Friday, 15 July 2016

စို့ပေါက်ကြီး၏ ပန်းဝင်ပွဲ
-------------------------
“ဗျို့ ဒေါ်တူးရေ၊ ဒေါ်တူး၊ ဟ တစ်ယောက်မှ မရှိကြဘူးလား”
အိမ်ရှေ့မှ ခေါ်သံကြား၍ ဒေါ်တူး၏ သမီး ရှစ်တန်းကျောင်းသူ ကုလားမသည် ထမင်းချက်နေရာမှ အိမ်ရှေ့ ပြေးထွက်လာခဲ့သည်။ အိမ်ရှေ့ ဖိနပ်ချွတ် အနီးတွင် ရပ်ကွက်ထဲမှ လူကြီးများ ရပ်နေသည်ကို တွေ့ရသည်။ ရေးမှတ်စရာ စာရွက်စာတမ်းများ ကိုင်ထားကြသည်။ ရပ်ကွက် ပါတီစိတ်မှူး ကိုလှရီ၊ ရပ်ကွက် ပြည်သူ့ကောင်စီ ဥက္ကဋ္ဌ ဦးထွန်းအောင်နှင့် ကောင်စီဝင် လူကြီးများ၊ ရပ်ကွက် သမဝါယမ အဖွဲ့ဝင် လူကြီးများ ဖြစ်သည်။
“ကုလားမ၊ နင့်အမေ ဘယ်သွားလဲ”
ပါတီစိတ်မှူးလည်း ဖြစ်၊ ရပ်ကွက် အားကာကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သော ကိုလှရီက ဒေါ်တူးကို မတွေ့သဖြင့် မေးလိုက်သည်။
“သမဝါယမ ဆိုင်မှာ ဆန်သွားထုတ်နေတယ် ဦးလေး”
“လွတ်လပ်ရေးနေ့ ကလေးပြပွဲ ပြိုင်ပွဲအတွက် နင့်မောင်လေး နာမည် စာရင်း ပေးမလား၊ နင့်အမေ လာရင် မေးကြည့်၊ စာရင်း ပေးမယ်ဆိုရင် မွေးစာရင်းပါ ယူပြီး ကောင်စီရုံးကို လာခဲ့၊ ဒီနေ့ညနေ လေးနာရီ နောက်ဆုံးနော်”
“ဟုတ်ကဲ့ ဦးလေး၊ အမေလာရင် ပြောလိုက်ပါ့မယ်”
လူကြီးများ ပြန်ထွက်သွားကြသည်။ ရပ်ကွက်အတွင်းရှိ ကလေးရှိသော အိမ်တိုင်းကို ဝင်ပြီး တစ်နှစ်အောက် ကလေးများအား တစ်အိမ်တက်ဆင်း စာရင်း ယူနေကြသည်။ ဒေါ်တူး ဆန်ထုပ်ကြီး ရွက်ပြီး ပြန်ရောက်လာသည်။ ကုလားမက လူကြီးများ လာပြောသည့် ကိစ္စ ပြောပြလိုက်သည်။ ဒေါ်တူး မောမောပန်းပန်းဖြင့် ဆန်ထုပ်ကို ပစ်ချလိုက်ပြီး
“ရှုပ်ရှုပ်ယှက်ယှက်တော် မပြိုင်ချင်ပါဘူး၊ အလုပ်ရှုပ်ပါတယ်”
ကုလားမ စိတ်ပျက်သွားသည်။ စောင်ပုခက်ထဲတွင် အိပ်ပျော်နေသော သူ့မောင်လေးကို လှမ်းကြည့်လိုက်သည်။ ရှူရှူပေါက်ချထားတာ တွေ့ရသည်။ သူ့မောင်လေး တစ်နှစ် မပြည့်သေး။ ဝင်ပြိုင်လျှင် ဆုတစ်ခုခုတော့ ရမည်ဟု ထင်နေသည်။ ဒေါ်တူးကတော့ ကုန်ဝယ်စာအုပ်ကို အိမ်ပေါ် ပစ်တင်ခဲ့ပြီး သောက်ရေကန်ကြီးတွင် ရေလှည်းကို ရေဖြည့်နေသော သားကြီး အပ္ပနားခေါ် ငထွန်းကို ကူညီရန် ထွက်သွားတော့သည်။
ဒေါ်တူးတို့ အိမ်ထောင်စုတွင် ဒေါ်တူး၏ ယောက်ျား ဦးကုလားက ဆိပ်ကမ်း ကုန်တင်ကုန်ချ လုပ်သား၊ ညနေတိုင်း တစ်ခွက်တစ်ဖလား သောက်စားတတ်သည်က လွဲ၍ ဒေါ်တူး၏ ဩဇာကို လွန်ဆန်ရဲသူ မဟုတ်။ ကုန်ဝယ်စာအုပ်တွင် အိမ်ထောင်ဦးစီးဟု ဖော်ပြခြင်း ခံရပါသော်လည်း (အန်ပေပါ လီဒါ) အမည်ခံ ခေါင်းဆောင်မျှသာ ဖြစ်သည်။ ဘယ်နေရာမှာမှ ဒေါ်တူးကို လှန်ရဲသူ မဟုတ်၊ အစစ ဒေါ်တူးက ဦးဆောင်သည်။ ဒေါ်တူး ပြီးလျှင် ပြီးရော။
သာကေတ၏ ခါနွေသမယတွင် ဒေါ်တူး မိသားစု နှုတ်ခမ်းမှာ အဆီရွှဲနေသည်။ ရေတစ်လှည်းကို တစ်ကျပ်ခွဲမှ နှစ်ကျပ်အထိ ဖြစ်သွားသည်။ ဘွတ်ကင်တွေ၊ အော်ဒါတွေ များလွန်း၍ သားအမိ မနိုင်မနင်း ဖြစ်နေသည်။ ခေါက်ရေနှစ်ဆယ် အစိတ်ထိအောင် တွန်းပို့ရသဖြင့် ပင်ပန်းလှသည်။ ကုလားမက ထမင်းချက် ကလေးထိန်းရင်း စာကျက်ရသည်။ သားကြီး အပ္ပနားက ခုနစ်တန်း နှစ်ခါကျသဖြင့် ကျောင်းထွက်လိုက်သည်။ ဆင်းရဲလို့ အလှ မဆင်နိုင်သော်လည်း မြရတနာရုံမှာ ကားသစ် လဲတိုင်း ငါးမူးတန်းကို မိသားစု အပိုင်စီးသည်။ အသီးအရွက်နှင့် အသားဟင်း တစ်ပွဲကို အဝအပြဲ စားနိုင်ကြသော ဦးကုလား ဒေါ်တူးတို့ မိသားစုကလေးသည် သာကေတမြို့၏ ဆင်းရဲသား ရပ်ကွက်အတွင်း သုံးဦးတစ်ကွက် မြေပေါ်ရှိ အိမ်ပိုင်လေးတွင် ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြသည်။
ယနေ့သည် လွတ်လပ်ရေးနေ့ ဖြစ်သည်။ သာကောတေမြို့ ရပ်ကွက်တိုင်းတွင် ပျော်ပွဲရွှင်ပွဲများ စတင်ကျင်းပ နေပေပြီ။ နံနက် မိုးမလင်းမီကပင် တစ်မြို့လုံး အသံချဲ့စက်သံ ဆူညံနေသည်။ ဒေါ်တူးတို့ ရပ်ကွက် ဘောလုံးကွင်းထဲရှိ ဆုပေးမဏ္ဍပ်မှလည်း နံနက် သုံးနာရီခွဲကပင် စတင်၍ ဌေးဌေးမြင့်၏ အစိန္တေယျ ဘုရားပင့် သီချင်းဖြင့် စတင်သည်။ မိုးစင်စင် လင်းတော့မှ အားကစားသီချင်း ဖွင့်လိုက်၊ ပြိုင်ပွဲ အမျိုးမျိုးတွင် ပါဝင်ယှဉ်ပြိုင်မည့် သူများ စာရင်း ကြော်ငြာလိုက် လုပ်နေသည်။
ပြိုင်ပွဲ အမျိုးစုံသည်။ ပြေးခုန်ပစ်၊ ချောတိုင်တက်၊ ချောတန်းလျှောက်၊ ခေါင်းအုံးရိုက်၊ ထုပ်ဆီးတိုး၊ ကြက်ခွပ်၊ လက်မောင်းလှဲ (ကျား မ)၊ တုတ်သိုင်း၊ ဓားသိုင်း စုံလှသည်။ ဒေါ်တူးတို့ ရပ်ကွက်တွင် နှစ်တိုင်းနှင့်မတူ တစ်မူထူးခြား၍ တစ်နှစ်အောက် ကလေး ကျန်းမာရေး ပြပွဲ ပြိုင်ပွဲတစ်ခု တိုးလာသည်။
နံနက် ခြောက်နာရီမှစ၍ ပြိုင်ပွဲများ စတင်နေသည်။ နံနက် ရှစ်နာရီ ခန့်တွင် ဆုပေးမဏ္ဍပ် အသံချဲ့စက်မှ ရပ်ကွက် အားကာ ဥက္ကဋ္ဌ (ပြိုင်ပွဲ ကျင်းပရေး ကော်မီတီ အတွင်းရေးမှူး) ကိုလှရီ၏အသံ ထွက်ပေါ်လာသည်။
“လွတ်လပ်ရေးနေ့ ကလေး ပြပွဲ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်း ပေးထားသည့် မိခင်နှင့် ကလေးများ ခင်ဗျား၊ ပြိုင်ပွဲစတင်ရန် အချိန်နီးကပ် နေပြီ ဖြစ်ပါ၍ ပြိုင်ပွဲကျင်းပရာ မဏ္ဍပ်သို့ အမြန် လာရောက်ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည် ခင်ဗျား”
