ဆရာအို ပြဿနာ (သိန်းဖေမြင့်)
------------------------------------
အချိန်မှာ ကျွန်ုပ်တို့၏ ရန်ကုန်တက္ကသိုလ် နွေရာသီ ကျောင်းပိတ်ချိန် တစ်နေ့သော နံနက်ခင်း ဖြစ်လေသည်။
ကျွန်ုပ်သည် ပင်စင် ယူခါနီးပြီ ဖြစ်သော ကထိက ဆရာအိုကြီး တစ်ဦး ဖြစ်ပေ၏။
ကျွန်ုပ်သည် မည်သူကမျှ မပညပ်မီကပင် ကိုယ့်ဘာသာ စည်းကမ်း သတ်မှတ်ပြီး
ကျောင်းသို့ ၉-နာရီ မှန်မှန် ရောက်အောင် လာလေ့ရှိသည်။ ကျောင်းသားတွေ အတွက်
ကျောင်းပိတ်ပြီး ဖြစ်လျက် ဆရာများအတွက် ကျောင်းမပိတ်သေးသော
ရက်များ၌ပင်လျှင် ဤအချိန်ဇယားကို စည်းကမ်းကြီးစွာနှင့် စောင့်ထိန်းလေ့
ရှိသည်။
ကျွန်ုပ်သည် နေအိမ်မှ ကျောင်းသို့ ခြေလျင်
လျှောက်ရခြင်းကိုလည်း နေပူမရှောင် မိုးရွာမရှောင် ကျင့်သုံးသော အလေ့
လုပ်ထားပေသည်။ ကျွန်ုပ်၏ ကျန်းမာရေး အခြေအနေ ကောင်းသည်မှာ ဤအလေ့ကြောင့်
တစ်ကြောင်း ဖြစ်သည်။ လူငယ် ဆရာတွေက မော့စ်ဖစ်ခ်ျ၊ ဘဲလော့က်စ်ဗစ်တာ စသော
ကားကလေးများ ဝယ်နိုင်အောင် လခထဲမှသော်၎င်း၊ စာမေးပွဲ အဖြေလွှာ
ဖျက်ခထဲမှသော်၎င်း အပတ်တကုတ် ကြိုးစား၍ ငွေစုနေကြချိန်တွင် ကျွန်ုပ်မှာ
ပင်စင်ယူလျှင် ကိုယ့်ဝင်းကိုယ့်ခြံ ကိုယ့်အိမ်ကလေးနှင့် နေနိုင်အောင်
စုဆောင်းနိုင်ပေသည်။ ပင်စင်ယူပြီးလျှင် ခြံမြေထဲမှာ သစ်ပင်စိုက်ရင်း
ရုက္ခဗေဒ သုတေသန လုပ်ရန် စိတ်ကူးထားပေသည်။ ရုက္ခဗေဒသည် ကျွန်ုပ် သင်ကြား
ပြသနေရသော ဘာသာရပ်ကား မဟုတ်ပါ။ ဝါသနာအလျောက် လေ့လာနေသော အပျော်လုပ်ငန်း
တစ်ခုသာ ဖြစ်လေသည်။
ကျွန်ုပ်သည် တက္ကသိုလ် ရိပ်သာလမ်းမကြီးကို
ဖြတ်ပြီး အင်းလျားလမ်းထဲသို့ ဝင်လာလေသည်။ ဝင်လာမိသည်နှင့် တစ်ပြိုင်နက်
အင်းလျားလမ်းတွင် နေထိုင်ကြသော ဘူမိဗေဒ ပါမောက္ခ ဒေါက်တာ သာလှ၊ မြန်မာစာ
ပါမောက္ခ ဦးအေးမောင်၊ ရူပဗေဒ ပါမောက္ခ ဒေါက်တာ မောင်မောင်ခ၊ ပိဋကတ်
တိုက်မှူး ဦးသိန်းဟန် (ဇော်ဂျီ)၊ မော်ကွန်းထိန်း အရာရှိ ဦးယုခင်နှင့်
ဘာသာပြန်နှင့် ထုတ်ဝေရေး ဦးဝန် (မင်းသုဝဏ်) တို့သည် အားလုံးပင်
ကျွန်ုပ်ထက် ငယ်သူများ ဖြစ်ကြောင်း ဗြုန်းကနဲ သတိရသွားလေသည်။
ကျွန်ုပ် ကူးဖြတ်ခဲ့ရသော တက္ကသိုလ်ရိပ်သာ လမ်းမကြီးနှင့် ပုဂံလမ်းမှာ
ခြားနားလှသည်။ ပုဂံလမ်းထဲ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်သက်
