ဟင်နရီ ဒူးနန့်
-----------------------
ဟင်နရီ ဒူးနန့်
(JEAN HENRI DUNANT)
(၁၈၂၈-၁၉၁၀)
၁၈၅၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် အီတလီပြည် မြောက်ပိုင်း -
ဆိုလဖာရီနိုနယ်ရှိ လွမ်ဘာဒီ မြို့ကလေး၌ ကမ္ဘာ့သမိုင်းတစ်လျှောက်
သွေးထွက်သံယိုမှု အများဆုံး တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားလေသည်။
ဩစတြီးယားဧကရာဇ် ဖရန့်ဇ်ဂျိုးဇက်၏ စစ်သည်များ သိမ်းပိုက်ထားသည့်
ထိုမြို့ကလေးကို ပြင်သစ်ဧကရာဇ် တတိယမြောက် နှပိုလီယန် (နပိုလီယန်ကြီး၏
မြေး) လက်အောက်ရှိ ဆာဒီးနီးယားနှင့် ပြင်သစ် မဟာမိတ်တပ်များက အပြင်းအထန်
ထိုးနှက်တိုက်ခိုက်ကြခြင်း ဖြစ်၏။ တစ်ဖက်တစ်ဖက် အပြန်အလှန်ပစ်ခတ်သည့်
အမြောက်သံ၊ မတ်စကက် သေနတ်သံတို့ သောသောညံနေသည်ကို ထပ်မံဖြည့်တင်း
ပေးသည့်အလား မိုးကြိုးသံ တခြိမ်းခြိမ်း လျှပ်ရောင် တဝင်းဝင်းတို့ကလည်း
အဆောက်မပြတ် ပေါ်ထွက်လျက်ရှိ၏။ လူသတ်ပွဲကြီးမှာ ဆယ့်ငါးနာရီ လုံးလုံးမျှ
ကြာရှည်နေခဲ့ပြီး နောက်ဆုံး ဩစတြီးယားတို့ တပ်ပျက် ထွက်ပြေး ကြတော့မှပင်
ပြီးဆုံးသွားတော့၏။
တိုက်ပွဲ ပြီးဆုံးချိန်တွင် စစ်မြေပြင်၌ ဒဏ်ရာရသူ စုစုပေါင်း လေးသောင်းကျော်မျှ ကျန်ရစ်လေသည်။
အမြောက်သံ စိန်ပြောင်းသံတို့ တိတ်ဆိတ်သွားပြီး ညည်းသံ ညူသံများသာ
ဟိုမှသည်မှ ထွက်ပေါ်လျက်ရှိသည့် အနိဋ္ဌာရုံရှုခင်းထဲသို့ ၎င်းနင့်
ဘယ်လိုမှဆက်စပ်မှု မရှိသည့် အရာတစ်ခု ရောက်ရှိလာသည်။
ယင်းကား
စိတ်အေးလက်အေး မောင်းနှင်လာသည့် ကိုယ်ပိုင် မြင်းရထားလှလှကလေး တစ်စီး
ဖြစ်သည်။ မြင်းရထားပေါ်တွင် အသက် ၃၀ ခန့်ရှိသည့် လူရွယ်တစ်ယောက်
လိုက်ပါလာသည်။ လူရွယ်မှာ အလွန် သန့်ရှင်းသပ်ရပ်သူတစ်ဦး ဖြစ်ပြီး
သူဝတ်ထားသည့် အဖြူရောင်ကုတ်အင်္ကျီမှာ ထိုစဉ်က ဥရောပလူကုံထံတို့
ဝတ်စားတတ်ကြသည့် နောက်ဆုံးပေါ်ပုံစံမျိုး ဖြစ်၏။
သူ့အမည်မှာ ယန်း
ဟင်နရီ ဒူးနန့် (Jean Henri Dunant) ဖြစ်၏။ သူသည် ဘဏ်လုပ်ငန်းရှင်တစ်ဦး
ဖြစ်၍ တစ်ဖက်ကလည်း ကုမ္ပဏီလုပ်ငန်းတစ်ခု လုပ်ကိုင်လျက်ရှိ၏ ။ လွမ်ဘာဒီတွင်
ကပ်ဘေး ဆိုက်ခဲ့သည့် ထိုနေ့ရက်က ထိုနေရာသို့ သူ ရောက်ရှိခဲ့ခြင်းမှာလည်း
ကုမ္ပဏီလုပ်ငန်းနှင့် ပတ်သက်၍ပဲ ဖြစ်၏။
သူသည် ပြင်သစ်၏
ကိုလိုနီနယ်မြေတစ်ခု ဖြစ်သော အယ်လဂျီးရီးယားပြည်တွင်
စီးပွားရေးလုပ်ငန်းကြီးတစ်ရပ် စတင်လျက်ရှိရာ ယင်းအတွက် အစိုးရထံမှ
အထူးအခွင့်အရေးများ ရရှိအောင် ကြိုးပမ်းလျက်ရှိ၏။ ပါရီရှိ
ကိုလိုနီရေးရာဌာနတွင် သူ တင်ပြ အကူအညီ တောင်းသည်ကို သက်ဆိုင်ရာ
တာဝန်ရှိပုဂ္ဂိုလ်များက ငြင်းပယ်ခဲ့သဖြင့် နပိုလီယန်ဧကရာဇ် ကိုယ်တိုင်ထံသို့
