Thursday 26 May 2016

မျက်မှန် (ဝင်းဖေ)

မျက်မှန် (ဝင်းဖေ)
--------------------
"ဟော အတော်ပဲ။ မောင်ချူး လာ။ တို့ ဒီမှာ ဘယ်နှယောက်လဲ။ မောင်သန်းပါနဲ့ နေပါဦး။ အင်း အားလုံးခြောက်ယောက်။ ပေးလိုက် ပိုက်ဆံ။ လက်ဖက်ရည်ဖိုး။ မောင်ရင်မှာလိုက်တဲ့ မျက်မှန် ဝယ်ခဲ့ပြီ"
ဝမ်းသာလိုက်တာ။ ကျုပ်မျက်စိ အဝေးမှုန် မှုန်နေတာကြာပြီ။ ဒီတုန်းက မိုးတွင်းမှာ မျက်မှန် ဝယ်မရလို့ မန္တလေးက ဝယ်ခဲ့ဖို့ ဘကြီးသိန်းဆီ မှာလိုက်တာလေ။ ကျုပ်ဘကြီးသိန်းဆီက မျက်မှန်ကို ယူပြီး တပ်ကြည့်လိုက်တော့ ဆိုက်က အတော်ပဲ။ အံကိုကျလို့။ အိမ်ပြင် ခပ်ဝေးဝေးကို လှမ်းကြည့်လိုက်တော့လည်း အရင်က ဝါးဝါးနေတဲ့ အမြင်ဟာ တစ်ခါတည်းကို ကြည်လင်သွားတာပဲ။
"ဘကြီးသိန်း၊ ကျွန်တော် ပေးလိုက်တဲ့ ငွေတစ်ရာနဲ့ လောက်ရဲ့လား။ စိုက်ခဲ့ရသေးလား။ မျက်မှန်ကတော့ သိပ်ကောင်းတာပဲဗျာ။ ဘကြီးသိန်းကို ကျေးဇူးတင်လိုက်တာ"
"သိတယ်၊ သိတယ်။ မင်းပေးလိုက်တဲ့ ဒီဂရီနဲ့ မလွဲရအောင် ငါ သေသေချာချာ ဂရုစိုက်ပါတယ်ကွာ။ ငါကိုယ်တိုင် မျက်မှန်ဘုရင် ကိုချစ်ဆီမှာ အခေါက်ခေါက် အခါခါ သွားပြီး စိတ်ကြိုက်ရွေး၊ စိတ်ကြိုက်ဆစ်ပြီး လုပ်ခဲ့တာကွ။ ရှစ်ဆယ်ပဲ ကျပါတယ်။ အေး ကျန်တဲ့ ငွေနှစ်ဆယ်တော့ မေ့လိုက်တော့။ ငါ သုံးပစ် လိုက်ပြီ"
"ရပါတယ် ဘကြီးသိန်းရာ။ ဟေ့ မောင်သန်း၊ ရော့ ပိုက်ဆံ လက်ဖက်ရည် သွားဝယ်ကွာ"
ကျုပ် ဘကြီးသိန်းကို တကယ် ကျေးဇူးတင်တယ်ဗျာ။ မျက်မှန်နဲ့ ကျုပ် မျက်လုံးနဲ့က တကယ့်ကွက်တိပဲ။ ပတ်ဝန်းကျင်ကို ကြည့်ရတာ တကယ့်ကို ခုမှ အားရပါးရ ပြန်ဖြစ်လာတယ်။ အဲဒီ အချိန်မှာ ဘကြီးသိန်းကတော့ တစ်ဖွဲ့လုံးကို ဒီမျက်မှန်ရအောင် သူ ဘယ်လို ဘယ်လို အပင်ပန်းခံပြီး သွားခဲ့လာခဲ့ ပြောခဲ့ဆိုခဲ့ရတဲ့ အကြောင်း အကြီးအကျယ် ရှင်းပြနေပါတယ်။ ကျုပ်လည်း ဘကြီးသိန်းကို ကျေးဇူးတင်ကြောင်း၊ သိပ် ကျေးဇူးတင်ကြောင်း၊ အများကြီး ကျေးဇူးတင်ကြောင်း အလွန်လည်း အားနာရပါကြောင်း ပြောပြပါတယ်ဗျာ။
