Thursday, 26 May 2016

အပျိုကြီးပဲ ဒါပေမယ့် ဆရာဝန် (ဝင်းဝင်းလတ်)

အပျိုကြီးပဲ ဒါပေမယ့် ဆရာဝန် (ဝင်းဝင်းလတ်)
-----------------------------------------------
သည်လူနာ အမျိုးသမီး ကိုတော့ မြင်မြင်ချင်းပဲ ဒေါက်တာ သဘောကျမိ၏။ အမျိုးသမီးက ကြည်လင် သန့်စင်စွာ ချောမောသည်။ ပြီးတော့ ပြေပြစ်စွာ ခြယ်သထားသည်လေ။ မျက်ခုံးထူထူကို ခဲအနက် ရေးရေး ထပ် တင်ထားတာ၊ မျက်ခွံမှာ ညိုလဲ့လဲ့ ရှိတာ၊ နှုတ်ခမ်းက လိမ္မော်နု ဝတ်ဆင်ထားတဲ့ ပါတိတ်ဆင်လေးနှင့် အရောင်တူ၊ ဒေါက်တာက ကိုယ်ပိုင် မခြယ်သပေမယ့် ခြယ်သထားလို့ ပြေပြစ်နေသော အလှပတိုင်းကို နှစ်လိုမိတတ်မြဲ။ T-V မှာ မြင်ရတတ်သော မာဂရက် သက်ချာနှင့် ကာရီတို့ရဲ့ သမိုင်းဝင် စကားများကို မှတ်သားရင်း သူမတို့ရဲ့မျက်ခွံထိပ်က ပြာလဲ့လဲ့ အရောင် ပြေပြေလေးများကို သဘောတကျ ရှိလိုက်မိမြဲ၊ အမျိုးသမီး ဆိုတာ အခြယ်အသလေးနှင့် အမျိုးသမီး ဆန်ဆန်လေးတော့ ရှိသင့်တယ်လေ။ ဒေါက်တာက ခံယူသည်။
ဒေါက်တာလည်း အမျိုးသမီး တစ်ယောက်ပဲ။ ခြယ်သ ဆင်ပြင် ကြည့်ခဲ့ဖူးတာပေါ့။ ကိုယ့်ရုပ်သွင်က ခြယ်သရင် ပိုလှပ မလာပဲ ပင်ကိုယ်ရုပ်ပင် ခြယ်သလို့ ရှိလာရသပေယာင် အနုတ်လက္ခဏာ ပြလာသည်မို့ နှုတ်ခမ်းလေး ပန်းရောင်ပျော့ပျော့ တင်သည်က လွဲလို့ မပို ဖြစ်ခဲ့တော့ခြင်းပါပဲ။
ဒေါက်တာရှေ့က အမျိုးသမီးကတော့ ပင်ကိုယ် မျက်နှာ ချောချောလေးကို သဘာဝဆန်စွာ ခြယ်သ ထားသည်နှင့် အမျှ ပိုလို့ ချောမွေ့ ပြေပြစ်နေခဲ့သည်။ အသက်အရွယ်ကတော့ ဒေါက်တာ အသက်အရွယ်မျှပင် ရှိပါလိမ့်မည်။ ဒေါက်တာနှင့်တော့ မတူ၊ ခြားနားနေခဲ့တာ အမှန်ပင်။ အမျိုးသမီးရဲ့ မျက်လုံး၊ နှုတ်ခမ်းများက သိုဝှက်စွာ ရှက်နေခဲ့သည်။ အတိုင်ပင်ခံ ဆရာဝန်က အမျိုးသမီးချင်းပင် ဖြစ် နေသည့်တိုင် သူမက သိမ်မွေ့စွာပင် ရှက်ယောင် နေသေးတော့။ ထို အမူအရာကပင် သူမနှင့် ဒေါက်တာ့ကို ခြားနား ကွဲပြားစေတာ ထင်သည်လေ။ အဆင့်မြင့် ရုံးဝန်ထမ်း ထိုအမျိုးသမီး လူနာကို ခေါ်လာခဲ့သူက သူငယ်ချင်း ဆိုင်မန်နေဂျာ ဖြစ်သည်။ သည် သူငယ်ချင်းမလည်း အိမ်ထောင်ကျ မစောလှ။ လွန်ခဲ့တဲ့ နှစ်နှစ်က အိမ်ထောင်ကျသည်။ အဲသည် နှစ်နှစ်အတွင်း ပြဿနာတွေ တစ်ခုပြီး တစ်ခု ဘယ်နှစ်ကြိမ်မှန်း မမှတ်မိအောင် သယ်ဆောင် လာရောက်ခဲ့ဖူးပြီ။
“သူ့ မင်္ဂလာဆောင်ကနေ ဆက်လာတဲ့ နောက်ဆက်တွဲ ကိစ္စတွေက ဘယ်တော့ ရပ်တန်းက ရပ်မှာလဲ”
ဒေါက်တာက ညည်းညူ ယူရသည်။
“ကိုယ့် မြေးကလေးကို မင်းပဲ မွေးပေးရဦးမှာလေ”
သူငယ်ချင်းက ပြန်လည် စ,နောက် ပေးတတ်မြဲ။
သူငယ်ချင်းသို့ မော်ကြည့်ရင်း ပခုံး အလိုလို တွန့်မိလျက်
“သူကတော့ လုပ်တော့မယ်၊ သူလာရင် ပြဿနာလေးတော့ ပါမှ။ ဒါမျိုးက ကြိုလုပ်ထားမှ ရတာကို”
ပြဿနာ စကားကြောင့် အမျိုးသမီး မျက်နှာ ပျက်မယောင် တွေ့လိုက်ရသည်မို့ -
“ယူ့ကို ပြဿနာလို့ ဆိုတာ မဟုတ်ပါဘူးနော်။ ဒီမိန်းမက ဒီလိုပဲ သူလုပ်ချင်တာ ဖြစ်ချင်တာပဲ သိတတ်တာ။ တို့များကို ဖန်တီးရှင်များ အောက်မေ့ နေသလား မသိဘူး”
အပျိုကြီး မမလေးတွေ နားက စိစစ်လွန်းတတ်တာ ဒေါက်တာ သိ၍ အလျှင်အမြန် ဖြေရှင်းဖြစ်ရ၏။ အမျိုးသမီးက လက်ထပ်တော့ဖို့ ရက်ရွေး ပြီးနေပြီ။ ပြီးတော့ ရက်ကလည်း တကယ့် ရက်မှာမှ။
“အိမ်ထောင်ပြုမယ်၊ ကလေး မရချင်သေးဘူး ဆိုရင် ကြိုတင်ပြင်ဆင်ထားဖို့က အနည်းဆုံး နောက်ဆုံး ဓမ္မတာ လာတဲ့ အချိန်က စရမှာပါ၊ လစဉ် ဓမ္မတာရက်နဲ့ လိုက်ပြီး သန္ဓေတားဆေး ညွှန်ရတာ ဆိုတော့ အနီးကပ်ပြီးမှ လုပ်ချင်လို့ မဖြစ်ဘူးလေ”
“လက်ထပ်မှာက သုံးရက် လိုပါသေးတယ်”
အမျိုးသမီးကား ရှက်ပြုံးဖြင့် တိုးတိုး ဝင်ပြောသည်။
ရိုးလွန်းသော အပျိုကြီးလေးကို ဒေါက်တာတော့ မချင့်မရဲ ဖြစ်ရတော့ မလိုဘဲ။ အချို့သူတွေ အလွန် ကျွမ်းဝင်နေပြီး ဖြစ်တဲ့ ဘာသာရပ်ကို သူမခမျာ ဘာမျှ နားဝယ် မလည်ရှာပါကလား။ သူမကို ရှင်းလင်းစွာ နားလည်စေချင် ဇောနှင့် ဒေါက်တာ့ အသံ ကျယ်လောင်စွာ -
“၃-ရက်လောက်နဲ့ ဘယ်ရမှာလဲ။ တကယ် စိတ်ချချင်ရင် တစ်လကြိုပြီး ဆေးထိုး ဆေးသောက် တားထားမှ၊ မျိုးဥ မထွက်လာမှ သေချာမယ့် ကိစ္စ”
သူငယ်ချင်းက ဇွတ်တရွတ်၊ အနိုင်အထက် ဝင်ပြော လိုက်ခဲ့သေးသည်။
“လက်မထပ်ခင် ဆရာဝန်နဲ့ ကြိုတိုင်ပင် ဆိုလို့ တို့များ အခု လာ တိုင်ပင်တာနော်၊ မဖြစ်လာဖို့က သူငယ်ချင်း အပိုင်းပဲ”
အမျိုးသမီးကမူ စကား မဆိုတော့၊ ရှက်ရွံ့ ပြုံးရယ်၍သာ နေပေတော့၏။
“သူ့ရုံးက လေ့ လာရေး အတွက် သူ့ကို ရွေးထားပြီကွ၊
ကလေး ရလာလို့ကတော့ မဖြစ်ဘူး၊ အဲဒါပဲ သူက စိတ်ညစ်နေတာ”
ဒေါက်တာလည်း စိတ်ညစ်နေတာပါပဲ။ သူငယ်ချင်း၊ မိတ်ဆွေတွေ၊ လူနာတွေက ကျန်းမာရေး အကြောင်းပြုလို့ လာတိုင်ပင်ကြ၊ ကလေးဆိုးကြီးတွေလို လိုချင်တာတွေ ပူဆာကြ၊ အာမခံ ခိုင်းကြ၊ အစကပင် ရှုပ်ထွေးပြီးသား၊ အိမ်ထောင်သားမွေး ကိစ္စတွေပ် ပါလာပြီဆိုတော့ ပိုစိတ်ညစ်ရပါ၏။ သည်လိုပဲ၊ ကလေး မရချင်သေးတဲ့ အိမ်ထောင်ဦးတွေ များစွာ တွေ့ဖူးခဲ့တာပေါ့၊ နည်းအမျိုးမျိုး သုံးပြီး တားဆီး ပေးခိုင်းကြ။ ကလေးယူဖို့ အချိန်ကြပြီ ယူဆပြန်တော့ ဧည့်သည်လေး ချက်ခြင်း ရောက်လာအောင် ပူဆာပြန်ကြ၊ ဧည့်သည်တော်လေး တော်တော်နှင့် ရောက်မလာသေးပြန်ရင်၊ စိတ်တွေ ပူပန်ကြရ၊ ရောက်လာအောင် ပြင်ဆင် ပေးခိုင်းပြန်ကြ၊ ကလေးရဖို့ မပြည့်စုံရှာဘဲ၊ ပင်ကို ချို့ယွင်းချက် ရှိလာရှာတဲ့ ဧနီးမောင်နှံတွေကျမှ ကုသရ ပိုလို့ ခက်ခဲကာ ကလေးမရအောင် တားဆီးမိလို့ မရတော့တာ ဟူသော စိတ်စွဲရောပါ ကျန်ခဲ့တာ ကုသဖို့ ခက်ခဲတော့သည်လေ။ သန္ဓေတည်ပြီးကာမှ ဆေးထိုးပြီး လုပ်ပစ်လိုတ်ပါဟု မဆင်မခြင် လာ တောင်းဆို တတ်သူတွေလည်း ရှိ၊ အိမ်ထောင်သားမွေး၊ ရှုပ်ထွေး ကိစ္စကြီးက၊ ဒေါက်တာတို့ကိုချည်း လာပတ် ချည်နေသေးတော့ ဒေါက်တာလည်း စိတ်ညစ် နေရတာပင်။
“သူငယ်ချင်းက နားလည်တဲ့ သူပဲကွာ၊ နည်းလမ်းတော့ ရှာပေးပါဦး၊ ဒီဟာကြီးတော့ ခေါင်း မရှောင်လိုက်ပါနဲ့”
သူငယ်ချင်းက ရယ်ရွှန်းပတ်ရွှန်း ဆိုနေဆဲမို့၊ ခေါင်း ရှောင်တာ မဟုတ်ဘဲ၊ နည်းလမ်း ရှာကြံနေတာသာ ဖြစ်သော ဒေါက်တာ အနည်းငယ် စိတ်တိုချင်လာရကား
“အဲ ဒါဆိုရင်တော့ စိတ်အချရဆုံး နည်းက သတို့သမီးကို သော့တစ်လုံး ပေးထားလိုက်ရုံ ရှိတော့တာပဲ။ အထဲမှာ သော့ခတ်ပြီး စိတ်ချရတဲ့ရက် ရောက်အောင်နေ ဒါမှ သတို့သမီးကို မယုံကြည်ရရင်တော့ သော့ကို အပြင်ကခတ်ပြီး သော့တွဲကိုတော့ ကိုယ့်ဆီမှာပဲ သိမ်းထား ပေးရမလိုတောင် ဖြစ်နေပြီ”
စိတ်တိုတိုဖြင့် ရယ်မောပစ်မိ၏။
“ဒီမှာ ယူ့ အမျိုးသားကိုလဲ ညှိနှိုင်းဦးလေ၊ သူ့ဘက်က မသုံးတတ်ဘူးတွေ ဘာတွေ လုပ်မနေစေနဲ့”
(ဒီလို ပြောပြနေရင်း ဒေါက်တာ့စိတ်ထဲ ဒီလူကြီးမင်းက ဒါမျိုးပဲ အတွေ့အကြုံ မရှိခဲ့ဖူးသလို၊ သူကိုယ်သူ ဖိုးကင်းရှင်းကြီး လုပ်လို့ဟု မမြင်ဖူးသော သတို့သားလောင်းကို လှမ်း၍ စိတ် ငြိုငြင်လိုက် မိသေး၏။)
“သူ့ဘက်ကပဲ သုံးထားဦးလို့၊ အခုဟာက မ မျိုးဥ ထွက်တဲ့အချိန်ကို ကွက်တိကျနေတော့ ယူ့ဖက်က သုံးတာတွေက၊ စိတ်ချရမှာ မဟုတ်ဘူး၊ သူ့ဘက်ကပဲ သုံးထားပါစေဦး ယူ့ ဦးနီကြီး တစ်လ တစ်ခါ ရုံးဆင်းလာတဲ့ အချိန်ကျမှ ယူ့ဘက်က လုပ်လို့ရမယ်လို့ ပြော၊ ဒါမှ မဟုတ်ရင်လဲ အတူတူနေပြီး အရေးကြီးတဲ့ ရက်တွေမှာ ဘာမှ မဖြစ်ကြစေနဲ့ပေါ့။ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာလဲ ဘာမှမှ မဖြစ်ကြတာပဲ။ တွေ့ဖူးတာလေ။ ညှိနှိုင်းလို့ မရတဲ့အဆုံးတော့ သော့မာသဒ်က အကောင်းဆုံးပဲနော့”
သူငယ်ချင်းက တသောသော ရယ်မော၊ သတို့သမီးက ပါးပြင်မှာ ရှက်သွေးလွှမ်းပစွာ ပြုံးရယ် ထ,ပြန်သွားတော့ ဒေါက်တာမှာ ပခုံးတစ်ချက် တွန့်မိရပြန်၏။
ဒေါက်တာက ငယ်ရွယ်သူ ကျောင်းဆင်းစ ဒေါက်တာ သစ်လွင်လေး မဟုတ်တော့ပြီလေ။ အရွယ်လတ် အမျိုးသမီး ဆရာဝန် တစ်ဦးဆိုတော့ အချင်းချင်းရယ်လို့ သူတို့ တိုင်ပင် လာကြတာတွေက သည်လိုပင်၊ ပခုံး တွန့်ချင်စရာ တွေချည်း။ သူတို့ တိုင်ပင်စကားများ ကြားရလျှင် သမား ဣနြေ္ဒကြားက “ဟဲ့” တို့ “ဟိုက်” တို့က လွတ်ထွက်သွားချင် ပါသေးတော့။
* * *
တီးတိုး တိုင်ပင်ရအောင် ဆို၏။ သူငယ်ချင်းမ,နှင့် အဖော်ကို အခန်းထဲ ခေါ်သွင်းခဲ့ရတာ အချိန် လင့်သွားခဲ့ရ၏။
ဝဒ်ထဲ ထွက်လိုက်တော့ ၂၄-နာရီ တာဝန်ကျကလွဲလို့ ဆေးခန်းတွေ ပြေးကုန်ကြပြီမို့ လူသူ ရှင်းလင်းနေပြီ။ ဒေါက်တာလည်း သွက်သွက်လှုပ်ရှား ပေးဦးမှ။ ဆေးခန်းအသွား အန်တီပုပုတို့ အိမ်လည်း လှည့်ဝင် သွားရဦးမယ်လေ။ အလုပ်ကိစ္စနှင့် လာရင်း အန်တီပုပုတို့ အိမ်မှာ တည်းခိုနေတဲ့ ဆောက်လုပ်ရေးက အေအီး လူပျိုကြီးနှင့် သူမကို တွေ့ဆုံ ပေးချင်သတဲ့လေ။ သူ အိမ်လာပေမယ့် အလုပ်များလှသော ဒေါက်တာနှင့် တစ်ကြိမ်မျှ မဆုံရသေးတော့ ညနေဘက် အန်တီပုပုတို့ အိမ်မှာ အမြဲ ရှိနေပါသည် ဆိုတဲ့ သူ့ကို ဆေးခန်း အသွားမှာ ဝင်တွေ့ သွားလိုက်မည်လေ။ ဂျီတိုက်နေသော အန်တီပုပုရဲ့ ဆန္ဒလည်း ပြည့်၊ မတင်မကျ အလုပ်တစ်ခုလည်း ပြီးပြတ် သွားဖို့ပေါ့။ အလုပ်တစ်ခုဟု စဉ်းစားလိုက် မိတာကတော့ ချစ်ချင်းမေတ္တာကို မလေးစားလို့လည်း မဟုတ်၊ ဒေါက်တာ့ အပြစ်လည်း မဖြစ်နိုင်ဘဲ အရွယ်နှင့် အသိရဲ့ အပြစ်ကြောင့်ပင် ထင်သည်လေ။
ကျောင်းသူ ဘဝကတည်းက မောင်းလာခဲ့သော ဘောက်စ်ဝက်ဂွန်းလေး ထဲမှာ ဝင်ထိုင်ပြီး ကားစက်နှိုးဖို့ သော့ကို လက်အလှမ်းလိုက်တွင် ကား နောက်ကြည့်မှန်လေးထဲမှာ ထင်လာသော သူမ မျက်နှာရိပ်ကို ကြည့်မိသည်။ အကျင့်ပါစွာ ကြည့်လိုက်မိရာက သေသေချာ စိမ်းစိမ်းကြည့်ဖြစ်ရသည်။ ကျောလည်ဝဲ ဆံပင်ကို လည်ဂုတ် အထက်မှာ ဆံညှပ်ကြီးကြီး တစ်ခုဖြင့် တင်းတင်းညှပ်ထားသည့် ဆံပင်ပုံစံနှင့်လေ။ အမျိုးမျိုး အပြားပြားလည်း မထုံးဖွဲ့၊ မဆင်ပြင်တတ်၊ လွန်ခဲ့တဲ့ ၃-နှစ်ကလို ဆံပင်တိုလည်း ထားဖို့ မသင့်တော့ဘူး ထင်မိလာတော့၊ ဆံပင်ရှည် ထားကာ နောက်မှာ ဆံညှပ်တစ်ခုနှင့် သိမ်းညှပ်၊ သည်လို သိမ်းဆွဲယူ ညှပ်ထားသော ရှေ့ဆံပင်တွေ တင်းမလာအောင် နဖူးထိပ်မှာ ဆံပင်ဝဲဝဲ ညှပ်ထားသည်။ သည်ပုံစံနှင့်ပင် အဘွားကြီး ဖြစ်ကာ ပင်စင်ယူသည်ထိ နေရတော့မယ် ထင်ရဲ့။
မနက်က လိမ်းခြယ် သလာသည့် မက်စဖက်တာပင်စတစ် ပါးပါးခံ၊ ရှင်မတောင် သနပ်ခါး လူးခြယ်ကာ နှုတ်ခမ်း ပန်းရောင် ပျော့ပျော့လေးက ပြန်လည် ခြယ်သခြင်း မရှိခဲ့ရလို့ ပြယ့်တပြယ်။ နေ့လယ် အရေးပေါ် ခွဲစိပ်ခန်း ဝင်ရသေးတော့ မှုန်နံ့သာတွေ အားလုံး ခေါင်းစည်း၊ နှာခေါင်းစည်း အဝတ်ပိုင်း ဖြူဖြူတွေမှာ ကပ်ငြိ ပါသွားပြီမို့ ပါးပြင်နှစ်ဖက်က ပြောင်ပြောင် တင်းတင်း။ ကား နောက်ကြည့်မှန်ကို ကြည့်လို့ နဖူးထိပ် ဝဲဝဲ ဆံပင်များကို လက်တစ်ဖက်ဖြင့် သိမ်းဆည်း သပ်တင်လိုက်ရင်းက ဒေါက်တာ စိတ်ကူးလေး တစ်ခု ယှက်သန်း သွားမိသည်။
သူမကို ရိပ်သာ အလှူပွဲ တစ်ခုမှာ မြင်တွေ့ဖူးခဲ့သည် ဆိုသော ကိုဧည့်သည်နှင့် ဆုံတွေ့ချိန်မှာတော့ စောစောက အဆင့်မြင့်ရုံးဝန်ထမ်း အမျိုးသမီး၊ အပျိုကြီးမလေးလို ရှက်ရိပ်ယောင် သွေးတွေ သူမ ပါးပြင် နှစ်ဖက်မှာ ပန်းနုပြေးလို့ နေရပါလျှင် မကောင်းပေဘူးလား။
ထို အဆင်လေးက မေတ္တာသက်ဝင် အားကိုးဆင်လေးသာ ဆိုရင်ဖြင့် ပန်းရောင်သွေး မပြေးဖူးတော့တာ ကြာပြီ ဖြစ်သော ပါးပြင်တွေက ခပ်နွေးနွေးလေး ရှိန်းလာလိမ့်မယ် မျှော်လင့်ရတာပါပဲ။
----------
ဝင်းဝင်းလတ်
ဟန်သစ်၊ မေ၊ ၁၉၉၁။

ဆယ့် ‘ဆည်’ ဆည်း (သုမောင်)

ဆယ့် ‘ဆည်’ ဆည်း (သုမောင်)
----------------------------------
(၁)
ကျွန်တော်သည် ငယ်စဉ်က အလွန် ဆိုးပါသည်ဟု အမေက ပြန်ပြောပြသဖြင့် သိရှိ ရယ်မော သဘောကျခဲ့ရပါသည်။ လိုချင်တာ မရလျှင် ကလေး သဘာဝ ဆန္ဒပြတတ်ပါ သတဲ့။
ဥပမာ၊ ညကြီးသန်းခေါင် အိမ်ရှေ့ ဓာတ်မီးတိုင်တွင် အိမ်မြှောင်တကောင် တက်တာ ဆင်းတာကို မတက်မချင်း၊ မဆင်းမချင်း မိုးရွာကြီးထဲတွင် ထီးဆောင်းပြီး အဖေနှင့် အမေ တလှည့်စီ စောင့်ပြီးပြမှ ကျေနပ်ပြီး အိပ်ရာသို့ ဝင်သည်အထိ။ အိမ်မြှောင်သည် တက်ပါ ဆင်းပါဟု ခိုင်းစေ၍ မည်သို့ ရပါမည်နည်း။ ကျွန်တော် ဒါကို မသိခဲ့ပါ။
ထိုစဉ်က ကျွန်တော့် အသက် နှစ်နှစ်ခွဲခန့်ဟု ဆိုပါသည်။
(၂)
ဝတ်မှုန်သည် ပန်း၏ မျိုးစေ့၊ ပန်းသည် ဝတ်မှုန်၏ ဘဝ၊ ဤသို့ တွေးတတ်နေသည့် နွေကာလ ပန်းပိတောက် ပွင့်ချိန်တွင် ယောက်ျားတန်မဲ့ ပိတောက်ပင်ကို ရေဖျန်းယင်း ကျွန်တော် ကြည်နူးစွာ မျှော်တတ်နေပါပြီ။
ဆောင်းကာလ မြူနှင်းကို မျှော်ယင်း နံနက်စောစော အိမ်ရှေ့မှာ ထွက်၍ မြူနှင်းကို ခြူရန် တံချူတံ ကိုင်၍ နေတတ်နေပါပြီ။
မိုးကာလ၊ တဖြောက်ဖြောက် မြည်၍ ကျသော ခေါင်မိုးပေါ်က စတီရီယို တေးသံကို အိပ်ရာထဲမှ ခွခေါင်းအုံးကို ဖက်လျက် နာခံတတ်ပါသည်။
ယခု ကျွန်တော် သုံးဆယ် ကျော်ပါပြီ။
(၃)
အဖေနှင့် အမေသည် ယခု ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး အရွယ် ရောက်နေကြပါပြီ။ တယောက် တမျိုး ဆိုးကြပါသည်။
အဖေသည် သူလိုချင်တာ ရှိလျှင် မရမက ဇွတ်အတင်း ရအောင် ပညာရှိဆန်ဆန် ရယူ တောင်းခံတတ်သည်။ ကျွန်တော်တို့ ခံတွင်းတွေ့သည် မတွေ့သည်၊ ကျွန်တော်တို့ လုပ်အပ်သည် မလုပ်အပ်သည်ကို မစဉ်းစားပဲ လိမ္မာပါးနပ်စွာ သူ လုပ်ချင်ရာ လိုချင်ရာကို ဇွတ်ဖန်တီး ယူပါသည်။
အမေသည် အောင်ကြီးကိတ်မုန့် စားချင်လျှင် လည်းကောင်း၊ ရဲစိန်၊ ညီဝင်းစိန် စသော ဇာတ်ပွဲများကို ကြည့်ချင်လျှင် လည်းကောင်း၊ ငွေကြေး ပြတ်နေလျှင် လည်းကောင်း ကျွန်တော့်အား လူရှေ့သူရှေ့ မရှောင် ပိုက်ဆံ ဇွတ်တောင်း တတ်ပါသည်။
ကျွန်တော် တတ်နိုင် မတတ်နိုင်၊ အပ်ရာ မအပ်ရာကို အမေ မစဉ်းစား၊ ဇွတ်။ အချိန်အခါကို မရွေး။
(၄)
ကျွန်တော်သည် ငယ်စဉ်က မသိ၍ ဆိုးပါသည်။ အဖေ အမေ တို့သည် လောကကြီး အကြောင်း သိပြီးမှ ဆိုးကြပါသည်။ ရိုးသားစွာ ဆိုးကြခြင်း အတူတူ လောကကြီး အကြောင်း သိပြီးမှ ဆိုးခြင်းသည် ပို၍ ရိုးသားကြောင်း ကျွန်တော် သဘောပေါက်လိုက် ရပါသည်။
တပတ်လည်တတ်ဖို့ အရေးကြီးပါကလား။
-----------
သုမောင်
၃၀-၁-၈၅
ကင်းတား မဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၈၅။

မျက်မှန် (ဝင်းဖေ)

