*** ကြိုးတန်းကို ခံစားခြင်း ***
တစ်နိုင်ငံလုံး ပျော်ရွှင်ချမ်းမြေ့ရေးဟူသည့်အတွေးအခေါ်တစ်ခုကို ကျွန်မ
မကြာခင်က ထဲထဲဝင်ဝင် လေ့လာဖြစ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် ဘူတန်နိုင်ငံ
စတုတ္ထမြောက်ဘုရင်က စပြီး အဆိုတင်သွင်းလိုက် သည့်
တွေးခေါ်ကြံဆချက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်ခုဘက်စုံထောင့်စုံမှတကယ် တိုးတက်လာ
ပြီးလားဟု လေ့လာဆန်းစစ်ဖို့မှာ တစ်နိုင်ငံလုံး ထုတ်ကုန် Gross Domestic
Product GDP ဖြင့်တိုင်းတာဖို့  ထက် ပိုအရေးကြီးသည်မှာတစ်နိုင်ငံလုံး
ပျော်ရွှင်ချမ်းမြေ့ရေး Gross National Happiness ဟုဆို ခဲ့သည်။
ဆရာကိုတာကတော့GNH Gross National Happiness ကို ပြည်လုံးချမ်းသာဟု
မြန်မာစကားဖြင့် ဖလှယ်ရင်ကောင်းမလားဟု အဆိုပြု၏။အင်း ကောင်းသားပဲ။
တစ်ပြည်လုံး ချမ်းမြေ့ပျော်ရွှင် တိုးတက်ဖို့  ပြည်လုံးချမ်းသာပေါ့။တစ်နိုင်ငံလုံး ချမ်းမြေ့ဖို့ကို ထားလိုက်ပါဦး။ ကျွန်မတို့ မိသားစု တစ်စုလုံး ချမ်းမြေ့သာယာဖို့ ပဲ ကြိုးစား ပါရစေဦး။ ချမ်းမြေ့သာယာခြင်းကို တိုင်းတာနိုင် သည့် ညွှန်းကိန်းတွေရှိမှ ရှိနိုင်ပါ့မလားဟု တစ်ချိန်က သံသယဖြစ်ခဲ့ဖူးသော်လည်း တကယ်ဆန်းစစ် လေ့လာကြည့်လိုက်တော့ ဘာဖြစ်လို့  တိုင်းထွာ မရရမှာလဲ။ ရကို ရရမှာပေါ့ဟု စိတ်ချသွားမိသည်။ ကျမ်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ အချိန်မျှဝေ သုံးစွဲမှု၊ မိမိ၏ သဘာဝ ပတ်ဝန်းကျင် ဂေဟဗေဒ၊ မိမိအသိုင်အ၀ိုင်း၏ ရှင်သန်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာနေပျော်မှု စသည်စသည် အချက်တွေကို တိုင်းထွာကြည့်လျှင် ပျော်ရွှင်ချမ်းမြေ့ပါရဲ့  လားဟု ဆန်းစစ် အဖြေရှာ လို့ ရနိုင်ပါလိမ့်မည်။