အေးချမ်းခြင်း အရသာကို ထူးထူးခြားခြား ခံစားလိုက်ရ၏။ နဂါးဘတ်စ်ကားနှင့်
ပရိုက်ဗိတ် ကားသံများသည် ပျောက်ကွယ်သွားသည်။ ပူရှိန်ကောင်းစ တောက်ပ
ဝင်းထိန်သော နေခြည်များမှ ကင်းလွတ်ခဲ့ပြီး ပုဂံလမ်းပေါ်သို့ ဖြာဆင်းနေသော
သစ်ပင်ရိပ်ကြီးများ အောက်သို့ အေးကနဲ ဝင်ရောက်လာခဲ့လေသည်။ လမ်း၏
ဟိုဘက်သည်ဘက်မှ ထင်းရှူးပင်ကြီးများသည် ကျွန်ုပ်အား ထီးမိုးပေးရကြသည်နှင့်
တူ၏။ ခြံစည်းရိုးများပေါ်မှ ကော်ထွက်နေကြသော တရုတ်စကား အကိုင်းအခက်များသည်
ငွေဖြူစကား ပန်းရိပ်များဖြင့် ကျွန်ုပ်အား လက်ဝှေ့ယမ်းကာ နှုတ်ဆက်
နေကြသည်နှင့် တူပေ၏။ ကျွန်ုပ်သည် အစပထမ၌ ထင်းရှူးပင်ကြီးများကို ရုက္ခဗေဒ
အမြင်ဖြင့် လေ့လာကြည့်မိ၏။ မျိုးစေ့ကို လျှို့ဝှက် သိုလှောင်သော
အပင်မျိုးနှင့် မျိုးစေ့ကို တမင် ဖော်ပေးထားသော အပင် ၂ မျိုး ရှိရာ
ထင်းရှူးပင်မှာ ဒုတိယအမျိုး ဖြစ်ကြောင်းနှင့် ရန်ကုန်သည် ထင်းရှူးပင်၏ မူလ
ပေါက်ဖွားရာ အရပ် မဟုတ်ကြောင်း သတိရနေလေသည်။ တရုပ်စကားပင်၏ မျိုးစု၊
မျိုးခွဲ၊ မျိုးစပ် စသော ရုက္ခဗေဒ ဇယားကို သူ့ အခေါ်အဝေါ်နှင့်တကွ မှတ်မိအောင်
လေ့လာကြည့်သည်။ ကျွန်ုပ်မှာ လူငယ်များလို မှတ်ဉာဏ် မကောင်းတော့ချေ။
ထိုးထွင်းဉာဏ်၊ တီထွင်ဉာဏ်တို့ကား ပိုမို ထက်မြက်လာသည်ဟု ထင်ပါသည်။
အချို့ ငုပင်များသည် ပုဂံလမ်းပေါ်၌ ရွှေဝါပန်းကုံးများကို သွယ်ချထားကြပြီး
အချို့ ငုပင်များကမူ နီလာပန်းကုံးများ သွယ်ချထားကြ၏။ ကျွန်ုပ်သည် ငုရွှေဝါ
ငုနီလာတို့ကိုကား ရုက္ခဗေဒ အမြင်ဖြင့် ကြည့်၍ မရတော့ပါ။ အလှကြည့်သာ
ကြည့်မိပါတော့၏။ စိန်ပန်းပင်များသည်လည်း ပင်လုံးကျွတ် ပွင့်ကုန်ကြလေပြီ။
နီရဲဝင်းထိန်သော ပတ္တမြားပန်းများပေတည်း။
ကျွန်ုပ်သည်
နွေဦးပန်းများ၏ အလှတွင် ကြည်နူးနေရာမှ အတန်ကြာတော့ ယစ်မူးသွားလေပြီ။
စကားပန်း ငွေဖြူ၊ ငုရွှေဝါ၊ ငုနီလာနှင့် စိန်ပန်း ပတ္တမြားတို့သည် ကျွန်ုပ်
မနော အကြည်ဓာတ်တွင် ရောင်စုံရိုက်ခတ်ပြီး တဖျတ်ဖျတ် နေကြလေပြီ။
ပုဂံလမ်းသည် အခါတိုင်းလိုပင် ယာဉ်အသွားအလာ နည်းသည်။ ယနေ့မူ လူသူလေးပါးပင်
အသွားအလာ မရှိ။ ထို့ကြောင့် တိတ်ဆိတ် ငြိမ်သက်လှပေ၏။ ထိုအခိုက် မြောက်ဘက်မှ