မျက်မှန် (ဝင်းဖေ)
--------------------
"ဟော အတော်ပဲ။ မောင်ချူး လာ။ တို့ ဒီမှာ ဘယ်နှယောက်လဲ။ မောင်သန်းပါနဲ့ နေပါဦး။ အင်း အားလုံးခြောက်ယောက်။ ပေးလိုက် ပိုက်ဆံ။ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန် ဝယ်ခဲ့ပြီ"
ဝမ်းသာလိုက်တာ။ ကျုပ်မျက်စိ အဝေးမှုန် မှုန်နေတာကြာပြီ။ ဒီတုန်းက မိုးတွင်းမှာ မျက်မှန် ဝယ်မရလို့ မန္တလေးက ဝယ်ခဲ့ဖို့ ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ်ဘကြီးသိန်းဆီက မျက်မှန်ကို ယူပြီး တပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့။ အိမ်ပြင် ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အရင်က ဝါးဝါးနေတဲ့ အမြင်ဟာ တစ်ခါတည်းကို ကြည်လင်သွားတာပဲ။
"ဘကြီးသိန်း၊ ကျွန်တော် ပေးလိုက်တဲ့ ငွေတစ်ရာနဲ့ လောက်ရဲ့လား။ စိုက်ခဲ့ရသေးလား။ မျက်မှန်ကတော့ သိပ်ကောင်းတာပဲဗျာ။ ဘကြီးသိန်းကို ကျေးဇူးတင်လိုက်တာ"
"သိတယ်၊ သိတယ်။ မင်းပေးလိုက်တဲ့ ဒီဂရီနဲ့ မလွဲရအောင် ငါ သေသေချာချာ ဂရုစိုက်ပါတယ်ကွာ။ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါ သွားပြီး စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ။ ရှစ်ဆယ်ပဲ ကျပါတယ်။ အေး ကျန်တဲ့ ငွေနှစ်ဆယ်တော့ မေ့လိုက်တော့။ ငါ သုံးပစ် လိုက်ပြီ"
"ရပါတယ် ဘကြီးသိန်းရာ။ ဟေ့ မောင်သန်း၊ ရော့ ပိုက်ဆံ လက်ဖက်ရည် သွားဝယ်ကွာ"
ကျုပ် ဘကြီးသိန်းကို တကယ် ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့ ကျုပ် မျက်လုံးနဲ့က တကယ့်ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ တကယ့်ကို ခုမှ အားရပါးရ ပြန်ဖြစ်လာတယ်။ အဲဒီ အချိန်မှာ ဘကြီးသိန်းကတော့ တစ်ဖွဲ့လုံးကို ဒီမျက်မှန်ရအောင် သူ ဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့ ပြောခဲ့ဆိုခဲ့ရတဲ့ အကြောင်း အကြီးအကျယ် ရှင်းပြနေပါတယ်။ ကျုပ်လည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း၊ သိပ် ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း အလွန်လည်း အားနာရပါကြောင်း ပြောပြပါတယ်ဗျာ။
အဲဒါက ဘကြီးသိန်း ရောက်တဲ့နေ့က အဖြစ်။ နောက်နေ့ကျတော့ ဒေါ်လှမယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့ ပြန်ဆုံတယ်။ ကျုပ်ကလည်း သူဝယ်လာတဲ့ မျက်မှန်နဲ့ စတိုင်ကို ကျလို့ပေါ့။ အလှူလာတဲ့ ဧည့်သည်တွေကလည်း အတော်ကို စည်သဗျ။ ဘကြီးသိန်းက ကျုပ်ကိုလည်း မြင်ရော ဝမ်းသာအားရ လှမ်းခေါ်ပြီး ကျုပ် မျက်မှန်ကို ခဏ ချွတ်ခိုင်းပြီး သူ့ဘေးမှာ ဝိုင်းနေတဲ့သူတွေကို ပြတယ်။ အားလုံးကလည်း မျက်မှန်ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစား ဖြစ်ကြောင်း ပြောကြတယ်။ ဘကြီးသိန်းကလည်း ကျုပ်အတွက်မို့ သူ ဘယ်လို ကြိုးစားပမ်းစား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ဝယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်းတွေ အထပ်ထပ် ပြောရပြန်တာ ပေါ့ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူ လုပ်ခဲ့ကိုင်ခဲ့တာက သေသေသပ်သပ်နဲ့ ကွက်တိ စိတ်တိုင်းကျ ဖြစ်နေခဲ့တယ် မဟုတ်လား။ ဒါကို ဘကြီးသိန်းက ဂုဏ်ယူလို့ မဆုံးဘဲ ခင်ဗျ။
အဲဒီ ညနေက မန္တလေးက ဧည့်သည် နှစ်ယောက်နဲ့အတူ ဘကြီးသိန်း ကျုပ် အိမ်ရောက်လာတယ်။ ညနေစာ ကျုပ်ဆီမှာ စားမယ်တဲ့။ ဒါလေးများ အဆန်းလား။ ရတယ်။ သိပ်ရတာပေါ့။ ချက်ချင်းပဲ ကျုပ် ဆိုင်ဟင်း ဆိုင်ထမင်းတွေ မှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အချိန်ကိုက်ကလေးလို ရမ်တစ်ပုလင်းလောက် ရရင် သိပ်ကောင်းမယ်လို့ ဘကြီးသိန်းက ပြောတယ်။ ရတယ်။ ရပါတယ်။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ကျုပ် ချက်ချင်းပဲ ပြေးအဝယ်ခိုင်းလိုက်ပါတယ်။ အမြည်းတောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော်ဒါလည်း အပြည့်အစုံ။ ဒါပေမဲ့ သောက်ခါနီး စားခါနီးကျမှ ကျုပ် စိတ်ထဲမှာ တစ်ခုအောင့်သွားတယ်။
"ကဲ ကိုယ့်လူတို့ ချကြ။ ဘာမှ အားမနာနဲ့။ မောင်ချူး ဆိုတာက ကျုပ်နဲ့ သိပ်ရင်းပါတယ်။ ပြီးတော့ ဒီတစ်ခေါက် သူ့အတွက် ကျုပ်က မျက်မှန် တစ်လက် ဝယ်ခဲ့ရတာဗျ။ ဒီမျက်မှန် မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး။ တစ်နေ့တစ်နေ့ ကားတိုက် ခံရမလား၊ စက်ဘီးတိုက် ခံရမလားနဲ့ တထိတ်ထိတ် နေခဲ့ရတာ ။ ဟုတ်တယ် မဟုတ်လား မောင်ချူး"
ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ် သူ့ကို ထမင်းကျွေးတယ် ဆိုတာက ကျုပ်တို့ မိုးညှင်းသားတွေရဲ့ စေတနာစရိုက်ဗျ။ ဒီလိုပဲ ကျုပ်တို့ဆီက ဖော်ရွေကြပါတယ်။ သူလည်း အသိပါဗျာ။ ခုတော့ မျက်မှန်ဝယ်ပေးလို့ပဲ ကျွေးရသလိုလို၊ မှန်တာ ပြောရရင် ကျုပ်က နည်းနည်းတော့ အောင့်တယ်ဗျ။
အဲဒီ နောက်မှာ အရက်သောက်ရင်းနဲ့ ဒီမျက်မှန်ကို သူဘယ်လို ဘယ်လို ခက်ခက်ခဲခဲ ဝယ်ခဲ့ရကြောင်း ပြောပြန်ရောဗျား။ ဧည့်သည် နှစ်ယောက်ကလည်း မန္တလေးသားတွေပဲဗျ။ ဘကြီးသိန်းကို ထောက်ခံကြတယ်။ မန္တလေးမှာကို ခုတလော မျက်မှန်ရှားကြောင်း၊ ဝယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့ အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ်ကလည်း အိမ်သည် မဟုတ်လား။ ခေါင်းတညိတ်ညိတ်နဲ့ မပြုံးချင်ဘဲလည်း ပြုံးထားရ၊ ကျေးဇူးတင်ကြောင်းတွေလည်း ထပ်ပြောရနဲ့ စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ် ဒုက္ခကို ခင်ဗျားတို့ စဉ်းစားကြည့်ရင် သိပါတယ်။
နောက်နေ့ အဖြစ်ကတော့ ပိုဆိုးတယ်ဗျို့။ ကျုပ်က လက်စွပ်ကလေး တစ်ကွင်းရောင်းဖို့ ပွဲစားနဲ့ ထည့်လိုက်တာ။ ပေးတဲ့လူက ခုနစ်ထောင် ပေးတယ် တဲ့ဗျာ။ အဲဒါကို ဘကြီးသိန်းက သူ ကြိုက်တယ် ဆိုပြီး ခြောက်ထောင်နဲ့ ဖြတ်ယူ လိုက်သတဲ့။ ပွဲစားက ကျုပ်သဘောကို ပြန်မေးပါဦးမယ် ပြောတော့ ပြောနေစရာ မလိုပါဘူးတဲ့။ မောင်ချူးကို ပိုင်ပါတယ်တဲ့။ ဒီတစ်ခေါက် မောင်ချူးအတွက် မျက်မှန်ဝယ်ခဲ့လို့ မောင်ချူးက သူ့ကို ဘယ်လို ကျေးဇူး ဆပ်ရမှန်းတောင် မသိအောင် ဖြစ်နေတာတဲ့။ ကဲ ...။
ထားတော့။ ကျုပ်က အဲဒီ လက်စွပ်ကို လေးထောင်နဲ့ ဝယ်ထားတာပါ။ ခြောက်ထောင်ဆိုလည်း သူ ကြိုက်တယ်ဆိုရင် သူ့အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေး ရောက်အောင်တောင် မစောင့်ဘူး။ မိုးညှင်းမှာတင် ရှစ်ထောင်နဲ့ ပြန်ရောင်းလိုက် သတဲ့ဗျား။ ကဲ ကောင်းကြရော။
အဖိတ်နေ့ကတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘကြီးသိန်းနဲ့ ကျောက်ပွဲစား တစ်သိုက် ထိုင်နေကြတာ မြင်လို့ ကပျာကယာ ဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွားရင် သိတယ် မဟုတ်လား။ ဘယ်လွတ်လိမ့်မလဲ။ ဒီမျက်မှန် အကြောင်း ပြောဦးမယ်။ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦးမယ်။ သူ့ကို မပြောနဲ့။ ကျုပ်ကိုယ်ကျုပ်တောင် နားကြားပြင်း ကတ်တယ်ဗျာ။
ကျုပ် ရှောင်ပါတယ်။ ဘကြီးသိန်းနဲ့ မတွေ့အောင် အလွန် သတိထား ပါတယ်။ ကျောက်ပွဲစားပီပီ သူက တစ်မြို့လုံး လျှောက်သွားနေတာဗျ။ ကျုပ်လည်း မြို့ပတ် ပြေးနေရတာပဲ။
ဒါပေမဲ့ သတင်းတွေကို ကြားနေရတယ်ဗျာ။ ရောက်လေ ရာရာမှာ သူ ကျုပ်အတွက် မျက်မှန် ဝယ်လာလို့ ကျုပ်က သူ့ကို အလွန် ကျေးဇူး တင်နေတဲ့ အကြောင်း၊ ဘယ်လို ကျေးဇူး ဆပ်ရမလဲ စဉ်းစားနေတဲ့ အကြောင်း။ တကယ်တမ်း တွေးကြည့်မယ်ဆိုရင် ကျုပ်အသက်ကို ကယ်ထားတယ်လို့တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန် ဝယ်မလာရင် ကျုပ်ဟာ တစ်နေ့မဟုတ် တစ်နေ့ ကားတိုက်ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ပါပဲဗျာ။ ကျုပ် မျက်စိမှုန်တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ သိကြားမင်းလောက် ဖြစ်အောင် ပြောပြော နေတာကတော့ လွန်လာပြီဗျာ။
နောက် ခံပြင်းတဲ့ကိစ္စက ကျုပ် စောစောက ပြောခဲ့တယ် မဟုတ်လား။ သူ ပြောတဲ့ စကားလေ။ သူ့ကို ကျုပ်က ဘယ်လို ကျေးဇူး ဆပ်ရမလဲလို့ စဉ်းစားနေတယ် ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲဗျာ။ ဒီမျက်မှန် ဝယ်လာတဲ့ ကိစ္စကို ကျုပ်က စပယ်ရှယ် ကျေးဇူး ဆပ်ရဦးမတဲ့လား။ ကျုပ် သူပြောလို့ ကျွေးလည်း ကျွေးပြီးပါပြီ။ ဒီမျက်မှန် အတွက်နဲ့ သူ့ကိုပဲ ကျုပ်က တစ်သက်လုံး ကျေးဇူး ဆပ်နေရတော့ မလိုလို။ သူ အလကား ဝယ်ခဲ့တာလည်း မဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ်က လုံလုံလောက်လောက် ပေးလိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူ သုံးပစ်လိုက်သေးတယ် မဟုတ်လား။ ကျုပ် သူတစ်ပါးကို ကျေးဇူးတင်ရမှာ မနှမြောပါဘူး။ မတွန့်တိုပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာကတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက်မှန် အကြောင်း၊ ဒီနေရာလည်း ဒီမျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်း ပြော ပြောပြ သတဲ့ဗျာ။ နေရာတကာမှာ ကျုပ် ကြားကြားနေရတယ်။
ကုန်ကုန် ပြောမယ်။ ကျုပ် အိပ်မက် ထဲမှာတောင် အများရှေ့မှာ ကျုပ် မျက်မှန်ကို ချွတ်ခိုင်းပြီး သူ ဝယ်ခဲ့တဲ့ အကြောင်း ပြောတယ်ဗျာ။ ကျုပ် အိပ်မက်က လန့်နိုးတယ်။ ဇောချွေးတွေများတောင် ပြန်တယ်။
အဲ အဲဒီနေ့ကတော့ ဘူတာရုံက ပြန်လာတဲ့ ကျုပ်တူ သောင်းရွှေက ကျုပ်ကို တကူးတက ဝင်ပြောတယ်။
"လေးချူး ဒီနေ့ ရထားနဲ့ ဘကြီးသိန်း မိတ်ဆွေ ခြောက်ယောက် ပါလာတယ်။ တစ်လမ်းလုံး သောက်လာကြတယ်နဲ့ တူတယ်။ ဘူတာရုံမှာ ဘကြီးသိန်း လာကြိုတော့ ဆူညံနေတာပဲ။ အဲဒါ ဘကြီးသိန်းက ပြောနေတယ်။ တည်းခိုစရာ အခက်အခဲ ရှိနေရင် ပြောတဲ့။ သူ့အဖွဲ့ မောင်ချူး ဆိုတာ ရှိတယ်တဲ့။ အဲဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့။ သူလည်း အိမ်ပြောင်းပြီး လိုက်တည်းမယ် ဆိုပဲ။ ဟိုလူတွေက အင်တင်တင် လုပ်နေတာကို ဘကြီးသိန်းက အားနာစရာ မလိုဘူးတဲ့။ မောင်ချူးဆိုတာက သူ့ကျေးဇူး အများကြီးရှိတယ်" တဲ့။
"အေး ကိစ္စမရှိဘူး လာကြပါစေကွာ"
ကျုပ်အတွက် အန္တရာယ်ရှိလို့ လာပြောရှာတဲ့ သောင်းရွှေတောင် အတော် အံ့ဩသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ရထားဆိုက်ပြီးတော့ နှစ်နာရီလောက် ကြာတယ်။ ဘကြီးသိန်းတို့ ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ။ အရက်ဆိုင်မှာ ဝင်သောက် နေကြတာတဲ့။ ဘယ်လောက် ကြည်ညိုစရာ ကောင်းတဲ့ လူတွေလဲ။
ညနေ လေးနာရီလောက် ကျမှ ဘကြီးသိန်းနဲ့ ဧည့်သည် ခြောက်ယောက် ကျုပ် အိမ်ရှေ့ကို ရောက်လာကြတယ်။ အတော် မူးနေကြပြီ။ ကျုပ်ကတော့ အိမ်ရှေ့က ထွက်စောင့်နေတာပါ။ ကျုပ်နဲ့ ဘကြီးသိန်း မျက်နှာချင်းလည်း ဆိုင်မိရော ကျုပ် သူ ဝယ်လာတဲ့ မျက်မှန် တပ်ထားရာက ချွတ်ပြီး မြေကြီးပေါ် ချပြီး ဖနောင့်နဲ့ လေးချက်လောက် ပေါက်လိုက်တယ်။ ဘကြီးသိန်းတို့အဖွဲ့ ကြက်သေ သေနေကြတယ်။
"ကဲ ဘကြီးသိန်း တွေ့ပြီ မဟုတ်လား။ ခင်ဗျားကို မျက်မှန် ဝယ်ခိုင်းမိတဲ့ အတွက် ကျုပ် တောင်းပန်ပါတယ်။ နောက်လည်း ဘယ်တော့မှ ဘာမှ အဝယ် မခိုင်းဝံ့တော့ပါဘူး။ ကျုပ်အိမ်လည်း ဘယ်တော့မှ မလာပါနဲ့တော့ ဒါပါပဲ"
ကျုပ်စိတ်ကို ချုပ်ပြီး ဒါလောက်ပဲ ပြောပါတယ်။ စကားလည်းဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါးပိတ် ထားလိုက် ပါတယ်။
ဘကြီးသိန်းတို့ တစ်ယောက်တစ်ပေါက် ဘာတွေ ပြောကြမှန်း မသိဘူး။ ပြောကြပြီး ကျုပ် အိမ်ရှေ့က ထွက်သွားကြတယ်။
အဲဒါ ကျုပ်နဲ့ ဘကြီးသိန်းရဲ့ နောက်ဆုံး ဆက်ဆံရေးပါပဲ။ ဒါတောင် မန္တလေး ပြန်ရောက်တော့ ပြောနေသေးသတဲ့။
"ဗျာ မိုးညှင်းက မောင်ချူး ဆိုတဲ့လူ အတော်ဆိုးတယ်။ သူ့အတွက် စေတနာနဲ့ ဝယ်ပေးတဲ့ မျက်မှန်ကို သူနဲ့လည်း ကိုက်ရဲ့သားနဲ့ ဘာစိတ်ပေါက် သွားတယ် မသိဘူး၊ ရိုက်ခွဲ ပစ်လိုက်တယ်။ ဒီလူ ရူးသွားပြီ ထင်တယ်" တဲ့။
တကယ် တရားရဖို့ ကောင်းပါတယ်ဗျာ။
---------
ဝင်းဖေ
ရွှေအမြုတေ၊ ဩဂုတ်၊ ၁၉၈၉။

Tuesday, 24 May 2016

တောင်ထိပ်က တေးသံ

“ တောင်ထိပ်က တေးသံ ”
▬ /-\ ▬/-\ ▬\ ▬/-\ ▬
 သူ့အကြောင်းကို ငယ်စဉ်ကပင် ကြားဖူးနေကျ၊ ချင်း
ပြည်နယ်၏ အလှဘုရင်မ။
မြန်မာနိုင်ငံတွင် တတိယမြောက် အမြင့်ဆုံးတောင်
ဝိတိုရိယ ဟူ၍။
ဒါက အင်္ဂလိပ်ခေတ် အခေါ်အဝေါ် ဆိုတော့ ပြန်ပြောင်း
ခဲ့ကြသည်။
ချင်းလိုတော့ “ခေါ်နုသုမ်”၊ မြန်မာလို နတ်မတောင် ဟူ၍။
ဒေသခံတွေက ဒီမြန်မာပြန် နာမည်ကို မတိကျ သေးဟု
ခံစားနေဆဲပါ။ “တောင်တွေရဲ့ အမေ” ဟု အဓိပ္ပာယ်
ရအောင် မှည့်စေချင်ပါသတဲ့။
.
ယောနယ် ဆောမြို့ကလေးမှ ၁၂ မိုင် ဆိုလျှင် ချင်းပြည်နယ်
ကန်ပက်လက်ကို ရောက်ပြီ။ ထိုမှသည် အရောက်သွား
ရမည်က ချင်းအခေါ် “ခေါ်နုသုမ်” မြန်မာပြည်မှာ တတိယ
အမြင့်ဆုံးဆိုပေမယ့် မြေသား တောင်ထဲမှာတော့ သူက
အမြင့်ဆုံးတောင်။
ကချင်ပြည်နယ်က ခါကာဘိုရာဇီ၊ စာရာမေတိတို့လို
ကျောက်သား၊ ရေခဲတောင် မဟုတ်။
ချင်းတောင် ဆိုသည်နှင့် “ဇလပ်နီ”ကိုသာ စိတ်ထဲ မြင်
ယောင်ကြည့်ကြစမြဲ။ ကျွန်တော် ချင်းတောင်ကို ၃ ခေါက်
ရောက်ဖူးသော်လည်း ပေ ၄-၅ ထောင် အထိသာမို့
ထိုမြင်ခဲလှသည့် ဇလပ်နီကို ကြည့်ချင်လျက် မမြင်ခဲ့ရ။
သူက ပေ ၆ ထောင် ၇ ထောင် ကျော်မှ ပွင့်သည့် နတ်ပန်း
ပေကိုး။
.
ခရီးသွား ဧည့်သည် တစ်ဖွဲ့လုံးမှာ တောင်ဇလပ်နီကို
ရင်ခုန်ချင်လှဘိ။ ပေ ၆ ထောင် ကျော်သည်နှင့် ရှာကြမည်။
အရင် တွေ့သူ ကံထူးစတမ်း။ ဒီနတ်ပန်း ဘယ်အဆင်းနဲ့
ဂုဏ်သတင်း ဒီလောက် မွှေးနေပါ့။ စိတ်ထဲ ကြုံးဝါး
ကြပါသည်။
*-*-*
အမြင့်ပေ ၄၅၆၀ ရောက်တော့ “ကန်ပက်လက်”မြို့ကို နှုတ်
ဆက်ခွင့်ရသည်။ ကန်ပက်လက်က ထွက်တော့ “ကန်ပုလဲ”
ဆိုသည့် ကန်ဟောင်းကို မြင်ရ၏။ အချို့ကလည်း ကန်ပုလဲ
ကနေ ကန်ပက်လက် ဖြစ်သွားတယ်ဟု ဆိုပြန်သည်။
ကျွန်တော် အတိအကျ မသိခဲ့ရပါ။ထူးခြားနေတာက အခြား
မြို့များလို(ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ မတူပီတို့လို) ချင်းနာမည်
ဘာကြောင့် မဖြစ်ရသလဲ။
.
ကန်ပက်လက်တွင် နှစ်ပေါင်း ၃၀ နီးပါး တာဝန်ထမ်းဖူးသူ
သမ ဦးစီးမှူးက ထိုကိစ္စကို ရှင်းပြပါသည်။ အင်္ဂလိပ်ခေတ်က
ဒီဒေသဟာ မကွေးတိုင်း မင်းကြီး နယ်ပယ်ထဲမှာပါ။
နွေရာသီ အပူရှောင်ဖို့ ဒီမှာ မြို့တည်ပါသတဲ့။ သြော်၊
သူက ရှမ်းပြည်မှာ ကလော၊ ယခင် မေမြို့၊ ယခု ပြင်ဦးလွင်
တို့လိုပေါ့ဟု နားလည် လိုက်ပါသည်။
ဒါကြောင့်လည်း မြို့အထွက်မှာ အုတ်တိုက်နီနီ ခေါင်းတိုင်
မြင့်နှင့် ဘိုတဲ တစ်လုံးကို မြင်ခဲ့တာကိုး။
ဒေသအခေါ် မှိုင်းတိုက်သည့်ဒဏ် ခံနိုင်ရန် တိုက်နံရံကို
နှစ်ထပ် ကာထားသည့် ဘိုတဲနီမှာ မီးကျွမ်း သစ်ငုတ်တွေ
နောက် ရှေ့၊ အထီးကျန် ဇာတ်ကြောင်းပြန်ချင်နေပုံရသည်။
.
ထိုဒေသ တာဝန်ကျသည့် အမှုထမ်းတွေ က ပြောသည်။
“ဟိုတုန်းကဆို ဆောင်းနှောင်း ရာသီမှာ တောတောင်
သစ်ပင်တွေ လှချက်ဗျာ၊ ကိုရီးယား ကားတွေထဲ လှသ
လောက်တော့ ဒီကလည်း ပြိုင်ရဲသပေါ့၊ နွေဦးပေါက်ခါနီး
အဝေးမြင်ကွင်းများ ကြည်လင်လို့ကတော့ ဟိုးပုပ္ပားအထိ
လှမ်းမြင်ရတာ” သူက တမ်းတမ်းတတ ပြောနေရင်းမှ
ရုတ်တရက် စကားကို ချိုးကွေ့ချလိုက်သည်။
“ဒါပေမဲ့ တောင်လုံးကျွတ် အဲသလို ၀ါရွှေနီ စုံအောင်
လှပြီးဆိုရင် တအား ငိုချင်တာဗျ”
“ဘာလို့လဲ” ဟု အားလုံးက မချင့်မရဲ မေးသည်။
“အထီးကျန်ဆန်တာကိုးဗျ၊ ကိုယ်နဲ့ ဘာသာစကား ရင်ဘတ်ချင်း
တူသူတွေမှ မရှိတာ၊ သဘာဝအလှကို ခံစားဖို့ ဆိုတာထက်
မြင်စေကြည့်စေချင်သူတွေကို ပြောနိုင်ပြနိုင်မှ၊ ဒီမှာက
အိမ်နီးနားချင်းလည်း မရှိ”
ခုခေတ်လို ဆက်သွယ်ရေး နည်းပညာနဲ့ဆို နည်းနည်း တော်
ဦးမယ်ဟု ကျွန်တော် ဖြေသိမ့် တွေးမိသည်။ Viber ဗီဒီယို
ဖုန်းနဲ့ ရိုက်ပြမယ်ပေါ့။ ကျွန်တော့် အတွေးကို လက်တွေ့
ဘ၀က ရက်ရက်စက်စက် နင်းချေ သွားသည်။ တယ်လီဖုန်း
လိုင်းတောင် ကောင်း ကောင်း မမိ။
.
သူ ပြောပြသည့် ၀ါရွှေနီမောင်း ပင်ပေါင်းစုံ တောလုံးဝေ
အလှကို ကျွန်တော် မြင်အောင် ခံစားရန် ကြိုးစားကြည့်
ပါသေးသည်။ မီးကျွမ်း ငုတ်တုတ် ဒဏ်ချက်များဖြင့်
ထိုတောင်က ဆံပင်ကျိုးတိုးကျဲတဲဘ၀ဖြင့် မျက်လွှဲချ
ရရှာပါ၏။
*-*-*
“ဒီနေရာတွေမှာ အရင်ကဆို ၀ံတွေ၊ ကျားတွေ၊ ကျား
သစ်တွေ ရှိသဗျ၊ နွားနောက်တွေကလည်း ပေါ”
သူက ပြောသာပြောရ အားမရှိလှပုံ။
အခုထိ နွားနောက်တောင် တစ်ကောင် မမြင်ရ။ ၀ံတွေက
လူမြင်လျှင် ရန်လုပ်တတ်သလောက် ကျားကတော့
ရှောင်ပြေးလေ့ ရှိကြောင်း ပြောရင်း ဒီက မြွေဟောက်
တွေက အကောင် ပိုကြီးတယ်လို့ ပြောသည်တွင်
ခရီးသွား ဧည့်သည်တွေ တွန့်ခနဲ ဖြစ်သွားသည်။
ဒါပေမဲ့ အပူပိုင်းဒေသက မြွေဟောက် တွေလို ကိုက်ရင်
ဆေးမမီလောက်အောင် အဆိပ်မပြင်းဘူးဗျလို့
ကြောက်စိတ် ဖြေပေးဖော် ရပါသည်။
ထိုခရီးမှာပင် ပါးရဲထိုးသူ ချင်းအဘွားအို တချို့ကို မြင်ခွင့်
ရခဲ့သည်။ ငယ်သူတွေထဲမှာ မတွေ့ရတော့ပါ။
ပါးရဲခေါ် ဆေးမင် မျက်နှာမှာ ထိုးသည်ကလည်း ဒေသ၊
လူမျိုးတစ်စုနှင့် တစ်စု ထိုးပုံမတူ။ ဒီဇိုင်း ကွဲကြသည်။
Munn တွေက ဒေါင်လိုက်စင်း ထိုးပြီး၊ Ngagahတွေက
ကန့်လန့်စင်း ထိုးသလို၊ Uppriu တွေကျတော့
မျက်နှာပြင် ပြည့်လုနီးနီး ထိုးခဲ့ကြသည်တဲ့။
*-*-*
“ဇလပ်နီတွေ တွေ့ရတော့မယ်ဟေ့
တွေ့ရတော့မယ်၊ ဇလပ်နီတွေ”
ပေ ၆ ထောင် ကျော်သည်နှင့် ခရီးသွား တွေက သံပြိုင်
အော်ရင်း အလုအယက် ရှာနေ ကြသည်။ ဓာတ်ပုံရိုက်
ရန်လည်း ဟန်တပြင်ပြင်။
.
လိုက်ပို့သူ ဒေသခံကား အားတောင့် အားနာ။ တောင်
ဇလပ်ပန်းတွေက ရှားကုန်ပြီ။ ဟိုးတုန်း ကလို မဟုတ်ဘူး။
လူတွေက အလှကြည့် တန်ဖိုးမထားဘဲ အမှတ်တရဆိုပြီး
ခူးယူကြ။ ကိုင်းတွေ ချိုးဖဲ့ကြတော့ မြင်ရခဲ သွားပြီ။
သစ်တောဌာနကတောင် မခူးယူကြဖို့ တားနေတာဟု
မသက်မသာ ရေရွတ်နေပါသည်။ မြင်ဖူးလိုသူတွေက
မချင့်မရဲ၊ တွေ့တော့ တွေ့ရမှာပဲဟု ဇွဲတင်းလာကြပါ၏။
.
အမြင့်ပေ ၁၀,၀၀၀ နား ရောက်သည်နှင့် မြင်ကွင်းက
သိသာစွာ ပြောင်းလာပါသည်။ သီးခြားဆန်သော သို့မဟုတ်
ကမ္ဘာအသစ် တစ်ခုကို ရောက်သလို ခံစားလိုက်ရသည်။
နွေ နေ့လယ်ခေါင်ခေါင် အနွေးထည်တွေ ထုတ်ဝတ်
ရသည်။ မြင်ကွင်းတစ်ခုလုံး အပင် တွေက အအေးဒဏ်
ခံနိုင်အောင် ကျင့်ကြံ နေထိုင်ရသည်ထင့်။ ပုပုလုံးလုံး
ကွေးကွေးလေး တွေချည်း မြင်နေရသည်။ နွေးထွေးသော
အိပ်ရာတွင် ကျွန်တော်တို့ ခြေဆန့်လက်ဆန့် အိပ်
နိုင်သော်လည်း ချမ်းအေးလွန်းသည့် ညများတွင်
အစွမ်းကုန် ပုကွေးနေရသည်နှင့် တူလှပါတော့သည်။
တောင်နံရံ လေကွယ်ရာအရပ်က အပင် တွေ ခါးဆန့်
ရသမျှ၊ လေဟာပြင်ဘက်နေရသည့် အပင်တွေက ဂျပန်
ဘွန်ဇိုင်းပင် တွေလိုချည်း မြင်နေရသည်။
.
အပင်အချို့မှာ “လေသိုက်” ဆိုသည့် ထူးခြားအရာကို
ဒေသခံက ပြသည်။ ဒါဟာ အပင်က ဖြစ်လာတာ
မဟုတ်ဘူး၊ မိုးတွင်းမှာ မှိုင်းတိုက်ရင်းနဲ့ အပင်တွေရဲ့
ကိုင်းတွေမှာ ငှက်သိုက်မျှင်တွေလို ဖြစ်လာပါ သတဲ့။
မှိုင်းတိုက်ရင်း ဖြစ်လာတာ ဆိုတော့ ကျပ်ခိုးစွဲသလိုလားဟု
ကျွန်တော် မေးရာ သူက အားပါးတရ ရယ်နေပါသည်။
.
အာဆီယံ အမွေအနှစ် ဥယျာဉ်ဆိုင်းဘုတ် နားရောက်မှ
တစ်ယောက်က တွေ့ပြီဟု အားရပါးရ အော်ကာ ဓာတ်ပုံ
ရိုက်သည်။
အပင် မြင်သမျှ မော့ကြည့် ရှာဖွေခဲ့ရသော ဒုက္ခလွတ်ပြီပေါ့။
တွေ့ရသည့် တောင်ဇလပ်ပန်းနီလေးကား အရွက်တွေထဲ
ပုန်းနေသည့် ကြားက တွေ့သွားသူတွေကို ရှက်စနိုး
ရယ်နေရော့ထင့်။
ကွယ်တစ်ဝက် ပေါ်တစ်ဝက် မြင်တစ်ဝက် လှုပ်ခတ်နေပါသည်။
.
ဒီနတ်မတောင်တက်လမ်းကို ကားလမ်း ပေါက်သွားသည့်
အပေါ် အမြင်တွေ မတူကြပါ။ လူအသွားအလာ များသည်
နှင့်အမျှ သဘာဝ ၀န်းကျင် ထိခိုက်မှာစိုးသူတွေက ဘ၀င်
မကျ သလို၊ ကိုယ်တိုင် လျှောက်မတက်နိုင်သူတွေကတော့
သဘောတွေ့ကြပါသည်။ အဆိုး အကောင်း တွဲနေသည့်
ကိစ္စမို့ ကိုယ် ပယောဂကြောင့် အလှနှင့် တန်ဖိုးများ
မထိခိုက်အောင် ဆင်ခြင်ကြဖို့သာ ရှိသည်ဟု ယုံကြည်ပါ၏။
.
*-*-*
.
တောင်ထိပ်ရောက်ပြီ။
ရှုခင်းများကား နတ်ပန်းချီသို့။
္ဘကမ္ဘာမြေပေါ်က အံ့ချီးဖွယ် အလှများ နည်းတူတော့
နတ်မတောင်ထိပ်လည်း သရဖူဆောင်းနိုင်သည်ပဲ။
နွေနေ့လယ်ကောင် အနွေးထည်ကို ရင်ဘတ်စေ့ရင်း
သဘာဝ၏ ရခဲသော တန်ဖိုး အလှ ဆွဲဆောင်ရာ
မျောပါလိုက်ပါ၏။
ထင်းရှူး၊ မဂျယ်၊ သစ်အယ်၊ ချယ်ရီ၊ တောင်ဇလပ်နီ
တို့ကို ပင်ယံပေါ် မော်ကြည့်။
ပတ်လည်တံတိုင်း၊ မြူဆိုင်းတောင်တွေ ငေးနေပြီးမှ
ကျွန်တော် ရပ်နေရာ တောင်ထိပ် မြေပြင် မှတ်မထင်
ငုံ့ကြည့်မိသည်။
အလို...မြေပြင်မှာ ကြဲပက်ထားသလို တွယ်ကပ်
နေကြတာဖြူ ပြာ ခရမ်း ပန်းကလေးတွေပါလား။
“မြေကပ် ပန်းကလေးတွေ” ဟု တစ်ယောက်က ရေရွတ်
လိုက်သည်။ ဒေသ အခေါ် ကျွန်တော် မသိပါ။
သိအောင်လည်း မကြိုးစားတော့ပါ။
ဒီနာမည်ကပင် သူတို့ သဘာဝ ဖြစ်တည်မှုကို ပေါ်လွင်
လှပါပြီ။
အမြင့်ပေ တစ်သောင်းကျော် တောင်ထိပ် ရောက်အောင်
အားခဲ လှမ်းလာရသူတွေ အတွက် အခြား သဘာဝ အလှ
များနည်းတူ အမောပြေ နှစ်သိမ့်ကြိုသူတွေထဲ မြေကပ်
ပန်းကလေးတွေလည်း အားတက်သရော ပါခဲ့ပါသည်။
.
.▬-▬-▬
‪#‎ကျွန်တော်တို့‬ ခေါင်းတွေက အမြင့် မျှော်တာ အကျင့်
ပါနေပြီမို့ မမြင်ခဲ့ကြပါ။ သူတို့ ဧည့်ဝတ်ကျေပါလျက်
နှုတ်မဆက်ခဲ့ရပါ။ သိမှတ်ပြု မတုံ့ပြန်ဖြစ်ခဲ့ပါ။
ကျွန်တော် သူတို့နံဘေး ကွက်လပ် ရွေးစရာ စိုးစိမျှ
မနင်းမိအောင် ရှောင်ကွင်းပြီး ညင်သာ ထိုင်လိုက်
ပါသည်။
.▬-▬-▬
အားမရသေး၍ သူတို့နှင့် နံဘေးယှဉ် လဲလျောင်း
လိုက်ပါ၏။
သူတို့ မျက်နှာများနှင့် ပိုနီးသွားပါပြီ။
မြေကပ်ပန်းကလေးများ၏ ဧည့်ကြို တေးသံကို
ခုမှ ကြားရပါပြီ။
တန်ဖိုးပျက်သွားမှာ စိုး၍ ပြန်မပြောပြတတ်ပါ။
ကိုယ်တိုင် နားဆင်ခွင့် ရစေကြချင်ပါသည်။
‪#‎မင်းကိုနိုင်‬
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ် ၈၃ မှ )

