ကောင်းကင်၏မေးရိုးကို ထိခတ်သည်အထိ မြင့်မားလှသော တောင်ထွတ်ကြီးနှစ်ခုကြားတွင် စိမ်းညိုအုပ်ဆိုင်းလွန်းသော တောအုပ်တစ်အုပ် ရှိသည်။ သည်အရပ်တွင် ခွေးအအော်သံမရှိ။ ကျီးကန်းအော်သံမရှိ။ တိတ်ဆိတ်ငြိမ်သက်မှုသည် သီချင်းများ တစ်ပုဒ်ပြီးတစ်ပုဒ်အော်ဆိုနေသည်။ သည်အရပ်တွင် ရေစုပ်စက်အော်သံမရှိ၊ မော်တော်ကားဟွန်းသံမရှိ၊ ကလေးငိုသံမရှိ ပကတိငြိမ်သက်နေသည်။ စိမ်းလန်းသောအရောင်များပါလာသောလေက ပတ်ဝန်းကျင်ကို အေးမြစွာပွတ်သပ်နေသည်။ နေရောင်ခြည်သည် သွားမရှိတော့သည့် အဘွားအိုတစ်ယောက်၏အပြုံးလို လှပနေသည်။ အရာရာသည် အလိုအလျောက် သဟဇာတဖြစ်ကာ စည်းချက်မှန်နေလျက်ရှိသည်။
တောအုပ်၏ဗဟိုချက်နေရာတွင် ကျယ်ပြောလှသော ခြံဝန်းကြီးတစ်ခုရှိထား၏။
ခြံဝန်းကို သစ်သားတိုင်အသေးစားများဖြင့် မည်ကာမတ္တ စည်းရိုးခတ်ထားသည်ကို
တွေ့နေရသည်။ ခြံဝန်းကို အ၀င်ဝတွင် ကြီးမားခမ်းနားလှသော
တံခါးကြီးတစ်ချပ်ကိုတွေ့ရသည်။ ထိုတံခါး၏အပေါ်တွင် ဧရာမမုခ်ဦးကြီးရှိနေသည်။
]စကားလုံးသုဿန်} ဟု မုခ်ဦးထက်တွင်ရေးထားသော စကားလုံးများက
ခြောက်သယောင်းနေသောသစ်ပင်၏ အကိုင်းအခက် များနှင့်ပင်တူနေတော့သည်။
_ _ _
မြေပုံမို့မို့လေးများ၊ အုတ်ဂူ၀၀ကြီးများ၊ အနုပညာဆန်သော အုတ်ဂူများ၊ ဆေးရောင်စုံခြယ်သထားသော အုတ်ဂူများ၊ ရိုးရိုးရှင်းရှင်းအုတ်ဂူများ ကို သုဿန်ဝင်းထဲတွင် တွေ့ရမည်ဖြစ်သည်။ လူသားတို့သေဆုံးသည့်အခါ သုဿန်ကို ပို့ဆောင်ကြသလိုပင် သေဆုံးသွားသည့်စကားလုံးများကို စကားလုံးသုဿန်သို့ ပို့ဆောင်တတ်ကြသည်။ ကျွန်တော်တို့ အပျင်းပြေရေရွတ်တဲ့ အနိစ္စဆိုတဲ့စကားလုံးက မမြဲခြင်းလို့ အဓိပ္ပာယ်ရတယ်မဟုတ်လား။ အနိစ္စဆိုတဲ့စကားလုံးကတော့ စကားလုံးသုဿန်ထဲကို မရောက်သေးပါဘူး။ သည်မှာရှိနေတဲ့ စကားလုံးတွေကတော့ ကမ္ဘာဦးကနေ ဒီနေ့ထက်ထိ သေဆုံးနေတဲ့ စကားလုံးတွေအစုံပါပဲ။ ကမ္ဘာဦးတွင်သေဆုံးခဲ့သော စကားလုံးများတွင် ဒိုင်နိုဆော၊ ဂူအောင်းလူတို့ကဲ့သို့ စကားလုံးများပါဝင်သကဲ့သို့ ယနေ့ခေတ်နှင့် မလှမ်းမကမ်းကာလတွင်ဆိုလျှင် မာ့စ်ဝါဒနှင့် ပစ္စည်းမဲ့လူတန်းစားဆိုသော စကားလုံးတို့က ဂူဏ်ထူးဆောင်ပုဂ္ဂိုလ်များအဖြစ် ဤသုဿန်ထဲတွင်နေထိုင်လျက်ရှိကြသည်။