ကုလားမသည် ဘောလုံးကွင်းထဲသို့ မျှော်ကြည့်နေသည်။ ကွင်းထဲတွင် ပြိုင်ပွဲ အမျိုးမျိုးဖြင့် အထူး စည်ကားနေသည်။ ကလေးများကို ချီ၍ ပြေးဝင်လာသော မိခင်များကို မြင်နေရသည်။ သူ့မောင်လေး ပြိုင်ပွဲ မဝင်လိုက်ရ၍ စိတ်မကောင်း ဖြစ်နေသည်။ တစ်ဘဝမှာ တစ်ခါသာ ရနိုင်သော အခွင့်အရေးကို လက်လွှတ် လိုက်ရသောကြောင့် ဖြစ်သည်။ ဒေါ်တူး ရေလှည်း တွန်းပို့ရာမှအပြန် အိမ်ဝင်လာပြီး ကလေးကို နို့တိုက်သည်။ ကုလားမ ကွင်းထဲသွားလျှင် အိမ်တံခါးများ ပိတ်ပြီးမှ သွားရန် မှာခဲ့သည်။
ထမင်းဟင်းများ ကျက်ပြီဖြစ်၍ ကုလားမသည် သူ့မောင်လေးကို ကောက်ချီပြီး ဘောလုံးကွင်းထဲရှိ မဏ္ဍပ်သို့ ထွက်လာခဲ့သည်။ မဏ္ဍပ်ထဲတွင် သူ့မောင်လေးအရွယ် ပြိုင်ပွဲဝင်မည့် ကလေး နှစ်ဆယ်ခန့်ကို မိခင်များနှင့်အတူ တွေ့ရသည်။ ယောက်ျားလေးများကို ကိုယ်လုံးတီးချွတ်ထားပြီး မိန်းကလေးများကို ဘောင်းဘီလေးများ ဝတ်ပေးထားသည်။ ပြိုင်ပွဲဝင်တန်း ကလေးများချည်း ဖြစ်၍ တုတ်တုတ်ခဲခဲ တစ်ပွေ့တစ်ပိုက်ဖြင့် ချစ်စရာကြီး တွေချည်း ဖြစ်သည်။ သို့သော် သူ့မောင်လေးလောက် မထွားသူကိုလည်း ကုလားမ တွေ့နေရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါ်လှဥမ္မာနွယ်က ကလေးများ၏ ကိုယ် အလေးချိန်နှင့် နှလုံးခုန်နှုန်း၊ သွေးတိုးနှုန်းများကို တိုင်းတာမှတ်သား နေသည်။ ပြိုင်ပွဲဝင်မည့် စာရင်းတွင် ပါသော ကလေးအားလုံးကို စစ်ဆေးပြီးသွားသော အခါ ဆရာဝန်ကြီးက ကလေးကို ခါးထက် ခွချီထားသော ကုလားမကို လှမ်းကြည့်ရင်း “ဒီကလေး စာရင်း မပေးထားဘူးလား” ဟု တအံ့တဩ မေးလိုက်ပါသည်။
ကော်မတီ လူကြီးများက အဖြစ်အပျက်ကို ပြောပြသည်။ အချိန်မီ အိမ်တိုင်ယာရောက် လိုက်လံနှိုးဆော်ခဲ့ သော်လည်း နောက်ဆုံး စာရင်းပိတ်ချိန် အထိ စာရင်း လာမပေးကြောင်း ရှင်းပြကြသည်။ သို့သော် ဆရာဝန်မ ချောချောကြီးက လုံးဝ မကျေနပ်သော အမူအရာ ပြနေသည်။ ဆင်းရဲနွမ်းပါးသော ကလေးဖြစ်၍ အရေးပေး အလေးထား မခံရဟု ထင်သွားဟန် တူသည်။ ဤရပ်ကွက် အပိုင်တွင် နေထိုင်သော ကလေး ဖြစ်ပါက ယခုချက်ချင်းပင် စာရင်းသွင်းပေးပါဟု အရေးဆိုလိုက်သည်။
“ကုလားမ၊ နင့်မောင်လေး မွေးစာရင်း သွားယူ၊ ကလေး ထားခဲ့”
ကိုလှရီက ပြောပြီး ခါးပေါ်က ကလေးကို လှမ်းယူ ချီလိုက်သည်။ တုတ်တုတ်ခဲခဲ တစ်ပွေ့တစ်ပိုက်ကြီး ဖြစ်သည်။ အသားလေး အနည်းငယ် ညိုသည်။ မြူလိုက် ချော့လိုက်လျှင် မျက်နှာမရွေး ရယ်ပြုံးပြသည် ကုလားမသည် ကလေးကိုပေးခဲ့ပြီး ဝမ်းသာအားရဖြင့် အိမ်သို့ တအားပြေးသည်။ ယိုင်နဲ့နဲ့ ဘုရားစင်ပေါ်တွင် ဖြစ်သလို ထိုးတင်ထားသော ရုပ်ပြ ကာတွန်းစာအုပ် အဟောင်းအစုတ်များ အကြားမှ သူ့မောင်လေး၏ မွေးစာရင်းကို တွေ့သဖြင့် မဏ္ဍပ်သို့ ပြန်ပြေးလာခဲ့သည်။
ကုလားမထံမှ ရသော မွေးစာရင်းအရ ကလေးအသက် ၁၀ လ၊ ၂၅ ရက်သား ဖြစ်၍ မြို့နယ်ဆရာဝန်ကြီးက ကလေးကို ကိုယ်အလေးချိန် ချိန်သည်။ နှလုံးခုန်နှုန်း၊ သွေးတိုးနှုန်းများကို တိုင်းတာ ရေးမှတ်သည်။ ကိုယ်ပေါ်တွင် အနာအဆာ ရှိ မရှိ စစ်ဆေးနိုင်ရန် အင်္ကျီအနွမ်းလေး ချွတ်လိုက်သောအခါ သဘောကျပြီး လက်လှုပ် ခြေလှုပ်ဖြင့် ရယ်ပြနေသည်။ ဆရာဝန်ကြီးက တစ်ကိုယ်လုံးကို လှည့်ပတ်ပြီး အနာအဆာ ရှာသည်။ ခြင်ကိုက်ဖု တစ်ခုတောင် မတွေ့၊ စင်းလုံးချော ညိုထွားကြီးဖြစ်သည်။ အရည်အချင်း ပြည့်မီသဖြင့် ပြိုင်ပွဲဝင် ကတ်ပြားတွင် ရေးသွင်းသည်။ အဘအမည် ဦးကုလား၊ မိခင်အမည် ဒေါ်မတူး၊ ကလေးအမည်
“ကုလားမ၊ နင့်မောင်လေးနာမည် ဘယ်လို ခေါ်လဲ”
ဆရာဝန်ကြီး ရေးသားနေရာတွင် အကူအညီ ပေးနေသော ကိုလှရီက မေးလိုက်ခြင်း ဖြစ်သည်။ ကုလားမ ဦးနှောက် ခြောက်သွားသည်။ သူ့ မောင်လေးမှာ နာမည်မရှိသေး၍ ဖြစ်သည်။
“နာမည် မရှိဘူး ဦးလေး”
“ဟ၊ နင်တို့အိမ်မှာ သူ့ကို ဘယ်လို ခေါ်ကြလဲ၊ ပုပု၊ တုတ်တုတ်၊ ဖိုးဝ၊ ညိုကြီး၊ အငယ်လေး စသဖြင့်ပေါ့ဟ”
ကိုလှရီက စိတ်ညစ်လာသဖြင့် အော်ပစ်လိုက်သည်။ ကုလားမ ဘာပြန်ပြောရမှန်း မသိ ဖြစ်နေသည်။ သူ့မောင်လေးကို သူတို့ တစ်အိမ်လုံးက ခေါ်သော နာမည် တစ်ခုတော့ ရှိသည်။ သို့သော် ယင်းနာမည်ကို လူတွေ ရှေ့မှာ ပြောရမှာ ရှက်နေသည်။ နို့စို့လိုက် ရှူးရှူးပေါက်လိုက် လုပ်တတ်လွန်း၍ စို့ပေါက်ကြီးဟု ခေါ်နေကြသည်။ ကလေးနာမည် ရေးရန် စောင့်နေသော ဆရာဝန်ကြီးကို အားနာလာသည်။ မထူးဘူးဆိုပြီး ရှက်ရှက်ဖြင့် ပြောလိုက်ရတော့သည်။
“အမေကတော့ စို့ပေါက်ကြီးလို့ ခေါ်တယ် ဦးလေးရဲ့”
ပြိုင်ပွဲကော်မတီ လူကြီးများက ပြုံးရုံသာ ပြုံးကြသော်လည်း ပွဲကြည့် ပရိသတ်က ဝါးခနဲ ရယ်လိုက်ကြသဖြင့် ကုလားမ မျက်နှာ ရဲခနဲ ရှက်သွားပြီး မဲ့ပြုံးကြီး ဖြစ်နေတော့သည်။ စို့ပေါက်ကြီးကတော့ ပရိသတ် ရယ်သံကြောင့် ပိုပြီး မြူးနေသည်။ ဒေါ်လှဥမ္မာနွယ်၏ လည်ပင်းမှာ ချိတ်ထားသော နားကြပ်ကို လှမ်းဆွဲနေသည်။
ပြိုင်ပွဲဝင်တန်း အဆင့်မီ ကလေး ၁၇ ယောက် ဆန်ကာတင် အရွေးခံရသဖြင့် အုပ်စုသုံးစု ခွဲလိုက်ရာ က အုပ်စုတွင် ခြောက်ယောက်၊ ခ အုပ်စုတွင် ခြောက်ယောက်နှင့် ဂ အုပ်စုတွင် ငါးယောက် ဖြစ်သည်။ နောက်ဆုံးမှ စာရင်းသွင်းသော စို့ပေါက်ကြီးက ဂ အုပ်စုတွင် စာရင်းဝင် သွားသည်။