အဲဒါက ဘကြီးသိန်း ရောက်တဲ့နေ့က အဖြစ်။ နောက်နေ့ကျတော့ ဒေါ်လှမယ်တို့ အလှူမှာ ဘကြီးသိန်းနဲ့ ပြန်ဆုံတယ်။ ကျုပ်ကလည်း သူဝယ်လာတဲ့ မျက်မှန်နဲ့ စတိုင်ကို ကျလို့ပေါ့။ အလှူလာတဲ့ ဧည့်သည်တွေကလည်း အတော်ကို စည်သဗျ။ ဘကြီးသိန်းက ကျုပ်ကိုလည်း မြင်ရော ဝမ်းသာအားရ လှမ်းခေါ်ပြီး ကျုပ် မျက်မှန်ကို ခဏ ချွတ်ခိုင်းပြီး သူ့ဘေးမှာ ဝိုင်းနေတဲ့သူတွေကို ပြတယ်။ အားလုံးကလည်း မျက်မှန်ကောင်းကြောင်း၊ ပုံသွက်ကြောင်း၊ မှန်သားလည်း အကောင်းစား ဖြစ်ကြောင်း ပြောကြတယ်။ ဘကြီးသိန်းကလည်း ကျုပ်အတွက်မို့ သူ ဘယ်လို ကြိုးစားပမ်းစား အပင်ပန်းခံ၊ အချိန်ကုန်ခံပြီး ဝယ်ခဲ့ရကြောင်း ပြောပြတယ်။ ကျုပ်မှာလည်း ကျေးဇူးတင်ကြောင်းတွေ အထပ်ထပ် ပြောရပြန်တာ ပေါ့ဗျာ။ ဟုတ်လည်း ဟုတ်ပေတာပဲ။ ကျုပ်အတွက် သူ လုပ်ခဲ့ကိုင်ခဲ့တာက သေသေသပ်သပ်နဲ့ ကွက်တိ စိတ်တိုင်းကျ ဖြစ်နေခဲ့တယ် မဟုတ်လား။ ဒါကို ဘကြီးသိန်းက ဂုဏ်ယူလို့ မဆုံးဘဲ ခင်ဗျ။
အဲဒီ ညနေက မန္တလေးက ဧည့်သည် နှစ်ယောက်နဲ့အတူ ဘကြီးသိန်း ကျုပ် အိမ်ရောက်လာတယ်။ ညနေစာ ကျုပ်ဆီမှာ စားမယ်တဲ့။ ဒါလေးများ အဆန်းလား။ ရတယ်။ သိပ်ရတာပေါ့။ ချက်ချင်းပဲ ကျုပ် ဆိုင်ဟင်း ဆိုင်ထမင်းတွေ မှာပြီး စီစဉ်လိုက်ပါတယ်။ ဒါပေမဲ့ အချိန်ကိုက်ကလေးလို ရမ်တစ်ပုလင်းလောက် ရရင် သိပ်ကောင်းမယ်လို့ ဘကြီးသိန်းက ပြောတယ်။ ရတယ်။ ရပါတယ်။ အားလုံး ပျော်ပျော်ပါးပါးပေါ့။ ကျုပ် ချက်ချင်းပဲ ပြေးအဝယ်ခိုင်းလိုက်ပါတယ်။ အမြည်းတောင် ထပ်ဝယ်လိုက်သေး။ ရေခဲ၊ ဆော်ဒါလည်း အပြည့်အစုံ။ ဒါပေမဲ့ သောက်ခါနီး စားခါနီးကျမှ ကျုပ် စိတ်ထဲမှာ တစ်ခုအောင့်သွားတယ်။
