စကားမဆို ရန်မလို (ဘာသာပြန်သူ - ဇော်ဂျီ)
---------------------------------------------
[ “စကားမဆို ရန်မလို" ဝတ္ထုတိုကို အင်္ဂလိပ် ဘာသာပြန်ဖြစ်သော The Silent Men
မှ မြန်မာပြန်သည်။ ထိုဝတ္ထုတိုတွင် ကာမျူးသည် အလုပ်ရှင်နှင့် အလုပ်သမားတို့၏
အခက်အခဲ အကျဉ်းအကျပ်ကို လည်းကောင်း၊ ထိုအခက်အခဲ အကျဉ်းအကျပ် အတွင်း၌
နစ်မွန်း နေကြရသော အလုပ်ရှင်နှင့် အလုပ်သမားတို့၏ သောက၊ ဒုက္ခ၊ ဒေါမနဿ
အမူအရာတို့ကို လည်းကောင်း သနားစရာ၊ ချစ်ခင်စရာ၊ ချီးကျူးစရာ၊ ကြေကွဲစရာ
ဖြစ်အောင် သရုပ်ဖော်ခဲ့သည်ဟု ယူပါသည်။ ]
------------
၁
ဆောင်းရာသီ အတွင်း၌ ဖြစ်သော်လည်း ထိုနေ့သည် အုံမှိုင်းသောနေ့ မဟုတ်။
နေသာသောနေ့ ဖြစ်သည်။ ထို့ကြောင့် မြို့ထဲ၌ ကိုယ့်အလုပ်နှင့်ကိုယ် သွားကြ
လာကြ၊ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ ကမ်းနားဘက်သို့ မျှော်ကြည့်လိုက်လျှင်
သင်္ဘောဆိပ်အလွန်၌ ပင်လယ်ရေပြင်နှင့် မိုးကောင်းကင်တို့သည် တစ်စပ်တည်းဖြစ်၍
ထိန်လင်းနေသည်ကို မြင်နိုင်သည်။ သို့ရာတွင် အလုပ်သမား ယာဗားသည်
ပင်လယ်ရေပြင်ကိုလည်း မကြည့်။ မိုးကောင်းကင်ကိုလည်း မကြည့်။
ကမ်းနားတစ်လျှောက် လမ်းကျယ်ကြီးတွင် ခေါင်းငုံ့ကာသာ သူ့စက်ဘီးကို အသာအယာ
နင်းသွားသည်။ သူ့ခြေတစ်ဖက်သည် မသန်။ ထို့ကြောင့် အသေတပ်ထားသော ခြေနင်းပေါ်၌
ထိုခြေကို တင်ရုံသာ တင်ထား၍ သန်သောခြေတစ်ဖက်ဖြင့်၊ တစ်ဖက်က ခြေနင်းအရှင်ကို
နင်းသွားသည်။ နင်းသွားရင်း နေ့လယ်စာအတွက် သူ့ကိုယ်၌ သိုင်းယူလာသော
မုန့်လွယ်အိတ်သည် ရှေ့ဘက်သို့ လျှောကျလာတိုင်း၊ ထိုမုန့်လွယ်အိတ်ကို
သူ့တတောင်ဖြင့် တွတ်ကာ၊ ကျောဘက်သို့ တွန်းပို့ရသည်။ ယာဗားသည်
မုန့်လွယ်အိတ်ကို တွန်းပို့သည့်အခါတိုင်း စိတ်မချမ်းမသာ ဖြစ်သည်။ အခါ
တိုင်းတွင် သူ့ မုန့်လွယ်အိတ်၌ သူ အလွန်ကြိုက်သော ကြက်ဥကြော်သော်
လည်းကောင်း၊ အမဲသားကြော်သော် လည်းကောင်း ပါနေကျ ဖြစ်သည်။ ယခုသော်
ပေါင်မုန့် နှစ်ချပ်နှင့် ဒိန်ခဲသာ ပါသည်။
ဤနေ့နံနက်တွင် ယာဗားသည်
သူ့အလုပ်ရုံသို့ သူ ပြန်ဆင်းပြီ။ ဤတစ်ကြိမ်တွင် ခါတိုင်းနှင့်မတူ
ရောက်ခဲလှ၏ဟု သူ ထင်သည်။ ယာဗား၏ အသက်သည် ဇရာဘက်သို့ မျက်နှာမူပြီ။ ယခု
သူ့အသက် လေးဆယ်ပြည့်ပြီ။ သူ အလုပ်လုပ်ရာဖြစ်သော အလုပ်ရုံသည်
သစ်သားစည်ပိုင်းလုပ်သော စည်ပိုင်းအလုပ်ရုံ ဖြစ်၍ မြို့၏ တဖက်စွန်၌ ရှိသည်။
သူ့အလုပ်ရုံသို့ အသွားတွင် ယာဗားသည် စက်ဘီးကို ကြိုးစား၍ နင်း၏။ သို့ရာတွင်
ယခင်အခါ နင်းသွားစဉ် အားတက်သရော ရှိခဲ့ဖူးသလောက် ယခု အားတက်သရော မရှိပြီ။
ထို့ကြောင့် ပင်လယ်ရေပြင်ကို သူ မကြည့်ဘဲ ခေါင်းငုံ့၍ နင်းသွားခြင်း
ဖြစ်သည်။ အသက်နှစ်ဆယ် အရွယ်ကသော် ယာဗားသည် သူ့အလုပ်ရုံသို့
သွားသည့်အခါတိုင်း ပင်လယ်ရေပြင်ကို ကြည့်၍ မငြီး ဖြစ်ခဲ့သည်။ ထိုအခါကသော်
တနင်္ဂနွေနေ့ ရောက်တိုင်း ပင်လယ်ကမ်းခြေ၌ သူ ပျော်ရမည့် အရေးကို သူ
တွေးနိုင်သည်။ ခြေတစ်ဖက် မသန်သော်လည်း ရေကူးရခြင်းကို သူ အလွန် သဘောကျသည်။
ထို့နောက် ကာလ အတန်ကြာသော် ဖယ်နန္ဒီနှင့် အကြောင်းပါသည်။ သားယောက်ျား ရသည်။
ထိုအခါ ပါးစပ်နှစ်ပေါက် တိုးလာသဖြင့် ဝဝလင်လင် စားသောက်နိုင်ကြအောင် စနေနေ့
ညနေပိုင်းများတွင် အချိန်ပို အလုပ် လုပ်ရသည်။ တနင်္ဂနွေနေ့ များ၌ပင်
ပိုက်ဆံရမည့် တောက်တိုမည်ရ အလုပ်ကို ရှာ၍ လုပ်သည်။
ယာဗားသည်
ပင်လယ်ရေပြင်ကို သဘောကျတုန်းပင် ဖြစ်၏။ သို့ရာတွင် မိန်းမရ၍ သားယောက်ျား
ရသည့်နေ့မှစ၍ အလုပ်ဆင်းချိန် ညနေဘက်များ၌သာ ပင်လယ်ရေပြင်ကို သဘောကျတုန်းပင်
ပင်လယ်ရေပြင်ကို သူ ကြည့်တော့သည်။ အိမ်ရောက်လျှင် သူ့မယား
ဖယ်နန္ဒီကိုယ်တိုင် လျှော်ဖွပ် မီးပူတိုက်ထားသော ရှပ်အင်္ကျီ
သန့်သန့်ပြန့်ပြန့်ကို ဝတ်၍၊ အရက်ချို တစ်ဖန်ခွက်ကို သောက်၍
ပင်လယ်ရေပြင်ကို ကြည့်ကာ ကြည်နူးလိုက်သည်။ ကြည်နူးလိုက်သည် ဆိုသော်လည်း
တကယ် ကြည်နူးခြင်းပေလော၊ ငိုချင်သလိုလို ဖြစ်ခြင်းပေလော။ သူ မပြောတတ်အောင်
ဖြစ်သည်။ သို့သော်လည်း ထိုအခါမျိုးတွင် ဖြစ်လေရာ ဘဝ၌ ဖြစ်သမျှအကြောင်း
အကောင်းချည်းပေဟု လက်ခံ၍ တောင်တွေး မြောက်တွေး တွေးနေတတ်သည်။
ယနေ့
နံနက် သူ့အလုပ်ရုံသို့ သူပြန်ဆင်းသောအခါ ယာဗားသည် ပင်လယ်ရေပြင်ကို မကြည့်ဘဲ
သူ့စက်ဘီးကို သူ နင်းသွားသည်။ ပင်လယ်ရေပြင်သည် သူ့ကို ဆီးကြိုနှုတ်ဆက်ပါ၏။
သူကမူ မျက်နှာလွှဲနေလိုက်သည်။ ညနေကျမှသာ သူ ပြန်၍ နှုတ်ဆက်တော့မည်။ ယခု သူ
ခေါင်းငုံ့ကာသာ သူ့စက်ဘီးကို မှန်မှန်နင်းနေသည်။ နင်းနေရင်း စိတ်ထဲ၌
မချမ်းမသာ ဖြစ်နေသည။ မနေ့ညက သူတို့အလုပ်ရုံက အလုပ်သမား တစ်စုသည် အစည်းအဝေး
ကျင်းပသည်။ အစည်းအဝေးတွင် အလုပ်ပြန်ဆင်းကြတော့မည်ဟု ဆုံးဖြတ်ချက်
ချလိုက်ကြရသည်။ ယာဗားသည် အစည်းအဝေးမှ အိမ်သို့ပြန်လာ၍ မယား ဖယ်နန္ဒီအား
ထိုအကြောင်းကို ပြောပြသောအခါ ဖယ်နန္ဒီသည် ဝမ်းသာအားရဖြစ်၍ “ဒါဖြစ်ရင် သူဌေးက
ရှင်တို့ကို လုပ်ခ တိုးပေးလိုက်ပြီပေါ့၊ ဟုတ်လား” ဟု ဆိုသည။ စင်စစ်မှာ
အလုပ်ရှင်က လုပ်ခ တိုးပေးသောလာကြောင့် မဟုတ်။ သူတို့ အလုပ်သမားတစ်စုမှာ
သပိတ်မလှန်ချင်ဘဲ လှန်လိုက်ကြရသောကြောင့် ဖြစ်သည်။ သူတို့၏
သပိတ်အရေးတော်ပုံ ကျဆုံးသွားသောကြောင့် ဖြစ်သည်။
ဟုတ်ပေသည်။
အလုပ်ရှင် လာဆား၏ စည်ပိုင်း အလုပ်ရုံမှ ယာဗားတို့ အလုပ်သမားတစ်စုသည်
သပိတ်မလှန်ချင်ဘဲ လှန်လိုက်ကြရသည်။ သပိတ်မှောက်ကြစဉ်က သူတို့သည် အလျင်စလို
ပြုမိခဲ့ကြသည်။ အခြားသော စည်ပိုင်းအလုပ်ရုံများမှ အလုပ်သမားတို့နှင့်လည်း
သူတို့မညှိခဲ့။ အလုပ်သမား အသင်းချုပ်ကိုလည်း သူတို့ အသိမပေးခဲ့။
စိတ်နောက်ကိုယ်ပါ အလျင်စလို သပိတ်မှောက်၍ အလုပ်ရုံမှ ထွက်လာခဲ့ကြသည်။
ထို့ကြောင့် အလုပ်သမားအသင်းချုပ်က သူတို့ကို ထောက်ခံရမည့် ကိစ္စတွင်
