တာရာအလင်းတန်း ပဟေဠိ (ခင်ဆွေဦး)
=============================
(၁)
မိုးဦးညနေခင်း တိမ်တို့သည် အဖြူလိပ်များ တက်ကာ
ပန်းအိပန်းကုံးများသဖွယ် ရွေ့လျားနေကြသည်။ ဆန်းလှသည့် ကိစ္စတော့ မဟုတ်။
မြင်ရိုးမြင်နေကျပင်။ ညနေ လှုပ်ရှား သွားလာနေကြသော လူတို့၊ ဒါကို
သတိပြုမိကြမည် မထင်၊ ပန်းချီဆရာ၊ ကဗျာဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာတို့က
လွဲလို့ ဘယ်သူကများ စိတ်ဝင်စားမည်လည်း။
မသိုက်လေး သင်္ချာတော်တာကတော့ အားလုံးက စိတ်ဝင်စားကြသည်။
"သင်္ချာကျူရှင် ယူသလား"
အတန်းပိုင် ဆရာမကပင် မေးယူရသည်။
"မယူပါဘူး ဆရာမ"
ဆရာမက မေးမည့်သာ မေးရသည်။ ဟောင်းနွမ်း ဖျော့တော့သော ကျောင်းစိမ်းစကတ်၊
ဝါကျင်ကျင် အင်္ကျီလေးနှင့် မသိုက်၏ ဥပတိရုပ်သည် အခကြေးငွေ အကုန်ခံကာ ကျူရှင်
ယူနိုင်ပုံ မပေါ်တာ သေချာလှပါသည်။ ပြည့်စုံ ကုံလုံသော အဆင့်အတန်းမှ
မပေါက်ဖွါးနိုင်သော အသွင်အပြင်နှင့် မသိုက်၏ စကားသည် ယုံလောက်သည်ဟု
ထင်သော်လည်း သင်္ချာ တော်လွန်းနေတဲ့ အတွက်တော့ အံ့ဩမိသည်။
အသက် ၆ နှစ် အရွယ်သာသာ တစ်တန်းတက်လာသော ကလေး၊ အပေါင်းအနုတ် ကျွမ်းကျင်ပုံကတော့ နည်းနည်းထူးသည်ဟု ဆိုချင် ဆိုနိုင်ပါသည်။
"နင့် အိမ်က သင်ပေးတာ နေမှာပေါ့"
(၇)နှစ် နီးပါး ရှိပြီးဖြစ်သော သားသားနားနား ဝတ်စားဆင်ယဉ် ထုံးဖွဲ့မှုနှင့်
စမ်းသီတာက မေးရင်း အရွယ်နှင့် မလိုက်အောင် တွန့်မဲ့နေလေသည်။
"ဟုတ်တယ် မဟုတ်လား"
နှစ်ရာကျော်တန် ဘွတ်ဖိနပ်နှင့် ဆောင့်ကြွားကြွား နိုင်လှသော ကောင်လေးက ထပ်ဆင့်၍ မေးပြန်သည်။
"မဟုတ်ပေါင်၊ ငါ့ အမေက စာမှ မတတ်တာ"
"နင့် အဖေကကော"
စမ်းသီတာက ကျေနပ်ပုံ မရသေး။
"အဖေက နေမကောင်းဘူး၊ လေဖြတ်ထားတယ်၊ ပါးစပ်က ရွဲ့နေတယ်၊ စာသင်လို့ မရဘူး"
"ဒါဖြင့် ... နင်ဘာလို့ သင်္ချာတော်နေလဲ"
မြသဇင်က ထပ်ဆင့် မေးသည်။ မသိုက် စိတ်ညစ်သွားပုံ ရသည်။ သက်ပြင်း ခပ်လေးလေး၊
အရွယ်နှင့် မလိုက်အောင် ရှိုက်ချလိုက်သည်။ မျက်တောင်လေး ပုတ်ခတ်
ပုတ်ခတ်နှင့် ငေးနေသည်။ လူတွေ ဝိုင်း၍ သိချင်နေကြသော အဖြေကို သူ့ဖာသာသူလည်း