"ကဲ ကိုယ့်လူတို့ ချကြ။ ဘာမှ အားမနာနဲ့။ မောင်ချူး ဆိုတာက ကျုပ်နဲ့ သိပ်ရင်းပါတယ်။ ပြီးတော့ ဒီတစ်ခေါက် သူ့အတွက် ကျုပ်က မျက်မှန် တစ်လက် ဝယ်ခဲ့ရတာဗျ။ ဒီမျက်မှန် မရှိရင် ဒီလူက အကန်းပဲ။ ဘာမှ ကောင်းကောင်း မြင်ရတာ မဟုတ်ဘူး။ တစ်နေ့တစ်နေ့ ကားတိုက် ခံရမလား၊ စက်ဘီးတိုက် ခံရမလားနဲ့ တထိတ်ထိတ် နေခဲ့ရတာ ။ ဟုတ်တယ် မဟုတ်လား မောင်ချူး"
ကဲကြည့်၊ လုပ်လာပြန်ပြီ။ ကျုပ် သူ့ကို ထမင်းကျွေးတယ် ဆိုတာက ကျုပ်တို့ မိုးညှင်းသားတွေရဲ့ စေတနာစရိုက်ဗျ။ ဒီလိုပဲ ကျုပ်တို့ဆီက ဖော်ရွေကြပါတယ်။ သူလည်း အသိပါဗျာ။ ခုတော့ မျက်မှန်ဝယ်ပေးလို့ပဲ ကျွေးရသလိုလို၊ မှန်တာ ပြောရရင် ကျုပ်က နည်းနည်းတော့ အောင့်တယ်ဗျ။
အဲဒီ နောက်မှာ အရက်သောက်ရင်းနဲ့ ဒီမျက်မှန်ကို သူဘယ်လို ဘယ်လို ခက်ခက်ခဲခဲ ဝယ်ခဲ့ရကြောင်း ပြောပြန်ရောဗျား။ ဧည့်သည် နှစ်ယောက်ကလည်း မန္တလေးသားတွေပဲဗျ။ ဘကြီးသိန်းကို ထောက်ခံကြတယ်။ မန္တလေးမှာကို ခုတလော မျက်မှန်ရှားကြောင်း၊ ဝယ်ရခက်ကြောင်း၊ ဈေးကြီးနေကြောင်း၊ ကျုပ်အနေနဲ့ အရတော်ကြောင်း၊ ကံကောင်းကြောင်းပေါ့ဗျာ။ လုပ်ကြတာလေ၊ ကျုပ်ကလည်း အိမ်သည် မဟုတ်လား။ ခေါင်းတညိတ်ညိတ်နဲ့ မပြုံးချင်ဘဲလည်း ပြုံးထားရ၊ ကျေးဇူးတင်ကြောင်းတွေလည်း ထပ်ပြောရနဲ့ စိတ်မပါဘဲ လုပ်နေရတယ်ဗျာ။ ကျုပ် ဒုက္ခကို ခင်ဗျားတို့ စဉ်းစားကြည့်ရင် သိပါတယ်။
နောက်နေ့ အဖြစ်ကတော့ ပိုဆိုးတယ်ဗျို့။ ကျုပ်က လက်စွပ်ကလေး တစ်ကွင်းရောင်းဖို့ ပွဲစားနဲ့ ထည့်လိုက်တာ။ ပေးတဲ့လူက ခုနစ်ထောင် ပေးတယ် တဲ့ဗျာ။ အဲဒါကို ဘကြီးသိန်းက သူ ကြိုက်တယ် ဆိုပြီး ခြောက်ထောင်နဲ့ ဖြတ်ယူ လိုက်သတဲ့။ ပွဲစားက ကျုပ်သဘောကို ပြန်မေးပါဦးမယ် ပြောတော့ ပြောနေစရာ မလိုပါဘူးတဲ့။ မောင်ချူးကို ပိုင်ပါတယ်တဲ့။ ဒီတစ်ခေါက် မောင်ချူးအတွက် မျက်မှန်ဝယ်ခဲ့လို့ မောင်ချူးက သူ့ကို ဘယ်လို ကျေးဇူး ဆပ်ရမှန်းတောင် မသိအောင် ဖြစ်နေတာတဲ့။ ကဲ ...။