သည်နေရာမှာ စကားလုံးအသေတွေ အမြောက်အမြားရှိနေပေမယ့် ကျယ်ပြောလှသောနေရာဖြစ်နေ၍ အားလုံးချောင်ချောင်ချိချိနေခွင့်ရသည်။ စကားလုံးဝိÓ ဉ်တို့ နေ့လည်နေ့ခင်းတွင် အပျင်းပြေစကားစမြည်ပြောဆိုနိုင်ဖို့ ခုံတန်းလေးများရှိသည့် ပန်းခြံတစ်ခုလည်းရှိသည်။ လူသစ်ရောက်လာတိုင်း အခမ်းအနားနဲ့ကြိုဆိုဖို့အတွက် ခန်းမတစ်ခုလည်းရှိသည်။ ပျင်းရိငြီးငွေ့မှုကို ဖြေဖျောက်နိုင်ဖို့ ကပွဲရုံတစ်ခုပင်ရှိသည်။ သည်ဝင်းထဲတွင် စကားလုံးအသေတို့ လွတ်လပ်စွာနေထိုင်နိုင်သည်။ စည်းကမ်းတစ်ခုပဲရှိသည်။ သည်နေရာကိုရောက်လာပြီးတဲ့ စကားလုံးတွေဟာ လူ့လောကထဲကို ပြန်သွားခွင့်မရှိတော့ တာပဲ။
_ _ _
နွေသည်နွေးဖျသော နေရောင်ခြည်ကို ပန်းခြံထဲသို့ အားသွန်ခွန်စိုက်သွန်ချနေသည်။ ပျော်မွေ့ဖွယ်ကောင်းသော မနက်ခင်းတစ်ခုဖြစ်သည်။ ပန်းခြံထဲတွင်လူစုံနေသည်။ သက်ကြီးရွယ်အိုများက ကျန်းမာရေးလေ့ကျင့်ခန်းလုပ်နေသကဲ့သို့ ငယ်ရွယ်သူများကလည်း ပန်းခြံထဲတွင် စကားစမြည် ပြောဆိုနေလျက်ရှိသည်။ သည်ရက်ပိုင်းအတွင်း လူသစ်များသိပ်ရောက်မလာ၍ အားလုံးပျင်းရိနေသည်ကတော့ အမှန်ပင်။ လူသစ်ရောက်လာတိုင်း ပွဲလမ်းသဘင်ရှိ၍ အားလုံးပျော်ကြရသည်။ ဒါ့အပြင် အပြင်လောကတွင် ဘာတွေဖြစ်ပျက်နေလဲဆိုတာကို မေးမြန်းနိုင်ကြသည်။
ပန်းခြံထောင့်တစ်နေရာတွင် မာ့စ်ဝါဒစကားလုံးအိုကြီးသည် ကုန်းကုန်းကွကွနှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိသည်။ သူနှင့် မလှမ်းမကမ်းတွင် ပစ္စည်းမဲ့လူတန်းစားက မယောင်မလည်နှင့် ဟိုကြည့်ဒီကြည့်လုပ်လျက်ရှိသည်။ သူတို့နှစ်ယောက်ကို ငေးမောကြည့်ရှုနေသော စကားလုံးများစွာကလည်း ရှိသည်။ ဂူအောင်းလူကတော့ မထုံတတ်တေးနှင့်ပင် လမ်းသလားနေလေသည်။ ခုံတန်းများပေါ်တွင်ထိုင်၍ စကားစမြည်ပြောဆို နေကြသူများလည်းရှိသည်။
