Sunday 8 May 2016

ပေါက်စီ၊ ပလာတာနှင့် မုန့်ဟင်းခါး (ခင်နှင်းယု)

ပေါက်စီ၊ ပလာတာနှင့် မုန့်ဟင်းခါး (ခင်နှင်းယု)
=================================
မိုးရေခံထားသော ဇလုံကို အေးမိက စူးစိုက်ကြည့်ရင်း အမေ့စကားကို နားထောင်နေသည်။ စောစောက မိုးသည်းနေသော်လည်း ယခုတော့ စဲသွားပြီ။ ဒန်ဇလုံထဲမှာ ရေနည်းနည်း ရှိနေသည်။ ဇလုံအောက်က မြေကြီးက စိုထိုင်းထိုင်း ဖြစ်နေသည်။ အမေက ဘုရားစင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း ပြောနေသည်။ သူက အမေနှင့် မျက်နှာချင်းဆိုင် ခုံတန်းလျားပေါ်မှာ ထိုင်နေသည်။ သားအမိ နှစ်ယောက်ကြား မြေကြီးပေါ်မှ ဇလုံထဲသို့ မိုးရေက တစ်ပေါက် တစ်ပေါက်နှင့် ခပ်လေးလေး ကျနေဆဲ။
"မိုးသိပ်သည်းလာရင် အမေ ဘုရားရှိခိုးလို့ မရဘူး။ ဘုရားစင်နားကလည်း မိုးယိုတာပဲ"
အမေက ကွပ်ပျစ်ခေါင်းရင်းဘက် ဘုရားစင်နားမှာ ဇလုံတစ်လုံးကို ညွှန်ပြနေသည်။
အမေ ပြောတာတော့ မှန်ပါသည်။ သူ့စိတ်ထဲမှာလည်း အိမ်အမိုးကို ဒီနှစ် ပြင်မိုးနိုင်လိမ့်မည် ထင်ခဲ့ပေမယ့် ထင်သလို ဖြစ်မလာ။ သူ့ဆိုင်လေးကိုပင် ပိတ်ရတော့မည်။ အကယ်၍များ အရင်း လုံလုံလောက်လောက် ရှိမည်ဆိုလျှင် ငါးအချိုးတကျ ထည့်နိုင်မည်။ မုန့်ဟင်းခါး တစ်ပိဿာကို ငါးက အချိုးကျ သုံးဆယ်သား ထည့်ရမည်။ ပြီးတော့ ငါးကီးနှင့် ငါးခူက ဟင်းပိုချိုသည်။ အချိုးအစားကိုရော အရသာကိုရော သူသိပေမယ့် ငါးခူ တစ်ပိဿာကို ကြီးလျှင် ၄၅၀ကျပ် သေးလျှင် သုံးရာ၊ သူတို့ ရပ်ကွက်လေးက ဟင်းရည်ကို မုန့်ဟင်းခါး စားပြီး ဖောဖောသောသော အဆစ်ပေးရသေးသည်။ ဒီတော့ ဟင်းရည်လည်း အဆစ်များများ ပေးနိုင်အောင် ငါးခူ လျှော့ထည့်ကာ ငါးရွေကို အစားထိုးသည်။ သူ့မုန့်ဟင်းရည်က ရန်ကုန်မြို့ထဲက မိုးဟိန်းတို့ ဒေါ်ကြည်စိန်တို့ ဒေါ်တင်အေး မုန့်ဟင်းခါးများလို ဟင်းရည်မပျစ် ခပ်ကျဲကျဲပဲ ချက်နိုင်သည်။