စနစ်တကျတိုင်းထွာသည့်ညွှန်းကိန်းတွေသာ မတူလျှင်ရှိမည်။ လွန်ခဲ့သည့် နှစ်ပေါင်း လေးရာလောက် က သောမတ်စ်မိုးရ်ဆိုသည့် စာရေးဆရာ တစ်ယောက်က စိတ်ချမ်းမြေ့ဖွယ်သုခဘုံ တစ်ခုအကြောင်းကို ယူတိုးပီးယား(Utopia) ဆိုသော နာမည်ဖြင့် ၀တ္ထုရေး ဖူးခဲ့သည်။ လူသားအားလုံး မေတ္တာစေတနာတို့  ဖြင့်ကူညီဖေးမ ချမ်းမြေ့ကြည်နူးဖွယ်ဖြစ်သော ရှန်ဂရီလာ လို သုခဘုံနယ်ပယ် တစ်ခု အကြောင်း ဖြစ်သည်။ အယ်လ်ဒပ်က်စ် ဟပ်စလေဆိုသည့် စာရေးဆရာကတော့ နှစ်ပေါင်းသုံးရာကျော် အကြာမှာ ယူ တိုးပီးယား၏ ဆန့် ကျင်ဘက် နှလုံးမချမ်းမြေ့ဖွယ်ရာ ဘုံတစ်ခု Dystopia အကြောင်းကို ရဲ့ ရင့်သော ကမ္ဘာသစ် (Brave New Word) ဟူသည့် နာမည်ဖြင့်ရေးခဲ့သည်။ လူ့ သဘာဝပဲ ကျွန်မဖြင့် ဒစ်စ်တိုး ပီးယား ကိုကြောက်ရွံပြီး ယူတိုးပီးယား ကိုသာ စိတ်ကူးယဉ် စောင့်မျှော်ချင်မိသည်။
မိသားစုတစ်ခုကို အသိုင်းအ၀ိုင်းတစ်ခုကို နိုင်ငံတစ်နိုင်ငံကို ချမ်းမြေ့သာယာမှုဖြင့် တိုင်းထွာ ကြည့်ကြမလား။ လောလောဆယ်တော့ ရုပ်ရှင်ဇာတ်ကား တစ်ခုကို ချမ်းမြေ့သာယာမှုအမြင်ဖြင့် စမ်းသပ်တိုင်းထွာ ကြည့်ဖို့ စိတ်ကူးခဲ့သည်။ ထိုဇာတ်ကားထဲက လူ့ အသိုင်းအ၀ိုင်းမှာ GNHမှာ သုညအထက် နည်းနည်းပဲ အမှတ်ရလေသည်။ ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကြိုးတန်းဇာတ်ကားဖြစ်သည်။
လူနှင့်လူ့ပတ်ဝန်းကျင်
ဆရာမ ခင်ခင်ထူး၏ ဖက်စိမ်းကွမ်းတောင် ၀တ္ထုတိုစု စာအုပ်မှာ ပါဝင်သည့် ကြိုးတန်းဝတ္ထုတိုကို ရုပ်ရှင် အဖြစ် ပြောင်းလဲအသက်သွင်းခြင်း ဖြစ်ပါသည်။ ကြိုးတန်းဝတ္ထုကို ဖတ်မိစဉ်ကတည်းက စိတ်ထဲတွင် အလင်းရောင်တစ်ချက် ပြက်ခနဲလက်လိုက်သလိုပဲ။ ထိုဝတ္ထုကို ကျွန်မ မမေ့နိုင်ခဲ့။ ဆင်းရဲမွဲတေ သော အောက်လွှာလူ့တန်းစား ဇနီးမောင်နှံ မိသားစုနှစ်စု၏ဘ၀ကို ရိုးရိုးစင်းစင်းပဲ မြင်တွေ့ ရသည်။ သို့ သော် ၀တ္ထုထဲက အဓိက ဇာတ်ကောင်တွေ၏ အတွေး၊ အမှုအကျင့်၊ စရိုက်တွေဖြင့်မြုပ်ကွယ်နေသော အဓိပ္ပာယ်တွေကို မြင်လိုက်ရသည်။ လူနှင့်လူ့ အဖွဲ့ အစည်း၏ သဘာဝ၊ ဆင်းရဲချမ်းသာမရွေး ဖြစ်လေ့ ဖြစ်ထရှိသော လောဘ၊ ဒေါသ၊ မောဟတို့ ၏ အကျိုးဆက်များ၊ ပြီးတော့ လူ့အသိုင်းအ၀ိုင်း အတွင်းမှာသံသယ၊ မယုံသင်္ကာစိတ်တွေကြောင့် ဖြစ်ပေါ်လာရသည့် ပဋိပက္ခ၊ ခိုက်ရန် ဒေါသနှင့် စစ်ပွဲများ။