တို့ဘိုးဘွားတွေရဲ့ပုံတူ

'တို့ဘိုးဘွားတွေရဲ့ပုံတူ'
▄▄▄▄▄▄▄▄▄▄▄▄▄
ယောမြို့က ပြန်ခဲ့တယ်။
''ယောပြန်ဆရာ ဘယ်သူဘယ်ဝါ'' တဲ့။ ''ဧည့်သည်ကို ချစ်ခင်လျှင် ဖျာနှင့်ခွာမရ အထခက်အောင် ကျီစယ်တတ် တယ်'' တဲ့။ ကြားဖူးနားဝတွေက ခရီးသွား အတွက်တော့ ကျီးလန့်သလိုရှိနိုင်ပါသည်။ ယောနယ်သည် ထင်သလောက် ဂမ္ဘီရမဆန် ပါ။ ခေတ် အလျောက်ပြောင်းနေသော ဖက်ရှင်ရေစီးကြောင်းနောက် ယောနယ်က လိုက်ပါမသွား။ အားလုံးနီးပါးသော မိန်းမပျို ငယ်ရွယ်လတ်ကြီးတို့မှာ ရိုးရာအတိုင်းသာဝတ်ဆင်လျက် အလုပ်ခွင် စာသင်မပျက်၊ နေ့စဉ်ဘဝထဲ ရှိနေပါသည်။ ဒီလိုဆိုလို့ ခေတ်ကိုမျက်ခြည်ပြတ် ကျန်ခဲ့ပြီဟုတော့ မမှတ်စေ လိုပါ။ သူတို့က ဥာဏ်ပညာကိုတန်ဖိုးထား၊ စာပေကို နှစ်လိုသူများ။
ဂန့်ဂေါဆိုလျှင် နိုင်ငံ့ဝန်ထမ်းများအတွက် ရှားပါးစရိတ်၊ လမ်းပန်းဝေးလံ၍ အပိုဆောင်းပေးရသောဒေသဖြစ်သည့် တိုင် အင်တာနက်တော့ မိပါသည်။ အင်တာနက်ဆိုသော ပြတင်းမှအလင်းရောင်ဖြင့် ပြင်ပကမ္ဘာကို သူတို့ရှုမြင် သုံးသပ် သည်။ ပြတင်းမှဝင်လာသော အဆိပ်အတောက်ဆန်သည့် အရာများကိုတော့ သန့်စင်ဖယ်ရှားနိုင်စွမ်းသူများ ဖြစ်နေဆဲပါ။
စာပေဟောပြောပွဲစချိန်မှာ မိုးသဲကြီးမဲကြီးရွာသည်။
ပွဲပျက်ပြီဟု စိတ်ဒုန်းဒုန်းချပြီးကာမှ မိုးတိတ်ရာတွင် ပွဲခင်းအလယ် ငုတ်တုတ်ကြီးတွေ ထိုင်နေသောပရိသတ်ကို တွေ့ရပါတော့သည်။
ပွဲစီစဉ်သူများက နောက်တစ်နေ့ပြန်ချိန်းမယ်။ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ အမိုးအကာရှိတဲ့နေရာ နေ့ဘက်ပြန်လုပ်ပေးမယ်ဆိုတာလည်းမရ။ ''နေ့ဘက်ဆိုမအားဘူး။ အခုလိုလည်း မသေချာဘူး။ အခုသာပွဲစ တစ်ညလုံး နားထောင်မယ်''တဲ့။ ဒါနှင့်ပင် နားထောင်ရဲရင် ဟောရဲရမယ်မှတ်ယူကာ သန်းခေါင်တိုင်သည်အထိ အချီအချညီခဲ့ ကြပါသည်။
ဒုတိယအကြိမ်မှာတော့ ယောနယ် ဆောမြို့သို့ ရောက်ခဲ့ပြန်သည်။ ထိုဒေသတစ်လျှောက် ကျွန်တော်စွဲလမ်းမိ သောအချက်မှာ အနေရိုး၊ အစားရိုးခြင်းဟူသောအလှပေါ်တွင် ရှေးမြန်မာတို့၏ စိတ်ထားသင်္ကေတတစ်ခုကို ဒီနေ့အထိ ထိန်းသိမ်းထားနိုင်ခြင်းဟူသည့် တစ်ပွင့်ပန်းဖြင့် အယဉ်ဆင့်ပြခြင်းပင်ဖြစ်ပါသည်။
ရှေးက ကျွန်တော်တို့ဘိုးဘေးများသည် ခရီးသွားများထံမှ တည်းခိုစရာအခကြေးငွေယူသည့်စီးပွားမလုပ်သလို ရေလည်းရောင်းမစားခဲ့ကြပါ။ စာပေများတွင်ဖတ်ဖူးသည့် ဘေးပတ်ဝန်းကျင်က သမိုင်းကြောင်းကြီးသော နိုင်ငံများတွင် ထမင်းဆိုင်၊ ဟင်းဆိုင်နှင့် တွဲလျက်ဖြစ်စေ၊ သီးခြားဖြစ်စေ၊ Inn ဟုခေါ်နိုင်မည့် နားနေကွန်းခိုရာများလို အခကြေး ငွေဖြင့် ငှားရမ်းခြင်းမျိုး မြန်မာ့သမိုင်းတွင် မရှိခဲ့ပါ။
ယောနယ်အနှံ့ ဇရပ်အိုတွေက ခရီးသွားများ အပေါ် မြန်မာတို့ ၏စိတ်ရင်း ကိုပြခဲ့သလို ဇရပ်သစ်တွေဖြင့်လည်း ပြနေဆဲ။ မည်ကာမတ္တမဟုတ်။ အခုချိန်အထိ ခရီးသွားများ၊ ဈေးသည်များတည်းခိုခွင့် အခမဲ့ရနေဆဲ။ ရေအိုး စင်တွေက လည်း ဇရပ်တိုင်းတွင်သာမက အရိပ်ကောင်းရှိရာ သစ်ပင်အခြေများ တွင် ရေကြည်အေးနှင့်ဧည့်ခံမြဲ။
ကမ္ဘာတစ်လွှားမှာ မိုတယ်၊အင်း၊ ဧည့်ရိပ်သာစီးပွားရှာမှုတွေ တွင်ကျယ် လာပေ မယ့် ယောနယ်ကတော့ မြန်မာ့ စိတ်ရင်းကိုဇရပ်၊ ရေအိုးစင်တွေဖြင့် သက်သေ ထူဆဲ။
ံ....................................
လောင်းရှည်တဲ့။
ကုန်းဘောင်ခေတ်နှောင်းမှာ ဘုရင့်မယ်တော်စားတဲ့မြို့။
မြင်ကွန်း၊ မြင်းခုန်တိုင်အရေးမှာ ဘုရင့်သစ္စာရှိဘက်တော်သားအဖြစ် ဓားချက်များ ထင်ကျန်ခဲ့သူစားတဲ့မြို့။
ပြီးတော့ ရာဇဝင်ထဲ အစိမ်းသက်သက်၊ ပေကပ်နေခဲ့တဲ့မြို့။ ကုန်းဘောင်ပဲလားမေးတော့ ပုဂံခေတ်လက်ရာအုတ်ဂူ စေတီတွေ။ အေဒီ ၁၁ ရာစု အုတ်ခွက်ဆင်းတုတွေ ထုတ်ပြတဲ့မြို့။ပုဂံခေတ်က စစ်သားထောင်ချီစုပေးရတဲ့ ထောင်ပြု မြို့။
လောင်းလှေတွေရွေတဲ့အရပ်မို့ လောင်းရွေ။ အဲဒီကနေရွေ့တော့ လောင်းရှည်လို့ခေါ်တဲ့မြို့။
ငှက်ခါးတောင်လိုက်ကာကို တွန်းအဖွင့်မှာ ပန်းချီပြခန်းလို တခမ်းတနားကြီးသွေးဆောင်ပုံက ရောင်စုံကားချပ်
တွေ တန်းစီချိတ်ဆက်ထားသလို တချို့နေရာတွေမှာ ပုဂံမြို့ဟောင်း ပြန်ရောက်သလားထင်ရ။
ပန်းချီ----တစ်ချပ် ဆွဲချင်လျက်။
ကဗျာ----တစ်ပိုဒ် စပ်ချင်လျက်။
အက်ဆေး---တစ်ပုဒ် ရေးချင်လျက်။
လှေကားရင်း ဖိနပ်ချွတ်မှာတင် ရပ်ငေးမ၀တဲ့မြို့။
မှတ်စုကြမ်းကို ချရေးလျက်မှ ကျွန်တော်ရောက်နေရာမြို့ကလေးကို ငေးမောမိသည်။ သီပေါမင်းရဲ့ မယ်တော် လောင်းရှည်မိဖုရား၊ နန်းတွင်းအရေးတော်ပုံကရခဲ့တဲ့ ဓားချက်နဲ့ထင်ရှားတဲ့ လောင်းရှည်စားမင်းကြီးစသဖြင့် ကျွန်တော်
တို့ မှတ်မိရုံလောင်းရှည်။ အခုပြန်တွေ့ရတော့ ရာဇဝင်ခေတ်ဟောင်း ထဲ ပြန်ရောက်သွားသည့်နှယ်။
×××××××××××
တောတောင်တွေကိုမှီပြီး စပါးကြီးသည်းခြေ၊ ဝံသည်းခြေ၊ ကျားစွယ်ကျားရေ၊ ပျားရည်တွေ ထွက်ခဲ့တဲ့မြို့။ အခုတော့ တောတွေပြုန်းချိန်မှာ မိရိုးဖလာတောင်ယာနှင့် လယ်လုပ်အသက်ဆက်နေရတဲ့မြို့။ ရှေးဟောင်းဘုရားတွေစီ
စိန်ပန်းနီတွေက ထီးမိုးလို့၊ အနီးဆုံး ဆောမြို့နှင့် ၁၂ မိုင်အကွာ ကားလမ်းပေါက်တာ မကြာသေး။ စိုက်ပျိုးရေးအခြေခံကို သစ်ဝါးအလုပ်နှင့်ရံထားရသည့် သူတို့အတွက် သဘာဝကမျက်နှာသာပေးသည်တော့ မဟုတ်ပါ။
တောင်ကျချောင်းရေဒဏ် စိုက်ခင်းတွေ နှစ်စဉ်ခံရ ဒီတာတမံ၊ ဒီချောင်းတွေကို ဒီလက်ချောင်း၊ ဒီလက်မောင်းတွေနဲ့ပဲ ခြေကန်ဆယ်ရဦးမှာပါပေါ့။
ချောင်းရေထဲ နေကုန်စိမ်တော့ အကြောတွေဆိုင်း ခါးတွေကိုင်းလည်း ခဲခဲကိုက်ကိုက်
ထရုန်းလိုက်ပဲ ငိုက်လဲမခံတဲ့ ယောနယ်အလံ။-----။ လမ်းတစ်လျှောက် ဇရပ်နှင့် ရေအိုးစင်တွေ မကြာခဏတွေ့နေ၍မစိပ်လွန်းဘူးလားဟုမေးရာ ဒေသခံတစ်ဦးက
"ဒါတော့ ကျွန်တော်တို့က ကားနဲ့သွားလို့ ဒီလိုမြင်တွေးမိတာကိုး။ ဟိုတုန်းကလှည်းနဲ့သွားကြ၊ လမ်းလျှောက်သွားကြရတာ အထုပ်အပိုးတွေနဲ့ ဆိုတော့ မောတိုင်းနားဖို့ လိုတာကိုး" တဲ့။ ထိုဇရပ်ရေချမ်းစင်များမှာ အခုထိလည်း အသက်ဝင် အဖိုးတန်နေမြဲပါ။ ခရီးပန်းလူသားတွေရဲ့အားကိုးတကြီး
ခြေလှမ်းတွေကို လက်ကမ်းကြိုနေမြဲ။
"အရင်ဒီနယ်တစ်ကြောကဇရပ်တွေမှာ လူတွေနားခိုရင်း ချက်ပြုတ်စားဖို့ အိုးခွက်ပန်းကန်တွေပါ ထားပေးခဲ့ကြတယ်။" ဟု ဒေသခံရှေ့မီနောက်မီတစ်ဦးက အတိတ်ကိုလွမ်းရင်းပြောပြသည်။ ကျွန်တော့်မျက်စိထဲမန်ကျည်းရိပ်၊ ထနောင်းရိပ်များတွင် လှည်းတံပိုးတွေချွတ်ကြ။ နွားတွေကို အနားပေး အစာကျွေး ရေတိုက်ရင်း မီးခိုးတလူလူ ချက်ပြုတ်စားနားနေခဲ့ကြသည့် ရှေးကဘိုးဘွားခရီးသွားများကို မြင်ကြည့်မိပါသည်။
"ခရီးသည်တွေကလည်း အဲဒီစိတ်စေတနာကို အားကျမခံ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ ငါးခြောက်ငါးခြမ်းကအစကိုယ့်မှာပိုနေရင် နောက်လူတွေအတွက် ထားခဲ့ကြပြန်တယ်" ဟူ၍ သူက ဆက်ရှင်းပြပါသေးသည်။
ရှေ့လူထားခဲ့သော အိုးခွက်များဖြင့် ချက်ပြုတ်စားကြသူများက ဒါတွေဟာ ရုပ်ဝတ္ထု အိုးခွက်တွေသာ မကပါလား စိတ်စေတနာအစဉ်အလာကောင်းတွေပဲဟု ခံစားကာ "ငါ့မှာပိုတဲ့ ရိက္ခာကိုလည်း သူ့လိုသဒ္ဓါနဲ့ ထားခဲ့မယ်" ဟု တွေးမိကြဟန်တူပါသည်။
ရှေ့ကစေတနာရှင်ကို မမြင်မသိဖူးသလို နောက်ကဆက်ခံမည့်ခရီးသည်ကိုလည်း အသွေးအရောင် အယူတူမတူ
မှန်းဆရနိုင်သည့်အရာမဟုတ်ပါ။ သို့ပါလျက် သူတို့ကြည်ဖြူ စွန့်၍လှူခဲ့ကြပါသည်။
ထိုခေတ်က ခရီးသွားများမှာ ကုန်ရောင်းသူအများစုပင်ဖြစ်သည့် အလျောက် နောက်လူမှာ ရောင်းကုန်တူပြိုင်ဘက်လည်းဖြစ်နိုင်သည်ကို မစဉ်းစားမိ
ဘဲနေမည်မဟုတ်။ စီးပွားပြိုင်ဘက်ဖြစ်ကာမှဖြစ်စေ ခရီးသွားချင်းအတူ ချမ်းသာပါစေဟူသော မေတ္တာသာအရင်းခံ
ခဲ့ကြပါသည်။
ဪ---ကျွန်တော်တို့ဘိုးဘေးများ ရင်အုပ်ကြီးတွေ ကျယ်ပါပေ့။
×××××××××
ရှေးလူကြီးများအပေါ် စက်မှုနှင့် နည်းပညာချို့ငဲ့ရန်ကောဟု ကျွန်တော်တို့ ငြိုငြင်ခဲ့ကြဖူး ပါသည်။ အခုတော့ ဒီလိုတွေးမိသည်။ ခုနေခါများ ကမ္ဘာလှည့်ခရီးသွားတွေက မင်းတို့ ဘိုးဘေးတွေအကြောင်း ပြောစမ်းပါ့ဆိုလျှင်ဖုန်ထူနေပူ လမ်းအိုထက်မှာ ရေချမ်းစင် ကို ပခုံးထမ်းနေသည့် ဇရပ်ထိုထိုဟာ တို့ဘိုးဘွားတွေပါပဲကွယ်ဟု ညွှန်ပြ
လိုက်ချင်စမ်းပါဘိ။
၂၂့ ၅့ ၂၀၁၆ကြေးမုံသတင်းစာ