မြို့စွန် ရပ်ကွက်လေးမှ သူတို့အိမ်နှင့် ကားနှစ်မှတ်တိုင်လောက်မှာ ဈေးလေးရှိသည်။ ထိုဈေးထဲက မုန့်ဟင်းခါးဆိုင်ကပဲ ပိုကောင်း၍လား မသိ။ သူ့ဆိုင်သို့ လူအလာ နည်းသွားသည်။
အစကတော့ နံနက်ခင်း တော်တော်များများ လာစားကြသား။ သူ့အပြစ်ပဲ ဖြစ်ရမည်။ အမေ နေမကောင်းတော့ အရင်းထဲက ငွေပါသွားရင်းမှ ငါးလျှော့ထည့်မိသည်။ ဟင်းရည်ကြောင့် လူစားနည်းသွားသည်မှာ ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ သူ့မုန့်ဟင်းခါးဆိုင်လေး ပြုတ်သွားရသည်ကိုတော့ စိတ်မကောင်း။ သူ့ဆိုင်လေးက အိမ်ရှေ့ခြံဝင်း ဘယ်ဘက်ထောင့်မှာ စည်းရိုးကို ဖောက်ခါ ဆိုင်လေး ဖွင့်ထားသည်။
"သူက ပြောတယ်လေ၊ အမိုးသွပ်ကိုလည်း ဝယ်ပေးပါမယ်တဲ့။ ကာထားတဲ့ ထရံကိုလည်း သစ်သား တောသစ်ပေါ့ ကာပေးမယ်တဲ့။ အမေထင်တယ်။ နွေးနွေးထွေးထွေး ရှိသွားရင် အမေ့ ကျန်းမာရေးလဲ ကောင်းမှာ" အမေပြောသည်မှာ ဟုတ်နိုင်ခြေ ရှိပါသည်။ အိမ်က ဓနိမိုး မိုးမလုံ ထရံကလဲ ပါးလေတော့ အခင်း မြေကြီးက အစိုဓာတ်နှင့် အမေ ကျန်းမာရေး ထိခိုက်တာဖြစ်နိုင်သည်။
"အောက်ခြေကို နည်းနည်းမြှင့်ပြီး ပေပျဉ်လေး ခင်းလိုက်မယ်။ တစ်အိမ်လုံး မခင်းနိုင်လဲ အမေတို့ အိပ်ခန်းလေးတော့ ပျဉ်ခင်းဖြစ်သွားတာပေါ့"
သူ သက်ပြင်းချလိုက်၏။ ဘာပြန်ပြောရမှန်း မသိ။ သူ သဘောမတူသည်ကို ခြေခြေမြစ်မြစ် ကျိုးကြောင်းပြစရာ သူ့မှာ ခိုင်ခိုင်လုံလုံ မရှိ။ အမေ့ ကျန်းမာရေးအတွက် ရာသီဥတုကို ကာကွယ်ပေးနိုင်သောအိမ် လုံလုံခြုံခြုံလေး တစ်လုံးကိုတော့ သူ လိုချင်သည်မှာ အမှန်ပါ။
မကြာပါချေ။ သူတို့ အိမ်ဝင်းလေးထဲသို့ သွပ်များ၊ သစ်များ ရောက်လာပြီး သူတို့အိမ်လေး ဓနိမိုး ထရံကာမှ သွပ်မိုး၊ ပျဉ်ထောင်ကာ ဖြစ်သွားသည်။
သူ့ မုန့်ဟင်းခါးဆိုင်လေး နေရာမှာ ဦးဟုတ်လှိုင်ဆိုင် ရောက်လာသည်။
