Friday, 15 July 2016

မျဉ်းပြိုင်များ

မျဉ်းပြိုင်များ
-------------
သည်းခြေတိုက်၏ အတွင်းဘက်ဆုံးသော အောက်ခြေတိုင်ထိ နောင်တနှင့် ယှဉ်သော အာသာဆန္ဒပြင်းပြင်း တစ်ခုကို စူးနစ်စွာ ထွင်းဖောက်မြဲမြံ သွားစေခဲ့သည်။
ကြီးစွာသော သံသယနှင့် ပျစ်ခဲစေးကပ်သော အဆိုးမြင်ဝါဒတို့အား တအံ့တဩ မှင်တက် လက်ခံမှုဖြင့် အလိုအလျောက် ပယ်ရှားစေခဲ့သည်။
ကောင်းကင်နှင့် မြေမှုန်ကြားရှိ အားပြိုင်မှု တစ်ခုအား အပြုအမူ တစ်ခုဖြင့် ကျမ်းကျိန်သွားမှု၏ နောက်ဆုံး အနားသတ်တွင် "ကျေးဇူးတင်ပါတယ်" ဟူသည့် စကားတစ်ခွန်းအား နှစ်ကာသော အပြုံးများ၏ နှုတ်ခမ်းဖြင့် တစ်စုံတစ်ယောက်ကို ပေးဆပ်ဖို့ သူမထံ၌ ကျန်ရှိနေခဲ့သည်။
မိုးကုပ်စက်ဝိုင်း အောက်ခြေသို့ ငုပ်လျှိုးစ ပြုနေပြီ ဖြစ်သည့် ပုစွန်ဆီရောင် ဖျော့ဖျော့ နေအသွေး လွှမ်းခြုံရစ်သိုင်းခြင်း ခံထားရသော ဘူတာရုံ တစ်ခု၏ ညနေခင်းမှာ သာမန် နေထိုင်လည်ပတ်မှု ထဲမှ ပေါ့ပါးလွတ်လပ် နေသူများအဖို့ အင်မတန်မှ ကြည်မွေ့ နှစ်သက်ဖွယ်ရာ ကဗျာတစ်ပုဒ်၊ သီချင်းတစ်ပုဒ် ဖြစ်ချင် ဖြစ်နိုင်ပေမယ့် လောလောလတ်လတ် ငရဲခန်း အနိဋ္ဌာရုံ တစ်ခုမှ ထွက်ပြေး လွတ်မြောက် လာခဲ့ရသော သူမအဖို့တော့ သွေးပျက် တုန်လှုပ်ဖွယ်ရာ နိမိတ်ဆိုး ပန်းချီကား တစ်ချပ်ပင် ဖြစ်သည်။
ရထားပေါ်က ဆင်းပြီးကတည်းက ရပ်နေမိသည်မှာ မည်မျှ ကြာသွားပြီ မသိ။ စိမ်းညှို့ညှို့ သစ်ပင်ရိပ်များမှာ တဖြည်းဖြည်းနှင့် ခပ်မှိုင်းမှိုင်း ဖြစ်လာပြီး တစ်စစနှင့် ပတ်ဝန်းကျင်မှာပင် မှောင်သထက် မှောင်လာပြီ။
လွန်မင်းစွာ စိတ်လှုပ်ရှားမှု၏ အပီပြင်ဆုံး ရုပ်လုံးအဖြစ် ငြိမ်သက်စွာ ရပ်နေမိခြင်းကို မိမိဘာသာ မိမိအသိ။
ဘာလုပ်ရမလဲ၊ ဘယ်ကို သွားရမလဲ ဟူသည့် မေးခွန်းများဖြင့် ဦးနှောက်ထဲမှာ ပလုံစီ ဆူပွက် နေသည်မှာ အတော်ကို ကြာနေခဲ့ပြီ။
နောက်ပြီး ထိုကဲ့သို့ ဆူပွက်ခြင်းများထဲ၌ ရောနှော ပျော်ဝင်နေသော အရာများမှာ မိမိကိုယ်မိမိ အပြစ်တင်ခြင်းလည်း ပါ၏။
ကြမ္မာဆိုးအပေါ် အပြစ်ဖွဲ့ ငြူစူခြင်းလည်း ပါ၏။ ဘဝပေး အခြေအနေ အပေါ် ဝမ်းနည်းအားငယ်စွာ အလိုမကျခြင်းလည်း ပါ၏။
မိခင်ရင်အုပ်ထဲမှ ဖြုန်းခနဲ အပြင်ဘက်သို့ လွတ်ထွက်သွားရသော ကြက် သားပေါက်စလေး တစ်ကောင်လိုပင် သူမမှာ ခြေတစ်လှမ်း ရွှေ့လိုက်တာနှင့် ကောင်းကင်ကြီး တစ်ခုလုံး ခေါင်းပေါ် ပြုတ်ကျလာတော့ မလိုကို ချွေးစေးများ တသွင်သွင် စီးကျကာ ထိတ်လန့်တုန်လှုပ် နေတော့၏။
ဒီကနေ ဆက်သွားရင် ဘယ်ကို ရောက်သွားနိုင်မှာတဲ့လဲ။ ဒီအနီးအနားမှာရော သွားလိုရာကို ရောက်အောင် ပို့ပေးနိုင်မယ့် ဆိုက်ကား တစ်စီးတလေများ ...။
ထင်ရာစိုင်းခဲ့သည့် ဇောတစ်ခု၏ အနည်းငယ် ပြေလျော့စချိန်တွင် စိုးရိမ်ကြောက်ရွံ့ခြင်းများ ဝင်လာစပြုပြီ။
ဒုက္ခပါပဲ။ ငါ ဘယ်ကို ဆက်သွားရတော့မှာ ပါလိမ့်။ အိမ်ကိုပဲ ...။
အံကို တင်းနေအောင် ကြိတ်ပြီးမှ ထိုအတွေးစကို အဆုံးမသတ်နိုင်မီ သူမဘာသာ သူမပင် ပယ်ချလိုက်၏။
သွားစမ်းပါ။ ဒါဆိုရင် ငါ့ရဲ့မာနတွေကို သင်းက ပြက်ရယ် ပြုတော့မှာပေါ့။ ဟင့်အင်း ...၊ အဲဒီ အတိတ်စိမ်းထဲကို ဘယ်တော့မှ ပြန်မဝင်ဘူး။
အဲဒါဟာ ခုအချိန်ကစပြီး လုံးဝ မရွေ့လျားတော့မယ့် သံမဏိ သန္နိဋ္ဌာန်ပဲ။
မလှမ်းမကမ်းက လူတစ်ယောက်ကများ မတော်တဆ စောင့်ကြည့် နေမိရင်တော့ မီးမီး ဆိုတဲ့ ကောင်မလေး တစ်ယောက်ရဲ့ အားကိုးရာမဲ့ မူပျက်မှုကို သတိထားမိ ကြတော့မှာပါပဲ။
မဟုတ်သေးပါဘူးလေ။ မှင်နဲ့ နေစမ်းပါ။ ဒီလိုမျိုး ရပ်နေတာ ဒီဘူတာရုံ တစ်ခုလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။
ဟိုဘက် ပလက်ဖောင်းကိုပဲ ကြည့်။ ကိုယ့်အရွယ် ကောင်မလေး တစ်ယောက် ရပ်နေတာပဲမို့လား။
အင်းပေါ့ မီးမီးရယ်။ စိတ်အေးမှုတွေနဲ့ ကြည်လင် နေတာရယ်၊ ပူပင်မှုတွေနဲ့ ရတက်ပွေ နေတာရယ် အဲဒီ မျက်လုံးနှစ်မျိုးရဲ့ ကွာခြားမှုကိုတော့ မသိကျိုးကျွန် ပြုထား ရမှာပေါ့။
သေချာပါတယ်။ ဒါဟာ စေ့စေ့စပ်စပ် အကဲခတ်မှ အရိပ်ဖမ်းနိုင်မယ့် အရာပါ။
ခိုင်မတ်စွာ အတောင့်သား ရပ်နေသော ခြေအစုံနှင့်အညီ ရင်ခွင်တစ်ခုလုံး တဝုန်းဝုန်း ဆူညံလျက် ရှိနေခြင်းမှာတော့ မည်သို့မှ ငြင်း၍ မရသည့် အချက်ပင် ဖြစ်လေသည်။
ပခုံးထက်မှ အနည်းငယ် လျှောကျနေသော လွယ်အိတ်ကြိုးကို အသာ ပြန် မတင်ရင်း လက်ထဲမှ ကြွပ်ကြွပ်အိတ်ကို ခပ်တင်းတင်း ဆုပ်ကိုင် ထားလိုက်သည်။
နဖူးပေါ် ဝဲကျနေသော ဆံစများအား ဆတ်ခနဲ ခေါင်းမော့ကာ တင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
သတ္တိ ရှိစမ်းပါကွယ်။ အစနင်းထားပြီ ဖြစ်တဲ့ လမ်းကြောင်းတစ်ခုအတွက် အလိုအပ်ဆုံး အရာကို အချိန်နဲ့ ယှဉ်ထိုးပြီး မလွတ်တမ်း သွတ်သွင်းထားစမ်းပါ။ အဲဒါဟာ ချောမွေ့စွာ ပြီးမြောက်ခြင်းရဲ့အစ မဟုတ်ဘူးလို့ကော ဘယ်သူက ပြောနိုင်မှာတဲ့လဲ။
နှုတ်ခမ်းအစုံအား တင်းတင်းစေ့ကာ ခန္ဓာကိုယ်ကို ခပ်မတ်မတ် ပြင်ရပ်လိုက်သည့် အခိုက်အတန့်မှာပဲ ရန်ကုန်ဘက်မှ ရထားတစ်စီး ဝင်လာသည်ကို မြင်ရသည်။
လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ဆင်းသူ၊ တက်သူများဖြင့် ဘူတာလေးမှာ ဆူညံလှုပ်ရှား သွားတော့၏။
ဘုရားရေ ...၊ ဒါဟာ ... ဒါဟာ ဒီညနေအဖို့ ရန်ကုန်ဘက်မှ လာတဲ့ နောက်ဆုံးရထားတဲ့။ နောက်ထပ် တစ်စီးက ည ၇ နာရီကျော်မှ လာတော့မှာတဲ့။ ဟုတ်ပါရဲ့၊ နောက်ထပ် ၁ နာရီ ကျော်ကျော်မှ လာမယ့် ရထားကို စောင့်နေမယ့် မိန်းကလေး တစ်ယောက်ကို ယုတ္တိရှိတယ်လို့ လူတွေထင်မှာ မဟုတ်ပါဘူး။
မဟုတ်ဘူးလေ၊ လူတွေရဲ့ အထင်တွေနဲ့ သင်္ကာမကင်းမှုတွေကို ဂရုစိုက် လွန်းလို့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ...။
အဆုံးစွန်သော စိတ်ပျက်မှုဖြင့် သက်မတစ်ချက်ကို ကျိတ်ချလိုက်မိသည်။ လမ်းကြောင်းကတော့ မမှားတန်ကောင်းဘူး ထင်ပါရဲ့။ မမက ပြောထားတာပဲ၊ မင်္ဂလာဒုံဘက်ကို လာမယ့် မြို့ပတ်ရထားကို စီးလာ၊ ပုရွက်ကုန်း ဘူတာမှာဆင်း၊ ပြီးတော့ ဆင်းတဲ့ ပလက်ဖောင်းဘက်မှာ ရှိတဲ့ မြေနီလမ်းအတိုင်း လျှောက်။
နောက်ပြီးတော့ ...။
ငါကိုက ညံ့တာပါဟယ်။ ကိုယ့်အစ်မ အရင်းခေါက်ခေါက် နေတဲ့အိမ်ကို တစ်ခါလေးတောင် လာမကြည့်ထားဘူး။ သုံးမရလောက်အောင်ကို အလွန် အသုံးမကျတာ။
ချစ်သူနောက်ကို စွန့်စွန့်စားစား လိုက်သွားပြီး ဘဝသစ် ထူထောင်သွားသော သူမ၏ အစ်မအား အထင်အမြင် လွဲမှားမှုဖြင့် တစ်ဖက်သတ် ဖြတ်တောက် ထားခဲ့မိခြင်း သည်ပင်လျှင် ညံ့ဖျင်းခြင်းအစ ဖြစ်မည် ထင်၏။
ဒုတိယ ညံ့ဖျင်းမှုကတော့ အခြေအနေမှန်များအား မမြင်နိုင်တော့လောက် အောင်ကို ထွေပြား မွှန်ထူနေခဲ့ပြီ ဖြစ်သော မိခင်၏ စကားများကို နားယောင် နေခဲ့ခြင်းပင် ဖြစ်လိမ့်မည်။
ဘာတဲ့ အမေပြောတာ၊ နင့် အစ်မကိုက မိုက်တာတဲ့၊ နေပလေ့စေတဲ့။
သို့ပေမယ့်လည်း ထိုအရာများမှာ အသက် ၁၀ နှစ်ကျော်ရုံသာ ရှိသေးစဉ် အစ်မအား ကိုယ်ချင်းမစာ နိုင်သေးသည့် အချိန်များက သူမ၏ သဘောထားများပင် ဖြစ်ပြီး ထိုအချိန်ကနှင့် ခြားနားနေသော လက်ရှိ သဘောထားမှာတော့ မိုက်မဲမှုဟု အမေပြောခဲ့သည့် အစ်မ၏ လိမ္မာမှုအား မြင်တွေ့ နေရခြင်းပင် ဖြစ်လေသည်။
"နင် အရွယ် မရောက်သေးလို့ပါ ညီမလေးရာ"
ဟူသည့် စကားစုမှာ မမက အိမ်ကိုလာတိုင်း သူမက မမကို (အမေ ဆက်ဆံသည့်အတိုင်း) မတူမတန်သလို၊ စိတ်ပျက်ရှုတ်ချသလို ဆက်ဆံတိုင်း ဖျော့တော့ ညှိုးငယ်စွာဖြင့် မမ ပြောတတ်သော စကားစုပင် ဖြစ်၏။
နောက်ပြီး အဲဒီ အချိန်တုန်းက သူမ နားမလည်နိုင်ခဲ့သော (ယခုတော့ နားလည်နေပြီ ဖြစ်သော) နောက်ထပ် စကားတစ်ခွန်းကတော့ ...
"နင်သာ ယောက်ျားလေး ဖြစ်ရင် ဘယ်လောက် ကောင်းလိုက်မလဲ" တဲ့။
လူကဲခတ်မှုနှင့် ဝေမျှခံစားပေးနိုင်မှု၌ (အဲဒီ အချိန်တုန်းက) လွန်စွာ ညံ့ဖျင်းခဲ့သော သူမမှာ မမကို နားလည်နိုင်ဖို့လည်း မကြိုးစားနိုင်ခဲ့။ မမ ပြောဆိုသော စကားများ၏ အဓိပ္ပါယ်ကို သိရှိအောင်လည်း အားမထုတ်နိုင်ခဲ့။ ဘုရားစူးရပါစေ့၊ မမတို့အိမ်သို့ သူမ တစ်ခါမှ မရောက်ဖူးပါ။
မမက ဘယ်လိုပင် ချော့ခေါ်ခေါ်၊ ခြောက်ခေါ်ခေါ်၊ မျက်ရည်ခံထိုးခေါ်ခေါ် မပြောင်းလဲသော ပုံသေနည်းဖြင့် အကြောင်း တစ်စုံတစ်ရာ ပြကာ ငြင်းဆိုခေါင်းခါခဲ့ သည်ချည်း။
ထိုအချိန်မျိုးမှာတော့ မမတစ်ယောက် မျက်ရည်ဝဲခဲ့သည်။ မျက်နှာညှိုး ခဲ့သည်။ သက်ပြင်းချခဲ့သည်။
ဒါပေမဲ့လည်း ခုချိန်မှာတော့ အဲဒီ အချိန်တုန်းက အဓိပ္ပါယ် မသိခဲ့သော မျက်ဝန်းများ၏ အဖြေကို ရှင်းလင်းစွာ ဖွင့်ဆိုဖော်ကျူး နိုင်ခဲ့ပြီ မဟုတ်လား။ အေးပေါ့၊ အဲဒီလို အဓိပ္ပါယ် ဖွင့်ဆိုနိုင်လောက်အောင်လည်း ...။
ထားပါလေ၊ ဒီ ရင်နာစရာ အကြောင်းတွေကို။ ခုလောလောဆယ် အရေးကြီးနေသည့် တစ်ခုကတော့ မမထံသို့ မဖြစ်ဖြစ်သော နည်းနှင့် ရောက်အောင် သွားဖို့ပဲ မဟုတ်လား။ မမနဲ့ အမြန်ဆုံး တွေ့ဖို့ပဲ မဟုတ်လား။ ဖြစ်ပျက်ခဲ့သမျှတွေကို မမဆီမှာ အမြန်ဆုံး ရင်ဖွင့်တိုင်တည်ဖို့ပဲ မဟုတ်လား။ ဖြစ်ချင်ရာဖြစ် တွေ့တဲ့လမ်း အတိုင်းပဲ စွတ်ဝင်သွားလိုက်မှ ထင်ပါရဲ့။ မဟုတ်သေးပါဘူးလေ။ တော်ကြာ မမတို့အိမ် တည်ရှိရာနှင့် ဆန့်ကျင်ဘက် အရပ်တွေ ဆီကိုများ ဝေးသွားလျှင် ...။ မီးမီးလို့ ခေါ်တဲ့ ကောင်မလေး တစ်ယောက်ဟာ အပျိုဖြန်းလေး တစ်ယောက် မဟုတ်လား။ အပျိုစင်ဆိုတဲ့ အဲဒီ ဂုဏ်ပုဒ်ကလေးကိုပဲ မီးမီး သိပ်ကို မြင့်မြင့်မြတ်မြတ် တန်ဖိုး ထားခဲ့သည်ပဲ။ နောက်ပြီး အဲဒီ သန့်စင်ပျိုမျစ် လွန်းသည့် ပွင့်အာစ ပန်းတစ်ပွင့်၏ နုနယ်မှုမျိုးကို ပိုင်ဆိုင်ထားသူဟာ စားစားသွားသွား၊ အိပ်အိပ်နေနေ အများတကာတွေထက်ကို အန္တရာယ် ပိုမိုရှိနေ တတ်တာပဲ။ ဟုတ်ပါရဲ့၊ တွေးတွေးဆဆ ဆင်ခြင်မှပါပဲကွယ်။ တော်ကြာ ဒီလောက် အရဲစွန့်လာခဲ့ပြီးမှ ဆင်ပြောင်ကြီး အမြီးကျမှ တစ်နေမှဖြင့်။ စိတ်လှုပ်ရှားစွာ အတွေးပေါင်းစုံ ယောက်ယက်ခတ်ရင်း လွယ်အိတ်ကြိုးစကို တင်းတင်းဆုပ်ကိုင်ကာ ကြွပ်ကြွပ်အိတ်ကို ရင်ခွင်ထဲတွင် ပိုက်ထားရင်းမှ ပတ်ဝန်းကျင် အနီးအနားကို မဝံ့မရဲ မျက်လုံး ကစားလိုက်သည်။