စိတ်မပါ့တပါ ဖြစ်နေသည်။ ထို့ပြင် လုပ်ငန်းသည် အလုပ်သမား
တစ်ဆယ့်ငါးယောက်လောက်သာ လုပ်ရသော လုပ်ငန်းအသေးစား ဖြစ်သဖြင့်
တစ်ဆယ့်ငါးယောက်လောက် ဖြစ်သော အလုပ်သမား၏ အရေးသည် အသင်းချုပ်၏ မျက်စိတွင်
ရေးကြီးခွင်ကျယ် ဖြစ်သည်ဟု မမြင်နိုင် ဖြစ်နေသည်။ ထိုအခါ
အလုပ်သမားအသင်းချုပ်၏ အပြုအမူကို သူတို့ အပြစ်မတင်နိုင် ဖြစ်သည်။ ထို့ပြင်
ယခုအခါ တိုင်ကီ သံရေလှောင်ကန် လုပ်ငန်းသစ်သည် အပြိုင်အဆိုင် ပေါ်လာပြီ
ဖြစ်ရာ သစ်သားစည်ပိုင်း လုပ်ငန်းသည် အမှည့်ကြွေ ကြွေရမည်ကဲ့သို့ ဖြစ်နေသည်။
ထိုအခါ သစ်သားစည်ပိုင်း အလုပ်ရုံသည် အဟောင်းအမြင်း အပျက်အစီး
ဖာထေးပြင်ဆင်သော အလုပ်ကိုသာ အားပြုနေရသည်။ သစ်သားစည်ပိုင်း
လုပ်ငန်းပိုင်ရှင်တို့သည် မိမိတို့၏ လုပ်ငန်း မတွင်မကျယ် ဖြစ်လာသည်ကို
သိကြသော်လည်း လုပ်ငန်းကို အပျက်မခံနိုင်။ မှေး၍ လုပ်နေချင်ကြသေးသည်။ တစ်ဖန်
အမြတ်အစွန်းကိုလည်း လိုချင်ကြသေးသည်။ ယခင်ကလောက် မတွင်ကျယ်တော့သော
လုပ်ငန်းကို ဆက်၍လည်း လုပ်ချင်၍ အမြတ်အစွန်းရအောင်လည်း
လုပ်ချင်သည်ဖြစ်လျှင် လုပ်နိုင်သော လမ်းတစ်လမ်းသာ ရှိသည်။ ထိုလမ်းသည်
အခြားမဟုတ်။ တစ်နိုင်ငံလုံး၌ စားစရိတ်၊ ဝတ်စရိတ်၊ နေစရိတ် တစ်ဟုန်ထိုး
ခုန်တက်သွားလင့်ကစား အလုပ်သမား၏ လုပ်ခကို တိုးမပေးဘဲ တင်းခံနေရမည့်လမ်း
ဖြစ်သည်။
အကယ်၍ သစ်သားစည်ပိုင်းလုပ်ငန်း လုံးဝ ပျက်သွားသည်
ဖြစ်လျှင် သစ်သားစည်ပိုင်း အလုပ်သမားများသည် မည်သည့်အလုပ်ကို
လုပ်စားကြမည်နည်း။ အလုပ်တစ်ခုကို တတ်မြောက်ပြီးမှ အလုပ်သစ်သို့ ပြောင်း၍
လုပ်ရသည် ဆိုခြင်းမှာ မလွယ်လှချေ။ အလုပ်တစ်ခုကို
တတ်မြောက်ကျွမ်းကျင်လိုလျှင် အချိန်အတော်ကြာ စောင့်၍ သင်ကြား လေ့ကျင့်ရသည်။
သစ်သားစည်ပိုင်း အလုပ်တွင် စည်ပိုင်းတစ်လုံး ဖြစ်လာအောင် ခုံးထားသော
ပျဉ်ချပ်တို့ကို အညီအညွတ် စီရခြင်း၊ ထို့နောက် သံခွေအတွင်း၌ မိအောင်
ဖမ်းရခြင်း၊ ဖမ်းသောအခါ ပပ်သေးထေးကြောင်း မပါစေဘဲ ရေမိုးလုံအောင် အံကိုက်
စပ်တတ်ရခြင်း စသော အလုပ်တို့ကို ကျွမ်းကျင်စွာ လုပ်တတ်သော အလုပ်သမားသည်
ရှာမှ ရှားသည်။ ယာဗားသည် ထိုအလုပ်၌ အလွန်လိမ္မာသူ ဖြစ်၍ ထိုအလုပ်၌ သူ
ဂုဏ်ယူသည်။ အလုပ်ဟောင်းမှ အလုပ်သစ်သို့ ပြောင်းရသည် ဆိုခြင်းမှာ
သိဟောင်းကို စွန့်လိုက်ရခြင်း၊ တတ်ကျွမ်းသော ပညာကို စွန့်လိုက်ရခြင်းဖြစ်ရာ
အဘယ်မှာလျှင် လွယ်ပါလိမ့်မည်နည်း။ တစ်ဖန် တတ်ကျွမ်းမှုကား ရှိပါ၏။
သို့ရာတွင် အလုပ် မရှိသော် ရေတိမ်၌ နစ်ရချေတော့မည်။ ထိုအခြေမျိုးတွင်
တတ်ကျွမ်းသူ ပညာသည်သည် ကြမ္မာကိုသာ ယိုးရတော့မည်ကဲ့သို့ ဖြစ်နေသည်။
တစ်ဖန် လုံလောက်သော လုပ်ခကို မရလျှင် အလုပ်မှ ထွက်ပါလားဟု ဆိုနိုင်ပါ၏။
သို့ရာတွင် အလုပ်မှ ထွက်ရန်ဆိုသည်မှာလည်း မလွယ်လှချေ။ တစ်ဖန် အလုပ်မှ
မထွက်နိုင်သောကြောင့် မထွက်ဘဲနေ၍ မကျေမနပ် လုပ်နေရပြန်လျှင်လည်း
တစ်ခက်ဖြစ်သည်။ မကျေနပ်သည်ကို မပြောမိအောင် ပါးစပ်ကို ပိတ်ထား၍ မရ။
ပြောချင်သည်သာ ဖြစ်သည်။ တစ်ဖန် မစားလောက် မသောက်လောက်သော လုပ်ခကိုသာ
သော်လည်း ကောင်း၊ အလုပ်ရှင်က သူ့သဘောတော်အတိုင်း ပေးမည့် လုပ်ခကိုသာ
သော်လည်းကောင်း ရမည်ဟု သိနေပါလျက် မနက်တိုင်း အပင်ပန်းခံ၍
အလုပ်တက်နေရလျှင်လည်း တစ်ဒုက္ခ ဖြစ်သည်။
၂
ထို့ကြောင့် ယာဗားတို့
အလုပ်သမား တစ်စုသည် မခံမရပ်နိုင်ဖြစ်၍ ပြောစရာ ရှိသည်ကို ပြောချင် ဆိုချင်
ဖြစ်လာကြသည်။ နှစ်ဦး သုံးဦးကမူ ချီတုံချတုံ လုပ်နေကြသည်။ သို့ရာတွင်
အလုပ်ရှင်နှင့်တွေ့၍ အရေးဆိုကြပြီးသည့် နောက်ပိုင်း၌ကား
ချီတုံချတုံသမားများပါ ဒေါပွလာကြသည်။ လုပ်ချင်မှ လုပ်၊ မလုပ်ချင်လျှင်
ထွက်ကြ။ အလုပ်ရှင်သည် ထိုသို့ မောက်မောက်မာမာ တိုတိုပြတ်ပြတ်
ပြောလိုက်သောကြောင့် ဖြစ်သည်။ ပြောရက်ပါပေ့၊ ဆိုရက်ပါပေ့။ ထိုစကားသည်
လူစကားပေလော။ “ဟေ့၊ သူက တို့ကို လူညံ့တွေ မှတ်နေ ထင်ပါ့ကွာ။ သူ့ကို
ရှိခိုးဦးတင် လုပ်မယ့်လူစားမျိုး၊ သူက ထုတ်မှ ထွက်မယ့်လူစားမျိုး မှတ်နေ
ထင်ပါ့ကွာ” ဟု အီပိုဆီတို ဆိုသူ အလုပ်သမားက ကြုံးဝါးလိုက်သည်။
စင်စစ်မှာ သူတို့၏ အလုပ်ရှင်သည် သိပ်ဆိုးလှသူ မဟုတ်ချေ။ အလုပ်ရှင်သည်
သစ်သားစည်ပိုင်း အလုပ်ကို သူ့မိဘထံမှ အမွေခံ၍ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
ထိုမျှ ကြီးပွားလာအောင် လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။ အလုပ်သမားတိုင်းနှင့်
ပြေပြေပြစ်ပြစ် ဆက်ဆံသူလည်း ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်ရှင်သည်
သူ့အလုပ်သမားများကို ဖိတ်ခေါ် ကျွေးမွေးတတ်သည်။ သူ ယူလာသော ငါးသေတ္တာတို့ကို
ဖြစ်စေ၊ ဝက်အူချောင်းတို့ကို ဖြစ်စေ အလုပ်ရုံထဲတွင် ရွေပေါ်စာမီးဖြင့် ချက်၍
ကြော်၍ အလုပ်ရုံထဲ၌ အလုပ်သမားများနှင့်အတူ တပျော်တပါး စားတတ်သည်။
ဝိုင်အရက်ကိုပါ သောက်ကြသည်။ ထိုအခါမျိုးတွင် သူသည် ရွှေအလုပ်ရှင်၊
ငွေအလုပ်ရှင်၊ ရွှေသူဌေး၊ ငွေသူဌေးပါပေ့။ တစ်ဖန် သူတို့၏ အလုပ်ရှင်သည်
နှစ်သစ်ကူးချိန်တွင် အလုပ်သမားတိုင်းအား ကောင်းပေ့ ဆိုသည့် စပျစ်ဝိုင်
ငါးပုလင်းစီ ပေးလေ့ရှိသည်။ အလုပ်သမားတစ်ဦးဦး နာဖျားမကျန်း ဖြစ်လျှင်
ဆေးဖိုးဝါးခ ပေးတတ်သည်။ အလုပ်သမားထဲက မင်္ဂလာဆောင်လျှင် သော်လည်းကောင်း၊
သားသမီး မျက်နှာမြင်လျှင် သော်လည်းကောင်း လက်ဖွဲ့တတ်သည်။ သူ့သမီးကလေး
ဖွားမြင်လာစဉ်ကသော် သူ့အလုပ်သမားတိုင်းအား မေတ္တာလက်ဆောင် ပေးခဲ့သည်။
ယာဗားအား မြို့စွန်ရှိ သူ့ခြံကျယ် ကြီးထဲတွင် နှစ်ကြိမ်မျှ ငှက်ပစ်ခွင့်
ပေးဖူးသည်။ သူ့အဖေသည် အလုပ်သမားဘဝမှ တိုးတက်ကြီးပွားလာသူ ဖြစ်ကြောင်း သူ
ခဏခဏ ပြောလေ့ရှိသည်။ သို့ရာတွင် သူ့အလုပ်သမားများ၏ အိမ်သို့ကား