လူ့ အသိုင်းအ၀ိုင်းတစ်ခုကိုရှင်သန်လှုပ်ရှားအောင် အဓိကအရေးကြီးသည့်အချက်တွေ များစွာ ရှိပါလိမ့် မည်။ တစ်ခုကတော့ ယုံကြည်ခြင်းပင် ဖြစ်မည်လားဟု တွေးမိသည်။ သံသယက လူ့ ပတ်ဝန်းကျင်တစ် ခုကို ခါးသီးအောင် တိတ်ဆိတ်အောင် အသက်မဲ့အောင် ဖန်တီးနိုင်သည်။
မင်းအိမ်နီးချင်းကိုမင်းယုံကြည်သလား။ ဘယ်လောက်ထိ ယုံကြည်သလဲ။ မင်းပတ်ဝန်းကျင်ကိုရော မင်းယုံကြည်စိတ်ချသလား။ ဘယ်လောက်ထိ ယုံကြည်စိတ်ချသလဲ။ မင်းရဲ့ ရပ်ကွက်လမ်းထဲမှာ မင်း လုံခြုံတယ်လို့ ခံစားရရဲ့လား။ ညသန်းခေါင်မှာ မင်းတစ်ယောက်တည်း အပြင်ထွက် လမ်းလျှောက် ရဲသလား။ ထိုမေးခွန်းတွေကို မေးကြည့်လိုက်လျှင် ထိုပတ်ဝန်းကျင်၏ အနှစ်သာရကို သိလာမှာပဲ။
ကြောက်ရွံ့ စိတ်တွေ၊ သံသယတွေ၊ မယုံသင်္ကာစိတ်တွေ၊ အဲသည်မှတစ်ဆင့် ဒေါသ၊ တဖြည်းဖြည်း စုဝေးလာသည့်အခါ အမုန်းတွေတောင် ဖြစ်လာနိုင်သည်။
ဇာတ်လမ်း
ဧရာဝတီမြစ်လယ်ခေါင်ကကျွန်းဟုခေါ်လို့ မရသည့် သဲသောင်ခုံ မို့ မို့ ခုံးခုံး သောင်ကတုံးလေးပေါ် တွင် တဲထိုးပြီးနေထိုင်ရင်း တံငါလုပ်ငန်းဖြင့် အသက်မွေးကြရသော အောက်လွှာ မိသားစု နှစ်စု အ ကြောင်း ဖြစ်သည်။ ပထမတော့ တစ်ဦးကိုတစ်ဦး ခင်မင်၊ ကူညီဖေးမ၊ နောက်တော့ တစ်ယောက် မျှော်လင့်သော အရာက နောက်တစ်ယောက်မျှော်လင့်သောအရာပဲ ဖြစ်နေမည်ဟု အချင်းချင်း သိနေကြ သည်။ တစ်ဦးက မရခင် ကျန်တစ်ဦးက ရသွားမှာကို မနာလိုဝန်တို ဖြစ်ကြသည်။ ထိုမျှော်လင့်ချက်လေး ကတော့ အပေါင်ဆိုင်မှာ တွေ့ခဲ့ကြသည့် ဘက်ထရီဖြင့် ဖွင့်ရသော တစ်ပတ်နွမ်း အပေါင်ဆုံး အဖြူအ မဲ ရုပ်မြင်သံကြားစက်လေး (၀တ္ထုတွင် ကက်ဆက်) ကို ကိုယ်အရင် ၀ယ်ယူနိုင်ဖို့ ပင် ဖြစ်သည်။ ထို လောဘ စိတ်တွေကို ဒေါသအဖြစ် ထပ်ပွားစေဖို့  မသင်္ကာစရာတွေ ဖြစ်လာခဲ့သည်။ မိသားစု နှစ်စု၏ ပိုင်ဆိုင်သည့် ပစ္စည်းတစ်ခုပြီး တစ်ခုစီ ပျောက်ဆုံးသွားခြင်းပဲ ဖြစ်သည်။ သောင်ကတုံးမှာ တဲနှစ်လုံး တည်း ရှိသည်မို့ တစ်ယောက်ကို တစ်ယောက် စွပ်စွဲလိုသည်။ ပထမကတော့ စိတ်ထဲကပဲ ကြိတ်ပြီး