"မြတ်စွာဘုရား"
သူမ၏ ရင်ခွင်မှာ ကြောက်ရွံ့စိုးထိတ် စိတ်များဖြင့် ကျယ်လောင်စွာ တုန်ခတ် မြည်ဟည်းသွားရခြင်း၏ အကြောင်းရင်းမှာ ညာဘက် မျက်လုံးထောင့်တွင် မြင်လိုက်ရသော တစ်စုံတစ်ယောက်ကြောင့် ဖြစ်၏။
ဒေါက်ထောက်ကာ ရပ်ထားသော စက်ဘီးတစ်စီး ဘေးတွင် ရပ်နေသော (သူမကို အကဲခတ်နေဟန် ရှိသော) ယောက်ျားသား တစ်ဦးပင် ဖြစ်လေသည်။
ထိုသူမှာ တစ်စုံတစ်ယောက်အား လာရောက်စောင့်ဆိုင်း နေသူလား။
ဒါမှမဟုတ် သူမကိုပဲ သက်သက်ရပ်ကြည့် စူးစမ်းနေခြင်းလား။
သိပ်မသေချာပေမယ့် လောလောလတ်လတ် ယောက်ျား မုန်းတီးမှုဓာတ်ခံ ရှိနေသော သူမကိုတော့ အကြီးအကျယ် ထိတ်လန့်တုန်လှုပ် သွားစေခဲ့သည်။
ဟင်း ... ဒါပဲ။
သင်းတို့ ယောက်ျားတွေ မိန်းကလေးတစ်ယောက် မြင်ရင် တစ်ချက်ကလေးပဲ ဖြစ်ဖြစ် ကြည့်လိုက်ရမှ။ မျက်စိလေးပဲ ဖြစ်ဖြစ် မှိတ်ပြပြီး အသားယူလိုက်ရမှ။
ကြည့်နေ။
ယီးတီးယားတား လာလုပ်ကြည့် လွယ်အိတ်ထဲမှာပါတဲ့ ကွန်ပါဘူးထဲက ထောက်စူးနဲ့ကို ထိုးပစ်လိုက်မယ်။
နှုတ်ခမ်းကို မသိမသာကိုက်၍ တံတွေးတစ်ချက်ကို မျိုကာ အားတင်း၍ လှည့်ကြည့်လိုက်သော အခါတွင်လည်း သူမအား ခပ်ရဲရဲ ကြည့်ရှုနေခြင်းကို တွေ့ရ ပြန်၏။
သေလိုက်စမ်းပါတော့။
သူမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ပင် အားပေးနေ အားပေးနေ ဒေသစိမ်း၏ အဖော်မဲ့မှု၌ ကျောထဲမှ စိမ့်မတတ်ပင် ကြောက်ရွံ့ထိတ်လန့်လျက် ရှိနေလေသည်။
ငါ့ရဲ့ပုံစံဟာ ဘယ်လိုပုံစံမျိုး ဖြစ်နေလို့ပါလိမ့်။
သူဟာ ငါ့ကို ဘယ်လို ညီမျှခြင်းမျိုး ချပြီး ကြည့်နေတာပါလိမ့်။
ဘာကိုကြည့်တဲ့ အကြည့်မျိုးနဲ့ ကြည့်နေတာပါလိမ့်။
အဲဒီ အကြည့်ထဲမှာ ဘယ်လို အဓိပ္ပါယ်မျိုးတွေ ပါနေပါလိမ့်။
ယိုင်နွဲ့ပန်းလျစွာ စဉ်းစားရင်းနှင့်မှ သူမက ကိုယ့်ကိုယ်ကိုယ် ငုံကြည့်လိုက် မိသည်။
မျက်နှာပြင်မှာ ဘာအခြယ်အသ တစ်ခုမှ မပါတဲ့၊ ပခုံး မထောက်တထောက် ဆံပင်ကို စုစည်းထားတဲ့၊ အဝတ်အစား ခပ်နွမ်းနွမ်းနဲ့ လွတ်အိတ်တစ်အိတ် လွယ်ပြီး ကြွပ်ကြွပ်အိတ် တစ်လုံးကို ဆွဲထားတဲ့ မိန်းမငယ် တစ်ယောက်ပါပဲ။
လွယ်အိတ်ထဲမှာတော့ ကျောင်းစာအုပ်တွေရယ်၊ ဒိုင်ယာရီ တစ်အုပ်ရယ်၊ မှတ်တမ်း တစ်အုပ်ရယ်၊ နောက် မျက်နှာသုတ်ပဝါ သေးသေးလေး တစ်ထည်ရယ် ပါသည်။
ကြွပ်ကြွပ်အိတ်ထဲမှာတော့ အဝတ်အစားတွေပေါ့။
လူ ထသတ်ချင်လောက်အောင် မွှန်ထူ သွေးဆူနေသော စိတ်ထားဖြင့် ...။ (တွေ့ရာအဝတ်အစားအားလုံး သိမ်းကျုံးထည့်ခဲ့တာကြောင့်) ပြာဝေနေသော မျက်ဝန်းများဖြင့် တွေ့ရာအိတ်ဖြင့် တွေ့ရာ အဝတ်အစား အားလုံးကို သိမ်းကျုံး ထည့်ခဲ့တာကြောင့် ကြွပ်ကြွပ်အိတ်က ဖောင်းကားလို့နေသည်။
တစ်သက်လုံး မပြန်တော့ ဟူသော ဆုံးဖြတ်ချက်ကို အခိုင်အမာချလျက် ထိုရပ်ဝန်းနှင့် ဝေးလျှင် ပြီးရောဟု အလျင်အမြန်ဆုံး အရှိန်ဖြင့် ထွက်လာခဲ့တာမို့ ကပိုကရို ဖြစ်နေမလား။
သင့်တော်မလား။
မသင့်တော်ဘူးလား။
ဘယ်မှာ စဉ်းစားနေနိုင်တော့မှာလဲ။
ဟုတ်ပါတယ်။
မီးမီးဟာ အိမ်ပြေးမလေးပါ။
အဲဒါကို ဝန်ခံပါတယ်။
ဒါပေမဲ့ ယောက်ျား လိုချင်လို့၊ လေလွင့်ချင်လို့ ပြေးတာ မဟုတ်ရပါဘူး။
အန္တရာယ်စက်ဝိုင်း တစ်ခုထဲက ထွက်ပြေးလာခဲ့ရတာပါ။
မပြေးမဖြစ်တော့ လောက်အောင်၊ ဒီနည်းမှတစ်ပါး အခြားနည်း မရှိတော့ လောက်အောင် အခက်အခဲ ကြီးကြီးမားမားနဲ့ ထိပ်တိုက်ရင်ဆိုင် တိုးခဲ့ရလို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ရတာပါ။
အဲဒါကို အဓိပ္ပါယ် ကျယ်ဝန်းတဲ့ မျက်လုံးတွေနဲ့ မကြည့်ကြပါနဲ့။
အပျိုမလေး၏ မျက်ဝန်းမှာ မျက်ရည်တို့ဖြင့် စိမ့်အိုင်ရစ်ဝိုင်း လာလေသည်။
ရင်တွင်း ဆို့နစ်နာကျင်မှုကြောင့် အံကို ခပ်တင်းတင်း ကြိတ်ထားလိုက် မိ၏။
ဟုတ်တယ်၊ ဒီအတိုင်း ရပ်နေလို့ကတော့ တင်းထားသမျှ အားအင်တွေ စိမ့်ယိုပေါက်ထွက် ကုန်ရုံပဲ ရှိမှာပဲ။
တစ်ခုခုတော့ စတင်လှုပ်ရှား ရတော့မှာပါပဲ။
ပါးစပ်ပါ ရွာရောက်တဲ့။ တစ်ယောက်ယောက်ကို မေးပြီးသွားမှပဲ။
ပတ်ဝန်းကျင်မှာလည်း ညီအစ်ကို မသိတသိ အချိန်ထက်ပင် အနည်းငယ် ကျော်လွန်စပြုပြီ။
ထုံကျဉ်နေသော ခြေထောက် နှစ်ချောင်းကို အနည်းငယ် ရွှေ့ရပ်လိုက်ရင်း မျက်ဝန်းထဲမှ မျက်ရည်များကို ပုတ်ခတ်ထုတ်ပစ်ရင်း (ခုနကလူဘက်ကို မကြည့်မိအောင် ကြိုးစားရင်း) ဟိုဟိုဒီဒီ မျက်လုံးကစား လိုက်သောအခါ ပထမဆုံး မျက်လုံးထဲမှာ ဝင်လာသော အရာမှာ သူမရှေ့မှ ခပ်သုတ်သုတ် ဖြတ်လျှောက်သွားသည့် အဒေါ်ကြီး တစ်ယောက်ပင် ဖြစ်၏။
"ဒေါ်ကြီး ... ဒေါ်ကြီး"
အမောတကော ခပ်လောလော ခေါ်လိုက်သော သူမလေသံ အဆုံးတွင် ထိုအဒေါ်ကြီးက ဆတ်ခနဲ လှည့်ကြည့်သည်။ အပြည့်အဝ နှစ်မြို့ပုံ မရသော မျက်ဝန်းများကြောင့် သူမမှာ အနည်းငယ် တွန့်သွားသော်လည်း အရဲစွန့်လိုက်၏။
"ဟို ကြံခင်းစုကို ဘယ်လို သွားရလဲလို့ပါ"
"ကြံခင်းစု ဘယ်လမ်းလဲ"
"ဟို ... အဲ၊ ကျွန်မ လမ်းမသိဘူး။ သူပြောတာကတော့ မြတောင်ညို ဘုရား ..."