မျက်နှာတူရူ ဆော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏ ရင်ခွင်တွင် တိုးဝှေ့
ကစားပြီး ကျွန်ုပ်၏ ပါးစပ်များကို နမ်းရှုတ်လိုက်လေသည်။ လတ်ဆတ် ထုံသင်းလှသော
လေညင်းပေတည်း။ ထိုအချိန်တွင် ပုဂံတစ်လမ်းကို ကျွန်ုပ် တစ်ဦးတည်း
ပိုင်နေသည်ဟု ကျွန်ုပ် ထင်မှတ်လိုက်ပေ၏။
ကျွန်ုပ်မှာ ပင်စင်
ယူရခါနီး ဆရာအိုကြီး ဖြစ်သဖြင့် တစ်ခါတစ်ခါ ဒူးဆစ်များ ကိုက်ခဲတတ်သည်။
သို့ရာတွင် ကျွန်ုပ် ခြေလှမ်းများမှာ ခပ်မှန်မှန်ပင် ဖြစ်၏။ ထိုင်နေသောအခါ
ခါးမှာ အနည်းငယ်ပင် ကိုင်းနေပါပြီ။ သို့ရာတွင် ကျွန်ုပ်သည် ခပ်မတ်မတ်ပင်
လမ်းလျှောက်ပေသည်။ ကျွန်ုပ်၏ ဆံပင်များမှာ ဖြူကုန်ပါပြီ။ သို့ရာတွင်
သေသပ်စွာ ဖြီးထားပါ၏။ မျက်လုံးများမှာ အနီးကြည့်အတွက် ခပ်မွဲမွဲ ဖြစ်သဖြင့်
မျက်မှန် ဆောင်ထားရ၏။ အဝေးကြည့်အတွက်ကား မျက်မှန် မလိုပါ။
ပုဂံလမ်းသည် လမ်းတိုကလေး ဖြစ်ပြီး ဟိုဘက်ထိပ်မှ သည်ဘက်ထိပ် တောက်လျှောက်
မြင်နိုင်သည်။ ကျွန်ုပ်သည် စကား ငွေဖြူ၊ ငုရွှေဝါ ငုနီလာနှင့် စိန်ပန်း
ပတ္တမြားတို့တွင် ပျံဝဲကာ အလှဝတ်ရည်များ သောက်သုံးနေသော မျက်လုံးများကို
ရှေ့လှမ်းပြီး တည့်တည့် လွှတ်လိုက်လေသည်။ လမ်းတစ်လျှောက်လုံး ငွေဖြူရောင်
ရွှေဝါရောင် နီလာရောင်နှင့် ပတ္တမြားရောင်များ ကွန့်မြူးယှက်သန်းနေသည်။
ကျွန်ုပ်သည် ပုဂံလမ်း တစ်ခုလုံးကို ကျွန်ုပ် တစ်ဦးတည်း ပိုင်သည်ဟု
ထင်မှတ်ခဲ့၏။ ယခုတော့ ကျွန်ုပ် တစ်ဦးတည်း ပိုင်သည် မဟုတ်ကြောင်း
တွေ့ရသဖြင့် ဝန်တိုခြင်းဖြင့် စိတ်အနှောင့်အယှက် ဖြစ်မိလေသည်။ ပုဂံလမ်းကို
ကျွန်ုပ်နှင့် ပူးတွဲ၍ ပိုင်သူမှာ မိန်းမပျိုလေး တစ်ဦး ဖြစ်နေ၏။
ရုတ်တရက်သော် စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ရှေ့က သွားနေသူ
မိန်းမပျိုအား နောက်မှ ခြေ ၄-၅ လှမ်း လိုက်ရင်း စူးစိုက်ကြည့်မိသောအခါ
စိတ်ဝင်စား သွားလေသည်။
သူမ လမ်းလျှောက်သွားပုံမှာ ကြည့်၍
ကောင်းလှသည်။ ဖျတ်ဖျတ်လတ်လတ် လျှောက်သွားသော်လည်း ကြော့ရှင်း ယဉ်ကျေးမှု
မပျက်စေခြင်းမှာ ထူးခြား၏။
ဤမိန်းမပျိုသည် ဘယ်က လာသနည်း။ ဆရာမကလေး
လော၊ ကျောင်းသူ လော။ ကျွန်ုပ် သို့လောသို့လော တွေးကာနေသည်။ မိန်းမပျိုသည်
အောက်သူလော၊ အညာသူလော၊ ရခိုင်လော၊ ရှမ်းလော၊ ထားဝယ်သူလော၊ မြိတ်သူလော။