တင်ပြတောင်းခံရန် စစ်နယ်မြေရောက် ဘုရင်မင်းမြတ်ထံ သူ လိုက်လာခဲ့ခြင်း
ဖြစ်၏။
သို့သော် သူ့လာရင်းရည်ရွယ်ချက် မအောင်မြင်ခဲ့ချေ။ ထိုနေ့က
ဘုရင်မင်းမြတ်နှင့် သူ မတွေ့ခဲ့ရ။ စင်စစ် သည်နေရာသို့ လိုက်လာမိခြင်းသည်ပင်
သူ့အတွက် စီးပွားရေးလုပ်ငန်းများ ပျက်စီးရာပျက်စီးကြောင်း မျိုးစေ့ကို
ချမိသကဲ့သို့ ဖြစ်သည်။ အကြောင်းမူ သူ့အား စီးပွားရေးလုပ်ငန်း ကိစ္စများ
အားလုံးကို ဘေးချိတ် ထားမိစေမည့် အခြင်းအရာတစ်ခုက ချုပ်ကိုင်
ဖမ်းစားလိုက်ခြင်းကြောင့် ဖြစ်ပေသည်။
ကြောက်ဖွယ်လိလိသော
ဒဏ်ရာကိုယ်စီ ဝေဒနာကိုယ်စီတို့ဖြင့် ညည်းညူမြည်တမ်း နေကြသည့်
အားကိုးရာမဲ့နေရှာသော ဒုက္ခသည်တို့ အဖြစ်ကို ထိတ်လန့် တုန်လှုပ်ခြင်း၊
ကရုဏာသက်ခြင်း ပြင်းစွာဖြင့် ရှုမြင်ရပြီးသည့်နောက်တွင် ထိုနေရာမှ သူ
ရှောင်ခွာ ထွက်သွားနိုင်စွမ်း မရှိတော့ပေ။
လြမ္ဘာဒီတိုက္ပြဲ၏
အနိဋ္ဌာရုံရှုခင်းသည် ဟင်နရီ ဒူးနန့်အား စည်းစိမ် ကြီးမားသော မြို့နေ
လူကုံထံတစ်ဦး ဘဝမှ အများအကျိုးအတွက် အနစ်နာခံ၊ ပင်ပန်းဆင်းရဲ ခံရသည့်
လူသားအကျိုးဆောင် စေတနာရှင် ပုဂ္ဂိုလ်ထူးတစ်ဦးဘဝသို့ ပြောင်းလဲပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ယနေ့ကာလ ကမ္ဘာ့လူသားထုတို့ ပို၍ပို၍ အားကိုးပြုလာနေရသော
ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကြီး ဟူသည်ကိုလည်း သူ၏ ဘဝ အပြောင်းအလဲနှင့် အတူ
ယှဉ်တွဲ ဖြစ်ပေါ်လာစေတော့မည် ဖြစ်သည်။
အစပထမ၌ ဒူးနန့်၏ ခေါင်းထဲတွင်
ကြီးကြီးမားမား ဘာအစီအစဉ်မျှ မရှိခဲ့။ ဒုက္ခရောက်နေသူများအား
လျစ်လျူမရှုနိင်ခဲ့ သဖြင့်သာ သူ ဝင်ရောက် အကူအညီပေးမိခြင်း ဖြစ်၏။ ရေ၊ ရေဟု
တစာစာ တောင်းခံနေသူအား ရေယူ၍ တိုက်ပေး၏။ ဒဏ်ရာမှ သွေးတွေစီးကျနေသူကို
အဝတ်စဖြင့် စည်းပေးမိ၏။ ညစ်ပတ်ပေကျံနေသော ဒဏ်ရာကို ဆေးကြောသုတ်သင် ပေးမိ၏။
သို့သော် ဒုက္ခသည်များအပေါ် ထားမိသည့် သူ၏ ကရုဏာနှင့် မမျှော်လင့်ဘဲ
ပေါ်လာသည့် ကယ်တင်ရှင် သူ့အပေါ် ထားရှိလာသည့် ဒုက္ခသည်တို့၏
အားကိုးတိုးလျှိုးမှုများက သူ့အား တာဝန်တစ်ရပ်သဖွယ် လွှမ်းမိုး
ချုပ်ကိုင်လာခဲ့သည်။
သည်နေရာမှ သူ ခွာ၍ မရတော့။ တစ်နေ့ပြီး တစ်နေ့
သူ မရပ်မနား ပြုစုသည်။ အနီးရှိ ကတ်စတီဂလီရုံ ရွာကလေးမှ ရွာသူ ရွာသားများကို
စည်းရုံးကာ ဒဏ်ရာရသူများအတွက် ခိုနားစရာ နေအိမ်များ စီစဉ်ပေးသည်။ ထိုနေရာ၌
စည်းရုံး စုစည်းရရှိသည့် စေတနာ့ဝန်ထမ်းပုဂ္ဂိုလ် ၃၀၀ မျှကို
အုပ်စုငယ်များဖွဲ့၍ စစ်မြေပြင် နေရာအနှံ့အပြားသို့ ဖြန့်ခွဲစေလွှတ်ကာ
ဒဏ်ရာရနေသူများအာ လိုက်လံရှာဖွေ၍ လိုအပ်သမျှ စီမံဆောင်ရွက်စေသည်။
