ သူ့ဘေးမှ အဘိုးကြီးတစ်ယောက်က တခေါခေါ ဟောက်နေသည်။ ငြိမ်းအောင် အိပ်မပျော်။ လေသံက တရွှီရွှီ မြည်နေသည်။ တင်မောင်မြင့် စာအရဆိုလျှင် ဟိုမှာ အလုပ်တစ်ခုခု ရမည်။ တကယ်တော့ သူသည် ဘဝ၏ လိုအပ်ချက်တစ်ခုကို ဖြည့်ဆည်းသည့် အနေဖြင့်သာ အသက်မွေးမှု ပြုရမည် ဖြစ်သော်လည်း သူ့ရပ်သူ့ရွာကို ခွာချင်လှသည်တော့ မဟုတ်ပေ။
ခုဆိုလျှင် ညိုညို့ကို တွယ်တာနေမိတော့ ညိုညိုနှင့် ဝေးရာကို ပိုလို့ မသွားချင်။ ကား၏ သယ်ဆောင်ရာသို့ လိုက်ပါခဲ့ရသည့်တိုင် စိတ်က ညိုညို့ထံမှာ ကျန်ခဲ့၏။
ညဥ့်ဦးကဆိုလျှင် ကားပေါ်မှာ လူတွေ ငါးပိသိပ်၊ ငါးချဉ်သိပ် လိုက်ပါခဲ့ရသည်။ ကားမီးရောင်မှအပ တစ်တောလုံး၊ တစ်တောင်လုံး အမှောင်ထု ဖုံးအုပ်ခဲ့သည်။ သူကိုယ်တိုင်လည်း ဦးတည်ရာမဲ့ ခရီးသွားနေသူလို ခံစားရမိသည်။ မမြင်နိုင်သော အမှောင်ထု၊ မသိနိုင်သော ဖိစီးမှုတစ်ခုခုက သူ့စိတ်ကို လေးလံ ညှိုးငယ်စေသည်။ ထို့နောက် တစ်ဖန် စိတ်ပျက်မှုလည်း မဟုတ်၊ ပျော်ရွှင်မှုလည်း မမည်သော ဟင်းလင်း ခံစားမှုတစ်မျိုး ခံစားရပြန်သည်။ ဘဝ၏အဓိပ္ပါယ်ကို သူကိုယ်တိုင် ဘယ်လောက် ရှာဖွေနိုင်မလဲ၊ ဘယ်အတိုင်းအတာအထိ တွေ့ရှိလိမ့်မလဲ။ သူ မသိတော့။
အမှောင်ထုကို ဆိတ်ငြိမ်စွာ ကြည့်ရင်း၊ လှုပ်ရှားကျန်ရစ်သော၊ မည်းမှောင်သော တောအုပ်ကို ကြည့်ရင်း ရွေ့လျားစီးမျောသွားပြီ ဖြစ်၍ နောက်တစ်ဖန် ပြန်မရနိုင်တော့သော ကျောင်းသားဘဝကို သူ ပြန်တွေးသည်။ ကံ့ကော်ရနံ့ သင်းသောလမ်းများ၊ စိန်ပန်းနီရဲတို့ ကြွေသော မြက်ခင်းစိမ်းများ၊ မြင့်မားသော ပိတောက်နှင့် ကညင်ပင်အိုများကို လွမ်းမောမှု ကင်းမဲ့စွာဖြင့် အောက်မေ့မိပြန်သည်။
တောင်ပိန္နဲပင်များ ဝိုင်းရံထားသော လက်ဖက်ရည်ဆိုင်ကလေးမှ ထိုင်နေကျ စားပွဲဝိုင်းကလေး၊ သူတို့ ရေးဆွဲသော ပိုစတာများနှင့် ကဗျာစာအုပ်ကြော်ငြာတွေ ကပ်ထားသော နံရံများ၊ နိုင်ငံတကာအကြောင်း၊ ကမ္ဘာကြီးအကြောင်းများ အပါအဝင် ကိုယ်ရေးဘဝများအကြောင်း တိုင်ပင်ညှိနှိုင်းခဲ့ကြသည်များ။ ထိုစဉ်က သူ့ဘဝက လှုပ်ရှားတက်ကြွနေသည့် ဘဝ။ လူငယ်တစ်ယောက်၏ သွေးမာန်ဖြင့် နိုးကြားခဲ့သည့် ကာလများ။
‘အနုပညာမျက်ဝန်း’ ကို သူတို့ဖွဲ့စည်းဖြစ်ခဲ့သည်။ ပြင်ပက ကျူရှင်ကြော်ငြာ စာလုံးရေးစရာတွေ၊ ဒီဇိုင်းအလုပ်တွေ လက်ခံကာ ပျော်ရွှင်စွာ အလုပ်လုပ်ဖြစ်ခဲ့ကြသည်။ သို့သော် ကြာရှည်မခံခဲ့ပေ။ သူ့ရင်ထဲမှာ ဝေဒနာတစ်ခု စွဲငြိနေခဲ့သည်။ သူ့အလုပ်က ဒီဇိုင်းတွေ၊ ပိုစတာတွေ ရေးဖို့မဟုတ်။ စီးပွားရေး ဈေးကွက်ထဲမှာ နစ်မျောနေဖို့ မဟုတ်။ ပန်းချီရေးရန်သာ။ သို့သော် သူ တတ်မြောက်သည့် ပန်းချီပညာမှာ ဘယ်သောအခါမှ သင်ယူ၍ ဆုံးခန်းတိုင်မည့်အရာ မဟုတ်။ သူ ကျောင်းဆက်မတက်ဖြစ်ခဲ့။ ‘အနုပညာမျက်ဝန်း’ ထဲမှာ နစ်မြှုပ်ခဲ့သည်။
သူက အလုပ်ဖြစ်အောင် ရှာဖွေဖို့ရာ မာနရှိသူမို့ အပေါင်းအသင်းများ ရှာဖွေလာသည့် ဒီဇိုင်းများကို ဒိုင်ခံရေးပေးခဲ့ရသည်။ သူက ဘယ်တော့မှ နာမည်ကို လက်မှတ်မထိုးခဲ့။ အုပ်စု၏ အမှတ်အသား ဖြစ်သော ‘အနုပညာမျက်ဝန်း’ ကိုသာ အမှတ်သညာအဖြစ် သုံးခဲ့သည်။ သို့သော် သူ၏ အပေါင်းအသင်းများကမူ သူတို့ကိုယ်တိုင် ရှာဖွေလာခဲ့သော ပိုစတာများ၊ ကြော်ငြာများမှာ ကိုယ်ပိုင်နာမည်တွေ ထိုးပေးလိုက်ကြသည်။ စီးပွားရေးဈေးကွက်မှာ အတော်အတန် ဝင်ဆံ့လာခဲ့သည်နှင့်အမျှ အနုပညာမျက်ဝန်းမှာ အက်သံမြည်လာခဲ့သည်။ ငါ ရှာလို့ ရတာ ဟူသော မာန်မာနများ၊ ငါ့နာမည်၊ ငါ့လုံ့လ ဟူသော အတ္တများ။ သူကိုယ်တိုင်လည်း သည်မှာဘက်တွင် အားနည်း ချို့ယွင်းချက် ရှိခဲ့၏။ စီးပွားရေးသမားဉာဉ်နှင့် အနုပညာမာန။
“ခင်ဗျား ရှာလို့ ဘယ်နှပုံ ရဖူးသလဲ”
ရဲဘော်ရဲဘက်လို လက်တွဲခဲ့သည့် သူငယ်ချင်းက မေးသည်။