မသိ။ ထို့ကြောင့် သူ့ကို စိတ်ဝင်စားကြသော သူတို့၏ မေးခွန်းများတွင်
ချောင်ပိတ်မိသလို ဖြစ်နေသည်။ တစ်တန်းကျောင်းသူလေး 'ခင်လေးဖြူ'၏ အမေဖြစ်သူ
ကျွန်မသည်လည်း သူ့ကို စိတ်ဝင်စားနေမိတာ အမှန်ပင်။ ခင်လေးဖြူက သင်္ချာတွင်
မညံ့လှသော်လည်း 'ရှပ်'သည်။ အမှတ်ပြည့် ဘယ်တော့မှ မရ။ သို့သော်လည်း
ကျွန်မသည် မသိုက်ကို အဘိဇ္ဈာပွါးခြင်း၊ ရှုံ့ချလိုခြင်းတော့ မရှိပါ။
အားကြခြင်းတော့ ဖြစ်မိသည်။ ခင်လေးဖြူ သူ့လို တော်စေရမည်။ အားလုံး
စိတ်ဝင်စားသူများ အလယ်တွင် မသိုက်သည် တိမ်ဖြူ၊ တိမ်လိပ်၊
တိမ်ပန်းအိတို့လောက် ကံကောင်းပါရဲ့လား။
ဆီနှင့် ကင်းဝေးနေတတ်သော
နီကြောင်ကြောင် ဆံပင်လေးကို ကုတ်နေရ ရှာသည်။ ကျောင်းသို့ လာရောက်ကြသော
လူတွေ၏ စိတ်ဝင်စားမှုသည် လျော့နည်းသွားသည် မရှိ။ မသိုက် ဘာဖြစ်လို့ သင်္ချာ
တော်နေရတာလဲ။ အမြဲတမ်း နှစ်တစ်ဝက်က စပြီး ခု တစ်တန်း တက်စအထိ ဘာဖြစ်လို့
အမှတ်ပြည့်ချည်း ရနေတာလဲ။
နံနက်၊ ညနေ ကျောင်းတက် ကျောင်းဆင်း၊
ကလေးတွေကို အပို့အကြို လုပ်နေမြဲ ဖြစ်ကြသော အဘွားတွေ၊ အမေတွေ၊ အဒေါ်တွေ၊
အစ်မတွေသည် သူတို့၏ မြေး၊ သားသမီး၊ တူ၊ တူမ၊ မောင်လေး၊ ညီမလေးများကို
တော်စေချင်ကြသည်။ သင်္ချာသာမက ဘာသာစုံ အမှတ် ၁၀၀ ရစေချင်ကြသည်။ အပြည့်အဝ
ရသည်အထိ စေတနာ ပွါးများကြသည်။ သင်္ချာအမှတ်တွင်တော့ မသိုက်ကို ဘယ်သူမှ
အမှီမလိုက်နိုင်ကြ။ ဥပမာ - ကွက်လပ်တွင် လိုသော ကိန်းဂဏန်းများ
ဖြည့်ပါဆိုတော့ လေ့ကျင့်ခန်းတွင် ၆ + ၁။ ၃ + ၄။ ၃ + ၆ တို့ကို စိတ်နှင့်ပင်
တွက်တတ်နေတာတော့ အံ့ဩစရာ မကောင်းပေဘူးလား။ ထို့ပြင် အနုတ်လက္ခဏာနှင့်
တွက်ခိုင်းသော ၈ - ၅။ ၉ - ၂ ဆိုတာမျိုးတွေမှာလည်း မသိုက် ပိုင်လှချေလား။
ဆယ်နေရာ၊ ခုနေရာများ တွက်တော့လည်း အများအယွင်း မရှိလှပေ။
ကောင်မလေး
ကြည့်ရတာလည်း စုပ်စုပ် နုပ်နုပ်လေး။ မိဘကလည်း ဖအေက မမာမကျန်း၊ မအေက
လက်လုပ်လက်စား ဖြစ်ပုံရသည်။ ဝတ်စုံများသာ ဟောင်းနွမ်းသည် မဟုတ်။ သူစီးလာသော
ရာဘာဖိနပ်ပင် အမြီး ခပ်ပါးပါး။ ခဲတံကလည်း လက်သန်းလောက်ပဲ ရှိသည်။
လေ့ကျင့်ခန်း လုပ်ဖို့ ကျောက်သင်ပုန်းကလည်း ဘောင်တစ်ဖက် ပြုတ်ကာ