တစ်နေရာ၌မူ ဘုရားရှိခိုးကျောင်း တစ်ကျောင်းထဲတွင် စုပြုံခိုဝင်နေကြသည့်
ဒဏ်ရာရ စစ်သည်ပေါင်း ၅၀၀ ကျော်မျှကို သွားတွေ့ရသည်။
၎င်းလူစုသည်
ငါးရက်လုံးလုံး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်လျက်ရှိရာ သေနတ်ဒဏ်ရာ၊
ဓားဒဏ်ရာများသာမက အပြင်းဖျားခြင်း၊ အစာငတ်ခြင်း၊ ရေငတ်ခြင်း၊ ခြင် ဖြုတ်
အစရှိသည့် အလှေးအမွှားတို့ ကိုက်ခဲ နှိပ်စက်ခြင်း ဒဏ်များကိုပါ အားကိုးရာမဲ့
ခံစားနေခဲ့ကြရသည်။ ထို့ပြင် ထိုရက်များအတွင်း တဖြုတ်ဖြုတ် သေနေကြသည့် ဘဝတူ
ဒဏ်ရာရသူများကို ကြည့်ကာ ငါ့အလှည့်ကော ဘယ်တော့ရောက်မလဲ ဟူသော အတွေးဖြင့်
တုန်လှုပ်ချောက်ချား နေကြရလေသည်။
ထိုဘုရားကျောင်း၌ ဒဏ်ရာကိုယ်စီဖြင့်
လဲလျောင်းနေကြသူများ ထဲတွင် ပြင်သစ်လည်း ပါ၏။ ဩစတြီးယန်းလည်း ပါ၏။
ဂျာမန်လည်း ပါ၏။ ဆလဗ်လူမျိုး၊ အာရပ်လူမျိုးများလည်း ပါ၏။ စောစောက
အပြန်အလှန် သတ်ဖြတ်ခဲ့သူတွေသည် ယခု ဒဏ်ရာ ကိုယ်စီဖြင့် အတူတကွ
ဒုက္ခရောက်နေကြရသည့် အခါ၌ လူသားအားလုံး ညီရင်းအစ်ကိုများသာ ဖြစ်သည်ဟူသော
အချက်ကို တကယ် လှိုက်လှဲစွာ ခံစားသိမြင် လာခဲ့ကြပေသည်။
ဟင်နရီ
ဒူးနန့်နှင့် သူ၏အဖွဲ့သား ကယ်ဆယ်ရေးသမားများ သည်လည်း ထိုညီရင်းအစ်ကို
စိတ်ဓာတ်ကိုပင် ခံယူကာ စေတနာစိတ်၊ ကရုဏာစိတ်၊ ပရဟိတစိတ် အပြည့်ဖြင့်
မနားမနေ ဆောင်ရွက်ခဲ့ကြပေသည်။
* * *
လွမ်ဘာဒီ၌ အရေးပေါ်
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးသည့်အခါ ဒူးနန့်သည် သူ၏ လုပ်ငန်းများ
အခြေစိုက်ရာ ပါရီသို့ ပြန်ခဲ့သည်။ ထို့နောက်တွင် သူ၏ ဇာတိမြို့ဖြစ်သည့်
ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့သို့လည်း သွားရောက်သည်။ သို့သော် မည့်သည့်
နေရာသို့ ရောက်ရှိနေသည် ဖြစ်စေ ဒူးနန့်သည် လုပ်ငန်းကိစ္စများ၌
စိတ်မဝင်စားနိုင်၊ အခြားလူမှုရေးဆိုင်ရာ ပွဲလမ်းသဘင်များတွင်လည်း
တက်တက်ကြွကြွ မပါဝင်နိုင်ဘဲ လွမ်ဘာဒီစစ်မြေပြင်မှ ရှုခင်းများကိုသာ
အမြဲမြင်ယောင်ကာ တနုံ့နုံ့ ခံစားနေရလေသည်။
သူသည် လွမ်ဘာဒီမှ
ပြန်ရောက်ပြီးစတွင် ပင်ပန်းခဲ့သည့် ဒဏ်ဖြင့် အပြင်းဖျားလိုက်သေး၏။ ယင်းသို့
လွမ်ဘာဒီတွင် ကြာနေခဲ့ခြင်း၊ ထို့နောက်တွင် ဖျားနေခြင်း၊ အဖျားကောင်းပြီး
နောက်၌လည်း အလုပ်ထဲတွင် အာရုံမဝင်နိုင်ခြင်းများ ဆက်တိုက် ဖြစ်လာသည့်အခါ
အယ်လ်ဂျီးရီးယားရှိ သူ့ကုမ္ပဏီမှာ အခြေအနေ ယိမ်းယိုင်၍လာသည်။ သူ အလုပ်
ကြိုးကြိုးစားစား မလုပ်ဟု မြင်လာသည့်အခါ ကုမ္ပဏီကွင် အစုရှယ်ယာဝင်ထားသူတို့
မကျေမနပ် ဖြစ်လာသည်။
ဒူးနန့်မှာ ထိုကိစ္စကို ဖြေရှင်းဖို့