သွားရောက်လည်ပတ်ခြင်း မပြုတတ်ချေ။ မပြုတတ်သဖြင့် သူ့အလုပ်သမားများ၏ ဒုက္ခ
ကရိကထတို့ကို အတွင်းကျကျ သူ မသိချေ။ သူ့အကြောင်း၊ သူ့ကိစ္စ၊
သူ့အရေးတို့ကိုသာ သူ သိသဖြင့် သူ့လိုဘကိုသာ သူ တွေးတတ်သည်။ ထို့ကြောင့်
သူ့အလုပ်သမားများက လုပ်ခတိုးတောင်းလာသောအခါ လုပ်ချင်မှ လုပ်၊ မလုပ်ချင်
လျှင် ထွက်ကြဟု သူက ခပ် ပြတ်ပြတ် ပြောလိုက်ခြင်း ဖြစ်သည်။
သူ့အလုပ်သမားများက သူ့အလုပ်ရုံကို သပိတ်မှောက်ကြစဉ်ကသော်
အလုပ်သမားအသင်းချုပ်သည် ကြားဝင်၍ စေ့စပ် ပေးပါသေးသည်။ သို့ရာတွင် သူ
နားမထောင်။ သူ့အလုပ်ရုံကို သူ ပိတ်လိုက်သည်။ “ဒီမှာ သပိတ်တားတာတွေ၊ ဘာတွေ၊
ညာတွေကို ခင်ဗျားတို့ ဒုက္ခခံပြီး လုပ်မနေကြပါနဲ့တော့ဗျာ။ ကျုပ် အလုပ်ကို
ပိတ်ထားရလျှင် ကျုပ်မှာ ငွေကုန်သက်သာလို့ ကျုပ်က ပိုပြီး သဘောကျသေးတယ်” ဟု
သူက ဆိုလိုက်သေးသည်။ အမှန်မှာ သူ့အဖို့လည်း အကျိုးရှိသည် မဟုတ်ချေ။
သို့ရာတွင် သူ ခေါင်းမာမြဲ ခေါင်းမာနေသည်။ “ခင်ဗျားတို့ကို အလုပ်ပေးထားတာဟာ
ကျုပ်က ခင်ဗျားတို့ကို သနားလို့ ပေးထားတာ သိရဲ့လား။ ခင်ဗျားတို့က
ကျေးဇူးရှင်ကို ကျေးစွပ်ကြတာပေါ့ဗျာ။ သိကြရောပေါ့” ဟု ဆိုပြန်သည်။
အီပိုဆီတိုသည် ထိုစကားကို ကြားသောအခါ ဒေါထလာ၍ “ခင်ဗျား ဘာစကားပြောဟာလဲ။
လူစကားလား” ဟု ပြန်ပက်လိုက်သည်။ ထိုအခါ အလုပ်ရှင်သည် ရှူးရှုးရှားရှား
ဒေါသမာန် ပွားလာသည်ဖြစ်ရာ ခြေလွန်လက်လွန် ဖြစ်ကြမည် စိုးသဖြင့်
အီပိုဆီတိုကို ဆွဲခေါ်သွားကြရသည်။ ဤသို့ဖြင့် အလုပ်ရှင်၏ သဘောထား
ပြင်းထန်မှန်းကို အလုပ်သမားတို့ သိသွားကြသည်။
ထိုကြောင့် ယာဗားတို့
အလုပ်သမားတစ်စုက သပိတ်မှောက်လိုက်ကြခြင်း ဖြစ်သည်။ သပိတ်မှောက်၍
အရက်နှစ်ဆယ်မျှ ကြာလာသောအခါ အလုပ်သမားတို့၏ မယား အိမ့်ရှင်မတို့သည်
စားရေးသောက်ရေး အတွက် ပူပန်လာကြသည်။ နှစ်ဦး သုံးဦးကမူ
အလျှော့ပေးချင်သလိုလို ဖြစ်လာသည်။ နောက်ဆုံးတွင် အလုပ်သမားအသင်းချုပ်က
အလုပ်သမားများ ရက်တွက် မနာစေရေး ကိစ္စ၊ အချိန်ပို အလုပ်ဆင်းပေးရေး
ကိစ္စတို့ကို ပြောဆို၍ ကြားဝင် ဖျန်ဖြေပေးလိုက်ရာ အလုပ်သမားတို့က
သပိတ်လှန်ရန် ဆုံးဖြတ်လိုက်ကြရသည်။ သို့ရာတွင် အောင့်သက်သက်
ဖြစ်နေကြ၍လားမသိ။ သူတို့၏ အမူအရာသည် ခပ်ဆတ်ဆတ် ဖြစ်နေကြသေးသည်။ သူတို့ ကိစ္စ
ပြီးပြတ်ခြင်း မရှိသေးလေဟန်၊ ပြန်လည် စဉ်းစားရန် ကျန်နေသေးလေဟန်၊
ဟန်ပန်လေလံ ထုတ်နေ ကြသေးသည်။ သို့ရာတွင် ရှုံးမောကြီးလည်း ဖြစ်နေ၍ ဤနေ့
နံနက်ခင်းတွင် အမဲသားကြော်အစား ဒိန်ခဲကိုသာ ဝါးရတော့မည်လည်း ဖြစ်နေသော
ယာဗားသည် ဟန်ပန်လေလံ မထုတ်နိုင်တော့ပြီ။
ယာဗားသည် စက်ဘီးကို
ခြေတစ်ဖက်ဖြင့် အသာအယာ နင်းလာရင်း လူလည်း မော၍ စိတ်လည်း မောနေသည်။
သူ့အလုပ်ရုံကို သူ တွေးမိတိုင်း အလုပ်ရှင်နှင့် မျက်နှာချင်း
ဆိုင်ရဦးတော့မည်ဟု စိတ်လေးနေသည်။ လုပ်ဖော်ကိုင်ဖက်တို့ကိုလည်း သနားနေသည်။
“ရှင်တို့တစ်တွေ သူနဲ့တော့ တွေ့ရမှာပဲ။ တွေ့ရင် ဘာပြောကြမလဲ” ဟု သူ့မယား
ဖယ်နန္ဒီက စိတ်ပူသဖြင့် သူ့ကို မေးဖူးသည်။ ထိုအခါက သူက “ဘာပြောရမှာလဲ။ ဘာမှ
မပြောဘဲ နေရုံပေါ့” ဟု သူက ဖြေသည်။ ယာဗားသည် စက်ဘီးကို နင်းရင်း
ခေါင်းခါလိုက်သည်။ အံကြိတ်လိုက်သည်။ ပြေပြစ်လှသော သူ့မျက်နှာသည်
တင်းမာလာသည်။ “အေးလေ၊ ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်တာပဲ ဘာဖြစ်သေးလဲ။
ကိုယ့်အလုပ်ကို ကိုယ်ပြန်လုပ်ရတယ် ဆိုရင် တော်ရောပေါ့” ထိုသို့ စိတ်ကိုဖြေ၍
စက်ဘီးကို နင်းမြဲ နင်းသည်။ အံကိုလည်း ကြိတ်မြဲ ကြိတ်ထားသည်။
အတန်ကြာသော် ယာဗားသည် လမ်းကျယ်ကြီးအတိုင်း နင်းလာရာမှ ရပ်ကွက်ဟောင်း
တစ်ခုဘက်သို့ ချိုးဝင်လိုက်သည်။ ထိုရပ်ကွက် တစ်ခုလုံးသည်
အလုပ်ရုံငယ်များဖြင့် လည်းကောင်း၊ အဟောင်းအမြင်း အကျိုးအပဲ့ သံတို သံစ
အပုံကြီး အပုံငယ်များဖြင့် လည်းကောင်း၊ မော်တော်ကားရုံများဖြင့် လည်းကောင်း
ပြည့်ကျပ်လျက် ရှိသည်။ ထိုရပ်ကွက်ထဲတွင် သူတို့အလုပ် လုပ်ရာဖြစ်သော
စည်ပိုင်းအလုပ်ရုံ ရှိသည်။ ထိုအလုပ်ရုံသည် ခပ်နိမ့်နိမ့် ဖြစ်သည်။
နံရံအောက်ပိုင်းကို ကျောက်ဖြင့် ဆောက်ထား၍ အမိုးအထိ မှန်ချပ်များ ကာထားသည်။
အလုပ်ရုံနှင့် မျက်နှာချင်းဆိုင် တစ်လမ်းခြားတွင် အလုပ်ရှင် လာဆား၏ အိမ်
ရှိသည်။ ဝင်းနှင့် ခြံနှင့် သာသာယာယာ ဖြစ်သည်။
ယာဗား ရောက်လာသောအခါ
အလုပ်ရုံတံခါးသည် ပိတ်လျက်ဖြစ်သည်။ လုပ်ဖော်ကိုင်ဖက် အချို့သည် တံခါးရှေ့၌
စောင့်နေကြသည်။ ယာဗားသည် ထိုအလုပ်ရုံ၌ အလုပ်လုပ်ခဲ့သည်မှာ ကြာပြီ။
အခါတိုင်းတွင် အလုပ်သမားများ မရောက်ခင်က အလုပ်ရုံတံခါးကို ဖွင့်ထားလေ့
ရှိသည်။ ဤတစ်ကြိမ်၌ကား တံခါးကို ပိတ်ထားသည်ဖြစ်ရာ အလုပ်သမားများ အပေါ်၌
အလုပ်ရှင်က ဦးဦးဖျားဖျား အောင်ပွဲခံလိုက်လေပြီလားဟု တွေးစရာ ဖြစ်နေသည်။
ယာဗားသည် အလုပ်ရုံဘေးသို့ သွား၍ ရောက်သောအခါ စက်ဘီးပေါ်မှ ဆင်းသည်။ ထိုနောက်
စက်ဘီးကို နံရံ၌ ထားနေကျ အတိုင်း ထောင်ထားခဲ့ပြီးနောက်
အလုပ်ရုံတံခါးဘက်သို့ လျှောက်လာသည်။ လှမ်း၍ ကြည့်လိုက်သောအခါ အီပိုဆီတိုကို
မြင်သည်။ အရပ် ထောင်ထောင်မောင်းမောင်း၊ အသားညိုညို၊ အမွေးအမှင်
ထူလပျစ်နှင့် ဖြစ်သည်။ အလုပ်ခွင်၌ သူ့အနီးတွင် အလုပ်လုပ်သူ ဖြစ်သည်။
ထို့နောက် မာကို ကို မြင်သည်။ အလုပ်သမားအသင်းချုပ်နှင့် ဆက်သွယ်
ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ထို့နောက် ဆိတ်မဟာမက်ကို မြင်သည်။ အလုပ်ရုံ၌ သူ
တစ်ဦးသာလျှင် အာရပ်လူမျိုး ဖြစ်သည်။ ထို့ပြင် အခြားအလုပ်သမားများကိုလည်း
မြင်သည်။ အားလုံးသည် စကား တစ်ခွန်းတစ်ပါဒမျှ မပြော။ သူ လျှောက်လာသည်ကို
စောင့်၍ ကြည့်နေကြသည်။ လုပ်ဖော်ကိုင်ဖက်များ အနီးသို့ ယာဗား ရောက်လာသောအခါ