ဒေါင့်တစ်ခြမ်း ပဲ့နေသေးသည်။ နှပ်သုတ်စရာ အဝတ်သည် သူများ ကလေးတွေလို ၆
ကျပ်၊ ၇ ကျပ်တန် လက်ကိုင်ပုဝါ ခပ်ပေါပေါပင် မကိုင်နိုင်။ သူ့အမေ၏ အင်္ကျီ
အဟောင်းကို ဆုတ်ထားတာကို သုံးရသည်။
"ဟေ့ ကောင်မလေး - နင်အမြဲတမ်း ဂဏန်းတွက်နေတာပဲလား"
အက်(စ်)အီး ကားအဖြူထဲမှ စတီးချိုင့် ဆွဲကာ ဆင်းလာသော အမြဲတမ်း အဖိုးတန်
ရေမွှေးရနံ့ သင်းပျံ့လေ့ ရှိသော အဒေါ်ကြီးက မေးပြန်သည်။ မသိုက်လေးက
ပြုံးပြုံးလေးနှင့်ပင် ခေါင်းခါပြသည်။ သူသည် စမ်းသီတာ၏ အဒေါ် အပျိုကြီး
ဖြစ်သည်ဟု သိရသည်။ စမ်းသီတာ စွာသလို သူလည်း စွာပုံရသည်။ မသိုက်ကသာ
ပြန်စွာလျှင် သူတို့ မသိုက်ကို အငြိုးကြီးစွာ ရိုက်ကြမည်လား မသိ။
သည်အသက်အရွယ် (တစ်တန်း အသက် ၆ နှစ်သာသာ ၇ နှစ်နီးပါး) ယောက်ျားလေးကို ချီပိုးလာသော ကလေးဖခင် တစ်ဦးကလည်း -
"ညည်းစာအုပ်တွေ ညနေကျ ငှားလိုက်ပါအုံး၊ သင်္ချာတော်ပုံ တော်နည်းလေးများ အတုယူ ရအောင်လို့"
မသိုက်က ထိုလူကို ကြောင်တောင်တောင်နှင့် ငေးကြည့်နေရှာသည်။ ကျွန်မသည်
မယ်မယ်ရရ ပြောမပြနိုင်သော ဝေဒနာ တစ်ခုနှင့် ထိုလူ့ မျက်နှာကို ကြည့်ရမှာပင်
ဝန်လေးလာသည်။ ထိုလူကတော့ ကျွန်မအနီးသို့ လိုအပ်သည်ထက် တိုးကပ်လာကာ -
"ဒီလို ရုပ်ရည်မျိုးဟာ သိပ်ဉာဏ်ထက်မဲ့ ရုပ်မျိုး မဟုတ်ဘူးဗျ"
သူက Personality နှင့် Intelligent ဆိုသော အင်္ဂလိပ်စကားများကို အသံထွက် သေသပ်ရန် ကြိုးစားကာ ပြောပြသွားသည်။
"သင်္ချာနဲ့ ဘွဲ့ရထားတာ မဟုတ်လား၊ အဲလောက်ဆို အကဲခတ်တတ် မှာပေါ့နော်"
ဟင်၊ ဘာဆိုင်လို့လဲ။ ကျွန်မ စိတ်ထဲကပဲ တွေးမိသည်။ ဒီလူက ဘွဲ့ရသူများကို
ပို၍ အထင်ကြီးတတ်သော လူစားမျိုးထဲတွင် မလွဲမသွေ ပါရမည်။ ကျွန်မ
ဘွဲ့ရထားတာကို ဘယ်သူမှ မပြောဘဲ သူဘယ်လို သိနေပါလိမ့်။ သူလည်း ဘွဲ့ရသူ
ဖြစ်မည်။ ကျွန်မလည်း ဘာကိုမှ အချိန်ကုန်ခံ၍ စဉ်းစား မနေချင်တော့ပါ။
ဟိုတုန်းက ဘွဲ့လွန်သင်တန်း တက်ချင်ခဲ့တဲ့ စိတ်တော့ နည်းနည်း လျော့ပါးလာသည်။
တိမ်ဖြူ ဂွမ်းလိပ်တို့သည် များမကြာမီ အချိန်အတွင်းမှာပင်
ညိုမှောင်လာကြသည်။ မကြာမီ မိုးဖွဲများ ကျလာတော့မည်မို့ လွယ်အိတ်