မကြိုးစားနိုင်ဘဲ သူ့စိတ် သူ့နှလုံးသားထဲတွင် စွဲနေ ဖိစီးနေသည့်
အကျိတ်အခဲကြီးကို ဘယ်လို ဖွင့်ထုတ်ရမလဲ ဟူ၍သာ စဉ်းစား ကြံဆနေမိလေသည်။ ၁၈၆၁
ခုနှစ်တွင် လွမ်ဘာဒီ (ဆိုလဖာရီနီနယ်) တွင် သူ ကိုယ်တွေ့ ကြုံခဲ့ရသည့်
အကြောင်းများကို စာတစ်အုပ် ရေးသား ပြုစုသည်။
‘မေ့မရရနိုင်သော
ဆိုလဖာရီနို’ ဟု အမည်ပေးထားသည့် ထိုစာအုပ်ငယ်ကလေးကို စောင်ရေ ၁၀၀၀ မျှ
ရိုက်နှိပ်ပြီး လူမှုရေး၊ နိုင်ငံရေး နယ်ပယ်တို့တွင် ဩဇာလွှမ်းမိုးမှု ရှိသည့်
သူ့အသိမိတ်ဆွေများ ထံသို့ ဖြန့်ချိပေးပို့ခဲ့သည်။
ထိုစာအုပ်ကား
ဒူးနန့်၏ ဘဝလမ်းကြောင်း တစ်ဆစ်ချိုး ပြောင်းလဲသွားအောင်
ထပ်မံတွန်းပို့ပေးသည့် အရာတစ်ခု ဖြစ်ခဲ့ပေသည်။ သူ့စာအုပ်ငယ်တွင်
ဖော်ပြထားသည့် စစ်ပွဲ အနိဌာရုံရှုခင်းများကား ကြောက်ခမန်းလိလိ ပီပြင်လှ၏။
သူ့စာအုပ်ကိုဖတ်ကာ အကြီးအကျယ် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့ကြသည်။
စာအုပ်ကို အကြိမ်ကြိမ်ရိုက် အကြိမ်ကြိမ် ဖြန့်ချိနေရသည်။ လူကြီး၊ လူငယ်၊
ယောက်ျား၊ မိန်းမ အားလုံးကပင် သည်ကိစ္စကြီးကို ဘယ်လို ဖြေရှင်းကြမည်လဲ၊
စစ်မြေပြင်မှာ သည်လိုတုန်လှုပ်ဖွယ် အခြေအနေဆိုးကြီးများ မပေါ်ပေါက်ရအောင်
မည်သို့တားဆီး ကာကွယ်ကြမည်လဲ စသဖြင့် မေးခွန်းထုတ်ကြသည်။ ငြင်းကြခုန်ကြ
ဝေဖန်ကြ အဖြေရှာကြသည်။
အများ စိတ်ဝင်စားလာပြီ ဆိုသည့်အခါ၌ လုပ်ငန်းတစ်ခု အကောင်အထည်ပေါ်ရန် မခဲယဉ်းတော့ပေ။
ဂျီနီဗာရှိ ဒူးနန့်၏မိတ်ဆွေ လေးယောက်တို့သည် အစီအစဉ်ကြီး တစ်ရပ်ကို
အကောင်အထည်ဖော်ရန် စတင် ကြိုးပမ်းကြသည်။ ထိုမိတ်ဆွေ လေးယောက်မှာ နာမည်ကျော်
ဆွစ်စ် စစ်ဗိုလ်ချုပ် ဒူးဖိုး၊ ဂျီနီဗာ လူမှုရေးအဖွဲ့ ဥက္ကဌ ဂူးစတပ်
မွိုင်နီယာ၊ ထင်ရှားသော ဆရာဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ အယ်၊ ပီ၊ အေ၊
အက်ပီယာနှင့် ဒေါက်တာ သီယိုဒို မော်နွာတို့ ဖြစ်ကြသည်။
၎င်းတို့
လေးဦးသည် ဒူးနန့်နှင့် ပူးတွဲကာ ငါးဦးကော်မတီတစ်ရပ် ဖွဲ့စည်းပြီးနောက်
ဂျီနီဗာတွင် အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ရပ် ကျင်းပနိုင်ရန်အတွက် ကမကထပြု
ဆောင်ရွက်ကြလေသည်။ ကော်မတီသည် နိုင်ငံတကာရှိ ဆက်သွယ်သင့်
ဆက်သွယ်ထိုက်သူများထံ ဆက်သွယ်သည်။ ညီလာခံသို့ တက်ရောက်ရန် ဖိတ်ကြားသည်။
သည်ကိစ္စတွင် ဒူးနန့်သည် အထူးသံတမန်တစ်ဦးပမာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဆိုလဖာရီနို စာအုပ်ကြောင့် သူ့ကို လူတကာက သိနေ လေးစားနေကြသည် ဖြစ်ရာ
စည်းရုံးလှုံ့ဆော်ရာ၌ ပို၍ ခရီးတွင်ခဲ့သည်။
တိုင်းပြည် တစ်ပြည်မှ
တစ်ပြည်သို့ ကူးသန်း သွားလာကာ နိုင်ငံရေး ခေါင်းဆောင်များ၊ အစိုးရ