ဆိုင်လေးက သပ်သပ်ရပ်ရပ်၊ နံရံကို ဇတ်တလွှား တက်ကာ သွပ်မိုးထားသည်။ အထဲမှာ နံရံကို အစိမ်းနုရောင် ဆေးသုတ်ထား၏။ အတွေင်းက မုန်ဗီရိုလေးထဲမှာရော၊ နံရံကပ် ဗီရိုလေးတွေထဲမှာရော အလှပစ္စည်းမျိုးစုံ အိမ်သုံးဆေးအစုံ ထည့်ထားသည်။ ဆိုင်လေးနှင့် လမ်းကို ခြားထားသော ရေသွားမြောင်းလေး ပေါ်မှာ သစ်သားတံတားလေး ခင်းထားသည်။ လှပသော ဆိုင်လေး။ သူ့ မုန့်ဟင်းခါး ဆိုင်လေးလိုတော့ မစုတ်ချာပါ။ ဦးဟုတ်လှိုင်ဆိုင်ကြောင့် သူတို့ခြံလေးပင် အရောင်တောက်သလို ဖြစ်သွားသည်။ ဝယ်သူလဲ အလာများသား။
အမေလည်း ဘုရားစင်ရှေ့က ကွပ်ပျစ်လေးပေါ်မှာ ထိုင်ကာ ကြည်နူးစွာ ဘုရားရှိခိုး နေတတ်သည်။ သူကတော့ သူ့ မုန့်ဟင်းခါးဆိုင်လေးကို ဘယ်လိုပြန်၍ ထူထောင်ရမည်ကို အမြဲလိုလို စဉ်းစားနေသည်။
ဒီနေ့တော့ အမေ့ကို ပြောပြရဦးမည်။ သူ ဈေးကအပြန် ကိုအီဗရာဟင်နှင့် တွေ့ခဲ့သည့်အကြောင်း၊ ကိုအီဗရာဟင်က သူတို့အိမ်ရှေ့ လမ်းတစ်ဖက် မျက်နှာချင်းဆိုင် ဆိုပေမယ့် ညာဘက် ခပ်လှမ်းလှမ်းမှာ လွန်ခဲ့သော ၅နှစ်လောက်ကတည်းက ကျူလရာဆိုင်လေး ဖွင့်ထားသည်။ သူကလည်း ဖန်လက်ကောက်၊ ကော်လက်ကောက်၊ ဆံနှိပ် ကလစ်ကအစ ပေါင်ဒါ သနပ်ခါးခဲ အလှပစ္စည်းမျိုးစုံ ရောင်းသည်။ အမေ့ကို ကွပ်ပျစ်ပေါ်မှာ ထမင်းပြင်ကျွေးပြီးမှ သူက စကား စပြောဖြစ်သည်။
"ဒီနေ့ အမေရဲ့၊ သမီး ဈေးကအပြန် ကိုအီဗရာဟင် ဆိုင်ကို ဝင်ခဲ့တယ်။ ချိတ်နှစ်ချောင်းလောက် ဝယ်ချင်လို့။ သူက ပြောတယ်၊ ကိုဟုတ်လှိုင်ကို အမေတို့ ဆိုင်ငှားတာလားတဲ့၊ သမီးက ဟုတ်တယ်လို့ ပြောလိုက်တယ်"
အမေက ထန်းလျက်ခဲနှင့် ရေနွေးကြမ်းကို သောက်ရင်း သူ့စကားကို နားထောင်သည်။
"အဲဒီတော့ ဘာပြောလဲ"
"သူ ဆိုလိုချင်တာက ကုန်တူ ပစ္စည်းတူ မျိုးတူ ရောင်းတာကို သိပ် နှစ်သက်ပုံ မပေါ်ဘူး"
"ဒါကတော့ ဈေးပဲလေ၊ ဈေးရုံထဲမှာဆို ဘယ်လို လုပ်မလဲ"
"ဒါက ဈေးရုံမှ မဟုတ်ဘဲ အမေရယ်။ ကျွန်မတို့ အနေနဲ့ ကိုအီဗရာဟင်ကို မျက်နှာနာစရာ ဖြစ်နေတာပေါ့"
အမေသည် ငြိမ်နေသည်။ တစ်စုံတစ်ရာကို စဉ်းစားနေပုံ ရသည်။
"တို့က ကိုဟုတ်လှိုင်ကို ဘာပြောလို့ ရမှာလဲ၊ သူရောင်းချင်တဲ့ ပစ္စည်း ရောင်းမှာပေါ့။ အရက်တို့ ဘိန်းတို့ မဟုတ်ရင် ပြီးတာပဲ"