ဘယားအိတ်

ဘယားအိတ် (ခင်ခင်ထူး)
----------------------------
ကျွန်မတို့ မန္တလေးမှာ သည်လိုပဲ ပါတော်မူတာတွေ များလှပေါ့။
ကျွန်မတို့ အိမ်ထောင်ကျခါစ တိုက်ခန်းငှားနေဖူးတယ်။ မန္တလေးမြို့ရဲ့ အနောက်တောင်ထောင့်မှာ မြစ်မဘက်ကို မျက်နှာမူပြီး ဆောက်ထားတဲ့ တိုက်ခန်းတွေက ဆောက်ပြီးစ, ဆိုတော့ ကျွန်မတို့လည်း နောင်မှ လျောက်လျား၊ လောလောဆယ်တော့ တိုက်ခန်း ငှားကြရအောင်ရယ်လို့ ဆုံးဖြတ်ပြီး နေခဲ့ကြ တာပါ။ အကြောင်းနှစ်ချက်လည်း ရှိပါရဲ့။ တစ်ချက်က အမေ့အိမ်နဲ့ မဝေးလှ တာရော၊ နောက်တစ်ချက်က စက်ဘီး၊ ဆိုင်ကယ်မစီးတတ်တဲ့ ကျွန်မအိမ်သား ဆရာနေ့ အဖို့ရာရော စဉ်းစားရလို့ပါ။ အမေ့အိမ်နဲ့ တိုက်ခန်းနဲ့က ခြောက်ဖာလုံလောက် ဝေးလို့ သွားချင်တဲ့အခါ နေ့နေ့ညည သွားနိုင်တယ်။ ဆရာနေ့အဖို့ရာ ဆိုတာက မြို့ထဲမှ သွားချင်ပြီဆိုရင် တိုက်ခန်းရှေ့ တာရိုးပေါ်ကိုတက်၊ တောင်ဘက်ထိပ် ကားဂိတ်က ထွက်လာတဲ့ လိုင်းကားကို စောင့်စီးနိုင်တယ်။ ကျွန်မက ကျောင်းဆရာမဘဝ ရှိသေးတာဆိုတော့ နေ့စဉ် မနက်ဘက် ကျောင်းသွားတော့ လည်း စက်ဘီးနဲ့၊ ဈေးသွားချင်တော့လည်း စက်ဘီးနဲ့၊ ဘာလေးလိုသဟဲ့၊ ညာလေးလိုသဟဲ့ ဆိုတော့လည်း စက်ဘီးနဲ့ဆိုတော့ အဆင်ပြေတယ်။ သည်လိုနဲ့ တိုက်ခန်းငှား နေဖြစ်တယ် ပြောပါတော့။
သည်လို လူနေတိုက်ခန်းတွေ မှိုကျင်းထ,သလို ပေါ်လာတာကလည်း အကြောင်းရှိတယ်။ သည်ရပ်ကွက်တစ်ဝိုက် ပြန့်ကျဲနေတဲ့ ကျူးကျော်တဲတွေကို ဖျက်သိမ်းပြီး တဲပေါ်က တိုက်ပေါ်တင်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပေါ်လာတာပါ။ နေ့ချင်း ညချင်းဆိုသလို တဲကလေးတွေဖျက်၊ ဆောက်ထားတဲ့ တိုက်ခန်းတွေပေါ် နေခွင့် စလစ်စာရွက် တစ်ထွာတစ်ညိုနဲ့ ရောက်လာကြသူတွေ များတယ်။ သည်တော့ သည်နားတစ်ဝိုက် ဖြစ်သလို တဲထိုးနေခဲ့ကြသူတွေ အဖို့ရာ လူစုလူလုံး မကွဲကြတော့ဘဲ ချက်ချင်းကြီး နတ်မ,လိုက်သလို တိုက်ပေါ် ရောက်ကြရတာ ဆိုတော့ ရွာလုံးကျွတ် တိုက်ခန်းတွေပေါ် အထွေးလိုက်ကြီး ရောက်နေကြသလိုပဲ သူတို့ကိုယ် သူတို့လည်း အံ့ဩကြလို့။ တခြား တိုက်တွေအကြောင်းတော့ ကျွန်မ ပြောတတ်ဘူး။ ကျွန်မတို့ ငှားနေကြတဲ့တိုက်က လူတွေက မန္တလေးကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသူတွေပါ။ ကနဦး ရောက်နှင့်ကြသူတွေက နည်းနည်းလေး အိုးသား အိမ်သားကျပြီ ဆိုတာနဲ့ ရွာကလူတွေကို ခေါ်ကြတယ်။ လာခဲ့ကြပေါ့။ သည်လိုနဲ့ တစ်ယောက်တစ်ယောက် ချိတ်မိကြရာက တစ်နေရာတည်းမှာ စုနေကြသူတွေ ဆိုတော့ တစ်ရွာတည်းက လူတွေချည်း ဖြစ်နေတယ်။ မြင်းခြံလား၊ တောင်သာလား မမှတ်မိတော့ပါဘူး။ အဲသည်ဘက်နယ်က တောသူတောင်သားတွေ များတယ် ပြောပါတော့။ သဘောကောင်းကြတယ်။ မန္တလေးလို မြို့ကြီးကို ရောက်လာကြ သူတွေပေသိ တောသူတောင်သားများ သဘာဝ စကားပြောရင် ကျယ်ကျယ် လောင်လောင် ပြောတတ်ကြတယ်။ ရင်ထဲရှိတာ ပိုးပိုးပေါက်ပေါက် ပြောတာများ တစ်ဖက်သား မခံချင်ရင်လည်း မတတ်နိုင်ဘူး ဆိုတာမျိုး။ မြို့မှာ ကြုံသလို၊ ကျသလို လုပ်စားမယ် ဆိုတဲ့စိတ်နဲ့ ရောက်လာကြသူတွေဆိုတော့ ပိုက်ဆံနည်းနည်းပါးပါး လက်တွင်းဆုပ်မိရင် ပျော်နေကြတော့တာ။ တောသံတောဟန်တွေ မပျောက်ကြသေးဘူး။
""ကျုပ်တို့ရွာမှာ မိုးလင်းရင် ပက်ဆပ်မြင်ရသာ မှုတ်ဘူး ဆရာမနှယ်၊ မန်းလေးကျမ ယောက်ျား ဆိုက်ကားနင်းလို့၊ ဘောက်လုပ်လို့ လက်ထဲ ပက်ဆပ် ကိုင်ရသာ။ ကျုပ်ယောက်ျားက ဆိုက်ကား အပေါင်ယူနင်းသာ""
""နာမည်က ဘယ်သူတဲ့လဲ""
""ကျုပ် နာမည်လား၊ ကျုပ်ယောက်ျား နာမည်လား""
""နှစ်ယောက်စလုံးပေါ့""
""ကျုပ်က ဖွားစုံတဲ့။ ကျုပ်ယောက်ျားက ကျန်ကောင်း""
""နာမည်တွေက ဆန်းတယ်နော်""
""ဆန်းဆို ဆရာမနှယ်၊ ကျုပ်အမေက ကလေးချည်း ခုနှစ်ယောက် မွေးခဲ့သာမှာ ကျုပ်က နကျယ်အိမ်ရွံ့ပိတ် အထွေးဆုံး။ ကျုပ်မွေးတဲ့အထိ သားသမီးတွေဖွားသမျှ စုံစုံလင်လင် အဖတ်တင်လို့ ကျုပ်ကို ဖွားစုံမှည့်သာ။ ကျုပ်ယောက်ျားကျတော့ သူ့မအေက အရင်မွေးတဲ့ ကလေးတွေ တစ်ယောက်မှ အဖတ်မတင်ဘူး။ သည်တစ်ခါ ကလေးတော့ ကောင်းကောင်းကျန်ရော့ဆိုပြီး ကျန်ကောင်း မှည့်သာ""
သူတို့မှာ အဲသလို အညာလေ၊ ရွာလေ ထူးထူးဆန်းဆန်း စကားတွေလည်း ရှိတတ်ရဲ့။ ကျွန်မတို့ ငှားနေတဲ့ တိုက်တန်းလျား အပါအဝင် ဆောက်ထားတဲ့ တိုက်တွေက မြစ်တာရိုးခြေ အနိမ့်ထဲမှာ ဆောက်ထားတာဆိုတော့ အောက်နှစ်ထပ်က တာရိုးကြီး ပိတ်နေသလို ဖြစ်နေတယ်။ အပေါ်နှစ်ထပ်က မြစ်လေ ရတာရော၊ မြစ်ကွင်း ကောင်းတာရော ဆိုတော့ ကျွန်မတို့က အပေါ်ဆုံးထပ်မှာ ငှားနေကြတာပါ။ တိုက်က ဆယ်ခန်းတွဲ လေးထပ်ဆိုတော့ အခန်းလေးဆယ်။ အိမ်ထောင်စု လေးဆယ်ပေါ့။ သည်ဘယားအိတ် လေးဆယ်ထဲမှာ တက္ကသိုလ်ဆရာလင်မယား၊ ရှေ့နေလင်မယား၊ ဇာတ်မင်းသားမိသားစုနဲ့ ကျွန်မတို့ စာရေးဆရာလင်မယား တို့လောက်သာ သူစိမ်းပါတယ် ပြောပါတော့။ ကျန်တာ သူတို့နယ်၊ သူတို့ရွာတွေက လူတွေချည်းပဲ။ တစ်ရွာတည်းက ဆိုပေသိ ကျေးရွာချင်းနီးလို့၊ ဆွေမျိုးနီးစပ် တော်ကြလို့ ရောက်လာကြသူတွေလည်း ရှိတာပါပဲ။ ရွာမှာ မပြေလည်ကြတော့ ရောက်နှင့်သူကခေါ်ရင် ရွာက ပိုင်ဆိုင်တာလေး ရောင်းချပြီး ပြေးလာကြပုံ ပေါ်ပါတယ်။
""မဖွားစုံက ဘယ်ရွာကတုံး၊ ကျွန်မလည်း မြင်းခြံသူပဲ""
""မြင်းခြံရောက်ဖူးပ၊ ကျုပ်တို့က တောင်သာ အနောက်ထဲ ကျမှာပေါ့။ ရွာနာမည်က တဲတော်ကုန်းတဲ့။ ကျုပ်တို့မိဘများ ပြောသာလောက်တော့ ရှေးက ဘယ်ဘုရင်ဆိုလား တိုင်းခန်းလှည့်ရင်း ကျုပ်တို့ရွာနားရောက်တော့ တဲနန်းကြီး ထိုးနေသာ။ အဲသာနဲ့ တဲတော်ကုန်း ဖြစ်ရသာ""
""ဘယ်ဘုရင်တဲ့တုံး မဖွားစုံရဲ့""
""မပြောတတ်ပေါင် ဆရာမရယ်။ ဘုရင်တွေကလည်း ပတူအုံ မီးတိုက်သလို အများသား။ ကျုပ်တို့အခန်းဘေးက မဲညိုမတို့က ကျုပ်တို့ရွာရဲ့ အနောက်က၊ ရွာနာမည်က တကောင်းကွဲ။ ရှင်ဘုရင် ရေတကောင်း ကျကွဲလို့တဲ့။ ကျုပ်တို့ မြောက်နားရွာကျတော့ ထီးကြက်တော်တဲ့။ ထီးကြက်တော်ဆိုသာလည်း ဘုရင့်ထီးလို့ ပြောသာပဲ""
မဖွားစုံက ကျွန်မတို့အောက်ထပ်က တစ်ခန်းခန်းမှာ နေသူပါ။ ဘယ်အခန်း ရယ်လို့ ပြောဖို့တော့ခက်တယ်။ ကျွန်မ ဘယ်အခန်းမှ စုံအောင် မရောက်ဖူးတာလည်း ပါပါတယ်။ အိမ်သူမိန်းမသားတွေ ဆိုရင်လည်း သူတို့နဲ့ အတူနေရပြီဆိုတော့ နာမည်နဲ့ လူတွဲမိအောင် မျက်နှာပေါက် မှတ်ထားရတာ များတယ်။ အသားညိုညို စကားပြောမြန်မြန် အင်္ကျီရင်ဖုံး ကြယ်သီးတပ်တွေနဲ့ချည်းကိုး။ မဖွားစုံက ရက်ကန်း ခတ်တတ်သတဲ့။ ဝါကောက် ဗိုင်းငင် ချည်ချ ရက်ကန်းတန်း ဆင်တတ်သတဲ့။ အနှိပ်အနင်းလိုတော့လည်း ခေါ်ပေါ့တဲ့။ ဖအေက ရွာမှာ အနှိပ်သည်တဲ့။
""အဖေ့ကို ကျုပ် အဆင်ပြေပြီ၊ မြို့မှာ တိုက်နဲ့နေရပြီ လာခဲ့ပါဆိုသာ မလာဘူးလေ။ ရွာမှာ အနှိပ်သည်က ငါပဲ ရှိသာတဲ့။ မဟုတ်သာ။ ရွာမှာ ဘယ်လိုလူကမှ ညောင်းလို့ ခေါ်မနှိပ်နိုင်ဘူး။ ညောင်းလို့ ပုံကျကာမှ ကျကရော အနှိပ်မခံကြဘူး။ ပက်ဆပ် ထွက်မှာစိုးလို့။ တောသူတောင်သားများ ညောင်းဖို့လည်း အချိန်မရပါဘူး ဆရာမရယ်။ ရွာတွေမှာက မိုးမကောင်း ယာခြောက် ဆိုတော့ မငတ်ရုံတမည် နေနေကြရသာရယ်။ ကျုပ်တို့တောင် မြို့ရောက်လို့ လက်ဖက်တစ်ရိုး ကွမ်းတစ်ရိုး နေနိုင်သာရယ်""
"ကျွန်မတို့မိဘများ ရွာတွေလည်း သည်လိုပါပဲ။ မဖွားစုံရယ်။ မိုးမကောင်း ချောင်းမစီးပါဘဲ။ သားသမီး ရှိသလား""
""သမီးချည်း သုံးယောက်၊ သား မမွေးဘူး။ ကျုပ်ပဲ မှားသလား၊ ကျုပ် ယောက်ျားဘက်ကပဲ မှားသလား မပြောတတ်ပါဘူး။ ရိုးရာ မှားသာတဲ့၊ သား ယောက်ျားလေး မရနိုင်ဘူးတဲ့။ သားယောက်ျားလေး မမွေးမယ့်အတူတူ ရွာက ခွေးထီးနှစ်ကောင် ခေါ်လာပြီး သား လုပ်ရသာပဲ""
""ခွေးတွေက ဘယ်မှာတုံး၊ ဟုတ်ပါရဲ့ ကျွန်မတို့ တိုက်ခန်းလည်း ခွေးတွေချည်းပဲ""
"ခွေးနှစ်ကောင်က အောက်မှာလေ၊ ပွေးကြီးတဲ့၊ ပွေးလေးတဲ့။ ခေါ်ကြည့်လိုက် အင်မတန် ခင်တတ်သယ်။ ဆရာမအပေါ် ပတတ်ရပ် တက်လိမ့်မယ်""
ကျွန်မဖြင့် ပွေးကြီး ပွေးလေး ဘယ်ဟာလဲသာ မသိတယ်၊ တစ်တိုက်လုံးမှာ ခွေးတွေ မနည်းလှဘူး။ ခွေးတွေဆိုလို့ နိုင်ငံခြားခွေး၊ မျိုးစပ်ခွေးတွေ ဘယ် ဟုတ်ပါ့မလဲ။ လမ်းတွေပေါ်မှာ လေလေလွင့်လွင့် ရှိနေတတ်တဲ့ခွေးတွေပါ။ ပတတ်ထိုးတက်လိမ့်မယ် ဆိုလို့ ပွေးကြီး၊ ပွေးလေး နာမည်တွေ စိတ်ထဲ မှတ်ထားလိုက်မိတယ်။ မခေါ်မိအောင်ပါ။
* * *
တိုက်ခန်းဖွဲ့စည်းပုံကို ကျွန်မ ပြောခဲ့ပါပြီ။ တိုက်အပေါ်ထပ်မှာ နေသူတွေက တောင်ဘက်လှေကားက ဆင်းတော့လည်း ဖြစ်တယ်။ မြောက်ဘက် လှေကားက ဆင်းချင်တော့လည်း ဖြစ်တယ် သေချာတာက ဘယ်လှေကားမှ ခွေး မလွတ်ဘူး။ တိုက်လှေကားတွေရဲ့ ထုံးစံ ကွမ်းသွေး မလွတ်ဘူး။ အမှိုက်တွေ ဆိုတာကလည်း အချသာရှိပြီး အကောက်အပြု မရှိလေတော့ (ဘယ်သူကမှလည်း ထွက် မလှည်း လေတော့) များချင်တိုင်း များနေတော့တာပါ။ ကွမ်းတံတွေးနဲ့ အမှိုက်လှေကားကို သုံးဆစ် ဆစ်ချိုးတက်မှ အပေါ်ထပ်ရောက်တယ်။ သုံးဆစ်ချိုး ဆင်းမှ အောက်ထပ်ရောက်တယ်။ ကျွန်မ ကျောင်းသွားဖို့ ဆင်းဆင်း၊ ကျောင်းက ပြန်လို့ တက်တက် သုံးဆစ်စလုံးမှာ အသက်အောင့်ထားရတယ်။ အဆိုးဆုံးက လှေကား သုံးဆစ်ချိုးကို သုံးခါ အသက်အောင့်ထားရတာ ထားပါတော့။ လှေကား တစ်ထစ်စီမှာ ခွေးတစ်ကောင်နှုန်းနဲ့ ကန့်လန့် အိပ်နေကြတဲ့ခွေးတွေကို မနင်းမိအောင် သတိထားရသေးတာပါ။ တောင်ဘက်လှေကား အောက်ဆုံးထပ် ထောင့်ခန်းမှာ အဆောင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နေတာဆိုတော့ ကျွန်မ ကျောင်းသွားတဲ့ စက်ဘီးက အောက်ဆုံးထပ်က ဥက္ကဋ္ဌအခန်းမှာ ထားရတာပါ။ သူကလည်း တဲတော်ကုန်းသားပဲ။ စက်ဘီးထုတ်ရင်း တစ်ခါတော့ ညည်းမိတယ်။
"ဥက္ကဋ္ဌ ခွေးတွေ လုပ်ပါဦး"
"ဘယ်နှယ် ဥက္ကဋ္ဌ ခွေးရမှာတုံး ဆရာမရဲ့။ သူများခွေးတွေပါ"
"သူများခွေး ဆိုတော့လည်း စည်းကမ်းလုပ်လေ ဥက္ကဋ္ဌရဲ့"
"ခွေးကို ဘယ့်နှယ်လုပ် စည်းကမ်းလုပ်ပါ့မတုံး"
"ခွေးပိုင်ရှင်တွေကိုပေါ့"
"ဆရာမနှယ်, တိုက်က လက်ရှိခွေးတွေရော တခြား တိုက်တွေက ခွေးလေခွေးလွင့်တွေရော သည်မှာ လာစုကြသာဗျ။ ခွေးပိုင်ရှင် ဘယ်လိုလုပ် ရေစစ္စရီ လုပ်မှာတုံး။ ကျုပ်လည်း မောင်းချသာပဲ၊ မရပါဘူးဗျာ။ မိုးများရွာတဲ့နေ့ ဆိုရင် ခွေးတွေက ကျုပ်ဆိုင်က ဆန်အိတ်တွေပေါ်တောင် တက်အိပ်ကြသာ ဆရာမရဲ့။ ကျုပ်တို့ ခုတင်အောက်များ ခွေးနှစ်ကောင်၊ သုံးကောင် အမြဲရှိသယ်။ ကျုပ်အခန်း မီးဖိုချောင်ထဲဝင်ပြီး ကလေးမွေးတဲ့ ခွေးသအုပ်မတောင် ရှိသဗျာ။ ကိုင်း, ဘယ်နှယ်လုပ်မတုံး။ ခွေးက သည်လိုဗျ။ သည်တိုက်ခန်းမှာ နေကြသူတွေက တဲပေါ်ကလူ တိုက်ပေါ်သို့ အစီအစဉ်နဲ့ ရောက်လာကြသာကိုး ဆရာမရဲ့။ သူတို့တဲကလေးတွေ ဖျက်ပြီး တိုက်ပေါ် တက်နေကြသာပေသိ သူတို့မွေးထားတဲ့ခွေးတွေက တိုက်ခန်းရသာ မဟုတ်ဘူးကိုး။ သည်တော့ သခင်နဲ့ နီးတဲ့နေရာ ပုံတော်သလို ခိုနေကြသာပဲ"
"ခွေးတွေကတော့ တိုက်ခန်း မရဘူးပေါ့ ဥက္ကဋ္ဌရယ်၊ အခုဟာက လှေကားထစ်တွေမှာ အိပ်နေကြတာဆိုတော့ ခက်သားပဲ။ ခွေးတွေကို တက်နင်းမိရင် အကိုက်ခံရမှာက ရှိသေး။ ခွေးစော်တွေကလည်း နံလိုက်တာ လွန်ရော"
"ခက်သားပဲ ဆရာမရဲ့၊ ဆရာမတို့လို အပြင် သူစိမ်းက ရှိလှ ဆယ်ခန်းပေါ့။ ကျန်တဲ့ အခန်းသုံးဆယ်က ကျုပ်တို့ ရွာကဟာတွေ၊ တဲနဲ့ နေကြတုန်းက မွေးထားသမျှခွေး တစ်ခန်း နှစ်ကောင်ကျနဲ့ပဲ တွက်ဗျာ။ အကောင်ခြောက်ဆယ်။ တခြားက ဧည့်ခွေး ဆယ်ကောင်ထား။ ပေါင်းတော့ ဘယ်လောက်ပါလိမ့်။ ဆရာမ မိန်းမတွက် တွက်ကြည့်စမ်းပါဦး"
"ခုနစ်ဆယ်"
"ကိုင်းဗျာ, ခွေးအကောင် ခုနစ်ဆယ်။ ကျုပ်က ဘယ်နှယ်လုပ် ခွေး စာရင်းလုပ်လို့ ရမှာတုန်း"
အဆောင်သာယာရေး ကော်မတီ ဥက္ကဋ္ဌလုပ်နေတဲ့ ကိုချစ်မုန်းက လူရိုးပါ။ တိုက်ခန်းတွေမှာ သူတို့တစ်တွေ နေခွင့်ရကြတော့ ကိုချစ်မုန်းကို လူကြီးခန့်ကြတယ်။ ရပ်ကွက်ရုံးကလည်း အသိအမှတ် ပြုထားလေတော့ ကိုချစ်မုန်းက လည်ကတုံးအင်္ကျီ ဘယ်တုန်းကမှ မချွတ်ဘူး။ အင်္ကျီအိတ်ကပ်ထဲမှာ မင်နီမင်ပြာ ဘောပင်နှစ်ချောင်းက ပြူးပြူးပါလို့။ သူ့ရွာသားတွေကတော့ သူတို့ တင်ထားတဲ့ လူကြီးပေမဲ့ ငမုန်း ခေါ်ကြတာများတယ်။ ကိုချစ်မုန်း ရွာက ရောက်စ,တုန်းက ဆိုက်ကားနင်းပါ သေးတယ်။ နောက်မှ အိမ်ဆိုင်ကလေးတည်ပြီး တိုက်ခန်းစလစ် အရောင်းအဝယ်လေး ဘာလေးလုပ်လို့ အဆင်ပြေရာက ဆိုက်ကားဖြုတ်သတဲ့။ ကိုချစ်မုန်းတို့ မိသားစုက သဘောကောင်းတွေ။ သမီးနှစ်ယောက်ကလည်း အားကိုးရပါပြီ။ အိမ်ဆိုင်ကို သည်ကလေးမတွေ တာဝန်ယူကြတယ်။ ကိုချစ်မုန်းမိန်းမက မပေါရွှေတဲ့။ မပေါရွှေက သူ့အခန်းအုတ်နံရံမှာ ဗလာစာရွက်နဲ့ စာရေးကပ်ထားတယ်။
"လူကြီးလက်မှတ်ထိုး သုံးထောင်" တဲ့။ ကိုချစ်မုန်းက လူကြီးဆိုတော့ ထောက်ခံစာတွေ ဘာတွေမှာ တစ်ဆင့် လက်မှတ်ထိုးပေးရတာ ရှိတယ်။
"တချို့က လက်မှတ်သာလိုချင်သာ မသိတတ်လို့ ရေးထားရသာ ဆရာမရေ" လို့ ပြောဖူးတယ်။ သူတို့ အခန်းကျဉ်းထဲမှာ စက်ဘီးထားရင်လည်း စက်ဘီးထားခ လကြေး ယူတတ်ပါရဲ့။ ကျွန်မ စက်ဘီးအပ်တော့ မယူရှာပါဘူး။ ပြောတာလည်း ကြည့်ဦး။
"ဆရာမ စက်ဘီးတော့ ဘေးမဲ့ပါ ဆရာမရယ်။ ကျောင်းဆရာမ ဆိုတော့ ပက်ဆပ် မယူပါဘူး"
ကျွန်မက စက်ဘီးထုတ်တိုင်း ခွေးကိစ္စတွေ ပြောလွန်းတော့ ကိုချစ်မုန်းက အားပဲနာလို့လား၊ စိတ်ပဲတိုလို့လားတော့ မပြောတတ်ဘူး။ တစ်ခါတော့ ပြောလေရဲ့။
"ကိုင်းပါဗျာ၊ ဆရာမ ဒီလောက်ဖြစ်နေမှဖြင့် ကျုပ် ခွေးအစည်းအဝေး ခေါ်ကြည့်ပါဦးမယ်" တဲ့။
ခွေးကိစ္စ အဆောင်လူကြီးတချို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်လို့ ပြောတာပါ။
* * *
ကျွန်မဖြင့် တိုက်ခန်းမှာ သုံးလေးနှစ် နေခဲ့ပေသိလို့ ခွေး အစည်းအဝေး ခေါ်တာ တစ်ခါမှ မကြုံခဲ့ရပါဘူး။ သည်လိုပဲ ခွေးတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေခဲ့ရတာနဲ့ ပြီးခဲ့ရတာပါ။ ခွေးတွေက ဘယ်သူ့တော့ ကိုက်သွားလို့၊ ဘယ် ကလေးတော့ ထွက်ဆွဲလို့ ဆိုတာတော့ မရှိဘူး။ သားပေါက်ထားလို့ ကိုက်ချင် ခဲချင်တဲ့ ခွေးသားအုပ်မတွေကလည်း ရှိတော့ စိတ်ကို တုံးတုံးချလို့တော့ မရဘူးပေါ့လေ။ ငေါက်ရလှန့်ရတာတော့ လုပ်ရတယ်။ ခွေးတွေများသလောက် နာမည်တွေလည်း ရှိတယ်။ ကိုယ့်နာမည်ခေါ်တာ မဟုတ်ရင် မဟုတ်တဲ့ခွေးက ခေါင်းတောင် မငဲ့ဘူး။ တိုက်အောက်ဘက် မြေညီခန်းတွေရှေ့ တာရိုးခြေမှာ ရုပ်ဝတ္ထု နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ပလတ်စတစ် မိုးကာစကလေးတွေ ဖုံးထားတဲ့ ဆိုက်ကားတွေနဲ့ တစ်မျိုးက ခွေးစာကျွေးတဲ့ ခွေးအင်တုံတွေပါ။ အင်တုံဆိုလို့ အကောင်းတွေ ဘယ်ဟုတ်ပါ့မလဲ။ ခွေးစာ အရည်ကလေး အဖတ်ကလေး တည်ရရုံ အင်တုံကွဲ၊ အိုးကွဲ ပက်ပက်ကလေးတွေ များတယ် ဆိုင်ရာဆိုင်ရာ ခွေးရှင်က ဘယ်သူရေ၊ ဘယ်ဝါရေ ခွေးနာမည် တပ်ခေါ်လိုက်ရင်တော့ ခွေးတွေက သိကြပြီ။ လှေကားထစ်တွေပေါ် ရှေ့လက်နှစ်ချောင်းဆန့် လက်ပေါ် မေးစေ့တင်ပြီး အိပ်နေကြရာက တဝုန်းဝုန်း ပြေးဆင်းကြတော့တာပဲ။ ဟပ်ထိုးလဲအောင် စားကြ။ မာန်ဖီကြ၊ ကိုက်ကြခဲကြ၊ နပမ်းလုံးကြ။ ပြီးရင်လည်း ပြီးသွားကြတာပါပဲ။ ပြီးရင် လှေကားထစ်တွေပေါ် ပြန်တက်သွားကြပြန်ရော။
ထူးဆန်းတာက သည်တိုက်ခန်းက အခန်းစုံမှာ နေကြတဲ့ ဘဝတူချင်း တစ်ရွာတည်း တစ်နယ်တည်းက လာကြသူချင်းဆိုတော့ တစ်ဦးမရှိတော့ တစ်ဦး ဖေးဖေးမမ ရှိကြပါရဲ့။ တစ်ပင့်တစ်မ ရှိကြပါရဲ့။ ခွေးကိစ္စ ခွေးစာကျတော့ သည်းမခံတတ်ကြဘူး။ ဆိုပါတော့ မမဲညို ဆိုရင် သူ့ခွေးရယ်လို့ ကျွန်မ သိသလောက် ရှိတာမဟုတ်ဘူး။ ဒါပေသိ သူချစ်တဲ့ ခွေးငါးကောင်လောက်ကို နေ့ခင်းစာ အမြဲကျွေးလေ့ရှိတယ်။ ဒါကို ကျွန်မက သိလို့ရယ် မဟုတ်ဘူး။ မမဲညို ခွေးစာကျွေးတာကို ကျွန်မ ကျောင်းမသွားရတဲ့ ရက်တွေမှာ အပေါ်ဆုံးထပ် ဝရန်တာက လှမ်းမြင်ရလေ့ ရှိလို့ပါ။ မမဲညို ခွေးစာကျွေးရင် တခြားခွေးတွေ မပါဘူး။ သည်ငါးကောင်ပဲ။ တခြား ခွေးတွေ ဝင်လာမှာစိုးလို့ ထင်ပါရဲ့။ သူ့ အရပ်လောက်ရှိတဲ့ အဝေရာပင်သား တုတ်ရှည်ကြီးတစ်ချောင်း ကိုင်ပြီး စောင့်နေတတ်တယ်။ ကျွန်မက အပေါ်ထပ်က လှမ်းကြည့်လို့ မြင်ရတဲ့အခါ တစ်ခါတော့ မမဲညိုကို မေးကြည့်ဖြစ်တယ်။
"မမဲညိုက ခွေးတွေဒဏ် တော်တော်ခံတယ်နော်။ ကျွေးရင်လည်း သည်ငါးကောင်ပဲ။ မမဲညို ခွေးတွေလား"
မမဲညိုက အသံကြားရာ ကျွန်မကို မော့ကြည့်ရင်းက ဖြေတယ်။
"ဘယ်က ကျုပ်ခွေးတွေ ရမှာတုံး။ ခွေးတော့ ရှိခဲ့ဖူးပါရဲ့။ ကားတိုက်လို့ သေပြီ။ တာရိုးပေါ်ပြေးတဲ့ လိုင်းကားမောင်းတဲ့ ကောင်တွေလေ။ ခရီးသည် မဲခေါ်ကြသာနဲ့ ကျုပ်ခွေးကို တိုက်သွားသာ သေပါရောလား။ သည်ခွေး ငါးကောင်က ကျုပ် သဒ္ဒါလို့ကျွေးတဲ့ ခွေးတွေ။ ကျုပ်အပေါ် ကောင်းတဲ့ခွေးတွေ"
"ဘယ်လို ကောင်းတာတုံး မမဲညိုရဲ့"
"ကျုပ် မနက်မနက် ကောင်းညှင်းပေါင်း၊ ပဲပြုတ်ရောင်းထွက်ရင် မိုးမလင်းသေးဘူး ဆရာမရဲ့။ သည် ငါးကောင်က ကျုပ် အခန်းဝကထွက်သာနဲ့ ဘယ်ဆီဘယ်မှာ အိပ်နေမှန်း မသိရပေသိလို့ ကျုပ်မှ တာရိုးပေါ်ရောက်သာနဲ့ ငါးကောင်စလုံး ကျုပ်ရှေ့က ရောက်နှင့်ကြပြီ။ မှောင်ကြီးမည်းမည်းထဲ ကျုပ်ကို တခြားက ခွေးတွေလိုက်ဆွဲမှာ မပူနဲ့။ သည်ငါးကောင်က အသေခံ ကိုက်ကြသာရယ်။ မိုးလင်းလို့ ရောက်တဲ့နေရာက ပြန်ကြတော့ဆိုတော့မှ ပြန်ကြသာ။ ပြန်တော့လည်း ကျုပ်ကို ခပ်လှမ်းလှမ်းက ရပ်ကြည့်နေကြသေးသာ"
"မမဲညိုကို ခွေးတွေက တော်တော်ချစ်ကြတာပါကော"
"ချစ်လှချည့်ပေါ့ ဆရာမရယ်။ အိမ်က လင်တောင် ခွေးလောက် အားမကိုးရဘူးရယ်။ တစ်ခါတော့ ပြောရသယ် မောင်မင်း ဘယ်နှခါ စောစော ထ,ဖူးလို့တုံးလို့။ သည်ခွေးတွေက ကျုပ်အပေါ် ကောင်းတော့ ကျုပ်ကလည်း ကျွေးသလေ"
သည်အချိန်မှာပဲ မီးသွေးနှစ်တွေ အိုးနဲ့ထည့်လာတဲ့ မဆင့်တုံးက အိုးကြီးမ,ပြီး ထွက်လာတယ်။ အိုးထဲက မီးသွေးနှစ်တွေကို လက်နဲ့ ဆုပ်ဆုပ်လုံးရင်း တာရိုးခြေ မြေပြန့်မှာ စီစီရီရီလှန်းတယ်။ ကျွန်မက မီးသွေး ဘယ်လို လုံးတာလဲလို့ စပ်စုတော့ မီးသွေးမှုန့်နဲ့၊ ထမင်းရည်နဲ့ လုံးတာပဲတဲ့။ ရွှံ့စေးကလေးထည့်လုံးရင်း ပိုကောင်းသတဲ့။ ဒါပါပဲ။ မီးသွေးလုံးလေးတွေ စီလှန်းပြီးတော့ မမဲညိုကို လှမ်းပြောတယ်။
"မိညို, ညည်းခွေးကိစ္စပြီးရင် ခွေးတွေ မောင်းထုတ်လိုက်တော့။ ငါ့မယ် နေလေးပွင့်တုန်း လှန်းရသာ။ တစ်နေ့က ညည်းခွေးတွေ နင်းလို့ မီးသွေးလုံး အလုံးငါးဆယ်လောက် ဖွာထွက်ကုန်သယ်။ ညည်းတို့မှ ဖြစ်ရလေအေ၊ အိမ်မရှိ ခွေးမွေး။ သည်ကြားထဲက ခွေးကပဲ လင်ထက်ကောင်းသယ် ဖြစ်ရသေး၊ ညည်း နဂိုက ခွေးယူပါ့လား။ ဘယ့်နှယ်ကြောင့် ငါ့မောင် သောင်းစိန် ယူရသာတုံး"
"ခွေး ယူမလို့ဘဲ တော်ရေ့။ တော့်မောင်က ကျုပ်ကို ကြိုက်လှချည့်ရဲ့ ဆိုလို့။ ဆရာမနှယ် လင်ယူမှားသာတော့ မပြောနဲ့တော့၊ ယူထားတဲ့ လင်မို့လို့ ပါတော်၊ တည်မိတဲ့ဘုရား လင်းတ နားနား ဆိုသာလိုပဲ။ ဆိုက်ကားသာ နင်းသာ သင်းများ သူများဆိုက်ကားလို အိမ်ပြန်လို့ ပက်ဆပ်ပါသာ မှုတ်ဘူး။ ကျုပ် ကောက်ညှင်းပေါင်း ခုလို့ပေါ့ ဆရာမနှယ် လူက လူပျင်း၊ လူပေါ့။ ကျုပ်က လှပ်လှပ်ကလေးရယ်။ ကောင်းကင်လွင့်ချင်နေသာ"
"ညည်း ကောင်းကင်တက်တော့ လူတွေက အောက်မေ့မှာပါ။ ချေးစားစုန်း တိမ်ညွှန့် တက်စားသယ်လို့"
"တော် ဘာစကားပြောသာတုံး၊ ကျုပ်များ ဘာအောက်မေ့လို့တုံး၊ တွေ့လား သည်မှာ တုတ်။ မဆင့်တုံးနော်, ခေါင်းရိုက်ခွဲပစ်လိုက်မယ်"
"ညည်းက တုတ်, ဟုတ်လား၊ ကိုင်းတော်"
မဆင့်တုံးက အနားက မီးသွေးနှစ်တွေ ထည့်ထားတဲ့အိုးကို နှုတ်ခမ်းက ကိုင်ပြီး မြေပေါ် ဆောင့်ချလိုက်ကရော။ သည်တော့မှ အိုးလည်ခွေဖင်ကျွတ်ကို ကိုင်ပြီး ဆတ်ခနဲ ထ,တယ်။ တစ်ယောက်က လူ့အရပ်လောက်ရှိတဲ့ တုတ်ကြီးနဲ့၊ တစ်ယောက်က အိုးလည်ခွေ အခွေလိုက်ကြီးနဲ့။ အမှုထဲ ကိုယ်ပါ ပါနေတော့ ကျွန်မလည်း အပေါ်ထပ်ကနေ အော်ရတော့တာပါ။ ကျွန်မ အော်သံကြောင့် ထင်ပါရဲ့၊ ဥက္ကဋ္ဌလုပ်တဲ့ ကိုချစ်မုန်းနဲ့ သမီးတွေ ထွက်လာရော။ ဥက္ကဋ္ဌက ပြေးလာရင်း စကားတစ်ခွန်း ပြောလိုက်တော့ တုတ်တစ်ဖက်၊ အိုးလည်ခွေတစ်ဖက် ကိုင်ထားကြတဲ့ မိန်းမနှစ်ယောက် ငြိမ်သွားကြတယ်။
"အေး, နေရတုန်း သတ်ကြပုတ်ကြဟေ့၊ မနက်ဖျင် သန်ဘက် ဘယ်ရောက်မှန်း မသိတဲ့ဟာတွေ"
မမဲညိုကလည်း သူ့တုတ်ကြီးပစ်ပြီး အခန်းထဲ ဝင်သွားသလို မဆင့်တုံးကလည်း ကိုင်ထားတဲ့ အိုးလည်ခွေကျိုးကို ခွမ်းခနဲ ပစ်ချပြီး ဝင်သွားလေရဲ့။ ဥက္ကဋ္ဌ ကိုချစ်မုန်း ပြောလိုက်တဲ့စကား ဆန်းတယ်လို့တော့ သတိထားမိသား။
* * *
ကျွန်မတို့နေတဲ့ တိုက်ခန်းရှေ့တည့်တည့် တာရိုးပေါ်မှာ ကွမ်းယာဆိုင် တစ်ဆိုင်ရှိတယ်။ အဲသည်တုန်းကတော့ တစ်ဆိုင်တည်းသော ကွမ်းယာဆိုင်ပါ။ ကွမ်းယာတင် မကပါဘူး။ ကလေးသရေစာထုတ်တွေ၊ ငှက်ပျောဖီးကြီးတွေ တန်းထိုးပြီး ချိတ်ထားတတ်လေတော့ လူကြီး၊ ကလေး ဝယ်စားတတ်ကြတယ်။ ဆိုင်ရှေ့ ခုံတန်းရှည်နှစ်လုံး တစ်ဖက်တစ်ချက် ချထားလို့ ထိုင်စရာဖြစ်ရတယ်။ လိုင်းကား တစ်စီးတလေ စောင့်ချင်တော့လည်း အဲသည် ခုံတန်းတွေပေါ် ထိုင်ရုံပါ။ တိုက်ခန်းက လူတွေကသာ တစ်ခါတလေမှ ထိုင်ဖြစ်ကြတာပေမဲ့ အဲသည် ခုံရှည် နှစ်လုံးပေါ်မှာ အမြဲထိုင်တဲ့လူ နှစ်ယောက် ရှိတယ်။ တစ်ယောက်က ကိုပေါက်ရှန်။ ဗမာတရုတ် ကပြားလား၊ မသိဘူး။ ဗမာစကား ကောင်းကောင်းပြောတတ်တယ်။ နောက်တစ်ယောက်က ကိုပေါက်ရှန်ရဲ့မိန်းမ မရှုဝမ်။ မရှုဝမ်ကလည်း တရုတ်မ ပါပဲ။ မရှုဝမ်က ကျွန်မတို့ ရှေးဗမာတွေအခေါ် ဘယားအိတ်ဆိုတဲ့ ပိုက်ဆံအိတ် ကြီးကြီးတစ်လုံး ချိုင်းလွယ်ပြီး၊ သည် ကွမ်းယာဆိုင်မှာ နေကုန် ထိုင်တယ်။
သည်ကွမ်းယာဆိုင်က ကိုပေါက်ရှန်နဲ့ မရှုဝမ်ရဲ့ ရုံးခန်းဆိုလည်း ဟုတ်တယ်။ သတင်းရရာ ရကြောင်း စုံထောက်စခန်း ဆိုတော့လည်း ဟုတ်တယ်။ သည်တိုက်ခန်းတွေမှာ ကိုပေါက်ရှန်လက်ထဲ ရောက်နေတဲ့ အခန်းတွေက အများကြီး။ လက်ထဲရောက်တယ် ဆိုတာက တိုက်ခန်း နေထိုင်ခွင့်စလစ်ကို မတန်တဆဈေးနဲ့ ဈေးနှိမ်တာမျိုး၊ အတိုးကြီးကြီးနဲ့ နှစ်ချုပ်ပြီး အပေါင်ခံထားတာမျိုးကို ပြောချင်တာပါ။ တရုတ်တွေပေမဲ့ စကားပြောကောင်းကြတယ်။ သူတို့လက်သုံးစကားက "မရှိရင်ယူလေ" တဲ့။ မရှိသူတွေ စုနေတဲ့နေရာဆိုတော့ ယူရတာပေါ့။ ယူမိပြီ ဆိုရင်တော့ အိမ်ထရံ ခြ,တက်သလိုသာ အောက်မေ့တော့။ ကျွန်မတို့တောင် ကိုပေါက်ရှန်တို့ လင်မယားလက်ထဲက သူတို့ပိုင် အခန်းတစ်ခန်းမှာ အခန်းငှားနေရတာပါ။ တစ်လလေးထောင် တစ်နှစ်စာ လေးသောင်းရှစ်ထောင် ပေး၊ သူတို့စာချုပ်မှာ လက်မှတ်ထိုး၊ တက်နေရုံပဲ။ လျှပ်စစ်မီးကတော့ မန္တလေးတစ်မြို့လုံး ပျက်တဲ့ကာလဆိုတော့ အမှောင်ထဲနေရတာ ကိုယ့်ကိစ္စ။ ရေကတော့ ရေစက်နဲ့ မောင်းတင်တာကိုသုံး။ စက်မောင်းသမားကို လခပေးရတာ ၊ စက်ပျက်ရင် ဝိုင်းပြင်ရတာမျိုး ရှိလေတော့ သည်ကုန်ကျစရိတ်ကို တိုက်ခန်း နေကြသူတွေက ဝေပုံကျ ခံကြရတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကလည်း အိမ်ထောင်ကျစ, ဆိုတော့ နေရေး ကိစ္စလေးမှ အဆင်ပြေစေတော့ရယ်လို့ ကိုပေါက်ရှန်တို့ဆီက အခန်း ငှားနေရတာပါပဲ။ တစ်နှစ်မပြည့်ခင်တော့ ကိုပေါက်ရှန်တို့လင်မယားက တိုက်ခန်းပေါ် ယောင်လို့တောင် တက်မလာကြဘူး။ တိုက်ဝ တာရိုးပေါ်က ကွမ်းယာဆိုင်မှာ ထိုင်နေကြတာပဲ။ ဥစ္စာပုံကို စောင့်နေကြတဲ့ သိုက်စောင့်လင်မယားလို တစ်တိုက်လုံးကို လှမ်းကြည့်နေကြတော့တာပါ။ သည်လိုနဲ့ တောသူတောင်သားများ နေခွင့်ရထားကြတဲ့ တိုက်ခန်းစလစ်တွေက သူတို့ ပိုက်ဆံအိတ်ကြီးထဲ ရောက် ရောက်သွားကြတာ များပြီ။ ပိုက်ဆံ ငါးသောင်းလောက် ယူထားမိသူက ဘယ်လိုမှ အတိုးမသတ်နိုင်ဘူး။ ဘယ်တော့မှလည်း အရင်းမကျေနိုင်ဘူး။ သည်လိုနဲ့ တိုးရင်းတွေ၊ ပွားချင်းတိုင်းပွားပြီး အချိန်တန်တော့ ကိုပေါက်ရှန်တို့ လင်မယားကို ထိုးအပ်လိုက်ရတာ များပြီ။
တစ်ခါတော့ တာရိုးခြေကို ဆင်းလာတဲ့ မရှုဝမ်ကို ခွေးတစ်ကောင်က ကိုက်လိုက်ပါလေရော။ ခြေဖနောင့်ကို လှမ်းဆွဲလိုက်တာပါ။ သည်တိုက်ခန်းရှေ့မှာ ဈေးသည်တွေ သွားနေကြတာ၊ ရဟန်းတွေ ဆွမ်းခံကြွတော်မူကြတာ၊ သီလရှင်တွေ အတန်းလိုက် ဆွမ်းဆန်တော် ခံကြတာ၊ သူ့ဧည့် ကိုယ့်ဧည့် ဝင်ထွက်နေကြတာတွေ များလှပေါ့။ ဘယ်သူမှ ခွေးကိုက်ခံရတယ် မရှိခဲ့ဖူးဘူး။ ခွေးတွေ များတာလည်း မှန်ပါရဲ့။ ဘယ်ခွေးကမှ သူစိမ်း၊ သူကျက်ရယ်လို့ လှည့်လို့တောင် မကြည့်ကြတဲ့ကြားက အကိုက်ခံလိုက်ရတယ် ဆိုတာက သတင်းဖြစ်ကရော။ ခက်တာက ခွေးပိုင်ရှင် ပြဿနာရှာချင်လို့လည်း မရဘူး။ ဘယ်သူမှ ခွေးပိုင်ရှင် မဟုတ်ဘူးကိုး။ သည်လိုပဲ ဟိုက သည်က ရောက်လာကြတဲ့ ခွေးတွေထဲက တစ်ကောင်က ကိုက်လိုက်တာဆိုတော့ ဘယ်ခွေးက ကိုက်လိုက်မှန်းတောင် မသိလိုက်ကြဘူး ပြောပါတော့။
တိုက်ခန်းက မဂျိုးမဆိုတဲ့မိန်းမ ခွေးကိုက်မန်း ကောင်းတယ်ကြားလို့ မရှုဝမ်က ငွေနှစ်ရာ၊ ကွမ်းနှစ်ယာနဲ့ သွားရတယ်။ မဂျိုးမကလည်း ရှားရှားပါးပါး ခွေးကိုက်လူနာ ရောက်လာတယ်ဆိုတော့ မန်းပေးတာပါပဲ။ ကျွန်မက သည်သတင်းကြားလို့ မဂျိုးမကို မေးကြည့်တယ်။ ဖင်ထိုင်ခုံကို မီးသွေးခဲနဲ့ ခွေးမန်းကိုရေး၊ ခုနစ်အုပ်ရွတ်ပြီး ခွေးကိုက်ရာပေါ် ဖင်ထိုင်ခုံပေါ်က မီးသွေးစာနဲ့ ပွတ်တိုက်ရသတဲ့။ ခွေးကိုက်ပြီးစမှာ အလွန်ပူနေလေတဲ့ ဝေဒနာဟာ မီးသွေးမန်းနဲ့ တွေ့တာနဲ့ ချက်ချင်းအေးတာပဲ ဆိုတာလည်းပါရဲ့။
"ကျုပ်တို့ရွှာတွေတော့ သူ့ခွေးနဲ့သူ ခွေးမန်း ပျောက်သာပဲ ဆရာမရဲ့။ မြို့မှာလို ခွေးဆေးတက်ထိုးကြသယ် ဘယ်ရှိမှာတုံး။ မြို့ကခွေးတွေတော့ ကျုပ် တို့ဆေးက စွန်း (စွမ်း) မစွန်း မသိဘူး။ ဆေးစွန်းရင် ပျောက်မှာပဲ။ မစွန်းရင် ရောင်လာမှာပဲ။ ကျုပ်တို့ဆေးမန်းက ဗမာတော့ ပျောက်သာပဲလေ။ တလုတ်မတော့ မပြောတတ်ဘူး"
"ခွေးကိုက်မန်းတယ်ဆိုတဲ့ စာက ဘယ်လိုတဲ့တုံး"
"မပြောရဘူး ဆရာမရဲ့၊ ပြောရင် ဆေးမစွန်းတော့ဘူး။ သည်ပညာက ကျုပ်အဘက သင်ပေးလိုက်သာရယ်။ ကျုပ်အဘက ခွေးများတော့ လာခဲ့ထဲက။ အိမ်မှာ ခွေးမွေးမယ်ဆိုရင် ဆရာမကို သင်ပေးရဦးမယ်။ ခွေးက ခြေသည်း လက်သည်း မည်းရမယ်၊ အမြီးက ပုတ်သင်မြီး ဖြစ်ရမယ်၊ မျက်ဆန် ပြူးရမယ်၊ အမွေးကြောင်ရမယ်၊ နားရွတ်ရှည်ရမယ်၊ ကျုပ်တို့ အဘများ ပြောဖူးသာပါ"
"ကျွန်မတို့ တိုက်ခန်းက ခွေးတွေကကော ခွေးကောင်းတွေလား"
"ကျုပ်ပြောတဲ့ ခွေးမျိုး တစ်ကောင်မှ မပါဘူး"
မရှုဝမ်ကတော့ သူ့အိမ်ရောက်လို့ အင်္ဂလိပ်ဆေး ကူ, မကူတော့ မပြောတတ်ဘူး။ တစ်ပတ်လောက် လူပျောက်သွားရာက ကွမ်းယာဆိုင် ခုံတန်းရှည်ပေါ် ပြန်ထိုင်တာပါပဲ။ မဂျိုးမ ဆေးက စွမ်းလို့တဲ့။ အဲသည်ကတည်းက မရှုဝမ်လည်း ခွေးတွေ တရုန်းရုန်းထ,နေတဲ့ ကျွန်တို့ တိုက်ခြေကို သိပ် မကပ်ရဲတော့ဘူး။ မရှုဝမ်က တိုက်ခြေမကပ်ပေသိ တိုက်ခန်းစလစ်တွေကတော့ မရှုဝမ်ရဲ့ ဘယားအိတ်ကြီးထဲ သွားသွားကပ်ကြတာပါပဲ။
သည်သတင်းတွေကို အဆောင်သာယာရေး ကော်မတီ ဥက္ကဋ္ဌကတော် မပေါရွှေက မနက်မနက် ကျွန်မ စက်ဘီးထုတ်တဲ့အခါ ခွေးသတင်းပေးတတ်လို့ သိရတာပါ။ ဥက္ကဋ္ဌအိမ်ဆိုင်မှာ မနက်မနက် ဈေးဝယ်သူ၊ အကြွေးယူသူတွေ များတတ်တော့ ကျွန်မကျောင်းသွားဖို့ စက်ဘီးထုတ်ပြီဆိုရင် မိန်းမတစ်ယောက် ယောက်၊ ဒါမှမဟုတ် အနားရှိတဲ့ ယောက်ျားသားတစ်ယောက်ယောက်က တာရိုးပေါ်အထိ စက်ဘီး တွန်းပို့တတ်တယ်။ အဲသည် မနက် တာရိုးပေါ် တွန်းပို့ပေးသူက မသေးလှီတဲ့။ အပေါ်သွားခေါခေါ ရှည်ရှည်ကြီးနှစ်ချောင်းက အောက်နှုတ်ခမ်းပေါ် တင်နေလို့ မသေးလှီ စကားပြောရင် သွားနှစ်ချောင်းက တက်ချည်ကျချည်နဲ့ မောင်းထောင်းနေသလို ဖြစ်နေတတ်တယ်။ သဘောကလည်း ကောင်းပါရဲ့။ မသေးလှီက တာရိုးပေါ်ရောက်တော့ စက်ဘီးကို ဒေါက်ထောက် ပေးတယ်။ ကျွန်မကိုလည်း စက်ဘီးပေါ် မတက်ခင် ထဘီ နောင်းနောင်း ဝတ်လိုက်ဦးတဲ့။ နောင်းနောင်းဆိုတာ မြဲမြဲလို့ပြောတာပါ။
"မသေးလှီ စက်ဘီးတွန်းသွားတာများ သွက်လိုက်တာ၊ စက်ဘီး စီးတတ်တယ်ပေါ့"
"ကျုပ် မြို့ထဲ ပွဲရုံတွေကိုပဲ ရွေးသွားရင် စက်ဘီးနဲ့သွားသာ ဆရာမရဲ့။ စက်ဘီးစုတ်ပါတော်။ ဆရာမ စက်ဘီးလို ငှက်မြီးရှည် မဟုတ်ပါဘူး"
ကျွန်မစက်ဘီးတံဆိပ်က ရစ်ငှက်တံဆိပ် (Phesant) ကို ပြောတာပါ။
"ပဲရွေးတာ ကြာပြီပေါ့"
"မန်းလေး ရောက်ကတည်းက ပြောပါတော့ ဆရာမရယ်။ အခု ဥက္ကဋ္ဌ လုပ်နေတဲ့ကောင် ငမုန်းနဲ့ ကျုပ်တို့ လင်မယားက အရင်ဆုံး မြို့ရောက်တဲ့ဟာကို။ ကျုပ်တို့ ရောက်စကလည်း သည်လိုပါပဲ။ တဲတွေနား ခွေးတွေနဲ့ တစ်စပ်တည်း နေရသာပါ။ ခွေးဆိုသာကလည်း လူစာ မှီစားရသာဆိုတော့ လူတွေအနား နေသာပေါ့။ ကျုပ်ဖြင့် ရောက်စက မုန့်ပဲဆုပ်လုပ်ပြီး ဈေးထဲ လှည့်ရောင်းဖူးသေးသာ။ ဈေးကွဲတော့ အမဲရိုး၊ ဆိတ်ရိုး အကျိုးကြေတွေ ဈေးကတောင်းလာပြီး ဆန်ကွဲနှစ်ဘူးနဲ့ အရင်ကျိုသာပဲ။ လူစာက ဈေးမသွားခင်က ချက်ပြီးသား။ ယောက်ျားကို ထမင်းထုပ်, ထုပ်ပေးရသေးသာကိုး။ ဈေးက ပြန်လာသာနဲ့ ခွေးစာကို ကျကျနန ကျိုကရော။ ပျစ်ပြီဆိုသာနဲ့ ကျုပ်က ယောက်ချိုကြီး တစ်ဇွန်းစာခပ်လောက် သောက်သေးသာ၊ ကောင်းလိုက်သာ ဆရာမနှယ်။ အဲသလို ကျွေးခဲ့တဲ့မိန်းမ အခု မလုပ်နိုင်တော့ဘူး"
"ဘာဖြစ်လို့လဲ"
"ရော်, ဆရာမနှယ်၊ လူစာမှ အနိုင်နိုင် ထမင်းကျင်းက နက်ပါဘိသနဲ့၊ မုန့်ပဲဆုပ်အမြတ်နဲ့ နေ,မဖြစ်ဘူး။ တစ်နေကုန် မြို့ထဲက ပွဲရုံမှာ ပဲရွေးရသာ ခါးကိုချည့်ကရော့"
တစ်ခါတစ်ခါတော့ ကျွန်မတို့နဲ့အတူ တိုက်ကြီးတစ်လုံးတည်း နေကြတဲ့ နေဖော်နေဖက်တွေအကြောင်း စဉ်းစားကြည့်မိတယ်။ အားလုံးလိုလိုပါပဲ။ တောသူ တောင်သားတွေပီပီ အနေရိုးကြတယ်။ ဝမ်းရေးအတွက်ရယ်လို့ တောကနေ မြို့တက်လာကြပေသိ သူတို့ဘဝ နေနည်းအတိုင်း နေကြသူတွေပါ။ တောဓလေ့ တောဟန်မပျောက်ကြသူချည်းပါပဲ။ ယောက်ျားသားတွေလည်း သည်လိုပဲ။ ကျွန်မတို့အိမ်မှာ လေးလေးပင်ပင် မ,ရမယ့် အလုပ်မျိုး၊ ရေစက်ပျက်လို့ ရေ နှစ်ထမ်း၊ သုံးထမ်း၊ ထမ်းတင်ပေးပါဦး ဆိုတာမျိုးကအစ သူတို့ပဲ အားတဲ့သူက အားသလို လုပ်ပေးကြတယ်။ အိမ်က ဆရာဆိုရင် လိုင်းကားတောင် မစီးတော့ပါဘူး။ သူတို့ နင်းတဲ့ ဆိုက်ကားပဲ စီးတော့တာပါ။ တချို့ အရက်သောက်တတ်ကြတာက လွဲလို့ ကျန်တဲ့ သီလလေးပါး လုံကြတယ်။ မိန်းမသားတွေကတော့ ငါးပါးစလုံး လုံတယ်လို့တောင် ပြောနိုင်ပါရဲ့။
သူတို့ ဘဝတွေနဲ့အတူ ရှိနေကြတဲ့ နိမ့်ပါးတဲ့ သတ္တဝါတွေကိုတောင် မေတ္တာ ထားနိုင်တဲ့ စိတ်မနောဓာတ်ဟာ အံ့ဩစရာကောင်းလိုက်ပုံများ။ ဝိုင်းလုံခြုံလုံဖို့ သည်ခွေးတွေကို သူတို့ ကျွေးခဲ့မွေးခဲ့ကြတာလည်း မဟုတ်ဘူး။ သူတို့မှာရှိတဲ့ တိုက်ပေါ်နေထိုင်ခွင့် စလစ်ကလေးကလွဲလို့ ဘာ လက်ဆုပ် လက်ကိုင်မှလည်း ရှိတာမဟုတ်ဘူး။ သူတို့အားလုံးမှာ တူတဲ့ အချက်တစ်ချက်တော့ ရှိတယ်။ အဲဒါက သူတို့အားလုံး မဟုတ်ရင်တောင် အတော်များများက တိုက်ခန်းပေါ်နေထိုင်ခွင့် စလစ် (Slip) တွေ ပေါင်ထားကြတာပါ။ သည်လိုနဲ့ ဆုံးကြတာများလို့ တိုက်ခန်းပေါ်က ဆင်းပေးရတာတွေ ရှိလာတယ်။
တစ်ညနေ ကျွန်မ ကျောင်းကပြန်တော့ စက်ဘီးတစ်ဖက်နဲ့ တာရိုးပေါ်က ဇောက်ထိုးဆင်း၊ စက်ဘီးကို မြေညီထပ် လှေကားခြေက ဥက္ကဋ္ဌအခန်းမှာအပ်၊ ခွေးတွေ တန်းစီအိပ်နေတဲ့ လှေကားထစ်တွေကို ဝါးညှပ်က, ကသလိုရှောင်ရင်း တစ်ထစ်ချင်း နင်းတက်လာတော့ အပေါ်က လူဆင်းလာသံကြားတာနဲ့ ဘေးနား ကပ်ပေးလိုက်တယ်။ လှေကားကွေ့မှာ ဘွားခနဲ ပေါ်လာသူက မဖွားစုံ။ ခေါင်းပေါ်မှာ စောင်ထုပ်ကြီးတစ်ထုပ်၊ လက်မှာ မြွေရေခွံအိတ်ကို ထိပ်စကြိုးချည်ထားတာက တစ်ဖက်၊ ဘယ်ဖက်လက်မှာတော့ ကြိမ်ခြင်းကြီးတစ်ခြင်းနဲ့ မနိုင်မနင်း ဆင်း လာတာပါ။ ကျွန်မက အထုပ်ကို လှမ်းယူတော့ နေပစီ ဆရာမ၊ ကျုပ်က နိုင်သယ်ရယ်တဲ့။ ကလေးသုံးယောက်နဲ့ ခွေးနှစ်ကောင်သုံးကောင်က နောက်က။ မဖွားစုံက လက်နှစ်ဖက်က အထုပ်နဲ့ခြင်းကို ဖုတ်ခနဲ ပစ်ချရင်း ခဏနားတယ်။
"ဆရာမရေ, သွားပြီနှော"
"ဘယ်တုံး မဖွားစုံရဲ့၊ ရွာပြန်ကြမလို့လား"
"မဟုတ်ဘူး ဆရာမရေ၊ ကျုပ်တို့ကို နတ်က နှင်ချပြီ"
"ဘယ်လိုနှင်ချတာတုံး၊ ဘယ်သူက နှင်ချတာတုံး"
"ကျုပ်တို့ တိုက်ခန်းရခါစ ကတည်းက ပေါင်ထားတဲ့ စလစ်စာရွက်က ဆုံးပြီလေ။ ကျုပ်က ကိုပေါက်ရှန်ရယ် ခြောက်လ၊ တစ်နှစ်တော့ စောင့်ပါ ဆိုသာတောင် မရပါဘူး ဆရာမရယ်"
"အို, ဖြစ်ရလေရှင်၊ နေပါဦး။ အခုက ဘယ်မှာ နေကြမှာတုံး"
"ကမ်းနားတာရိုးနဲ့ လက်ပံပင်ခြေမှာ တဲတစ်လုံး ထိုးထားကြသယ်။ တဲကလည်း ကြီးကြီးထိုးလို့ဖြစ်သာ မှုတ်ဘူး။ သည်လိုပဲ ပြုံတိုးနေကြရမှာပဲ ခဏတော့"
ကျွန်မက ဘာစကားမှ မပြောနိုင်ခင် ချထားတဲ့ မြွေရေခွံအိတ်ထုပ်နဲ့ ကြိမ်ခြင်းကြီးကို ကောက်မ,တယ်။ ကျွန်မက ကလေးသုံးယောက်ကို မုန့်ဖိုး ပေးတော့ မဖွားစုံက သာဓုပါတော်တဲ့။
"နေပါဦး အခုက ဘယ်လိုသွားကြမှာတုံး"
"တာရိုးပေါ်မှာ ကျုပ်အိမ်သား ဆိုက်ကားနဲ့ စောင့်နေလေရဲ့၊ ကိုင်း, သွားရော့မနှော"
ကျွန်မ အပေါ်ထပ် ဆက်မတက်နိုင်သေးဘူး။ ပထမထပ် ဝရန်တာ ထောင့်က ရပ်ကြည့်နေမိတယ်။ မဖွားစုံက တာရိုးခြေရောက်တော့ လင်လုပ်သူက အထုပ်ကြီး ဆင်းယူတယ်။ ဆိုက်ကားပေါ် မဖွားစုံတက်တော့မှ မဖွားစုံပေါ် စောင်ထုပ်ကြီး တင်တယ်။
ကလေးသုံးယောက်က နောက်ခုံမှာ။ ကယ်ရီယာခုံပေါ်မှာ ခြင်းတွေနဲ့ မြွေရေခွံထုပ်။ ဆိုက်ကားထွက်တော့ မဖွားစုံက ကိုယ်နေခဲ့သကောရယ်လို့ နေခဲ့တဲ့ တိုက်ခန်းဘက် လှည့်လို့တောင် မကြည့်ပါဘူး။ ပွေးကြီးနဲ့ပွေးလေး ခွေးနှစ်ကောင်က နောက်က တကောက်ကောက် လိုက်သွားလေရဲ့။
* * *
ကျွန်မတို့မိသားစု တိုက်ခန်းကပြောင်းပြီး မြို့သစ်မှာ အခြေချကြတာ ဆယ်စုနှစ် တစ်စုစာ ရှိခဲ့ပါပြီ။ မြို့သစ်ကနေ တစ်ပတ်တစ်ခါ အမေ့အိမ်ကို သွားတဲ့အခါ မြို့ထဲဘက်ကချည်း သွားကြတာဆိုတော့ တိုက်ခန်းတွေဘက် မရောက်ဖြစ်တော့ပါဘူး။ လူသစ်တွေ ရောက်နေကြပြီ ဆိုတာလောက်တော့ ကြားပါရဲ့။ ကျန်တော့ ကျန်ကြဦးမှာပါ။ ဘယ်သူတွေကျန်လို့ ဘယ်သူတွေ ပြေးရှာကြပြီလဲလို့တော့ မသိနိုင်ဘူးပေါ့လေ။
တစ်ရက်သား ကျွန်မတို့ သားအမိနှစ်ယောက် အိမ်မှာ လိုတာလေးဝယ်မယ် ရယ်လို့ ဈေးချိုကို သွားဖြစ်တယ်။ ဈေး တော်တော်ဝယ်ပြီးတော့ ငါးခြောက်ကလေး၊ ငါးပိကလေးဝယ်ချင်လို့ ကုန်ရုံတန်းဘက် ကူးကြတယ်။ ကျွန်မကို မိန်းမ တစ်ယောက်က တို့,လိုက်တယ်ထင်လို့ လှည့်ကြည့်လိုက်တော့ ကျွန်မ မြင်ဖူးတဲ့ မျက်နှာ။ ဘယ်သူများပါလိမ့်။ နည်းနည်း ဝ,လာတာရယ်၊ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ဝတ်ထားတာရယ်ကလွဲရင် မျက်နှာက မမှတ်မိစရာမရှိဘူး။ မပေါရွှေ။ အခန်းနံရံမှာ ဘောပင်နဲ့ "လူကြီးလက်မှတ်ထိုး သုံးထောင်" လို့ ရေးတဲ့ မပေါရွှေ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေခဲ့ဖူးတဲ့ တိုက်ခန်းမှာ ကျွန်မတို့ကို စောင့်ရှောက်ခဲ့တဲ့ မပေါရွှေ။ ဥက္ကဋ္ဌ ကိုချစ်မုန်းကတော်က သောင်သောင်သာသာ ဖြစ်နေလို့ ဝမ်းသာရတယ်။
"မပေါရွှေ ဈေးလာဝယ်တာလား၊ သမီးတွေကော"
"မှတ်မိသားပဲ၊ ကျုပ်က ဆရာမ မမှတ်မိလောက်ဘူး ထင်နေသာ၊ သမီးတွေ လင်ရကြပြီ။ ကျုပ်ဖြင့် မြေးတောင် ချီရပေါ့"
မပေါရွှေက လေမပြောင်းပါဘူး။ မပေါရွှေကိုကြည့်တော့ အိမ်ဆိုင်အတွက် ထင်ပါရဲ့။ ငါးခြောက်ငါးခြမ်းတွေ ဝယ်ထားတာ မနည်းလှဘူး။ ကုန်စုံဆိုင်ကြီး ဖြစ်ရောပေါ့လေ။
"ဥက္ကဋ္ဌရော"
"ကိုချစ်မုန်းလား၊ အခုလည်း ဥက္ကဋ္ဌပဲ ဆရာမရေ။ သူက တက်လာတဲ့ လူကြီးတွေနဲ့ ပါတီကျတော့ ဥက္ကဋ္ဌမြဲသယ်။ ကျုပ်ကလည်း ပြောရသယ်။ မောင်မင်းတစ်သက်လုံး ဥက္ကဋ္ဌသာ လုပ်ဟဲ့လို့"
မပေါရွှေနဲ့တွေ့တုန်း စကားတွေပြောဖြစ်ပါရဲ့။ ကျွန်မတို့နေတုန်းက တဲပေါ်က တိုက်ပေါ်တင်တွေ မရှိကြတော့ဘူးတဲ့။ တိုက်ပေါ်က တဲပေါ် ပြန်ရောက်သွားကြပြီတဲ့။ တိုက်ခန်း စလစ်ကလေးတွေ လက်ထဲဆုပ်ပြီး နေခဲ့ကြရာက ရသလောက်နဲ့ ရောင်းစား ပေါင်စားမိကြလို့ ဆင်းပေးကြရတာနဲ့၊ အတိုးကြီးမသတ်နိုင်လို့ မဖြစ်စလောက်ငွေနဲ့ အပေါင်ဆုံးရတာနဲ့ တိုက်ပေါ်က ဆင်းပေးကြရတာတွေ မနည်းဘူးတဲ့။ သည်လိုပဲ ဖြစ်မှာပေါ့လေ။ မပေါရွှေ ပြောပုံတော့ တိုက်ခန်းငှားခတွေလည်း ကျွန်မတို့နေစကလို မရတော့ဘူးတဲ့။ တစ်လ သုံး၊ လေးသောင်း ဖြစ်ကုန်ကြတဲ့အကြောင်း၊ တိုက်ခန်း အရောင်းအဝယ် ကလည်း တစ်ခန်းကို သိန်းခြောက်ဆယ်၊ ခုနစ်ဆယ်ဖြစ်ကုန်ကြတဲ့ အကြောင်းတွေလည်း ပါရဲ့။ တစ်ခါက တိုက်တန်းလျားပေါ် တရုန်းရုန်း နေခဲ့ကြတဲ့ တဲတော်ကုန်း၊ တကောင်းကွဲ၊ ထီးကြက်တော် ရွာတွေက ရွာသူရွာသားတွေ ဘယ်များရောက်ကုန်ကြပါလိမ့်။ မပေါရွှေကို မေးကြည့်မိတယ်။
"ကျုပ်တို့ရွာဘက်က ဟာတွေလား၊ ကိုယ့်ရွာ ကိုယ်မပြန်ကြတော့ဘူး ဆရာမရဲ့။ ရွာပြန်ရင် သည့်ထက်ငတ်မှာဆိုတော့ ကြုံရာ တဲထိုးနေကြရုံပေါ့။ ဆရာမတို့ နေတုန်းက လူတွေထဲတော့ ကျုပ်တို့ တစ်ဦးကျန်ရဲ့"
မပေါရွှေက သဘောရိုးနဲ့ ပြောနေတာပေသိ ကျွန်မ စိတ်ထဲမှာတော့ ရာသက်ပန် ဥက္ကဋ္ဌဆိုတဲ့ ကိုချစ်မုန်းကို မြင်ယောင်မိတယ်။ ဘယ်က ဘယ်လို ကျွန်မ ခေါင်းထဲဝင်လာတယ် မသိပါဘူး။ ခွေးတွေကို သတိရလိုက်မိတာနဲ့ ဖျတ်ခနဲ မေးလိုက်မိတယ်။
"ဒါနဲ့ ခွေးတွေရော မရှိကြတော့ဘူးပေါ့"
"လူတွေမှ ကစဉ့်ကလျားဟာကို ဆရာမရယ်။ ခွေးတွေလည်း ကသောင်းကနင်းပေါ့။ အခု အခန်းဝယ်နေကြသူတွေက တိုက်ပေါ် ခွေးအတက် မခံကြတော့ဘူး။ ခွေးတွေကလည်း အပါးပါတော်။ ကျွေးသူမရှိတော့ ကျွေးတဲ့ သခင်တွေနောက် လိုက်ကုန်ထင်ပါရဲ့။ ကြာပြီကော ဆရာမရဲ့။ သေကုန်ကြရောပေါ့။ ခွေးက သက်တမ်းစေ့ဆို ဘယ်လောက်နေရသာတုံး"
"မပြောတတ်ပါဘူး မပေါရွှေရယ်။ ဒါဖြင့် တိုက်ခန်းတွေ ဈေးကောင်းချိန် ဘယ်သူမှ မမိလိုက်ကြဘူးပေါ့"
"အကုန် အပေါင်ဆုံးချည်းပဲ။ တလုတ်ကိုပေါရှန်နဲ့ သူ့မယား မရှုဝမ်လေ ဆရာမ မှတ်မိမလားတော့ မသိဘူး"
"မှတ်မိတယ်"
"အဲသည် မရှုဝမ်ရဲ့ ဘယားအိတ်ကြီးထဲ သူတို့ နေခွင့်ပေးတဲ့ တိုက်ခန်း စလစ်တွေ အကုန်ရောက်ကုန်သာပဲ။ သူတို့လင်မယားက တိုက်ခန်းလိုချင်တော့ ပြန်ရောင်းသယ်။ ဈေးက သူတို့ပါးစပ်ထဲ ရှိသာ။ ချမ်းသာလိုက်သာမှ ကျုပ်တို့နားက တိုက်ခန်းစလစ်တွေ သူတို့ လင်မယားချည်း ရကုန်သာလေ"
ကျွန်မမျက်စိထဲ ကွမ်းယာဆိုင်ရှေ့က ခုံရှည်နှစ်လုံးပေါ် ရုံးခန်းလုပ်ပြီး ထိုင်ထိုင်နေတတ်တဲ့ ကိုပေါရှန်နဲ့ မရှုဝမ်ကို မြင်ယောင်မိတယ်။ ဘယားအိတ် မည်းမည်းကြီးကို ပွေ့ထားတဲ့ မရှုဝမ်ရဲ့ ပုံရိပ်ကိုလည်း မမေ့သေးပါဘူး။ တာရိုးကြီးပေါ်ကနေ တိုက်ခန်းတွေကို ကြည့်ကြတာများ မောင်းခလုတ် တင်ထားတဲ့ ကြွက်ထောင်ခြောက်ကို ကြည့်ကြပုံမျိုး။
ရွာက ပွေးကြီးနဲ့ ပွေးလေးဆိုတဲ့ ခွေးနှစ်ကောင်ကို ကိုယ်နဲ့အတူ မြို့ကို အပါ ခေါ်လာတယ်ဆိုတဲ့ မဖွားစုံ၊ ပဲပြုတ်ရောင်းပြီး ဘယ်ကမှန်း မသိတဲ့ ခွေးငါးကောင်ကို ကျွေးမွေးနေတဲ့ မမဲညို၊ ဈေးထဲ မုန့်ပဲဆုပ်ရောင်းရင်း ဈေးထဲက အရိုးအရင်းလေးတွေဝယ်၊ အိမ်မှာ ဆန်ကွဲနဲ့ ကျကျနနကျိုပြီး ခွေးစာ မကောင်းမှာ စိုးလို့ ကိုယ်တိုင် တစ်ဇွန်းသောက်ကြည့်တတ်တယ် ဆိုတဲ့ မသေးလှီ။ သူတို့ တိုက်ခန်းတွေကို မတန်တဆသိမ်းနေတဲ့ မရှုဝမ်ကိုတောင် ခွေးကိုက်မန်း မန်းပေးတဲ့ မဂျိုးမ။ အားလုံးကို ကျွန်မ အောက်မေ့နေမိတယ်။
ကျွန်မတို့သားအမိ ဈေးက ပြန်လာတဲ့အထိ ကျွန်မရင်ထဲ မကောင်း လိုက်တာ။ တဲတော်ကုန်းသူ မဖွားစုံ ပြောခဲ့တဲ့စကားတွေကိုလည်း သတိရရဲ့။
"ကျုပ်တို့မိဘများ ပြောဖူးသာတော့ ရှေးက ဘယ်ဘုရင်ဆိုလား တိုင်းခန်း လှည့်ရင်း ကျုပ်တို့ရွာနား ရောက်တော့ တဲနန်းကြီး ထိုးနေသာ။ အဲသာနဲ့ တဲတော်ကုန်း ဖြစ်ရသာ။ ဘုရင့်ရေတကောင်းက ကျကွဲတော့ တကောင်းကွဲတဲ့၊ ထီးတော်ကြက်ဆိုသာ ဘုရင့်ထီးတော်တဲ့"
တစ်ခါက ဘယ်ဘုရင်မှန်းမသိတဲ့ ဘုရင်တစ်ပါးနဲ့ သမိုင်းနွှယ်တဲ့ ရွာကလေးတွေက ရွာသူတွေ။ အခုကော ဘယ်ရောက်ကုန်ကြပါလိမ့်။ ရောက်တဲ့နေရာမှာ ခွေးတွေ တရုန်းရုန်းနဲ့ ကျွေးဟယ် မွေးဟယ် ရှိနေကြရော့လား။ ဆန်းတော့ မဆန်းပါဘူးလေ။
ကျွန်မတို့ မန္တလေးမှာ သည်လိုပဲ ပါတော်မူတာတွေ များလှပေါ့။
-------
ခင်ခင်ထူး
(နဝရတ်ရောင်ခြယ် မဂ္ဂဇင်း ဝတ္ထုရှည်များ)