သို့ကလို တွေးတောကြည့်နေရာမှ မနုဿဗေဒခေါ် အင်သရို ပိုလိုဂျီ အတိုင်းအထွာ
စံချိန်များနှင့် တိုင်းထွာ ကြည့်လိုစိတ်များ ပေါ်လာလေသည်။ အင်သရိုပိုလိုဂျီ
အမျိုးအစား ဇယားများတွင် သွင်းကြည့်လျှင် ဘယ်လို နေပါလိမ့်မည်ဟု
စဉ်းစားရန် စမိသည်။ သို့ရာတွင် ထိုသို့ စဉ်းစား၍ မရပါ။ ငုရွှေဝါ
ငုနီလာတို့အား ရုက္ခဗေဒ အမြင်ဖြင့် ဆင်ခြင်မရခဲ့သည့် အတိုင်းပင်
ဖြစ်ပါသတည်း။ ရှင်းနေသော လမ်းပေါ်တွင် ထိုမိန်းမပျိုအား မြင်လိုက်ရသည်မှာ
ပွင့်ချပ်အာခါစ ကြာပန်းကြီး စိုက်ထိုးထားသော ပန်းအိုးကို ထီးထီးကြီး
မြင်လိုက်ရသည်နှင့် တူနေ၏။
သူမ၏ အရပ်အမောင်းမှာ
နွဲ့နွဲ့နှောင်းနှောင်း ဖြစ်၏။ သို့ရာတွင် ကိုယ်လုံးကိုယ်ထည်ကား တောင့်တင်း
ကျစ်လစ်သည်ပင် ဖြစ်၏။ ကျွန်ုပ်သည် ကျောင်းဆရာ ဖြစ်ရုံမက အသက်အရွယ်လည်း
ကြီးပေပြီ။ သို့ရာတွင် မိန်းမပျို၏ အိစက် ဖောင်းကြွသော တင်သားနှင့် သေးသွယ်
ဝိုင်းကျစ်သော ခါးတို့ပေါ်တွင် မျက်စိ မကစားဘဲ မမေနိုင်ပါ။ ရှေ့ကသာ ဆီးပြီး
ကြည့်ရလျှင် ထင်ရှားစွာ ဖောင်းမို့နေသော သူမ၏ ရင်သားများကို
မြင်ရလိမ့်မည်ဟု စိတ်ဆန္ဒ မဖြစ်ဘဲလည်း မနေနိုင်ပါ။ မယ်တက္ကသိုလ်၊ သို့မဟုတ်
မယ်ဗမာတို့များ ထဘီဝတ်ထားခြင်း ဖြစ်လေသလော။
ခပ်မှန်မှန် လှမ်းနေသော ကျွန်ုပ်၏ ခြေလှမ်းများသည် ခပ်မြန်မြန် ဖြစ်လာလေ၏။
နောက်ကနေပြီး အကဲခတ်ရခြင်းဖြင့် ထိုမိန်းမပျိုသည် အသက် ၂၀-ကျော်လောက်တွင်
ရှိမည်ဟု ခန့်မှန်းရလေ၏။ ကျွန်ုပ်နှင့် အသက် ၃၀-ကျော် ကွာရပေမည်။
ကျွန်ုပ်သည် ထိုခဏ၌ သူမနှင့် ကျွန်ုပ် အသက် ကွာခြားခြင်းကို မေ့စ ပြုလေပြီ။
မိန်းမပျိုသည် ဘယ်သို့သော ပန်းကို ပန်သည်။ ဘယ်သို့သော
ဆင်ယင်ထုံးဖွဲ့ နည်းများကို သုံးသည်။ ဘယ်အရောင် ဘယ်ပုံရှိသော အင်္ကျီနှင့်
ဘယ်အဆင်အသွေးရှိသော ထဘီတို့ကို ဝတ်ဆင်သည် စသည်ဖြင့် ကျွန်ုပ် စာမဖွဲ့တတ်အါ။
ခေတ်သိပ်မမှီသော အဖိုးကြီး ဖြစ်သဖြင့် ဆင်ယင်ထုံးဖွဲ့မှု၌လည်း အသေးစိတ်
စိတ်မဝင်စားပါ။ သို့ရာတွင် ကျွန်ုပ် တစ်ခုတော့ ပြောချင်သည်။ သူမ၏
အဆင်းရူပကာနှင့် သူမ၏ ဆင်ယင်ထုံးဖွဲ့မှုတို့သည် စကား ငွေဖြူ၊ ငုရွှေဝါ၊
ငုနီလာ စိန်ပန်း ပတ္တမြားတို့နှင့်ကား အပြန်အလှန် အရောင်ဟပ်၍ များစွာ