ကလေးအားလုံး အသက်နှင့် ကိုယ်အလေးချိန် မတိမ်းမယိမ်းစီ ရှိကြသော်လည်း စို့ပေါက်ကြီးက အသက်အငယ်ဆုံးနှင့် ကိုယ်အလေးချိန် အများဆုံး (၂၈ ပေါင် ၁၄ အောင်စ) ဖြစ်နေ၍ အုပ်စုဗိုလ် ဖြစ်ရန် အလားအလာ ကောင်းနေသည်။ မိခင်ပရိသတ်က စို့ပေါက်ကြီး အုပ်စု ချောင်သွားပြီဟု တီးတိုး ပြောနေကြသည်။ သို့သော် နို့စို့ပြိုင်ပွဲ၊ ဘောလုံးဖမ်းပွဲ၊ ဝါတာပိုလိုနှင့် ငါးမီတာ ဒူးသွားပြိုင်ပွဲများကသာ အဆုံးအဖြတ် ပေးမည်ဖြစ်သည်။
ပြိုင်ပွဲစတော့မည် ဖြစ်၍ ကလေးများကို တူညီဝတ်စုံ ပန်းနုရောင် အင်္ကျီ လှလှလေးများ ဝတ်ပေးလိုက်သည်။ အင်္ကျီအသစ်ကလေးများ ရ၍ မြူးနေကြသည်။ မိခင်များက ချိုင်းအောက်မှ မ ကိုင်ပြီး မတ်တတ်ရပ် ခိုင်းထားသဖြင့် တာလွှတ်တော့မည့် မြင်းများကဲ့သို့ မြူးထူးခုန်ပေါက် နေကြသည်။
နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ငါးမီတာ ဒူးသွားပြိုင်ပွဲ တစ်မျိုးတည်းကိုသာ အုပ်စုဗိုလ် သုံးဦးအား ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ပထမ ရသူကို ရွှေတံဆိပ်ဆုနှင့် ငွေ တစ်ရာကျပ်၊ ဒုတိယ ရသူကို ငွေတံဆိပ်ဆုနှင့် ငွေ ငါးဆယ်ကျပ်၊ တတိယ ရသူကို ကြေးတံဆိပ်ဆုနှင့် ငွေနှစ်ဆယ့်ငါးကျပ် အသီးသီး ချီးမြှင့်မည်ဖြစ်သည်။
နံနက် ၉ နာရီတွင် ပြိုင်ပွဲများစတင်ရန် အသင့် ဖြစ်နေသည်။ အရေးပေါ် ပြုလုပ်ထားသည့် ၁၅ ပေ ရှည်၍ ၅ ပေ ကျယ်သော ပျဉ်စပ်ခင်း ခုံတန်းရှည်ကြီး သုံးခုတွင် အပြာနုရောင် ပလတ်စတစ် စားပွဲခင်းကြီးများ တင်းနေအောင် ခင်းထားသည့် ခုံအမှတ် ၁ တွင် က အုပ်စု၊ ခုံအမှတ် ၂ တွင် ခ အုပ်စု၊ ခုံအမှတ် ၃ တွင် စို့ပေါက်ကြီးတို့ ဂ အုပ်စု နေရာ ယူကြသည်။
နို့ဘူးစို့ ပြိုင်ပွဲကို အုပ်စုသုံးစု တစ်ပြိုင်တည်း ကျင်းပသည်။ မြို့နယ် ဆရာဝန်ကြီးနှင့်အတူ ပါလာသော သူနာပြု ဆရာမလေးနှင့် ကျန်းမာရေး အဖွဲ့က ယူနီဆက် နို့မှုန့်များကို စနစ်တကျ ဖျော်ပြီး ဂရိုက်မစ်ချာ ပုလင်းလေးများတွင် ထည့်၍ နို့သီးခေါင်း တပ်ပေးနေသည်။ ကလေးမိခင်များ မိမိကလေးကို ကိုယ်တိုင်တိုက်ရန် ဖြစ်သည်။ ပုလင်းလေးထဲတွင် နို့ရည် တစ်စက်မှ မကျန်အောင် တိုက်ရမည်။ နို့သီးခေါင်းကလေးများ ပါးစပ်ထဲ သွင်းချိန်မှ စ၍ အချိန်မှတ်မည်။ ခွင့်ပြုချိန် ၁၅ မိနစ် ဖြစ်သည်။ ကလေး မိခင်များ အသင့်ပြင်ဆင် နေကြစဉ် စိုပေါက်ကြီးက ကုလားမ၏ ခါးပေါ်တွင် ရှူရှူ ပေါက်ချသည်။ ကုလားမ ရှက်ကိုးရှက်ကန်းဖြင့် ထဘီလှည့်ဝတ် နေသည်ကို မြင်သွားသော ဆရာဝန်ကြီးက လက်မှနာရီကို ငုံ့ကြည့်ပြီး တစ်စုံတစ်ခု ရေးမှတ်လိုက်သည်။
စို့ပေါက်ကြီးတို့ အုပ်စုမှ သဉ္စာကျော်က စတင်ပြီး နို့ဘူး စို့သည်။ ပုလင်း တစ်ဝက်လောက်သာ စို့ပြီး ဆက်မစို့တော့ဘဲ သူ့အမေ၏ နို့ကိုသာ အတင်းဟပ်နေသဖြင့် အမှတ်မရ ဖြစ်သွားသည်။ ကျန်ကလေးများကို တစ်ယောက်ပြီး တစ်ယောက် စို့ခိုင်းသည်။ ဘိုးချစ်စု ၉ မိနစ် ၄၂ စက္ကန့်၊ မြသူဇာ ၁၀ မိနစ် ၂ စက္ကန့်၊ လုံးလုံး ၉ မိနစ် ၂၀ စက္ကန့်ဖြင့် တစ်မှတ်စီ အသီးသီး ရသွားကြသည်။ အချို့ မိခင်များက သတိမေ့ပြီး ကလေးကို မိမိနို့ တိုက်ထားမိသဖြင့် စံချိန်မကောင်း၊ အချို့ အမှတ်မရ ဖြစ်ကုန်ကြသည်။
ရှူရှူ ပေါက်ချပြီးနောက် ကုလားမ၏ ပခုံးကို တစ်ချိန်လုံး စုပ်နေခဲ့သော စို့ပေါက်ကြီး အလှည့်တွင် ပါးစပ်ထဲသို့ နို့သီးခေါင်း သွင်းလိုက်သည်နှင့် တရှူးရှူး တရှဲရှဲဖြင့် အားရပါးရ စုပ်တော့သည်။ သည်းမွန်ပြီး နှာခေါင်းမှ ပါးစပ်မှ လျှံထွက်ကုန်သည်။ ပရိသတ်က လက်ခုပ်တီး၍ ဩဘာပေး ကြသည်ကို နို့သီးဖြုတ်ပြီး ရယ်ပြနေသဖြင့် ကုလားမမှာ စိုးရိမ်တကြီးဖြင့် နို့သီးခေါင်းကို ပါးစပ်ထဲ အတင်းပြန်သွင်း လိုက်ရသည်။ ၈ မိနစ် ၅၅ စက္ကန့်တွင် နို့တစ်စက်မှ မကျန်တော့၍ စို့ပေါက်ကြီး အကောင်းဆုံး စံချိန်ဖြင့် ပြိုင်ပွဲ တစ်မျိုးအတွက် တစ်မှတ် ရသွားသည်။
နို့ဘူးစို့ ပြိုင်ပွဲ ပြီးတော့ ဘောလုံးဖမ်းပွဲ ဆက်ကျင်းပသည်။ စားပွဲကြီး ပေါ်မှ အမြင့် သုံးပေခန့်တွင် ကန့်လန့်ဖြတ် ချည်နှောင်ထားသော ဝါးလုံးတန်းတွင် သင်္ဘောသီး အလတ်စားအရွယ် ရောင်စုံဘောလုံးကို အပ်ချည်ကြိုးဖြင့် ချည်၍ တွဲလောင်းချထားသည်။ ဘောလုံးဖမ်းမည့် ကလေးကို ဝါးလုံးတန်း အောက်တွင် ဘောလုံးနှင့် မျက်နှာချင်းဆိုင် ထားသည်။ ဘောလုံးသည် လေအဝှေ့တွင် ယိမ်းထိုးလှုပ်ရှား နေသည်။ ကလေး၏ မျက်နှာ ရင်ဘတ် ဝမ်းဗိုက်တို့ကို လာရောက်တို့ထိ ကျီစယ် နေသကဲ့သို့ ရှိသည်။ ၁၅ မိနစ်အတွင်း ဘောလုံးကို မိအောင် ဖမ်းရမည် ဖြစ်သည်။ ကလေးများ နောက်လန် လဲကျပါက ထိခိုက်နာကျင်မှု မရှိစေရန် ဂွမ်းစောင် ထူထူကို လေးခေါက် ခေါက်၍ နောက်ကျော ဘက်မှာ ခင်းထားသည်။ ကလေးမြှောက်၍ ဘောလုံးကို လိုက်ဖမ်းချိန်မှ စပြီး အချိန်မှတ်မည် ဖြစ်သည်။
စို့ပေါက်ကြီးတို့ ဂ အုပ်စုတွင် သဉ္စာကျော်က စတင်၍ ဘောလုံး ဖမ်းသည်။ ၁၀ မိနစ် ၂၀ စက္ကန့်တွင် မိသွားသည်။ ချီးကျူး လက်ခုပ်သံများ ဆူညံသွားသည်။ ကနှင့် ခ အုပ်စုဘက်မှလည်း လက်ခုပ်သံများ ကြားနေရ သဖြင့် ပြိုင်ပွဲ ဝင်နေကြသော သားသားလေး မီးမီးလေးတို့ အဆင်ပြေနေဟန် တူသည်။