ရေအိမ် (နေဝင်းမြင့်)

ရေအိမ် (နေဝင်းမြင့်)
-----------------------
(၁)
ဝုန်းခနဲ ထပျံသော ယင်ကောင် မည်းမည်းစိမ်းစိမ်း အုပ်စုကြီးကို အဝေးကပင် လှမ်းမြင်နေရသည်။ စင်စစ် ရေအိမ်ဟုဆိုသော်လည်း ရေတစ်စက်တလေမျှပင် ရှိသည်မဟုတ်။ ပိုးလောက်တို့ တဖွားဖွားဖြင့် ခြေချစရာမရှိအောင် အမြဲတမ်း ညစ်ပတ်ပေရေနေတတ်သော သည်ရေအိမ်ကလေးကို တစ်ခါက ‘ရေလောင်းအိမ်သာ’ ဟု ခေါ်ဝေါ်ခဲ့ကြဖူးသည် ဆိုခြင်းကမူ ယခုအခါ အိပ်မက်အဖြစ်သာ ကျန်ရစ်တည်ရှိနေတော့သည်။
* * *
(၂)
သည်တန်းလျားခန်းတွေကလည်း ဆောက်ခါစ၊ သည်ရေအိမ်ကလေး ကလည်း ဆောက်ခါစ။ အဲ့သည်တုန်းကတော့ ခပ်ဝေးဝေး ရေစက်တစ်ခုမှ တစ်လက်မ ရေပိုက်တစ်ချောင်းကို သွယ်ယူကာ ရေအိမ်ဟူသောအမည်နှင့် လိုက်လျောညီထွေစွာ ရေတွေ တဝေါဝေါ ကျနေစေခဲ့ဖူးသည်။ သည်တုန်းက လူတွေကလည်း များလှသည် မဟုတ်သေး။ စုစုပေါင်းမှ အိမ်ထောင်စုခြောက်စု၊ လူဦးရေအားဖြင့် နှစ်ဆယ်လောက် ရှိမည်။ နှစ်လုံးတွဲ ရေအိမ်ကလေးသည် အသစ်တုန်းကတော့ သူ့ဝန်နှင့်သူ့အား မျှတနေခဲ့သည် ဆိုပါတော့။ ခပ်မြင့်မြင့် အုတ်ရိုးစီ အင်္ဂတေအုတ်ခုံပေါ်မှာ သွပ်ပြားမြောင်းကြဲ ထူထူကြီးတွေ ကာရံထားသည်။ အမိုးကလည်း သွပ်ပြားထူထူကြီးတွေပါပဲ။ တံခါးတွေကတော့ ကျွန်းသားတွေကို ထောင်ကွေးကာ သွပ်ပြားဂိတ်ထူထူ တစ်ချပ်လုံးကို ရိုက်ကပ်ထားသည်။
ပြီးတော့ ရေအိမ်ထဲမှာ နှစ်ခန်းကို တစ်လုံးနှုန်းဖြင့် မီးလုံးလေး တစ်လုံးကိုလည်း တပ်ဆင်ပေးထားသည်။ (သွပ်ပြားကို မီးလုံးတစ်လုံးစာ ဖြတ်တောက်၍ အခန်းအလယ်က တပ်ထားသဖြင့် နှစ်ခန်းစလုံးလင်းသည်) ရေအိမ်၏နောက်မှာ ကပ်လျက်က ‘စံပရိတ်တင့်’ ဟု ခေါ်သော သီးခြားရေစစ်ကန်တစ်လုံး ရှိသည်။ သည်ကန်ကရေနှင့် အညစ်အကြေးကို တစ်ကန့်စီ စစ်ထုတ်ပေးသည်။ ရေစစ်ကန်၏ အမိုးတွေကို အုတ်ကြွပ်ဖြင့် မိုးထားသဖြင့် မိုးရေနှင့် အမှိုက်သရိုက်များ ရုတ်တရက် မဝင်နိုင်ပါ။ ရေပိုက်ခေါင်းမှ တဝေါဝေါ ကျနေသောရေက ရေအိမ်ကြွေခွက်ထဲကို အစဉ်မပြတ် ကျနေတတ်သဖြင့် အသုံးပြုနေစဉ်ရော၊ အသုံးပြုပြီးအချိန်ရော အမြဲ သန့်ရှင်းနေတတ်သည်။ တန်းလျားခန်းကလေးမှာ နေသူတွေက တစ်ခါတစ်ရံ မနက်ပိုင်းကလေးလောက်မှာသာ တစ်ယောက်နှင့်တစ်ယောက် စောင့်ဆိုင်းနေရတတ်သော်လည်း အများအားဖြင့် အဆင်ပြေသည်သာ ဖြစ်လေသည်။
ရေအိမ်ကိုရော ရေစစ်ကန်ကိုပါ ရင်ဆို့ခန့်မြင့်သော ငါးပတ်လည် သစ်သားတိုင်များဖြင့် စနစ်တကျ ကာရံထားသည်။ တင်းတင်းရင်းရင်း ဆွဲကာထားသော သံဆူးကြိုးတွေကြောင့် ရေအိမ်ကလေးနှင့် သီးသန့် ရေအိမ်လေးလို ဖြစ်နေသည်။
‘သန့်ရှင်းပါ’ ၊ ‘ရေကိုသာသုံးပါ’ ၊ ‘သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး’ ၊ ‘သန့်ရှင်းမှုဖြင့် ဂုဏ်ယူတတ်ပါစေ’ ၊ ‘တုတ်နှင့်စက္ကူ မသုံးရ’ စသည့် စသည့် စာတမ်းတွေကိုလည်း ရေအိမ်ဝမှာ ဆွဲချိတ်ထားသေးသည်။ ရေအိမ်ကို မဝင်ခင်မှာ သည်စာတန်းတွေကို အရင်တွေ့ရမည် ဖြစ်သည်။ ရေအိမ်ထဲမှာ အကန့်လေးတစ်ကန့် ရှိသေးသည်။ အင်္ဂတေအကန့်ကလေး ဖြစ်သဖြင့် ရေကန်ကလေးလို ဖြစ်နေသည်။ ရေပိုက်မှကျသော ရေတွေက သည်ကန်ကလေးထဲကို အရင်ကျကာ ပိုလျှံသောရေတွေကမှ ရေအိမ်ကြွေခွက်ထဲကို အဆက်မပြတ် ကျနေခြင်းဖြစ်သဖြင့် ရေအိမ်ကြွေခွက်သည် အညစ်အကြေးများ တင်မနေတော့ဘဲ အမြဲ သန့်ရှင်းနေတတ်သည်။ သို့သော် အသုံးပြုသူ၏ ကိုယ်ကာယ သန့်ရှင်းရေးအတွက်ကိုမူ သည်ရေကန်ကလေးထဲက ရေကိုသုံးရသည်။ တချို့က သည်ရေကန်ထဲကရေနှင့် မသန့်စင်ချင်ကြ။ စက္ကူကို သုံးချင်ကြသည်။ ဤသို့ဖြင့် ရေအုပ်စုနှင့် စက္ကူအုပ်စုဟူ၍ အုပ်စုကြီးနှစ်ခု ကွဲလာသည်။ တချို့က သတင်းစာစက္ကူ၊ တချို့က မဂ္ဂဇင်းဟောင်းများ၊ တချို့က ဘိလပ်မြေစက္ကူလို မာဆတ်ဆတ်စက္ကူ စသည်ဖြင့် စက္ကူအမျိုးမျိုးကို သုံးစွဲကြသည်။
ထိုအခါ ပြဿနာနှစ်ခု ရှိလာတော့သည်။ တစ်ခုမှာ စက္ကူအုပ်စု၏ အသုံးပြုပြီး စက္ကူများ ထားသိုရန်နေရာကိစ္စ ဖြစ်လေသည်။
တချို့ကတော့ အသုံးပြုပြီး စက္ကူများကို ရေအိမ်အမိုးနှင့် နောက်ဘက် သွပ်ပြားအကာကြားက လက်ငါးလုံးခန့် ဟနေသော လေဝင်ပေါက်မှ အနောက်ဘက် ရေစစ်ကန် အုပ်ကြွပ်အမိုးပေါ် ပစ်ချတတ်၏။
တချို့ကတော့ ရေအိမ်တွင်း ကြွေခွက်ဘေးက အုတ်အကန့်ကလေး၏ ဘောင်ပေါ်မှာ မသိမသာ တင်ထားခဲ့တာလည်း ရှိ၏။
တချို့တလေက ထိုသုံးပြီးစက္ကူကို ရေအိမ်အပြင်ဘက်သို့ မရွံမရှာ ကိုင်လာကာ ရေအိမ်လမ်းဘေးတွေမှာ ပစ်ချခဲ့တာလည်းရှိသည်။ ထိုအခါ အညစ်အကြေးတွေ ပေကျံနေသော စက္ကူမျိုးစုံက ရေစစ်ကန် အမိုးတွေပေါ်မှာ၊ ရေကန်ကလေးဘေးမှာ၊ လူသွားလမ်းတွေပေါ်မှာ တစ်စစီ ပြန့်ကျဲနေတော့သည်။ ထိုအခါ တန်းလျားခန်းကလေးက ရေသုံးသူဘက်က အသံထွက်လာတော့သည်။
စက္ကူမသုံးရ၊ ရေကိုသာသုံးစွဲရေး၊ စည်းကမ်းမဲ့ စက္ကူသုံးသူများ ရှာဖွေပညာပေးရေးတွေ လုပ်လာရတော့သည်။ (ထိုအခါမျိုးတွင် ကျွန်တော့်ကို လာခေါ်တတ်ကြသည်)
“ဒီလိုဗျာ၊ ရေအိမ်ရဲ့ သဘောသဘာဝကိုက ရေလောင်းစနစ်နဲ့ လုပ်ထားတာ မဟုတ်လား၊ စက္ကူနဲ့ဆိုတော့ ရေအိမ်ရဲ့ သဘာဝနဲ့ ဘယ်လိုမှကို မကိုက်နိုင်တော့ဘူးလေ၊ နောက် ဆိုးတာက စက္ကူတွေ ထင်တိုင်း ပစ်ချနေတာ တွေ့နေရတယ်၊ ဘယ်သူတွေလဲဆိုတာတော့ ကိုယ့်ဟာကိုယ်တော့ သိမှာပေါ့လေ၊ အဲဒါ ရေကို သုံးကြဖို့တော့လိုမယ်”
မည်သို့ပင်ဖြစ်စေ စက္ကူမသုံးရေး အစည်းအဝေးအပြီးမှာ စက္ကူတွေ ခါတိုင်းလိုပင် ပြန့်ကျဲနေတတ်မြဲ ဖြစ်သည်။ နောက်ထပ် စက္ကူပြဿနာ တစ်ခုကတော့ အသုံးပြုပြီး စက္ကူကို ရေအိမ်ကြွေခွက်ထဲကို ချထားခဲ့ခြင်းဖြစ်သည်။
‘ဝီလ်ဆင်နှင့် သားများကုမ္ပဏီ’ ဟု တံဆိပ်ထိုးထားသော တိုင်းခြားဖြစ် ရေအိမ်ကြွေခွက်၏ အညစ်အကြေးဆင်းရာ အပေါက်မှာ ကျယ်လှသည် မဟုတ်ချေ။
ပြီးတော့ အပေါက်ကလည်း တစ်ဖြောင့်တည်း မဟုတ်။ အတွင်းမှာ တစ်ဆစ်ချိုး အခွေအကောက်ဖြစ်သည်။ ထိုအခါ နူးပွလွယ်သော စက္ကူအမျိုးအစားက အကြောင်းမဟုတ်သော်လည်း ဘိလပ်မြေအိတ်ခွံလို မာခေါက်ခေါက် ပျင်းတွဲတွဲ စက္ကူမျိုးကျတော့ ကြွေခွက်အဝကို ဆို့ပိတ်လိုက်သလို ဖြစ်နေတတ်သည်။ တဝေါဝေါ ကျနေသည့် ရေကလည်း သည်စက္ကူတွေ သွားနိုင်လောက်အောင် ဆွဲခေါ်မသွားနိုင်။ ထိုအခါ အညစ်အကြေးတွေ ဆို့ပိတ်နေကာ ညစ်ပတ်သထက် ညစ်ပတ်လာတော့သည်။
ဘာပဲဖြစ်ဖြစ် အဲသည်တုန်းကတော့ ရေအိမ်ကလည်း ကောင်းနေသေးသည်။ ရေလည်း ရှိသေးသည်။ အသုံးပြုသူကလည်း နည်းပါးသေးသည်။ သည်တော့ အဆင်ပြေနေသေးသည်လို့ပဲ ပြောနိုင်သေးသည်။
အဘယ်ကြောင့်ဆိုသော် ရေအုပ်စုကြီးက စက္ကူအုပ်စုကြီးကို လွှမ်းမိုးနေသေးလို့ပဲ ဖြစ်သည်။
* * *
(၃)
နှစ်ကလေး တော်တော်ရလာတော့ နောက်ထပ် တန်းလျားခန်း သုံးခန်းလောက် တိုးလာသည်။ တန်းလျားသုံးခု တိုးလာသဖြင့် လူဦးရေကလည်း သုံးဆလောက် များလာသည်။
နောက်ထပ် ဆောက်လုပ်သော တန်းလျားခန်းတွေအတွက် ရေအိမ်တွေက တော်တော်ဝေးဝေးမှာ ဆောက်ပေးခြင်း၊ မီးနှင့်ရေ မတပ်ဆင်ရသေးခြင်းတို့ကြောင့် အသုံးပြုသူ မရှိသလောက်ပင်။
တချို့တလေက ထိုရေအိမ်များဆီသို့ သွားတတ်သော်လည်း အများစုကမူ သည်ရေအိမ်ဟောင်းကလေး ဆီကိုပဲ လာကြသည်။ နောက်တစ်ခုက ခပ်ဝေးဝေးမှာ ချောက်ချီးချောက်ချက် ရောင်းသော ဈေးဆိုင်တန်းကလေးက သည်တန်းလျားတွေနားကို ရုတ်တရက်ကြီး ပြောင်းရွှေ့လာရခြင်း ဖြစ်သည်။ ဈေးဆိုင်တန်းကလေး ဆိုသော်လည်း ဈေးငယ်လေး တစ်ဈေးစာလောက် ရှိသဖြင့် သည်နေရာကလေး ပိုမိုစည်ကားလာသည်။ အနားမှာ မြို့ပတ်ဘူတာရုံကလေးကလည်း ရှိသဖြင့် ခရီးသည် တချို့ကလည်း သည်နေရာမှ ရှိနေတတ်သည်။
ဤသို့ဖြင့် လူတွေအားလုံး၏ ကြိုတင်တွက်ဆမထားသော အညစ်အကြေးစွန့်ခြင်းကိစ္စသည် သည်ရေအိမ်ကလေးဆီသို့ ဦးတည်ကာ မမျှော်လင့်ဘဲ ရောက်ရှိလာလေသည်။ ဤသို့ဖြင့် သည်ရေအိမ်ကလေးသည် တန်းလျားခန်း အိမ်သာလည်းဖြစ်၊ ဈေးအိမ်သာလည်းဖြစ်ကာ ခရီးသည်များ၏ ဘူတာအိမ်သာလည်း ဖြစ်သွားရတော့သည်။
အဆိုးဆုံးကတော့ ဈေးလေးရောက်ရှိလာခြင်းပင် ဖြစ်လေသည်။ မနက်မိုးမလင်းခင် ရောက်နေတတ်သော ဈေးသည်များသည် မနက်မိုးလင်းတာနှင့် သည်ရေအိမ်ကလေးမှာ လုယက်တိုးဝင် အသုံးပြုကြသည်။
လူဦးရေများလာသော တန်းလျားခန်းက လူတွေကလည်း မနက် မနက် သည်ရေအိမ်ကလေးရှေ့မှာ တိုးတိုးဝှေ့ဝှေ့။ တန်းစီစောင့်နေရသော လူတွေကိုကြည့်ကာ တချို့ကလည်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းသည်။ တချို့ကတော့လည်း တွန့်လိမ် ရှုံ့တွနေသော မျက်နှာတွေနှင့် ရေအိမ်ကလေးက ဆင်းလာမည့်သူကို မျှော်လင့်တကြီး စောင့်ဆိုင်းနေတတ်သည်။
တစ်ခါကတော့ နှုတ်လျှာကြမ်းကြမ်း ဈေးသည် မိန်းမတစ်ဦးနှင့် တန်းလျားခန်းက မိန်းမတို့ ရေအိမ်သို့ အရင်ရောက်ခြင်း၊ မရောက်ခြင်းထက် ရေအိမ်နှင့် သက်ဆိုင်ခြင်း၊ မသက်ဆိုင်ခြင်းကသာ အဓိကကျသည်ဟု ယူဆကာ ရေအိမ်ကို လုဝင်သည်။
ထိုအခါ နံနက်စောစော ‘ဖေ’ ချင်း မိုးမွှန်အောင် ဆဲရေးတိုင်းထွာခြင်း Jazz တေးသွားများ ဝေစီသွားတော့သည်။ တစ်ခါကတော့ ရေအိပ်ပေါ်မှာ လိုအပ်သည်ထက် ပိုမိုကြာမြင့်သည်ဟုဆိုကာ တံခါး အတင်းဆွဲဖွင့်မှု ဖြစ်ပွားခဲ့သေးသည်။
ရေအိမ်ရှေ့မှာ ဖြစ်ပွားခဲ့သော အသေးအဖွဲ အမှုကလေးများမှာ မှတ်တမ်းမှတ်ရာ မရှိသော်လည်း မနည်းလှတော့ချေ။
* * *
(၄)
အဆိုးဆုံးက ရေအိမ်ကိုသွယ်ထားသော ရေပိုက်တစ်ချောင်းလုံး ညဘက်မှာ လူခိုးခံရခြင်း ဖြစ်သည်။ ရေပေးနေသည့်ရေစက်မှ ရေအိမ်အထိ အတန်ငယ် ရှည်လျားသော သံပိုက်ကို ဖြတ်တောက်ကာ ခိုးယူသွားခဲ့ခြင်း ဖြစ်သည်။
ခါတိုင်း ရေတွေ တဝေါဝေါ ကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားတော့သည်။ တချို့ကလည်း ရေပိုက်ပြန်လည် တပ်ဆင်နိုင်ဖို့ ကျွန်တော့်ကို တာဝန်ပေးလာသည်။
“ဘာပဲဖြစ်ဖြစ် ရေမရှိလို့တော့ မဖြစ်တော့ဘူးထင်တယ်၊ ရေပိုက် ပြန်ဝယ်ပြီးတပ်ဖို့”
“ရေပိုက်၊ ဘယ်သူက ဝယ်ရမှာလဲ”
“ကျုပ်တို့ပဲ ဝယ်ရမှာပေါ့ဗျ၊ ဘယ်သူက ဝယ်ရဦးမှာလဲ၊ ကျုပ်တို့ တန်းလျားနဲ့ ဆိုင်တာပဲ”
“ဘာ … တန်းလျားလိုင်း အိမ်သာရမှာလဲ၊ ဘုံအိမ်သာ ဖြစ်သွားပြီရှင့်၊ ဈေးအိမ်သာဖြစ်သွားပြီ သိရဲ့လား၊ ဈေးသည်တွေပဲ သွားကောက်”
“ဒီလိုလေဗျာ ရေ … ”
“အို … မထည့်နိုင်ပါဘူး၊ ရေမရှိလည်း ရတာပဲ၊ တစ်ပြားမှ လာမကောက်နဲ့၊ မထည့်နိုင်ဘူး၊ လာကောက်တဲ့လူ ခွေးပြောသလို ပြောပစ်လိုက်မယ်”
ဤသို့ဖြင့် ရေပိုက်လည်း မဝယ်ဖြစ်တော့ပါ။ ရေအိမ်က မီးလုံး မရှိတာလည်း နှစ်နှင့်ချီပြီး ကြာပြီ။ တံခါးချပ်တွေ၊ လက်ကိုင်ကွင်းတွေ မရှိတော့တာလည်း ကြာပြီ။ ပတ်ပတ်လည် ကာထားသော သွပ်ပြားအောက်ခြေတွေလည်း ဆွေးမြည့်ပြတ်ထွက်ကုန်ပြီ။ အဆိုးဆုံးက ရေအိမ်အနောက်ဘက် သွပ်ပြားမှာ နှစ်ပေ ပတ်လည်ခန့်ဝိုက်၍ ပြုတ်ကျနေခြင်းဖြစ်သည်။
ရေအိမ်ထဲမှာ လူထိုင်နေတာကို တော်တော်ဝေးဝေးက တွေ့နိုင်သည်။ (အောက်ခြေက အင်္ဂတေ အုတ်ခုံအကာတန်းလေး ရှိသဖြင့် လူအောက်ပိုင်းကိုတော့ မမြင်ရပါ။) သွပ်ပြားပေါက်ကို စိတ်လိုလက်ရ ဖာမည့် ထေးမည့်သူလည်း မရှိ။ ပတ္တာတစ်ဖက် ပြုတ်နေသော ရေအိမ်တံခါးအောက်ခြေ၊ သွပ်ပြားကလည်း လူတစ်ယောက် ဝင်နိုင်လောက်အောင် ဆွေးမြည့်ပေါက်ပြဲနေသည်။ ဒါကိုတော့ တစ်ယောက်က ဝါးထရံ အပိုင်းအစတစ်ခုကို ရေအိမ်ထဲ ထည့်ပေးထားခြင်းဖြင့် ရှေ့ပိုင်း လုံခြုံမှုကို ရနေစေသည်။
ဒါပေမယ့် သည်ဝါးထရံ အပိုင်းကလေးကလည်း တစ်ပတ်လားပဲ ခံသည်။ ရေအိမ်မှာ သန့်ရှင်းရေးသုံး ကိရိယာများအဖြစ် တစ်ချောင်းချိုး၊ နှစ်ချောင်းချိုးဖို့ အတော်ပဲ ဖြစ်သွားသည်။ ရေအိမ်ကလေးဘေးမှာ သုံးပြီးစ ဝါးထရံစတွေ ပြန့်ကျဲနေလေသည်။
ထိုအခါ နောက်ထပ် ဝါးထရံ ရောက်မလာတော့ဘဲ ရေအိမ်တွင်းသို့ လေနှင့် အလင်းရောင် လုံလောက်စွာ ရရှိနေလေသည်။
* * *
(၅)
ရေအိမ်ပတ်လည်မှာ ကာရံထားသော ငါးပတ်လည် သစ်သားတိုင်များနှင့် သွပ်ဆူးကြိုးများ ယိုင်နဲ့ ပြုတ်ထွက်သွားခြင်းမှာလည်း ရေအိမ်ကလေး၏ ဂုဏ်သရေကို ပိုမို နိမ့်ကျသွားစေလေသည်။
ရေစစ်ကန်အဖုံး အုတ်ကြွပ်တန်းတွေ ဆွေးမြည့်ကာ ရေစစ်ကန်ထဲသို့ ပြုတ်ကျကုန်သည်။ အုတ်ကြွပ်တန်းတွေ ပြုတ်ကျတော့ အုတ်ကြွပ်တွေလည်း ကွဲကုန်တော့သည်။ ထိုအခါ ရေစစ်ကန်ထဲက ရေနှင့် အညစ်အကြေးများကို မျက်စိတစ်ဆုံး မြင်နေရသည်။ နှစ်ချို့ အညစ်အကြေးများ၏ ပုပ်အက်နံစော်သော အနံ့အသက်က သည်နားတစ်ဝိုက်မှာ အမြဲလိုလို ဝေ့ဝဲနေသည်။
အဆီးအတားမဲ့ ရေစစ်ကန်ဟောင်းထဲသို့ ပတ်ဝန်းကျင်က ခွေးငယ်များ၊ ကြက်များ၊ ဝက်များ ကျသည်ကလည်း အကြိမ်ကြိမ်။ အဆိုးတကာ့ အဆိုးဆုံးမှာ ခါတိုင်း ရေတွေကျနေတတ်သော ရေအိမ်ကလေးမှာ ရေလုံးဝ ပြတ်တောက်သွားသဖြင့် အညစ်အကြေးများ ပြည့်လျှံလာခြင်း ဖြစ်သည်။
တချို့က ကိုယ့်အိမ်က ရေတစ်ပုံး ဆွဲလာကာ ဆေးကြောသုတ်သင်သည်။ ထိုအခါ ခဏကလေး သန့်ရှင်းသွားသော်လည်း အများစုကြီးက ရေပါလာသည် မဟုတ်ချေ။ ထိုအခါ အညစ်အကြေးတွေက ပိုမိုပြည့်လျှံကာ ညစ်ပတ် ပေပွနေလေသည်။
ရေအိမ်ကလေးထဲမှ အညစ်အကြေးတွေက ကြွေခွက်ထဲမှာတင် မဟုတ်တော့ဘဲ အုတ်ရေကန်ကလေးထဲမှာပါ ပြည့်သိပ်သွားသည်။ သည်ရေအိမ်ကလေး၏ မှောင်မည်း တိတ်ဆိတ်မှုကို အကာအကွယ်ယူကာ အသုံးချသူများလည်း ရှိလာသည်။
တစ်ခါက ညဘက်မှာဖြစ်သည်။ မီးရောင်လည်း မရှိသဖြင့် ရေအိမ်ကလေး ပတ်ဝန်ကျင်မှာ မှောင်မည်းနေသည်။ (ညဘက်တွင် ရေအိမ်က ခြေချစရာမရှိအောင် ညစ်ပတ်ခြင်း၊ မီးမရှိခြင်း၊ သရဲခြောက်သည် သတင်းကြီးခြင်းတို့ကြောင့် အသုံးပြုသူ နည်းပါးသည်။) ကျွန်တော် ရောက်သွားချိန်မှာ ပကတိ တိတ်ဆိတ်နေသည်။ ဆိုးရွားပြင်းထန်သော အနံ့အသက်များကို ရှူရှိုက်ကာ ရေအိမ်တံခါးဆီသို့ ချဉ်းကပ်မိချိန်၌ ဝုန်းခနဲ လူတွေ ထပြေးသောအသံကို ကြားလိုက်ရသည်။
ရုတ်တရက် လန့်ဖျပ်သွားကာ လက်နှိပ်ဓာတ်မီးနှင့် လိုက်ထိုးကြည့်တော့ လူသုံးယောက်လောက်ဟုသာ ခန့်မှန်းနိုင်သည်။ အံ့ဩခြင်းကြီးစွာ ပြန်လာရသော်လည်း တစ်ညလုံး စဉ်းစား၍မရ။
နောက်တစ်နေ့မနက် ဈေးတန်းကလေးမှဖြတ်ကာ ထွက်လာချိန်တွင် အမျိုးသမီးငယ်တစ်ဦး ပြေးလိုက်လာသည်။ ထိုမိန်းကလေးကို သည်ဈေးတန်းကလေးမှာ တွေ့နေကြဖြစ်သော်လည်း ကျွန်တော်နှင့် မရင်းနှီးပါ။
သူမ၏ ထူအမ်းသော နှုတ်ခမ်းတွေကို လိမ်တွန့်လိုက်ကာ ပြောသည်။
“အစ်ကိုဟာလေ တော်တော်ဆိုးတယ်”
“ဗျာ … ဘာဖြစ်လို့လဲ”
“ဘာရမှာလဲ၊ အစ်ကိုလည်း ဝါသနာပါတာ မဟုတ်ဘဲနဲ့ သူများကို လိုက်နှောင့်ယှက်တာလေ”
“ကျွန်တော် နှောင့်ယှက်တယ်၊ ဘာပါလိမ့်”
“ညကလေ အစ်ကို မဟုတ်လား၊ လာချောင်းတာ”
“ချောင်းတယ်၊ ဘယ်မှာလဲ၊ ဘာကိုမှ လာမချောင်းရပါလား”
“အိမ်သာမှာလေ၊ အဲသလို မလုပ်ပါနဲ့ အစ်ကိုရယ်၊ ကျွန်မမှာ အဲဒါစီးပွားရေး အစ်ကိုရဲ့”
ကျွန်တော် အံ့ဩသွားသည်။ သူမကို သည်အခြေအနေမျိုးနှင့် တွေ့ရလို့မဟုတ်။ သည်ရေအိမ်ကလေး၏ ကံကြမ္မာကိုသာ ဖြစ်လေသည်။
သည်နောက်ပိုင်း ရေအိမ်ကလေး၏ အခြေအနေမှာ ပို၍ပင် ဆိုးလာတော့သည်။ ရေအိမ်ကြွေခွက်ကို လုံးဝမမြင်ရတော့လောက်အောင် အညစ်အကြေးတွေ ပြည့်လျှံညစ်ပတ်နေသည်။ အသုံးပြုသူတွေက ရေအိမ်သန့်ရှင်းသွားဖို့ စိတ်မကူးတော့ဘဲ ကြွေခွက်ခြေနင်းပေါ် အုတ်ခဲနှစ်လုံးတင်ကာ အသုံးပြုသည်။ အညစ်အကြေးတွေက အုတ်ခဲလောက်မြင့်လာတော့ နောက်ထပ် အုတ်ခဲတစ်လုံးစီ ထပ်တင်သည်။ ဤသို့ဖြင့် အုတ်ခဲတွေ မြင့်သထက် မြင့်လာသည်။
ဆွေးပြီး ပြတ်ကျနေသော အနောက်ဖက်သွပ်ပြားက နေရောင်တွေ ဝင်နေတတ်ကာ တံခါးအပေါက်ကြီးဘက်က လေတွေ တဟူးဟူး တိုးဝင်သည်။ အသုံးပြုသူက သုံးလေးထပ်မြင့်နေသော အုတ်ခဲတွေပေါ်မှာ ဟန်ချက်ညီညီ ထိုင်ရင်းက ပြုတ်ထွက်နေသော တံခါးချပ်ကိုလည်း ထိန်းထားရသေးသည်။
ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် လက်စွမ်းပြထားသော ညစ်ညမ်းရုပ်ပုံတွေကတော့ မမြင်ချင်အဆုံး ဖြစ်လေသည်။ သည်ရပ်ကွက်ကလေးထဲမှာ လူ၏ခန္ဓာဗေဒကို ကျွမ်းကျင်သော ပန်းချီဆရာ တစ်ဦးတလေ ရှိနေသည်မှာ သေချာနေသည်။
ခဲတံ၊ ဘောလ်ပင်၊ နီပြာတံတွေနှင့် ရေးထားသော ညစ်ညမ်းစာတွေကတော့ ဘယ်ဘက်လှည့်လို့မှ မလွတ်နိုင်။ အုတ်ကန်ကလေးထဲမှာတော့ အညစ်အကြေးစတွေ ပေပွနေသည်။ တုတ်စတွေပြည့်နှက်နေသည်။ တုတ်စတွေကလည်း အရွယ်အမျိုးမျိုး။ လက်ညှိုးလောက်၊ လက်မလောက်၊ တချို့က တံမြက်စည်းရိုးတံတွေ၊ ဝါးခြမ်းပြားကြီးကြီးတွေလည်း ပါသေးသည်။
ကွမ်းယာထုပ်သည့် စက္ကူစလောက်ကလေးတွေကို ဘယ်လိုအသုံးချသလဲဟု မသိရသော်လည်း စက္ကူတွေကလည်း အရွယ်အမျိုးမျိုး ရှိနေသည်။ ဗာဒံရွက်၊ ဗျိုင်းချေးရွက်နှင့် သန့်စင်သူ၊ အုတ်ခဲထက်ပိုင်းကျိုးနှင့် သန့်စင်သူ အစုံအစုံ။
“ကျွန်မတို့ ကုသိုလ်ယူကြရအောင်၊ မောင်က ရေဆွဲပေး၊ ကျွန်မက ဆေးချမယ်”
ဇနီးသည်က နှာခေါင်းကို အဝတ်စတစ်စစည်းရင်း ကျွန်တော့်ကို ခေါ်ဖူးသည်။ ခပ်လှမ်းလှမ်း ရေဘုံဘိုင်ကလေးမှ ရေပုံးပေါင်းများစွာခပ်၍ တဝုန်းဝုန်း လောင်းချသန့်ရှင်းတော့မှ ပြောင်စင်သွားသည်။
ရေလောင်းသန့်စင်ပြီး ရေအိမ်မှ ထွက်လိုက်သည့်အခါ အပြင်မှာ မိန်းမတစ်ယောက် ရှိနေသည်။ စိတ်မရှည်စွာ စောင့်ဆိုင်းနေရဟန်ဖြင့် မျက်နှာတစ်ခုလုံး တင်းမာနေသည်။ သူမလက်ထဲမှာတော့ သစ်ကိုင်းစကလေး နှစ်စ။
တက်ရက်၊ နှစ်ရက်အတွင်းမှာပင် ရေအိမ်ကလေး ပြန်လည် ညစ်ပတ်သွားပြန်သည်။
* * *
(၆)
အခုတော့ အင်္ဂတေအုတ်ခဲတွေလည်း ပဲ့ကျကာ အုတ်ပေါက်တွေပေါ်နေပြီ။ တံခါးရွက်တွေ ပြုတ်ကျကုန်ပြီ။ (စာရွက်ပေါ်က သန့်ရှင်းပါ၊ သင့်သန့်ရှင်းမှုသည် သင့်ကျန်းမာရေး စာတန်းကလေးတွေလည်း မရှိတော့ပါ)
ရေစစ်ကန်ထဲကို မိုးရေတွေဝင်ထားသဖြင့် အညစ်အကြေးရေတွေ အပြင်ကို လျှံထွက်နေတာလည်း ရှိသည်။ ပတ်ပတ်လည် သွပ်ပြားအဟကြီးက ကျယ်သထက် ကျယ်လာကာ ကြွေခွက်ခြေနင်းပေါ်က အုတ်ခဲတွေလည်း မြင့်သထက် မြင့်လာပြန်ပြီ။
စက္ကူစတွေက ရေအိမ်ကလေးဘေးမှာ ဖွေးဖွေးလှုပ်နေကာ တချို့ကလေးငယ်တွေက ရေအိမ်ဘေး လမ်းတစ်လျှောက်မှာ အညစ်အကြေး စွန့်နေကြပြီ။
ဝုန်းခနဲ ထပျံတတ်သော ယင်ကောင် မည်းမည်းစိမ်းစိမ်းကြီးတွေကို လှမ်း၍မြင်နေရ၏။ ဆွေးမြည့်နေသော သစ်သားနှင့် အင်္ဂတေက တွဲစပ်မှု မရှိတော့ဘဲ အဟတွေကြားမှာ ပိုးလောက်တွေ တလွန့်လွန့် တွယ်တက်နေသည်။
အကောင်းဆုံးက သည်ရေအိမ်ကလေးကို တွန်းလှဲဖြိုဖျက်လိုက်ဖို့ပင် ဖြစ်သော်လည်း ဈေးကလေးကလူတွေ၊ တန်းလျားခန်းတွေက လူတွေ၊ တစ်ခါတစ်ခါ ဘူတာရုံက လမ်းကြုံခရီးသည်တွေက သည်ရေအိမ်ကလေးကို အသုံးချနေကြဆဲ ဖြစ်လေသည်။
-----------
နေဝင်းမြင့်
ရင်ခုန်ပွင့် ဝတ္ထုမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၉၁။