လုပ်ဖော်ကိုင်ဖက်များ၏ မျက်စိတို့သည် အလုပ်ရုံတံခါးဘက်ဆီသို့
လှည့်သွားကြသည်။ အလုပ်ရုံတံခါးသည် ဟ လာပြီ။ ထိုနှင့်အတူ အလုပ်ရုံ
ကြီးကြပ်သူ ဖိုမင်၏ မျက်နှာ ပေါ်လာသည်။ ဖိုမင်သည် တံခါးရွက်တစ်ခုကို တွန်း၍
ဖွင့်လိုက်သည်။ ထို့နောက် အလုပ်သမားတို့ကို ကျောပေးလျက် ကျန်တံခါးရွက်ကို
တွန်း၍ ဖွင့်ပြန်သည်။
ဖိုမင်၏ အမည်သည် ဗာလက်စတာ ဖြစ်သည်။
အလုပ်သမားထဲတွင် အသက်အကြီးဆုံး ဖြစ်သည်။ သပိတ်မှောက်ကြစဉ် အခါကသော် သပိတ်
မမှောက်သင့်ကြောင်း ဆင်ခြေပေးသူ ဖြစ်သည်။ သို့ရာတွင် သူဌေး၏ လက်ကိုင်တုတ်ဟု
လည်းကောင်း၊ သူဌေး ကြေးပံ့သူဟု လည်းကောင်း အီပိုဆီတိုက အော်ဟစ်
ရေရွတ်လိုက်သောအခါ တစ်ခွန်းမျှ ပြန်မပြောတော့ဘဲ နှုတ်ပိတ်နေလိုက်သူ ဖြစ်သည်။
ယခုအခါတွင် ဗာလက်စတာသည် တံခါးဝ၌ မတ်မတ်ရပ်လျက် တစ်ယောက်ပြီးတစ်ယောက်
အလျှို အလျှို ဝင်သွားကြသော အလုပ်သမားတို့ကို ကြည့်နေသည်။ နှုတ်ခမ်းမွေးကြီး
ကုပ်၍ ကြည့်နေသည်။ အလုပ်သမားတို့သည် အရှုံးပေးခဲ့ကြရသူများပီပီ
စကားတစ်ခွန်းမျှ မပြော။ နှုတ်ပိတ်နေကြသည်။ နှုတ်ပိတ်နေကြသည်မှာ
အခဲမကျေနိုင်ကြသောကြောင့် ဖြစ်သည်။ မပြောဘဲ နှုတ်ပိတ်နေကြလေလေ၊ ပြောချင်စိတ်
ခေါင်းပါးလေလေ ဖြစ်လာဟန် တူသည်။ အလုပ်အခန်းထဲသို့ ဝင်လာခါစကသော် သူတို့သည်
ဗာလက်စတာကို ရဲရဲမကြည့်ဘဲ ဝင်လာခဲ့ကြသည်။ အလုပ်ရှင်က
အကြည့်ခိုင်းထားသည့်အတိုင်း ဗာလက်စတာက သူတို့ကို စောင့်ကြည့်ခြင်း
ဖြစ်သည်ဟု သူတို့ သိပြီး ဖြစ်သည်။ ထို့ပြင် ဗာလက်စတာ၏ မျက်နှာ၌
နှုတ်ခမ်းမွေးကြီး ကုပ်နေသည်ကို ထောက်ခြင်းအားဖြင့် ဗာလက်စတာ၏ စိတ်၌ မည်သို့
တွေးနေသည်ကိုလည်း သူတို့ရိပ်မိကြသည်။ ယာဗားသည် ဝင်လာစဉ်က ဗာလက်စတာကို
တစ်ချက်မျှ ကြည့်လိုက်သည်။ ထိုအခါ ယာဗားနှင့် သင့်သော ဗာလက်စတာသည် ယာဗားကို
ပြန်ကြည့်သည်။ သို့ရာတွင်နှုတ်ဆက်ခြင်း မပြု။ ခေါင်းကိုသာ ညိတ်ပြသည်။
၃
အလုပ်သမားတို့သည် အလုပ်ခန်းထဲသို့ ရောက်ကုန်ပြီ။ အခန်းအလယ်တွင်
သစ်သားစည်ပိုင်း ပစ္စည်းဟူသမျှသည် ပုံလျက်ရှိသည်။ အချို့လည်း စည်ပိုင်း
ဘဝသို့ ရောက်ကြပြီ။ အချို့လည်း သံခွေပတ်ရုံမျှသာ လိုတော့သည်။ အချို့လည်း
အစများလျားနှင့် ဖြစ်သည်။ စည်ပိုင်းအောက်ခံ သစ်သားအဝိုင်း အချို့သည်
ခုံတန်းရှည်၏ မျှောကြောင်း၌ ထောင်လျက်ရှိကြသည်။ တစ်နေရာတွင်
ရွေပေါ်ထိုးရန်ဖြစ်သော ပျဉ်ချပ်တို့သည် ပုံနေသည်။ တစ်ဖက်တွင် လွှစက်နှစ်လုံး
ရှိသည်။ ဆီလူးထားသဖြင့် ပြောင်လက်နေတုန်း ဖြစ်သည်။ မောင်းပေးမည့်သူ လာလျှင်
ခုတ်လိုက်အံ့ဟု အားခဲနေသကဲ့သို့ ဖြစ်သည်။ လွှစာတို့သည် ပြန့်ကြဲဖြစ်နေသည်။
စူး၊ ဆောက်၊ တူ၊ လွန်ပူ စသော လက်သမား တန်ဆာပလာတို့သည် လွှစာဖြင့်
ရောနှောကြေသည်။ အလုပ် သမားတို့သည် ဖရိုဖရဲ ဖြစ်နေသော အလုပ်ခန်း အခြေအနေကို
မြင်လိုက်ကြသည်။ ထို့နောက် အလုပ်လုပ်စဉ် ဝတ်မြဲဖြစ်သော ဆွယ်တာအင်္ကျီ
အဟောင်းအနွမ်းများကို လည်းကောင်း၊ ဘောင်းဘီ အဖာအထေးများကို လည်းကောင်း ဝတ်၍
ခါတိုင်းကဲ့သို့ အမိန့်ကို စောင့်နေကြသည်။ ဗာလက်စတာသည် အလုပ်သမားတို့
အဆင်သင့် ဖြစ်ကြသည်ကို မြင်သည်နှင့် တစ်ပြိုင်နက် “ကိုင်း၊ စကြပေတော့’’ ဟု
အမိန့်ပေးလိုက်သည်။ ထိုအခါ အလုပ်သမားတို့သည် ဘာတစ်ခွန်းမျှ မပြောဘဲ
တစ်ယောက်ပြီးတစ်ယောက် ကိုယ့်အလုပ်ကို ကိုယ်ဝင်လုပ်ကြသည်။ ဗာလက်စတာသည်
အလုပ်သမား တိုင်းဆီသို့ သွား၍ မည်သည့် အလုပ်ကို အဆုံးသတ်ရန် ရှိကြောင်း
တစ်ဦးချင်း လိုက်၍ ညွှန်ကြားရသည့် ထုံးစံအတိုင်း ညွှန်ကြားသည်။ အလုပ်သမား
တို့ကလည်း တစ်ခွန်းတစ်ပါဒ ပြန်မပြော။ ညွှန်ကြားသည့်အတိုင်း လိုက်နာ
လုပ်ကိုင်ကြသည်။
ချက်ချင်းပင် စည်ပိုင်းဖြစ်အောင် စပ်ထားသော
ပျဉ်ချပ်တို့ကို မိနေအောင် သံခွေရိုက်သွင်းသော တူထုသံတို့သည် မြည်လာသည်။
ထို့နောက် ရွေပေါ်ထိုးသံတို့ မြည်လာသည်။ တစ်ခါတစ်ရံ သစ်မျက်နှင့် ရွေပေါ်သွား
ခတ်မိသော မာဆတ်ဆတ် အသံကိုပင် ကြားရသည်။ အီပိုဆီတို ခုတ်မောင်းလိုက်သော
လွှစက်သည် တစ်ဝီဝီမြည်၍ လွှသွားသည် လည်လာသည်။ ဆိတ်မဟာမက်သည် ထိုအလုပ်သမား၊
ဤအလုပ်သမားတို့က ခိုင်းလျှင် ပျဉ်ချပ်တို့ကို သယ်လာသည်။ ပျဉ်ချပ်တို့ကို
ခုံးလာအောင် ပြုရာတွင် အပူငွေ့ဖြင့် ပြုရသဖြင့် မီးအမွှေးခိုင်းလျှင်
ရွေပေါ်စာတို့ဖြင့် မီးမွှေးပေးသည်။ ခိုင်းစရာမရှိ၍ မည်သူကမျှ
မခိုင်းသေးလျှင် သူ့ခုံ၌ သူထိုင်၍ သံချေးတက်နေသော သံခွေတို့ကို
စို့နှက်သည်။ အလုပ်ခန်းတွင် ရွေပေါ်စာ မီးလောင်နံ့ သင်းလာသည်။ ယာဗားသည်
အီပိုဆီတို၏ လွှစက်မှ ထွက်လာသော ပျဉ်ချပ်တို့ကို ရွေပေါ်ထိုးသည်။ ပြီးလျှင်
စပ် ကြည့်သည်။ ရွေပေါ်ထိုးရင်း၊ ပျဉ်စပ်ရင်း ရွေပေါ်စာ မီးလောင်နံ့ကို
ရလာသောအခါ စိတ်ပြေသလိုလို ဖြစ်လာသည်။ ဤသို့ဖြင့် အလုပ်ခန်းထဲတွင်
တစ်ယောက်တစ်လက် အလုပ် လုပ်နေကြသည် ဖြစ်ရာ လွှတိုက်သံ၊ ရွေပေါ်ထိုးသံ၊
တူထုသံတို့ကို အဆက်မပြတ် ကြားရသည်။ လူသံကိုကား လုံးဝ မကြားရချေ။ အားလုံးသည်
နှုတ်ပိတ်၍ အလုပ် လုပ်နေကြသောကြောင့် ဖြစ်သည်။
အတန်ကြာသော်
အလုပ်သမားတို့သည် အလုပ်ခန်းတံခါးဝသို့ ရောက်လာ ရပ်ကြည့်နေသော အလုပ်ရှင်
လာဆားကို မြင်လိုက်ကြသည်။ လာဆားသည် အသက်အရွယ်အားဖြင့် သုံးဆယ်ကျော်မျှသာ
ရှိသေးသည်။ ပိန်ပိန်ပါးပါး ဖြစ်သည်။ ဂယ်ဘာဒင် ဘောင်းဘီ အင်္ကျီ ဝတ်လာသည်။
ကပိုကယို နိုင်လှသည်။ ပြတ်သားသော မျက်နှာရှိသည်။ သို့ရာတွင် မြင်လျှင်
ချစ်ခင်စရာ ဖြစ်သည်။ တံခါးဝမှ အခန်းတွင်းသို့ ဝင်မိသောအခါ ဣနြေ္ဒ အနည်းငယ်
ပျက်သည်။ အလုပ်သမားများကို နှုတ်ဆက်နေကျ ဖြစ်သည့်အတိုင်း နှုတ်ဆက်လိုက်သောအခါ
သူ့ အသံသည် သွက်သွက်လက်လက် မရှိလှချေ။ ထူးသည်မှာ အလုပ်ရှင်က
နှုတ်ဆက်လိုက်သောအခါ အလုပ်သမားများသည် တုံ့ပြန် ခြင်းမပြုဘဲ နေကြခြင်း