စွပ်စွဲကြသည်။ နောက်တော့ ပိုဆိုး လာသည့်အခါ နှုတ်က ဖွင့်ပြောစွပ်စွဲ၊ ခိုက်ရန် ဒေါသဖြစ်လာသည်။ နောက်ဆုံးမှာတော့ နယ်နိမိတ်စည်း သတ်မှတ်မှ ဖြစ်တော့မည်ဟု တဲလေးနှစ်လုံး အကြားတွင် ကြွပ်ကြွပ် အိတ်များ တွဲလွဲချိတ်ထား သည့် ကြိုးတန်းတစ်ခုဖြင့် စည်းခြား ပစ်လိုက်တော့သည်။ ၀တ္ထုက ဤ နေရာတွင် အဆုံးသတ်သွားသည်။
ဒါရိုက်တာ
ထိုဝတ္ထုတိုလေးကို ရုပ်ရှင်ရိုက်မည်ဆိုတော့ကျွန်မ စိတ်ဝင်စားသွားခဲ့သည်။ ၀တ္ထုတိုတစ်ပုဒ်ကို ရုပ်ရှင်ရ သည်မှာ လွယ်ကူသော ကိစ္စ မဖြစ်နိုင်။ ကျစ်လစ် ပြီးသားကို ဖွယူရမည်။ လွယ်ပါ့မလား။ ဒါကို ပုံပေါ် အောင် ဘယ်လိုများ ရိုက်မှာပါလိမ့်ဟု စပ်စုလိုစိတ် ဖြစ်ခဲ့သည်။ ဒါရိုက်တာက ဦးမီးပွားဟု သိရတော့ စိတ်ထဲက ပြုံးမိ၏။ အင်းပေါ့လေ ဒီလိုဇာတ်လမ်းမျိုးကို ဦးမီးပွားထက် ပိုပြီးစိတ်ဝင်စားမည့် ဒါရိုက်တာရယ်လို့  များများစားစား ရှိမှာ မဟုတ်ဘူးလေ။ သူ၏မြစ်တွေ အပေါ်ထားသည့် အနုပညာ တိမ်းညွတ်မှု ကို ကျွန်မမျက်မြင်ကိုယ်တွေ့ မို့ သူ့ ဇာတ်ကားအပြီးကို ကျွန်မမှာ မျှော်ရပါသည်။
ဇာတ်ကျောရိုးအတိုင်းမို့  အထူး ဝေဖန် ပြောဆိုစရာမရှိပါ။ ကျွန်မ သတိထား ကြည့်မိသည်က ရိုက်ကွင်း ရွေးချယ်မှုနှင့် ပြကွက်တွေ၊ ပြကွက် တစ်ခုနှင့် တစ်ခု အခန်းကူးပြောင်း၊ သရုပ်ဆောင်များ၏ ဇာတ်ရုပ် စရိုက်တွေ၊ ဓာတ်ပုံအနုပညာ၊ မီးအလင်းအမှောင်၊အသံနှင့် နောက်ခံတေးဂီတ စသည့် လက်ရာ တွေ ဖြစ်သည်။
နာမည်ကြီး ၀ါရင့် သရုပ်ဆောင်တွေမို့ ဇာတ်ကောင် စရိုက် ပီပြင်မှာပဲ၊ ဒါမထူးဆန်းပါဘူးဟု ဆိုနိုင်သ လား။ ကျွန်မကိုတော့ ၀ါရင့်သရုပ်ဆောင်တွေ ပါဝင်သမျှ ဇာတ်ကားတိုင်းက မဆွဲဆောင်နိုင်တတ်ပါ။ သရုပ်ဆောင်ပညာသည်ကို ကူညီထုတ်ဖော်ပေးနိုင်သည့်ဒါရိုက်တာ၏ ညွှန်ကြားမှု၊ တောင်းဆိုမှု၊ ပုံဖော်မှု အတတ်ကိုပါ ပေါင်းစည်းလိုက်မှ အသက်ဝင်မှာပါဟု ယုံကြည်မိသည်။ ကြိုးတန်းဇာတ်ကားထဲတွင် သရုပ်ဆောင်တွေသည် နေသားတကျ ပီပီပြင်ပြင် အသက်ဝင်နေလေသည်။