အမေ့စကားကို သူ ဘယ်လိုမှ မချေပနိုင်ပါ။ သူ့စိတ်ထဲတော့ ကိုအီဗရာဟင် ဆိုင်လေးနှင့် ရင်းနှီးပြီးသားဆိုတော့ နည်းနည်းတော့ မျက်နှာပူသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဦးဟုတ်လှိုင် သူနှင့် မနီးမဝေးမှာ ဆိုင်လာဖွင့်သည်ကို ကိုအီဗရာဟင် ကျေနပ်ပုံ မပေါ်ပါ။
နောက်တစ်လမှာတော့ ကိုအီဗရာဟင်သည် ဆိုင်ဘေးမှာ အဖီလေးချလိုက်သည်။ ခွေးခြေလေးတွေနှင့် လက်ဖက်ရည်ဆိုင် ဖွင့်သည်။ လက်ဖက်ရည်နှင့် တွဲဖက်သောက်ဖို့ ပလာတာနှင့် စမူဆာ လုပ်သည်။
ရပ်ကွက်ထဲမှ စားသူတွေ လာကြသား။ တော်တော်လေး ဆိုင်က စည်ကားလာသည်။
အေးမိကတော့ ခြံ၏ ညာဘက်ကို အပေါက်ဖောက်ကာ မုန့်ဟင်းခါးဆိုင်လေးကိုပဲ ပြန်လည်း ဖွင့်လှစ်ချင်သည်။ ဦးဟုတ်လှိုင် ပေးသော ငွေများက အိမ်ကာရ၊ မိုးရနှင့် ရင်းနှီးလောက်အောင် ငွေမကျန်တော့။
နောက်အပတ်မှာ ဦးဟုတ်လှိုင်က အမေ့ကို စကား လာပြောသည်။ သူ့ ဆိုင်ဘေးမှာ အဖီလေး ထုတ်ချင်သည်တဲ့။
အမေက စဉ်းစားနေပုံ ရသည်။ သူသည် ကောက်ကာငင်ကာ အကြံရလိုက်၏။
"အမေက သဘောတူရင်ပေါ့လေ"
သူ စကား စလိုက်သည်။
"အဲဒီ အဖီလေး ထုတ်တဲ့အတွက် ငွေနည်းနည်း ပိုမပေးနိုင်ဘူးလား၊ ကျွန်မ ညာဘက်ခြံထောင့်မှာ မုန့်ဟင်းခါးဆိုင်လေး ပြန်ဖွင့်မလားလို့"
ဦးဟုတ်လှိုင်က အမေ့ဆန္ဒကို သိလိုဟန်နှင့် ကြည့်နေသည်။
"ဘာအတွက်လည်း မောင်ဟုတ်လှိုင်"
"ကျွန်တော် ပေါက်စီနဲ့ အီကြာကွေး ရောင်းမလို့၊ လက်ဖက်ရည်ဆိုင်ကလေးလည်း ဖွင့်မလို့ပါ"
"အေးပေါ့လေ၊ အးမိဆန္ဒကိုလည်း ပြည့်စေချင်တယ်"
ကိုဟုတ်လှိုင်က ကတိပြုပြီး ပြန်သွားတော့သည်။ အေးမိကတော့ စဉ်းစားကျန်ရစ်သည်။ ကိုအီဗရာဟင်က ပလာတာနှင့် စမူဆာလုပ်တော့ ကိုဟုတ်လှိုင်က ပေါက်စီနှင့် အီကြာကွေး၊ ခွေးခြေခုံနှင့် လက်ဖက်ရည်ဆိုင်လေး နှစ်ဆိုင် လမ်းတစ်ဖက်တစ်ချက် မလှမ်းမကမ်းမှာ သူတို့နှစ်ဆိုင် အပြိုင် ရောင်းကြတော့ တစ်ယောက်ကိုတော့ ထိခိုက်မှာပဲ။ ဒီကြားထဲ ညာဘက်ခြံထောင့်မှာ သူက မုန့်ဟင်းခါးဆိုင်လေး ထွက်ချင်သေးသည်။ ရပ်ကွက်က လူဦးရေနှင့် သူတို့ဆိုင် သုံးဆိုင်လုံးကို အားပေးနိုင်ပါ့မလား၊ သူက စီးပွါးရေးပညာရှင် မဟုတ်၊ မူလတန်းပညာနှင့် သူတွက်ချက် ရသည်။ မုန့် အမျိုးအစားချင်းတော့ မတူ၊ ပလာတာနှင့် စမူဆာက ကုလားစာ၊ ပေါက်စီနှင့် အီကြာကွေးက တရုတ်၊ အေးမိရောင်းသည့် မုန့်ဟင်းခါးက မြန်မာစာ၊ ဒီတော့လဲ ကြိုက်တဲ့သူက ဆန္ဒအတိုင်း ကြိုက်ရာ ဝယ်စားမည်ဆိုလျှင် သုံးဦးစလုံး အကျိုးမထိခိုက်နိုင်ပါ။ သူ အရင်းအနှီးလေး ရအောင် စုဆောင်းရဦးမည်။ ဦးဟုတ်လှိုင်ကို ပေးလိုက်ရသော မုန့်ဟင်းခါးဆိုင် အဟောင်းလေးကို ဓနိစုတ်လေး မိုး၍ မဖြစ်၊ အနည်းဆုံးတော့ ပလပ်စတစ် အစိမ်းရောင်လေး တာလဘတ်လို မိုးရမည်။ အစိမ်းရောင်က စိတ်ကို အေးချမ်းစေသည်။ ငါးကိုလဲ အချိုးကျ ထည့်သည်ထက် ပိုပိုသာသာ ထည့်မည်။ ရပ်ကွက်လူနေက မြန်မာများသာ၊ မုန့်ဟင်းခါးကို မြန်မာတိုင်း နှစ်သက်သည်။
သူ့အတွေးနှင့်သူ စဉ်းစားနေစဉ် ကိုအီဗရာဟင် ချိုင့်ကြီးနှင့် အိမ်ထဲ ဝင်လာသည်။
"ဟော... အီဗရာဟင်ရေ၊ နေကောင်းလား" အမေက နှုတ်ဆက်လိုက်၏။
"ကောင်းပါတယ် အမေ၊ အမေကော နေကောင်းရဲ့လား။ မနက်ဘက် ကျွန်တော့်ဆိုင်ဘက် အညောင်းပြေ လမ်းကလေး ဘာလေး လျှောက်လာပါဦး"
"အေးကွဲ့၊ ဟိုတလောက နေမကောင်းလို့၊ ထိုင် ထိုင် တန်းလျားပေါ်မှာ ထိုင်"
ကိုအီဗရာဟင်က ခုံတန်းလျားပေါ် ထိုင်ရင်း ချိုင့်ကို အေးမိ လှမ်းပေးလိုက်၏။
"ကျွန်တော်တို့ အစ်လေ၊ အမေ့ကို လာကန်တော့တာ" အေးမိသည် ချိုင့်ကို မီးဖိုထဲ ယူသွားကာ လှယ်ပေးလိုက်ရင်း စဉ်းစားနေသည်။ ကိုအီဗရာဟင် ဒီဆိုင်ဖွင့်နေတာ ၅ နှစ်မက ကြာပြီ။ တစ်ခါမှ 'အစ်' အတွက် ယခုလို အစားအစာ လာမပို့ဘူးပါ။ ယခုတော့ အမေက ဆုတွေ ပေးနေသည်။
"ဆိုင်ဘက်လဲ လျှောက်ခဲ့ပါဦး၊ အေးမိ ပေါင်ဒါဘူး အသစ်တွေ ရောက်နေတယ်"
အီဗရာဟင်က နှုတ်ဆက်ခါ ချိုင့်ဆွဲ၍ ပြန်သွားသည်။ အေးမိ ရင်ထဲမှာ မတင်မကျ ဘာကိစ္စ ပေါင်ဒါဘူးကို လာကြည့်ရမှာလဲ သနပ်ခါးရေကျဲကိုပဲ သူက နှစ်သက်သူ။