"အို ... လမ်းမသိရင် ဘယ်လိုလုပ် သွားလို့ရမလဲ။ ကြံခင်းစုက အကျယ်ကြီး။ ဟောဟိုက မြင်ရတဲ့ လမ်းနီနီအတိုင်း ကုန်းတက်က တက်သွားရင် ကြံခင်းစု ရောက်တယ်"
စိတ်မရှည်ပုံဖြင့် ခပ်ဆောင့်ဆောင့် ပြောပြီး ချာခနဲ လှည့်ထွက်သွားသော အဒေါ်ကြီး၏ ကျောပြင်အား ပါးစပ် အဟောင်းသားဖြင့် ငေးမောကျန်ရစ် ခဲ့ရသည်။
ကိုယ့်ဘက်ကမှ မပိုင်ဘဲလေ။ သူမ ဘာတတ်နိုင်မှာတဲ့လဲ။ ဝမ်းနည်းစွာ အားပျက်သွားရင်းမှ တံတွေးတစ်ချက်ကို မျိုလိုက်မိပြန်သည်။ မမက ပြောထားတယ် မြတောင်ဘုရား ရှေ့နားမှာရှိတဲ့ ပထမဆုံးလမ်းတဲ့။ နောက်ပြီး ဟိုအဒေါ်ကြီး ပြောသွားတာကလည်း ဟောဟိုက လမ်းနီနီတဲ့။
သွားမယ်ကွာ။ ဒီတစ်ယောက် မေးလို့ မရရင် နောက်တစ်ယောက် ထပ်မေးမယ်။ အဲဒီလို နောက်တစ်ယောက်တွေ များလာရင် လမ်းစတွေ များလာပြီး မမတို့ အိမ်ကို ရောက်သွားရမှာပေါ့။
တုန်ယင်ကာ တွန့်ဆုတ်နေချင်သော ခြေလှမ်းများအား သူမ စတင်ရွှေ့လိုက်ပြီ ဖြစ်လေသည်။ လွယ်အိတ်ကြိုးကို တင်းတင်းဆုပ်လျက် ကြွပ်ကြွပ်အိတ်ကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလျက် တစ်လှမ်း နှစ်လမ်း သုံးလေးလှမ်း ...။
"ဒီမှာ ကလေးမ"
သမ္ဗုဒ္ဓေ ...။ ဆတ်ခနဲ ထောင်ထလာသော ဆံစများနှင့်အတူ ယောင်ယမ်း၍ မအော်မိစေရန်ပင် မနည်း ထိန်းထားလိုက် ရသည်။
ကြည့်စမ်း၊ သင်းက လိုက်လာတယ်ပေါ့။ လူကို အထင်သေးတယ်ပေါ့။ ကြည့်နေပါ တစ်ခုခု လှုပ်ရှားကြည့်ပါ၊ မီးမီးအကြောင်း သိသွားရမှာ။
နဖူးထက်မှ ဆံပင်များ ဝဲခနဲ ခါသွားသည်အထိ ခေါင်းကိုမော့၍ ခြေလှမ်းနှုန်းကို မြှင့်တင်လိုက်သည်။ ဒါကိုပင် သူက မကြားဘူး ထင်နေလား မသိ။ စက်ဘီးကို သူမ ခြေလှမ်းနှုန်းနှင့်အညီ အမြန်တွန်းလာကာ ထပ်ခေါ်ပြန်၏။
"ဟိတ် ဒီမှာ ကလေးမ"
လာမယ့်ဘေး ပြေးတွေ့ဖို့ သူမ ရင်ဆိုင်လိုက်သည်။ မျက်နှာကို အတင်းမာဆုံး ခက်ထန်ထားလိုက်ပြီး လှည့်ကြည့်လိုက်၏။
သို့သော် ...။
သူမအား တွေခနဲ ငြိမ်သက်သွားသော မျက်ဝန်းများဖြင့် အနည်းငယ် အံ့ဩသွားစေသော မြင်ကွင်းမှာ ထင်ထားသည်နှင့် ကွာဟနေသော အခြေအနေကြောင့် ဖြစ်၏။ အသက် ၃၀ အရွယ် လူရွယ်တစ်ဦးဟု ထင်ခဲ့သူမှာ ယခု သေသေချာချာ အနီးကပ် မြင်ရတော့မှ လူရွယ်မဟုတ်သည့် ဦးလေးကြီး တစ်ယောက်ပေပဲ။
အသက် ၄၅ နှင့် ၅၀ ကြားလောက် ရှိမည်ဟု ခန့်မှန်းမိ၏။ နောက်ပြီး သူမကပဲ ထင်တာလား မသိ၊ သူ့မျက်ဝန်းများမှာ မရိုးသားမှုများ၊ စူးရဲမှုများ ပါဝင် မနေပါ။ မ ချီထားသော ပင့်သက်အား မချမိသေးသော်လည်း သူမ အနည်းငယ် စိတ်အေးသလို ရှိသွား၏။
"ဒီမှာ မင်း ဘယ်ကို သွားမှာလဲ။ တော်တော်တောင် မှောင်လာပြီ။ မင်းတစ်ယောက်တည်း သိပ် မသင့်တော်ဘူးကွယ့်"
မဟုတ်ဘူး၊ အဲဒါ စေတနာစကားလား။ နီးကပ်စွာ စိုက်ကြည့်နေသော မျက်ဝန်းများမှာ သမီးတစ်ယောက် အပေါ် ထားရှိသည့် ဖခင် တစ်ယောက်၏ စိုးရိမ်စွာ နူးညံ့မှုမျိုးဖြင့် ဆင်ဆင်တူနေလား။ မဟုတ်ဘူး၊ မဟုတ်ဘူး။ လျှော့တွက်လို့ မဖြစ်ဘူး။ ဒီအရွယ်တွေလည်း ယုံရတာ မဟုတ်ဘူး။
"ကြံခင်းစု"
ဖခင်တစ်ယောက်အရွယ် ဖြစ်နေတာမို့ မဖြေဘဲ နေလိုက်ရမှာကိုလည်း ရိုင်းပျသွားမလားဟု အားနာ၊ တစ်ဖက်ကလည်း မယုံသင်္ကာ သံသယများ ပြည့်သိပ်နေရင်းမှ ပဋိပက္ခ လွန်ဆွဲသော အတွေးများဖြင့် ဖြေလိုက်သော သူမ၏ လေသံမှာ ခပ် ထောင့်တောင့်တောင့်ကာ ထွက်သွား၏။
"အေးလေ ကြံခင်းစု ဆိုတာကတော့ ခုနက မေးနေကတည်းက ဦး ကြားပါတယ်။ ဦး မေးတာက ဘယ်နေရာလဲ။ ကြံခင်းစုရဲ့ ဘယ်နေရာလဲ"
စပ်စုရန်ကော ဟူသော အကြည့် နောက်တစ်ကြိမ် ထပ်မံ လှည့်လိုက်ပြန်၏။ ထိုအခါတွင်လည်း ရင်အေးဖွယ်ရာ မျက်ဝန်းများကိုသာ မြင်လိုက်ရပြန်သည်။
သေချာပါသည်။
ထိုလူကြီး၏ အကြည့်များ၌ သူမတစ်ကိုယ်လုံးအား ကြက်သီးမွေးညင်း ထစေမည့် တောက်ပမှုများ မပါဝင်ပါ။ အို ... ဒါပေမဲ့လည်း မယုံလိုက်ပါနှင့်ဦး။ တော်ကြာ အယုံသွင်းနေတာ ဆိုလျှင် ...။
"အို ... ရပါတယ်။ ဟောဟို ရှေ့ကဟာ ဆိုက်ကားဂိတ်မို့လား။ ကျွန်မ ဆိုက်ကား စီးသွားမယ်"
"အဲဒါကြောင့် ဦး ပြောတာပေါ့။ ကြံခင်းစုကို ဒီအချိန် ဘယ်ဆိုက်ကားမှ လိုက်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းက နေရာလည်း မသိဘူး"
"သိတော့ သိပါတယ်။ ကျွန်မအစ်မ ပြောထားတာ မြတောင်ညိုဘုရားရဲ့ ရှေ့တည့်တည့်က လမ်း၊ လမ်းထိပ်ကနေ စရေရင် ဘယ်ဘက်ခြမ်း ၃ အိမ်ကျော်တဲ့"
ဤမျှအထိ ပျော့ညံ့သွားသော လေသံအား သူမကိုယ်သူမပင် အံ့ဩမဆုံး ရှိလေသည်။
ငါ့နှယ် ... ရှည်ရှည်ဝေးဝေးတောင် ရှင်းပြနေလိုက်သေး။ သို့သော် ထိုလူကြီးထံမှ တအံ့တဩ ရေရွတ်သံကို ကြားရသော အခါတွင်လည်း သူမမှာ လွန်မင်းစွာ စိတ်ညစ်ညူး သွားရပြန်၏။
"ဟာ ... နည်းနည်းနောနော အဝေး မဟုတ်ပါလား။ ကျိန်းသေတယ်၊ မင်းသွားတဲ့ နေရာကို ဘယ်ဆိုက်ကားမှ လိုက်မှာ မဟုတ်ဘူး။ မယုံ သွားမေးကြည့်"
အို ... သူပြောတိုင်း ယုံရမှာလား။ သူမမှာ အဆုံးစွန် စိတ်ဆင်းရဲသွား မိသော်လည်း ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြန်၏။
သူမနှင့် ထိုလူကြီးမှာ လမ်းလျှောက်ရင်း စကားပြောလာခြင်း ဖြစ်သောကြောင့် ဆိုက်ကားဂိတ် ဘေးသို့ပင် ရောက်လာပြီ ဖြစ်၏။
"လိုက်လိုက် မလိုက်လိုက်လေ မေးတော့ ကြည့်ရဦးမှာပဲ"
နေစမ်းပါဦး၊ ထိုလူကြီးအား အရေးတယူ လက်ခံစကား ပြောနေမိတာ၊ အားနာသလို ဖြစ်နေမိတာ ဘာကြောင့်ပါလိမ့်။ တကယ်ဆို ဘာမှတောင် ပြန်ပြော မနေဘဲ ခပ်တည်တည် နေလိုက်ဖို့ မကောင်းဘူးလား။ မိမိကိုယ်မိမိပင် နားမလည် နိုင်သော ဒွိဟအတွေးများဖြင့် မျက်ခုံးနှစ်ခုကို အတွန့်ချိုးလိုက်မိပြီး အတော်အတန် မှောင်ရီနေပြီ ဖြစ်သော ဆိုက်ကားဂိတ် အတွင်းသို့ အားစိုက်၍ လှမ်းကြည့်ကာ ခေါ်လိုက်၏။
"ဆိုက်ကား"
"ဘယ်သွားမှာလဲ"
"ကြံခင်းစုထဲကို"
"ကြံခင်းစု ထိပ်တင်လား။ ဘယ်နားလဲ"
"ဟို ... မြတောင်ညိုဘုရား ..."