ဖြစ်သည်။ တူထုသံများသာလျှင် တစ်ခဏမျှ တိမ်သွားသလိုလို ဖြစ်သည်။ ထို့နောက်
ပို၍ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံ ဖြစ်လာသည်။
ထို့ကြောင့် လာဆား၏ ခြေလှမ်းသည် အနည်းငယ် အရှိန်ပျက် သွားသည်။
လာဆားသည် လုပ်သက် တစ်နှစ်မျှသာ ရသေးသော အလုပ်သမားလူငယ် ဗာလာရီဆီသို့
ခြေဦးလှည့်လိုက်သည်။ ဗာလာရီသည် အီပိုဆီတို၏ လွှစက်အနီး၊ ယာဗား၏
ရွေပေါ်ခုံနှင့် မလှမ်းမကမ်းနေရာ၌ အလုပ် လုပ်သူ ဖြစ်သည်။ ငါးဆယ့်နှစ်ဂါလံ
စည်ပိုင်း၌ အောက်ခံသစ်သားအဝိုင်း တပ်ဆင်ပေးရသူ ဖြစ်သည်။ လာဆားသည်
ဗာလာရီအနားသို့ ရောက်လာသောအခါ ဗာလာရီသည် လာဆားနှင့် မျက်နှာချင်းမဆိုင်။
ကိုယ့်အလုပ်ကို ငုံ့၍လုပ်သည်။ “ဘယ့်နှယ့်လဲကွ၊ မင်း နေလို့ကောင်းရဲ့လား” ဟု
လာဆားက မေးသောအခါ ဗာလာရီသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်၍ အီပိုဆီတိုသို့
လှမ်း၍ ကြည့်သည်။ ထိုအခိုက်တွင် အီပိုဆီတိုသည် ရွေပေါ်စာတို့ကို ကျုံး၍
ယာဗားထံသို့ ယူသွားသည်။ ဗာလာရီ လှမ်းကြည့်စဉ်က အီပိုဆီတိုက ပြန်ကြည့်ပါ၏။
ထို့နောက် သူ့အလုပ်ကိုသာ လုပ်မြဲ လုပ်နေသည်။ ထိုအခါ ဗာလာရီသည် အလုပ်ရှင်
လာဆားကို ဘာတစ်ခွန်းမျှ ပြန်မပြောဘဲ သူ့ စည်ပိုင်း မျက်နှာဝကိုသာ
အကဲခတ်နေသယောင် ပြု၍ ကြည့်နေသည်။ လာဆားသည် ကြောင်တက်တက် ဖြစ်သွားသည်။
သို့ရာတွင် ဗာလာရီအနီး၌ အတန်ကြာမျှ မတ်တတ်ရပ်၍ ကြည့်နေသေးသည်။ ထိုနောက်
မင်းက ဒီလိုလားကွဟု ဆိုလိုက်ဘိသကဲ့သို့ သူ့ ပခုံးနှစ်ဖက်ကို တွန့်ပြ၍
အလုပ်သမား မာကိုဆီသို့ လှည့်သွားသည်။
မာကိုသည် ခုံတန်းလျား၌
ခွထိုင်၍ စည်ပိုင်းအောက်ခံ သစ်သား အဝိုင်း၏ စောင်းကို
လိုရာပုံသို့ရောက်အောင် ဂရုတစိုက် ပြုပြင်နေသည်။ “ဟေ့ ... မာကို” ဟု
လေချိုသွေးကာ လာဆားက ဆိုလိုက်သည်။ ထိုအခါ မာကိုကလည်း ဘာတစ်ခွန်းမျှ
ပြန်မပြော။ အောက်ခံသစ်သား အဝိုင်း၏ စောင်းကိုသာ လိုသလောက် ပါးပါးလှီးနေသည်။
“နေစမ်းပါဦး၊ ခင်ဗျားတို့ ဘာဖြစ်နေကြတာတုံးဗျ” ဟု လာဆားသည် ခပ်ကျယ်ကျယ်
ညည်းတွား၍ အခြားသော အလုပ်သမားများကို ကြည့်သည်။ ထို့နောက် ဆက်၍
“ခင်ဗျားတို့ကလဲ ခင်ဗျားတို့ရဲ့ အယူကို မှန်တယ်လို့ ထင်ကြတာပဲ။ ကျပ်ကလည်း
ကျုပ်ရဲ့အယူကို မှန်တယ်လို့ ထင်တာပဲ။ သဘောချင်းတော့ မတူကြဘူး ပေါ့ဗျာ။
ဒါပေမဲ့ လုပ်စရာရှိတာကိုတော့ လက်တွဲပြီး လုပ်ကြရမှာပဲ မဟုတ်လား။ အခုတော့
ခင်ဗျားတို့ လုပ်နေပုံဟာ မဟုတ်သေးပါဘူးဗျာ” ဟု ဆိုသည်။ ထိုအခါ မာကိုသည်
ထိုင်နေရာမှ ထလိုက်သည်။ ထို့နောက် သစ်သားအဝိုင်းကို စောင်း ညီ မညီ
လက်ဝါးဖြင့် ပွတ်သပ်ကြည့်၍ ကျေနပ်သော အမူအရာဖြင့် သစ်သားအဝိုင်းကိုကိုင်ကာ
စည်ပိုင်းအောက်ခံတပ်သော အလုပ်သမားဆီသို့ ယူသွားသည်။ အလုပ်ခန်း
တစ်ခန်းလုံးတွင် လူသံမကြားရ။ ရွေပေါ်ထိုးသံ၊ တူထုသံ၊ လွှစက်သံတို့ကိုသာ
ကြားရသည်။ “ခင်ဗျားတို့ သဘောပေါ့ဗျာ။ စိတ်ခုနေကြတုန်းတော့ ဒီလိုပဲ
ဖြစ်ရမှာပဲ။ စိတ်ပြေလာတဲ့ အခါကျတော့ ပြောကြပေါ့ဗျာ။ ခင်ဗျားတို့ဆရာ
ဗာလက်စတာ အရှိသားပဲ” ဟု ဆို၍ လာဆားသည် အလုပ်ခန်းမှ ထွက်သွားသည်။
တအောင့်လောက် ကြာသောအခါ ရွေပေါ်ထိုးသံ၊ တူထုသံ၊ လွှတိုက်သံတို့ အကြားမှ
ခေါင်းလောင်းတီးသံကို နှစ်ကြိမ် ကြားလိုက်ကြသည်။ ထိုအခါ စီးကရက်
သောက်ချင်သဖြင့် စီးကရက်လိပ်ဟန် ပြင်နေသော ဖိုမင် ဗာလက်စတာသည်
ထိုင်မည်ပြုပြီးမှ ပြန်ထ၍ အလုပ်ခန်းမှ ထွက်သွားသည်။ ထိုအခါကျမှ ယခင်က
ဆူညံနေသော ရွေပေါ်ထိုးသံ၊ တူထုသံ၊ လွှတိုက်သံတို့သည် အဆူအညံ လျော့သွားသည်။
ချက်ချင်းပင် ဗာလက်စတာ ပြန်ဝင်လာ၍ “မာကိုနဲ့ ယာဗား၊ သူဌေး ခေါ်နေတယ်” ဟု
အော်ပြောသည်။ သူဌေး ခေါ်သည်ဟု သိသည်နှင့် တစ်ပြိုင်နက် ယာဗားသည် ရုတ်ခြည်း
ထ၍ ပေရေနေသော မိမိလက်များကို ဆေးကြောမည် ပြု၏။ သို့ရာတွင် မာကိုက
ဟန့်လိုက်သဖြင့် လက်မဆေးတော့ဘဲ မာကိုနောက်သို့ ထောာ့ကျိုး ထောာ့ကျိုးနင်း၍
လိုက်သွားသည်။
အလုပ်ရှင် လာဆား၏ အိမ်ရှေ့ခန်းသို့ ရောက်သောအခါ
မာကိုနှင့် ယာဗားသည် အတွင်းခန်းမှ ကလေးငိုသံကို ကြားလိုက်ကြသည်။ ထို့နောက်
“နေ့လယ်စာ ကျွေးပြီးရင် ကလေးကို သိပ်လိုက်။ အဖျားမကျသေးရင် ဆရာဝန် ခေါ်ပေါ့”
ဟု ပြောလိုက်သော လာဆား၏ အသံကို ကြားကြပြန်သည်။ ထို့နောက် လာဆားသည်
အပြင်သို့ထွက်လာ၍ အလုပ်သမားနှစ်ဦးကို သူ့ရုံးခန်းသို့ ခေါ်သွားသည်။
အခန်းသို့ ရောက်သောအခါ လာဆားသည် အလုပ်စားပွဲနောက်၌ ဝင်ထိုင်၍
အလုပ်သမားနှစ်ဦးကို အထိုင်ခိုင်းသည်။ အလုပ်သမားနှစ်ဦးသည် မထိုင်။ မတ်တတ်
ထလျက်သာနေသည်။ “ခင်ဗျား တို့နှစ်ဦးကို ကျုပ်ခေါ်တာဟာ တခြားကြောင့်
မဟုတ်ပါဘူး။ မာကိုက ကျုပ်အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်ဖြစ်လို့။ ယာဗားက
ကျုပ်အလုပ်ရုံ မှာ ဗာလက်စတာပြီးရင် လုပ်သက်အရင့်ဆုံး ဖြစ်လို့။
ဒါကြောင့်ခေါ်တာ။ ဒီမှာဗျ၊ ပြီးခဲ့တဲ့ ကိစ္စတွေကို အကျယ်အကျယ်
မငြိမ်းဖွယ်ဆိုသလို ကျုပ် ပြန်ပြီး မပြောလိုတော့ဘူးဗျ။ အခု
ဆုံးဖြတ်ကြတဲ့အတိုင်း ပြောရရင် ခင်ဗျားတို့ အခု အလုပ်ပြန်ဆင်းလာကြပေမယ့်
ကျုပ်က လုပ်ခတိုးပေးဖို့ မဟုတ်ဘူးနော်။ ဟုတ်ကဲ့လား။ အချုပ်မှာ အရင်ကလိုပဲ
ခင်ဗျားတို့ အလုပ် လုပ်နေကြတယ် ပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်မှာ ပြောစရာတစ်ခု
ရှိတယ်။ ဒါကတော့ ခင်ဗျားတို့ဟာ ကျုပ်ကို စိတ်ဆိုးနေကြတုန်းပဲ။ ကျုပ်အပေါ်မှာ
စိတ်ခုနေကြတုန်းပဲ။ အဲဒါတော့ မကောင်းပါဘူးဗျာ။ ကျုပ်စိတ်မှာ တော်တော်
ထိခိုက်တယ်။ ကျုပ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောတတ်တာပဲ။ မြုံမထားချင်ဘူး။
ဒီမှာဗျ။ ခေတ်မကောင်းလို့သာပေါ့ဗျာ။ ခေတ်သာ ကောင်းရင် ခင်ဗျားတို့က