အမှတ်စဉ် ၂၊ ဘိုးချစ်စု ဘောလုံးကို မဖမ်းဘဲ လက်ဖြင့်ပုတ်ထုတ် နေသဖြင့် သူ့အမေကလည်း အသည်းယားပြီး ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်။ သူ့အဘိုးက ကိုယ်တိုင် ဝင်ဖမ်းတော့မည့်ပုံ ဖြစ်နေသည်။ ၁၅ မိနစ် ပြည့် သွား၍ ဘိုးချစ်စု အမှတ်မရ ဖြစ်သွားသည်။
အမှတ်စဉ် ၃၊ မြသူဇာ အလှည့်တွင် လေနည်းနည်း တိုက်လာ၍ မိခင် လုပ်သူက ကန့်ကွက်သည်။ လေကွယ်သွားစေရန် ကြော်ငြာ သင်ပုန်းကြီးဖြင့် ကာပေး လိုက်ရသည်။ ၁၀ မိနစ် ကျော်သည်အထိ ဖမ်းမမိသေး။ ၁၂ မိနစ် ၄၀ စက္ကန့်တွင် ဘောလုံးက ဗိုက်ထဲ ဝင်လာပြီး ငြိမ်သက်နေစဉ် လှမ်းဖက်လိုက်၍ အမှတ်ရသွား တော့သည်။ ပရိသတ်ထဲက လက်ခုပ် တီးသည်၊ သူ့အမေက ထ ကသည်။
အမှတ်စဉ် ၄၊ လုံးလုံးသည် ဘောလုံးကို လက်ဖြင့် ရိုက်ထုတ် ပစ်နေသည်။ ဘောလုံးက တစ်ပတ် လည်လာပြီး နဖူးကို ဆောင့်မိသဖြင့် လန့်ပြီး နောက်လန် ကျသွားသည်။ ၁၅ မိနစ် ပြည့်သွားသည်။ လုံးလုံးလေး အမှတ် မရလိုက်တော့။
စားပွဲပေါ်မှ ဘောလုံးကို သူ့အစ်မ၏ ခါးပေါ်မှပင် ဖမ်းရန် ကြိုးစား နေခဲ့သော စို့ပေါက်ကြီးကတော့ စားပွဲပေါ် ထိုင်ပေးလိုက်သည်နှင့် စတင် ဖမ်းတော့သည်။ လက်နှင့် ထိလိုက်တိုင်း ဘောလုံးက လွင့်စဉ်သွားသဖြင့် စို့ပေါက်ကြီး မောနေသည်။ ဘောလုံး ရင်ဘတ်နား ရောက်လာတိုင်း ကြောင်အုပ်သလို ခုန်အုပ်နေသဖြင့် ဘောလုံးက ခုန် ခုန် ထွက်သွားသည်။ နောက်တစ်ကြိမ် လေးတွဲ့စွာ ပြန်ဝင်လာနေသော ဘောလုံးက ဗိုက်ထဲ ဝင်လာပြီး ခေတ္တ ငြိမ်နေစဉ် လှမ်းဖက်လိုက်ရာ အပ်ချည်ကြိုးကို ဆွဲမိလျက်သား ဖြစ်သွားသည်။ လက်ကလေး နှစ်ဘက်ဖြင့် ဘောလုံးကို ပိုက်ပြီး ပါးစပ်ဖြင့် ကုန်းကိုက်လိုက်ရာ လက်သည်း အချွန်လေးဖြင့် ထိုးမိသွားဟန် တူသည်။ ဘောလုံးက ဗောင်းခနဲ အသံမြည်၍ ပေါက်သွားတော့သည်။ ၁၃ မိနစ် ၃၅ စက္ကန့်ဖြင့် စို့ပေါက်ကြီး တစ်မှတ် ရသွားပြန်သည်။
က အုပ်စုနှင့် ခ အုပ်စု စားပွဲ ဘက်မှလည်း လက်ခုပ်သံများ ကြားနေရသည်။ အချို့ ကလေးမိခင်များ ထခုန်နေကြသည်ကို တွေ့ရသည်။
ဘောလုံးဖမ်းပွဲ ပြီးတော့ ဝါတာပိုလို ပြိုင်ပွဲ ဆက်ကျင်းပသည်။ ထိပ်ဝ အချင်းနှစ်ပေခွဲ ကျော်သော အဝက်လျှော် သစ်သား စည်ပိုင်းပြတ်ထဲမှာ ရေထု ခြောက်လက်မခန့် ဖြည့်ပြီး စားပွဲတင် တင်းနစ် ပင်ပေါင် ဘောလုံးလေးကို မျှောထားသည်။ ကလေးကို ကိုယ်လုံးတီး ချွတ်၍ ရေထဲမှာ ထိုင်ခိုင်းပြီး ဘောလုံးလေးကို ဖမ်းစေခြင်း ဖြစ်သည်။ ခွင့်ပြုချိန် ၁၅ မိနစ် ဖြစ်သည်။
ဘောလုံးလေးမှာ ရေလှိုင်းများ ပေါ်တွင် စင်ရော် ငှက်ကလေးပမာ လှိုင်းအိ စီးနေသဖြင့် အဖမ်းရ ခက်လှသည်။ ဤပြိုင်ပွဲတွင် ကလေး အများစုမှာ ဘောလုံး ဖမ်းဖို့ထက် ရေဆော့ဖို့ စိတ်သန်နေကြသဖြင့် ကန့်သတ်ချိန် ၁၅ မိနစ် ကုန်သွားချိန် အထိ ဘောလုံးကို မဖမ်းဘဲ ရေဆော့ နေကြသည်။ က အုပ်စုမှ နှစ်ယောက်နှင့် ခ အုပ်စုမှ တစ်ယောက်သာ ဖမ်းနိုင်သည်ဟု သိရသည်။
စို့ပေါက်ကြီးတို့ ဂ အုပ်စုမှ လုံးလုံးနှင့် စို့ပေါက်ကြီးတို့ ဖမ်းနိုင်ခဲ့ကြသည်။ သို့သော် စံချိန် မကောင်းကြ၊ လုံးလုံး၏ အလှည့်တွင် ဘောလုံးက နောက်ဘက် ရောက်သွားပြီး ကျောကုန်းနှင့် စည်ပိုင်းနှုတ်ခမ်း ကြားမှာ ညပ်နေသဖြင့် ဒိုင်လူကြီးက ကောက်ယူပြီး ရှေ့မှာ ပြန်ချပေး၍ ၁၄ မိနစ် ၄၈ စက္ကန့်တွင် ဖမ်းမိသွားသည်။ လုံးလုံး တစ်မှတ် ရသွားသည်။
စို့ပေါက်ကြီး အလှည့်တွင် ရေထဲမှာ ထိုင်ပြီး ဘောလုံး မဖမ်းဘဲ ရေစည်နှုတ်ခမ်းကို အားပြုကိုင် မတ်တတ်ရပ်ပြီး ရေမျက်နှာပြင်ကို ခြေထောက်ဖြင့် ဆောင့်နင်းပြီး ရေဆော့နေ၍ ကုလားမ စိတ်ညစ်ရတော့သည်။ ဒိုင်လူကြီးက လက်ကို ဆွဲဖြုတ်ပြီး မကြာခဏ ပြန်ထိုင်ခိုင်းရသည်။ တစ်ကြိမ်တွင်မူ ဆောင့်ပြီး ရေထဲ ဖင်ထိုင်ချလိုက်ရာ ဘောလုံးလေးက ဖင်အောက် ရောက်သွားပြီး ပေါင်နှစ်လုံး ကြားမှာ ဘွားခနဲ ပေါ်အလာတွင် လှိုင်းပုတ်လိုက် သဖြင့် ကံအားလျော်စွာပင် ခေါင်းနှင့် ဗိုက်ခေါက်ကြီး အကြားမှာ ညပ်သွားသည်။ စို့ပေါက်ကြီး ငုံ့ကြည့် ကောက်ကိုင်ပြီး ပါးစပ်ထဲ ထည့်လိုက်တော့သည်။ ကုလားမ ဝမ်းသာလွန်း၍ သူ့ မောင်လေးကို မွေးမွှေးပေးလိုက်သည်။ ၁၄ မိနစ် ၅၂ စက္ကန့်ဖြင့် တစ်မှတ် ရသွားပြန်သဖြင့် ဂ အုပ်စုဗိုလ် ဖြစ်ဖို့ သေချာသလောက် ဖြစ်သွားတော့သည်။
ငါးမီတာ ဒူးသွားပြိုင်ပွဲ အတွက် ပြင်ဆင်နေချိန်တွင် မိခင်များ မိမိကလေးများကို နို့တိုက်ကြသည်။ အချို့ကလေးများ နို့စို့ရင်း အိပ်ပျော် သွားကြသည်။ ကုလားမက သူနာပြု ဆရာမလေးထံမှ နို့ဘူးတောင်း၍ မောင်လေးကို တိုက်သည်။ နို့ဘူး ကုန်သည်နှင့် စို့ပေါက်ကြီး အိပ်ပျော်သွား တော့သည်။ သူ့အလှည့်က နောက်ဆုံးဖြစ်၍ အဆင်တော့ ပြေသည်။
ငါးမီတာ ဒူးသွားပြိုင်ပွဲတွင် စို့ပေါက်ကြီး ၁၅ မိနစ်အတွင်း ပန်းဝင်ရုံဖြင့် အုပ်စုဗိုလ် ဖြစ်မည်။ စံချိန်ကောင်းရန် မလိုတော့။ ဆက်မပြေးဘဲ ထိုင်နေ၍ ၁၅ မိနစ် ပြည့်သွားပြီး အမှတ်မရ ဖြစ်မှာကိုပဲ စိုးရိမ်ရသည်။ အိပ်ရာမှ နိုးလာပြီး အားအင် အပြည့်ဖြင့် ပြေးလိုက်ရလျှင် စံချိန်ပါ ကောင်းသွားနိုင်သည်။