ထိုခုံတန်းများအနက် တစ်ခုသောခုံတန်းပေါ်တွင် အငြင်းအခုံဖြစ်နေလေသည်။ အငြင်းအခုံဖြစ်နေသော စကားဝိုင်းထဲတွင် အသံအကျယ်ဆုံး ပုဂ္ဂိုလ်မှာ လေဘာတီဆိုသူဖြစ်သည်။ သူနှင့် အဓိကငြင်းခုံသူမှာ အသုံးလုံးဆိုသူဖြစ်သည်။ သူတို့စကားဝိုင်းထဲတွင် ယောင်တီးယောင်နနှင့်ပါဝင်နေသူမှာ ဘူဇွာနှင့် ချစ်တီးကုလားတို့ဖြစ်သည်။ သူတို့အနားတွင် ကိုမင်္ဂလာဆိုသူကလည်း ခေတ်ဟောင်းသီချင်းတစ်ပုဒ်ကို သီဆိုနေလေသည်။
လေဘာတီဆိုသူသည် မာကျောကျောကျွပ်ဆတ်ဆတ်နှင့် ပုဂ္ဂိုလ်ဖြစ်သောကြောင်း အားလုံးကလက်ခံထားကြသည်။ သူသည် စကားကို ကျယ်ကျယ်လောင်လောင်ပြောတတ်သူဖြစ်ပြီး ငါ့စကားနွားရလည်း အမြဲတမ်းပြောတတ်သူဖြစ်သည်။ သူနှင့်အမြဲတမ်းရန်ဖြစ်တတ်သူမှာ ချိုကျိုးနားရွက်ပဲ့ ဆိုသူဖြစ်သည်။ ချိုကျိုးနားရွက်ပဲ့သည် အိပ်ယာကို နောက်ကျမှထတတ်သူဖြစ်၍ ယခုစကားဝိုင်းသို့ မရောက်နိုင်သေးချေ။ ချိုကျိုးနားရွက်ပဲ့သည် မိုက်တီးမိုက်ကန်းနိုင်သလောက် အသုံးလုံးသည် ရိုးအေးနှိမ့်ချသူဖြစ်သော်လည်း သူတို့နှစ်ယောက်သည် လွန်စွာမှခင်မင်ကြသည့် မိတ်ဆွေများဖြစ်ကြ သည်။ အသုံးလုံးနှင့် လေဘာတီတို့ အငြင်းအခုံဖြစ်နေသည်။ ချိုကျိုးနားရွက်ပဲ့သာသိလျှင် လေဘာတီကို သူဝင်တွယ်မည်မှာသေချာသည်။
“လောကမှာ လွတ်လပ်မှုဟာ အရသာအရှိဆုံးအရာပဲ။ လူတွေဟာ လွတ်လပ်မှုအတွက်ဆိုရင် အသက်ကိုတောင်ပေးကြဖို့ ၀န်မလေးတတ်ကြ ဘူး” ဟု လေဘာတီက ဆိုသည်။
“လွတ်လပ်မှုဆိုတာ အလကားပါဗျာ။ လူတွေက အစာအိမ်ကိုပဲ ကိုးကွယ်တတ်ကြတာဗျ။ အစာအိမ်ထဲမှာ အစာမရှိရင် လူတွေဟာ ဘာကိုမှစဉ်းစားတွေးခေါ်နိုင်ကြတာမဟုတ်ဘူး” ဟု အသုံးလုံးက ပြန်ပြောလေသည်။