“ဒါ ပန်းချီရေးစားနေတာဗျ၊ စိတ်ကူးယဉ်နေလို့ မရဘူး၊ ပိုက်ဆံရအောင် လုပ်ရမယ်”
ပိုက်ဆံ၊ ဟုတ်သည်။ သူလို ကျောင်းမနေတော့သော၊ အိမ်ကငွေ အထောက်အပံ့ ရပ်စဲခဲ့ပြီ ဖြစ်သော လူတစ်ယောက်အတွက် မြို့ပြင်တွင် အသက်ဆက်ရှင်သန်ရေးအတွက် ပိုက်ဆံသည် အလိုအပ်ဆုံးအရာ။
သူ အမြတ်နိုးဆုံး၊ တန်ဖိုးအထားဆုံး အရာများဖြင့် ပေးဆပ်ခဲ့သည်။ ပထမက မာန ကျဆုံးသည်။ ထို့နောက် ဝိညာဉ်စိတ်ဓာတ်နှင့် အနုပညာ။ နောက်ဆုံးတော့ ရဲဘော်ရဲဘက်လို ခင်မင်တွယ်တာသူများ။ နားလည်မှု လွဲမှားခဲ့ကြသည်။ ရန်ပွဲတွေ ခဏခဏ ဖြစ်ခဲ့ကြရသည်။ နင်ပဲငဆ အော်ဟစ်ထိုးကြိတ်ခဲ့ကြသည်။ မျက်ရည်ကြီးငယ် ကျခဲ့ရသည်။ သူက အားလုံးကို မကျေနပ်။ အားလုံးက သူ့ကို မလိုလားတော့။ ငွေက နောက်ဆုံးတွင် အရာအားလုံးကို ဝါးမျိုပစ်လိုက်သည်။ သူငယ်ချင်းများ၏ သံယောဇဉ်၊ သန့်စင်သော ခင်တွယ်မှု၊ တူညီသော ဝါသနာဖြင့် စုစည်းသော အုပ်စုလည်း ပြိုကွဲခဲ့သည်။ နောက်ဆုံးတော့ နှလုံးကြေကွဲစွာဖြင့် ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြန်လာခဲ့ရသည်။
ခုတော့ ပြန်စဉ်းစားလျှင် ထိုအရာများသည် ကလေးကလား ဆန်ခြင်းပင်လားဟု သူ တွေးတောစ ပြုသည်။ ခုလည်း သူ တစ်သက်နှင့်တစ်ကိုယ် မမျှော်လင့်ခဲ့သောအရာ၊ မလုပ်ချင်ဆုံးအရာကို လုပ်ရဦးမည်။ သူ့ ကမ္ဘာပြိုပျက်ခဲ့ပြီ ဖြစ်၍ လမ်းခုလတ်မှာ ရပ်ရင်း ဘဝရပ်တည်မှုအတွက် မနေမနား စဉ်းစားနေရပြီ။ သူငယ်ချင်းများက သူ့ကို ‘တွေဝေသူ’ ဟု ဆိုခဲ့ကြသည်။ သည်စကားလုံးက ဘယ်လောက် မှန်လိုက်ပါသလဲ။
မည်သို့ပင်ဖြစ်စေ ညိုညိုနှင့် ပြန်၍ ဆုံစည်းဖို့ ဖန်လိုက်သော ကံကြမ္မာကို သူ ကျေနပ်သည်။ အနုပညာကို မေ့ရစ်တော့မည်။ ထိုအရာကလည်း ဘဝမှာ တစ်ခါမျှ ကောင်းကျိုးမပေးခဲ့။ သာမန်လူတစ်ယောက် အဖြစ်ပဲ နေသွားတော့မည်။ ညိုညို့ကို တွေ့လျှင် ရင်ထဲမှာ နွေးထွေးသွားပြန်သည်။ သူနှင့် ညိုညိုတို့၏ ကလေးများကိုပင် အနုပညာဝါသနာ မပါစေရ။ ပိတ်ပင် တားဆီးပစ်လိုက်ဦးမည်။ တောင်စဉ်ရေမရ တွေးရင်း အိပ်ပျော်သွားပြန်သည်။
* * *
ငြိမ်းအောင်က မြို့နယ်သမဝါယမ အသင်းမှာ နေ့စားဖြင့် စ၍ အလုပ်ဝင်ရသည်။ အစက သူ့အလုပ်မှာ မည်မည်ရရတော့ မရှိလှ။ လိုအပ်သည့် စာရွက်စာတမ်း၊ အစည်းအဝေး မှတ်တမ်းတွေကို စက်လှည့်ပေးရခြင်း ဖြစ်သည်။ တစ်ခါတလေ ရုံးသားချင်း လက်ကမ်းဖိတ်စာကလေးများတွင် သူက ဖယောင်းဖြင့် ကနုတ်ပန်းတွေ ရေးပေးတတ်သည်။ ထိုအခါများတွင်သာ သူ့ဝါသနာအိုးကလေးက နိုးကြွလာတတ်သည်။ နောက်တော့ စာရေးအလုပ်တွေ သူ စလုပ်ရသည်။
တင်မောင်မြင့်က နှမ်းနှင့် ဆန်များ သိုလှောင်သည့် ဂိုဒေါင်မှာ တာဝန်ကျသည်။ သူက ပွဲရုံလုပ်ငန်းမှာ စာရေးဆိုတော့ နှစ်ဦးသား ခွဲမရဘဲ တတွဲတွဲဖြစ်နေသည်။ နေ့လယ်နေ့ခင်း အလုပ်ပါးလျှင် တင်မောင်မြင့်၏ ဂိုဒေါင်ထဲသွား၍ စကားလက်ဆုံကျနေတတ်သည်။ ပထမဆုံး လစာထုတ်သောအခါ အိမ်ရှင်အဘွားအိုကို အိမ်လခနှင့် ထမင်းဖိုးပေးပြီး ညဘက်မှာ ခေါင်ဝိုင်းတစ်ဝိုင်း လုပ်ဖြစ်သဖြင့် ငွေက တော်တော်လျော့သွားသည်။ ကျန်ငွေကလေးကို အရိပ်တကြည့်ကြည့် ထားရသည်။ ဆေးလိပ်ပင် ဝယ်မသောက်ရက်။ သူ အိမ်ပြန်ရဦးမည် မဟုတ်ပါဘူး။ ညိုညို့ကို သတိရနေသည်။ စာရေးရန် စိတ်ကူးမိသော်လည်း အခြေမကျသေးသော ဘဝမှာ သူ အားငယ်နေမိပြန်သည်။
* * *
တင်မောင်မြင့်က ရေနွေးကြမ်းအိုးကို သယ်လာသည်။ သူတို့က ‘အမေ’ ဟု ခေါ်ကြသည့် အိမ်ရှင်အဘွားအိုက ဟင်းရွက်များကို မြေအိုးထဲ ခပ်နေသည်။ အငွေ့တထောင်းထောင်း ဆူနေသော အိုးထဲမှာ ဆီးချဉ်သီးတွေ ပေါလောမျောနေသည်။ အမေက ဆူးပန်းရွက်များကို တစ်ဆုပ်ပြီးတစ်ဆုပ် ခတ်ရင်း “ဆာပြီလား” လှမ်းမေးသည်။