ပြီးသွားသည်နှင့် ပြိုင်ပွဲသုံးမျိုး အတွက် သဉ္စာကျော် တစ်မှတ်၊ မြသူဇာ နှစ်မှတ်၊ လုံးလုံး နှစ်မှတ်နှင့် စို့ပေါက်ကြီး သုံးမှတ် အသီးသီး ရနေကြသည်။ သဉ္စာကျော်နှင့် ဘိုးချစ်စုတို့ မျှော်လင့်ချက် မရှိတော့သည့် အပြင် အိပ်ပျော် နေကြ၍ မိဘများက ဆက်လက် မပြိုင်ကြတော့ဘဲ ကလေးတွေ အကြောင်း ပြောလိုက် ရယ်လိုက်ဖြင့် ကလေးသိပ်ရင်း ပွဲထိုင်ကြည့်နေ ကြတော့သည်။
ငါးမီတာ ဒူးသွားပြိုင်ပွဲများ စားပွဲအသီးသီးတွင် စတင်ပြုလုပ်သည်။ အုပ်စု က နှင့် အုပ်စု ခ တို့လည်းတစ်ဝက်ခန့် ပြုတ်သွားပြီဖြစ်သည်။ ဒူးသွားပြိုင်ပွဲ တာထွက်မည့် ကလေးကို စားပွဲရှည်ကြီး၏ တစ်ဖက်စွန်းတွင် ထိုင်ခိုင်းသည်။ အနီရောင် ပလတ်စတစ် မော်တော်ကားလေးကို ကြိုးဖြင့် ချည်၍ ကလေးရှေ့မှ ဖြည်းဖြည်း ဆွဲသွားသည်။ ကလေးမော၍ ထိုင်ချ လိုက်လျှင် ဆက်မဆွဲဘဲ ရပ်ပေးထားသည်။ စားပွဲဟိုဘက်ထိပ် ပန်းဝင်မည့် နေရာတွင် ရောင်စုံပန်းစက္ကူ ကြိုးတန်း တန်းထားသည်း၊ လက်ဖြင့် ထိမိသည့် အချိန်ကို ပန်းဝင်ချိန်အဖြစ် သတ်မှတ်မည် ဖြစ်သည်။ ကလေးစတင် လှုပ်ရှားသည့် အချိန်မှ စတင်၍ အချိန်မှတ်သည်။ ခွင့်ပြုချိန် ၁၅ မိနစ် ဖြစ် သည်။ ၁၅ မိနစ်အတွင်း ပန်းမဝင်နိုင်ပါက ပြိုင်ပွဲမှ ထွက်ရမည် ဖြစ်သည်။
စို့ပေါက်ကြီးတို့ ဂ အုပ်စုမှ လုံးလုံးက စတင်ပြီး ပြိုင်ပွဲဝင်သည်။ မော်တော်ကားလေး လိုချင်ဇောဖြင့် လုံးလုံး စံချိန်ကောင်းသွားသည်။ ၁၅ ပေ အကွာအဝေးကို ၈ မိနစ် ၁ စက္ကန့်ဖြင့် ပန်းဝင်ပြီး တစ်မှတ် ရသွားပြန် သဖြင့် စုစုပေါင်းရမှတ် သုံးမှတ် ဖြစ်သွားသည်။
မြသူဇာလေး အိပ်ရာမှ နိုးစမို့ မကြည့်မလင် ဖြစ်နေ၍ စံချိန်နှေး လှသည်။ တစ်လှမ်း နှစ်လှမ်းသွားလိုက် ထိုင်ချလိုက် လုပ်နေ၍ ၁၀ မိနစ် ၂၅ စက္ကန့်အထိ ကြာသွားသည်။ စံချိန် မကောင်းသော်လည်း တစ်မှတ် ရသွားပြန်သဖြင့် စုစုပေါင်း ရမှတ် သုံးမှတ် ဖြစ်သွားသည်။
သို့သော် လုံးလုံးနှင့် မြသူဇာတို့၏ အခွင့်အရေးသည် စို့ပေါက်ကြီး အပေါ်တွင် မူတည်နေသည်။ စို့ပေါက်ကြီး ၁၅ မိနစ်အတွင်း ပန်းဝင်နိုင်ပါမှ လုံးလုံးသော် လည်းကောင်း၊ မြသူဇာသော် လည်းကောင်း ရမှတ်နှင့် စံချိန်အပေါ် မူတည်၍ အုပ်စုဗိုလ်ဖြစ်ရန် အလားအလာ ရှိသည်။ စို့ပေါက်ကြီး ၁၅ မိနစ်အတွင်း ပန်းဝင်နိုင်ပါက လေးမှတ်ဖြင့် ပြတ်ပြီး အုပ်စုဗိုလ် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်သွားပေတော့မည်။
အိပ်ရာမှ နိုးလာသော စို့ပေါက်ကြီးသည် မြသူဇာလေးကဲ့သို့ပင် လေးလံထိုင်းမှိုင်း နေသည်။ သို့သော် စားပွဲပေါ် ထိုင်ခိုင်းပြီး မော်တော်ကားလေး မြင်သည်နှင့် ခုန်အုပ်တော့သည်။ တစ်ကျပ်ခွဲ နှစ်ကျပ်တန် ပလတ်စတစ် မော်တော်ကားကလေးမျှကိုပင် ကစားစရာအဖြစ် မမြင်ဘူးရှာသော စို့ပေါက်ကြီးခမျာ လိုချင်ရှာပေလိမ့်မည်။ အငမ်းမရ လိုက်ဖမ်း နေတော့သည်။ ငါးမိနစ်အတွင်း စားပွဲကြီး၏ အလျားတစ်ဝက် ကျော်ကျော်ခန့် ရောက်သွားသည်။ ဒီပုံအတိုင်းသာ ဆိုပါက စို့ပေါက်ကြီးသည် သာကေတ စံချိန်သာမက မြန်မာ့စံချိန်ကမ္ဘာ့စံချိန်များပင် ချိုးပေတော့မည်။ ပရိသတ်က စို့ပေါက်ကြီးကို ကြည့်ပြီး တအံတဩ ဖြစ်နေကြသည်။ လက်ခုပ်တီး၍ ဩဘာပေးကြသည်။
သို့သော် ပန်းဝင်ရန် ငါးပေခန့် အလိုတွင် ရုတ်တရက် ထိုင်ချလိုက်ပြီးတွန့်ခနဲ တွန့်ခနဲ အလှေးခါသည်။ ပြီးတော့မှ ရှူရှူရော အီအီးပါ ပါချ လိုက်တော့သည်။ ပရိသတ်ရော ဒိုင်လူကြီးပါ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြသည်။ စို့ပေါက်ကြီးကတော့ အီအီးနှင့် ရှူရှူတွေကို လက်ဖြင့် မွှေနေပါပြီ။
ကလေးများ၏ အခြေအနေကို လိုက်လံကြည့်ရှုနေသော မြို့နယ် ဆရာဝန်ကြီး ဒေါ်လှဥမ္မာနွယ်က အီအီး မွှေနေသော စို့ပေါက်ကြီးကို ကြည့်ပြီးသူ့လက်မှ နာရီကို မြှောက်ကြည့်တာ မြင်လိုက်ကြရသည်။
ကုလားမမှာ ဒိုင်လူကြီး အကူအညီဖြင့် ကမန်းကတန်း သန့်ရှင်းရေး လုပ်ရသည်။ ဒိုင်လူကြီးကလည်း လျင်သည်။ကုလားမကလည်း မြန်ဆန်သည်။ ငါးမိနစ်အတွင်း သန့်ရှင်းရေးကိစ္စ ပြီးသွားသည်း ပြီးသည်နှင့် စို့ပေါက်ကြီးက မော်တော်ကားလေး နောက်သို့ ဆက်လိုက်တော့သည်။ ၁၃ မိနစ် ၅၆ စက္ကန့်တွင် ပန်းစက္ကူ ကြိုးတန်းလေးကို လက်နှင့် ထိမိသဖြင့် စို့ပေါက်ကြီး အုပ်စုဗိုလ် ဖြစ်သွားတော့သည်။
အုပ်စုသုံးစုမှ အုပ်စုဗိုလ်သုံးဦး နောက်ဆုံးဗိုလ်လုပွဲသို့ တက်လာသည်။ က အုပ်စုမှ ဇေယျာမင်းမင်း၊ ခ အုပ်စုမှ စုဘူးကြီးနှင့် ဂ အုပ်စုမှ စို့ပေါက်ကြီးတို့ ဖြစ်သည်။ အားလုံး ယောက်ျားလေးတွေချည်း ဖြစ်သည်။ နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ငါးမီတာ ဒူးသွားပြိုင်ပွဲကို အချိန်ကန့်သတ်မှု မထားဘဲ ယှဉ်ပြိုင်စေမည် ဖြစ်သည်။ ပထမ ပန်းဝင်သူကို ပထမ၊ ဒုတိယ ပန်းဝင်သူကို ဒုတိယ နောက်ဆုံးပန်းဝင်သူကို တတိယဆုများ ချီးမြှင့်မည် ဖြစ်သည်။
နေ့လယ် ၁၂ နာရီတွင် ပြိုင်ပွဲ ခေတ္တနားသည်။ ပြိုင်ပွဲ ကော်မတီဝင်များနှင့် အထူး ဖိတ်ကြားထားသော ဧည့်သည်များကို က အုပ်စု ဇေယျာမင်းမင်းနှင့် မိသားစုက နံနက်စာ အုန်းထမင်း ကြက်သားဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။