မတောင်းခင် ကျုပ်က အရင်တိုးပေးမှာပါဗျ။ ခေတ်သာ ကောင်းလာပါစေ။ လုပ်ခကို
ကျုပ် ချက်ချင်း တိုးပေးပါ့မယ်။ ကျုပ် အခု ကတိပေးပါတယ်။ ရှေ့အဖို့မှာ
စိတ်အေးလက်အေး အတူတူ အလုပ် လုပ်ကြရအောင်ဗျာ” ဟု လာဆားက ဆိုပြီးနောက်
ငေးနေသည်။ ထို့နောက် မာကိုနှင့် ယာဗားဘက်သို့ လှည့်၍ “ဘယ့်နှယ့်လဲဗျ” ဟု
မေးသည်။ မာကိုသည် အနီးရှိ ပြတင်းပေါက်ဆီ သို့ လှမ်း၍ ကြည့်နေသည်။ ယာဗားသည်
ပြန်ပြောချင်စိတ် ပေါက်လာသည်။ သို့ရာတွင် စကားမရှိသကဲ့သို့ ဖြစ်နေ၍
အံကြိတ်ထားရသည်။ ထိုအခါ လာဆားကပင် ဆက်၍ “အခုတော့လဲ ခင်ဗျားတို့ဟာ
ကျုပ်အပေါ်မှာ စိတ်ခုနေကြဦးမှာပဲ။ ဒါပေမဲ့ တစ်နေ့နေ့မှာ ခင်ဗျားတို့
အရည်လည်လာရင် စိတ်ပြေသွားကြမှာပဲ။ ကျုပ်ပေးတဲ့ ကတိကို မမေ့ကြပါနဲ့ဗျာ” ဟု
ဆို၍ ထိုင်ရာမှ ထလိုက်ပြီးနောက် ကျေရာကျေကြောင်း သဘောဖြင့်
လက်ဆွဲနှုတ်ဆက်ရန် မာကိုဆီသို့ သူ၏လက်ကို လှမ်းလိုက်သည်။ မာကိုသည်
မျက်နှာမထားတတ်အောင် ဖြစ်သွားသည်။ သို့ရာတွင် မချိုမချဉ် မျက်နှာပေးဖြင့်
တစ်ချက်မျှ ကြည့်လိုက်ပြီးနောက် ချာခနဲ လှည့်၍ ထွက်သွားသည်။ ထိုအခါ
လာဆားသည် ရှက်ကိုးရှက်ကန်း လက်တန်းလန်း ကျန်ရစ်၍ အံ့အားသင့်ကာ ယာဗားကို
စိုက်ကြည့်နေသည်။ ထို့နောက် “ဖြစ်ချင်ရာ ဖြစ်ကြပေါ့ဗျာ။ ကျုပ်က ဘယ်သူ့ကို
ဂရုစိုက်ရမှာလဲ” ဟု အော်လိုက်သည်။
၎
အလုပ်ခန်းသို့ မာကိုနှင့်
ယာဗားတို့ ပြန်ရောက်ကြသောအခါ အလုပ်သမားတို့သည် နေ့လယ်စာ စားနေကြပြီ။
ဗာလက်စတာသည် အပြင်သို့ ထွက်သွားပြီ။ ဝိုင်း၍ မေးကြသောအခါ မာကိုက
“အလကားပါကွာ။ မစားရ ဝခမန်း။ လေတစ်လုံး မိုးတစ်လုံး စကားချည်းပါပဲ” ဟု
ပြန်ပြော၍ သူ့နေရာသို့ သူ ပြန်သွားသည်။ အီပိုဆီတိုသည် ကိုက်စားတော့မည့်
ပေါင်မုန့်ကို ကိုက် မစားသေးဘဲ “မင်းတို့ ဘာပြန်ပြောခဲ့သလဲကွ” ဟု ယာဗားကို
မေးကြည့်သည်။ “ဘာမှ မပြောခဲ့ဘူးကွ” ဟု ယာဗားက ဆို၍ သူ့မုန့်လွယ်အိတ်
ရှိရာသို့ သွားသည်။ ထို့နောက် မုန့်လွယ်အိတ်ကို ယူလာ၍ သူ့ခုံတန်းလျားမှာ
ထိုင်သည်။ စားတော့မည် ပြုသောအခါ ဆိတ် မဟာမက် ဆီသို့ သူ့မျက်စိ
ရောက်သွားသည်။ ဆိတ် မဟာမက်သည် ရွေပေါ်စာ အပုံပေါ်၌ ပက်လက်လှန်ကာ
အထက်မှန်ချပ်များမှ ထိုးဝင်လာသော မိုးကောင်းကင် အပြာရောင်ကို
ငေးကြည့်နေသည်။ “ဟေ့ ဆိတ်။ စားပြီးပြီလား” ယာဗားက လှမ်းမေးလိုက်သည်။
“ပြီးပြီလေ။ ငါ့မှာ တယ်သီး ပါလာတယ်။ အကုန်စားလိုက်ပြီ” ထိုအခါ ယာဗားသည်
လာဆားကို မေ့၍ ဆိတ်ကို သနားလာသည်။ ထို့ကြောင့် သူ့ပေါင်မုန့်ကို
နှစ်ပိုင်းပိုင်း၍ တစ်ပိုင်းကို ဆိတ် မဟာမက်အား ပေးသည်။ ဆိတ်မဟာမက်သည်
ဝပြီဟု ပြော၍ အတန်တန် ငြင်းသည်။ “စားပါကွ။ ယူပါကွ။ နောက်တစ်ပတ်ဆိုရင်
တို့တစ်တွေ ဖောဖောသီသီ ဖြစ်လာမှာပဲ။ ဒီအခါကျတော့ မင်းက ငါ့ကို ကျွေးပေါ့။
တစ်လှည့်စီပေါ့၊ စားပါကွ။ ယူပါကွ” ဟု ဆို၍ ယာဗားက အတင်းပေးသည်။ ထိုအခါကျမှ
ဆိတ် မဟာမက်သည် ပြုံး၍ ပေါင်မုန့်တစ်ပိုင်းကို လှမ်းယူလိုက်သည်။ ထို့နောက်
တစ်ကိုက် ကိုက်လိုက်ပြီးလျှင် မစားရက်၊ မမျိုရက် ဖြစ်သဖြင့် အားနာပါးနာ၊
မဝါးချင် ဝါးချင် ဝါးနေသည်။
အီပိုဆီတိုသည် သူ့ ပေါင်မုန့်ကို
စားပြီးသောအခါ ထောင့်တစ်ထောင့်မှ အိုးဟောင်းတစ်လုံးကို ဆွဲထုတ်သည်။
ထို့နောက် ရွေပေါ်စာတို့ဖြင့် မီးမွှေးသည်။ မီးတောက်လာသောအခါ ပုလင်း၌
ထည့်ယူလာသော ကော်ဖီရည်ကို အိုးထဲသို့ လောင်းထည့်၍ နွေးသည်။ “ဟေ့
ဒီကော်ဖီကို မင်းတို့ ဘာထင်ကြသလဲ။ ဒီကော်ဖီဟာ သပိတ်ကော်ဖီကွ။ တို့
သပိတ်လှန်လိုက်ရပြီ ဆိုလို့ ငါဝယ်နေကျ ကုန်သေးဆိုင်က တို့တစ်တွေကို
သနားပြီး၊ တို့တစ်တွေကို ကုသိုလ်ပြုလိုက်တဲ့ ကော်ဖီကွ သိရဲ့လား။ လာ
သောက်ကြ။ များတော့ အဝ၊ နည်းတော့ အမျှပေါ့ကွ” ဟု ဆို၍ သံဖြူခွက်ဟောင်း
တစ်ခွက်၌ နည်းနည်းစီ ငှဲ့ထည့်ပေးရာ တစ်ယောက်တစ်လှည့်စီ သောက်ကြသည်။ ဆိတ်
မဟာမက်သည် ယာဗား၏ ပေါင်မုန့်ကို စားစဉ်က အားနာသလိုလို ဖြစ်ခဲ့သည်။ ယခုသော်
အားနာခြင်း မဖြစ်။ အားရပါးရ သောက်လိုက်သည်။ အီပိုဆီတိုသည် အိုးကပ်ကိုပါ
မချန်ချင်သဖြင့် အိုးကို ပါးစပ်မှာတေ့၍ မော့ချလိုက်သည်။ “ငါ့ လခွေးမှပဲ။
ကောင်းလိုက်တဲ့ ကော်ဖီကလေးနှယ်ကွာ။ ဘယ်လို အရသာရှိမှန်း မသိဘူး” ဟုလည်း
ဆို၍ နှုတ်ခမ်းပါးနားကို လျှာဖြင့် လျက်သည်။ သပိတ်ကော်ဖီ၏ အရသာကို အပြည့်အဝ
ခံလိုက်သော သဘောဖြင့် ပါးစပ်ကလည်း ပလပ်ပလပ် မြည်ပြလိုက်သေးသည်။ ထိုအခိုက်
ဖိုမင် ဗာလက်စတာ ဝင်လာ၍ အလုပ်ကို ပြန်စရန် အချက်ပေးသည်။
ထိုအခါကျမှသာ အလုပ်သမားတို့သည် စားကြွင်းစားကျန်မှ စ၍
ပန်းကန်ခွက်ယောက်တို့ကို သိမ်းကြသည်။ သိမ်းနေကြခိုက် ဗာလက်စတာသည်
အလုပ်သမားများနှင့် စကားရော ဖောရော ပြု၍ “ခေတ်က မကောင်းတော့ တို့တစ်တွေလဲ
ခပ်ကျပ်ကျပ်ပဲကွ။ သူလဲ ခပ်ကျပ်ကျပ်ပဲကွ။ ဒီတော့ သဘောကြီးကြဖို့ လိုတယ်ကွ။
ကလေးတွေလို သုန်သုန်မှုန်မှုန် ကတ်တီးကတ်ဖဲ့ လုပ်နေဖို့ မကောင်းဘူးကွ” ဟု
လေချိုသွေးလိုက်သည်။ ထိုအခါ အီပိုဆီတိုသည် ကော်ဖီအိုးကို လက်တစ်ဖက်က
ကိုင်လျက် ဖိုမင် ဗာလက်စတာကို စားတော့မည် ဝါးတော့မည်ကဲ့သို့ ကြည့်လိုက်သည်။
ယာဗားသည် အီပိုဆီတို မည်သို့ ပြန်လည် ချေပလိုက်မည်ကို သိပြီး ဖြစ်သည်။
ထိုမျှသာမက အလုပ်သမား အားလုံး၏ စိတ်၌ မည်သို့ ဖြစ်နေကြသည်ကိုလည်း သိသည်။
စင်စစ်မှာ အလုပ်သမားတို့သည် သုန်သုန်မှုန်မှုန် လုပ်နေကြသည်လည်း မဟုတ်။
ကတ်တီးကတ်ဖဲ့ လုပ်နေကြသည်လည်း မဟုတ်။ စကား မပြောလို၍ နှုတ်ပိတ်နေကြခြင်းသာ
ဖြစ်သည်။ လုပ်ချင်မှလုပ်၊ မလုပ်ချင်လျှင် ထွက်ကြဟု အလုပ်ရှင်က
အာဏာပြခဲ့သည်ဖြစ်ရာ အလုပ်သမားများမှာ ဘေးကျပ်နံကျပ် ဖြစ်ခဲ့ကြရသည်။
အလုပ်ရှင်က လခ တိုးမပေးသဖြင့် အလုပ်မှ သူတို့ ထွက်လိုက်လျှင် ငတ်ကြမည်မှာ
သေချာသည်။ မငတ်ချင်ကြ၍ အလုပ်ကို တွယ်ထားလျှင်လည်း မဝတဝသာ စားကြရမည်။