ချောင်းထဲမှာ ရေချိုးပြီး ပြန်လာသော ငြိမ်းအောင်က ရေစိုလာသော ဆံပင်များကို တဘက်ဖြင့် သုတ်နေသည်။ သူ့မှာ ရေချိုးပြီးတိုင်း စားဖို့ အဘွားပေးလိုက်သော ခိုးထုတ်ဆေးများ ပါသော်လည်း ဘယ်အခါမှ မစားဖြစ်ခဲ့။ မေ့လျော့၍ပင် နေခဲ့သည်။ တင်မောင်မြင့်က ရေနွေးပူပူကို မှုတ်ကာ ကလိုရိုကွင်းတစ်လုံး မျိုချနေသည်။ သူ့မှာ ငှက်ဖျားဓာတ်ခံ ရှိသည်။ ညနေရီလျှင် ချမ်း၍ တုန်လာပြီ။
ချဉ်ဟင်းနံ့က ပါးစောင်မှ သွားရေယိုစေသည်။ ငါးငရုတ်သီးချက်နှင့် ချဉ်ဟင်း၊ ရွှေဖရုံသီးပြုတ်မှာ နေ့စဉ် စားနေကျအစာ ဖြစ်သည်။ ငရုတ်သီးချက်မှာ အရောင်မထွက်သော်လည်း ပင်နံသီးများ ထောင်း၍ ချက်ထားသဖြင့် မျက်ရည်တောက်တောက်ကျအောင် စပ်သည်။ ငါးကလည်း ငါးကြီးသား မဟုတ်။ ချောင်းငါးကလေးများသာ ဖြစ်သည်။ ခုတော့ ငြိမ်းအောင် လျှာထူသွားပြီ။ ဟင်းချိုကို တဖူးဖူး မှုတ်လျက် ငရုတ်သီးချက်နှင့် နယ်သော ထမင်းကို တရှူးရှူးတရှဲရှဲ လုံးထွေးဆုပ်နယ်ကာ စားတတ်ပြီ။ ဖရုံသီးပြုတ်က အစပ်ပြေတို့စရာ ဖြစ်သည်။
သည်လတော့ သူ အိမ်ပြန်ဖြစ်မည် မဟုတ်တော့။ တင်မောင်မြင့် ဖျားတော့ ဆေးဝယ်ဖို့ ပေးလိုက်ရသည်။ တင်မောင်မြင့်က သူ ရသမျှ အရည်ဖျော်ပစ်နေသည် ဆိုတော့ သည်လိုမှ သူ ဇွတ်မပေးလျှင် ဆေးလည်း ဝယ်ဖြစ်မှာ မဟုတ်ဘဲ ဇွတ်ပေနေမည့်သူ ဖြစ်သည်။ လူက ပိန်ချုံးနေပြီး မျက်လုံးများသာ ကျန်တော့သည်။ ဖျားသည် ဆိုသော်လည်း ထမင်းတော့ အတော်စားနိုင်သည်။ စားပြီးလျှင် ဖျားဦးမည်။ ရှိသမျှ စောင်တွေ အထပ်ထပ် ခြုံသော်လည်း လုံခြုံနွေးနိုင်မည် မဟုတ်။ မနက်မိုးလင်းလျှင်တော့ သူ့အဖျားက လျော့ကျကင်းစင်ကာ အလုပ်ဆင်းနိုင်ပြန်ဦးမည်။ သည့်အတွက် သူ့အဖျားသူ တင်မောင်မြင့်က နာမည်ပေးထားသည်။
“ငါ့အဖျားက ကျွန်ဖျားကွ၊ ညညမှ လာလာဖျားတာ၊ ဆင်းရဲဖို့ ဝဋ်ပါလို့ပေါ့ကွာ”
သည်လို ဆိုတော့လည်း ရှိသမျှ လစာလေး တင်မောင်မြင့် အရက်သောက်ပစ်သည်ကို မတားဆီးရက် ဖြစ်ရသည်။ သူကတော့ အသက်ဆေးဟု ဆိုသည်။
စိမ်းညို့၍ ငြိမ်သက်အေးချမ်းသော တောတောင်တို့၏ သဘာဝအလှများက ငြိမ်းအောင်ကို ဖမ်းစားခဲ့သော်လည်း စုတ်တံ မကိုင်ဖြစ်တော့ ပုံကြမ်းမျှပင် ခဲနှင့်မင်နှင့် မခြစ်ဖြစ်ခဲ့။ မုန်းတစ်ဖက်ကမ်းသို့ ရောက်လာသော ကားများကို ငေးကာ အိမ်လွမ်းစိတ်ကို နွားမတောင်တန်းများကို ကျော်၍ ပို့လွှတ်ဖြစ်သည်။ ညိုညို့ကို သတိရသည်။ ခုမှပင် ‘ငှက်သွင်ပျံကြွမတတ်သော်’ ဆိုသည့် စကားလုံးများကို သူ နားလည်မိသည်။
* * *
ငြိမ်းအောင်ထံမှ စာ ရသောအခါ အဘွား မျက်ရည်ကျလေသည်။ ဘဘက မျက်မှန်တပ်၍ စာကို ဖတ်ပြသည်။
“ကျွန်တော် တစ်ခါမှ မဖျားသေးဘူး အဘွား၊ ဘဘတို့ အဘွားတို့ရဲ့ မေတ္တာစေတနာကြောင့်ပါပဲ၊ နေရေးစားရေးလည်း အဆင်ပြေပါတယ်”
အဘွားက မျက်ရည်စများကို အဘ မမြင်အောင် သိမ်းသုတ်ကာ လက်ထဲက စိပ်ပုတီးကို နာနာစိပ်လေသည်။ အဘကတော့ …
“ဒါမှ ဒင်းဘဝ ဒင်း သိမယ်”
မှတ်ချက်ချနေသည်။ အဘက မြေးလုပ်သူကို အထင်မကြီးလှ။
သို့သော် သူ့မြေးလုပ်သူမှာ သူ့ဘဝ သူ ရုန်းကန်နေရကြောင်း တွေးမိလျှင် ကြင်နာစိတ်ကလေး ဝင်လာကာ “ဒီကောင် ဒီလ ပြန်မလာနိုင်ဘူးတဲ့ နှင်းခင်” ဇနီးလုပ်သူကို ပြောတတ်ပြန်သည်။
မြေးဖြစ်သူကို မချစ်ခဲ့သည်မှာ ကွယ်လွန်သူသမီးကို စိတ်နာကြည်း၍လည်း ဖြစ်ပေသည်။ အိမ်ထောင်ပြိုကွဲပြီး ဒုက္ခနှင့် သောကကြောင့် မီးတွင်းဖျားနှင့် ဆုံးသွားသော သမီး၏ဒဏ်ကို အဘနှင့် အဘွားက ဆက်ခံခဲ့ကြရသည်။ ကျောင်းဝင် မှတ်တမ်းများထဲမှာလည်း ကလေး၏မိဘအမည်မှာ အဘနှင့် အဘွားတို့သာ ဖြစ်ခဲ့သည်။ အဖေ ဘယ်သူဘယ်ဝါဟု မပြောကြတော့ဘဲ နာကြည်းစွာဖြင့် ပြည်ဖုံးကား ချခဲ့ကြသည်။ ကလေး၏ ဘဝအရိပ်တွင် အတိတ်မှ အမည်းစက်များ မထိုးရေးအတွက် သည်အကြောင်းအရာများကို ငြိမ်းအောင်အား မပြောခဲ့တော့။