“ခင်ဗျားဟာ အသုံးမကျတဲ့စကားလုံးအဟောင်းအမြင့်ကြီးပဲဗျ။ လူဆိုတာဟာ အစာစားပြီး မစင်စွန့်ရုံသက်သက်ရယ်လို့ ခင်ဗျားက လက်ခံထားတာပဲ။ လူဆိုတာဟာ စကြာဝဠာကြီးတစ်ခုလုံးထဲမှာ တန်ခိုးအကြီးမားဆုံးသတ္တ၀ါပဲဗျ။ အဲဒါကို ခင်ဗျားနားလည်ထား” ဟု လေဘာတီက အသုံးလုံးကို နင်ဘဲငဆပြောလေသည်။
“ခင်ဗျားဟာ လူတွေကို အခြောက်တိုက်ကိုးကွယ်နေတာပဲ။ ဘာပဲပြောပြော ခင်ဗျားကို လူတွေက အသုံးမ၀င်တော့ဘူးဆိုပြီး သူတို့ရဲ့အဘိဓာန် တွေထဲက ထုတ်ပယ်လိုက်ပြီမဟုတ်လား။ ခင်ဗျား ဘာဖြစ်လို့ လူတွေကိုဆက်ကြည်ညိုချင်နေသေးတာလဲ” ဟု အသုံးလုံးက ပြန်ပက်လိုက်သည်။
အသုံးလုံးနှင့်လေဘာတီတို့၏ စကားစစ်ပွဲကို စကားလုံးဝိညာဉ်များ စိတ်ဝင်စားလာကြသည်။ လူဆိုသောသတ္တ၀ါအပေါ် သူတို့မည်သို့သဘော ထားရမည်နည်းဟု တွေးဆစရာဖြစ်လာသည်။ သူတို့အားလုံးသည် လူတွေရဲ့အစွန့်ပယ်ခံများဖြစ်ပေမယ့် တစ်ချိန်က လူတွေရဲ့ပါးစပ်ဖျားမှာ ပြောဆိုခံခဲ့ရ သူများဖြစ်ကြသည်မဟုတ်လား။ သူတို့ လူတွေအပေါ် စိတ်နာသင့်သလား။ ဒါမှမဟုတ် လူတွေကိုပဲ ဆက်ချစ်ရဦးမည်လား။ တစ်ချို့ကလည်း ဘာကိုမှ မစဉ်းစားချင်ကြပါ။ သူတို့သည် လူ့လောကတွင်နေခွင့်မရတော့သည့်စကားလုံးအသေများဖြစ်ကြသည်ဟု ပွင့်ပွင့်လင်းလင်းလက်ခံထားကြပြီး ဖြစ်သည်။
ထိုအချိန်တွင် အိပ်မှုန်စုံမွှားနှင့်ရောက်လာသူက ချိုကျိုးနားရွက်ပဲ့ဖြစ်သည်။ စကားဝိုင်း၏အတိမ်အနက်ကိုလည်း သူနားလည်လိုက်သည်။
ရောက်ရောက်ချင်းမဆိုင်းမတွပင် ချိုကျိုးနားရွက်ပဲ့က “လူတွေဟာ ချိုကျိုးးနားရွက်ပဲ့တွေပါကွာ။ တစ်ချို့ကစဉ်းစားတတ်ပြီး လက်တွေ့ဖြစ် အောင်မလုပ်တတ်ဘူး။ တစ်ချို့က အလုပ်သာလုပ်နေတယ်။ ဘာကိုမှမစဉ်းစားတတ်ဘူး။ ခြေသုံးချောင်းပဲရှိတဲ့နွားတွေလို လူတွေဟာ ဘယ်တော့မှ မပြည့်စုံဘူး။ အဲဒီခြေသုံးချောင်းပဲရှိတဲ့ နွားတွေမှာမှ ချိုကျိုးနေတာနဲ့ နားရွက်ပဲ့နေတာနဲ့ ဘယ်တော့မှမပြည့်စုံကြဘူး။ ဒါကြောင့်ပဲ လူတွေဟာ ချိုကျိုးနားရွက်ပဲ့လို့ပြောရင် နာတတ်ကြတာ။ တစ်ယောက်ကိုတစ်ယောက် ချိုကျိုးနားရွက်ပဲ့လို့ စွပ်စွဲနေရာကနေ ကြာလာတော့ ချိုကျိုးနားရွက်ပဲ့ဆိုတာ ရိုးအီလာတဲ့အတွက် အဘိဓာန်တွေထဲကနေ ချိုကျိုးနားရွက်ပဲ့ဆိုတာကို ထုတ်ပစ်လိုက်ကြတာပေါ့” ဟု ဆိုလေသည်။