အရာရှိများနှင့် အခြား ဩဇာတိက္ကမရှိသူ လူကြီးများအား တွေ့ဆုံကာ
ဆိုလဖာရီနိုမှ ဘေးဒုက္ခမျိုးကို တားဆီး ကာကွယ်နိုင်ရေးအတွက် နိုင်ငံတကာက
မည်သို့မည်ပုံ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပုံတို့ကို စည်းရုံး ဆော်ဩ
ပြောဆိုသည်။ ထို့ပြင် ပြည်တွင်းပြည်ပရှိ ပုဂ္ဂိုလ် အဖွဲ့အစည်း များစွာထံသို့
ပေးစာပေါင်း ထောင်ချီ၍ ရေးသားပေးပို့ ဆက်သွယ်သည်။ သူ့
စာအုပ်ငယ်များကိုလည်း ပို၍ ပို၍ ရိုက်နှိပ် ဖြန့်ဖြူးဝေငှခြင်း ပြုလေသည်။
သူ၏ ထက်သန်စွာ ဆောင်ရွက်မှုကြောင့် အမေရိကန် သမ္မတ အေဗရာဟမ် လင်ကွန်း၊
ပြင်သစ်ဧကရာဇ် နပိုလီယန် (တတိယ) စသည်တို့ အပါအဝင် အရေးပါသော
ပုဂ္ဂိုလ်များစွာတို့ ထံမှ စိတ်ဝင်စား တုံ့ပြန်မှုများ ရရှိခဲ့သည်။
၁၈၆၃ ခုနှစ်၊ အောက်တိုဘာလတွင်မူ ဂျီနီဗာ၌ ပထမဆုံး ညီလာခံကို
ကျင်းပဖြစ်လေသည်။ နိုင်ငံ ၁၇ နိုင်ငံမှ ကိုယ်စားလှယ် ၂၃ ယောက်တို့
တက်ရောက်သည့် ၎င်းညီလာခံတွင် သဘာပတိ အဖြစ် မွိုင်နီယာက ဆောင်ရွက်၍ ဒူးနန့်က
ညီလာခံအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ သို့သော် လေးရက်ကြာ ကျင်းပသည့်
စည်းဝေးပွဲများအတွင်း ဒူးနန့် စကားမပြောခဲ့ရပေ။ လုပ်ငန်းအားလုံးကို
မွိုင်နီယာက စီးထားခဲ့သည်။ သူသည် ထူးချွန်သော ရှေ့နေတစ်ဦးဖြစ်၍
အဖွဲ့အစည်းလုပ်ငန်းတွင် အတွေ့အကြုံလည်း ရှိသူဖြစ်ရာ အစစ အရာရာ သူချည်း
ဦးဆောင် လုပ်ကိုင်သွားသည်။
နောက်နှစ် (၁၈၆၄ ခုနှစ်) တွင်မူ
ညီလာခံခေါ်ယူရေးကိစ္စကို ဆွစ်စ်အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
၎င်းညီလာခံ၌မူ ဂျီနီဗာ သဘောတူညီချက် (ဂျီနီဗာ ကွန်ဗင်းရှင်း) ပထမမူကြမ်းကို
ညှိနှိုင်းရေးဆွဲ အတည်ပြုခဲ့ကြပြီး ၎င်းသဘောတူညီချက်တွင် ပါဝင်သည့် စစ်ပွဲ၌
ဒဏ်ရာရသူများဆိုင်ရာ စည်းမျဉ်းဥပဒေများသည် နိုင်ငံတကာ ဥပဒေရပ်ထဲတွင်
အကျုံးဝင်လာခဲ့ပေသည်။
ထို ၁၈၆၄ ခုနှစ်တွင် ဒိန်းမတ်နှင့်
ပရပ်ရှားတို့ စစ်ဖြစ်ပွားသည့်အခါ ဂျီနီဗာ ကွန်ဗင်းရှင်း အဖွဲ့သည်
ပထမဆုံးအကြိမ် လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခွင့် ရခဲ့သည်။ စစ်ပွဲတွင်
ဒဏ်ရာရသူများအပေါ် စစ်တိုက်သူ နှစ်ဦးနှစ်ဖက်ဆို့က ဂျီနီဗာ
သဘောတူညီချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်း ရှိ မရှိ စိစစ်လေ့လာရန်နှင့်
ပြုစုစောင့်ရှောက်ရန် စစ်မြေပြင်သို့ ဆင်းခဲ့သည့် ထိုအဖွဲ့ကို ဒေါက်တာ
အက်ပီယာက ဦးဆောင်ခဲ့သည်။
စစ်မြေပြင်၌ လုပ်ကိုင်နေစဉ်
တစ်လျှောက်လုံး ဒေါက်တာ အက်ပီယာသည် အဖြူရောင် အောက်ခံပေါ်၌ ကြက်ခြေနီ