"ဟာ ... ဝေးတယ်။ လမ်းလည်း ဆိုးတယ်။ မှောင်လည်း မှောင်နေပြီ။ ကုန်းတက်တွေချည်းပဲ။ သွားလို့ရမှာ မဟုတ်ဘူး"
သမ္ဗုဒ္ဓေ ...။
"မဟုတ်ဘူးလေ၊ ဦးလေး မလိုက်နိုင်လို့လား။ ဒါဆိုရင် နောက်တစ်ယောက်"
ဝမ်းနည်းလှိုက်လှဲမှုများ တအိအိ ပြည့်သိပ်လာရင်းမှ သူမ ထပ်မံကြိုးစား လိုက်သည်။
ဆိုက်ကားဂိတ်ထဲသို့ မျှော်ကြည့်၍ ခပ်ပျော့ပျော့ ပြောသောအခါ ဆိုက်ကား ဆရာကြီးက ဆိုက်ကားဂိတ်ထဲသို့ လှည့်ကာ အော်မေး၏။
"ဟေ့ ... မြတောင်ညိုတဲ့၊ ဘယ်သူ လိုက်မလဲဟေ့"
တထိတ်ထိတ် တုန်ယင်သော ရင်ခွင်ဖြင့် စောင့်စား နေမိသော်လည်း အတန် ကြာသည်အထိ ဂိတ်ထဲမှ မည်သည့် ဆိုက်ကားတစ်စီးမျှ ထွက်လာသည်ကို မတွေ့ရပါ။
"ကဲ ... ကောင်မလေး၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားပေတော့။ မင်းပြောတဲ့ နေရာက ဆိုက်ကားသွားလို့ မရအောင်ကို ကုန်းတက် ကုန်းဆင်းတွေ များတယ်။ ဘယ်လိုမှကို မဖြစ်နိုင်ဘူး"
"ဒီမှာ ကျွန်မ ပိုက်ဆံနှစ်ဆ ..."
ချာခနဲ လှည့်ဝင်သွားသော ဆိုက်ကားဆရာ၏ နောက်တွင် သူမအသံက အရာမရောက်စွာ ချည့်နဲ့ကျန်ခဲ့၏။
သွားပြီ။ ပတ်ဝန်းကျင်မှာလည်း အမှောင်ထုက တဖြည်းဖြည်း နက်နဲလာပြီ။
ဘာလုပ်ရပါ့မလဲ။ တလှိုက်လှိုက် လောင်မြိုက်လာသော ရင်ခွင်ကို မနိုင်မနင်း သယ်မကာ သူမ ခပ်တောင့်တောင့် ရပ်နေမိ၏။
"ကဲ ... ဦး မပြောဘူးလား ကလေးမရဲ့"
ဟင် ... ဟိုလူကြီးက မသွားသေးပါလား။ သူမကို စောင့်ကြည့်နေဆဲ ပါလား။ မထင်မှတ်စွာ အနောက်ဘက်မှ ကြားလိုက်ရသော ထိုအသံကြောင့် သူမမှာ ဆတ်ခနဲ တုန်ယင်သွားပြီးမှ အံ့ဩသွားမိလေသည်။
"ဟုတ်တယ်၊ ကျွန်မ ဆိုက်ကားစီးရင် ရမယ် ထင်နေတာ"
တွေဝေငူငိုင်သွားသော ကောင်မလေးက ဖျော့တော့စွာ ညည်းညူလိုက်၏။
"ဒီမှာ၊ မင်းရဲ့အခက်အခဲကို ဦးက ကူညီရင် မင်း လက်ခံမလား"
"ရှင်"
"ဦးက ဦးမိန်းမကို လာကြိုတာ။ ခုနက ရထားနဲ့ သူ ပါမလာဘူး။ ၇ နာရီ ကျော်ကျော် ဝင်မယ့် ရထားနဲ့မှ ပါတော့မယ်။ ခုနေ မင်းကို ဦးလိုက်ပို့ပေး လိုက်မယ်"
"သိလားဟင်၊ အဲဒီ နေရာကို သိလို့လား"
"သိတာပေါ့။ ဦးက ကြံခင်းစုထဲကပဲ။ သုခလမ်းမှာ နေတယ်"
သူမ၏ ဦးနှောက် ကွန်ပျူတာထဲမှာ အချက်ပြ မီးနီများဖြင့် ရှုပ်ယှက်ခတ်စွာ ဆူညံလှုပ်ရှား သွားတော့သည်။
ဘာလုပ်မလဲ။ မှောင်သထက် မှောင်လာသော၊ လူသူကျဲပါးသထက် ကျဲပါးလာသော ပတ်ဝန်းကျင်မှာ စဉ်းစားရန် အချိန်မပေးနိုင်တော့ လောက်အောင် အခွင့်အလမ်း နည်းပါးနေပြီ ဖြစ်၏။
သူမထံ၌ ငိုင်တွေနေခွင့်ပင် မရှိတော့ပါ။ အစစ်ပါပဲ။ သူမ၏ လည်တိုင်၌ တစ်ကျပ်သားတိတိ ရှိသော ဆွဲကြိုးတစ်ကုံး ရှိသည်။
ဘယ်ဘက် လက်သူကြွယ်၌ ငါးမူးသားရှိသော လက်စွပ်တစ်ကွင်း ရှိသည်။ ပျိုမျစ်နုနယ်သော ငယ်ရုပ်ရှိသည်။
ထိုအရာများမှာ မကောင်းမှု၌ ပျော်ပါးကျက်စား တတ်သော လူရှုပ်လူပွေများအတွက် မျက်စိကျစရာများပင် ဖြစ်မည်ထင်၏။
တကယ်တော့ အခုပစ္စုပ္ပန်မှာ မြင်နေရတဲ့ မျက်လုံးတွေဟာ အဲဒီ မျက်လုံးတွေထက်တော့ ယုံချင်စရာ ကောင်းမှာပါ။
အင်း ...၊ ယုံချင်စရာ ကောင်းတယ်လို့ ယူဆရမှာပေါ့လေ။ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုအား ပိုင်နိုင်စွာချလိုက်၏။
ထိုဆုံးဖြတ်ချက်၏ ကောင်းမွေဆိုးမွေကိုလည်း မီးစင်ကြည့်ကဖို့ ထပ်မံ၍ယတိပြတ် တွေးထားလိုက်သည်။
"ဘာလဲ၊ မယုံလို့လား ကလေးမ။ ဦးက စေတနာသန့်သန့်နဲ့ ပြောတာနော်။ မင်းသွားချင်တဲ့ နေရာဟာ မိန်းမပျိုလေးတစ်ယောက် အနေနဲ့ ဘယ်လိုမှ စိတ်ချစရာ မရှိလို့ ပြောနေတာ"
"ဟုတ်တယ်၊ အမှန်အတိုင်း ပြောရရင်တော့ ခုချိန်ထိ ကျွန်မ လုံးလုံး မယုံရဲ သေးဘူး။ ဒါပေမဲ့ ကျွန်မမှာ ဒီနည်းကလွဲလို့ တခြားနည်းလည်း မရှိတော့ဘူး"
ထိုလူကြီးက တစ်ချက်ပြုံးလိုက်၏။ နှစ်ခြိုက်သဘောကျသော အပြုံးဟု သူမ ထင်မိလေသည်။
"ကောင်းပါတယ်။ အဲဒီ လို ပွင့်ပွင့်လင်းလင်း ပြောတာကို ဦး သဘောကျ ပါတယ်။ ယုံပါလို့လည်း မတိုက်တွန်းလိုပါဘူး။ လမ်းဆုံး ရောက်တော့မှ ဦးရဲ့ သမာဓိကို စိတ်တုံးတုံးချပေါ့ ဟုတ်လား။ မင်းမသိလို့ပါ။ ဦးမှာလည်း မင်းအရွယ် သမီးလေးတစ်ယောက် ရှိပါတယ်"
ထိုအချိန်မှာ ရထားလမ်းနှင့် မြေနီလမ်းဆုံရာ လမ်းဆုံသို့ ရောက်လာပြီ ဖြစ်၏။ ဦးလေးကြီးက စက်ဘီးကို ရပ်လိုက်သောအခါ သူမက ကြွပ်ကြွပ်အိတ်ကို စက်ဘီးရှေ့ခြင်းထဲသို့ ထည့်လိုက်၏။
"ကဲ တက်"
"သွားပါ၊ ကျွန်မ ခုန်တက် တတ်ပါတယ်"
ရထားသံလမ်းများ ကန့်လန့်ဖြတ်နေရာမှ ကျော်လွန်ပြီး မြေနီလမ်းအတိုင်း နင်းသွားသော စက်ဘီးကယ်ရီယာ ပေါ်သို့ သူမ ခုန်တက်လိုက်သည်။
ကဲ ... မီးမီးရေ၊ ပေါက်တဲ့နဖူး မထူးတော့ဘူး။ မီးစင်သာ ကြည့်ကပေတော့ဟု ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်၏။
"ခဏ ဆင်းဦးကွ"