ပနံရနေပေသည်။
မြောက်ဘက်မှ ဆော်သွင်းလာသော လေညင်းသည် ကျွန်ုပ်၏
ရင်ခွင်မှာ ဝှေ့ကစားသလို၊ မိန်းမပျို၏ ရင်ခွင်မှာလည်း ဝှေ့ကစား
ခဲ့ပေလိမ့်မည်။ လေညင်းသည် ကျွန်ုပ်၏ ပါးကို နမ်းရှုပ်သလို သူမ၏ ပါးကိုလည်း
နမ်းရှုပ်ခဲ့ပေလိမ့်မည်။ ယင်းသို့ ဆင်ခြင်မိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏
ကိုယ်စိတ်နှစ်ပါးသည် လေကဲ့သို့ ပေါ့ပါးသွားလေသည်။ ထိုင်နေလျှင်
ခပ်ကိုင်းကိုင်း ဖြစ်တတ်သောခါး၊ လျှောက်လျှင် မတ်မတ်ထားပြီး
လျှောက်ရသောခါး၊ ကျွန်ုပ်၏ ထိုခါးသည် စစ်ရေးပြနေသော ခါးကဲ့သို့ မတ်သွားသည်။
ကျွန်ုပ်၏ ဆံပင်ဖြူတို့သည် မည်းနက်လာကုန်၏။ ကျွန်ုပ်၏ မွဲမွဲခြောက်ခြောက်
မျက်လုံးတို့သည် ကြည်လင် ထွန်းတောက်လာကုန်၏။ ကျွန်ုပ်သည် ဆရာအိုကြီး
မဟုတ်တော့ဘဲ ကျောင်းသားကလေး ဖြစ်သွားတော့၏။
ကျွန်ုပ်က
မြန်မြန်လျှောက်ပြီး လိုက်သော်လည်း သူမသည် မှန်မှန်သာ လျှောက်၏။
တစ်ဘက်တစ်ချက် နိမ့်တုံမြင့်တုံ ဖြစ်နေသော သူမ၏ တင်သားများမှာ ဆန်ကော
ဝိုင်းသလို လည်နေပေရာ ကြည့်မငြီးအောင် ဖြစ်၏။ ကျွန်ုပ်မှာ အထွေအထူး လုပ်ရန်
စိတ်ကူးသည့်ပြင် မပေါက်သော်လည်း သူမ၏ တင်သားများကို လက်ဖဝါးဖြင့် အသာအယာ
ပွတ်ပွတ် စမ်းလိုက်ချင်စိတ်ကား ပေါက်လာပါသည်။ ပါးလွှာသော အင်္ကျီနှင့်
သေးငယ်သော ဇာဘော်လီ ကြိုးများ ကြားမှ ထွင်းဖောက် ပေါ်လာသော ဝါဝင်းသည့်
ကျောပြင်မှာ ရွှေတလင်းပြင်နှင့် တူလေ၏။ ကျွန်ုပ်သည် သူမအား မီလာပြီး
ဘေးတိုက် လျှောက်နေလေပြီ။
ကျွန်ုပ်သည် သူမဘက်သို့
ငဲံကြည့်လိုက်သောအခါ သူမသည် တစ်ချက်လောက်သာ ကျွန်ုပ်ဘက်သို့
လှမ်းကြည့်လိုက်ပြီး ရုတ်ခြည်းပင် မျက်လွှာချသွားလေသည်။ သူမ၏
ခြေလှမ်းများသည်ကား မတုံ့ပါ။ နောက်တစ်ကြိမ်လည်း ထပ်မကြည့်ပါ။
ကျွန်ုပ်ကသာ သူမအား ထပ်ထပ် ကြည့်နေသည်။ သူမသည် မျက်တောင်ကော့ကော့
နှာတံပေါ်ပေါ်နှင့် ဖြစ်သည်။ ဘေးတိုက် မြင်လိုက်ရသော ရင်သားမှာ တင့်ထွား
ထင်ရှားလှပေသည်။ ကျွန်ုပ်သည် သူမအား ဘေးတိုက် ကြည့်ရရုံဖြင့် အားမရ၊
ရှေ့ကနေပြီး ကြည့်ချင် မြင်ချင် ပြန်လေသည်။
ကျွန်ုပ်သည်
ခပ်သွက်သွက် ကျော်တက် လျှောက်သွား၏။ ပေတစ်ရာလောက် ရှေ့က
လျှောက်သွားမိသောအခါ လမ်းဘေးသို့ ကပ်လိုက်၏။ ခြံစည်းရိုးမှ တိုးထွက်နေသော