ထားတော့။ ကျုပ်က အဲဒီ လက်စွပ်ကို လေးထောင်နဲ့ ဝယ်ထားတာပါ။ ခြောက်ထောင်ဆိုလည်း သူ ကြိုက်တယ်ဆိုရင် သူ့အတွက်ဆိုရင် ဖြစ်ပါသေးတယ်။ ခုတော့ ပစ္စည်းကို မန္တလေး ရောက်အောင်တောင် မစောင့်ဘူး။ မိုးညှင်းမှာတင် ရှစ်ထောင်နဲ့ ပြန်ရောင်းလိုက် သတဲ့ဗျား။ ကဲ ကောင်းကြရော။
အဖိတ်နေ့ကတော့ ဈေးထိပ်က လက်ဖက်ရည်ဆိုင်မှာ ဘကြီးသိန်းနဲ့ ကျောက်ပွဲစား တစ်သိုက် ထိုင်နေကြတာ မြင်လို့ ကပျာကယာ ဈေးမြောက်ဘက်က ပတ်ပြီး လစ်ခဲ့ရတယ်။ ကျုပ်ကို မြင်သွားရင် သိတယ် မဟုတ်လား။ ဘယ်လွတ်လိမ့်မလဲ။ ဒီမျက်မှန် အကြောင်း ပြောဦးမယ်။ ကျုပ်က ကျေးဇူးတင်ကြောင်း ပြောရဦးမယ်။ သူ့ကို မပြောနဲ့။ ကျုပ်ကိုယ်ကျုပ်တောင် နားကြားပြင်း ကတ်တယ်ဗျာ။
ကျုပ် ရှောင်ပါတယ်။ ဘကြီးသိန်းနဲ့ မတွေ့အောင် အလွန် သတိထား ပါတယ်။ ကျောက်ပွဲစားပီပီ သူက တစ်မြို့လုံး လျှောက်သွားနေတာဗျ။ ကျုပ်လည်း မြို့ပတ် ပြေးနေရတာပဲ။
ဒါပေမဲ့ သတင်းတွေကို ကြားနေရတယ်ဗျာ။ ရောက်လေ ရာရာမှာ သူ ကျုပ်အတွက် မျက်မှန် ဝယ်လာလို့ ကျုပ်က သူ့ကို အလွန် ကျေးဇူး တင်နေတဲ့ အကြောင်း၊ ဘယ်လို ကျေးဇူး ဆပ်ရမလဲ စဉ်းစားနေတဲ့ အကြောင်း။ တကယ်တမ်း တွေးကြည့်မယ်ဆိုရင် ကျုပ်အသက်ကို ကယ်ထားတယ်လို့တောင် ပြောနိုင်ကြောင်း၊ သူသာ မျက်မှန် ဝယ်မလာရင် ကျုပ်ဟာ တစ်နေ့မဟုတ် တစ်နေ့ ကားတိုက်ခံရမယ့် အကန်းဖြစ်ကြောင်း စုံလို့ပါပဲဗျာ။ ကျုပ် မျက်စိမှုန်တာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ကိုယ်သူ သိကြားမင်းလောက် ဖြစ်အောင် ပြောပြော နေတာကတော့ လွန်လာပြီဗျာ။