စကားမဆို ရန်မလို

စကားမဆို ရန်မလို (ဘာသာပြန်သူ - ဇော်ဂျီ)
---------------------------------------------
[ “စကားမဆို ရန်မလို" ဝတ္ထုတိုကို အင်္ဂလိပ် ဘာသာပြန်ဖြစ်သော The Silent Men မှ မြန်မာပြန်သည်။ ထိုဝတ္ထုတိုတွင် ကာမျူးသည် အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခက်အခဲ အကျဉ်းအကျပ်ကို လည်းကောင်း၊ ထိုအခက်အခဲ အကျဉ်းအကျပ် အတွင်း၌ နစ်မွန်း နေကြရသော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သောက၊ ဒုက္ခ၊ ဒေါမနဿ အမူအရာတို့ကို လည်းကောင်း သနားစရာ၊ ချစ်ခင်စရာ၊ ချီးကျူးစရာ၊ ကြေကွဲစရာ ဖြစ်အောင် သရုပ်ဖော်ခဲ့သည်ဟု ယူပါသည်။ ]
------------

ဆောင်းရာသီ အတွင်း၌ ဖြစ်သော်လည်း ထိုနေ့သည် အုံမှိုင်းသောနေ့ မဟုတ်။ နေသာသောနေ့ ဖြစ်သည်။ ထို့ကြောင့် မြို့ထဲ၌ ကိုယ့်အလုပ်နှင့်ကိုယ် သွားကြ လာကြ၊ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ကမ်းနားဘက်သို့ မျှော်ကြည့်လိုက်လျှင် သင်္ဘောဆိပ်အလွန်၌ ပင်လယ်ရေပြင်နှင့် မိုးကောင်းကင်တို့သည် တစ်စပ်တည်းဖြစ်၍ ထိန်လင်းနေသည်ကို မြင်နိုင်သည်။ သို့ရာတွင် အလုပ်သမား ယာဗားသည် ပင်လယ်ရေပြင်ကိုလည်း မကြည့်။ မိုးကောင်းကင်ကိုလည်း မကြည့်။ ကမ်းနားတစ်လျှောက် လမ်းကျယ်ကြီးတွင် ခေါင်းငုံ့ကာသာ သူ့စက်ဘီးကို အသာအယာ နင်းသွားသည်။ သူ့ခြေတစ်ဖက်သည် မသန်။ ထို့ကြောင့် အသေတပ်ထားသော ခြေနင်းပေါ်၌ ထိုခြေကို တင်ရုံသာ တင်ထား၍ သန်သောခြေတစ်ဖက်ဖြင့်၊ တစ်ဖက်က ခြေနင်းအရှင်ကို နင်းသွားသည်။ နင်းသွားရင်း နေ့လယ်စာအတွက် သူ့ကိုယ်၌ သိုင်းယူလာသော မုန့်လွယ်အိတ်သည် ရှေ့ဘက်သို့ လျှောကျလာတိုင်း၊ ထိုမုန့်လွယ်အိတ်ကို သူ့တတောင်ဖြင့် တွတ်ကာ၊ ကျောဘက်သို့ တွန်းပို့ရသည်။ ယာဗားသည် မုန့်လွယ်အိတ်ကို တွန်းပို့သည့်အခါတိုင်း စိတ်မချမ်းမသာ ဖြစ်သည်။ အခါ တိုင်းတွင် သူ့ မုန့်လွယ်အိတ်၌ သူ အလွန်ကြိုက်သော ကြက်ဥကြော်သော် လည်းကောင်း၊ အမဲသားကြော်သော် လည်းကောင်း ပါနေကျ ဖြစ်သည်။ ယခုသော် ပေါင်မုန့် နှစ်ချပ်နှင့် ဒိန်ခဲသာ ပါသည်။
ဤနေ့နံနက်တွင် ယာဗားသည် သူ့အလုပ်ရုံသို့ သူ ပြန်ဆင်းပြီ။ ဤတစ်ကြိမ်တွင် ခါတိုင်းနှင့်မတူ ရောက်ခဲလှ၏ဟု သူ ထင်သည်။ ယာဗား၏ အသက်သည် ဇရာဘက်သို့ မျက်နှာမူပြီ။ ယခု သူ့အသက် လေးဆယ်ပြည့်ပြီ။ သူ အလုပ်လုပ်ရာဖြစ်သော အလုပ်ရုံသည် သစ်သားစည်ပိုင်းလုပ်သော စည်ပိုင်းအလုပ်ရုံ ဖြစ်၍ မြို့၏ တဖက်စွန်၌ ရှိသည်။ သူ့အလုပ်ရုံသို့ အသွားတွင် ယာဗားသည် စက်ဘီးကို ကြိုးစား၍ နင်း၏။ သို့ရာတွင် ယခင်အခါ နင်းသွားစဉ် အားတက်သရော ရှိခဲ့ဖူးသလောက် ယခု အားတက်သရော မရှိပြီ။ ထို့ကြောင့် ပင်လယ်ရေပြင်ကို သူ မကြည့်ဘဲ ခေါင်းငုံ့၍ နင်းသွားခြင်း ဖြစ်သည်။ အသက်နှစ်ဆယ် အရွယ်ကသော် ယာဗားသည် သူ့အလုပ်ရုံသို့ သွားသည့်အခါတိုင်း ပင်လယ်ရေပြင်ကို ကြည့်၍ မငြီး ဖြစ်ခဲ့သည်။ ထိုအခါကသော် တနင်္ဂနွေနေ့ ရောက်တိုင်း ပင်လယ်ကမ်းခြေ၌ သူ ပျော်ရမည့် အရေးကို သူ တွေးနိုင်သည်။ ခြေတစ်ဖက် မသန်သော်လည်း ရေကူးရခြင်းကို သူ အလွန် သဘောကျသည်။ ထို့နောက် ကာလ အတန်ကြာသော် ဖယ်နန္ဒီနှင့် အကြောင်းပါသည်။ သားယောက်ျား ရသည်။ ထိုအခါ ပါးစပ်နှစ်ပေါက် တိုးလာသဖြင့် ဝဝလင်လင် စားသောက်နိုင်ကြအောင် စနေနေ့ ညနေပိုင်းများတွင် အချိန်ပို အလုပ် လုပ်ရသည်။ တနင်္ဂနွေနေ့ များ၌ပင် ပိုက်ဆံရမည့် တောက်တိုမည်ရ အလုပ်ကို ရှာ၍ လုပ်သည်။
ယာဗားသည် ပင်လယ်ရေပြင်ကို သဘောကျတုန်းပင် ဖြစ်၏။ သို့ရာတွင် မိန်းမရ၍ သားယောက်ျား ရသည့်နေ့မှစ၍ အလုပ်ဆင်းချိန် ညနေဘက်များ၌သာ ပင်လယ်ရေပြင်ကို သဘောကျတုန်းပင် ပင်လယ်ရေပြင်ကို သူ ကြည့်တော့သည်။ အိမ်ရောက်လျှင် သူ့မယား ဖယ်နန္ဒီကိုယ်တိုင် လျှော်ဖွပ် မီးပူတိုက်ထားသော ရှပ်အင်္ကျီ သန့်သန့်ပြန့်ပြန့်ကို ဝတ်၍၊ အရက်ချို တစ်ဖန်ခွက်ကို သောက်၍ ပင်လယ်ရေပြင်ကို ကြည့်ကာ ကြည်နူးလိုက်သည်။ ကြည်နူးလိုက်သည် ဆိုသော်လည်း တကယ် ကြည်နူးခြင်းပေလော၊ ငိုချင်သလိုလို ဖြစ်ခြင်းပေလော။ သူ မပြောတတ်အောင် ဖြစ်သည်။ သို့သော်လည်း ထိုအခါမျိုးတွင် ဖြစ်လေရာ ဘဝ၌ ဖြစ်သမျှအကြောင်း အကောင်းချည်းပေဟု လက်ခံ၍ တောင်တွေး မြောက်တွေး တွေးနေတတ်သည်။
ယနေ့ နံနက် သူ့အလုပ်ရုံသို့ သူပြန်ဆင်းသောအခါ ယာဗားသည် ပင်လယ်ရေပြင်ကို မကြည့်ဘဲ သူ့စက်ဘီးကို သူ နင်းသွားသည်။ ပင်လယ်ရေပြင်သည် သူ့ကို ဆီးကြိုနှုတ်ဆက်ပါ၏။ သူကမူ မျက်နှာလွှဲနေလိုက်သည်။ ညနေကျမှသာ သူ ပြန်၍ နှုတ်ဆက်တော့မည်။ ယခု သူ ခေါင်းငုံ့ကာသာ သူ့စက်ဘီးကို မှန်မှန်နင်းနေသည်။ နင်းနေရင်း စိတ်ထဲ၌ မချမ်းမသာ ဖြစ်နေသည။ မနေ့ညက သူတို့အလုပ်ရုံက အလုပ်သမား တစ်စုသည် အစည်းအဝေး ကျင်းပသည်။ အစည်းအဝေးတွင် အလုပ်ပြန်ဆင်းကြတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်ကြရသည်။ ယာဗားသည် အစည်းအဝေးမှ အိမ်သို့ပြန်လာ၍ မယား ဖယ်နန္ဒီအား ထိုအကြောင်းကို ပြောပြသောအခါ ဖယ်နန္ဒီသည် ဝမ်းသာအားရဖြစ်၍ “ဒါဖြစ်ရင် သူဌေးက ရှင်တို့ကို လုပ်ခ တိုးပေးလိုက်ပြီပေါ့၊ ဟုတ်လား” ဟု ဆိုသည။ စင်စစ်မှာ အလုပ်ရှင်က လုပ်ခ တိုးပေးသောလာကြောင့် မဟုတ်။ သူတို့ အလုပ်သမားတစ်စုမှာ သပိတ်မလှန်ချင်ဘဲ လှန်လိုက်ကြရသောကြောင့် ဖြစ်သည်။ သူတို့၏ သပိတ်အရေးတော်ပုံ ကျဆုံးသွားသောကြောင့် ဖြစ်သည်။
ဟုတ်ပေသည်။ အလုပ်ရှင် လာဆား၏ စည်ပိုင်း အလုပ်ရုံမှ ယာဗားတို့ အလုပ်သမားတစ်စုသည် သပိတ်မလှန်ချင်ဘဲ လှန်လိုက်ကြရသည်။ သပိတ်မှောက်ကြစဉ်က သူတို့သည် အလျင်စလို ပြုမိခဲ့ကြသည်။ အခြားသော စည်ပိုင်းအလုပ်ရုံများမှ အလုပ်သမားတို့နှင့်လည်း သူတို့မညှိခဲ့။ အလုပ်သမား အသင်းချုပ်ကိုလည်း သူတို့ အသိမပေးခဲ့။ စိတ်နောက်ကိုယ်ပါ အလျင်စလို သပိတ်မှောက်၍ အလုပ်ရုံမှ ထွက်လာခဲ့ကြသည်။ ထို့ကြောင့် အလုပ်သမားအသင်းချုပ်က သူတို့ကို ထောက်ခံရမည့် ကိစ္စတွင် စိတ်မပါ့တပါ ဖြစ်နေသည်။ ထို့ပြင် လုပ်ငန်းသည် အလုပ်သမား တစ်ဆယ့်ငါးယောက်လောက်သာ လုပ်ရသော လုပ်ငန်းအသေးစား ဖြစ်သဖြင့် တစ်ဆယ့်ငါးယောက်လောက် ဖြစ်သော အလုပ်သမား၏ အရေးသည် အသင်းချုပ်၏ မျက်စိတွင် ရေးကြီးခွင်ကျယ် ဖြစ်သည်ဟု မမြင်နိုင် ဖြစ်နေသည်။ ထိုအခါ အလုပ်သမားအသင်းချုပ်၏ အပြုအမူကို သူတို့ အပြစ်မတင်နိုင် ဖြစ်သည်။ ထို့ပြင် ယခုအခါ တိုင်ကီ သံရေလှောင်ကန် လုပ်ငန်းသစ်သည် အပြိုင်အဆိုင် ပေါ်လာပြီ ဖြစ်ရာ သစ်သားစည်ပိုင်း လုပ်ငန်းသည် အမှည့်ကြွေ ကြွေရမည်ကဲ့သို့ ဖြစ်နေသည်။ ထိုအခါ သစ်သားစည်ပိုင်း အလုပ်ရုံသည် အဟောင်းအမြင်း အပျက်အစီး ဖာထေးပြင်ဆင်သော အလုပ်ကိုသာ အားပြုနေရသည်။ သစ်သားစည်ပိုင်း လုပ်ငန်းပိုင်ရှင်တို့သည် မိမိတို့၏ လုပ်ငန်း မတွင်မကျယ် ဖြစ်လာသည်ကို သိကြသော်လည်း လုပ်ငန်းကို အပျက်မခံနိုင်။ မှေး၍ လုပ်နေချင်ကြသေးသည်။ တစ်ဖန် အမြတ်အစွန်းကိုလည်း လိုချင်ကြသေးသည်။ ယခင်ကလောက် မတွင်ကျယ်တော့သော လုပ်ငန်းကို ဆက်၍လည်း လုပ်ချင်၍ အမြတ်အစွန်းရအောင်လည်း လုပ်ချင်သည်ဖြစ်လျှင် လုပ်နိုင်သော လမ်းတစ်လမ်းသာ ရှိသည်။ ထိုလမ်းသည် အခြားမဟုတ်။ တစ်နိုင်ငံလုံး၌ စားစရိတ်၊ ဝတ်စရိတ်၊ နေစရိတ် တစ်ဟုန်ထိုး ခုန်တက်သွားလင့်ကစား အလုပ်သမား၏ လုပ်ခကို တိုးမပေးဘဲ တင်းခံနေရမည့်လမ်း ဖြစ်သည်။
အကယ်၍ သစ်သားစည်ပိုင်းလုပ်ငန်း လုံးဝ ပျက်သွားသည် ဖြစ်လျှင် သစ်သားစည်ပိုင်း အလုပ်သမားများသည် မည်သည့်အလုပ်ကို လုပ်စားကြမည်နည်း။ အလုပ်တစ်ခုကို တတ်မြောက်ပြီးမှ အလုပ်သစ်သို့ ပြောင်း၍ လုပ်ရသည် ဆိုခြင်းမှာ မလွယ်လှချေ။ အလုပ်တစ်ခုကို တတ်မြောက်ကျွမ်းကျင်လိုလျှင် အချိန်အတော်ကြာ စောင့်၍ သင်ကြား လေ့ကျင့်ရသည်။ သစ်သားစည်ပိုင်း အလုပ်တွင် စည်ပိုင်းတစ်လုံး ဖြစ်လာအောင် ခုံးထားသော ပျဉ်ချပ်တို့ကို အညီအညွတ် စီရခြင်း၊ ထို့နောက် သံခွေအတွင်း၌ မိအောင် ဖမ်းရခြင်း၊ ဖမ်းသောအခါ ပပ်သေးထေးကြောင်း မပါစေဘဲ ရေမိုးလုံအောင် အံကိုက် စပ်တတ်ရခြင်း စသော အလုပ်တို့ကို ကျွမ်းကျင်စွာ လုပ်တတ်သော အလုပ်သမားသည် ရှာမှ ရှားသည်။ ယာဗားသည် ထိုအလုပ်၌ အလွန်လိမ္မာသူ ဖြစ်၍ ထိုအလုပ်၌ သူ ဂုဏ်ယူသည်။ အလုပ်ဟောင်းမှ အလုပ်သစ်သို့ ပြောင်းရသည် ဆိုခြင်းမှာ သိဟောင်းကို စွန့်လိုက်ရခြင်း၊ တတ်ကျွမ်းသော ပညာကို စွန့်လိုက်ရခြင်းဖြစ်ရာ အဘယ်မှာလျှင် လွယ်ပါလိမ့်မည်နည်း။ တစ်ဖန် တတ်ကျွမ်းမှုကား ရှိပါ၏။ သို့ရာတွင် အလုပ် မရှိသော် ရေတိမ်၌ နစ်ရချေတော့မည်။ ထိုအခြေမျိုးတွင် တတ်ကျွမ်းသူ ပညာသည်သည် ကြမ္မာကိုသာ ယိုးရတော့မည်ကဲ့သို့ ဖြစ်နေသည်။
တစ်ဖန် လုံလောက်သော လုပ်ခကို မရလျှင် အလုပ်မှ ထွက်ပါလားဟု ဆိုနိုင်ပါ၏။ သို့ရာတွင် အလုပ်မှ ထွက်ရန်ဆိုသည်မှာလည်း မလွယ်လှချေ။ တစ်ဖန် အလုပ်မှ မထွက်နိုင်သောကြောင့် မထွက်ဘဲနေ၍ မကျေမနပ် လုပ်နေရပြန်လျှင်လည်း တစ်ခက်ဖြစ်သည်။ မကျေနပ်သည်ကို မပြောမိအောင် ပါးစပ်ကို ပိတ်ထား၍ မရ။ ပြောချင်သည်သာ ဖြစ်သည်။ တစ်ဖန် မစားလောက် မသောက်လောက်သော လုပ်ခကိုသာ သော်လည်း ကောင်း၊ အလုပ်ရှင်က သူ့သဘောတော်အတိုင်း ပေးမည့် လုပ်ခကိုသာ သော်လည်းကောင်း ရမည်ဟု သိနေပါလျက် မနက်တိုင်း အပင်ပန်းခံ၍ အလုပ်တက်နေရလျှင်လည်း တစ်ဒုက္ခ ဖြစ်သည်။