ကြက်သွေးရောင် ပန်းစက္ကူကိုင်းများကို ဆွဲချိုးမည်ကဲ့သို့ ဟန်ဆောင်နေလေသည်။
ကျွန်ုပ်သည် ပန်းမှာ စိတ်ဝင်စားသည် မဟုတ်ပါ။ မိန်းမပျို အပေါ်မှာသာ
စိတ်ဝင်စားနေပါသည်။
သူမမှာ လှပ ပြုံးချိုသော မျက်နှာရှိ၏။ နီရဲသော
နှုတ်ခမ်းကလေးများမှာ ပန်းချီဆရာ ဆေးဖြင့် ရေးပြီးတွင် ကျွန်ုပ်၏
မျက်လုံးများသည် သူမ၏ နှုတ်ခမ်းများပေါ်တွင် ကြာရှည် မနေပါ။ ဖောင်းကြွ
ပြည့်ဖြိုးသော ရင်သားများနှင့် သွယ်တန်း အိစက်သော ပေါင်လုံးများဆီသို့သာ
ဆင်းသွားကြကုန်၏။
ကျွန်ုပ် ဣနြေ္ဒမဲ့စွာ ကြည့်နေသော်လည်း
မိန်းမပျိုသည် ရှိုးတိုးရှန့်တန့် လုံးဝ မဖြစ်ပါ။ ကျွန်ုပ်က
တပ်မက်ခြင်းဖြင့် စူးစိုက်၍ ကြည့်နေသည်ကိုပင် သတိမူမိရှာပုံ မပေါ်ပါ။
မျက်လွှာချ၍ ရှေ့သို့ လျှောက်နေသည်။ ရွှေပေးလို့ မရသော ဣနြေ္ဒမျိုးပင်တည်း။
မိန်းမပျိုက ကျွန်ုပ်ရှေ့သို့ ရောက်သွားပြန်လေပြီ။ ကျွန်ုပ်သည် ဆွဲထားသော
ပန်းစက္ကူကိုင်းကြီးကို လွှတ်လိုက်သည်။ ပန်းပွင့်အချို့ ကြွေကျသွားလေ၏။
ကြွေကျသော ပန်းပွင့် အနည်းငယ်ကို ကောက်ယူကာ သူမနောက်သို့ ကောက်ကောက်ပါအောင်
လိုက်ပြန်လေသည်။
တစ်ဖက်တစ်ချက်တွင် မြင့်တုံနိမ့်တုံ ဖြစ်ကာ
ဆန်ကောဝိုင်းနေသော တင်သားများကို လက်ဝါးဖြင့် အသာအယာ ပွတ်ပွတ်
စမ်းလိုသောစိတ် ပေါ်လာပြန်ပါပြီ။ ရွှေတလင်းပြင်နှင့်တူသော သူမ၏
ကျောပြင်ပေါ်တွင် ကျွန်ုပ်၏ ပါးကို ကပ်ထားလိုသည်။ သည်မျှမကသေး။ သည့်ထက်
ပိုကဲ၍ သူမ၏ သေးသွယ် လုံးကျစ်သော ခါးကို ဖက်၍ ညှစ်လိုက်
ဖျစ်လိုက်ချင်တော့သည်။ သူမသည် ကျောင်းသူ ဖြစ်၏။ ကျွန်ုပ်ကား ကျောင်းသား
ဖြစ်၏။
ကျွန်ုပ်က သူမ၏ သေးသွယ် လုံးကျစ်သော ခါးကို ဖက်လျက် သူမကမူ
ကျွန်ုပ်၏ ဘယ်ဘက် လက်မောင်းအုံကြီးပေါ်တွင် ခေါင်းမှီလျက် နှစ်ယောက်သား
ညုကာတာကာ ယုယကာ ပိုက်ထွေးကာဖြင့် လျှောက်သွားနေကြသည်။ သူမမှာ အသက် ၂၀
ကျော်ကျော် ရင့်ကျက်သော မိန်းမပျိုလေး၊ ကျွန်ုပ်မှာကား အသက်
အစိတ်ကျော်ကျော် ရင့်ကျက်သော လူပျိုကလေး။ ရွှေချောင်းထဲက မြရေယာဉ်မှာ
ပတ္တမြားလှေကို စီးပြီး ငွေရွက် လွှင့်နေကြလေသည်။
သို့သော်
ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်သို့ ရောက်ခါနီးသောအခါ ရွှေချောင်းမှာ
ဆုံးသွားပြီး မြရေယာဉ်မှာ ရပ်စဲသွားလေသည်။ ပတ္တမြားလှေသည် ပေါက်ကွဲပြီး
ငွေရွက်သည် လဲကျသွားလေသည်။
ပုဂံလမ်းထိပ် စစ်ကိုင်းလမ်းပေါ်တွင်
လူငယ်တစ်ဦးသည် အရှေ့မှ အနောက်သို့ လျှောက်သွားလေသည်။ မိန်းမပျိုသည်
ထိုလူငယ်အား မြင်လိုက်သောအခါ 'ဟလို' ဟု အော်ကာ နှုတ်ဆက်လိုက်လေသည်။ လူငယ်သည်
သူမအား ပြုံးရွှင်စွာဖြင့် 'ဟလို'ဟု တုံ့ပြန်လိုက်သည်။
လှောင်အိမ်တစ်ခုစီမှာ လှောင်ထားရာမှ လွှတ်လိုက်သော ဟင်္သာငှက်မောင်နှံလို
မြူးသွားကြပြီး တစ်ဦးထံ တစ်ဦး ချဉ်းကပ်သွားကြလေသည်။ ကျွန်ုပ်ရှေ့မှာ
လျှောက်သွားနေသော မိန်းမပျိုတွင် ရွှေပေးလို့ မရသော ဣနြေ္ဒသည် မရှိတော့ပါ။
ကျွန်ုပ်နှင့် စိတ်ကူးယဉ် အိပ်မက်ထဲတွင် ဖက်ကာမှီကာ ယုကာယကာ
လျှောက်သွားနေသော မိန်းမပျိုသည် တကယ့် အဖြစ်မှာတော့ ထိုလူငယ်နှင့်
ဖက်ကာမှီကာ ယုကာယကာ လျှောက်သွားကြတော့မည်ဟု ထင်ရပါလေသည်။
ကျွန်ုပ်ကား ပထမသော် နှမြော ဝမ်းနည်းသလို ဖြစ်မိ၏။ နောက်ခဏ၌ကား
မိန်းမပျိုနှင့် လူငယ်တို့သည် ရွယ်တူရွယ်တန် ကျောင်းသူ ကျောင်းသားကလေးများ
ဖြစ်ကြောင်း သတိရလာလေသည်။ ကျွန်ုပ်၏ မတ်မတ်ထားအပ်သော ခါးသည်
ကိုင်းသွားလေသည်။ သန်သန်နှင့် မြန်မြန်လျှောက်လာနေသော ခြေထောက်များသည်
ချည့်နဲ့ပြီး လေးကွေးသည်။ ပိနေအောင် ဖြီးထားသော ဆံပင်များသည် ပွထလာကာ
ဖြူဆွတ်ခြင်းကို တန်ခွန် လွှင့်ပြနေကြသည်နှင့် တူ၏။
သူငယ်နှင့်
မိန်းမပျိုတို့သည် တစ်ဦးဆီ တစ်ဦး မြူးတူးခုန်ပေါက်၍ မြန်မြန်
လျှောက်သွားပြီးနောက် နီးကပ်နေမှ အရှိန်သတ်လိုက်ကြသည်။ တစ်ဦးနှင့် တစ်ဦး
ကိုယ်ထိလက်ရောက် ဖက်ယမ်းခြင်း ကိုင်တွယ်ခြင်း မရှိ။ သို့ရာတွင် သူတို့၏
အပြုံးနှင့် မျက်လုံးများကား ဖက်ယမ်းနမ်းရှုပ် နေကြပေသည်။
လူငယ်က ကျွန်ုပ်ထံသို့ လှမ်း၍ ...
"ဂွတ်မောနင်း ဆရာ"ဟု ရင်းနှီးခင်မင်စွာ နှုတ်ဆက်သည်။ ပြီးတော့ "ဆရာ ... ဒီနေ့ နဲနဲ နောက်ကျတယ် ဆရာ"ဟု ပြောသေး၏။
ကျွန်ုပ်၏ မျက်စိများသည် မွဲခြောက်သွားကြဟန် တူ၏။ လူငယ်၏ မျက်နှာကို
ကြည့်သည်။ သူကား ကျွန်ုပ်၏ တပည့် ဖြစ်ကြောင်းကို သိပါ၏။ သို့ရာတွင်
ဘယ်သူဘယ်ဝါ ဖြစ်သည်ဟု နာမည် နာမနှင့်တကွ တပ်အပ် သတိမရတော့ချေ။ ကျွန်ုပ်သည်
တပည့်အား ရှက်ပြုံးနှင့် ကြည့်ပြီး ...