မိုးကုန်၍ သီတင်းကျွတ်တော့ အီဗရာဟင် ပေါက်လာပြန်သည်။ အမေ့ဖို့ မြန်မာရိုက် ပါတိတ်လုံချည်၊ အေးမိဖို့ မာသား အင်္ကျီတစ်စနှင့် ပေါင်ဒါဘူး၊ ထူးထူးခြားခြား သီတင်းကျွတ် လာကန်တော့တာတဲ့။ အေးမိက နားမလည်နိုင်။ အီဗရာဟင် ပြန်သွားတော့ အမေ့ကို ပြောမိသည်။
"ဘာလုပ်တာလဲ အမေ၊ သီတင်းကျွတ်မှာ အမေ့ကို လာကန်တော့တာတော့ ထားပါတော့လေ၊ မြန်မာပြည်မှာ အနေကြာတော့ မြန်မာ့ယဉ်ကျေးမှုကို လေးစား လာတယ်ပဲထား၊ သမီးကို ဘာလို့ အင်္ကျီစတွေ ပေါင်ဒါဘူးတွေ ပေးရတာလဲ"
အမေကတော့ ရိုးရိုးစင်းစင်းပဲ တွေးသည်။
"အိုအေ အေးမိရယ်၊ သီတင်းကျွတ် တစ်အိမ်နဲ့ တစ်အိမ် ကန်တော့ကြတာ အဆန်း မဟုတ်ပါဘူး" အေးမိက ဘဝင်မကျ။ အင်္ကျီစကို ကိုင်ကြည့်မိသည်။ အင်္ကျီစက ပြောင်မဟုတ်။ ပွင့်ရိုက်ကလေး၊ လှပါသည်။ မာသားအစကို တစ်ခါမှ ဝယ်မဝတ်ဘူးပါ။ ပေါင်ဒါဘူးကလည်း နိုင်ငံခြားဖြစ်၊ သူသည် ပေါင်ဒါရနံ့ကို ရှူရှိုက်ရင်း ရင်ထဲမှ တုန်သွားသည်။ အမေကတော့ သူ့ တွေးခေါ်မှုကို နားလည်မည် မဟုတ်ပါ။ ခုတလော အီဗရာဟင်က ဈေးသွားဈေးပြန် သူ့ကို အကြောင်းရှာ နှုတ်ဆက်သည်။ ကလစ်လှလှ ပန်းပွင့်လှလှလေးတွေ ခဏခဏ ပေးသည်။ ဆံပင်ရှည်ကြီးနှင့် ထုံးဖွဲ့ထားသော သူ့ဆံထုံးကို ပြကာ ငြင်းဆန်ခဲ့သည်။
ဟင်း... သက်ပြင်းကြီး ချမိ၏။ ဦးဟုတ်လှိုင်က အေးမိတို့ ခြံစည်းရိုးပေါ် ရောက်လာပြီး စီးပွါးရေးက အပြိုင်ဖြစ်လာပြီး နိုင်ငံခြားသားဆိုတာ စီးပွါးရေးနှင့် ပတ်သက်လာလျှင် အပြတ်ရှင်းတတ်သည်။ မျက်နှာ နာတတ်သူတွေ မဟုတ်။ ဦးဟုတ်လှိုင်က စည်းရိုးထောင့်ကို ဖျက်ခါ ဆိုင်လေး လုပ်ထားရင်းမှ တစ်စတစ်စ အေးမိတို့ ခြံလေးကို သိမ်းသွားခဲ့သော်... ။
အီဗရာဟင်က အရောက်စောပေမင့်၊ ခြေတစ်လှမ်း နောက်ကျသွားသည်။ ခြံစည်းရိုးမှတစ်ဆင့် ခြံထဲကို ဦးဟုတ်လှိုင် မဝင်ခင် ဤအိမ်၏ အဓိက အေးမိကို အပိုင်သိမ်းဖို့ အီဗရာဟင် အစီအစဉ် ရှိလေသလား အေးမိ သံသယ ဖြစ်လာသည်။ လက်ထဲမှ ပေါင်ဒါဘူးကို လွှတ်ချလိုက်သည်။ အမေက လန့်သွား၏။