မလေးသွယ်မှာ ငယ်စဉ်ကပင် အစ်မ အဖြစ်ကြောင့် ရင်နာရကာ ယောက်ျားတို့အား မုန်းတီးရွံရှာခဲ့သည်။ ငြိမ်းအောင်ကို သားငယ်ပမာ ပြုစုရင်း၊ သူတို့မိသားစုကလေး၏ စီးပွားရေးကို ဖြည့်တင်းရင်း သူ့ပခုံးကျဉ်းကျဉ်းကလေးနှင့် ရုန်းကန်ခဲ့ရသည်။ ငြိမ်းအောင်ကို ပညာတတ် အရာရှိကြီး ဖြစ်စေချင်သော်လည်း သူ ဝါသနာပါရာ သူလုပ်ပြီး ပညာတစ်ပိုင်းစဖြင့် ကျောင်းထွက်လာသောအခါ ရင်နာရပြန်သည်။
ထင်ရာကို တစ်ဇွတ်ထိုးလုပ်တတ်သည်မို့ ‘မအေတူသား’ ဟုပင် ဆိုလိုက်ချင်သည်။ ငယ်စဉ်ကပင် အဘွားအလိုလိုက်ခဲ့သဖြင့် သည်မျှ မိုက်မဲနေသည် ထင်မိသည်။
မြင့်ရီမှာလည်း ဒေါ်လေးသွယ်မှတစ်ဆင့် လူကြုံရှိကြောင်း သိရလျှင် စာတစ်ကြောင်းနှစ်ကြောင်းနှင့် ကရေကရာထုပ်တွေ ပို့ပေးသော်လည်း ငြိမ်းအောင်ထံမှ မုန့်ရကြောင်း၊ မာကြောင်းသာကြောင်းမျှပင် စာပြန်မလာသောအခါ သူသည် ဒေါသကြီး စိတ်နာကာ ညိုညို့ကိုပင် တိုင်တည်ရပြန်သည်။
“ဒီသေနာကောင်ဟာလေ သံယောဇဉ်ကို ပြတ်တယ်၊ တကယ်ပဲတော် သုံးလ ရှိတာတောင် တို့ဆီ စာတစ်ကြောင်း မရေးဘူး”
ညိုညိုက မြင့်ရီစကားကို ငေးနားထောင်နေသည်။ ဟုတ်သည်၊ ညိုညို့နှုတ်မှ ထုတ်မပြောသော်လည်း ညများစွာ သူ တွေးတောမိခဲ့သည်။ ငြိမ်းအောင် ဘယ်လိုများ နေပါမလဲ၊ ဘယ်လိုများ စားပါမလဲ။ သို့သော် သွားစဉ်ကလည်း နှုတ်ပင်မဆက်။ ဟိုရောက်တော့လည်း စာမရေး ဆိုတော့ ညိုညို့စိတ်ထဲမှာ ဒေါသလိုလို၊ နာကြည်းသလိုလို အခံရခက်နေသည်။
ငြိမ်းအောင် မရောက်မီကဆိုလျှင် သူ့ဘဝသည် သာမန်အားဖြင့် ပျော်ရွှင်စရာပင် ဖြစ်သည်။ စီးပွားရေးအားဖြင့်လည်း သူ့အိမ်က ပူတောင့်ပူပင်ကြီး မဟုတ်။ စက်ချုပ်သည့် အလုပ်ဖြင့် အတော်အတန် စားနိုင်ဝတ်နိုင်သည် ဖြစ်ရာ သက်ဦး၊ မြင့်ရီတို့နှင့် စာလျှင် ညိုညိုတို့မိသားစုမှာ အေးအေးချမ်းချမ်း ရှိသည်။ မောင်ကလေး နှစ်ယောက်မှာ ၆ တန်း၊ ၇ တန်း ကျောင်းသားလေးတွေ ဖြစ်သဖြင့် ကျောင်းစရိတ်လည်း မကုန်လှသေး။ လင်းလျှင် ဝတ်စားဖြီးလိမ်း၊ စက်ဆိုင်သွား၊ ညနေ ပြန်လာရေချိုး၊ ထမင်းစားပြီး အိပ်။ ရံဖန်ရံခါ လသာသောညများ၌ မြင့်ရီတို့အိမ်ရှေ့ ကွပ်ပျစ်သို့သွားကာ မြင့်ရီကို ကရေကရာ ကူလုံးပေးရင်း စကားစမြည် ပြောကြသည်။ အိပ်လျှင်လည်း ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတတ်မြဲ။ ခုတော့ ညိုညိုမှာ ခါးကုန်းအောင် နေ့လယ်က ဘယ်လောက်ချုပ်ခဲ့ ချုပ်ခဲ့၊ ညဥ့်ဦးပိုင်းမှာ ဘယ်လောက် စကားဝိုင်းဖွဲ့ခဲ့ ဖွဲ့ခဲ့ အိပ်ရာဝင်လျှင် မျက်လုံးက အကြောင်သားနှင့် မောင်လေးများ၏ စာအော်ကျက်သံကိုပင် ဒေါသဖြစ်ချင်နေတတ်သည်။ စက်ဆိုင်သို့ရောက်လျှင် ညက အိပ်ရေးပျက်သဖြင့် မူးရိပ်ရီဝေကာ တွေနေတတ်သည်။ ရံဖန်ရံခါ စေတုတ္တရာမှ ဆင်းလာသော ‘ပတ္တမြားကား’ ၊ ‘ချင်းလေးစိန်ကား’ တို့ ဆိုင်ရှေ့မှ ဖြတ်သည်မြင်လျှင် အမှတ်မထင် ငေးမောတတ်လာသည်။ ဝါးတွေ၊ လူတွေ အပြည့်နှင့် ကားတစ်စီးတလေ ဖြတ်သွားပြီးတိုင်း မျက်လုံးများ မှိန်ကျသွားတတ်သည်။
* * *
ငြိမ်းအောင်အဖို့ စေတုတ္တရာ ရောက်မှ ဘဝသစ်တစ်ခု စခဲ့သည်။ သူသည် သစ်တောပညာကို တစ်ဝက်တစ်ပျက် သင်ခဲ့ရသော်လည်း ပွဲရုံလုပ်ငန်းမှ ဝါးစာရင်း၊ သီးနှံစာရင်း၊ အရောင်းအဝယ် စာရင်းများနှင့်သာ ခေါင်းခဲအောင် ယဉ်ပါးခဲ့ရသည်။ မြို့နယ်သမဝါယမမှာက သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များထဲတွင် ဆယ်တန်းကို လေး၊ ငါး၊ ခြောက်နှစ်၊ ခုနစ်နှစ် ဖြေဆဲနှင့် စာပေးစာယူ တက်ဆဲများသာ ဖြစ်ရာ ရန်ကုန်မှာ ကျောင်းနေခဲ့သည့် သူ့ကို လေးလေးစားစား ဆက်ဆံကြသည်။ တကယ်က လုပ်ငန်းသဘောအရဆိုလျှင် သူက ကျွမ်းကျင်သူလည်း မဟုတ်သေးပေ။ သူကလည်း အရင်လို စိတ်တိုတတ်သော လူငယ်၊ ဒေါသထွက်လွယ်သူ အဖြစ်က ဘဝမှာ ခဝါချထားခြင်း ခံလိုက်ရသလို လူတွေကို စိတ်ရှည်လက်ရှည် ဆက်ဆံတတ်လာသည်။ သူ့ဝန်းကျင်က လူတွေမှာ သူ ထင်သည်ထက် ဖြူစင်ကြ၍တည်း။ သာမန်အားဖြင့် ဘဝတူများဖြစ်သော သူတို့သည် ဝန်ထမ်းအချင်းချင်း ရိုင်းပင်းကြသည်။ များသောအားဖြင့် သူ့လိုပင် တစ်နယ်တစ်ကျေး အဝေးမှ လာ၍ အလုပ်လုပ်နေကြသူချင်း ဖြစ်ရာ သူ စာနာနိုင်ခဲ့သည်။