ထို့ကြောင့် သူတို့ ဒေါထ၍ စိတ်နောက်ကိုယ်ပါ သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင် အလုပ်သမား အသင်းချုပ်ကလည်း သူတို့ကို မကယ်နိုင်ဖြစ်ခဲ့ရာ
သပိတ်လှန်၍ အလုပ်ပြန်ဝင်ခဲ့ကြသည်။ ယခုအခါ၌ သူတို့သည် ကိုးကွယ်ရာမဲ့
ဖြစ်နေကြပြီ။ ထိုအခြေမျိုးတွင် သူတို့သည် အလုပ်ရှင်က နှုတ်ဆက်သည်ကို
ပြန်လည်နှုတ်ဆက်နိုင်ဖို့ ဝေးစွ၊ ငိုချင်ပါလျက် မငိုနိုင်အောင်
ဖြစ်နေကြရသည်။ သူတို့လည်း လူပင် ဖြစ်သည်။ ပြုံးမပြနိုင်သေးသည့် အခါ၌
မပြုံးဘဲသာ နေလိုက်ချင်သည်။ ဟန်ဆောင်ပြုံးမျိုးကိုကား သူတို့
ပြုံးမပြနိုင်ပြီ။ သူတို့ ပြန်မပြောခြင်း၊ ပြန်မပြုံးခြင်းတို့သည်
သုန်သုန်မှုန်မှုန် လုပ်နေခြင်း မဟုတ်။ ကတ်တီးကတ်ဖဲ့ လုပ်နေခြင်း မဟုတ်။
ပြန်မပြောနိုင်၍ ပြန်မပြောခြင်းသာ ဖြစ်သည်။ ပြန်မပြုံးနိုင်၍
ပြန်မပြုံးခြင်းသာ ဖြစ်သည်။ သို့ရာတွင် အီပိုဆီတိုသည် ဗာလက်စတာအား ထိုသို့
ပြန်လည်ချေပခြင်း မပြုလိုက်ချေ။ ချေပချင်စိတ်ကို ချုပ်ထိန်း၍ ဗာလက်စတာ၏
ပခုံးကို အသာအယာ ပုတ်ခဲ့ပြီးနောက် မိမိ၏ အလုပ်ခွင်သို့ သွားသည်။
ကျန်အလုပ်သမား အားလုံးလည်း အလုပ်ခွင်သို့ ပြန်ဝင်ကြသည်။
အလုပ်ခန်းတွင် တူထုသံတို့ကို ကြားလာရပြန်ပြီ။ ရွေပေါ်စာ မီးလောင်နံ့
သင်းလာပြန်ပြီ။ လွှစက်ခုတ်သံသည် တဝီဝီ မြည်လာပြန်ပြီ။ အီပိုဆီတိုသည်
ပတ်ချာလည်နေသော လွှသွားဆီသို့ ပျဉ်ချပ်ကို ဦးတိုက် တွန်းလိုက်သည်ဖြစ်ရာ
လွှသွားသည် သစ်သား၌ နစ်ဝင်၍ တိုက်စားသွားသည်။ ထိုအခါ လွှစာတို့သည် ဖြာထွက်လာ၍
အမွေးအမှင် ထူလှသော အီပိုဆီတို၏ လက်မောင်းပေါ်သို့ တဖွဲဖွဲ ကျလာသည်။
ပျဉ်ချပ်ဆုံးသောအခါ လွှတိုက်သံစဲ၍ စက်ခုတ်သံသာ မြည်မြဲမြည်နေသည်။ ယာဗားသည်
ကုန်း၍ ရွေပေါ်ထိုးသည်။ ရွေပေါ်ထိုးရင်း ခါးနာလာသည်။ အခါတိုင်းတွင်
အတန်ကြီးကြာမှ ခါးနာတတ်သည်။ အရက် နှစ်ဆယ်လောက် အလုပ်မလုပ်ဘဲ သက်သက်သာသာ
နေလိုက်ရ၍ အကျင့်ပျက်ခဲ့သောကြောင့် ခါးအနာ မြန်လာခြင်း ဖြစ်သည်။
အသက်ကြီးလာသောကြောင့် ဖြစ်သည်ဟုလည်း ယာဗား ယူဆသည်။ ခြေနှင့် လက်နှင့်
သယ်ပိုး တွန်းထိုး ထုရိုက်၍ လုပ်ရသော ခြေလက် အလုပ်မျိုးသည် ပျိုရွယ်စဉ်၌
မထောင်းတာ။ အသက်ကြီးလာသောအခါ ပင်ပန်းလှသည်။ ပင်ပင်ပန်းပန်း
လုပ်ရဖန်များလျှင် သင်္ချိုင်းသို့ မျက်စောင်းထိုးချင်လာသည်။ ပင်ပင်ပန်းပန်း
လုပ်ရသောကြောင့် ခြေကုန် လက်ပန်းကျကာ အိပ်ပျော်သွားသောအခါ အသေနှင့်
တူတော့သည်။ သူ့သားငယ်က ပြောသည်မှာ သူ ကြီးလာလျှင် ကျောင်းဆရာလုပ်မည်ဟု
ပြောသည်။ သူ့သား စိတ်ကူးမလွဲ၊ လိမ္မာလှပေသည်။ လောက၌ ခြေလက် အလုပ်သည်
သမ္မာအာဇီဝအလုပ် ဖြစ်၏။ မြတ်သောအလုပ် ဖြစ်၏။ မွန်သော အလုပ်ဖြစ်၏ စသည်ဖြင့်
လျှာအရိုးမရှိတိုင်း ပြောတတ် ဟောတတ် ကြသည်။ ထိုသူတို့သည် သူတို့ဟောသော
စကားကို သူတို့ နားလည်ကြပါလေစ။ သူတို့စိတ်ကို သူတို့ သိကြပါလေစ။
ယာဗားသည် သူ့ခါးကို ဆန့်၍ သူ့ခေါင်းထဲသို့ ဝင်လာသော ကဲ့ရဲ့ချင်စိတ်ကို
ဖျောက်ကြည့်သည်။ ထိုအခိုက်တွင် ခေါင်းလောင်းတီးသံ ကြားလိုက်ကြပြန်သည်။
ခေါင်းလောင်းတီးသံသည် ခါတိုင်းနှင့် မတူ။ ထူးသည်။ မြည်သံသည် ပြတ်တောက်
ပြတ်တောက်ဖြစ်၍ မာသည့်အခါ မာသည်။ တိမ်သည့်အခါ တိမ်သည်။ အာဏာသံ ပါသည့်အခါ
ပါသည်။ ကြားကြသော အလုပ်သမားတို့သည် ကြက်သေ သေနေကြသည်။ ဗာလက်စတာသည်
နားစွင့်၍ နားထောင်သည်။ တွေနေသည်။ ထို့နောက် အပြင်သို့ ထွက်သွားသည်။
ထို့နောက် ခေါင်းလောင်းသံ ရပ်သွားသည်။ ထို့ကြောင့် အလုပ်သမားတို့သည်
မိမိတို့ အလုပ်ကို ပြန်လုပ်ကြသည်။ ချက်ချင်းပင် ဗာလက်စတာ ပြန်လာ၍
အဝတ်လဲခန်းသို့ ဝင်သွားသည်။ ထို့နောက် ကင်းဗတ်ဖိနပ်စီး၍ ထွက်လာသည်။
အင်္ကျီလက်ထဲသို့ သူ့ လက်ကို ထိုးထည့် ရင်း ယာဗားအား “ကလေး တက်နေတယ်ကွ။
ဂျာမိန်ကို ငါ သွားခေါ်လိုက်ဦးမယ်” ဟု ပြော၍ ထွက်သွားသည်။ ဂျာမိန် ဆိုသူသည်
လာဆား၏ အလုပ်သမားများကို စောင့်ရှောက်ရသော အလုပ်ရုံဆရာဝန် ဖြစ်သည်။ ယာဗားက
အလုပ်ရှင်၏ သမီးကလေး တက်နေကြောင်း တစ်ဆင့် ပြန်ပြောပြ လိုက်သောအခါ
အလုပ်သမားတို့သည် ယာဗားဆီသို့ ဝိုင်းအုံလာ၍ တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာ လိပ်ပြာမသန့် ဖြစ်နေကြသည်။ အလုပ်ခန်း တစ်ခုလုံးတွင် အသံဟူ၍
လွှစက်ခုတ်သံကိုသာ ကြားရသည်။ ထို့နောက် “တော်တော်ကြာရင်
အဖျားကျသွားမှာပဲကွာ” ဟု တစ်ဦးက ဆိုလိုက်သဖြင့် အားလုံး ကိုယ့်အလုပ်ကို
ကိုယ်ပြန်လုပ်ကြသည်။ ထိုအခါ တူထုသံ၊ ရွေပေါ်ထိုးသံ၊ လွှတိုက်သံတို့သည်
မြည်လာပြန်သည်။ သို့ရာတွင် ယခင်ကလောက် ဆူဆူညံညံ မဟုတ်။ တစ်ခုခုကို
စောင့်မျှော် နားစွင့်နေဘိ သကဲ့သို့ ခပ်တိုးတိုး ခပ်ဆိုင်းဆိုင်းသာ မြည်၏။
ဆယ့်ငါးမိနစ်လောက် ကြာသောအခါ ဗာလက်စတာ ပြန်လာ၍ အင်္ကျီကို
ချွတ်ထားခဲ့ပြီးလျှင် ဘာတစ်ခွန်းမျှ မပြောဘဲ ထွက်သွားပြန်သည်။ အပြင်ဘက်တွင်
မိုးအုံနေဟန် တူသည်။ အတန်ကြာသော် လွှစက်၌ ပျဉ်ချပ် ဆုံးသွား၍ လွှတိုက်သံ
စဲခိုက်တွင် သူနာပြု မော်တော်ကား ခေါင်းလောင်းသံကို ကြားလာကြသည်။ ပထမသော်
ခပ်လှမ်းလှမ်းမှ မြည်လာ၍ တဖြည်း ဖြည်း နီးလာသည်။ ထို့နောက် အလုပ်ရုံ၏
အပြင်နားဆီ၌ ရပ်သွားသည်။ ဗာလက်စတာ ပြန်ဝင်လာသောအခါ ဗာလက်စတာကို ဝိုင်း၍
မေးကြသည်။ ထိုအခါ ဗာလက်စတာက အလုပ်ရှင်၏ သမီးငယ်သည် အဝတ်လဲရင်း
ပိုင်းချလိုက်ဘိသကဲ့သို့ ခွေကျသွားကြောင်း ပြောပြသည်။ “ဟာ ဒုက္ခပဲ၊ တော်တော်
ဆန်းပါကလား။ ဘယ်လို ရောဂါများပါလိမ့်” ဟု မာကိုက ဝင်မေးသည်။ ဗာလက်စတာသည်
မပြောတတ်။ ခေါင်းခါ၍သာ ပြသည်။ ထို့နောက် သူနာပြု မော်တော်ကား
ခေါင်းလောင်းသံကို ကြားကြရပြန်သည်။ လွှစာ အလိမ်းလိမ်း၊ ဖုံအလိမ်းလိမ်း
ကပ်နေသော အလုပ်သမားတို့သည် ငိုင်နေကြသည်။