ကိုကျောက်နီအဖြစ် ကျော်ဟိန်း၊ကိုလှဆောင်းအဖြစ် ကျော်ရဲအောင်၊ မကျော့အဖြစ် စိုးမြတ်သူဇာ၊ မ လှစိန်အဖြစ် ထွန်းအိန္ဒြာဗို။ သူတို့ သည် ကြိုးတန်းထဲက တကယ့်တံငါသည် ဆင်းရဲသားတွေပေါ့။ ဒါ တောင် မလှစိန်၏ အချို့ အင်္ကျီတွေက အသားကျမနေဘဲ မာခေါက်ခေါက် ဖြစ်နေသလိုပဲ။ စိုးမြတ်သူဇာ ၀တ်သည့် အ၀တ်အစားက ပိုပြီးကပိုကရိုနိုင်ကာ လျှော်ဖွပ်ပါများသည့် အ၀တ်တွေနှင့် ပိုတူနေသလိုပဲ။
သဲသောင်ခုံနှင့် မြစ်ရေပြင် ရေလှိုင်းကမ်းစပ် ရှုခင်းတွေကတော့ အထူးစိတ်ဝင်စားစရာ ဖြစ်သည်။ ဇာတ် ကောင်လေးယောက်သာ ပါဝင်သည့် ဇာတ်လမ်းပါးပါး ရုပ်ရှင်တစ်ခုကို ပရိသတ်မပျင်းအောင် ပြကွက် တွေက ဆွဲဆောင်သွား နိုင်ခဲ့သည်။ သဲပြင်၊ မြစ်ရေလှိုင်း၊ နေရောင်၊ ညအမှောင်၊ မီးတိုင်တို့ ၏ အလင်းအမှောင် ဓာတ်ပုံပညာကို အသားပေးလျက် ရိုက်ကူးသွားသည်မို့  ကြည့်ရတာ ရင်ခုန်စရာ ကောင်းပါသည်။ ပြကွက်တစ်ခုချင်းသည် ပန်းချီကား တစ်ချပ်စီ ဖြစ်သည်။ ကြည့်လို့ မ၀။ ဇာတ်ရှိန်မြှင့်သည့် ဇာတ်ထွဋ် တွေက တဖြည်းဖြည်းမြင့်မြင့်လာရာသူ့ မိနစ်အပိုင်းအခြားနှင့်သူ တွက်ချက် ထားသလိုပဲ။ အံဝင်ခွင်ကျ ဖြစ်သည်။
သက်ကယ်မိုး တဲလေးနှစ်ခု၊ ထရံကာ ၀ါးကပ်ကာ အတွင်းခန်းများ၊ ဆင်းရဲသား အိပ်စက်ရာ စောင်၊ ခေါင်းအုံးနွမ်းနွမ်းတို့ကို ရေနံဆီမီးခွက် အလင်းရောင် ၀ါကျင့်ကျင့် မှိန်ပျပျအဖြစ် ကိုယ်စားပြုအောင် အ လင်းပေးရိုက်ကူးထားသော ညမြင်ကွင်းများကလည်း ကြိုးတန်းကို အာရုံနစ်ဝင်လာအောင် ဆွဲငင်သိမ်း ယူနိုင်စွမ်းရှိသည်။
အမျိုးသမီးနှစ်ဦး အပြန်အလှန်ဖေးမကူညီသည့် စေတနာတို့ ဖြင့် ကြည်စင်တောက်ပနေသည့် မျက်နှာများ၊ ထိုမှ ခိုက်ရန်ဒေါသ မနာလိုဝန်တိုမှုတွေ ၀င်လာသည့်အခါ ပြောင်းလဲသွားသည့် ညို့ မှိုင်း ခါးသီး သော မျက်နှာများ၊ တံငါသည်နှစ်ဦး၏ လှေဖာထေးကူညီစဉ်က ရင်းနှီးသောမျက်လုံးများ၊ ထန်းရေ အတူသောက်စဉ်က ဘ၀အနွမ်းကြားမှ ရယ်မြူးသော မျက်လုံးများ၊ မုန်းတီးစက်ဆုပ်မှု လွှမ်းမိုးခံရစဉ် ပြောင်း လဲသွားသည့် နီရဲစူးလက်သော မျက်လုံးများ။ အားလုံးသည် စုတ်ချက် ပိုင်နိုင်သော ပန်းချီဆရာ၏ လက်ရာတွေလို ပြောင်မြောက်လာခဲ့သည်။