ဦးလေးကြီး၏ အသံကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သော အခါ တစ်ယောက်တည်းပင် အတော်အာရုံစိုက် နင်းရမည်ဖြစ်သော အတန်ငယ် မြင့်မားသည့် ကုန်းတက်တစ်ခုကို တွေ့လိုက်ရ၏။
သူမ ဖျတ်ခနဲ ခုန်ဆင်းလိုက်သည်။ စက်ဘီးကို ကြိုးစားပမ်းစား တွန်းကာ တက်သွားသော ဦးလေးကြီးနောက်မှ ကယ်ရီယာစွန်းကို တွန်းပေးရင်း လိုက်သွားမိသည်။
"တက်နော်"
အပေါ်သို့ ရောက်သောအခါကျတော့ အနည်းငယ် ပြေပြစ်သွားသော လမ်းမကို မြင်ရသည်။ ခုံးတံတားမှာ ဂျိုးဖြူပိုက်လုံးပေါ်မှ ဖြတ်ကျော်၍ ဆောက်ထားခြင်း ဖြစ်၏။
ခုံးတံတားကို ဖြတ်ပြီး ရောက်ရောက်ချင်း တွေ့ရသော အရာမှာ မီးသတ်ရုံလား မသိ။ သံဆန်ခါကွက်များဖြင့် ကာရံထားသော ရုံကလေးဖြစ်ပြီး ၄င်းနောက် ခပ်စောင်းစောင်းတွင် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တွေ့ရသည်။
ကက်ဆက်ကို ကျယ်လောင်စွာ ဖွင့်ထားပြီး ဆိုင်ရှေ့နှင့် ဘေးမြက်ခင်းပြင်၌လည်း ခုံပုလေးများနှင့် စားပွဲလေးများကို တွေ့ရ၏။ စက်ဘီးနောက်မှာ လိုက်စီးလာရင်း ပတ်ဝန်းကျင်ကို အကဲခတ်လာသောအခါ လမ်းမှာ အနည်းငယ် ပြေပြစ်သော ကုန်းတက်ဖြစ်ပြီး ခုနက လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးတွင် နောက်ထပ် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို ထပ်တွေ့ရပြန်၏။
နောက်ပြီး မုန့်ဆိုင်လို၊ စတိုးဆိုင်လိုမျိုးတွေ။ ဟော ... ဟိုမှာကတော့ အလှပြင်ဆိုင်တဲ့။ ဇာခန်းဆီးလေး တပ်လို့။ ထိုလမ်းမမှာ စည်စည်ကားကားနှင့် ဈေးတန်းလေး တစ်ခုလို ဖြစ်နေ၏။ ကြည့်နေရင်းနှင့်ပင် ဘုန်းကြီးကျောင်းတစ်ကျောင်း ရှေ့သို့ ရောက်လာသည်။
နောက် ဘောလုံးကွင်း။ ထိုနေရာမှာ ကုန်းတက်က အတော်လေး မြင့်လာ ပြီ ဖြစ်၏။ စက်ဘီးမှာ အနည်းငယ်နှေးသွားပြီး ဦးလေးကြီးမှာ အားစိုက်၍ နင်းနေရသဖြင့် သူမ အားနာသွားသည်။
"ကျွန်မ ဆင်းတွန်းပေးရ မလားဟင်။ ရရဲ့လား"
"ရပါတယ်၊ နေနေ"
သူမ၏ လှိုင်းထန်နေသော ပူပင်သောကစိတ်များ အနည်းငယ် အနည်ထိုင် သွားခြင်းမှာ ပျားပန်းခပ်မျှ လှုပ်ရှားစည်ကားနေသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ရမည်ဟု သူမ တွေးလိုက်မိ၏။
ဟုတ်သည်လေ၊ ဒီအချိန်မှာ သူ သူမကို ဘာလုပ်၍ ရနိုင်မည်လဲ။ နည်းနည်းလှုပ်ရှားတာနှင့် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီ တောင်းလိုက်ရုံပေါ့။ ဤမျှ များပြားသော လူများစွာ၏ တစ်ယောက်တစ်ချက် နာကျင်စေရုံနှင့်တင် ထိုလူကြီး၏ ဦးခေါင်းမှာ စိစိညက်ညက် ကြေသွားနိုင်သည် မဟုတ်လား။
သန့်စင်နုနယ်သည့် မိန်းမပျို တစ်ယောက်ကို မတော်မတရား ကြံစည်ချင်စိတ် ရှိသူများအား စက်ဆုပ်ရွံရှာသည့်၊ နှမချင်း စာနာတတ်သည့် လူများစွာ ဤလောက အတွင်းမှာ၊ ဤရပ်ကွက် အတွင်းမှာ ရှိနေနိုင်သည် မဟုတ်ပါလား။
မတော်မတရား၊ ဟုတ်ပါရဲ့။ ထိုစကားစုအား တွေးမိသောအခါ တစ်စက်ကလေးမျှ သတီစရာ မကောင်းသည့် အကြံပက်စက် ဆန်ကောလောက်မှ စောက် မနက်သည့် ရွံရှာခါးသီးဖွယ် အတိတ်ဆိုးများ၏ အလုအယက် ဝင်ရောက်မှုအား (မေ့ထားသည့်ကြားမှပင် မမေ့နိုင်အောင် တေးမှတ်မှု ကြီးမားနေရင်း) ခံလိုက်ရပြန်သည်။
ထိုအခါတွင်တော့ အပျိုမလေး၏ သွေးရောင်လွှမ်းသော မျက်နှာနုနုလေးမှာ ကျားရဲမလေးအသွင် ခက်ထန်မာကျော သွားတော့သည်။ အရည်လည်ကာ စိုလက်ဝိုင်းဝန်းသည့် မျက်ဝန်းအစုံမှာ ကြီးစွာသော မခံချင်စိတ် ဒေါသအဟုန်ဖြင့် စူးရဲတောက်ပ လာတော့၏။ သားသမီးချင်းမှ မစာနာ၊ နှမချင်းမှ မစာနာ။
အမှန်ဆို အဲဒါတွေဟာ အစမကောင်းလို့ အနှောင်းမသေချာ ခဲ့တာပါ။ နောက်ပြီး ထို အစမကောင်းခြင်းတွေထဲမှာ သူမဖခင်၏ အသေစောခြင်း ပါဝင်နေ မလား။ ဒါမှမဟုတ် သူမမိခင်၏ တစ်ပင်လဲမူ တစ်ပင်ထူမှု စောခြင်း ပါဝင်နေမလား။ သူမ နားမလည်ပါ။
သူမ နားလည်တာကတော့ သူမ၏ မိခင်မှာ သူ့လုံခြုံမှုအတွက် သူမတို့ ညီအစ်မ နှစ်ယောက်၏ ခြုံထည်ကို ဆွဲ၍ ခြုံလိုက်သည် ဆိုတာကိုပဲ ဖြစ်သည်။ အမေ နောက်အိမ်ထောင် ပြုလိုက်သည့် နေ့မှစ၍ သူမတို့ ညီအစ်မ နှစ်ယောက်၏ ဘဝမှာ လုံခြုံမှု အင်အား ဖျော့တော့ခဲ့ရသည်။
အမေ နောက်အိမ်ထောင်ပြုသည့် နှစ်မှာ သူမက ငါးတန်းဖြစ်ပြီး သူမ အစ်မက ကိုးတန်းဖြစ်သည်။ မမမှာ ဆယ်တန်းအောင်သည်နှင့် ချစ်သူနောက် လိုက်သွားသောအခါ တစ်ကိုယ်ကောင်းဆန်စွာ ကိုယ်လွတ် ရုန်းသွားသည်ဟု အထင်လွဲခဲ့သမျှ သူမ၏ ရန်သူမှာ အနီးကပ်ဆုံး အတွင်းရန်သူ ဖြစ်နေသည်ဟု သိရသည့်နေ့၊ အန္တရာယ်မှာ လက်တစ်ကမ်းတွင်ပင် ရှိနေသည်ဟု သိရသောနေ့မှာပင် အစ်မအပေါ် အထင်လွဲခဲ့သမျှ ပြေပျောက် နားလည်ခဲ့ ရတော့သည်။
အဘယ်ကြောင့်ဆို အစ်မကဲ့သို့ပင် ဆယ်တန်းနှစ်သို့ ရောက်လာသောအခါ မီးမီးမှာ အပျိုသွေးကြွယ်လာပြီ မဟုတ်လား။ ဆန့်ကျင်ဘက် လူသားများအား ရင်ခုန် လှုပ်ရှားစေမည့် ခန္ဓာကိုယ် အလှကို ပိုင်ဆိုင်လာရပြီ မဟုတ်လား။ ခန်းဆီးလိုက်ကာ ကြားမှ၊ မျက်မှန်အောက်မှ၊ ထရံအကွယ်မှ စူးစူးရဲရဲ ကြည့်တတ်လာသော ပထွေး၏ အကြည့်ရိုင်းများအား မှင်တက်တွေဝေစွာ သတိထားလာပြီ မဟုတ်လား။