ဇေယျာမင်းမင်း၏ ဖခင်မှာ နိုင်ငံခြား သင်္ဘောသား အရာရှိဟု သိရသည်။ မဏ္ဍပ်ရှေ့တွင် တိုယိုတာ ဟိုက်လပ်စ် ပစ်ကပ် လောင်းဘော်ဒီ ယာယီနံပါတ် ကားသစ်တစ်စီး ရပ်ထားသည်။ နံနက်က ကားကို ဝိုင်းအုံ ကြည့်နေကြသော ပရိသတ်ကို ဇေယျာမင်းမင်း၏ ဖခင်က ရှင်းပြနေသံ ကြားရသည်။ အထူး ဖိတ်ကြားထားသော ဧည့်သည်များကိုလည်း ကားဖြင့် ကြိုပို့ လုပ်ပေးနေသည်။
ပြိုင်ပွဲ ခေတ္တနားချိန်တွင် ကုလားမသည် စို့ပေါက်ကြီးကို ချီ၍ အိမ်ပြန်သွားသည်။ ဒေါ်တူးနှင့် အပ္ပနားတို့ ထမင်းစားနေကြသည်။ ကုလားမက စို့ပေါက်ကြီး ပြိုင်ပွဲဝင်ခွင့် ရကြောင်း၊ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ကြောင်း၊ ယခု ထမင်းစားပြီးချိန်တွင် နောက်ဆုံး ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း ဝမ်းသာအားရ ပြောပြသည်။ ဒေါ်တူးက ထမင်း စားနေရာမှ
“နင်ဟာလေ အတော်ရှည်တဲ့ အကောင်မ၊ ကလေးက တစ်မနက်လုံး နို့လဲမစို့ရ၊ တစ်ရေးမှလဲမအိပ်ရသေးဘူး မဟုတ်လား”
“အမေ့သားလေး အခုပဲ အိပ်ရာကနိုးလာတာ၊ မဏ္ဍပ်ထဲမှာ နို့ဘူးလဲ စို့ခဲ့ရတယ်၊ ဒူးသွားပြိုင်နေတုန်း သေးတွေရော ချေးတွေရောပါချလို့ အမေ ရေ့၊ ဒုက္ခရောက်လိုက်တာ မပြောနဲ့၊ အမေ့သားလေးက လူတော သူတော ခေါ်သွားလို့ မကောင်းဘူး၊ သိပ် ရုပ်ပျက်တာပဲ”
“နင့် ဟာနင် ရှည်ပြီး ခေါ်သွားတာကိုးအေ့”
ဒေါ်တူးက ထမင်းဝသွား၍ လက်ဆေးပြီး ထဘီမှာ လက်သုတ်လိုက်သည်။ ဆေးပေါ့လိပ်ဖွာရင်း ကလေးကို နို့တိုက်နေသည်။ ကုလားမ ထမင်းစားသည်။ အပ္ပနား ထမင်းဝသည်နှင့် တအောင့်တနား နားကြပြီး သားအမိနှစ်ယောက် ရေလှည်းတွန်းရန် ထွက်သွားတော့သည်။
ကုလားမက ထမင်းစားပြီးသည်နှင့် စို့ပေါက်ကြီးကို ချီ၍ မဏ္ဍပ်သို့ ပြန်လာခဲ့သည်။ မဏ္ဍပ်ထဲတွင် လူစုံနေပေပြီ။ နောက်ဆုံး ဗိုလ်လုပွဲအတွက် အုပ်စုဗိုလ်သုံးဦး ငါးမီတာ ဒူးသွားပြိုင်ပွဲ တစ်ပြိုင်တည်း တာလွှတ်ရန် ပြင်ဆင်နေကြသည်။ ဇေယျာမင်းမင်းက အမှတ်တစ် စားပွဲတွင်လည်းကောင်း၊ ခ အုပ်စုဗိုလ် စုဘူးကြီးက အမှတ်နှစ် စားပွဲတွင်လည်းကောင်း၊ ဂ အုပ်စုဗိုလ် စို့ပေါက်ကြီးက အမှတ်သုံး စားပွဲတွင်လည်းကောင်း နေရာ ယူကြရသည်။
ကလေးမိခင်များကို ပန်းဝင်မည့်ဘက် စားပွဲထိပ်မှ လက်ခုပ်တီး၍ မြှူပေးရန် နေရာယူခိုင်းသဖြင့် ကုလားမသည်လည်း သူ့မောင်လေးကို မြှူခေါ်နိုင်ရန် နေရာယူလိုက်သည်။ ဇေယျာမင်းမင်း၏ မိခင်က သူ့သားလေး ကစားနေကျ အရုပ်ဖြစ်ဟန် တူသော ဂျပန်နိုင်ငံလုပ် အမွေးပွ ခွေးရုပ်ဖြူဖြူလေးကို ကိုင်ထားသည်။ ဓာတ်ခဲသုံး စက်ရုပ်ကလေးဖြစ်၍ လျှာကလေး ထုတ်လိုက် အမြီးကလေး လှုပ်လိုက်ဖြင့် ကြည့်ကောင်းလှသည့် မြန်မာငွေ ကိုးဆယ် တစ်ရာခန့် တန်ပေလိမ့်မည်။
ပန်းဝင်ဒိုင်လူကြီးများက အသင့်ဖြစ်ကြောင်း အချက်ပြလိုက်သည်နှင့် ကလေးများရှေ့တွင် မော်တော်ကားကလေးကို ချလိုက်ပြီး အချိန် စမှတ်တော့သည်။ မော်တော်ကားကလေးကို ကလေးလှမ်းကိုင်တိုင်း ကားလေးကို ရှေ့သို့ ဆွဲယူသွားသဖြင့် ကလေးများသည် ဒူးသွား သွားပြီး လိုက်ဖမ်းကြ တော့သည်။
စုဘူးကြီး ဒူးသွားလိုက်၊ ထိုင်ချလိုက်၊ အလျားထိုး မှောက်လိုက် လုပ်နေသဖြင့် သူ့မိခင်က လက်ခုပ်တီးပြီး သားလေးရေ သားလေးရေဟု အသံပေး နေရသည်။
စို့ပေါက်ကြီးသည် စားပွဲတစ်ဝက်ခန့် အထိ ကားလေးနောက်သို့ မနားတမ်း လိုက်ပြီးခါမှ မောသွားဟန် တူသည်။ ငုတ်ခနဲ ထိုင်ချလိုက်သည်။ ကားလေးကို စိုက်ကြည့်နေပြီး ခဏအကြာတွင် ထိုင်လျက်မှ ကြောင်ခုတ်သကဲ့သို့ လှမ်းအုပ်သည်။ ဒူးမသွားဘဲ ထိုင်နေ၍ ကုလားမ မီးခဲနင်းမိသလို ဖြစ်နေတော့သည်။ လက်ခုပ်တီး၍ “မောင်လေး လာလာ၊ မမလေးဆီ လာ” ခေါ်သော်လည်း စို့ပေါက်ကြီးက ရယ်ပြလိုက် ထိုင်လျက်မှ မော်တော်ကားလေးကို ခြေထောက်ဖြင့် လှမ်းကန်လိုက် လုပ်နေသည်။ ပန်းဝင်ရန် ခုနစ်ပေခန့်သာ ကျန်နေသေးသည်။
အမှတ်တစ်စားပွဲမှ ဇေယျာမင်းမင်းသည် ၁၁ ပေခန့် ရောက်သွားပေပြီ။ ပန်းဝင်ရန် ငါးပေခန့်သာ လိုတော့သည်။ အဖေရော အမေပါ အသံပေးပြီး လက်ခုပ်တီး၍ လည်းကောင်း၊ လက်ယပ်ခေါ်၍ လည်းကောင်း အားကူ ပေးနေသည်။
အမှတ် ၂ စားပွဲမှ စုဘူးကြီးသည် ဒူးသွားနေရာမှ မကြာခဏ ဝမ်းလျားထိုး မှောက်ချပြီး နားနေသည်။ ခရီးတစ်ဝက်ပင် မရောက်သေး။
အမှတ် ၃ စားပွဲမှ စို့ပေါက်ကြီးသည်လည်း ထိုင်လျက်ပင် ရှိသေးသည်။ အိပ်ချင်လာဟန် တူသည်။ ဝါးခနဲ သန်းလိုက်သည်။ မျှော်လင့်ချက် အတော်နည်းပေပြီ။
ထိုစဉ် ပရိသတ်ထဲမှ “ဒေါ်တူးလာပြီ” ဟူသော အသံကြားသဖြင့် ကုလားမ လှည့်ကြည့်လိုက်ရာ ထဘီ တစ်ပိုင်းတစ်စ ရေစိုကြီးဖြင့် မဏ္ဍပ်တွင်းသို့ ဝင်လာနေသော သူ့အမေကို မြင်လိုက်သဖြင့်
“အမေရေ၊ လာပါဦး၊ ဒီမှာ မောင်လေးရယ် ဒူးမသွားဘဲ ထိုင်နေလို့၊ လုပ်ပါဦး အမေရဲ့”