သည်အချိန်မှာပင် များပြားစွာသော မိန်းကလေးဝန်ထမ်းတွေကြားမှာ ဝင်းဝင်းရည်နှင့် မနှင်းခိုင် ဆိုသော မိန်းကလေးနှစ်ယောက်နှင့် ပို၍ ခင်မင်ရင်းနှီးခဲ့ရသည်။ သူတို့နှစ်ယောက်ကို အများစုက ပျံတံတံ ရှပ်တပ်တပ်ကလေးတွေဟု ကင်ပွန်းတပ်ထားခဲ့သည်။ တကယ်တော့ သူတို့နှစ်ယောက်မှာ ကလေးဆန်စွာ အပြစ်ကင်း၍ အော်ကြီးဟစ်ကျယ် ငြင်းခုံတတ်ခြင်း၊ မတရားလျှင် ဆတ်ဆတ်ထိ မခံခြင်း၊ အနောက်အပြောင် သန်သော ယောက်ျားလေးများနှင့် ရန်ဖြစ်တတ်ခြင်းကြောင့်တည်း။ တင်မောင်မြင့်ကတော့ ငါ့နှမ ငါ့နှမတွေဟု ခေါ်ကာ မိန်းကလေးများထံမှ ဆီးထုပ်ကအစ ညာစားတတ်သည်။ ထို့နောက် မခံချင်အောင် စသည်။ မိန်းကလေးတွေက လိုက်ထုလျှင် စာပွဲတွေကို ပတ်ကာ ပြေးရပြန်သည်။ သည်မိန်းကလေးနှစ်ယောက်နှင့် မိလျှင် မသက်သာတော့။ တင်မောင်မြင့် အိတ်ထဲမှာ ပါသမျှ ပိုက်ဆံကို လုကာနှိုက်ကာ မုန့်ဝယ်စားကြသည်။ မျက်မှန်ကို စားပွဲမှာ အမှတ်တမဲ့ထားလျှင် ဝှက်ထားကာ …
“ဟောဒီမှာ မျက်မှန်တစ်ခု ကောက်ရထားတယ်၊ ရွေးရမယ်ဗျို့”
“မလုပ်ပါနဲ့ ငါ့ညီမတို့ရယ်၊ အစ်ကို့မှာ ဒါ မပါရင် ဆန်စေ့နဲ့ နှမ်းစေ့တောင် ခွဲသိမှာ မဟုတ်လို့ပါ”
“ဟင့်အင်း မရဘူး မရဘူး၊ မရှိရင် ကိုငြိမ်းအောင်က ခဏစိုက်ပေးရမှာပဲ”
ငြိမ်းအောင်က ပျာပျာသလဲ လက်ကာသည်။
“မလုပ်ပါနဲ့ဗျာ၊ ဘုန်းကြီးအမှု ရွာလာပတ်ပြန်ပြီ”
“ဒါတော့ ဘုန်းကြီးနဲ့ တွဲနေတာကိုး ဆရာလေးရဲ့ … ပေးပါဆို”
သူတို့က ဒီလိုစတော့ ငြိမ်းအောင်နှင့် တင်မောင်မြင့်ကလည်း သူတို့ခြင်းထဲမှ သိုးမွှေးထိုးလက်စများ၊ ပိုက်ဆံအိတ်များကို လိုက်ရှာ ဝှက်ထားတတ်ပြန်သည်။ သူတို့ဘက်ကျတော့ မခံနိုင်ပေ။ မိန်းကလေးများပီပီ စိတ်ကောက်ပြကြသည်။ မျက်ရည် မြင်သည်နှင့် သနားကြင်နာကာ ပြန်ပေးမည်ဆိုလျှင် အလိပ်အညာခံရဖို့ ပြင်ပေရော့။ ငိုရာမှသည် ရယ်ချင်ရယ်တတ်သည်။
သို့သော် သူတို့က နှမချင်း မစာမနာတော့ မနောက်ရက်ကြပါပေ။ သည်မိန်းကလေးတွေမှာ ဘယ်လို အားနည်းချက်တွေ ရှိစေ သူတို့၏ လစာလေးများကို ခြိုးခြံကာ အိမ်ကို ပြန်ပို့ပေးနေကြရ၍တည်း။
သို့ဖြင့် ဘဝစက်ဝိုင်းတစ်ပတ် လည်ပတ်ကာ နေသားတကျ ရှိလာခဲ့သည်။ နာကြည်းခဲ့ရသော မြို့ပြဘဝဟောင်းသည်လည်း မှိန်၍ဖျော့၍ အားလျော့နေခဲ့ပြီ။ မြို့ကို ပတ်ခွေစီးသော ဆီမီးချောင်းရေမှာလည်း တစ်စတစ်စ ခန်းခြောက်ခဲ့ပြီ။ ရိုးပြတ်ကျိုးကျဲ လယ်ပြင်ထဲတွင် အုတ်ဖုတ်သည့် ဖိုကလေးများမှ မီးခိုးတလွန့်လွန့်မှာ အနောက်ရိုးမ တောင်ထွက်များဆီသို့ လူးလွန့်မြင့်တက်ကာ ကောင်းကင်ပြာတွင် မြူငွေ့နှင့် ရောသွားသည်။
* * *
ညိုညိုသည် သူ့ရှေ့မှာ လာရပ်သော ခြေထောက်များကို မြင်ရသည်။ တွန့်လိမ်နေသော ကားဘီးတာယာ ဖိနပ်ပေါ်မှ ရှည်လျားသော ခြေချောင်းများ။ သူက ပေါက်ပြားကို လွှတ်ချကာ မော့ကြည့်သည်။
လပေါင်းများစွာ ဝေးကွာခဲ့သော သို့သော် သူ့အသိတရား နယ်နိမိတ်၌ ထာဝစဉ် ကျက်စားခဲ့သော မျက်နှာ။ နှုတ်ဆက်စကား မဆိုမိ။ မိုးဦးမိုးမှာ မြေပေါ်တွင် ဖွဖွကလေး ရွာသွားသဖြင့် နူးပွနေသော်ငြား အောက်ခြေမြေသားမှာ မာနေဆဲဖြစ်ရာ အောက်ခြေမြေကြီးကို ဆက်လက် တူးဆွပြန်သည်။
“ဘာလုပ်နေတာလဲ ညိုညို”
“ဪ … ငြိမ်းအောင် နင် ပြန်လာသေးတယ်နော်”
ညိုညို၏ ပါးပြင်မှာ ညနေခင်းနေရောင်ကြောင့် စကားဝါသွေး တောက်နေသည်။ နဖူးဆံစမှာ ချွေးစတို့ စီးလျက် ငြိမ်းအောင်ကို မရယ်မပြုံးဘဲ ကြည့်သည်။