သူ့စကားအဆုံးတွင် စကားလုံးအသေများ အလျှိုလျှိုကိုယ့်နေရာကိုယ်ပြန်သွားကြသည်။
_ _ _
သည်နေ့နံနက်တွင်တော့ အားလုံးပျော်ရွှင်နေကြသည်။ လူသစ်ရောက်လာမည်ဆိုသောသတင်းက အားလုံးကြားတွင် တီးတိုးပျံ့နှံ့နေလေရာ မုခ်ဦးအ၀င်ဝသို့သာ အားလုံးလှမ်းမျှော်ကြည့်ရှုနေကြသည်။ သည်နေတော့ အငြင်းအခုံများမရှိ။ အချင်းပွားမှုများလည်းမရှိ၍ ပတ်ဝန်းကျင်သည် သက်တောင့်သက်သာ ရှိနေသည်။ သို့ရာတွင် အသစ်ရောက်လာမည့်စကားလုံးမှာ ဘာဖြစ်သည်၊ ညာဖြစ်သည်ဟု သူ့ထက်ငါ အလုအယက်ခန့်မှန်းနေ လျက်ရှိသည်။
မာ့စ်ဝါဒအဘိုးအိုက အရင်းရှင်စနစ်ဟုခန့်မှန်းသည်။ လေဘာတီက အများကောင်းစားရေးဝါဒဟုဆိုသလို၊ အသုံးလုံးကလည်း ကျောမွဲဟု အသီးသီးခန့်မှန်းကြသည်။ ကိုယ့်အထင်နှင့်ကိုယ် ငြိမ်းချမ်းစွာသဘောထားကွဲလွဲခွင့်ကို အားလုံးလက်ခံထားကြပေမယ့် မကြာမီရောက်လာတော့မည့် စကားလုံးသစ်ကို ရင်ခုန်စွာစောင့်မျှော်နေကြသည်။
မိုးကောင်းကင်သည် ရုတ်တရတ်ညိုမှောင်လာသည်။ လေပြင်းများသည့်အခါတိုင်းထက် အဆများစွာပိုမိုပြင်းထန်နေသည်။ မှိုင်းမှိုင်းညို့သော နံနက်ခင်းတွင် လေပြင်း၏ဒေါသမုန်ယိုမှုကြောင့် သစ်ပင်များမှာ သနားစဖွယ်ယိမ်းနွဲ့ကာ အော်ဟစ်ငိုယိုနေကြလေသည်။ လူ့လောကထဲတွင် စကားလုံး သေဆုံးမှုကို မိုးကောင်းကင်နှင့်လေတို့က ခမ်းနားစွာကြေကွဲပြနေသည်။ လေသည် ပိုမိုဒေါသကြီးလာသလို၊ မိုးကောင်းကင်ကလည်း ပိုပို၍မှောင်လာသည်။
စကားလုံးသုဿန်ထဲတွင် စကားလုံးဝိညာဉ်တို့ ထိတ်လန့်တုန်လှုပ်စပြုလာသည်။ မည်သည့်စကားလုံးဖြစ်၍ သည်မျှထူးခြားသောနိမိတ်များကို ပြသနေရသနည်း။ ယခင့်ယခင်က ခမ်းနားကြီးကျယ်သောစကားလုံးများစွာ သေဆုံးခဲ့ဖူးပေမယ့် ယခုကဲ့သို့ပြင်းထန်သော နိမိတ်များပြသခဲ့ဖူးခြင်းမရှိ။