"ဟဲ့... ကလေးမ ဘာဖြစ်တာလဲ"
အေးမိက ဘာမှ ပြန်မဖြေ၊ ရင်ထဲမှာတော့ လေးလာသည်။ ဤမြေလေးနှင့် တဲစုတ်သည် သူတို့ သားအမိ နှစ်ယောက်ပိုင် ဒါလေးပဲ ရှိသည်။ ဦးဟုတ်လှိုင် ကျေးဇူးနှင့် အိမ်လေးကတော့ သပ်သပ်ရပ်ရပ် ဖြစ်သွားပြီ။ စားဖို့နှင့် အိမ်လေးကို ဆက်လက်ထိန်းဖို့ မုန့်ဟင်းခါးဆိုင် ထွက်ကို ထွက်ရမည်။ ဦးဟုတ်လှိုင်က ငွေထပ်မံ၍ ထုတ်ပေးမည် ကတိပြုသွားသည်။ ကဲ အရင်းတော့ ရပြီ၊ ခုနေ အီဗရာဟင်ကို သူ အကူအညီ တစ်ခုခု တောင်းရင် ရမှာ မလွဲ။ ဒါပေမင့် သူ ကြောက်နေသည်။ အီဗရာဟင်ကို သံသယ ရှိသည်။
အမေ ဘာကြောင့်များ ဦးဟုတ်လှိုင်ကြီးကို ဆိုင်ဖွင့်ခွင့် ပေးရပါလိမ့်။ သူ့အမေကိုလည်း အပြစ်တင်ချင်သည်။ ဒါပေမင့် ထွေးထွေးနွေးနွေး လုံလုံခြုံခြုံ နေရ၍လား မသိ၊ အမေက ကျန်းမာရေး ကောင်းလာသည်။
နောက်လထဲမှာ သူ ဈေးစောစော ထသွားသည်။ သူ ဈေးက ပြန်လာတော့ သူတို့ အိမ်ရှေ့မှာ ဘုရားပွဲ လှည့်တာလည်း မဟုတ်၊ ထီရောင်းလာသူလည်း မရှိ၊ သီချင်းသံတွေ ဆူညံနေသည်။ အိမ်နား ရောက်လာတော့မှ အီဗရာဟင်နှင့် ဦးဟုတ်လှိုင်က ကက်ဆက်တွေ အပြိုင် ဖွင့်နေကြပါပကော။
သူသည် အိမ်ထဲ ရောက်ရောက်ချင်း ဈေးခြင်းကိုချကာ ခုံရှည်ပေါ် မောမောနှင့် ထိုင်လိုက်၏။ အမေသည် ကွပ်ပျစ်ပေါ်မှာ ငုတ်တုတ်လေး ဘုရားဘက်ကို ကျောခိုင်း၍ သူ့ဘက် လှည့်ထိုင်နေသည်။
"အမေ ဘုရားရှိခိုးလို့ မရဘူး"
အမေက ညည်းညည်းညူညူ ပြောလိုက်သည်။
"လက်ဖက်ရည်ပါ ရောင်းလာတော့ အပြိုင်အဆိုင် လူများများလာအောင် ကက်ဆက် ကျယ်ကျယ် ဖွင့်ရတာလေ အမေရဲ့။ အမေ ဘာသွားပြောနိုင်မလဲ၊ တစ်ခုပဲ ရှိတယ်။ အမေ ည လူခြေတိတ်မှ ရှိခိုး၊ ဒါမှမဟုတ် မနက် ၄ နာရီ ထရှိခိုး"
သူက ဒါပဲပြောသည်။ အမေသည် ဘုရား ရှိခိုးရုံ မဟုတ်၊ ပရိတ်ကြီး ၁၁ သုတ်ကို နေ့တိုင်း ရွတ်သေးသည်။ အေးမိက ဈေးခြင်းတောင်းကြီးကို မကာ မီးဖိုထဲ ဝင်သွားသည်။