စလွယ်သိုင်း လွယ်ကာ ခပ်သုတ်သုတ် ထွက်ပြေးသွားသော မသိုက် နောက်ကျောလေးကိုသာ
ငေးနေမိသည်။
(၂)
ကျွန်မ ညတုန်းက အိပ်မက်ပင် မက်မိသေးသည်။
သမီးလေး ခင်လေးဖြူကို သင်္ချာဘာသာရပ်နှင့် 'ဒေါက်တာ'ဘွဲ့ ယူစေရမည်။
စိတ်ကူးနေလို့လား မသိ။ တက္ကသိုလ် ဘွဲ့နှင်းသဘင်တွင် ဒေါက်တာဘွဲ့ သီးခြား
အပ်နှင်းသည်ကို အိပ်မက်သည်။ သို့သော် အိပ်မက်ထဲတွင် သင်္ချာ ဘာသာရပ်နှင့်
ဒေါက်တာဘွဲ့ ယူသူက ကျွန်မသမီး ခင်လေးဖြူ မဟုတ်တော့ဘဲ မသိုက် ဖြစ်နေတော့သည်။
ဒေါက်တာမသိုက် ဆိုပါလား။ အိပ်မက်ထဲ၌ပင် မသိုက်က အနိုင်ရနေပါလား။
သင်္ချာသည် ဂဏန်း အရေအတွက်နှင့် စပ်လျဉ်းသည့် သိပ္ပံပညာရပ် တစ်ခုသာ ဖြစ်သည်။
လူတို့သည် အလွန်ရှေးကျသော ခေတ်အခါကပင် အပေါင်းအနုတ်၊ အမြှောက်အစား ပါဝင်သော
လွယ်ကူသည့် ပုစ္ဆာများကို တွက်ခြင်း၊ မြေများကို စနစ်တက် တိုင်းတာခြင်း၊
ကောင်းကင်တွင် နက္ခတ်တာရာတို့ကို ကြည့်၍ ပြက္ခဒိန်များ ပြုလုပ်ခြင်း စသည့်
အလုပ်များကို ပြုလုပ်နိုင်ခဲ့လေသည်။ ထိုအချိန်မှ စ၍ သင်္ချာပညာသည်လည်း
ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သည်။
ခုခေတ်မှာတော့ သင်္ချာပညာရပ်များမှာ
အမျိုးအမည်အားဖြင့် အလွန် များပြားလာ၏။ မူလတန်း သင်္ချာရပ်များနှင့်
အထက်တန်း သင်္ချာရပ်များ၊ နှစ်ပိုင်း ပိုင်းခြားထားရာ ဂဏန်းသင်္ချာ၊
အက္ခရာသင်္ချာ၊ ဂျီဩမေတြီတို့သည် မူလတန်းသင်္ချာတွင် အကျုံးဝင်ကြ၍ အနာလစ်တစ်ကယ်
ဂျီဩမေတြီ၊ ကာကုလသင်္ချာ စသည်တို့မှာ အထက်တန်းသင်္ချာတွင် အကျုံးဝင်ကြသည်။
ယခု သမီး ခင်လေးဖြူနှင့် မသိုက်တို့ သင်ကြားရသည်မှာ မူလတန်းအစ ဂဏန်းသင်္ချာ
ဝလုံးရေးစရုံပဲ ရှိသေးသည်။ ဒါနှင့်ပင် ဦးနှောက်ခြောက်စ ပြုနေကြပြီလေ။ ၆
လပတ် သင်္ချာဖြေသည့်နေ့က ကျောင်းသားလေး တစ်ဦးက -
"ငါ ဂဏန်း ရတယ်ဟေ့"
လက်ထဲတွင် ကျောင်းခြံတွင်း ရေစပ်စပ်မှ ဖမ်းလာသော ဂဏန်းတစ်ကောင်ကို
ထောင်ပြကာ နောက်တီးနောက်တောက် ဆို၍ ရယ်မောကြရသေးသည်။ စမ်းသီတာကတော့
မဖြေနိုင်လို့တဲ့၊ ဝမ်းနည်းပမ်းနည်း ငိုကြွေးနေသည်။ သူ့အဒေါ်က မသိုက်ကို
မျက်နှာသုန်၍ လှမ်းကြည့်နေသည်။ ခင်လေးဖြူက 'အိုကေတယ် မေမေ' သူ့ကိုယ်သူ