ဆရာမ ခင်ခင်ထူး၏ ၀တ္ထုဆုံးသွားသည့် နေရာတွင် ရုပ်ရှင်က မဆုံးသေး။ ထိုအချိန်မှစပြီး အမြင့်ဆုံး ဇာတ်ရှိန် Climaxကို တက်သွားတော့သည်။ ရုပ်ရှင်တော်တော်များများတို့ မှာ ဇာတ်ရှိန်အမြင့်ဆုံးသို့  တက်ပြီးလျှင် ပရိသတ်အတွက် အနားပေးသည့် ပြကွက်တို့ ဖြင့် ပြန်ဖြေပေးတတ်သည်။ ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးသူက ပရိသတ်ကိုမညှာတာခဲ့ဘဲ ဇာတ်ရှိန်အမြင့်ဆုံး အချိန်မှာပင် ရုပ်ရှင်ကိုအဆုံးသတ် ပစ်လိုက်သည်။ ကြည့်ရသည့် ပရိသတ်က ပူပန်သောကတွေ၊ အမောတွေ မပြေပျောက်ခဲ့။ စိတ်တင်း ကျပ် မောဟိုက်နေသည်ဆိုလျှင် အမောပြေ ရေတစ်ခွက်သော်မှ ဒါရိုက်တာက မတိုက်ခဲ့။ သူပြောချင် သည့် ကြိုးတန်းကို ကျွန်မ နားလည်သွားပြီဟု ကျွန်မ ခံစားရသည်။
လောဘ ဒေါသ မောဟတွေနှင့် ဖုံးလွှမ်းခံနေရသည့် လူသားတွေမှာ ကိလေသာနှင့် ယှဉ်သည့် ချမ်းသာ တွေပဲရှိမည်။ အဲဒါဟာချမ်းသာ အစစ်မှ မဟုတ်ဘဲ။ တကယ်လို့  ဒါရိုက်တာနှင့် ဇာတ်ညွှန်းဆရာက ကျွန်မလိုကြည့်သူ ပရိသတ်အတွက် အမောပြေ စိတ်အကျဉ်းကျပ်ပြေ ပြကွက်မြင်ကွင်း တစ်ခုနှစ်ခုဖြင့် သက်သာရာရစေခဲ့လျှင် သူဆိုလိုချင်သည့် သစ္စာအထိ ကျွန်မတို့ တွေးမိသွားမည် မဟုတ်။ ဘူတန် နိုင်ငံ၏ ပြည်လုံးချမ်းသာ တိုင်းတာ ညွှန်းကိန်းတွေဖြင့် ရုပ်ရှင်ကြည့်မိသော ကျွန်မမှာ ဇာတ်သိမ်းသည့် အခါ ဗုဒ္ဓတရားတော်ကိုတွေးမိသွားသည်။
ဥပါဒါန်နှင့်အ၀ိဇ္ဇာ
လူတွေဟာ ကိုယ့်ပိုင်ဆိုင်မှု စည်းစိမ်၊ ဥစ္စာ၊ အခွင့်အရေး အလိုရမက်တို့ ၏ မောင်းနှင်မှုကို ခံနေရသူ တွေဖြစ်သည်။ ကိုကျောက်နီနှင့် ကိုလှဆောင်းတို့ လို အောက်ခြေ လူတန်းစားတို့ ၏ စည်းစိမ် ချမ်းသာ ပမာဏသည် အလယ်အလတ် လူတန်းစားတွေအတွက်တော့ ဘာမှမဖြစ်လောက်။ ရယ်ဖွယ်အံ့သြဖွယ် ပခုံးတွန့် ဖွယ်သာ။ သို့ သော် ပမာဏအနည်းအများသာ ကွာခြားမည်။ သူ့ အလွှာ သူ့ အဆင့်နှင့် လော ဘဒေါသတွေကတော့ အားလုံးအတူတူပါပဲ။