"အေး နဲနဲ နောက်ကျသွားတယ်။
ပန်းကလေးတွေ ကောက်နေရလို့"ဟု ပြောစရာ မရှိ ပြောလိုက်လေသည်။ မဖူလုံသော
အကြောင်းပြချက် ဖြစ်၏။ ကျွန်ုပ်၏ အတွင်းဖောက်ပြန်မှုကို တပည့်များ
မိသွားသဖြင့် ကျွန်ုပ်မှာ အခြေပျက်နေပါပြီ။ ရှက်စိတ်ဖြင့် ပူထူနေသည်။
မိန်းမပျိုနှင့် ကျွန်ုပ်၏ တပည့်တို့သည် တစ်ယောက် တစ်ယောက် ပြုံးကြည့်ရင်း
ရှေ့မတိုး နောက်မဆုတ် ရပ်နေကြ၏။ သူတို့သည် ကျွန်ုပ်၏ စိတ်ဖောက်ပြန်ပုံကို
သိပြီး ကျွန်ုပ်အား လှောင်ပြောင်သော အားဖြင့် ပြုံးနေခြင်း ဟုတ်ဟန် မတူပါ။
သူတို့ အချင်းချင်း တွေ့ကြရ၍ ဝမ်းသာလုံး ဆို့ကာ ပြုံးရုံသာ ပြုံးပြီး
ကြည့်နေကြဟန် တူပါသည်။
ကျွန်ုပ်သည် သူတို့အား ကျော်ပြီး
ခပ်မြန်မြန် လျှောက်လာခဲ့သည်။ "ပန်းပွင့်တွေ ဘာလုပ်ဖို့ ကောက်လာသလဲ ဆရာ"ဟု
တပည့်ကျော်က ထပ်ဆင့် မေးပြန်လျှင် ကြံဖန် ပြောနေရဦးမည်။ ရူပဗေဒနည်းအရ
ပန်းပွင့်အရောင်ပေါ် အလင်းဂယက် ရိုက်ပုံကို လေ့လာလို၍ဟု ပြောမည်လော၊
ရုက္ခဗေဒနည်းအရ ပန်းပွင့်ကို ကြည့်၍ မျိုးဆက် ပြန့်ပွားပုံကို လေ့လာရန်
ဖြစ်သည်ဟု ပြောမည်လော။ တစ်ခုခု ကြံဖန် ပြောနေရပေလိမ့်မည်။ မိန်းမပျိုကို
ရှေ့က ဆီးကြည့်ချင်၍ ပန်းခူးချင်ယောင် ဆောင်ခဲ့ရသည့် အဖြစ်ကို ကျွန်ုပ်
ကြံဖန် ဖုံးဖိမနေချင်တော့ပါ။ ကျွန်ုပ်သည် ရှေ့သို့သာ တွင်တွင်
လျှောက်သွား၏။ တပည့်ကျော်ကတော့ ကျွန်ုပ်သည် ကျောင်းနောက်ကျသဖြင့်
မြန်မြန်လျှောက်ခဲ့သည့် အကြောင်းရင်းမှာကား မိန်းမပျိုနှင့် ကျွန်ုပ်
၂-ယောက်ထဲ ပူးတွဲကာ ပုဂံလမ်းကို ပိုင်လိုက်ရသည့် တခဏ၌
စိတ်ဖောက်ပြန်မိခြင်းသာ ဖြစ်ပါသည်။
ကျွန်ုပ်၏ အခန်းထဲ ရောက်ပြီး
ကုလားထိုင်ပေါ် ထိုင်မိသောအခါ ဒူးတွေ ကိုက်နေသည်ကို သတိရမိလေသည်။
၅၀-ကျော်ကတည်းက ဒူးဒုက္ခ ပေးလာခဲ့သည်။ သည်တော့ အိုခြင်းတရားကို ပိုပြီး
စဉ်းစားမိသည်။ သို့ကလို အိုပါလျက် ပုဂံလမ်းပေါ်မှာ မိန်းမပျိုကလေး
တွေ့သောအခါ နုပျိုစိတ်တွေ ဝင်ပြီး တက်ကြွလာကာ ဘာကြောင့်လဲဟု
စဉ်းစားနေမိပြန်သည်။ ကျွန်ုပ် သီးသန့် ချွတ်ယွင်းချက် ဖြစ်လေသလော။
ပုထုဇ္ဇနော ဥမတ္တကောတွေမို့ လူ့သဘာဝ ဖြစ်လေသလော။ သို့တည်းမဟုတ် ပုဂံလမ်း၏
စကားငွေဖြူ၊ ငု ရွှေဝါ၊ ငု နီလာနှင့် ပတ္တမြားရောင်စုံ ယှက်သန်းသော
နွေဦးအလှနှင့် မိန်းမပျို၏ နုပျိုလန်းဆတ်သော အလှတို့ကပင် ကျွန်ုပ်အား
သွေးသစ်သားသစ် အားသစ်လောင်းပေပြီ။ နုပျိုသော စိတ်ကူးတွင်
ယစ်မူးပျော်မြူးစေလေသလော။ ကျွန်ုပ်ကား မဖြေတတ်အောင် ရှိနေပါသည်။ အိမ်မှ
တစ်လ နီးပါး ထွက်ခွာကာ ဥပုသ် စောင့်နေသော အိမ်က ဟာမကြီး ပြန်လာလျှင်
သည်အကြောင်း မေးကြည့်ရ ကောင်းလေမည်လား။ အိမ်ကဟာမကြီးကတော့ ကလေးကလား စကားတွေ
မပြောစမ်းပါနှင့်ဟု ပြောကာ ဆီးပိတ်လိမ့်မည်လား မဆိုနိုင်ပါ။
ကျွန်ုပ်မှာတော့ ပြဿနာ ဖြစ်နေပါသတည်း။
-----------
သိန်းဖေမြင့်
No comments:
Post a Comment