တစ်ခုပါသည့် (ကြက်ခြေနီ) လက်ပတ်တစ်ခုကို ပတ်ထားခဲ့သည်။ ဒေါက်တာ အက်ပီယာသည်
မိမိလုပ်ငန်းကို စည်းစနစ်တကျ တက်တက်ကြွကြွ ဆောင်ရွက်နိုင်ခဲ့သည် ဖြစ်ရာ
သူ့အား အရပ်ဘက်ရော စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များကပါ လေးစားချီးကျူးခဲ့ကြသည်။
ဆွစ်စ် အလံကို အရောင်နှစ်ရောင် ပြောင်းပြန်လှန်ထားသော သဘောဖြစ်သည့်
ဒေါက်တာအက်ပီယာ၏ လက်ပတ်ပါ ကြက်ခြေနီ အမှတ်အသားသည် ဂျီနီဗာ ကွန်ဗင်းရှင်း
အဖွဲ့၏ အမှတ်သင်္ကေတ ဖြစ်သွားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ
ကြက်ခြေနီကော်မတီသည် ၁၈၆၄ ခုနှစ်က အက်ပီယာ သုံးစွဲခဲ့သည့် မူလပထမ ကြက်ခြေနီ
လက်ပတ်ကို ထိုအဖွဲ့ကြီး၏ သမိုင်းဝင်ပစ္စည်းတစ်ခု အဖြစ် ယနေ့တိုင် အမှတ်တရ
သိမ်းဆည်းထားရှိပေသည်။
ထိုအချိန်၌ သည်ကိစ္စ သည်လုပ်ငန်းရပ်ကြီးကို စတင်စည်းရုံး ဆော်ဩခဲ့သူ ဟင်နရီ ဒူးနန့်မှာ မည်သို့သော အခြေအနေ၌ ရှိနေသနည်း။
၁၈၆၄ ခုနှစ် ဒုတိယညီလာခံ၌လည်း မွိုင်နီယာပင် လွှမ်းမိုးခဲ့သည်။ စင်စစ်
သူသည် စီမံခန့်ခွဲရေး လုပ်ငန်းတွင် ကျွမ်းကျင်လိမ္မာသူ ဖြစ်ရာ
ကြက်ခြေနီအဖွဲ့ကြီး၏ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်း ၅၀ မျှပင် ဆက်လက်
ဆောင်ရွက်သွားနိုင်ခဲ့သည်။ စီးပွားရေးလုပ်ငန်းတွင် ထူးချွန်ထက်မြက်သူ
တစ်ဦးအဖြစ် တစ်ချိန်က အသိအမှတ်ပြု ခံခဲ့ရဖူးသူ ဟင်နရီ ဒူးနန့်မှာကား
သူအပြင်းအထန် စိတ်စွဲလန်းခဲ့သည့် ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းကြီး
အကောင်အထည် ပေါ်လာရေးအတွက် မနားမနေ ဆောင်ရွက်ရင်း တဖြည်းဖြည်း
သူ့စီးပွားရေး၏ အခြေအနေမှာ ကျဆင်းသည်ထက် ကျဆင်းလာခဲ့သည်။
နောက်ဆုံး၌
စီးပွားပျက်မည့် အခြေအနေသို့ ဆိုက်ရောက်ကာ မူလက စီးပွားအတူ
လုပ်ကိုင်ခဲ့သူတို့ ရှောင်ဖယ်လာကြသည့်အခါ စိတ်ဆောင်းကိုယ်ကြေဖြင့်
မကျန်းမမာ ဖြစ်လာခဲ့သည်။ အဆိုးဆုံးကား (Persecution Mania) ခေါ် သူတစ်ပါးက
မိမိအား မတရား လုပ်ဆောင်ရန် ကြံစည်နေသည်ဟု အထင်မှားသည့် စိတ်ရောဂါ
ဝေဒနာတစ်ခု စွဲကပ်သွားခြင်း ဖြစ်၏။
ထိုသို့ စီးပွားရေးရော
စိတ်ဓာတ်ရေးပါ ယိမ်းယိုင် ပျက်ယွင်းလာသည့်အချိန်တွင် ဂျီနီဗာရှိ အဖွဲ့ကြီးက
သူ့အား မသိမသာ ဘေးဖယ်ထားခဲ့သည်။ ထိုအခါ ဆိုလဖာရီနို စာအုပ်ဖြင့်
အောင်မြင်မှုရခဲ့ဖူးသူ ဒူးနန့်သည် ထိုစာရေးသားနိုင်မှု စွမ်းအားဖြင့်
မိမိကိုယ်ကိုမိမိ ပြန်လည်ထူထောင်နိုင်ရန် ကြိုးစားသည်။ သို့သော် တကယ်
လက်တွေ့တွင် မျှော်မှန်းတိုင်း ဖြစ်မလာသည့် အခါ၌ စိတ်ဓာတ်ကျဆင်းကာ
အသိုက်အဝန်းဟောင်းကို မိမိဘာသာ စွန့်ခွါ နောက်ဆုတ်သွားတော့၏။