ညနေပိုင်းကွင် အလုပ်ခန်း၌
အလုပ်သည် လေးလေးကန်ကန် ဖြစ်လာသည်။ ယာဗားသည် ခါးနာနေသည့်အပြင်
စိတ်ညှိုးငယ်ခြင်းလည်း ဖြစ်လာသည်။ သူ့မှာ ပွင့်ပွင့်လင်းလင်း
စကားပြောချင်စိတ် ပေါက်လာပါ၏။ သို့ရာတွင် ပြောစရာ မရှိ ဖြစ်နေသည်။ သူ၌သာမက
အခြား အလုပ်သမား များ၌လည်း ထိုနည်းအတိုင်း ဖြစ်နေကြသည်။ နှုတ်ပိတ်၍
နေကြသော်လည်း သူတို့၏ မျက်စိမျက်နှာ၌ ညှိုးငယ်သော အမူအရာ ပေါ်နေသည်။
တင်းထားရသော အမူအရာ ပေါ်နေသည်။ ယာဗားအဖို့မှာ ဘေးကြီး သင့်၊ ကပ်ကြီး
ဆိုက်နေပြီဟုပင် သူ့စိတ်ထဲ၌ တစ်ခါတစ်ရံ ထင်လိုက်မိသည်။ သို့ရာတွင်
တစ်ခဏမျှသာ ဖြစ်သည်။ ရေတစ်ပွက်မျှသာ ကြာသည်။ ချက်ချင်း
အိမ်ပြန်ပြေးချင်စိတ် ပေါက်လာသည်။ မယား ဖယ်နန္ဒီကို မြင်လိုက်ချင်သည်။
သားငယ်နှင့် တွေ့လိုက်ချင်သည်။ ထိုအခိုက် ယနေ့အဖို့ အချိန်စေ့ပြီ၊
ပြန်နိုင်ကြပြီဟု အားလုံး ကြားအောင် အော်ပြောလိုက်သော ဗာလက်စတာ၏ အသံကို
ကြားလိုက်ကြသည်။
ထိုအခါ လွှစက်တို့ကို ရပ်လိုက်ကြသည်။ အလုပ်သမားတို့
ဣနြေ္ဒမပျက်၊ အလုပ်ခန်းမီးများကို ငြိမ်းသတ် ကြသည်။ သက်ဆိုင်ရာ လက်သမား
တန်ဆာပလာတို့ကို သက်ဆိုင်ရာ ခုံများပေါ်၌ အစီအရီ တင်ကြသည်။ ထို့နောက်
ကိုယ်လက် ဆေးကြော၍ အဝတ်လဲရန် ရေချိုးခန်းကြီးထဲသို့ ဝင်ကြသည်။ ဆိတ် မဟာမက်
တစ်ယောက်သာ အလုပ်ခန်း၌ ကျန်ခဲ့သည်။ ဆိတ်သည် တာဝန်အရ ညစ်ပတ်
ပေရေနေသည်တို့ကို ဆေးကြော၍၊ ရှုပ်ထွေး ပွေပွနေသည်တို့ကို ရှင်းလင်းရန်
ဖြစ်သည်။
ယာဗားသည် ရေချိုးခန်းကြီးထဲသို့ ဝင်လိုက်သောအခါ တရှဲရှဲ
ပန်းထွက်နေသော ရေပန်းအောက်တွင် အမွေးအမှင် ထူလှသော အီပိုဆီတိုကို မြင်သည်။
အီပိုဆီတိုသည် တံခါးပေါက်ဝကို ကျောခိုင်း၍ သူ့ကိုယ်ကို ဆပ်ပြာဖြင့်
နာနာပွတ်နေသည်။ အခါတိုင်းတွင် ရှက်တတ်သောကြောင့် သိုသိုဝှက်ဝှက်
ရေချိုးတတ်သော အီပိုဆီတိုကို ဝိုင်း၍ စတတ်ကြသည်။ ယခုအခါ မည်သူမျှ မစကြချေ။
အီပိုဆီတိုသည် သူများအား အလှည့်ပေးလိုသဖြင့် မြန်မြန်ထက်ထက် ရေချိုး၍
ရေပန်းအောက်မှ ထွက်လိုက်ပြီးလျှင် လန်ကွတ်တီ ဝတ်ထားလိုက်သည်။ ထိုအခါ
ကျန်လူများသည် တစ်ယောက် တစ်လှည့်စီ ရေပန်းအောက်သို့ ဝင်၍ ရေချိုးကြသည်။
မာကို၏ အလှည့်သို့ ရောက်၍ မာကို ရေချိုးနေစဉ် အလုပ်ခန်း တံခါးဆီမှ
တံခါးတွန်းသံကို ကြားလိုက်ကြသည်။ လှမ်းကြည့်လိုက်ကြရာ အလုပ်ရှင် လာဆား
ဝင်လာသည်ကို မြင်ကြသည်။
လာဆားသည် မနက်ခင်းက ဝတ်လာသော ဘောင်းဘီ
အင်္ကျီနှင့်ပင် ဖြစ်သည်။ ဖြီးထားသော ဆံပင်ကား ပုံပျက်၍ ပွနေသည်။
တိတ်ဆိတ်နေသော အလုပ်ခန်းကို ကြည့်လျက် ဝင်လာသည်။ ထို့နောက်
ရေချိုးခန်းဆီသို့ လှမ်းကြည့်လိုက်သည်။ အီပိုဆီတိုသည် လန်ကွတ်တီနှင့်ပင်
ဖြစ်နေသေးသဖြင့် ထိုင်ရမလိုလို ထရမလိုလို ဖြစ်နေသည်။ ယာဗားကမူ စကားပြောစရာ
ရှိလျှင် မာကိုကသာ ဦးဆောင်၍ ပြောလိမ့်မည်ဟု ယူဆ၍ ခပ်အေးအေး လုပ်နေသည်။
သို့ရာတွင် မာကိုသည် ရေပန်းအောက်၌ တဗြန်းဗြန်း မြည်၍ ကျနေသော ရေသီး
ရေပေါက်တို့တွင် မှုန်မွှားမွှား ဖြစ်နေသဖြင့် မာကို ကို မှုန်မွှားမွှားသော
မြင်ရသည်။ အီပိုဆီတိုသည် သူ့ရှပ်အင်္ကျီကို ကမန်းကတန်း ဆွဲယူ၍ သူ့လက်ကို
ရှပ်အင်္ကျီလက်ထဲသို့ ပျာယီးပျာယာ ထိုးထည့်သည်။ အလုပ်ရှင် လာဆားသည်
မလှမ်းမကမ်းသို့ ရောက်သောအခါ “အလုပ်ပြီးကြ ပလား။ နက်ဖြန် လာကြဦးနော်” ဟု
ဆို၍ နှုတ်ဆက်လိုက်သည်။ သူ့အသံသည် အာဏာသံလည်း မဟုတ်။ ကရုဏာသံလည်း မဟုတ်။
တစ်မျိုး ဖြစ်နေသည်။ ထို့နောက် လာဆားသည် လှည့်ထွက်သွားသည်။ လာဆား
လှည့်ထွက်သွားခါမှ တစ်ယောက်ယောက်က ပြန်၍နှုတ်ဆက်စကား ပြောလိုက်ဖို့
ကောင်းသည်ဟု ယာဗား တွေးမိလာသည်။ သို့ရာတွင် လာဆားသည် အပြင်သို့
ရောက်သွားလေပြီ။
ယာဗားသည် ရေမချိုးတော့ဘဲ အလုပ်ခန်းအဝတ်ကို ချွတ်၍
အိမ်က အဝတ်ကို ဝတ်သည်။ လုပ်ဖော်ကိုင်ဖက်တို့ကို ဖော်ဖော်ရွေရွေ နှုတ်ဆက်သည်။
လုပ်ဖော်ကိုင်ဖက်တို့ကလည်း ဖော်ဖော်ရွေရွေး ပြန်၍နှုတ်ဆက်ကြသည်။ ထို့နောက်
ယာဗားသည် အလုပ်ရုံမှ ထွက်၍ စက်ဘီးပေါ်သို့ တက်သည်။ စက်ဘီးပေါ်တွင်
သူ့ခါးနာသည် ပြန်ပေါ်လာသည်။ ဤသို့ဖြင့် ယာဗားသည် ညနေခင်းတွင် အသွားအလာ
ရှုပ်ယှက်ခတ်နေသော ရပ်ကွက်တို့ကို ဖြတ်၍ အိမ်သို့ ပြန်လာသည်။
သူ့အိမ်တွင် သူ့သားငယ်သည် ကျောင်းမှ ပြန်လာ၍ အရုပ်စာအုပ်ကို တစ်ရွက်ပြီး
တစ်ရွက် လှန်ကြည့်နေသည်။ သူ့မယား ဖယ်နန္ဒီသည် သူ့ကို ဆီးကြိုသည်။ ထို့နောက်
အလုပ်ရုံအကြောင်း၊ အလုပ်ရှင်အကြောင်း မေးသောအခါ ယာဗားသည် ပြောချင်စိတ်
မရှိသဖြင့် မပြောဘဲ ရေချိုးခန်းသို့ ဝင်သွား၍ ရေချိုးသည်။ ထို့နောက်
အိမ်ဘေး ခုံတန်းလျား၌ ထိုင်သည်။ မျှော်ကြည့်လိုက်လျှင် လွမ်းစရာ
ကောင်းလှသော ပင်လယ်ရေပြင်ကျယ်ကို မြင်ရသည်။ ဖယ်နန္ဒီသည် အရက်ချိုနှစ်ခွက်
ယူလာသည်။ ရေတကောင်း ယူလာသည်။ ထို့နောက် လင်ဖြစ်သူ ယာဗားအပါး၌ ထိုင်သည်။
ယာဗားသည် ဖယ်နန္ဒီ၏ လက်ကို ယုယုယယ ကိုင်ကာ နေ့ခင်းက အဖြစ်အပျက်
အားလုံးစုံကို ပြောပြသည်။ ပြော၍ ပြီးသောအခါ မျှော်မဆုံးသော
ပင်လယ်ပြင်ကျယ်ဆီသို့ မျှော်ကြည့်နေသည်။ နေမင်းသည် ညိုလာ၍ မှောင်စပြုပြီ။
“မတတ်နိုင်ဘူး ရှင်မရာ။ သူဌေးလား ...။ သူ့ အပြောကလည်း မောက်မာခဲ့တယ်
မဟုတ်လား။ သူ့အပြစ်နဲ့ သူပေါ့ကွာ” ဟု နိဂုံးချုပ် မှတ်ချက်ချ လိုက်သည်။
သူ့ကလည်း ပြန်ငယ်နိုင်၍ ပျိုတုန်း၊ ရွယ်တုန်း၊ သန်တုန်း၊ မြန်တုန်းသာ
ဖြစ်ခဲ့ပါမူ ဖယ်နန္ဒီကလည်း ပြန်ငယ်နိုင်၍ ပျိုတုန်း၊ ရွယ်တုန်း၊ သန်တုန်း၊
မြန်တုန်းသာ ဖြစ်ခဲ့ပါမူ သူတို့ နှစ်ဦးစလုံးသည် ပင်လယ်ရပ်ခြား
တိုင်းတစ်ပါးသို့ လွှင့်လိုက်ကြမည်သာ ဖြစ်သည်။
(The Silent Men by Albert Camus)
-------
ဇော်ဂျီ
ငွေတာရီ၊ အမှတ်(၃၄)၊ ဧပြီ၊ ၁၉၆၃။
No comments:
Post a Comment