မိုးကောင်းကင်သည် အလင်းဖျော့ဖျော့ပြန်လင်းစပြုလာသည်။ လေပြင်းသည်လည်း သူ၏ဒေါသကို ဇာတ်ကြိုးသပ်လိုက်ပြီဖြစ်သည်။ ကမ္ဘာမြေသည် ပကတိငြိမ်သက်တိတ်ဆိတ်သွားသည်။
မုခ်ဦးအောက်တွင် စကားလုံးတစ်လုံးဝင်ရောက်လာသည်။ အားလုံးဟာ ဟင်ခနဲ၊ ဟာခနဲဖြစ်ကုန်ကြသည်။ မည်သူမှထင်မထားသည့်စကားလုံးဖြစ်နေ၍ အားလုံးပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ ကမ္ဘာလောကကြီးတစ်ခုလုံး မည်သို့မည်ပုံဖြစ်နေပြီနည်း။ ကမ္ဘာသူ၊ ကမ္ဘာသားတွေရဲ့ စိတ်ခံစားမှုကကော။
သူသည် လေးလံဖွင့်တွဲ့စွာ တစ်လှမ်းချင်းဝင်လာသည်။ သူ၏ခြေလှမ်းများသည် တစ်စုံတစ်ရာကိုငြင်းဆိုနေသည်။ သူမသေသေးဟု မျှော်လင့်နေပုံ လည်းရသည်။ သူသည် မျက်ရည်လည်ရွဲနှင့် လျှောက်လာနေသည်။ သူ၏အမည်မှာ “အချစ်” ဖြစ်သည်။
_ _ _
ခန်းမဆောင်ထဲတွင် အားလုံးစုပြုံရောက်ရှိနေကြသည်။ လျှပ်စစ်မီးမောင်းများလည်း ထိန်ထိန်ညီးနေသည်။ သည်ပွဲသည် အသစ်ရောက်လာ သော အချစ် ဆိုသူအတွက် ပြုလုပ်ပေးသောပွဲဖြစ်သည်။ နောက်ခံတေးသွားသည် မြူးကြွနေသည်။
မပျော်နိုင်မရွှင်နိုင် မှိုင်တိုင်တိုင်ဖြစ်နေသူတစ်ဦးသာရှိသည်။ သူက သည်ပွဲ၏ဇာတ်လိုက်ကျော် အချစ်ဆိုသူဖြစ်သည်။ သူသည် လူ့လောကတွင် အချိန်ကြာမြင့်စွာ ဆက်လက်ရှင်သန်နေလိုသူဖြစ်သည်။ သို့ရာတွင် လူတို့၏ ရက်စက်မာကျောသောအသည်းနှလုံးများက သူ့ကို လူ့လောကထဲမှ အပြီးအပိုင်နှင်ထုတ်လိုက်ကြသည်။ သူသည် ၀မ်းနည်း၍မဆုံးနိုင်သေးပါ။ လူ့ပြည်၊ လူ့ရွာ၊ လူ့ကမ္ဘာကို တသသဖြစ်နေဆဲဖြစ်သည်။ အခု သူ့အတွက် ပြုလုပ်ပေးသော ကြိုဆိုပွဲတွင် သူ အဖွင့်စကားပြောပေးရတော့မည်။ သူမပြောချင်လိုသော်လည်း သူ့ကိုနွေးထွေးပျူငှာစွာကြိုဆိုကြသူများကို အသိအမှတ် ပြုခြင်းအားဖြင့် ပြောပေးရတော့မည်။
သူစင်ပေါ်သို့ ဖြည်းညင်းစွာတက်လာသည်။ ပူဆွေးသောကများက သူ့မျက်နှာပေါ်တွင် အတိုင်းသားပေါ်လွင်နေသည်။