ဤသို့ဖြင့် ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကြီး တစ်နေ့တခြား ကြီးထွားလာချိန်တွင်
ကြက်ခြေနီ အဖွဲ့ကြီး တည်ထောင်ဖြစ်အောင် စတင် စည်းရုံး လှုံ့ဆော်ခဲ့သည့်
ပုဂ္ဂိုလ်ကြီးမှာ တဖြည်းဖြည်း မှေးမှိုန် ကွယ်ပျောက်သွားခဲ့သည်။
မူလအသိုက်အဝန်းမှ လုံးဝပျောက်ကွယ်သွားပြီး ၁၅ နှစ်ခန့် ကြာသည့် အချိန်၌မူ
ဟင်နရီ ဒူးနန့် ပြန်၍ ပေါ်လာလေသည်။ ပြန်ပေါ်လာသည့် နေရာမှာ ဆွစ်ဇာလန်နိုင်ငံ
အဲ့လ်ပ် တောင်တန်း တစ်နေရာရှိ ဟေဒင်အမည်ရှိ ရွာကလေးတစ်ရွာ ဖြစ်၏။
ထိုအချိန်၌ သူ့ရုပ်သွင်က လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူသည် ဒူးအထိ ရှည်လျားသော မုတ်ဆိတ်မွေး ဖြူဖြူများနှင့် ခပ်ဆန်းဆန်း
ခပ်ကြောင်ကြောင် အဘိုးအို တစ်ယောက် ဖြစ်နေသည်။ သူ့အား ဟေဒင်ရွာမှ
ကျောင်းဆရာလေး ဗိလင် ဆွန်ဒါရက်ဂါက ကြက်ခြေနီအသင်း စတင်တည်ထောင်သည့်
ပုဂ္ဂိုလ်ကြီး ဖြစ်ကြောင်း သိရှိသွားသည်။ သို့နှင့် ဗိလင်တို့
ဇနီးမောင်နှံသည် အဘိုးအိုအား ရင်းရင်းနှီးနှီးဖော်ဖော်ရွေရွေ
ပေါင်းသင်းဆက်ဆံကာ သူငယ်စဉ်ကရှိခဲ့သည့် ထက်သန်တက်ကြွသော စိတ်မျိုး
တစ်စွန်းတစ်စ ပြန်ပေါ်လာအောင် ဖေးမ ကူညီခဲ့ကြသည်။
ရောမမြို့တွင်
ကမ္ဘာ့ကြက်ခြေနီ အဖွဲ့ကြီး၏ အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ခု မကြာမီ
ကျင်းပရန်ရှိကြောင်း သိရသည့်အခါ ဒူးနန့်က ဆွန်ဒါရက်ဂါအား ညီလာခံ သွားတက်ရန်
တိုက်တွန်းသည်။ ဒို့သော် လက်တွေ့တွင် အထမမြောက်။ ဆွန်ဒါရက်ဂါမှာ ရောမသို့
သွားရန် ခရီးစရိတ် မတတ်နိုင်။ ထိုအခါ ဒူးနန့်က ရန်ပုံငွေ ကြိုးစား
ကောက်ခံသည်။ သည်ကိစ္စလည်း မအောင်မြင်၊ တစ်ချိန်က ဥရောပ တစ်ခွင်
ပြဲပြဲစင်အောင်လှည့်လည်ကာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး လောကမှ
ထိပ်သီးပုဂ္ဂိုလ်တွေကို မိမိလုပ်ငန်းကြီးထဲ ပါလာအောင် စည်းရုံး
သိမ်းသွင်းနိုင်ခဲ့ဖူးသူ ဟင်နရီ ဒူးနန့်သည် ယခုအခါ ဖရန့် ဒင်္ဂါး တစ်ရာ
နှစ်ရာမျှ ရအောင်ပင် ရန်ပုံငွေ ကောက်ခံနိုင်စွမ်း မရှိ ဖြစ်နေခဲ့လေပြီ။
ရန်ပုံငွေ မရသည့်အခါ ညီလာခံသို့ ဆွန်ဒါရက်ဂါ မသွားရောက်နိုင်တော့ပေ။
သို့သော် သူက ညီလာခံသို့ စာတစ်စောင် ရေးသားပေးပို့လိုက်သည်။ တိမ်မြုပ်
ပျောက်ကွယ်နေသော ဟင်နရီ ဒူးနန့်သည် မိမိတို့ရွာကလေးတွင် ရောက်ရှိနေသည်
ဆိုသောအကြောင်း ရေးသားလိုက်ခြင်း ဖြစ်သည်။
ဟေဒင် ကျောင်းဆရာလေး၏
စာသည် ရောမမြို့ ကြက်ခြေနီအဖွဲ့တွင် လောလောဆယ် ထိပ်ပိုင်း တာဝန်ယူထားသည့်
ပုဂ္ဂိုလ်ကြီးများက အဖွဲ့ကြီး စတင်တည်ထောင်ဖြစ်အောင် ကြိုးပမ်းခဲ့သူအား
ထိုက်ထိုက်တန်တန် ပြန်လည်ချီးမြှင့်နိုင်ရန်အတွက် ဆွေးနွေး ညှိနှိုင်းမှုများ