ငြိမ်းအောင် ရင်ထဲမှာ နင့်သွားသည်။ သူ ပြန်ခဲ့သည်ကို ညိုညိုက ခုလို မတုန်မလှုပ် ဆီးကြိုလိမ့်မည်ဟု ဘယ်သောအခါမှ မထင်ခဲ့။ စက်ဆိုင်မှာတုန်းက ညိုညို၏အပြုံးများ၊ အကြင်နာစကားများကို အစဉ် မှတ်သား သိမ်းဆည်းမိခဲ့သူ ဖြစ်ရာ သူ့ကိုမြင်လျှင် ညိုညို ပြုံး၍ပျော်၍သွားမည် ထင်ခဲ့သည် မဟုတ်ပါလား။ သူ လှည့်ပြန်သွားဖို့ ပြင်သည်။
သို့သော် ညိုညိုက အိမ်ထဲသို့ ဖိတ်ခေါ်လေသည်။
“လာ အိမ်ထဲ သွားရအောင်၊ ငါ ဘူးပင် စိုက်မလို့ တူးနေတာ၊ လက်ဆေးလိုက်ဦးမယ်နော်”
ငြိမ်းအောင် ရင်ခုန်ခြင်းကို သိမ်းဆည်း၍ မေးသည်။
“ဒေါ်လေးတို့ရော”
“အမေက နောက်ဖေးမှာ ထမင်းချက်နေတယ်၊ အဖေကတော့ အပြင်ထွက်သွားတယ် ထင်ပါရဲ့”
သူက အိမ်ရှေ့မှ တစ်လုံးတည်းသော ပက်လက်ကုလားထိုင်မှာ ဝင်ထိုင်သည်။ လက်ထဲက အထုပ်ကလေးကို စားပွဲအမြင့်ပေါ် လှမ်းတင်သည်။ ခဏကြာတော့ ညိုညို ထွက်လာသည်။ သန့်စင်သော အပြုံးကို မြင်ရသည်။ သည်လိုဆိုတော့ ခါတိုင်းလိုပါပဲလား။
“နင် ရောက်တာ မြင့်ရီ သိပြီလား”
“ဟင့်အင်း ရောက်ရောက်ချင်း နင့်ဆီ လာတာပဲ”
“သက်ဦးရော”
“သူတို့ဆီ ငါ မရောက်သေးဘူး၊ ခုလေးတင် အိတ်ချပြီး ငါ ထွက်လာတာ”
“ဒီလိုဆိုတော့ နင်က လိမ္မာသားပဲ၊ မြင့်ရီကတော့ နင့်ကို ဆဲလိမ့်မယ်၊ နင် စာမရေးလို့ ငါတို့ စိတ်ဆိုးနေကြတာ”
“ဒါကတော့ဟာ”
သူက စာမရေးဖြစ်သည်ကို ဝေ့လည်ကြောင်ပတ် ဖြေဖို့ ပြင်သည်။ ညိုညိုက ရေနွေးကြမ်း ငှဲ့ကာ သူ့လက်သို့ ကမ်းသည်။
“ကဲ … ရေနွေးသောက်ဦး၊ နင်လာမယ်လို့တော့ ငါ ထင်သားပဲ”
“ဘယ်လို သိတာလဲ”
“အလိုလို သိတာပဲ”
“ဒါဆို နင် ငါ့ကို သတိရသားပဲ”
ညိုညို့ပါးပြင်မှာ ရှက်သွေးဖြန်းသွားသည်။ ခေါင်းငုံ့ကာ ဖြေသည်။
“နင်က နေနိုင်လို့ပါ၊ ငါနဲ့မြင့်ရီတော့ နင့်အကြောင်း ပြောနေဖြစ်ကြတာပဲ၊ အဘွားတို့အိမ်မှာ ကျီးသာတိုင်း မြင့်ရီက နင် လာမယ်ချည့် ပြောနေတာကိုး”
သူ့ရင်ထဲမှာ စောစောက သံသယများ ကင်းစင်သွားသည်။ ညိုညိုလည်း သူ့လိုပဲ သတိရနေလိမ့်မည် ထင်သည်။ ခုလို ပြန်တွေ့တော့ ညိုညိုသည် ပို၍ နုနယ်နေသည် ထင်ရပြန်သည်။ ကပိုကရို ဆံစများက ပခုံးပေါ် ဝဲကျနေသည်။
သူက စားပွဲပေါ်မှ အထုပ်ကို လှမ်းယူကာ …
“နင်နဲ့ မြင့်ရီဖို့ တစ်ပိုင်းစီ”
“ဘာတွေလဲ ဟင်”
“တဘက်စောင်ပါ”
“အို ဘာရောင်လဲမသိ”
“ဖြေကြည့်ပါလား”
ညိုညိုက တုန်ယင်သော လက်များဖြင့် ချည်ထားသော ကြိုးကို ဖြေသည်။ ကြိုးပြေလျှင် အနီရဲရဲပေါ်မှာ အဝါနှင့် အစိမ်းစင်းများ အလျားလိုက် ရက်ထားသော ချင်းတဘက်စောင်ကို မြင်ရသည်။
ညိုညိုက တဘက်တစ်ထည်ကို ဖြန့်ကြည့်သည်။ ချည်ထည်ဖြစ်၍ မနူးညံ့သော်လည်း ဆေးစို၍ တောက်ပနေသည်။
“ဒုက္ခရှာလို့ ဝယ်လာတယ်ဟယ်”
“ဝယ်လာတာ မဟုတ်ပါဘူး”
“ဒါဆို နင့်အတွက် ချင်းမလေး တစ်ယောက်ယောက်က ရက်ပေးတဲ့ လက်ဆောင်လား၊ ဒီလိုတော့ မလိုချင်ပါဘူးဟယ်၊ သူများပေးထားတာကြီးကို”
ညိုညိုက မလိုတမာ ပြောသည်။
ငြိမ်းအောင်က ပျာပျာသလဲ ဖြေရှင်းသည်။
“ဘယ်က ချင်းမလေးရမှာလဲ၊ ငါနေတဲ့အိမ်က အမေ ရက်ပေးတာပါ၊ ငါ ချည်ဝယ်ပြီး စပါယ်ရှယ် ရက်ခိုင်းရတာ၊ နင်ကလည်း ငါ့ကို အထင်ကြီးနေလိုက်တာ၊ ငါ့မှာ ဘယ်ချင်းမလေးမှ မရှိဘူး”
“မသိနိုင်ဘူးလေ၊ နင်တို့ ယောက်ျားလေးတွေကို”
အပြုံးတစ်ဝက်နှင့် ဝင်းကြည်သော မျက်လုံးကလေးများကို မြင်ရတော့ ငြိမ်းအောင်ရင်ထဲက စကားတချို့ ပွင့်ထွက်လာသည်။
“ငါ့ရင်ထဲမှာ ရှိပြီးသားပါ”
“ဟုတ်မှာပေါ့လေ၊ နင် ရန်ကုန်မှာ အကြာကြီး နေခဲ့တာပဲ”
ပြန်လည် မဖြေရှင်းရမီမှာပင် ညိုညို့အမေ ဒေါ်အေးက အိမ်ရှေ့ကို ရောက်လာခဲ့သည်။
“ညိုညို ဘယ်က ဧည့်သည်လဲ”
“အမေ … ငြိမ်းအောင်ရယ်လေ”
“ဪ ငြိမ်းငြိမ်းလား၊ ဒေါ်လေးက မျက်စိမှုန်တယ်ကွယ်၊ ငါ့တူ ဘယ်တုန်းက ရောက်လဲ”
“ဒီနေ့ပါပဲ ခင်ဗျာ”