ဒါပေမဲ့ သတိကြီးစွာ နိုးကြားနေရင်းကပဲ အမေမရှိတဲ့ ဒီနေ့ညနေမှာတော့ အဲဒီ အကြည့်ရိုင်းတွေရဲ့ အဖြေက ကွင်းကွင်းကွက်ကွက် ပေါ်လာတော့တာပဲ မဟုတ်လား။
ညနေက ထိုအချိန်မှာ ရေချိုးပြီးခါစ ရင်ရှားထဘီကို မျက်နှာသုတ်ပဝါဖြင့် ဖုံးအုပ်ကာ သူမ သနပ်ခါး လိမ်းနေချိန် ဖြစ်၏။
ရမ္မက်ခိုးဝေသော မျက်လုံးတောက်တောက်များ၊ အာသာငမ်းငမ်း ရိုင်းစိုင်း ကြမ်းတမ်းနေသော ခြေလက်များ၊ ဘီလူးသရဲစီးသလို သွေးကြွနေသော အင်္ဂါအစိတ်အပိုင်းများ၊ အဆီပြန်ကာ ရွံရှာစက်ဆုပ်ဖွယ် ကောင်းသော ပြီတီတီ မျက်နှာထားနှင့် ကြမ်းရှသန်မာသော လက်ဖဝါးထဲသို့ မျက်နှာသုတ်ပဝါစတစ်ဖက် ပါသွားသောအခါ ဆတ်ခနဲ နိုးကြားသော အာရုံဖြင့် သူမ ထရပ်လိုက်၏။
"ယုတ်မာလေခြင်း"ဟု ဦးနှောက် အသိဉာဏ်ထဲသို့ အလင်းရောင်တန်းတစ်ခု ထွင်းဖောက်သွားသည်နှင့် မှန်တင်ခုံမှ ရှိသမျှ သနပ်ခါးတုံးများ၊ ဘီးများ၊ တိုလီမုတ်စများဖြင့် ပစ်ပေါက် ခုခံပစ်တော့သည်။
လွန်စွာမှ ဘုရားမကာ ကံကောင်းသွားသော အချက်တစ်ခုမှာ သနပ်ခါးတုံး တစ်တုံးက သူ့ခေါင်းတည့်တည့်ကို ထိသွားခြင်းပင် ဖြစ်၏။
မူးဝေသွားကာ နားထင်ကို လက်ဖြင့်ထောက်၍ ယိုင်ထိုးနေစဉ်မှာပဲ အခန်း အပြင်ဘက်သို့ ပြေးထွက်ခြင်းအားဖြင့် ရေတိမ်နစ်ခြင်းမှ သီသီလေး လွတ်မြောက်ခဲ့ရသည်။
အိမ်ရှေ့ ဧည့်ခန်းထောင့်တွင် တသိမ့်သိမ့် ရှိုက်နေမိစဉ်မှာပဲ ယုတ်ညံ့သူတို့၏ အရှက်မရှိသည့် ဉာဉ်အတိုင်း သူက ဒယီးဒယိုင်ဖြင့် အိမ်ပေါ်မှ ဆင်းသွား၏။
ချက်ချင်းပင် တွေ့ရာကောက်ဝတ်၍ တွေ့ရာအဝတ်အစားကို ကောက်ထည့်ကာ သူမ အိမ်မှထွက်လာခဲ့ခြင်း ဖြစ်လေသည်။
အောက်တန်းကျစွာ ပက်စက်လွန်းသူ၏ ကျက်သရေမရှိသည့် မျက်နှာနှင့် တစ်စက္ကန့်မျှပင် ရင်မဆိုင်ချင်တော့ပါ။
တွေးခေါ်ဆင်ခြင်မှု အင်အားများ ချို့တဲ့သွားရလောက်အောင်ပင် ယောက်ျား တစ်ယောက်၏ လက်ညှိုးညွှန်ရာ ရေဖြစ်ချင်နေသော မိခင်ကိုလည်း ဘာတစ်ခုမှ စိတ်မဆင်းရဲစေလိုတော့။ တကယ်တော့ လူဆိုတာ ကိုယ့်လမ်း ကိုယ်ထွင်ကြရသူ တွေပါ။ မီးမီးဟာ ဆယ့်ခြောက်နှစ်ကို ခုမှ စွန်းရုံသာ ရှိသေးပေမယ့် ဒီနေ့ကစပြီး မမတို့အိမ်မှာ ခေတ္တကွန်းခိုပြီး ကိုယ့်လမ်းကိုယ် စဖောက်တော့မယ် ဆိုတာကို တဖြည်းဖြည်းတော့ အမေ သိလာမှာပါ။
တစ်သက်လုံး ကျွေးမွေးသုတ်သင် လာခဲ့သော အမေ့ကျေးဇူးအား ဒီနည်းနှင့် ဆပ်တာကို အမေ ဘယ်လိုထင်ထင် သူမ အယူခံ မဝင်ချင်တော့ပါ။
မမတုန်းကလိုပဲ "မိုက်တယ်" လို့ ဒေါသထွက်ဦးပေါ့ အမေရယ်။ နောက်ပြီး အမေ အထင်ကြီးစွာ ကိုးစားပုံအပ်ခဲ့တဲ့ ယောက်ျား တစ်ယောက်ကို လိပ်ပြာသန့်သန့်နဲ့ ဘုရားတစ်ဆူ ဂူတစ်လုံးလို ဆက်ပြီး ကိုးကွယ်ဦးပေါ့။ အမေ့သာယာမှုကို မညှိုးမှိန်စေလိုတဲ့ စေတနာနဲ့ အိမ်ပြေးမလေးလို့ အမည်တပ်ခံရမှာကို ကံတရားလို့ပဲ မီးမီး သဘောထား ...
"ကလေးမလေး ခဏ ဆင်းဦးကွ။ စက်ဘီး နင်းလို့ မရတော့ဘူး"
ဆတ်ခနဲ တုန်ယင်သည် အထိပင် လန့်သွားလေသည်။
ဗုဒ္ဓေါ၊ အတော်ပင် ခရီးပေါက်ခဲ့ပါပကော။ မမ ပြောဖူးသည့် ဗီဒီယိုရုံတွေ ကိုတောင် ကျော်လွန်လာပြီဖြစ်၏။
သူမ အသာခုန်ဆင်း လိုက်သောအခါ ဦးလေးကြီးက လမ်းကြားတစ်ခုသို့ စက်ဘီးကို ချိုးဝင်လိုက်၏။
လူ အတော် ကျဲပါး ပြတ်တောက်သောလမ်း ဖြစ်သည်မို့ သူမတစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထလာ၏။
စက်ဘီး တွန်းသွားသော ဦးလေးကြီး၏ နောက်မှ ခပ်လုံလုံ ခြေလှမ်းများဖြင့် တိတ်ဆိတ်စွာ မဝံ့မရဲ လှမ်းလိုက်ရင်း ရင်ထဲ၌ ကြောင့်ကြ စိုးရိမ်မှုများဖြင့် ပြန်လည် ပြည့်နှက်စ ပြုလာပြန်ပြီ။
"ကဲ ... တက်"
ခပ်ပြေပြေ တောလမ်းလေး တစ်ခုသို့ ရောက်လာပြန်သည်။ ထိုလမ်းမှာ သဲမြေ အနည်းငယ် ထူထပ်၏။
နံဘေးမှ ယှက်သိုင်းအုပ်မိုးနေသော ဝါးရုံပင်များကို မြင်ရသော အခါတွင်တော့ သူမတစ်ကိုယ်လုံး အေးစက်တောင့်တင်းကာ ရင်ထဲမှာတော့ ဆို့ကျပ်မွန်းပိတ်လျက် ငိုချင်လာတော့သည်။ ဟုတ်ပါတယ်၊ ငါတော့ မှားပြီထင်ပါရဲ့။
ခုနေ အဲဒီ ဝါးရုံတွေထဲကို စက်ဘီးကို ဆတ်ခနဲ ချိုးကွေ့ချပြီး ငါ့ပါးစပ်ကို လက်ဝါးကြမ်းကြီးတွေနဲ့ အုပ်ပိတ်လိုက်ရင် ...။
အဲဒါဆိုရင် ငါ ဘာတတ်နိုင်မှာလဲ။
ရွှေတွေငွေတွေ ယူသွားရုံဆို တော်သေးရဲ့။
တော်ကြာ ... ဘုရား ကယ်တော်မူပါ။
ဇောချွေးများ ပြန်လာသည်အထိပင် ချောက်ချားတုန်လှုပ် လာသောအခါ သူမက ထိုလူကြီးအား အလောတကြီး မေးလိုက်မိ၏။
တုန်ခတ်ကာ အဖျားခတ် တိမ်ဝင်သွားသော လေသံအား သူမ ဘယ်လိုမှ မထိန်းသိမ်းနိုင်ပါ။
"မရောက်သေးဘူးလားဟင်"
"ရောက်တော့မှာပါ။ သိပ်မလိုတော့ပါဘူး"