ပြုလုပ်လာကြသည်။ အချို့လည်း သူနှင့် တွေ့ဆုံရန်အတွက် ဟေဒင်ရွာအထိ
လိုက်လာကြသည်။
သူ့အား နစ်နာကြေး ပေးသည့်နှယ် ချီးကျူးစကား ဆိုကြ၊ ဂုဏ်ပြုကြ၊ ဆုတံဆိပ်တွေ ချီးမြှင့်ကြသည်။
သို့သော် နောက်ကျသွားခဲ့ပြီ။ သူ့စိတ်ဓာတ်က အတော်ပင် ထိခိုက်
ပျက်စီးသွားခဲ့ပြီ။ သူ့အား ချီးကျူး ဂုဏ်ပြုမှုများ၊ သူ့အား
ကြိုးပမ်းမှုများကို သူ မှန်မှန်ကန်ကန် ခံယူတုံ့ပြန်နိုင်စွမ်း မရှိတော့။
၁၉၁၀ ပြည့်နှစ်တွင် ဟင်နရီ ဒူးနန့် ကွယ်လွန်သည်။ မကွယ်လွန်မီ ၁၈ နှစ်မျှ
ကာလအတွင်း၌ကား သူ၏ ဆောင်ရွက်ချက်ကို အသိအမှတ်ပြုကြ၊
လေးစားတန်ဖိုးထားကြသူများ၏ ကျေးဇူးကြောင့် ဟေဒင်ရွာရှိ ဆေးရုံငယ်လေးတွင်
အတန်အသင့် သက်သာငြိမ်းအေးစွာ နေထိုင်ခွင့် ရခဲ့ပေသည်။
ယခုအခါ၌မူ
ကြက်ခြေနီအဖွဲ့ကြီးသည် ကမ္ဘာပေါ်၌ လူသားတို့အား ဘေးဒုက္ခ အမျိုးမျိုးတို့မှ
ကယ်ဆယ်ရာ၊ ကာကွယ်စောင့်ရှောက်ရာ အဖွဲ့အစည်းကြီးအဖြစ် ခိုင်ခံ့ကြီးကျယ်စွာ
ရပ်တည်လျက်ရှိပြီ ဖြစ်၏။ ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည်လည်း
ကြက်ခြေနီလုပ်ငန်းကြီး၏ အရေးပါပုံ၊ မရှိမဖြစ် လိုအပ်ပုံကို သိရှိကာ
မိမိတို့နိုင်ငံများ၌ ကြက်ခြေနီ သို့မဟုတ် အလားတူ သဘောဆောင်သည့် အဖွဲ့များ
ဖွဲ့စည်းထားရှိကြပြီ ဖြစ်၏။
ကြက်ခြေနီ အဖွဲ့အစည်းများအနေနှင့်
လုပ်ကိုင်ဆောင်ရွက်ပုံ နည်းစနစ်များတွင် ယခင်ကထက် ခေတ်မီ တိုးတက်ခြင်း၊
ပို၍ သွက်လက်ထက်မြက်ခြင်းများ ရှိလာခဲ့သည် မှန်၏။ သို့သော် အပေါ်ယံ
သွင်ပြင်သဏ္ဌာန်များသာ ပြောင်းလဲသယောင် ရှိသည်။ အခြေခံ အနှစ်သာရ မပြောင်းလဲ။
လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ဖြစ်အောင် တိုက်တွန်းစေ့ဆော်ပေးသည့်
တွန်းအားသည်လည်း မပြောင်းလဲ။
ဟင်နရီ ဒူးနန့်နှင့် ဆိုလဖာရီနိုမှ
သူ့အဖွဲ့သားများအား တွန်းပို့အပ်နှင်း ပေးခဲ့သည့် ‘ငါတို့ အားလုံးသည်
ညီရင်းအစ်ကိုများသာ ဖြစ်သည်။ လူသား အချင်းချင်းသည် သွေးသားရင်းချာပမာ
တစ်ဦးကို တစ်ဦး ကူညီ စောင့်ရှောက်ရမည်’ ဟူသော လူလူချင်း စာနာ ထောက်ထားသည့်
စိတ်ဓာတ် အခြေခံဖြင့်ပင် ဆက်လက် လှုပ်ရှား ရှင်သန်နေခြင်း ဖြစ်သည်။
ထို့ပြင် ဆယ့်ငါးနှစ်မျှသော ကာလ အခိုက်အတန့်အဖို့သာ ဟင်နရီ ဒူးနန့်ကို
မေ့ခဲ့ကြသည်။ သူ့ကို ပြန်လည် တွေ့ရှိကြသည့် နေ့မှသည် ယနေ့ကာလတိုင် အထိကား
ဟင်နရီ ဒူးနန့်ကို လူသားအကျိုးပြု ပုဂ္ဂိုလ်ကြီး၊ ကမ္ဘာ့ ကြက်ခြေနီ
အဖွဲ့ကြီးကို စတင်တည်ထောင်သူ ဖခင်ကြီးအဖြစ် ကမ္ဘာက အစဉ်လေးစား သိမှတ်
ဂုဏ်ပြုခဲ့ကြလေသည်။
---------
ဖေမြင့်
(မဟာကရုဏာရှင်များ)
No comments:
Post a Comment