ငြိမ်းအောင်မှာ အသက် ၅၀ ကျော်ရုံသာ ရှိသေးသော်လည်း ၆၀၊ ၇၀ အရွယ်ပမာ အိုစာလှသော ညိုညိုတို့အမေကို ကြည့်သည်။ ဒေါ်လေးအေးမှာ တစ်သက်လုံး အညောင်းထိုင် စက်ချုပ်ခဲ့ရသဖြင့် မျက်စိတစ်ဖက် ကွယ်သွားပြီ။ မျက်မှန်အမည်းကြီး တပ်မထားလျှင် လူလုံးကွဲအောင် မမြင်ရကြောင်း ပြောသံကြားဖူးသည်။ ပြီးတော့ သွေးဆုံးလေနာ ရောဂါကြောင့်လည်း သည်လောက် အိုစာခြင်း ဖြစ်သည်တဲ့။
ဒေါ်လေးအေးက လူကြီးပီပီ ဆုံးမစကားတွေ ပြောသည်။
မိန်းမမယူသေးဘဲ အလုပ်ကို ကြိုးကြိုးစားစား လုပ်ဖို့အကြောင်း၊ အဘွားတို့တစ်တွေမှာ မပြေလည်သည့်အကြောင်းများ။ ငြိမ်းအောင်က ဒေါ်လေးအေးကို ကြည့်ရင်း ညိုညိုလည်း အညောင်းမိကာ သည်လို ဖြစ်သွားမှာ စိုးရိမ်ပြန်သည်။ သူ့အမေဘေးမှာ ငှက်ကလေးတစ်ကောင်လို ငြိမ်နေသော ညိုညို့ကို ကြင်နာစွာ ကြည့်နေမိသည်။
ဒေါ်လေးအေးက ဆက်၍ လေရှည်နေသည်။
“မနှစ်က ညိုညို့အဖေ မြေပဲခင်း လုပ်တာလည်း ရေမျောသွားတယ်ကွဲ့၊ ခုတော့ တို့လည်း ညိုညို့လုပ်စာ တစ်ခုပဲ မှီစားနေရတာပေါ့၊ ကလေးက ကြိုးစားပါတယ်၊ ဒါကြောင့် ဟန်မပျက် နေနိုင်တာပဲ၊ ဒေါ်လေး ဆေးဖိုးကလည်း ကုန်တယ် သားရယ်၊ ဒေါ်လေးသာ မချူချာရင် အတော်သောင်သာနေကြပြီ”
သူ့အမေ လေမိနေသော ငြိမ်းအောင်ကို ထားကာ ညိုညိုက စောစောက တူးဆွထားသော မြေကွက်လပ်ဆီသို့ သွားသည်။ စက္ကူအိတ်ထဲက ဘူးစေ့လေးများကို မြေကို ယက်၍ အသာဖွဖွ ထည့်သည်။ ညိုညိုက ရေလောင်းရင်း တွေးသည်။
သည်နေရာတွင် အပင်ပေါက်ကလေးများ ရှင်သန်လိမ့်မည်။ ညိုညိုတို့ စားဖို့၊ သုံးဖို့ သီးပွင့်ခက်ညွန့် ဝေဆာလိမ့်မည်။ ဘူးပင်ရိပ်မှာ လရောင်ဖြာလျှင် ငြိမ်းအောင်လာစဉ်က သူ စိုက်ခဲ့ကြောင်း အောက်မေ့ကောင်း အောက်မေ့နေလိမ့်မည်။
အတွေးတို့ဝေစဉ် ရေစီးမှာ မျောလာသော ပုရွက်ဆိတ်တို့က သူ့ခြေပေါ် အလုအယက် တက်ကြသည်။ လန့်ဖျပ်၍ ခါချရသည်။ သို့တိုင်အောင် ပုရွက်ဆိတ်နီနီ တစ်ကောင်က ကိုက်ဖြစ်အောင် ကိုက်သွားသေးသည်။ ခြေဖမိုးပေါ်မှာ နီနီရဲရဲ။ ကြည့်နေစဉ် အမေ၏ မဆုံးသေးသော စကားသံများကို ကြားနေရသည်။ ဪ ငြိမ်းအောင် မပြန်သေးပါကလား။ ပြီးတော့ ငြိမ်းအောင် ရင်ထဲမှာ ရှိနှင့်ပြီးသား ဆိုပါကလား။
* * *
ကောင်းကင်ဝယ် ကြယ်များ တဖျတ်ဖျတ်လင်းနေသည်။ မြင့်ရီဗန်းထဲမှာ နယ်ပြီး ကရေကရာပုံကြီးမှာ တဖြည်းဖြည်း လျော့သွားသည်။ ကရေကရာလုံးကလေးများမှာ ကျွမ်းကျင်သလောက် လျင်မြန်သွက်လက်သော လက်ဖဝါးပြင်ပေါ်တွင် လှိမ့်နေသော ကြေးခွက်လုံးကလေးများမှ တစ်ဆင့် ဗန်းထဲသို့ လိမ့်ဆင်းသွားသည်။
“စားလေ နင်တို့နှစ်ယောက်”
သက်ဦးက ကရေကရာ တစ်လုံးကို မစားချင်စားချင် ကောက်စားလိုက်သည်။ ငြိမ်းအောင်က ငေးနေသည်။ မြင့်ရီက သက်ဦးဘက်သို့ လှည့်ပြီး မေးငေါ့ပြကာ-
“ဘာဖြစ်နေတာလဲ”
“မသိဘူး၊ ညနေကတည်းကပဲ”
“ဟေ့ကောင် စားလေ၊ ချင်းတောင်တန်းတွေ လွမ်းနေပြီလား”
“မဟုတ်တာကွာ”
ငြိမ်းအောင်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ မြင့်ရီက မျက်လုံးမျက်ဆန် ပြူးသွားကာ-
“ဟုတ်မှာပါပဲ အမလေးတော်၊ သက်ပြင်းတွေ ဘာတွေ မှုတ်လို့၊ ဝမ်းထဲမှာ သိပ်ပြီး ကျိတ်မထားနဲ့နော်၊ ငါတို့လည်း တိုင်ပင်ဦး၊ ဧကန္တ ဟိုက တစ်ယောက်ယောက်က နင့်ကို ပြုစားလိုက်ပြီ ထင်တယ်”
ငြိမ်းအောင်က မဖြေဘဲ ပြုံးသွားသည်။ မြင့်ရီက ထိုအခါမှ ပိုစိတ်ဝင်စားလာသည်။ ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံပြီ ထင်သည်။ ငယ်ငယ်တုန်းကဆိုလျှင် သူနှင့် ငြိမ်းအောင်သည် ဘယ်တော့မှ တည့်သည်မရှိ။ ငြိမ်းအောင်နှင့် သက်ဦးပေါင်းမိလျှင် သူ့ကို နှိပ်စက်ကြ၊ ရန်စကြ လုပ်တတ်သည်။ မြင့်ရီက တဝါးဝါးငိုပြီး အိမ်ပြန်ပြေးတတ်ကာ စိတ်ပြေလျှင် သူကပင် အနေနိုင်ဘဲ သွားရောကာ ကစားကြ၊ ရန်ဖြစ်ကြရပြန်သည်။ သို့သော် သည်ကတည်းက နက်ရှိုင်းခိုင်မာသော သံယောဇဉ်မှာ မြင့်ရီရင်တွင် အမြစ်ခိုင်ခိုင် တွယ်ခဲ့ပြီး ဖြစ်သည်။