မမရာ နင်ကလည်း ဘယ်လိုခေါင်သီတဲ့ နေရာမျိုးတွေမှာများ လျှောက်နေ နေရတာပါလိမ့် တစ်ခါတည်း၊ ရောက်ခဲလှချည့်။ ဝါးပင်အုပ်အုပ်များ၊ မလှမ်းမကမ်း၌ မြင်ရသော မီးရောင် လက်လက်များအား မျက်လုံးများ လည်နေသည် အထိပင် ပြူးကျယ် စွာ လိုက်ကြည့်ရင်း ...။
စက်ဘီးနင်းသံ တကျွီကျွီနှင့်အပြိုင် စိတ်လှုပ်ရှားလွန်းစွာ ရင်ခုန်သံများ တဒိန်းဒိန်း ဆူညံနေတော့၏။
ဘာပဲဖြစ်ဖြစ်လေ၊ ခန္ဓာကိုယ်ကိုတော့ ဘာကိုမဆို ကာကွယ်ရင်ဆိုင်နိုင်အောင် ခပ်တောင့်တောင့် ထားမှ။ နား၊ မျက်စိတွေကိုလည်း ရှင်ရှင်ထားမှ။ ဒါမှ မလိုလားအပ်တဲ့ လှုပ်ရှားမှု တစ်ခုခုကို တွေ့လာရင် ...။
"ကဲ ... ဆင်း ကလေးမ။ ဒီကုန်းတက် ကျော်ရင် ဘုရားပဲ"
ဟင်၊ အဲဒါ တကယ်ပဲလား။
ပေါ့ပါးစွာ ခုန်ဆင်းရင်း ပျော်ရွှင်စွာ အံ့ဩသွား၏။
သဲများ ထူထပ်နေသော ကုန်းတက်ကို ခပ်မြန်မြန် တက်လိုက်သည်။
"အဲဒါ မြတောင်ညိုဘုရား ပဲလေ"
ဝါးပင်များ ခြံရံထားသော ဘုရားဝင်းကို ဦးလေးကြီးက လက်ညှိုး ညွှန်ပြသည်။
ဟုတ်ပါရဲ့၊ ဘုရားတော့ ရောက်ပြီ။
ဒါဖြင့် မမတို့အိမ်ကကော ဘယ်နားမှာလဲ။ စက်ဘီးခြင်းထဲမှ ကြွပ်ကြွပ်အိတ်အား သူမ ထုတ်ယူလိုက်သော အခါ ဦးလေးကြီးက အံ့ဩသလို တစ်ချက် မော့ကြည့်လိုက်၏။
"နေဦးလေ၊ မင်းတို့ အစ်မအိမ်ကို တွေ့သေးလို့လား"
"မဟုတ်ဘူး၊ မတွေ့သေးပါဘူး။ သူပြောတာကတော့ ဘုရားရှေ့က လမ်းတဲ့"
"ဒါဆို ဒီလမ်းပေါ့။ ဝင်ရှာကြည့်ပါလား"
"ဟုတ်ကဲ့၊ ရှာကြည့်ရမှာပဲပေါ့"
လမ်းထဲသို့ သူမ အမြန်လှည့်ဝင်လိုက်သည်။
အမှန်တော့ လူသူအဆက်မပြတ်သည့် နေရာတစ်ခုခုသို့ သူမ အမြန်ရောက်ချင်နေသည်။
မီးရောင်ထိန်ထိန် အောက်သို့ အမြန်ရောက်ချင် နေသည်။
သစ်ပင်ရိပ်များဖြင့် အမှောင်ရိပ်ကွယ်နေသည့် နေရာမှာ သူမနှင့် ဦးလေးကြီး နှစ်ယောက်တည်း ရှိနေသော အခြေအနေမှ အမြန်ဆုံး လွတ်မြောက်ချင်နေသည်။
ဦးလေးကြီးကတော့ သူမ၏ သဘောထားကို မရိပ်မိဘူးလား မသိ။
စက်ဘီးကို တွန်းလာရင်းနှင့်ပင် အိမ်များကို ရေတွက်လာ၏။
သူမမှာ ယုံရခက်၊ မယုံရခက်။ စိတ်ထင့်ထင့်၊ ကျောချမ်းချမ်းနှင့်ပင် လှမ်းလျှောက် ရှာဖွေလာမိ၏။
ဘယ်အိမ်များ ဖြစ်နိုင်မလဲ၊ လမ်းများ မှားနေမလား။
"မီးမီး"
"အမလေး"
ဤမျှ တုန်လှုပ်ချောက်ချားနေသည့် အခိုက်အတန့်အတွင်း သူမ၏ လွယ်အိတ်ကြိုးစအား တစ်စုံတစ်ယောက်၏ လှမ်းဆွဲခြင်းကို ခံလိုက်ရသောအခါ ဝိညာဉ် လွင့်မတတ် လန့်ဖျပ်သွားပြီး ယောင်ယမ်း၍ အကျယ်ကြီး အော်လိုက်မိလေသည်။
"မီးမီး ငါပါဟ။ နင် ငါ့ဆီ လာတာလားဟင် ..."
"ဟာ ... မမ ... မမ ..."
လှည့်ကြည့်လိုက်သော ပြူးကျယ်ဝိုင်းစက်သော မျက်ဝန်းများတွင် မြင်လိုက်ရသူမှာ သူမ၏ အစ်မကိုယ်တိုင်ပင် ဖြစ်၏။
သူမမှာ တင်းထားသမျှ ရုတ်ခြည်း ပျော့ကျသွားပြီး ပဋိပက္ခ အားပြိုင်မှု၏ လျင်မြန်သော အကျိုးသက်ရောက်မှုကြောင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာလေတော့သည်။
တုန်ယင်ကာ ယိုင်ထိုးနေသော ခန္ဓာကိုယ်ကို မမက ပခုံးမှ ဆွဲဖက်လိုက်သောအခါ မမရင်ခွင်ထဲ ဝင်၍ ရှိုက်ငိုလိုက်မိ၏။
"မီးမီး ဒီအချိန်ကြီးမှ နင် ဘာလာလုပ်၊ ဟင် ... နင် ဘာလို့ ငိုရတာလဲ ပြောစမ်း။ နင် ဘာတွေဖြစ်လာခဲ့လဲ မီးမီး"
သူမအား မေးစေ့မှ ကိုင်လှုပ်၍ မျက်လုံးပြူး မျက်ဆန်ပြူး အထိတ်တလန့် မေးနေသော အစ်မဖြစ်သူအား ခေါင်းသာ ယမ်းပြနိုင်၏။
ဆို့ကျပ်စွာ ခက်ခက်ခဲခဲ တင်းဆည်ထားရသမျှ ချက်ချင်း ဖြေချလိုက်ရသော အခါ သူမမှာ မောဟိုက်၍ နူးညံ့ပျော့ခွေ နေလေတော့သည်။
"ပြောစမ်းပါ မီးမီးရဲ့။ နင်လာတာ ကောင်းသော လာခြင်းမှ ဟုတ်ရဲ့လား။ ဟင် ... သင်းက ငါ့ညီမကို ဘာလုပ် ..."
"မဟုတ်ဘူး၊ မဟုတ်ပါဘူး"
"ဘုရား ... ဘုရား၊ ကံကြီးပေလို့ပါလား မီးမီးရယ်။ ငါ လမ်းထိပ်ကို ကိစ္စတစ်ခုနဲ့ ထွက်လာမိလို့ပေါ့။ နင်က တစ်ယောက်တည်း ဘာလာ လုပ်ရတာလဲဟ ဒီအချိန်ကြီး"
"ဟင့်အင်း ... ဟင့်အင်း"
"မီးမီး နင် ဘာမှကွယ်ဝှက်နေစရာ မလိုဘူးနော်။ ရှက်ကြောက်စရာလည်း မလိုဘူး။ အမှန်အတိုင်း ငါသိချင်တယ်။ ငါက ငါကိုယ်တိုင် ဖြစ်တုန်းကသာ ပျော့ပျော့လေးနဲ့ လျှိုပြီး ရှောင်ထွက်လာတာ။ ငါ့ညီမကို ထိလို့ကတော့လား သင်းကို ငါကိုယ်တိုင် ..."
"နေစမ်းပါ၊ အဲဒါ အသာထားစမ်းပါ။ ငါ ဘာမှမဖြစ်သေးပါဘူး။ ငါ့ကို လိုက်ပို့တဲ့ ဟိုဦးလေးကြီး ..."
မေ့လျော့သွားမိသော တစ်စုံတစ်ရာအား ရုတ်တရက် သတိရစိတ်ဖြင့် သူမ ဆတ်ခနဲ ခေါင်းထောင်ထကာ မျှော်ကြည့်လိုက်၏။
စက်ဘီး နင်းသွားသော ကျောပြင်တစ်ခုအား ခပ်ဝေးဝေးမှာ ခပ်ရေးရေးသာ မြင်လိုက်ရတော့သောအခါ သူမရင်ထဲမှာ နောင်တတစ်ခုဖြင့် လှိုက်ခနဲ လစ်ဟာသွား လေသည်။
ကျေးဇူးတင်ပါတယ် ဟူသည့် စကားတစ်ခွန်းအား နှစ်ကာသော အပြုံးများ၏ နှုတ်ခမ်းဖြင့် တစ်စုံတစ်ယောက်ကို ပေးဆပ်ဖို့ သူမထံမှာ ကျန်ရှိနေခဲ့သည်။
-----------
လူပန့်ငယ်
ရွှေအမြုတေ၊ ဧပြီ၊ ၁၉၉၁။

No comments:

Post a Comment