နောက် ခံပြင်းတဲ့ကိစ္စက ကျုပ် စောစောက ပြောခဲ့တယ် မဟုတ်လား။ သူ ပြောတဲ့ စကားလေ။ သူ့ကို ကျုပ်က ဘယ်လို ကျေးဇူး ဆပ်ရမလဲလို့ စဉ်းစားနေတယ် ဆိုတဲ့ ကိစ္စလေ။ ဘယ်လိုလဲဗျာ။ ဒီမျက်မှန် ဝယ်လာတဲ့ ကိစ္စကို ကျုပ်က စပယ်ရှယ် ကျေးဇူး ဆပ်ရဦးမတဲ့လား။ ကျုပ် သူပြောလို့ ကျွေးလည်း ကျွေးပြီးပါပြီ။ ဒီမျက်မှန် အတွက်နဲ့ သူ့ကိုပဲ ကျုပ်က တစ်သက်လုံး ကျေးဇူး ဆပ်နေရတော့ မလိုလို။ သူ အလကား ဝယ်ခဲ့တာလည်း မဟုတ်ဘူးဗျ။ မျက်မှန်ဖိုးကို ကျုပ်က လုံလုံလောက်လောက် ပေးလိုက်တာပါ။ ပိုတဲ့ နှစ်ဆယ်တောင် သူ သုံးပစ်လိုက်သေးတယ် မဟုတ်လား။ ကျုပ် သူတစ်ပါးကို ကျေးဇူးတင်ရမှာ မနှမြောပါဘူး။ မတွန့်တိုပါဘူး။ ဒါပေမဲ့ ဒီကိစ္စမှာကတော့ လွန်ပြီဗျာ။ ဟိုနေရာလည်း ဒီမျက်မှန် အကြောင်း၊ ဒီနေရာလည်း ဒီမျက်မှန်အကြောင်း၊ လူစုမိတိုင်း ဒီအကြောင်း ပြော ပြောပြ သတဲ့ဗျာ။ နေရာတကာမှာ ကျုပ် ကြားကြားနေရတယ်။
ကုန်ကုန် ပြောမယ်။ ကျုပ် အိပ်မက် ထဲမှာတောင် အများရှေ့မှာ ကျုပ် မျက်မှန်ကို ချွတ်ခိုင်းပြီး သူ ဝယ်ခဲ့တဲ့ အကြောင်း ပြောတယ်ဗျာ။ ကျုပ် အိပ်မက်က လန့်နိုးတယ်။ ဇောချွေးတွေများတောင် ပြန်တယ်။
အဲ အဲဒီနေ့ကတော့ ဘူတာရုံက ပြန်လာတဲ့ ကျုပ်တူ သောင်းရွှေက ကျုပ်ကို တကူးတက ဝင်ပြောတယ်။
"လေးချူး ဒီနေ့ ရထားနဲ့ ဘကြီးသိန်း မိတ်ဆွေ ခြောက်ယောက် ပါလာတယ်။ တစ်လမ်းလုံး သောက်လာကြတယ်နဲ့ တူတယ်။ ဘူတာရုံမှာ ဘကြီးသိန်း လာကြိုတော့ ဆူညံနေတာပဲ။ အဲဒါ ဘကြီးသိန်းက ပြောနေတယ်။ တည်းခိုစရာ အခက်အခဲ ရှိနေရင် ပြောတဲ့။ သူ့အဖွဲ့ မောင်ချူး ဆိုတာ ရှိတယ်တဲ့။ အဲဒီမှာ တည်းနိုင်အောင် လိုက်ပြောပေးမယ်တဲ့။ သူလည်း အိမ်ပြောင်းပြီး လိုက်တည်းမယ် ဆိုပဲ။ ဟိုလူတွေက အင်တင်တင် လုပ်နေတာကို ဘကြီးသိန်းက အားနာစရာ မလိုဘူးတဲ့။ မောင်ချူးဆိုတာက သူ့ကျေးဇူး အများကြီးရှိတယ်" တဲ့။
"အေး ကိစ္စမရှိဘူး လာကြပါစေကွာ"