ကုလားမ၏ အူယားဖားယား အကူအညီတောင်းသံ ကြားတော့ ဒေါ်တူးသည် လူအုပ်ထဲ တိုးဝင်ပြီး ကုလားမ ရပ်နေသည့် နေရာတွင် နေလိုက်သည်။ လက်ခုပ်တီး၍ “သားလေးရေ” ဟု အသံပေးလိုက်ရာ စို့ပေါက်ကြီး ခေါင်းမော့၍ မျက်လုံးကြီး ပြူးကြည့်ပြီး ပြုံးပြသည်။ ထိုင်နေရာမှ ဒူးသွားရန် လေးဘက် ထောက်လိုက်သည်။ သူ့မိခင်ကို ကြည့်ပြီး ပြုံးနေသည်။ အတွင်းအောက်ခံ ဘော်လီအင်္ကျီကို ပင့်၍ သားမြတ်အစုံကို လှန်ပြလိုက်ရာ စို့ပေါက်ကြီး သူ့အမေ ရှိရာသို့ ဒုန်းစိုင်း သွားတော့သည်။ ဒေါ်တူးအနား ရောက်သွား၍ ပန်းစက္ကူ ကြိုးတန်းနှင့် လက်ကလေး ထိသွားသော အချိန်တွင် အမှတ်တစ် စားပွဲမှ ဇေယျာမင်းမင်း ပန်းဝင်ပြီ ဖြစ်ကြောင်း ဝီစီမှုတ်သံနှင့်အတူ လက်ခုပ်သံများ ဆူညံသွားတော့သည်။ တစ်ပြိုင်တည်းမှာပင် စို့ပေါက်ကြီး ပန်းဝင်ကြောင်း ဝီစီမှုတ် လက်ခုပ်တီး၍ အချက်ပေးလိုက်သည်။ အမှတော် ၂ စားပွဲမှ စုဘူးကြီးမှာ ကားလေးနောက် လိုက်တုန်းပင် ရှိသေးသည်။
ဇေယျာမင်းမင်းနှင့် စို့ပေါက်ကြီးတို့၏ စံချိန်များကို ပွဲကြည့်ပရိသတ် က အငမ်းမရ သိလိုသဖြင့် အချိန်မှတ်နာရီ နှစ်လုံးကို တိုက်ဆိုင် စစ်ဆေးရာ ကော်မတီ လူကြီးများရော ပွဲကြည့်ပရိသတ်ပါ အံ့အားသင့်ရတော့သည်။ ကလေးနှစ်ယောက်လုံး ၁၅ မိနစ် ၅ စက္ကန့်ဖြင့် ပန်းဝင်ကြောင်း ဖော်ပြနေသည်။
ဖြစ်လာသည့် အခြေအနေအရ ဇေယျာမင်းမင်းနှင့် စို့ပေါက်ကြီးတို့ မည်သူက ပထမ၊ မည်သူက ဒုတိယဟု ဆုံးဖြတ်ရန် ခက်နေတော့သည်။ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စဖြစ်၍ ပြိုင်ပွဲစည်းကမ်း ရေးဆွဲစဉ်က ဤအချက်ကို ထည့်မတွက်မိခဲ့ကြ၊ ဤသို့ ဖြစ်လာလိမ့်မည် ဟုလည်း မည်သူမျှ မထင်မိခဲ့ကြ။ ပြိုင်ပွဲကျင်းပရေး ကော်မတီ လူကြီးများ ညှိနှိုင်းဆွေးနွေး နေကြစဉ် အမှတ်နှစ် စားပွဲမှ စုဘူးကြီး ၂၃ မိနစ် ၆ စက္ကန့်ဖြင့် ပန်းဝင်သွား၍ သုံးဦး ပြိုင်ရာတွင် တတိယဆုကို လွတ်လွတ်ကျွတ်ကျွတ် ဆွတ်ခူးသွားသည်။
“ကျေးဇူးပြုပြီး နားထောင်ကြပါ ခင်ဗျား ငါးမီတာ ဒူးသွားပြိုင် နောက်ဆုံး ဗိုလ်လုပွဲမှာ ဇေယျာမင်းမင်းနဲ့ စို့ပေါက်ကြီးတို့ စံချိန် တူနေပါတယ်၊ ပြိုင်ပွဲကော်မတီ ညှိနှိုင်းဆုံးဖြတ်ချက်နှင့် မူလ ချမှတ်ထားသော မူအရ မြို့နယ်ဆရာဝန်ကြီးရဲ့ ကျန်းမာရေး အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်၊ ဇေယျာမင်းမင်းနဲ့ စို့ပေါက်ကြီးတို့ ကျန်းမာရေး ပြန်လည် စစ်ဆေးခံရန် ဆရာဝန်ကြီး စားပွဲကို လာကြပါခင်ဗျာ”
အတွင်းရေးမှူး ကိုလှရီက ဖိတ်ခေါ်သဖြင့် ဇေယျာမင်းမင်း၏ မိခင်နှင့် ဒေါ်တူးတို့က ကလေးချီ၍ ဆရာဝန်ကြီး စားပွဲသို့ သွားကြသည်။ အမျိုးသမီးပရိသတ် ခေါင်းချင်း ပူးကုန်ကြသည်။ ထင်ကြေးတွေ အမျိုးမျိုး ပေးနေကြသည်။ နေ့လယ်စာ စားထားသည့် အုန်းထမင်းနှင့် ကြက်သားဟင်းကလည်း ဆရာဝန်မကြီး ဗိုက်ထဲမှာ အစာမကြေသေးဟု ဆိုသည်။ ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် အလှူငွေ အများဆုံး ထည့်ဝင်ရုံသာမက လိုတာမှန်သမျှ အဘက်ဘက်မှ ကူညီနေသော ဆင်းရဲသား ရပ်ကွက်၏ စူပါစတား မိသားစုနှင့် အလှူငွေနှစ်ကျပ် ကောက်ခံသည်ကို နှစ်ကြိမ်ခွဲထည့် ခဲ့ရသော ဒေါ်တူးတို့ တွေ့ကြပြီဟု ဆိုသည်။
ပြောစရာတော့ ဖြစ်ပေါ်နေပေပြီ။ ဒေါ်တူးတို့ ကံဆိုးပုံကလည်း သည်မိသားစုနှင့်မှ လာပြီး ထိပ်တိုက် တိုးရသည်။ ဦးပုည၏ ရေသည်ပြဇာတ်မှ ဇာတ်လိုက်မိသားစုနှင့် ဘုရားရှင် လက်ထက်တော် အခါက ကျိကျိတက် ချမ်းသာကြသော ဝိသာခါ အနာထပိဏ် မိသားစုတို့ အချင်းများသည့် ကိန်းမျိုးတော့ ကြုံနေပေပြီ။ အင်အားနှင့် အရှိန်အဝါ ချိန်ခွင်လျှာက ဇောက်ထိုးကြီး ဖြစ်နေသည်။ စီးပွားရေး အခြေအနေက မိုးနှင့်မြေ၊ ရွှေနှင့် ငါးပိ၊ အဝီစိနှင့် နိဗ္ဗာန် ကွာချင်တိုင်း ကွာနေတော့သည်။
ကလေးနှစ်ယောက်ကို ဆရာဝန်ကြီး ပြန်လည်စစ်ဆေးနေစဉ် ဇေယျာမင်းမင်း၏ ဖခင်က ကော်မတီ လူကြီးများကို ဒန်ဟီး စီးကရက်ဖြင့် ဧည့်ခံရင်း နိုင်ငံခြား ဗဟုသုတများကို ရယ်ကာ မောကာဖြင့် ဖောက်သည် ချနေရာက ဆရာဝန်ကြီး ရှေ့တွင် ရောက်နေသော ဇနီးနှင့်သားကို မကြာခဏ လှမ်းကြည့်သည်။ သူ့သားလေး ပထမ မရမှာ စိုးရိမ်သည့် ရုပ်ကြီးက မျက်နှာပြင်မှာ ပေါ်နေသည်။ လိုချင်သည်မှာ ဆုမဟုတ် ပထမသာ ဖြစ်သည်။
ဇေယျာမင်းမင်းကို စစ်ဆေး ပြီးသွားသောအခါ ဒေါ်တူးက စို့ပေါက်ကြီးကို ချိုင်းအောက်မှ မ ၍ ဆရာဝန်ကြီး ဘက်ကို မျက်နှာမူပြီး ရပ်ပေးထားသည်။ ဆရာဝန်ကြီးက နားကြပ်ဖြင့် ချိုင်းအောက်၊ ရင်ဘတ်၊ ရင်ခေါင်း၊ ဝမ်းဗိုက်များကို စမ်းသပ်နေစဉ် စို့ပေါက်ကြီးက ရှူရှူ ပန်းထည့်လိုက်ရာ ဆရာဝန်ကြီး၏ ထဘီ အင်္ကျီများ စိုကုန်တော့သည်။ အရှောင်ကောင်း၍ နည်းနည်းသာ စိုသွားသည်။ ဆရာဝန်ကြီးကတော့ နည်းနည်းရှက်သွားပုံ ရသည်။
စစ်ဆေးမှုကြီး ပြီးသွား၍ ဇေယျာမင်းမင်း၏ မိခင်နှင့် ဒေါ်တူးတို့ ဆရာဝန်ကြီး စားပွဲမှ ပြန်လာကြသည်။ ပရိသတ်ကတော့ ဒေါ်တူးခများ ချော်လဲရာ ဆင်နင်း ခံရတော့မည်ဟု တွက်လိုက်ကြသည်။ ကုလားမက ဆရာဝန်ကြီးကို အားလည်းနာ၊ ရှက်လည်း ရှက်သဖြင့် ခေါင်းကြီး အောက်ငုံ့ ထားသည်။ ဒေါ်တူး သူ့ အနားမှာ လာထိုင်တော့မှ သူ့မောင်လေးကို မျက်စောင်းထိုး ကြည့်ပြီး ပြောလိုက်သည်။
“အမေ့သားလေး ယုတ်ကန်းတာ သိပြီ မဟုတ်လား၊ ခွေးကောင်ကလေး၊ သိပ် အကျင့်ယုတ်တာပဲ”