ထို့ကြောင့် ယာဗားတို့ အလုပ်သမား တစ်စုသည် မခံမရပ်နိုင်ဖြစ်၍ ပြောစရာ ရှိသည်ကို ပြောချင် ဆိုချင် ဖြစ်လာကြသည်။ နှစ်ဦး သုံးဦးကမူ ချီတုံချတုံ လုပ်နေကြသည်။ သို့ရာတွင် အလုပ်ရှင်နှင့်တွေ့၍ အရေးဆိုကြပြီးသည့် နောက်ပိုင်း၌ကား ချီတုံချတုံသမားများပါ ဒေါပွလာကြသည်။ လုပ်ချင်မှ လုပ်၊ မလုပ်ချင်လျှင် ထွက်ကြ။ အလုပ်ရှင်သည် ထိုသို့ မောက်မောက်မာမာ တိုတိုပြတ်ပြတ် ပြောလိုက်သောကြောင့် ဖြစ်သည်။ ပြောရက်ပါပေ့၊ ဆိုရက်ပါပေ့။ ထိုစကားသည် လူစကားပေလော။ “ဟေ့၊ သူက တို့ကို လူညံ့တွေ မှတ်နေ ထင်ပါ့ကွာ။ သူ့ကို ရှိခိုးဦးတင် လုပ်မယ့်လူစားမျိုး၊ သူက ထုတ်မှ ထွက်မယ့်လူစားမျိုး မှတ်နေ ထင်ပါ့ကွာ” ဟု အီပိုဆီတို ဆိုသူ အလုပ်သမားက ကြုံးဝါးလိုက်သည်။
စင်စစ်မှာ သူတို့၏ အလုပ်ရှင်သည် သိပ်ဆိုးလှသူ မဟုတ်ချေ။ အလုပ်ရှင်သည် သစ်သားစည်ပိုင်း အလုပ်ကို သူ့မိဘထံမှ အမွေခံ၍ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။ ထိုမျှ ကြီးပွားလာအောင် လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။ အလုပ်သမားတိုင်းနှင့် ပြေပြေပြစ်ပြစ် ဆက်ဆံသူလည်း ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်ရှင်သည် သူ့အလုပ်သမားများကို ဖိတ်ခေါ် ကျွေးမွေးတတ်သည်။ သူ ယူလာသော ငါးသေတ္တာတို့ကို ဖြစ်စေ၊ ဝက်အူချောင်းတို့ကို ဖြစ်စေ အလုပ်ရုံထဲတွင် ရွေပေါ်စာမီးဖြင့် ချက်၍ ကြော်၍ အလုပ်ရုံထဲ၌ အလုပ်သမားများနှင့်အတူ တပျော်တပါး စားတတ်သည်။ ဝိုင်အရက်ကိုပါ သောက်ကြသည်။ ထိုအခါမျိုးတွင် သူသည် ရွှေအလုပ်ရှင်၊ ငွေအလုပ်ရှင်၊ ရွှေသူဌေး၊ ငွေသူဌေးပါပေ့။ တစ်ဖန် သူတို့၏ အလုပ်ရှင်သည် နှစ်သစ်ကူးချိန်တွင် အလုပ်သမားတိုင်းအား ကောင်းပေ့ ဆိုသည့် စပျစ်ဝိုင် ငါးပုလင်းစီ ပေးလေ့ရှိသည်။ အလုပ်သမားတစ်ဦးဦး နာဖျားမကျန်း ဖြစ်လျှင် ဆေးဖိုးဝါးခ ပေးတတ်သည်။ အလုပ်သမားထဲက မင်္ဂလာဆောင်လျှင် သော်လည်းကောင်း၊ သားသမီး မျက်နှာမြင်လျှင် သော်လည်းကောင်း လက်ဖွဲ့တတ်သည်။ သူ့သမီးကလေး ဖွားမြင်လာစဉ်ကသော် သူ့အလုပ်သမားတိုင်းအား မေတ္တာလက်ဆောင် ပေးခဲ့သည်။ ယာဗားအား မြို့စွန်ရှိ သူ့ခြံကျယ် ကြီးထဲတွင် နှစ်ကြိမ်မျှ ငှက်ပစ်ခွင့် ပေးဖူးသည်။ သူ့အဖေသည် အလုပ်သမားဘဝမှ တိုးတက်ကြီးပွားလာသူ ဖြစ်ကြောင်း သူ ခဏခဏ ပြောလေ့ရှိသည်။ သို့ရာတွင် သူ့အလုပ်သမားများ၏ အိမ်သို့ကား သွားရောက်လည်ပတ်ခြင်း မပြုတတ်ချေ။ မပြုတတ်သဖြင့် သူ့အလုပ်သမားများ၏ ဒုက္ခ ကရိကထတို့ကို အတွင်းကျကျ သူ မသိချေ။ သူ့အကြောင်း၊ သူ့ကိစ္စ၊ သူ့အရေးတို့ကိုသာ သူ သိသဖြင့် သူ့လိုဘကိုသာ သူ တွေးတတ်သည်။ ထို့ကြောင့် သူ့အလုပ်သမားများက လုပ်ခတိုးတောင်းလာသောအခါ လုပ်ချင်မှ လုပ်၊ မလုပ်ချင် လျှင် ထွက်ကြဟု သူက ခပ် ပြတ်ပြတ် ပြောလိုက်ခြင်း ဖြစ်သည်။
သူ့အလုပ်သမားများက သူ့အလုပ်ရုံကို သပိတ်မှောက်ကြစဉ်ကသော် အလုပ်သမားအသင်းချုပ်သည် ကြားဝင်၍ စေ့စပ် ပေးပါသေးသည်။ သို့ရာတွင် သူ နားမထောင်။ သူ့အလုပ်ရုံကို သူ ပိတ်လိုက်သည်။ “ဒီမှာ သပိတ်တားတာတွေ၊ ဘာတွေ၊ ညာတွေကို ခင်ဗျားတို့ ဒုက္ခခံပြီး လုပ်မနေကြပါနဲ့တော့ဗျာ။ ကျုပ် အလုပ်ကို ပိတ်ထားရလျှင် ကျုပ်မှာ ငွေကုန်သက်သာလို့ ကျုပ်က ပိုပြီး သဘောကျသေးတယ်” ဟု သူက ဆိုလိုက်သေးသည်။ အမှန်မှာ သူ့အဖို့လည်း အကျိုးရှိသည် မဟုတ်ချေ။ သို့ရာတွင် သူ ခေါင်းမာမြဲ ခေါင်းမာနေသည်။ “ခင်ဗျားတို့ကို အလုပ်ပေးထားတာဟာ ကျုပ်က ခင်ဗျားတို့ကို သနားလို့ ပေးထားတာ သိရဲ့လား။ ခင်ဗျားတို့က ကျေးဇူးရှင်ကို ကျေးစွပ်ကြတာပေါ့ဗျာ။ သိကြရောပေါ့” ဟု ဆိုပြန်သည်။ အီပိုဆီတိုသည် ထိုစကားကို ကြားသောအခါ ဒေါထလာ၍ “ခင်ဗျား ဘာစကားပြောဟာလဲ။ လူစကားလား” ဟု ပြန်ပက်လိုက်သည်။ ထိုအခါ အလုပ်ရှင်သည် ရှူးရှုးရှားရှား ဒေါသမာန် ပွားလာသည်ဖြစ်ရာ ခြေလွန်လက်လွန် ဖြစ်ကြမည် စိုးသဖြင့် အီပိုဆီတိုကို ဆွဲခေါ်သွားကြရသည်။ ဤသို့ဖြင့် အလုပ်ရှင်၏ သဘောထား ပြင်းထန်မှန်းကို အလုပ်သမားတို့ သိသွားကြသည်။
ထိုကြောင့် ယာဗားတို့ အလုပ်သမားတစ်စုက သပိတ်မှောက်လိုက်ကြခြင်း ဖြစ်သည်။ သပိတ်မှောက်၍ အရက်နှစ်ဆယ်မျှ ကြာလာသောအခါ အလုပ်သမားတို့၏ မယား အိမ့်ရှင်မတို့သည် စားရေးသောက်ရေး အတွက် ပူပန်လာကြသည်။ နှစ်ဦး သုံးဦးကမူ အလျှော့ပေးချင်သလိုလို ဖြစ်လာသည်။ နောက်ဆုံးတွင် အလုပ်သမားအသင်းချုပ်က အလုပ်သမားများ ရက်တွက် မနာစေရေး ကိစ္စ၊ အချိန်ပို အလုပ်ဆင်းပေးရေး ကိစ္စတို့ကို ပြောဆို၍ ကြားဝင် ဖျန်ဖြေပေးလိုက်ရာ အလုပ်သမားတို့က သပိတ်လှန်ရန် ဆုံးဖြတ်လိုက်ကြရသည်။ သို့ရာတွင် အောင့်သက်သက် ဖြစ်နေကြ၍လားမသိ။ သူတို့၏ အမူအရာသည် ခပ်ဆတ်ဆတ် ဖြစ်နေကြသေးသည်။ သူတို့ ကိစ္စ ပြီးပြတ်ခြင်း မရှိသေးလေဟန်၊ ပြန်လည် စဉ်းစားရန် ကျန်နေသေးလေဟန်၊ ဟန်ပန်လေလံ ထုတ်နေ ကြသေးသည်။ သို့ရာတွင် ရှုံးမောကြီးလည်း ဖြစ်နေ၍ ဤနေ့ နံနက်ခင်းတွင် အမဲသားကြော်အစား ဒိန်ခဲကိုသာ ဝါးရတော့မည်လည်း ဖြစ်နေသော ယာဗားသည် ဟန်ပန်လေလံ မထုတ်နိုင်တော့ပြီ။
ယာဗားသည် စက်ဘီးကို ခြေတစ်ဖက်ဖြင့် အသာအယာ နင်းလာရင်း လူလည်း မော၍ စိတ်လည်း မောနေသည်။ သူ့အလုပ်ရုံကို သူ တွေးမိတိုင်း အလုပ်ရှင်နှင့် မျက်နှာချင်း ဆိုင်ရဦးတော့မည်ဟု စိတ်လေးနေသည်။ လုပ်ဖော်ကိုင်ဖက်တို့ကိုလည်း သနားနေသည်။ “ရှင်တို့တစ်တွေ သူနဲ့တော့ တွေ့ရမှာပဲ။ တွေ့ရင် ဘာပြောကြမလဲ” ဟု သူ့မယား ဖယ်နန္ဒီက စိတ်ပူသဖြင့် သူ့ကို မေးဖူးသည်။ ထိုအခါက သူက “ဘာပြောရမှာလဲ။ ဘာမှ မပြောဘဲ နေရုံပေါ့” ဟု သူက ဖြေသည်။ ယာဗားသည် စက်ဘီးကို နင်းရင်း ခေါင်းခါလိုက်သည်။ အံကြိတ်လိုက်သည်။ ပြေပြစ်လှသော သူ့မျက်နှာသည် တင်းမာလာသည်။ “အေးလေ၊ ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်တာပဲ ဘာဖြစ်သေးလဲ။ ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ရတယ် ဆိုရင် တော်ရောပေါ့” ထိုသို့ စိတ်ကိုဖြေ၍ စက်ဘီးကို နင်းမြဲ နင်းသည်။ အံကိုလည်း ကြိတ်မြဲ ကြိတ်ထားသည်။
အတန်ကြာသော် ယာဗားသည် လမ်းကျယ်ကြီးအတိုင်း နင်းလာရာမှ ရပ်ကွက်ဟောင်း တစ်ခုဘက်သို့ ချိုးဝင်လိုက်သည်။ ထိုရပ်ကွက် တစ်ခုလုံးသည် အလုပ်ရုံငယ်များဖြင့် လည်းကောင်း၊ အဟောင်းအမြင်း အကျိုးအပဲ့ သံတို သံစ အပုံကြီး အပုံငယ်များဖြင့် လည်းကောင်း၊ မော်တော်ကားရုံများဖြင့် လည်းကောင်း ပြည့်ကျပ်လျက် ရှိသည်။ ထိုရပ်ကွက်ထဲတွင် သူတို့အလုပ် လုပ်ရာဖြစ်သော စည်ပိုင်းအလုပ်ရုံ ရှိသည်။ ထိုအလုပ်ရုံသည် ခပ်နိမ့်နိမ့် ဖြစ်သည်။ နံရံအောက်ပိုင်းကို ကျောက်ဖြင့် ဆောက်ထား၍ အမိုးအထိ မှန်ချပ်များ ကာထားသည်။ အလုပ်ရုံနှင့် မျက်နှာချင်းဆိုင် တစ်လမ်းခြားတွင် အလုပ်ရှင် လာဆား၏ အိမ် ရှိသည်။ ဝင်းနှင့် ခြံနှင့် သာသာယာယာ ဖြစ်သည်။
ယာဗား ရောက်လာသောအခါ အလုပ်ရုံတံခါးသည် ပိတ်လျက်ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက် အချို့သည် တံခါးရှေ့၌ စောင့်နေကြသည်။ ယာဗားသည် ထိုအလုပ်ရုံ၌ အလုပ်လုပ်ခဲ့သည်မှာ ကြာပြီ။ အခါတိုင်းတွင် အလုပ်သမားများ မရောက်ခင်က အလုပ်ရုံတံခါးကို ဖွင့်ထားလေ့ ရှိသည်။ ဤတစ်ကြိမ်၌ကား တံခါးကို ပိတ်ထားသည်ဖြစ်ရာ အလုပ်သမားများ အပေါ်၌ အလုပ်ရှင်က ဦးဦးဖျားဖျား အောင်ပွဲခံလိုက်လေပြီလားဟု တွေးစရာ ဖြစ်နေသည်။ ယာဗားသည် အလုပ်ရုံဘေးသို့ သွား၍ ရောက်သောအခါ စက်ဘီးပေါ်မှ ဆင်းသည်။ ထိုနောက် စက်ဘီးကို နံရံ၌ ထားနေကျ အတိုင်း ထောင်ထားခဲ့ပြီးနောက် အလုပ်ရုံတံခါးဘက်သို့ လျှောက်လာသည်။ လှမ်း၍ ကြည့်လိုက်သောအခါ အီပိုဆီတိုကို မြင်သည်။ အရပ် ထောင်ထောင်မောင်းမောင်း၊ အသားညိုညို၊ အမွေးအမှင် ထူလပျစ်နှင့် ဖြစ်သည်။ အလုပ်ခွင်၌ သူ့အနီးတွင် အလုပ်လုပ်သူ ဖြစ်သည်။ ထို့နောက် မာကို ကို မြင်သည်။ အလုပ်သမားအသင်းချုပ်နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဆိတ်မဟာမက်ကို မြင်သည်။ အလုပ်ရုံ၌ သူ တစ်ဦးသာလျှင် အာရပ်လူမျိုး ဖြစ်သည်။ ထို့ပြင် အခြားအလုပ်သမားများကိုလည်း မြင်သည်။ အားလုံးသည် စကား တစ်ခွန်းတစ်ပါဒမျှ မပြော။ သူ လျှောက်လာသည်ကို စောင့်၍ ကြည့်နေကြသည်။ လုပ်ဖော်ကိုင်ဖက်များ အနီးသို့ ယာဗား ရောက်လာသောအခါ လုပ်ဖော်ကိုင်ဖက်များ၏ မျက်စိတို့သည် အလုပ်ရုံတံခါးဘက်ဆီသို့ လှည့်သွားကြသည်။ အလုပ်ရုံတံခါးသည် ဟ လာပြီ။ ထိုနှင့်အတူ အလုပ်ရုံ ကြီးကြပ်သူ ဖိုမင်၏ မျက်နှာ ပေါ်လာသည်။ ဖိုမင်သည် တံခါးရွက်တစ်ခုကို တွန်း၍ ဖွင့်လိုက်သည်။ ထို့နောက် အလုပ်သမားတို့ကို ကျောပေးလျက် ကျန်တံခါးရွက်ကို တွန်း၍ ဖွင့်ပြန်သည်။
ဖိုမင်၏ အမည်သည် ဗာလက်စတာ ဖြစ်သည်။ အလုပ်သမားထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။ သပိတ်မှောက်ကြစဉ် အခါကသော် သပိတ် မမှောက်သင့်ကြောင်း ဆင်ခြေပေးသူ ဖြစ်သည်။ သို့ရာတွင် သူဌေး၏ လက်ကိုင်တုတ်ဟု လည်းကောင်း၊ သူဌေး ကြေးပံ့သူဟု လည်းကောင်း အီပိုဆီတိုက အော်ဟစ် ရေရွတ်လိုက်သောအခါ တစ်ခွန်းမျှ ပြန်မပြောတော့ဘဲ နှုတ်ပိတ်နေလိုက်သူ ဖြစ်သည်။ ယခုအခါတွင် ဗာလက်စတာသည် တံခါးဝ၌ မတ်မတ်ရပ်လျက် တစ်ယောက်ပြီးတစ်ယောက် အလျှို အလျှို ဝင်သွားကြသော အလုပ်သမားတို့ကို ကြည့်နေသည်။ နှုတ်ခမ်းမွေးကြီး ကုပ်၍ ကြည့်နေသည်။ အလုပ်သမားတို့သည် အရှုံးပေးခဲ့ကြရသူများပီပီ စကားတစ်ခွန်းမျှ မပြော။ နှုတ်ပိတ်နေကြသည်။ နှုတ်ပိတ်နေကြသည်မှာ အခဲမကျေနိုင်ကြသောကြောင့် ဖြစ်သည်။ မပြောဘဲ နှုတ်ပိတ်နေကြလေလေ၊ ပြောချင်စိတ် ခေါင်းပါးလေလေ ဖြစ်လာဟန် တူသည်။ အလုပ်အခန်းထဲသို့ ဝင်လာခါစကသော် သူတို့သည် ဗာလက်စတာကို ရဲရဲမကြည့်ဘဲ ဝင်လာခဲ့ကြသည်။ အလုပ်ရှင်က အကြည့်ခိုင်းထားသည့်အတိုင်း ဗာလက်စတာက သူတို့ကို စောင့်ကြည့်ခြင်း ဖြစ်သည်ဟု သူတို့ သိပြီး ဖြစ်သည်။ ထို့ပြင် ဗာလက်စတာ၏ မျက်နှာ၌ နှုတ်ခမ်းမွေးကြီး ကုပ်နေသည်ကို ထောက်ခြင်းအားဖြင့် ဗာလက်စတာ၏ စိတ်၌ မည်သို့ တွေးနေသည်ကိုလည်း သူတို့ရိပ်မိကြသည်။ ယာဗားသည် ဝင်လာစဉ်က ဗာလက်စတာကို တစ်ချက်မျှ ကြည့်လိုက်သည်။ ထိုအခါ ယာဗားနှင့် သင့်သော ဗာလက်စတာသည် ယာဗားကို ပြန်ကြည့်သည်။ သို့ရာတွင်နှုတ်ဆက်ခြင်း မပြု။ ခေါင်းကိုသာ ညိတ်ပြသည်။

အလုပ်သမားတို့သည် အလုပ်ခန်းထဲသို့ ရောက်ကုန်ပြီ။ အခန်းအလယ်တွင် သစ်သားစည်ပိုင်း ပစ္စည်းဟူသမျှသည် ပုံလျက်ရှိသည်။ အချို့လည်း စည်ပိုင်း ဘဝသို့ ရောက်ကြပြီ။ အချို့လည်း သံခွေပတ်ရုံမျှသာ လိုတော့သည်။ အချို့လည်း အစများလျားနှင့် ဖြစ်သည်။ စည်ပိုင်းအောက်ခံ သစ်သားအဝိုင်း အချို့သည် ခုံတန်းရှည်၏ မျှောကြောင်း၌ ထောင်လျက်ရှိကြသည်။ တစ်နေရာတွင် ရွေပေါ်ထိုးရန်ဖြစ်သော ပျဉ်ချပ်တို့သည် ပုံနေသည်။ တစ်ဖက်တွင် လွှစက်နှစ်လုံး ရှိသည်။ ဆီလူးထားသဖြင့် ပြောင်လက်နေတုန်း ဖြစ်သည်။ မောင်းပေးမည့်သူ လာလျှင် ခုတ်လိုက်အံ့ဟု အားခဲနေသကဲ့သို့ ဖြစ်သည်။ လွှစာတို့သည် ပြန့်ကြဲဖြစ်နေသည်။ စူး၊ ဆောက်၊ တူ၊ လွန်ပူ စသော လက်သမား တန်ဆာပလာတို့သည် လွှစာဖြင့် ရောနှောကြေသည်။ အလုပ် သမားတို့သည် ဖရိုဖရဲ ဖြစ်နေသော အလုပ်ခန်း အခြေအနေကို မြင်လိုက်ကြသည်။ ထို့နောက် အလုပ်လုပ်စဉ် ဝတ်မြဲဖြစ်သော ဆွယ်တာအင်္ကျီ အဟောင်းအနွမ်းများကို လည်းကောင်း၊ ဘောင်းဘီ အဖာအထေးများကို လည်းကောင်း ဝတ်၍ ခါတိုင်းကဲ့သို့ အမိန့်ကို စောင့်နေကြသည်။ ဗာလက်စတာသည် အလုပ်သမားတို့ အဆင်သင့် ဖြစ်ကြသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် “ကိုင်း၊ စကြပေတော့’’ ဟု အမိန့်ပေးလိုက်သည်။ ထိုအခါ အလုပ်သမားတို့သည် ဘာတစ်ခွန်းမျှ မပြောဘဲ တစ်ယောက်ပြီးတစ်ယောက် ကိုယ့်အလုပ်ကို ကိုယ်ဝင်လုပ်ကြသည်။ ဗာလက်စတာသည် အလုပ်သမား တိုင်းဆီသို့ သွား၍ မည်သည့် အလုပ်ကို အဆုံးသတ်ရန် ရှိကြောင်း တစ်ဦးချင်း လိုက်၍ ညွှန်ကြားရသည့် ထုံးစံအတိုင်း ညွှန်ကြားသည်။ အလုပ်သမား တို့ကလည်း တစ်ခွန်းတစ်ပါဒ ပြန်မပြော။ ညွှန်ကြားသည့်အတိုင်း လိုက်နာ လုပ်ကိုင်ကြသည်။
ချက်ချင်းပင် စည်ပိုင်းဖြစ်အောင် စပ်ထားသော ပျဉ်ချပ်တို့ကို မိနေအောင် သံခွေရိုက်သွင်းသော တူထုသံတို့သည် မြည်လာသည်။ ထို့နောက် ရွေပေါ်ထိုးသံတို့ မြည်လာသည်။ တစ်ခါတစ်ရံ သစ်မျက်နှင့် ရွေပေါ်သွား ခတ်မိသော မာဆတ်ဆတ် အသံကိုပင် ကြားရသည်။ အီပိုဆီတို ခုတ်မောင်းလိုက်သော လွှစက်သည် တစ်ဝီဝီမြည်၍ လွှသွားသည် လည်လာသည်။ ဆိတ်မဟာမက်သည် ထိုအလုပ်သမား၊ ဤအလုပ်သမားတို့က ခိုင်းလျှင် ပျဉ်ချပ်တို့ကို သယ်လာသည်။ ပျဉ်ချပ်တို့ကို ခုံးလာအောင် ပြုရာတွင် အပူငွေ့ဖြင့် ပြုရသဖြင့် မီးအမွှေးခိုင်းလျှင် ရွေပေါ်စာတို့ဖြင့် မီးမွှေးပေးသည်။ ခိုင်းစရာမရှိ၍ မည်သူကမျှ မခိုင်းသေးလျှင် သူ့ခုံ၌ သူထိုင်၍ သံချေးတက်နေသော သံခွေတို့ကို စို့နှက်သည်။ အလုပ်ခန်းတွင် ရွေပေါ်စာ မီးလောင်နံ့ သင်းလာသည်။ ယာဗားသည် အီပိုဆီတို၏ လွှစက်မှ ထွက်လာသော ပျဉ်ချပ်တို့ကို ရွေပေါ်ထိုးသည်။ ပြီးလျှင် စပ် ကြည့်သည်။ ရွေပေါ်ထိုးရင်း၊ ပျဉ်စပ်ရင်း ရွေပေါ်စာ မီးလောင်နံ့ကို ရလာသောအခါ စိတ်ပြေသလိုလို ဖြစ်လာသည်။ ဤသို့ဖြင့် အလုပ်ခန်းထဲတွင် တစ်ယောက်တစ်လက် အလုပ် လုပ်နေကြသည် ဖြစ်ရာ လွှတိုက်သံ၊ ရွေပေါ်ထိုးသံ၊ တူထုသံတို့ကို အဆက်မပြတ် ကြားရသည်။ လူသံကိုကား လုံးဝ မကြားရချေ။ အားလုံးသည် နှုတ်ပိတ်၍ အလုပ် လုပ်နေကြသောကြောင့် ဖြစ်သည်။
အတန်ကြာသော် အလုပ်သမားတို့သည် အလုပ်ခန်းတံခါးဝသို့ ရောက်လာ ရပ်ကြည့်နေသော အလုပ်ရှင် လာဆားကို မြင်လိုက်ကြသည်။ လာဆားသည် အသက်အရွယ်အားဖြင့် သုံးဆယ်ကျော်မျှသာ ရှိသေးသည်။ ပိန်ပိန်ပါးပါး ဖြစ်သည်။ ဂယ်ဘာဒင် ဘောင်းဘီ အင်္ကျီ ဝတ်လာသည်။ ကပိုကယို နိုင်လှသည်။ ပြတ်သားသော မျက်နှာရှိသည်။ သို့ရာတွင် မြင်လျှင် ချစ်ခင်စရာ ဖြစ်သည်။ တံခါးဝမှ အခန်းတွင်းသို့ ဝင်မိသောအခါ ဣနြေ္ဒ အနည်းငယ် ပျက်သည်။ အလုပ်သမားများကို နှုတ်ဆက်နေကျ ဖြစ်သည့်အတိုင်း နှုတ်ဆက်လိုက်သောအခါ သူ့ အသံသည် သွက်သွက်လက်လက် မရှိလှချေ။ ထူးသည်မှာ အလုပ်ရှင်က နှုတ်ဆက်လိုက်သောအခါ အလုပ်သမားများသည် တုံ့ပြန် ခြင်းမပြုဘဲ နေကြခြင်း ဖြစ်သည်။ တူထုသံများသာလျှင် တစ်ခဏမျှ တိမ်သွားသလိုလို ဖြစ်သည်။ ထို့နောက် ပို၍ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ဖြစ်လာသည်။
ထို့ကြောင့် လာဆား၏ ခြေလှမ်းသည် အနည်းငယ် အရှိန်ပျက် သွားသည်။
လာဆားသည် လုပ်သက် တစ်နှစ်မျှသာ ရသေးသော အလုပ်သမားလူငယ် ဗာလာရီဆီသို့ ခြေဦးလှည့်လိုက်သည်။ ဗာလာရီသည် အီပိုဆီတို၏ လွှစက်အနီး၊ ယာဗား၏ ရွေပေါ်ခုံနှင့် မလှမ်းမကမ်းနေရာ၌ အလုပ် လုပ်သူ ဖြစ်သည်။ ငါးဆယ့်နှစ်ဂါလံ စည်ပိုင်း၌ အောက်ခံသစ်သားအဝိုင်း တပ်ဆင်ပေးရသူ ဖြစ်သည်။ လာဆားသည် ဗာလာရီအနားသို့ ရောက်လာသောအခါ ဗာလာရီသည် လာဆားနှင့် မျက်နှာချင်းမဆိုင်။ ကိုယ့်အလုပ်ကို ငုံ့၍လုပ်သည်။ “ဘယ့်နှယ့်လဲကွ၊ မင်း နေလို့ကောင်းရဲ့လား” ဟု လာဆားက မေးသောအခါ ဗာလာရီသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်၍ အီပိုဆီတိုသို့ လှမ်း၍ ကြည့်သည်။ ထိုအခိုက်တွင် အီပိုဆီတိုသည် ရွေပေါ်စာတို့ကို ကျုံး၍ ယာဗားထံသို့ ယူသွားသည်။ ဗာလာရီ လှမ်းကြည့်စဉ်က အီပိုဆီတိုက ပြန်ကြည့်ပါ၏။ ထို့နောက် သူ့အလုပ်ကိုသာ လုပ်မြဲ လုပ်နေသည်။ ထိုအခါ ဗာလာရီသည် အလုပ်ရှင် လာဆားကို ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ သူ့ စည်ပိုင်း မျက်နှာဝကိုသာ အကဲခတ်နေသယောင် ပြု၍ ကြည့်နေသည်။ လာဆားသည် ကြောင်တက်တက် ဖြစ်သွားသည်။ သို့ရာတွင် ဗာလာရီအနီး၌ အတန်ကြာမျှ မတ်တတ်ရပ်၍ ကြည့်နေသေးသည်။ ထိုနောက် မင်းက ဒီလိုလားကွဟု ဆိုလိုက်ဘိသကဲ့သို့ သူ့ ပခုံးနှစ်ဖက်ကို တွန့်ပြ၍ အလုပ်သမား မာကိုဆီသို့ လှည့်သွားသည်။
မာကိုသည် ခုံတန်းလျား၌ ခွထိုင်၍ စည်ပိုင်းအောက်ခံ သစ်သား အဝိုင်း၏ စောင်းကို လိုရာပုံသို့ရောက်အောင် ဂရုတစိုက် ပြုပြင်နေသည်။ “ဟေ့ ... မာကို” ဟု လေချိုသွေးကာ လာဆားက ဆိုလိုက်သည်။ ထိုအခါ မာကိုကလည်း ဘာတစ်ခွန်းမျှ ပြန်မပြော။ အောက်ခံသစ်သား အဝိုင်း၏ စောင်းကိုသာ လိုသလောက် ပါးပါးလှီးနေသည်။ “နေစမ်းပါဦး၊ ခင်ဗျားတို့ ဘာဖြစ်နေကြတာတုံးဗျ” ဟု လာဆားသည် ခပ်ကျယ်ကျယ် ညည်းတွား၍ အခြားသော အလုပ်သမားများကို ကြည့်သည်။ ထို့နောက် ဆက်၍ “ခင်ဗျားတို့ကလဲ ခင်ဗျားတို့ရဲ့ အယူကို မှန်တယ်လို့ ထင်ကြတာပဲ။ ကျပ်ကလည်း ကျုပ်ရဲ့အယူကို မှန်တယ်လို့ ထင်တာပဲ။ သဘောချင်းတော့ မတူကြဘူး ပေါ့ဗျာ။ ဒါပေမဲ့ လုပ်စရာရှိတာကိုတော့ လက်တွဲပြီး လုပ်ကြရမှာပဲ မဟုတ်လား။ အခုတော့ ခင်ဗျားတို့ လုပ်နေပုံဟာ မဟုတ်သေးပါဘူးဗျာ” ဟု ဆိုသည်။ ထိုအခါ မာကိုသည် ထိုင်နေရာမှ ထလိုက်သည်။ ထို့နောက် သစ်သားအဝိုင်းကို စောင်း ညီ မညီ လက်ဝါးဖြင့် ပွတ်သပ်ကြည့်၍ ကျေနပ်သော အမူအရာဖြင့် သစ်သားအဝိုင်းကိုကိုင်ကာ စည်ပိုင်းအောက်ခံတပ်သော အလုပ်သမားဆီသို့ ယူသွားသည်။ အလုပ်ခန်း တစ်ခန်းလုံးတွင် လူသံမကြားရ။ ရွေပေါ်ထိုးသံ၊ တူထုသံ၊ လွှစက်သံတို့ကိုသာ ကြားရသည်။ “ခင်ဗျားတို့ သဘောပေါ့ဗျာ။ စိတ်ခုနေကြတုန်းတော့ ဒီလိုပဲ ဖြစ်ရမှာပဲ။ စိတ်ပြေလာတဲ့ အခါကျတော့ ပြောကြပေါ့ဗျာ။ ခင်ဗျားတို့ဆရာ ဗာလက်စတာ အရှိသားပဲ” ဟု ဆို၍ လာဆားသည် အလုပ်ခန်းမှ ထွက်သွားသည်။
တအောင့်လောက် ကြာသောအခါ ရွေပေါ်ထိုးသံ၊ တူထုသံ၊ လွှတိုက်သံတို့ အကြားမှ ခေါင်းလောင်းတီးသံကို နှစ်ကြိမ် ကြားလိုက်ကြသည်။ ထိုအခါ စီးကရက် သောက်ချင်သဖြင့် စီးကရက်လိပ်ဟန် ပြင်နေသော ဖိုမင် ဗာလက်စတာသည် ထိုင်မည်ပြုပြီးမှ ပြန်ထ၍ အလုပ်ခန်းမှ ထွက်သွားသည်။ ထိုအခါကျမှ ယခင်က ဆူညံနေသော ရွေပေါ်ထိုးသံ၊ တူထုသံ၊ လွှတိုက်သံတို့သည် အဆူအညံ လျော့သွားသည်။ ချက်ချင်းပင် ဗာလက်စတာ ပြန်ဝင်လာ၍ “မာကိုနဲ့ ယာဗား၊ သူဌေး ခေါ်နေတယ်” ဟု အော်ပြောသည်။ သူဌေး ခေါ်သည်ဟု သိသည်နှင့် တစ်ပြိုင်နက် ယာဗားသည် ရုတ်ခြည်း ထ၍ ပေရေနေသော မိမိလက်များကို ဆေးကြောမည် ပြု၏။ သို့ရာတွင် မာကိုက ဟန့်လိုက်သဖြင့် လက်မဆေးတော့ဘဲ မာကိုနောက်သို့ ထောာ့ကျိုး ထောာ့ကျိုးနင်း၍ လိုက်သွားသည်။
အလုပ်ရှင် လာဆား၏ အိမ်ရှေ့ခန်းသို့ ရောက်သောအခါ မာကိုနှင့် ယာဗားသည် အတွင်းခန်းမှ ကလေးငိုသံကို ကြားလိုက်ကြသည်။ ထို့နောက် “နေ့လယ်စာ ကျွေးပြီးရင် ကလေးကို သိပ်လိုက်။ အဖျားမကျသေးရင် ဆရာဝန် ခေါ်ပေါ့” ဟု ပြောလိုက်သော လာဆား၏ အသံကို ကြားကြပြန်သည်။ ထို့နောက် လာဆားသည် အပြင်သို့ထွက်လာ၍ အလုပ်သမားနှစ်ဦးကို သူ့ရုံးခန်းသို့ ခေါ်သွားသည်။ အခန်းသို့ ရောက်သောအခါ လာဆားသည် အလုပ်စားပွဲနောက်၌ ဝင်ထိုင်၍ အလုပ်သမားနှစ်ဦးကို အထိုင်ခိုင်းသည်။ အလုပ်သမားနှစ်ဦးသည် မထိုင်။ မတ်တတ် ထလျက်သာနေသည်။ “ခင်ဗျား တို့နှစ်ဦးကို ကျုပ်ခေါ်တာဟာ တခြားကြောင့် မဟုတ်ပါဘူး။ မာကိုက ကျုပ်အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်ဖြစ်လို့။ ယာဗားက ကျုပ်အလုပ်ရုံ မှာ ဗာလက်စတာပြီးရင် လုပ်သက်အရင့်ဆုံး ဖြစ်လို့။ ဒါကြောင့်ခေါ်တာ။ ဒီမှာဗျ၊ ပြီးခဲ့တဲ့ ကိစ္စတွေကို အကျယ်အကျယ် မငြိမ်းဖွယ်ဆိုသလို ကျုပ် ပြန်ပြီး မပြောလိုတော့ဘူးဗျ။ အခု ဆုံးဖြတ်ကြတဲ့အတိုင်း ပြောရရင် ခင်ဗျားတို့ အခု အလုပ်ပြန်ဆင်းလာကြပေမယ့် ကျုပ်က လုပ်ခတိုးပေးဖို့ မဟုတ်ဘူးနော်။ ဟုတ်ကဲ့လား။ အချုပ်မှာ အရင်ကလိုပဲ ခင်ဗျားတို့ အလုပ် လုပ်နေကြတယ် ပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်မှာ ပြောစရာတစ်ခု ရှိတယ်။ ဒါကတော့ ခင်ဗျားတို့ဟာ ကျုပ်ကို စိတ်ဆိုးနေကြတုန်းပဲ။ ကျုပ်အပေါ်မှာ စိတ်ခုနေကြတုန်းပဲ။ အဲဒါတော့ မကောင်းပါဘူးဗျာ။ ကျုပ်စိတ်မှာ တော်တော် ထိခိုက်တယ်။ ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ။ မြုံမထားချင်ဘူး။ ဒီမှာဗျ။ ခေတ်မကောင်းလို့သာပေါ့ဗျာ။ ခေတ်သာ ကောင်းရင် ခင်ဗျားတို့က မတောင်းခင် ကျုပ်က အရင်တိုးပေးမှာပါဗျ။ ခေတ်သာ ကောင်းလာပါစေ။ လုပ်ခကို ကျုပ် ချက်ချင်း တိုးပေးပါ့မယ်။ ကျုပ် အခု ကတိပေးပါတယ်။ ရှေ့အဖို့မှာ စိတ်အေးလက်အေး အတူတူ အလုပ် လုပ်ကြရအောင်ဗျာ” ဟု လာဆားက ဆိုပြီးနောက် ငေးနေသည်။ ထို့နောက် မာကိုနှင့် ယာဗားဘက်သို့ လှည့်၍ “ဘယ့်နှယ့်လဲဗျ” ဟု မေးသည်။ မာကိုသည် အနီးရှိ ပြတင်းပေါက်ဆီ သို့ လှမ်း၍ ကြည့်နေသည်။ ယာဗားသည် ပြန်ပြောချင်စိတ် ပေါက်လာသည်။ သို့ရာတွင် စကားမရှိသကဲ့သို့ ဖြစ်နေ၍ အံကြိတ်ထားရသည်။ ထိုအခါ လာဆားကပင် ဆက်၍ “အခုတော့လဲ ခင်ဗျားတို့ဟာ ကျုပ်အပေါ်မှာ စိတ်ခုနေကြဦးမှာပဲ။ ဒါပေမဲ့ တစ်နေ့နေ့မှာ ခင်ဗျားတို့ အရည်လည်လာရင် စိတ်ပြေသွားကြမှာပဲ။ ကျုပ်ပေးတဲ့ ကတိကို မမေ့ကြပါနဲ့ဗျာ” ဟု ဆို၍ ထိုင်ရာမှ ထလိုက်ပြီးနောက် ကျေရာကျေကြောင်း သဘောဖြင့် လက်ဆွဲနှုတ်ဆက်ရန် မာကိုဆီသို့ သူ၏လက်ကို လှမ်းလိုက်သည်။ မာကိုသည် မျက်နှာမထားတတ်အောင် ဖြစ်သွားသည်။ သို့ရာတွင် မချိုမချဉ် မျက်နှာပေးဖြင့် တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ချာခနဲ လှည့်၍ ထွက်သွားသည်။ ထိုအခါ လာဆားသည် ရှက်ကိုးရှက်ကန်း လက်တန်းလန်း ကျန်ရစ်၍ အံ့အားသင့်ကာ ယာဗားကို စိုက်ကြည့်နေသည်။ ထို့နောက် “ဖြစ်ချင်ရာ ဖြစ်ကြပေါ့ဗျာ။ ကျုပ်က ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ” ဟု အော်လိုက်သည်။