ကျုပ်အတွက် အန္တရာယ်ရှိလို့ လာပြောရှာတဲ့ သောင်းရွှေတောင် အတော် အံ့ဩသွားတယ်။ ပြီးတော့ နှုတ်ဆက်ပြီး ထွက်သွားတယ်။ ရထားဆိုက်ပြီးတော့ နှစ်နာရီလောက် ကြာတယ်။ ဘကြီးသိန်းတို့ ပေါ်မလာကြဘူး။ နောက်မှ သိရတာပါ။ အရက်ဆိုင်မှာ ဝင်သောက် နေကြတာတဲ့။ ဘယ်လောက် ကြည်ညိုစရာ ကောင်းတဲ့ လူတွေလဲ။
ညနေ လေးနာရီလောက် ကျမှ ဘကြီးသိန်းနဲ့ ဧည့်သည် ခြောက်ယောက် ကျုပ် အိမ်ရှေ့ကို ရောက်လာကြတယ်။ အတော် မူးနေကြပြီ။ ကျုပ်ကတော့ အိမ်ရှေ့က ထွက်စောင့်နေတာပါ။ ကျုပ်နဲ့ ဘကြီးသိန်း မျက်နှာချင်းလည်း ဆိုင်မိရော ကျုပ် သူ ဝယ်လာတဲ့ မျက်မှန် တပ်ထားရာက ချွတ်ပြီး မြေကြီးပေါ် ချပြီး ဖနောင့်နဲ့ လေးချက်လောက် ပေါက်လိုက်တယ်။ ဘကြီးသိန်းတို့အဖွဲ့ ကြက်သေ သေနေကြတယ်။
"ကဲ ဘကြီးသိန်း တွေ့ပြီ မဟုတ်လား။ ခင်ဗျားကို မျက်မှန် ဝယ်ခိုင်းမိတဲ့ အတွက် ကျုပ် တောင်းပန်ပါတယ်။ နောက်လည်း ဘယ်တော့မှ ဘာမှ အဝယ် မခိုင်းဝံ့တော့ပါဘူး။ ကျုပ်အိမ်လည်း ဘယ်တော့မှ မလာပါနဲ့တော့ ဒါပါပဲ"
ကျုပ်စိတ်ကို ချုပ်ပြီး ဒါလောက်ပဲ ပြောပါတယ်။ စကားလည်းဆုံးရော အိမ်ထဲဝင်ခဲ့ပြီး တံခါးပိတ် ထားလိုက် ပါတယ်။
ဘကြီးသိန်းတို့ တစ်ယောက်တစ်ပေါက် ဘာတွေ ပြောကြမှန်း မသိဘူး။ ပြောကြပြီး ကျုပ် အိမ်ရှေ့က ထွက်သွားကြတယ်။
အဲဒါ ကျုပ်နဲ့ ဘကြီးသိန်းရဲ့ နောက်ဆုံး ဆက်ဆံရေးပါပဲ။ ဒါတောင် မန္တလေး ပြန်ရောက်တော့ ပြောနေသေးသတဲ့။
"ဗျာ မိုးညှင်းက မောင်ချူး ဆိုတဲ့လူ အတော်ဆိုးတယ်။ သူ့အတွက် စေတနာနဲ့ ဝယ်ပေးတဲ့ မျက်မှန်ကို သူနဲ့လည်း ကိုက်ရဲ့သားနဲ့ ဘာစိတ်ပေါက် သွားတယ် မသိဘူး၊ ရိုက်ခွဲ ပစ်လိုက်တယ်။ ဒီလူ ရူးသွားပြီ ထင်တယ်" တဲ့။
တကယ် တရားရဖို့ ကောင်းပါတယ်ဗျာ။
---------
ဝင်းဖေ
ရွှေအမြုတေ၊ ဩဂုတ်၊ ၁၉၈၉။

No comments:

Post a Comment