“ဟဲ့ ကလေးပဲ၊ ဘာသိတတ်လို့လဲဟဲ့”
ဒေါ်တူးကကော့ ဘယ်သူကြားကြား တအား ပြန်အော်သည်။ ဆရာဝန်ကြီး ဒေါ်လှဥမ္မာနွယ် ကုလားထိုင်မှ ထရပ်ပြီး တစ်စုံတစ်ခု ပြောရန် ဟန်ပြင်လိုက်သဖြင့် မဏ္ဍပ်တွင်းရှိ ပရိသတ်များ မီးကို ရေနှင့် သတ်လိုက်သလို ငြိမ်သွားသည်။ ယင်ကောင်၏ အတောင်ပံ ခတ်သံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
“ကြွရောက်လာတဲ့ ပရိသတ်များနဲ့ ကလေးမိခင်များရှင့်၊ ကလေး နှစ်ဦးအနက် မည်သူက ပထမ၊ မည်သူက ဒုတိယဆိုတာ အဆုံးအဖြတ် ပေးရန်မှာ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင် လူကြီးမင်းများရဲ့ တာဝန်သာ ဖြစ်ပါတယ်ရှင်၊ ကျွန်မရဲ့ တာဝန်ကတော့ ကလေးနှစ်ဦးအနက် မည်သူက ပိုပြီး ကျန်းမာရေး ကောင်းမွန်တယ် ဆိုတာကို ဆေးဘက်ဆိုင်ရာ ကျန်းမာရေး ရှုထောင့်မှ ကြည့်ပြီး အမှတ်ပေးဖို့ ဖြစ်ပါတယ်၊
“ကလေး နှစ်ယောက်လုံးရဲ့ ကျန်းမာရေးဟာ သာမန်အားဖြင့် အားလုံး တူညီနေပါတယ်၊ ကိုယ်ရေပြားရောဂါ မရှိ၊ သန်ကောင် မရှိ၊ ဘေလုံး မရှိ၊ နှလုံးခုန်နှုန်းနဲ့ သွေးတိုးနှုန်းများလည်း ပုံမှန် အနေအထားမှာ ရှိကြပါတယ်၊ မိခင်များ အစစ်ခံချက်အရ ဇေယျာမင်းမင်းဟာ နိုဘူးတိုက်ကလေး ဖြစ်ပြီး စို့ပေါက်ကြီးဟာ မိခင်နို့စို့ပြီး ကြီးထွားလာတဲ့ ကလေး ဖြစ်ကြောင်း သိရပါတယ်၊ ဒီနေရာမှာ ကြုံကြိုက်ခိုက် ကလေးမိခင်များကို အကြံတစ်ခု ပေးချင်တာက မိမိ ရင်သွေးကလေးများကို မိမိရဲ့ နို့ရည်ကိုသာ တိုက်ပါ၊ အမှန်တကယ် လိုအပ်မှသာ နို့ဘူး တိုက်ပါလို့ တိုက်တွန်းလိုပါတယ်၊ သာမန်အားဖြင့် မိခင်နို့ကို ဝအောင်စို့ရတဲ့ ကလေးဟာ နို့ဘူးစို့တဲ့ ကလေးထက် ကျန်းမာလေ့ ရှိပါတယ်၊
“ကလေးသူငယ်များ ကျန်းမာရေးမှာ ဆီးနှင့်ဝမ်းဟာ အလွန် အရေးကြီးပါတယ်၊ ဆီးဝမ်း မမှန်လျှင် ကိုယ်ဖောကိုယ်ရောင်၊ သူငယ်နာ ဝမ်းပျက်၊ ဝမ်းအယ်များအပြင် အသားဝါရောဂါများပင် ဖြစ်လာနိုင်ပါတယ်၊ ပြိုင်ပွဲ ကျင်းပနေစဉ်အတွင်းမှာ ဇေယျာမင်းမင်းဟာ ဆီးဝမ်း တစ်ကြိမ်မှ မသွားဘဲ စို့ပေါက်ကြီးဟာ ဝမ်းတစ်ကြိမ်နဲ့ ဆီးသုံးကြိမ် သွားတဲ့အတွက် ကျန်းမာရေးမှာ ဇေယျာမင်းမင်းထက် စို့ပေါက်ကြီးကာ ၂၅ ရာခိုင်နှုန်း သာလွန်ကြောင်း ထောက်ခံရင်း နိဂုံးချုပ်ပါတယ်ရှင့်”
ပရိသတ်ကြီးမှာ ပုရွက်ဆိတ်အုံ တုတ်နှင့် ဆွလိုက်သလို ရွစိ ရွစိ ဖြစ်ကုန်ကြသည်။ အချို့က ဒေါ်တူးဘက်ကို လှည့်ကြည့် ပြုံးပြပြီး လက်မ ထောင်ပြကြသည်။ ဆရာဝန်ကြီး ပြန်ထိုင်သွားသောအခါ အတွင်းရေးမှူး ကိုလှရီက ထရပ်လိုက်ပြီး
“ယခုနှစ် လွတ်လပ်ရေးနေ့ ရပ်ကွက် ပျော်ပွဲရွှင်ပွဲ ကော်မတီ ကြီးမှူးကျင်းပတဲ့ တစ်နှစ်အောက်ကလေး ပြပွဲပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ အုပ်စု ခ မှ စုဘူးကြီး တတိယ၊ အုပ်စု က မှ ဇေယျာမင်းမင်း ဒုတိယနဲ့ အုပ်စု ဂ မှ စို့ပေါက်ကြီးက ပထမရကြောင်း ကြေညာအပ်ပါတယ် ခင်ဗျား”
မဏ္ဍပ်ကြီး တစ်ခုလုံး အမိုးပွင့်ထွက်လုမတတ် ဆူညံသော လကခုပ်သံများ ထွက်ပေါ်လာသည်။ ကုလားမက ပရိသတ် မြင်သာအောင် သူ့ မောင်လေးကို ကိုင်မြှောက် ပြထားသည်။ ဒေါ်တူးက အင်္ကျီလက်ကို ကြယ်သီးဖြုတ် ရင်သား တလှုပ်လှုပ်ဖြင့် ကွေးနေအောင် ကသည်။ မြို့နယ် သတင်း ဓာတ်ပုံဆရာ ကိုတင်ဝင်းက ဓာတ်ပုံရိုက်သည်။ ဇေယျာမင်းမင်း၏ အဖေနှင့် အမေက အောင့်သက်သက် အပြုံးကြီးများဖြင့် ကြည့်နေကြသည်။
အခမ်းအနားမှူးက “ပထမဆုရသည့် စို့ပေါက်ကြီး ဆုယူရန်ကြွ ခင်ဗျား” ဟု ခေါ်လိုက်သည်နှင့် လက်ခုပ်သံများ ဆူညံသွားသည်။ ပြိုင်ပွဲ ကော်မတီ ဥက္ကဋ္ဌကြီးက ရွှေရောင်တံဆိပ် ပထမဆုကို စို့ပေါက်ကြီး လည်ပင်းမှာ ဆွဲပေးလိုက်သောအခါ လက်ခုပ်သံများ၊ လက်ခေါက်မှုတ်သံများ “စို့ပေါက်ကြီးကွ” ဟု အော်သံများ ဆူညံနေတော့သည်။ ဥက္ကဋ္ဌကြီးက စာအိတ်ဖြင့် ထည့်ထားသော ဆုငွေ ၁၀၀ ကျပ်ကို ဆက်လက်ချီးမြှင့်သည်။ ဇေယျာမင်းမင်း၏ အဖေနှင့် အမေတို့က သီးသန့်ဆုငွေ အဖြစ် ၅၀ ကျပ် ထပ်မံ ချီးမြှင့်သည်။
ဒုတိယဆု ရသူနှင့် တတိယဆု ရသူများကိုလည်း အလားတူပင် ဆက်လက်ချီးမြှင့် ပေးသောအခါ အခမ်းအနား အစီအစဉ်အရ ပထမဆု ရသော ကလေး၏ မိခင်မှ ကျေးဇူးတင် စကား ပြန်လည် ပြောကြားရန် ဖြစ်သည်။ အခမ်းအနားမှူးက ဒေါ်တူးအား ကျေးဇူးတင် စကားနှင့် အကြံပြုချက်၊ ထင်မြင်ချက် အနည်းငယ် ပြောကြားပါရန် မေတ္တာ ရပ်ခံသောအခါ ဒေါ်တူးက မပြောတတ်ဟု ဆိုသည်။
အခမ်းအနားမှူး ကိုလှရီက အတင်းဆွဲခေါ်ပြီး
“ဒေါ်တူး ပြောချင်တာသာ ပြောပါ၊ မကြောက်ပါနဲ့” ဟု အားပေးစကား ဆိုလာသဖြင့် ဒေါ်တူးက သူ့ ထင်မြင်ချက်ကို စကားပြောခွက် မိုက်ကရိုဖုန်းထဲ ပြောထည့်လိုက်ပုံက တိုတိုပါပဲ။
“ကျွန်မသားလေး ပထမ ရတာ ရှူရှူ အပန်းကောင်းလို့ပါ တော်” တဲ့။
ကဲ မှတ်ကရော၊ မပြောတတ်ဘူးဆိုနေ အတင်းအဓမ္မ တိုက်တွန်းတဲ့ လူကြီးတွေရော၊ ပရိသတ်ပါ တဟားဟား ရယ်မောရင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ပါတော့သည်။
---------
အဏ္ဏဝါစိုးမိုး
စာပေလုပ်သား မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၈၅။

No comments:

Post a Comment