ယခုနှစ်နှစ်အတွင်း အတန်းတူသူငယ်ချင်း ဆရာဝန်တွေ အပတ်စဉ်ဆုံတွေ့ ကြပြီး တရားဆွေးနွေးပွဲ တွေ ပြုလုပ်ကြသည်။ ကျွန်မကတော့ သူငယ်ချင်းတွေထဲမှာ အပျက်ကွက်ဆုံးပေါ့။ သို့ သော်သူငယ်ချင်းတို့ ၏ ကျေးဇူးဖြင့် အ၀ိဇ္ဇာ၊တဏှာ၊ ဥပါဒါန်တွေကို သတိပြုမိလာခဲ့သည်။ အဓိက သင်ပြပေးသူ သူငယ်ချင်းက စာသင်ကောင်းသူဖြစ်သဖြင့် သူ့ ဥပမာတွေ ရှင်းလင်းချက်တွေက နှလုံးသား အထိ ဖောက်ဝင် သွားတတ်သည်။ ဥပါဒါန်ဆိုသည်မှာ အာရုံကိုစွဲလမ်းခြင်း၊ တွယ်ကပ်ခြင်းဖြစ်သည်။ တဏှာ ကတော့ ကော်နှင့်တူသော အစေးဓာတ် ဖြစ်သည်။ထို့ ကြောင့် တဏှာအစေးဓာတ် ရှိနေလျှင် တွယ် ကပ်နိုင်ပြီး ဥပါဒါန်ဖြစ်သဖြင့် တဏှာအစေးခြောက်အောင် လုပ်ရမည်။ တဏှာအစေး ခြောက်လျှင် ဘာကိုမှ တွယ်ကပ်ခြင်းမရှိ။ ဒါကြောင့် ဥပါဒါန်ပျောက်မည်။ ကောင်းလိုက်တာ။ သို့ သော် သေချာတာက တော့ ကျွန်မမှာ မောဟ ထူနေ၏။ ထို့ ကြောင့် ကိလေသာနှင့် ချမ်းသာသည်ကို နားလည်နိုင်ပြီး ဥပါဒါန် နှင့်စွဲသည့် ချမ်းသာကိုသာ ခံစားတတ်သည်။ ထို့ကြောင့် ထိုချမ်းသာကိုသာ တ၀ဲလည်လည် ရှာဖွေဆဲ။ ၀န်ခံရပါမည်။
ဒဿနအတွေးအခေါ်နှင့် ကြည့်လျှင်ကြိုးတန်းသည် ဒစ်စ်တိုးပီးယား ဆိုးဝါးသည့်နေရပ် မျှော်လင့်ချက် မဲ့သည့်နေရပ် ဖြစ်ကောင်းဖြစ်နေမလား ကျွန်မ မသိပါ။ လောဘ၊ ဒေါသ၊ မောဟ၊ ဥပါဒါန်နှင့် ကြည့် လျှင်တော့ ကြိုးတန်းထဲက လူတွေသည်အ၀ိဇ္ဇာ ဖုံးလွှမ်းခံနေကြရသည်။
ကြိုးတန်း၏ အခု ဇာတ်သိမ်းထက်ပိုပြီး ကျွန်မကို သတင်းစကားပါနိုင်မည့် ဇာတ်သိမ်းမျိုးရှိနိုင်ပါ့မလား။ ရုပ်ရှင်ပြီးသွားသည့်အခါဦးမီးပွားကို 'လှလိုက်တာ'ဟု စကားတစ်ခွန်းပဲ ပြောနိုင်တော့သည်။
ဇာတ်သိမ်းခန်းမှ ကြိုးတန်းပြကွက်လေးကိုယခုထိ ကျွန်မ မြင်ယောင်နေဆဲ။ ရောင်စုံ ကြွပ်ကြွပ်အိတ် များ တွဲလွဲဆွဲထားသည့် ကြိုးတန်းလေးသည် တဖျတ်ဖျတ် လှုပ်ခတ်နေသည်။ ဥပါဒါန်အစွဲတို့ ဖြင့် ဆောက်တည်ရာမရ ဖြစ်သည့်အခါ ကျွန်မတို့ နှလုံးသားသည်လည်း တဆတ်ဆတ် တုန်ခါနေရလေ သည်။
ဂျူး
(No.26,Vol.4,April 8 Wednesday 2009,Weekly Eleven News)
No comments:
Post a Comment