ယုံကြည်စိတ်ချစွာ ဖြေသည်။ ကျွန်မ သူ့ကို စိတ်မချလှပါ။ အောင်ရင် ပြီးတာပဲဟု
လျော့လျော့ပေါ့ပေါ့ တွေးရင်း ကြို၍ စိတ်ဖြေရသည်။ သူ့ကလေး ထွားထွားကြီးကို
ချီပိုးလာလေ့ ရှိသော ဘွဲ့ရသူများ ဘက်တော်သား၊ ဆောင့်ကြွားကြွား လူကိုတော့
အရိပ်အယောင်ပင် မမြင်ရတော့ပေ။
"ကလေးတွေ မေးခွန်း သိပ်ကြောင်တာပဲ"
ဆရာမတစ်ဦးက ခပ်ညည်းညည်း ပြောနေသည်။ ကျွန်မကမူ မသိုက်၏ ပြုံးနေသော မျက်နှာကို လှမ်းကြည့်ကာ -
"မသိုက် ဖြေနိုင်တယ် မဟုတ်လား"
မသိုက်က ခေါင်းညိတ်ရုံ ညိတ်ပြသွားသည်။ သူသည် ကပျာကရာ အိမ်သို့ ပြန်ပြေးသည်။
"သူကတော့ ရမှာပါ"
ဆရာမ တစ်ယောက်က သူ့ကို မေးငေါ့ပြကာ ပြောလိုက်သည်။ ခင်လေးဖြူက မျက်နှာ
ရှုံ့မဲ့ကာ 'သူက တစ်ရာ၊ တစ်ရာ ရမှာ' ဟု ပြော၏။ ကျွန်မက 'သမီး ဘာဖြစ်လို့
မျက်နှာကို ရှုံ့မဲ့နေရတာလဲ' သမီးကို မာန်ရသည်။ သမီးက သည်တော့မှ မျက်နှာကြော
လျော့ကာ ကျွန်မလက်ကို ဆွဲကိုင်လျက် ပြုံးသည်။ ကျွန်မသည် အထိတ်တလန့်လည်း
ဖြစ်မိသည်။ အဘိဇ္ဈာစိတ်များနှင့် တစ်စတစ်စ တန်ဖိုးများ ကျလာသော လူသားများ
အကြောင်းကို တွေးမိလာသည်။ မနာလိုခြင်းဖြင့် မလိုတမာ စကားများ၊ အကောင်းကို
ဖော်ထုတ်ရမည်ထက် အဆိုးသဘောများကိုသာ မြင်၍ အပြစ်ဖွဲ့ဆိုသူများ လောကကြီး၌
ဘယ်လောက်များ များနေပြီလဲ။ ကောင်မလေး သိတတ်လာတဲ့ တစ်နေ့မှာ လူတွေကို
စိတ်ပျက်ပြီး အထီးကျန်နိုင်မှာပဲနော်။ ကျွန်မ စာထဲတွင် ဖတ်ခဲ့ဖူးသော
မိန်းကလေး တစ်ဦး၏ အထီးကျန်မှုဟာ ဒီလိုပဲတဲ့လား။
(၃)
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုတညနေက ကျွန်မ ရခိုင်မုန့်တီဆိုင်မှာ
မသိုက်နှင့် ဆုံမိကြသည်။ ကျွန်မက ခေါက်ဆွဲသုပ် သုံးကျပ်တန် ဝယ်စားဆဲ
မသိုက်က မုန့်တီ အရေနှင့် တစ်ကျပ်တန် ဝယ်စားသည်။ မုန့်တီ အဒေါ်ကြီးက
ကျွန်မရှေ့တွင်ပင် မသိုက်အား ...
"ညည်း ဟိုနေ့က မြသီ ဆီမှာ ဒန်အိုး ဘယ်လောက်ရသလဲ"
"၁၆ ကျပ်ပဲ ရပါတယ် ဒေါ်ကြီး"
"ပေါင်တာလား"
"ဟုတ်"
"ဒါလဲ အရနည်းတာပဲ၊ ဒန်အိုးဈေး အပြင်မှာ ဘယ်လောက် အောက်မေ့လဲ"
ကောင်မလေးက သူ့ထုံးစံအတိုင်း ခပ်အေးအေး ပြုံးကာ ...