အလုပ်ခန်းသို့ မာကိုနှင့် ယာဗားတို့ ပြန်ရောက်ကြသောအခါ အလုပ်သမားတို့သည် နေ့လယ်စာ စားနေကြပြီ။ ဗာလက်စတာသည် အပြင်သို့ ထွက်သွားပြီ။ ဝိုင်း၍ မေးကြသောအခါ မာကိုက “အလကားပါကွာ။ မစားရ ဝခမန်း။ လေတစ်လုံး မိုးတစ်လုံး စကားချည်းပါပဲ” ဟု ပြန်ပြော၍ သူ့နေရာသို့ သူ ပြန်သွားသည်။ အီပိုဆီတိုသည် ကိုက်စားတော့မည့် ပေါင်မုန့်ကို ကိုက် မစားသေးဘဲ “မင်းတို့ ဘာပြန်ပြောခဲ့သလဲကွ” ဟု ယာဗားကို မေးကြည့်သည်။ “ဘာမှ မပြောခဲ့ဘူးကွ” ဟု ယာဗားက ဆို၍ သူ့မုန့်လွယ်အိတ် ရှိရာသို့ သွားသည်။ ထို့နောက် မုန့်လွယ်အိတ်ကို ယူလာ၍ သူ့ခုံတန်းလျားမှာ ထိုင်သည်။ စားတော့မည် ပြုသောအခါ ဆိတ် မဟာမက် ဆီသို့ သူ့မျက်စိ ရောက်သွားသည်။ ဆိတ် မဟာမက်သည် ရွေပေါ်စာ အပုံပေါ်၌ ပက်လက်လှန်ကာ အထက်မှန်ချပ်များမှ ထိုးဝင်လာသော မိုးကောင်းကင် အပြာရောင်ကို ငေးကြည့်နေသည်။ “ဟေ့ ဆိတ်။ စားပြီးပြီလား” ယာဗားက လှမ်းမေးလိုက်သည်။ “ပြီးပြီလေ။ ငါ့မှာ တယ်သီး ပါလာတယ်။ အကုန်စားလိုက်ပြီ” ထိုအခါ ယာဗားသည် လာဆားကို မေ့၍ ဆိတ်ကို သနားလာသည်။ ထို့ကြောင့် သူ့ပေါင်မုန့်ကို နှစ်ပိုင်းပိုင်း၍ တစ်ပိုင်းကို ဆိတ် မဟာမက်အား ပေးသည်။ ဆိတ်မဟာမက်သည် ဝပြီဟု ပြော၍ အတန်တန် ငြင်းသည်။ “စားပါကွ။ ယူပါကွ။ နောက်တစ်ပတ်ဆိုရင် တို့တစ်တွေ ဖောဖောသီသီ ဖြစ်လာမှာပဲ။ ဒီအခါကျတော့ မင်းက ငါ့ကို ကျွေးပေါ့။ တစ်လှည့်စီပေါ့၊ စားပါကွ။ ယူပါကွ” ဟု ဆို၍ ယာဗားက အတင်းပေးသည်။ ထိုအခါကျမှ ဆိတ် မဟာမက်သည် ပြုံး၍ ပေါင်မုန့်တစ်ပိုင်းကို လှမ်းယူလိုက်သည်။ ထို့နောက် တစ်ကိုက် ကိုက်လိုက်ပြီးလျှင် မစားရက်၊ မမျိုရက် ဖြစ်သဖြင့် အားနာပါးနာ၊ မဝါးချင် ဝါးချင် ဝါးနေသည်။
အီပိုဆီတိုသည် သူ့ ပေါင်မုန့်ကို စားပြီးသောအခါ ထောင့်တစ်ထောင့်မှ အိုးဟောင်းတစ်လုံးကို ဆွဲထုတ်သည်။ ထို့နောက် ရွေပေါ်စာတို့ဖြင့် မီးမွှေးသည်။ မီးတောက်လာသောအခါ ပုလင်း၌ ထည့်ယူလာသော ကော်ဖီရည်ကို အိုးထဲသို့ လောင်းထည့်၍ နွေးသည်။ “ဟေ့ ဒီကော်ဖီကို မင်းတို့ ဘာထင်ကြသလဲ။ ဒီကော်ဖီဟာ သပိတ်ကော်ဖီကွ။ တို့ သပိတ်လှန်လိုက်ရပြီ ဆိုလို့ ငါဝယ်နေကျ ကုန်သေးဆိုင်က တို့တစ်တွေကို သနားပြီး၊ တို့တစ်တွေကို ကုသိုလ်ပြုလိုက်တဲ့ ကော်ဖီကွ သိရဲ့လား။ လာ သောက်ကြ။ များတော့ အဝ၊ နည်းတော့ အမျှပေါ့ကွ” ဟု ဆို၍ သံဖြူခွက်ဟောင်း တစ်ခွက်၌ နည်းနည်းစီ ငှဲ့ထည့်ပေးရာ တစ်ယောက်တစ်လှည့်စီ သောက်ကြသည်။ ဆိတ် မဟာမက်သည် ယာဗား၏ ပေါင်မုန့်ကို စားစဉ်က အားနာသလိုလို ဖြစ်ခဲ့သည်။ ယခုသော် အားနာခြင်း မဖြစ်။ အားရပါးရ သောက်လိုက်သည်။ အီပိုဆီတိုသည် အိုးကပ်ကိုပါ မချန်ချင်သဖြင့် အိုးကို ပါးစပ်မှာတေ့၍ မော့ချလိုက်သည်။ “ငါ့ လခွေးမှပဲ။ ကောင်းလိုက်တဲ့ ကော်ဖီကလေးနှယ်ကွာ။ ဘယ်လို အရသာရှိမှန်း မသိဘူး” ဟုလည်း ဆို၍ နှုတ်ခမ်းပါးနားကို လျှာဖြင့် လျက်သည်။ သပိတ်ကော်ဖီ၏ အရသာကို အပြည့်အဝ ခံလိုက်သော သဘောဖြင့် ပါးစပ်ကလည်း ပလပ်ပလပ် မြည်ပြလိုက်သေးသည်။ ထိုအခိုက် ဖိုမင် ဗာလက်စတာ ဝင်လာ၍ အလုပ်ကို ပြန်စရန် အချက်ပေးသည်။
ထိုအခါကျမှသာ အလုပ်သမားတို့သည် စားကြွင်းစားကျန်မှ စ၍ ပန်းကန်ခွက်ယောက်တို့ကို သိမ်းကြသည်။ သိမ်းနေကြခိုက် ဗာလက်စတာသည် အလုပ်သမားများနှင့် စကားရော ဖောရော ပြု၍ “ခေတ်က မကောင်းတော့ တို့တစ်တွေလဲ ခပ်ကျပ်ကျပ်ပဲကွ။ သူလဲ ခပ်ကျပ်ကျပ်ပဲကွ။ ဒီတော့ သဘောကြီးကြဖို့ လိုတယ်ကွ။ ကလေးတွေလို သုန်သုန်မှုန်မှုန် ကတ်တီးကတ်ဖဲ့ လုပ်နေဖို့ မကောင်းဘူးကွ” ဟု လေချိုသွေးလိုက်သည်။ ထိုအခါ အီပိုဆီတိုသည် ကော်ဖီအိုးကို လက်တစ်ဖက်က ကိုင်လျက် ဖိုမင် ဗာလက်စတာကို စားတော့မည် ဝါးတော့မည်ကဲ့သို့ ကြည့်လိုက်သည်။ ယာဗားသည် အီပိုဆီတို မည်သို့ ပြန်လည် ချေပလိုက်မည်ကို သိပြီး ဖြစ်သည်။ ထိုမျှသာမက အလုပ်သမား အားလုံး၏ စိတ်၌ မည်သို့ ဖြစ်နေကြသည်ကိုလည်း သိသည်။ စင်စစ်မှာ အလုပ်သမားတို့သည် သုန်သုန်မှုန်မှုန် လုပ်နေကြသည်လည်း မဟုတ်။ ကတ်တီးကတ်ဖဲ့ လုပ်နေကြသည်လည်း မဟုတ်။ စကား မပြောလို၍ နှုတ်ပိတ်နေကြခြင်းသာ ဖြစ်သည်။ လုပ်ချင်မှလုပ်၊ မလုပ်ချင်လျှင် ထွက်ကြဟု အလုပ်ရှင်က အာဏာပြခဲ့သည်ဖြစ်ရာ အလုပ်သမားများမှာ ဘေးကျပ်နံကျပ် ဖြစ်ခဲ့ကြရသည်။ အလုပ်ရှင်က လခ တိုးမပေးသဖြင့် အလုပ်မှ သူတို့ ထွက်လိုက်လျှင် ငတ်ကြမည်မှာ သေချာသည်။ မငတ်ချင်ကြ၍ အလုပ်ကို တွယ်ထားလျှင်လည်း မဝတဝသာ စားကြရမည်။ ထို့ကြောင့် သူတို့ ဒေါထ၍ စိတ်နောက်ကိုယ်ပါ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် အလုပ်သမား အသင်းချုပ်ကလည်း သူတို့ကို မကယ်နိုင်ဖြစ်ခဲ့ရာ သပိတ်လှန်၍ အလုပ်ပြန်ဝင်ခဲ့ကြသည်။ ယခုအခါ၌ သူတို့သည် ကိုးကွယ်ရာမဲ့ ဖြစ်နေကြပြီ။ ထိုအခြေမျိုးတွင် သူတို့သည် အလုပ်ရှင်က နှုတ်ဆက်သည်ကို ပြန်လည်နှုတ်ဆက်နိုင်ဖို့ ဝေးစွ၊ ငိုချင်ပါလျက် မငိုနိုင်အောင် ဖြစ်နေကြရသည်။ သူတို့လည်း လူပင် ဖြစ်သည်။ ပြုံးမပြနိုင်သေးသည့် အခါ၌ မပြုံးဘဲသာ နေလိုက်ချင်သည်။ ဟန်ဆောင်ပြုံးမျိုးကိုကား သူတို့ ပြုံးမပြနိုင်ပြီ။ သူတို့ ပြန်မပြောခြင်း၊ ပြန်မပြုံးခြင်းတို့သည် သုန်သုန်မှုန်မှုန် လုပ်နေခြင်း မဟုတ်။ ကတ်တီးကတ်ဖဲ့ လုပ်နေခြင်း မဟုတ်။ ပြန်မပြောနိုင်၍ ပြန်မပြောခြင်းသာ ဖြစ်သည်။ ပြန်မပြုံးနိုင်၍ ပြန်မပြုံးခြင်းသာ ဖြစ်သည်။ သို့ရာတွင် အီပိုဆီတိုသည် ဗာလက်စတာအား ထိုသို့ ပြန်လည်ချေပခြင်း မပြုလိုက်ချေ။ ချေပချင်စိတ်ကို ချုပ်ထိန်း၍ ဗာလက်စတာ၏ ပခုံးကို အသာအယာ ပုတ်ခဲ့ပြီးနောက် မိမိ၏ အလုပ်ခွင်သို့ သွားသည်။ ကျန်အလုပ်သမား အားလုံးလည်း အလုပ်ခွင်သို့ ပြန်ဝင်ကြသည်။
အလုပ်ခန်းတွင် တူထုသံတို့ကို ကြားလာရပြန်ပြီ။ ရွေပေါ်စာ မီးလောင်နံ့ သင်းလာပြန်ပြီ။ လွှစက်ခုတ်သံသည် တဝီဝီ မြည်လာပြန်ပြီ။ အီပိုဆီတိုသည် ပတ်ချာလည်နေသော လွှသွားဆီသို့ ပျဉ်ချပ်ကို ဦးတိုက် တွန်းလိုက်သည်ဖြစ်ရာ လွှသွားသည် သစ်သား၌ နစ်ဝင်၍ တိုက်စားသွားသည်။ ထိုအခါ လွှစာတို့သည် ဖြာထွက်လာ၍ အမွေးအမှင် ထူလှသော အီပိုဆီတို၏ လက်မောင်းပေါ်သို့ တဖွဲဖွဲ ကျလာသည်။ ပျဉ်ချပ်ဆုံးသောအခါ လွှတိုက်သံစဲ၍ စက်ခုတ်သံသာ မြည်မြဲမြည်နေသည်။ ယာဗားသည် ကုန်း၍ ရွေပေါ်ထိုးသည်။ ရွေပေါ်ထိုးရင်း ခါးနာလာသည်။ အခါတိုင်းတွင် အတန်ကြီးကြာမှ ခါးနာတတ်သည်။ အရက် နှစ်ဆယ်လောက် အလုပ်မလုပ်ဘဲ သက်သက်သာသာ နေလိုက်ရ၍ အကျင့်ပျက်ခဲ့သောကြောင့် ခါးအနာ မြန်လာခြင်း ဖြစ်သည်။ အသက်ကြီးလာသောကြောင့် ဖြစ်သည်ဟုလည်း ယာဗား ယူဆသည်။ ခြေနှင့် လက်နှင့် သယ်ပိုး တွန်းထိုး ထုရိုက်၍ လုပ်ရသော ခြေလက် အလုပ်မျိုးသည် ပျိုရွယ်စဉ်၌ မထောင်းတာ။ အသက်ကြီးလာသောအခါ ပင်ပန်းလှသည်။ ပင်ပင်ပန်းပန်း လုပ်ရဖန်များလျှင် သင်္ချိုင်းသို့ မျက်စောင်းထိုးချင်လာသည်။ ပင်ပင်ပန်းပန်း လုပ်ရသောကြောင့် ခြေကုန် လက်ပန်းကျကာ အိပ်ပျော်သွားသောအခါ အသေနှင့် တူတော့သည်။ သူ့သားငယ်က ပြောသည်မှာ သူ ကြီးလာလျှင် ကျောင်းဆရာလုပ်မည်ဟု ပြောသည်။ သူ့သား စိတ်ကူးမလွဲ၊ လိမ္မာလှပေသည်။ လောက၌ ခြေလက် အလုပ်သည် သမ္မာအာဇီဝအလုပ် ဖြစ်၏။ မြတ်သောအလုပ် ဖြစ်၏။ မွန်သော အလုပ်ဖြစ်၏ စသည်ဖြင့် လျှာအရိုးမရှိတိုင်း ပြောတတ် ဟောတတ် ကြသည်။ ထိုသူတို့သည် သူတို့ဟောသော စကားကို သူတို့ နားလည်ကြပါလေစ။ သူတို့စိတ်ကို သူတို့ သိကြပါလေစ။
ယာဗားသည် သူ့ခါးကို ဆန့်၍ သူ့ခေါင်းထဲသို့ ဝင်လာသော ကဲ့ရဲ့ချင်စိတ်ကို ဖျောက်ကြည့်သည်။ ထိုအခိုက်တွင် ခေါင်းလောင်းတီးသံ ကြားလိုက်ကြပြန်သည်။ ခေါင်းလောင်းတီးသံသည် ခါတိုင်းနှင့် မတူ။ ထူးသည်။ မြည်သံသည် ပြတ်တောက် ပြတ်တောက်ဖြစ်၍ မာသည့်အခါ မာသည်။ တိမ်သည့်အခါ တိမ်သည်။ အာဏာသံ ပါသည့်အခါ ပါသည်။ ကြားကြသော အလုပ်သမားတို့သည် ကြက်သေ သေနေကြသည်။ ဗာလက်စတာသည် နားစွင့်၍ နားထောင်သည်။ တွေနေသည်။ ထို့နောက် အပြင်သို့ ထွက်သွားသည်။ ထို့နောက် ခေါင်းလောင်းသံ ရပ်သွားသည်။ ထို့ကြောင့် အလုပ်သမားတို့သည် မိမိတို့ အလုပ်ကို ပြန်လုပ်ကြသည်။ ချက်ချင်းပင် ဗာလက်စတာ ပြန်လာ၍ အဝတ်လဲခန်းသို့ ဝင်သွားသည်။ ထို့နောက် ကင်းဗတ်ဖိနပ်စီး၍ ထွက်လာသည်။ အင်္ကျီလက်ထဲသို့ သူ့ လက်ကို ထိုးထည့် ရင်း ယာဗားအား “ကလေး တက်နေတယ်ကွ။ ဂျာမိန်ကို ငါ သွားခေါ်လိုက်ဦးမယ်” ဟု ပြော၍ ထွက်သွားသည်။ ဂျာမိန် ဆိုသူသည် လာဆား၏ အလုပ်သမားများကို စောင့်ရှောက်ရသော အလုပ်ရုံဆရာဝန် ဖြစ်သည်။ ယာဗားက အလုပ်ရှင်၏ သမီးကလေး တက်နေကြောင်း တစ်ဆင့် ပြန်ပြောပြ လိုက်သောအခါ အလုပ်သမားတို့သည် ယာဗားဆီသို့ ဝိုင်းအုံလာ၍ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ လိပ်ပြာမသန့် ဖြစ်နေကြသည်။ အလုပ်ခန်း တစ်ခုလုံးတွင် အသံဟူ၍ လွှစက်ခုတ်သံကိုသာ ကြားရသည်။ ထို့နောက် “တော်တော်ကြာရင် အဖျားကျသွားမှာပဲကွာ” ဟု တစ်ဦးက ဆိုလိုက်သဖြင့် အားလုံး ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ကြသည်။ ထိုအခါ တူထုသံ၊ ရွေပေါ်ထိုးသံ၊ လွှတိုက်သံတို့သည် မြည်လာပြန်သည်။ သို့ရာတွင် ယခင်ကလောက် ဆူဆူညံညံ မဟုတ်။ တစ်ခုခုကို စောင့်မျှော် နားစွင့်နေဘိ သကဲ့သို့ ခပ်တိုးတိုး ခပ်ဆိုင်းဆိုင်းသာ မြည်၏။
ဆယ့်ငါးမိနစ်လောက် ကြာသောအခါ ဗာလက်စတာ ပြန်လာ၍ အင်္ကျီကို ချွတ်ထားခဲ့ပြီးလျှင် ဘာတစ်ခွန်းမျှ မပြောဘဲ ထွက်သွားပြန်သည်။ အပြင်ဘက်တွင် မိုးအုံနေဟန် တူသည်။ အတန်ကြာသော် လွှစက်၌ ပျဉ်ချပ် ဆုံးသွား၍ လွှတိုက်သံ စဲခိုက်တွင် သူနာပြု မော်တော်ကား ခေါင်းလောင်းသံကို ကြားလာကြသည်။ ပထမသော် ခပ်လှမ်းလှမ်းမှ မြည်လာ၍ တဖြည်း ဖြည်း နီးလာသည်။ ထို့နောက် အလုပ်ရုံ၏ အပြင်နားဆီ၌ ရပ်သွားသည်။ ဗာလက်စတာ ပြန်ဝင်လာသောအခါ ဗာလက်စတာကို ဝိုင်း၍ မေးကြသည်။ ထိုအခါ ဗာလက်စတာက အလုပ်ရှင်၏ သမီးငယ်သည် အဝတ်လဲရင်း ပိုင်းချလိုက်ဘိသကဲ့သို့ ခွေကျသွားကြောင်း ပြောပြသည်။ “ဟာ ဒုက္ခပဲ၊ တော်တော် ဆန်းပါကလား။ ဘယ်လို ရောဂါများပါလိမ့်” ဟု မာကိုက ဝင်မေးသည်။ ဗာလက်စတာသည် မပြောတတ်။ ခေါင်းခါ၍သာ ပြသည်။ ထို့နောက် သူနာပြု မော်တော်ကား ခေါင်းလောင်းသံကို ကြားကြရပြန်သည်။ လွှစာ အလိမ်းလိမ်း၊ ဖုံအလိမ်းလိမ်း ကပ်နေသော အလုပ်သမားတို့သည် ငိုင်နေကြသည်။
ညနေပိုင်းကွင် အလုပ်ခန်း၌ အလုပ်သည် လေးလေးကန်ကန် ဖြစ်လာသည်။ ယာဗားသည် ခါးနာနေသည့်အပြင် စိတ်ညှိုးငယ်ခြင်းလည်း ဖြစ်လာသည်။ သူ့မှာ ပွင့်ပွင့်လင်းလင်း စကားပြောချင်စိတ် ပေါက်လာပါ၏။ သို့ရာတွင် ပြောစရာ မရှိ ဖြစ်နေသည်။ သူ၌သာမက အခြား အလုပ်သမား များ၌လည်း ထိုနည်းအတိုင်း ဖြစ်နေကြသည်။ နှုတ်ပိတ်၍ နေကြသော်လည်း သူတို့၏ မျက်စိမျက်နှာ၌ ညှိုးငယ်သော အမူအရာ ပေါ်နေသည်။ တင်းထားရသော အမူအရာ ပေါ်နေသည်။ ယာဗားအဖို့မှာ ဘေးကြီး သင့်၊ ကပ်ကြီး ဆိုက်နေပြီဟုပင် သူ့စိတ်ထဲ၌ တစ်ခါတစ်ရံ ထင်လိုက်မိသည်။ သို့ရာတွင် တစ်ခဏမျှသာ ဖြစ်သည်။ ရေတစ်ပွက်မျှသာ ကြာသည်။ ချက်ချင်း အိမ်ပြန်ပြေးချင်စိတ် ပေါက်လာသည်။ မယား ဖယ်နန္ဒီကို မြင်လိုက်ချင်သည်။ သားငယ်နှင့် တွေ့လိုက်ချင်သည်။ ထိုအခိုက် ယနေ့အဖို့ အချိန်စေ့ပြီ၊ ပြန်နိုင်ကြပြီဟု အားလုံး ကြားအောင် အော်ပြောလိုက်သော ဗာလက်စတာ၏ အသံကို ကြားလိုက်ကြသည်။
ထိုအခါ လွှစက်တို့ကို ရပ်လိုက်ကြသည်။ အလုပ်သမားတို့ ဣနြေ္ဒမပျက်၊ အလုပ်ခန်းမီးများကို ငြိမ်းသတ် ကြသည်။ သက်ဆိုင်ရာ လက်သမား တန်ဆာပလာတို့ကို သက်ဆိုင်ရာ ခုံများပေါ်၌ အစီအရီ တင်ကြသည်။ ထို့နောက် ကိုယ်လက် ဆေးကြော၍ အဝတ်လဲရန် ရေချိုးခန်းကြီးထဲသို့ ဝင်ကြသည်။ ဆိတ် မဟာမက် တစ်ယောက်သာ အလုပ်ခန်း၌ ကျန်ခဲ့သည်။ ဆိတ်သည် တာဝန်အရ ညစ်ပတ် ပေရေနေသည်တို့ကို ဆေးကြော၍၊ ရှုပ်ထွေး ပွေပွနေသည်တို့ကို ရှင်းလင်းရန် ဖြစ်သည်။
ယာဗားသည် ရေချိုးခန်းကြီးထဲသို့ ဝင်လိုက်သောအခါ တရှဲရှဲ ပန်းထွက်နေသော ရေပန်းအောက်တွင် အမွေးအမှင် ထူလှသော အီပိုဆီတိုကို မြင်သည်။ အီပိုဆီတိုသည် တံခါးပေါက်ဝကို ကျောခိုင်း၍ သူ့ကိုယ်ကို ဆပ်ပြာဖြင့် နာနာပွတ်နေသည်။ အခါတိုင်းတွင် ရှက်တတ်သောကြောင့် သိုသိုဝှက်ဝှက် ရေချိုးတတ်သော အီပိုဆီတိုကို ဝိုင်း၍ စတတ်ကြသည်။ ယခုအခါ မည်သူမျှ မစကြချေ။ အီပိုဆီတိုသည် သူများအား အလှည့်ပေးလိုသဖြင့် မြန်မြန်ထက်ထက် ရေချိုး၍ ရေပန်းအောက်မှ ထွက်လိုက်ပြီးလျှင် လန်ကွတ်တီ ဝတ်ထားလိုက်သည်။ ထိုအခါ ကျန်လူများသည် တစ်ယောက် တစ်လှည့်စီ ရေပန်းအောက်သို့ ဝင်၍ ရေချိုးကြသည်။ မာကို၏ အလှည့်သို့ ရောက်၍ မာကို ရေချိုးနေစဉ် အလုပ်ခန်း တံခါးဆီမှ တံခါးတွန်းသံကို ကြားလိုက်ကြသည်။ လှမ်းကြည့်လိုက်ကြရာ အလုပ်ရှင် လာဆား ဝင်လာသည်ကို မြင်ကြသည်။
လာဆားသည် မနက်ခင်းက ဝတ်လာသော ဘောင်းဘီ အင်္ကျီနှင့်ပင် ဖြစ်သည်။ ဖြီးထားသော ဆံပင်ကား ပုံပျက်၍ ပွနေသည်။ တိတ်ဆိတ်နေသော အလုပ်ခန်းကို ကြည့်လျက် ဝင်လာသည်။ ထို့နောက် ရေချိုးခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ အီပိုဆီတိုသည် လန်ကွတ်တီနှင့်ပင် ဖြစ်နေသေးသဖြင့် ထိုင်ရမလိုလို ထရမလိုလို ဖြစ်နေသည်။ ယာဗားကမူ စကားပြောစရာ ရှိလျှင် မာကိုကသာ ဦးဆောင်၍ ပြောလိမ့်မည်ဟု ယူဆ၍ ခပ်အေးအေး လုပ်နေသည်။ သို့ရာတွင် မာကိုသည် ရေပန်းအောက်၌ တဗြန်းဗြန်း မြည်၍ ကျနေသော ရေသီး ရေပေါက်တို့တွင် မှုန်မွှားမွှား ဖြစ်နေသဖြင့် မာကို ကို မှုန်မွှားမွှားသော မြင်ရသည်။ အီပိုဆီတိုသည် သူ့ရှပ်အင်္ကျီကို ကမန်းကတန်း ဆွဲယူ၍ သူ့လက်ကို ရှပ်အင်္ကျီလက်ထဲသို့ ပျာယီးပျာယာ ထိုးထည့်သည်။ အလုပ်ရှင် လာဆားသည် မလှမ်းမကမ်းသို့ ရောက်သောအခါ “အလုပ်ပြီးကြ ပလား။ နက်ဖြန် လာကြဦးနော်” ဟု ဆို၍ နှုတ်ဆက်လိုက်သည်။ သူ့အသံသည် အာဏာသံလည်း မဟုတ်။ ကရုဏာသံလည်း မဟုတ်။ တစ်မျိုး ဖြစ်နေသည်။ ထို့နောက် လာဆားသည် လှည့်ထွက်သွားသည်။ လာဆား လှည့်ထွက်သွားခါမှ တစ်ယောက်ယောက်က ပြန်၍နှုတ်ဆက်စကား ပြောလိုက်ဖို့ ကောင်းသည်ဟု ယာဗား တွေးမိလာသည်။ သို့ရာတွင် လာဆားသည် အပြင်သို့ ရောက်သွားလေပြီ။
ယာဗားသည် ရေမချိုးတော့ဘဲ အလုပ်ခန်းအဝတ်ကို ချွတ်၍ အိမ်က အဝတ်ကို ဝတ်သည်။ လုပ်ဖော်ကိုင်ဖက်တို့ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်သည်။ လုပ်ဖော်ကိုင်ဖက်တို့ကလည်း ဖော်ဖော်ရွေရွေး ပြန်၍နှုတ်ဆက်ကြသည်။ ထို့နောက် ယာဗားသည် အလုပ်ရုံမှ ထွက်၍ စက်ဘီးပေါ်သို့ တက်သည်။ စက်ဘီးပေါ်တွင် သူ့ခါးနာသည် ပြန်ပေါ်လာသည်။ ဤသို့ဖြင့် ယာဗားသည် ညနေခင်းတွင် အသွားအလာ ရှုပ်ယှက်ခတ်နေသော ရပ်ကွက်တို့ကို ဖြတ်၍ အိမ်သို့ ပြန်လာသည်။
သူ့အိမ်တွင် သူ့သားငယ်သည် ကျောင်းမှ ပြန်လာ၍ အရုပ်စာအုပ်ကို တစ်ရွက်ပြီး တစ်ရွက် လှန်ကြည့်နေသည်။ သူ့မယား ဖယ်နန္ဒီသည် သူ့ကို ဆီးကြိုသည်။ ထို့နောက် အလုပ်ရုံအကြောင်း၊ အလုပ်ရှင်အကြောင်း မေးသောအခါ ယာဗားသည် ပြောချင်စိတ် မရှိသဖြင့် မပြောဘဲ ရေချိုးခန်းသို့ ဝင်သွား၍ ရေချိုးသည်။ ထို့နောက် အိမ်ဘေး ခုံတန်းလျား၌ ထိုင်သည်။ မျှော်ကြည့်လိုက်လျှင် လွမ်းစရာ ကောင်းလှသော ပင်လယ်ရေပြင်ကျယ်ကို မြင်ရသည်။ ဖယ်နန္ဒီသည် အရက်ချိုနှစ်ခွက် ယူလာသည်။ ရေတကောင်း ယူလာသည်။ ထို့နောက် လင်ဖြစ်သူ ယာဗားအပါး၌ ထိုင်သည်။ ယာဗားသည် ဖယ်နန္ဒီ၏ လက်ကို ယုယုယယ ကိုင်ကာ နေ့ခင်းက အဖြစ်အပျက် အားလုံးစုံကို ပြောပြသည်။ ပြော၍ ပြီးသောအခါ မျှော်မဆုံးသော ပင်လယ်ပြင်ကျယ်ဆီသို့ မျှော်ကြည့်နေသည်။ နေမင်းသည် ညိုလာ၍ မှောင်စပြုပြီ။ “မတတ်နိုင်ဘူး ရှင်မရာ။ သူဌေးလား ...။ သူ့ အပြောကလည်း မောက်မာခဲ့တယ် မဟုတ်လား။ သူ့အပြစ်နဲ့ သူပေါ့ကွာ” ဟု နိဂုံးချုပ် မှတ်ချက်ချ လိုက်သည်။ သူ့ကလည်း ပြန်ငယ်နိုင်၍ ပျိုတုန်း၊ ရွယ်တုန်း၊ သန်တုန်း၊ မြန်တုန်းသာ ဖြစ်ခဲ့ပါမူ ဖယ်နန္ဒီကလည်း ပြန်ငယ်နိုင်၍ ပျိုတုန်း၊ ရွယ်တုန်း၊ သန်တုန်း၊ မြန်တုန်းသာ ဖြစ်ခဲ့ပါမူ သူတို့ နှစ်ဦးစလုံးသည် ပင်လယ်ရပ်ခြား တိုင်းတစ်ပါးသို့ လွှင့်လိုက်ကြမည်သာ ဖြစ်သည်။
(The Silent Men by Albert Camus)
-------
ဇော်ဂျီ
ငွေတာရီ၊ အမှတ်(၃၄)၊ ဧပြီ၊ ၁၉၆၃။