မှောင်ရိပ်ကျနေသည့်အတွက်ကြောင့်လား မသိ၊ ငြိမ်းအောင်မျက်နှာမှာ ပို၍ ရှည်လျားကာ ပါးရိုးသွယ်ကျနေသည်ကို မြင်လျှင် ရင်ထဲက နင့်သွားသည်။ ငြိမ်းအောင်က သူ့မျက်နှာရိပ် မျက်နှာကဲကို ကြည့်နေသော မြင့်ရီကို နောက်ပြောင်သလို ပခုံးတွန့်ပြကာ …
“နင့်ကိုတော့ ပြောချင်ပါတယ်ဟာ၊ ဒါပေမဲ့ နင့်ပါးစပ်ကို ကြောက်လို့”
“ဘာလို့လဲ၊ နင်က ငါ့ကို မယုံဘူးလား”
ငြိမ်းအောင်က ရယ်နေသည်။ ရယ်သံထဲမှာ စိတ်ပျက်ဝမ်းနည်းသံတွေ ရောယှက်လို့နေသည်။ သက်ဦးက ငြိမ်းအောင်ကို အကဲခတ်နေသည်။
ငြိမ်းအောင် မျက်နှာပေါ်မှ တစ်စုံတစ်ရာကို သူ သိသည် ထင်သည်။ သို့သော် သူ တကယ်မသိဘဲလည်း ဖြစ်နိုင်ပါသည်။ သူ့မှာ သူ့စက်ဘီးများနှင့် သူ အလုပ်ရှုပ်နေ၍ အားချိန်နားချိန်ပင် ဂရုမမူခဲ့သူ ဖြစ်သည်။ သို့ရာတွင် သူ စက်ဘီးပစ္စည်း ခဏခဏ သွားဝယ်သော ချောက်မှာတော့ ချစ်သူရှိကြောင်းကို ငြိမ်းအောင်ရော မြင့်ရီပါ သိကြပြီးသား ဖြစ်သည်။ ထိုချစ်သူက လက်ထပ်ကြဖို့ ပြောလာသည့်တိုင် သူ့ဘက်က အစစ မပြည့်စုံသည်မို့ မဖြစ်နိုင်သေးကြောင်း ရှင်းပြစဉ် အဆင်မပြေမှုတွေထဲမှာ လုံးချာလည်လျက် ရှိကြောင်း သူငယ်ချင်းများ ကောင်းကောင်း သိကြပါသည်။ သို့သော် သက်ဦးက ဘာဝေဒနာမှ မရှိသလို အနေတည်နေကာ သည်ကိစ္စမျိုးနှင့် ပတ်သက်၍ ဘာသံမှ မကြားခဲ့ရသော ငြိမ်းအောင်၏ အမူအရာထူးများက သူတို့ကို ပို၍ စိတ်ဝင်စားစေခဲ့သည်။
သက်ဦးက ငြိမ်းအောင်ရင်ထဲ တစ်စုံတစ်ယောက် ရှိနေကြောင်း ရိပ်တော့ ရိပ်မိသည်။ သို့သော် အနီးကလား အဝေးကလား မသိ။
“နင်က အရင်ကလို ငါတို့ကို မခင်တော့ဘူး”
မြင့်ရီက ဝမ်းနည်းစကား ဆိုသည်။
“ဘာဖြစ်လို့လဲ”
ငြိမ်းအောင်က ပျာပျာသလဲ မေးသည်။
“နင့် ကြည့်ရတာ မြုံစိစိနဲ့၊ ငါတို့ကြားမှာ ဘာမှ ပွင့်ပွင့်လင်းလင်းလည်း မရှိဘူး”
သက်ဦးက ငြိမ်းအောင်ကို ကြည့်ကာ ရယ်လေသည်။ မြင့်ရီစကားက မှန်သည် ထင်သည်။
“ဟိုကောင်မကို သွားခေါ်ဦးမှပဲ”
“ဘယ်သူလဲ၊ ညိုညိုလား”
“အေး … သူကမှ နင့်ကို နိုင်မယ် ထင်တယ်၊ နင် မပြောချင်တာတွေ သူ့ကို မေးခိုင်းရမယ်”
မြင့်ရီ၏ စကားမြားဦးကတော့ သည်တစ်ခါ သူ့ရင်ထဲမှာ ဒက်ထိ စူးဝင်လေသည်။
“ညိုညို ဒီည မလာဘူးလား”
“အေး … သူ့အမေ နေမကောင်းဘူး ထင်တယ်၊ ခါတိုင်းတော့ ရောက်လာတတ်ပါတယ်”
မိုးကောင်းကင်ကို မော့ကြည့်စဉ် ညိုညို့ကိုပဲ မြင်ယောင်သည်။ ညိုညိုရောက်မလာသော ညမှာ သူ့အတွက် ခြောက်သွေ့ပူလောင်လွန်းလှသည်။
* * *
သို့ဖြင့် သူ ပြန်ခဲ့ရပြန်သည်။ ရင်ထဲမှာတော့ မပြောဖြစ်သော အိပ်မက်များကို သယ်လျက်။
သူ့ဘဝတွင် သူ အမြတ်တနိုး မျှော်လင့်ထားသမျှ အရာအားလုံး ဆုံးရှုံးခဲ့ရသည် ဟူသော အစွဲက သူ့ရင်ကို ဖိစီးထားမြဲမို့ သူ့နှုတ်တို့ ဆွံ့အနေသည်လား မပြောတတ်နိုင်။
သူ့ကို နားလည်သည်ဟု ယုံကြည်သော သူများနှင့် ဝေးခဲ့ရပြီ။ ညိုညိုရော သူ့ကို နားလည်နိုင်ပါ့မလား။
သူ့ဘဝတွင် သူ့ကို နားမလည်ကြဘူးဟုသာ သူ အမြဲ ထင်ခဲ့မြဲ ဖြစ်သည်။ သူကရော လူတွေကို နားလည်ခဲ့သည်လား။ နားလည်အောင်ရော ကြိုးစားခဲ့မိရဲ့လား တွေးမိလာသည်။
သူ့ဘဝသည် စိတ်ကူးအတွေးများ ကြားတွင်သာ နစ်မျောသွားဦး ချေတော့မည်သို့ ရှိနေရသည်။
သူ ရှေ့ခရီးကို တွေးဆဲ၊ အနောက်တောင်ရိုးများပေါ်မှ မိုးဦး၏ အသံများကို ကြားရပြန်ပြီ။ ထစ်ချုန်းမြည်ဟည်းလျက် လျှပ်စီး ပြိုးပြက် ဝင်းလက်လျက် ပြာလဲ့ရီမှောင်သော ကောင်းကင်အရောင်များ တွေ့ရသည်။ ချောင်းရေများလည်း မကြာမီတွင် ပြည့်မောက်မို့၍ လျှံတော့မည်။ သည့်နောက်ဆိုလျှင် သူ အပြန်ခက်ဦးမည်။
မိုးကောင်းကင်တွင် လေနှင်ရာ ရွေ့လျားနေသော တိမ်များကို မြင်လေတိုင်း …
---------
ခင်မြဇင်

No comments:

Post a Comment