"နှစ်ဆယ် ရတာလေ ဒေါ်ကြီးရဲ့၊ အတိုးလေးကျပ် နှုတ်ထားတော့ ဆယ့်ခြောက်ကျပ်ပဲ ကျန်တာပေါ့"
"တစ်ဆယ် နှစ်ကျပ်တိုးကတော့ ထုံးစံလို ဖြစ်နေပြီ"
"ဟုတ်တယ်"
"ညည်း မြန်မြန် ပြန်ရွေးနိုင်ပါမှ"
"မနက်ဖြန် ပြန်ရွေးမှာပါ"
"သုံးရက်စာ ဖြစ်သွားတာပေါ့"
"ဟင် - ကျွန်မ ရှစ်ကျပ် အတိုး ထပ်ပေးရမယ်"
"နှစ်ဆယ် ရှစ်ကျပ်တောင်ပေါ့"
"ဟုတ်"
"ညည်းအေ ပေါင်တာက ငွေနှစ်ဆယ်နဲ့ အတိုးချည်းကိုက ဆယ့်နှစ်ကျပ် သေရောပေါ့"
မသိုက်က နှုတ်ဆက်နေပြန်သည်။ မုန့်တီသည်က မသိုက် ကျွတ်ကျွတ်အိတ်ထဲမှ အထုပ်တစ်ခုကို စိတ်ဝင်စားနေပြန်သည်။
"အခု ဘာသွားပေါင်ဦး မလို့လဲ"
"ထမီပါ၊ အမေ့ ထမီ"
"ဘယ်လိုဟာလဲ မှန်း ပြစမ်း"
"တရုတ်ထမီပါ"
မသိုက်သည် မုန့်တီဖိုး ကပျာကယာ ပေးကာ လစ်ထွက်သွားလေသည်။
မုန့်တီသည်က ကျွန်မဘက်သို့ လှည့်ကာ ...
"သူ့အမေကလဲ ဈေးရောင်းနေရတော့ ဒီလက်တောက်လောက်လေးကို ခိုင်းနေတာပဲ"
လှမ်းပြောသည်။
ကျွန်မသည် ကျွန်မသိချင်လှသော အဖြေတစ်ခုကို ရသွား၍ သည်အကြောင်းကို
စိတ်ဝင်စားသူတွေကို ပြန်ဖြန့်ရမည်လား မဆီမဆိုင် စဉ်းစားခန်း
ထုတ်နေမိသေးသည်။ အို ... ပြောမထွက်ပါဘူး၊ ပြောလဲ မပြောရက်ပါဘူး။
လူတို့ဘောင်တွင် စိတ်ကောင်းလေး တစ်ခုတော့ မွေးဦးမှ ...
တိမ်တိုက်ကြားမှ တိမ်လိပ်တို့သည် ဝါဂွမ်းလို ဖြူစင်လှသည်။
ရွေ့လျားသွားနေသော တိမ်စိုင်ဂွမ်းလိပ်တို့သည် ပိတောက်အညွန့်ရှိရာ
အကိုင်းဖျားတွင် မေးတင်နေတာကို လှမ်းမော့ကြည့်ရင်း ပဟေဠိ ဖြစ်နေသော
ပုစ္ဆာတစ်ခုအတွက် ကျွန်မရင်ထဲ ရှင်းသွားပေသည်။
သည်အဖြစ်မှာ
သင်္ချာပုစ္ဆာ မဟုတ်၊ ဘဝပုစ္ဆာသာ ဖြစ်တော့သည်။ ယင်းပုစ္ဆာ၏ အဖြေသည် မသိုက်အတွက်
ကောင်းကျိုးလား၊ ဆိုးကျိုးလား၊ ကျွန်မ မဝေခွဲတတ်။ လူတို့တွင် ပကာသန
လွှမ်းခြုံမှုသာ အကျင့်ပါနေပြီ ဆိုပါက ဆိတ်ဆိတ်နေခြင်းကသာ 'လျော်ကန်'လိမ့်မည်
ထင်ပါသတည်း။
--------------------
ခင်ဆွေဦး
ပိတောက်ပွင့်သစ်၊ ဇွန်၊ ၁၉၉၁။
No comments:
Post a Comment