“ကျွန်တော့်ကို ညီရင်းအစ်ကိုလို နွေးနွေးထွေးထွေးကြိုဆိုကြတဲ့ ဟောဒီက ညီအစ်ကိုတွေအားလုံးကို ကျွန်တော် အထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပါတယ်။ ကျွန်တော်ဟာ လူ့လောကထဲကနေ အချိန်မတိုင်မီသေဆုံးခဲ့ရလို့ ၀မ်းနည်းပူဆွေးနေတဲ့အတွက် ဒီကလူတွေလိုမပျော်ရွှင်နိုင် သေးတာကိုတော့ ခွင့်လွှတ်ပေးစေလိုပါတယ်။ မကြာခင် ခင်ဗျားတို့လို ပုံမှန်အသားတကျနေထိုင်သွားနိုင်အောင် ကြိုးစားမယ်ဆိုတာကိုတော့ ကတိ ပေးပါတယ်” ဟု သူကဆိုလေသည်။
သူစကားပြောနေချိန်တွင် မေးခွန်းများမေးရန် တာစူနေသူများကလည်း အမြောက်အမြားပင်။
“ခင်ဗျားသေဆုံးခဲ့ရတာနဲ့ပတ်သက်လို့ အဓိကအချက်က ဘာလို့ထင်ပါသလဲ” ဟု တစ်ယောက်ကထမေးလေသည်။
“ကျွန်တော့်အထင်တော့ ၂၁ ရာစုရဲ့ ရာသီဥတုလို့ထင်တာပါပဲ။ ၂၁ ရာစုမှာ ကမ္ဘာမြေရဲ့ပူနွေးမှုက ကြောက်စရာအတော်ပဲ ကြောက်စရာ ကောင်းလှပါတယ်။ အဲဒါကြောင့်ပဲ လူတွေဟာ အလွယ်တကူဒေါသတွေထွက်လာတတ်ကြတယ်။ စစ်ပွဲတွေဟာ ကမ္ဘာမြေအနှံ့ မှိုလိုပေါက်နေကြ တော့တာပဲ။ ဒီလိုနဲ့ သူတို့အရင်ကတန်ဖိုးထားတဲ့ အချစ်ဆိုတာကို ချောင်ထိုးလိုက်ကြတော့တာပါပဲ” ဟု သူကပြောဆိုလေသည်။
နောက်ထပ်မေးခွန်းမေးမည့်သူများကလည်း အလုအယက်ပင်။
“ခင်ဗျားသေဆုံးပြီးတဲ့နောက် ခင်ဗျားကို အမှတ်ရစရာတစ်ခုခုများ ကမ္ဘာကြီးထဲမှာကျန်ရစ်ခဲ့သလား”
“ကျန်ခဲ့ပါတယ်။ ဘာလဲဆိုတော့ လိင်တံအစွပ် ရော်ဘာအိတ်ကုမ္ပဏီတစ်ခုရဲ့အမည်က အချစ်တဲ့” ဟု သူဖြေလေသည်။
နောက်ထပ်မေးခွန်းများ တစ်ပုံတစ်ပင်ထပ်ရောက်လာ၍ သူမဖြေနိုင်အောင်ပင်ဖြစ်ရတော့သည်။
“အချစ်မရှိတော့တဲ့အတွက် လူတွေရဲ့အတွေးအခေါ်တွေ ပြောင်းလဲကုန်ပြီလား”
“၂၁ ရာစုလူသားတွေအပေါ် ခင်ဗျားဘယ်လိုမြင်လဲ”
“ခင်ဗျားရဲ့နေရာမှာ ဘယ်စကားလုံးအစားထိုးဝင်လာနိုင်လဲ”
မေးခွန်းများ။ မေးခွန်းများ။ ၊ ၊ ၊
မေးခွန်းများဆက်တိုက်ပေါ်ထွက်နေဆဲဖြစ်သည်။
.
မိုးသက်ဟန်
(ပန်မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၀၉)

No comments:
Post a Comment