Tuesday 10 May 2016

လေပြေကြုံလျှင်

လေပြေကြုံလျှင်
🌸🌸🌸

အကြွေးဟောင်းတွေလဲ မဆပ်နိုင်သေး
နောက်တပွင့် ထပ်ပေးပါ စပါယ်ရုံလေးရယ်
.
လဖြစ်ပါလျက် ညမှာ မတင့်ရ
ကြိုးကြာဖြစ်လျက် တေးမသီရ
ငါးဖြစ်ပါလျှက် ရေဆန်မတက်ပြရ
အောက်ကမြစ် တလုံးဘ၀နဲ့ 
ဝါကျတကြောင်းရဲ့ ကျက်သရေကိုငဲ့ပြီး
မညည်းမငြူ အံကြိတ်ခဲ့သူမှာ...
.
မြွေဆိပ်ဖြေဖို့လည်း မြွေဆိပ်မရှိ
မြွေပြန်ခေါ်ဖို့လည်း ဂါထာမရှိ
သမာဓိအကျိုးအပဲ့နဲ့  အဖန်ဖန်
ဥုံခံရွတ်ရင်း အနာရင်းနေပြီ
.
ကိုယ်သွေးတဲ့ဓါးက
ကိုယ့်ဘ၀လက်ကျန်
ကိုယ့်ခန္ဓာ လက်ကျန်မှာ
အန္တရာယ်ရှိမယ့် အပိုင်း
မဆိုင်းမတွ လှီးဖဲ့ဖို့ ပါ
.
ကုန်းခေါင်ခေါင်ပေါ်
ပင်လယ်ရေ မမျှော်ပါဘူးကွယ်
လေပြေကြုံရင်..
စပယ်ရုံလေးဆီက တပွင့်ရနံ့ရရ တောင်းချင်တယ်
ကြွေးဟောင်းတွေတော့ မဆပ်နိုင်သေးဘူးပေါ့...။ ။
.
မင်းကိုနိုင်‬
[ သူကြီးသားမက် သူငယ်ချင်း ကဗျာစာစဉ်မှ ကောက်နှုတ်
ဖော်ပြသည် ]

No comments:

Post a Comment