ဆယ့် ‘ဆည်’ ဆည်း (သုမောင်)
----------------------------------
(၁)
ကျွန်တော်သည် ငယ်စဉ်က အလွန် ဆိုးပါသည်ဟု အမေက ပြန်ပြောပြသဖြင့် သိရှိ
ရယ်မော သဘောကျခဲ့ရပါသည်။ လိုချင်တာ မရလျှင် ကလေး သဘာဝ ဆန္ဒပြတတ်ပါ သတဲ့။
ဥပမာ၊ ညကြီးသန်းခေါင် အိမ်ရှေ့ ဓာတ်မီးတိုင်တွင် အိမ်မြှောင်တကောင် တက်တာ
ဆင်းတာကို မတက်မချင်း၊ မဆင်းမချင်း မိုးရွာကြီးထဲတွင် ထီးဆောင်းပြီး
အဖေနှင့် အမေ တလှည့်စီ စောင့်ပြီးပြမှ ကျေနပ်ပြီး အိပ်ရာသို့ ဝင်သည်အထိ။
အိမ်မြှောင်သည် တက်ပါ ဆင်းပါဟု ခိုင်းစေ၍ မည်သို့ ရပါမည်နည်း။ ကျွန်တော်
ဒါကို မသိခဲ့ပါ။
ထိုစဉ်က ကျွန်တော့် အသက် နှစ်နှစ်ခွဲခန့်ဟု ဆိုပါသည်။
(၂)
ဝတ်မှုန်သည် ပန်း၏ မျိုးစေ့၊ ပန်းသည် ဝတ်မှုန်၏ ဘဝ၊ ဤသို့ တွေးတတ်နေသည့်
နွေကာလ ပန်းပိတောက် ပွင့်ချိန်တွင် ယောက်ျားတန်မဲ့ ပိတောက်ပင်ကို
ရေဖျန်းယင်း ကျွန်တော် ကြည်နူးစွာ မျှော်တတ်နေပါပြီ။
ဆောင်းကာလ မြူနှင်းကို မျှော်ယင်း နံနက်စောစော အိမ်ရှေ့မှာ ထွက်၍ မြူနှင်းကို ခြူရန် တံချူတံ ကိုင်၍ နေတတ်နေပါပြီ။
မိုးကာလ၊ တဖြောက်ဖြောက် မြည်၍ ကျသော ခေါင်မိုးပေါ်က စတီရီယို တေးသံကို အိပ်ရာထဲမှ ခွခေါင်းအုံးကို ဖက်လျက် နာခံတတ်ပါသည်။
ယခု ကျွန်တော် သုံးဆယ် ကျော်ပါပြီ။
(၃)
အဖေနှင့် အမေသည် ယခု ခြောက်ဆယ်ကျော် ခုနစ်ဆယ်နီးပါး အရွယ် ရောက်နေကြပါပြီ။ တယောက် တမျိုး ဆိုးကြပါသည်။
အဖေသည် သူလိုချင်တာ ရှိလျှင် မရမက ဇွတ်အတင်း ရအောင် ပညာရှိဆန်ဆန် ရယူ
တောင်းခံတတ်သည်။ ကျွန်တော်တို့ ခံတွင်းတွေ့သည် မတွေ့သည်၊ ကျွန်တော်တို့
လုပ်အပ်သည် မလုပ်အပ်သည်ကို မစဉ်းစားပဲ လိမ္မာပါးနပ်စွာ သူ လုပ်ချင်ရာ
လိုချင်ရာကို ဇွတ်ဖန်တီး ယူပါသည်။
အမေသည် အောင်ကြီးကိတ်မုန့်
စားချင်လျှင် လည်းကောင်း၊ ရဲစိန်၊ ညီဝင်းစိန် စသော ဇာတ်ပွဲများကို
ကြည့်ချင်လျှင် လည်းကောင်း၊ ငွေကြေး ပြတ်နေလျှင် လည်းကောင်း ကျွန်တော့်အား
လူရှေ့သူရှေ့ မရှောင် ပိုက်ဆံ ဇွတ်တောင်း တတ်ပါသည်။
ကျွန်တော် တတ်နိုင် မတတ်နိုင်၊ အပ်ရာ မအပ်ရာကို အမေ မစဉ်းစား၊ ဇွတ်။ အချိန်အခါကို မရွေး။
(၄)
ကျွန်တော်သည် ငယ်စဉ်က မသိ၍ ဆိုးပါသည်။ အဖေ အမေ တို့သည် လောကကြီး အကြောင်း
သိပြီးမှ ဆိုးကြပါသည်။ ရိုးသားစွာ ဆိုးကြခြင်း အတူတူ လောကကြီး အကြောင်း
သိပြီးမှ ဆိုးခြင်းသည် ပို၍ ရိုးသားကြောင်း ကျွန်တော် သဘောပေါက်လိုက်
ရပါသည်။
တပတ်လည်တတ်ဖို့ အရေးကြီးပါကလား။
-----------
သုမောင်
၃၀-၁-၈၅
ကင်းတား မဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၈၅။
No comments:
Post a Comment