သူပြောသလို အမေ စောစောထ ရှိခိုးတော့လည်း နေ့လည်နေ့ခင်း လူကြီးဆိုတော့ တစ်မှေး အိပ်ချင်သည်။ နေ့လယ်ဘက်လည်း ကက်ဆက်သံတွေ အပြိုင်ဖွင့်တော့ အိပ်မရ၊ ည စောစော အိပ်ရာဝင်လို့လည်း မဖြစ်။ လက်ဖက်ရည်ဆိုင်တွေက ၁၀ နာရီမှ ပိတ်သည်။
အမေ စိတ်ညစ်လာပြီကို သူသိသည်။ အထူးသဖြင့် အမေတစ်ယောက်တည်း ငြိမ်းချမ်းအေးဆေးစွာ ဘုရားရှိခိုး၍ မရတော့သည့်အတွက် အေးမိ စိတ်မကောင်း ဖြစ်မိသည်။
ဒီမြေကို ရောင်းပြီး ထွက်သွားဖို့ကလည်း မဖြစ်၊ ဘာပဲဖြစ်ဖြစ် ဒီမြေလေးကိုတော့ ထိန်းချုပ်ထားရမည်။
ညဥ့် ၁၀ နာရီကျော်တော့ အမေ အိပ်ရာဝင်သွားပြီး အေးမိ အိမ်ရှေ့ သစ်ပင်အောက်က ခုံပေါ်မှာ ထွက်ထိုင်နေမိသည်။ အီဗရာဟင်နှင့် ဦးဟုတ်လှိုင်တို့ လက်ဖက်ရည်ဆိုင်များလည်း ပိတ်သွားပြီဖြစ်၍ လူသွားလူလာ ရှင်းသွားပြီ။
ယခုမှ တိတ်ဆိတ်ခြင်း အရသာကို သူခံစားနေမိသည်။ တဲပုတ်လေးနှင့်တုန်းက ငြိမ်းချမ်းမှု အရသာကို ပြန်လည်တသ နေချင်လည်း မဖြစ်၊ အမေ့အတွက် အိမ်လေးကို ပြင်ဆောက်ခြင်းက အမှားမဟုတ်။ ဒါပေမင့် ဦးဟုတ်လှိုင်ထံမှ ယူထားသော ငွေကိုတော့ ပြန်ဆပ်နိုင်အောင် ကြိုးစားရမည်။ သူ မုန့်ဟင်းခါးဆိုင်ကို အမြန် ပြန်ထွက်နိုင်မှ ဖြစ်မည်။ သူ့ စီးပွါးရေးက ဒါပဲ ဖြစ်သည်။
သူ့ စီးပွါးရေး ပြန်လည် နလံထူလာလျှင် ဦးဟုတ်လှိုင်ဆိုင်ကို ပြန်ယူမည်။ ကိုယ့်မြေပေါ်မှာ နေပြီး နားငြီးရသည့် ဝေဒနာကို ခံစားဖို့ မလို။
အီဗရာဟင်က နေရာအားဖြင့် ခပ်လှမ်းလှမ်း၊ လမ်းကလည်း ခြားနေ၍ ကက်ဆက်သံက သိပ်အနှောင့်အယှက် မပေးသော်လည်း အီဗရာဟင်၏ လိမ္မာစွာ သိမ်းသွင်းမှုကိုလည်း သူ သတိထားရဦးမည်။
တစ်ခုတော့ ရှိသည်။ ပေါက်စီနှင့် ပလာတာကို သူ၏ မုန့်ဟင်းခါးက ထိုးဖောက်နိုင်ပါမည်လား။
----------------------
ခင်နှင်းယု
(စိန်ခြယ်မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁၃၊ ဇန်နဝါရီ၊ ၁၉၉၅။)

No comments:

Post a Comment