Sunday 8 May 2016

ဂေါဝိန်သီချင်း (ညီပုလေး)

ဂေါဝိန်သီချင်း (ညီပုလေး)
===================
ဂေါဝိန်ဆိပ်ကို ဆင်းပြီး အဝတ်တွေ မလျှော်ခင် မခင်သောင်းက ထမင်းအိုးတလုံး အယင်တည်ခဲ့တယ်။ ဟင်းကိုတော့ သူ့ယောက်ျား ရေစည်တိုက်ပြီးလို့ အပြန်မှရတဲ့ ပိုက်ဆံနဲ့ ကြည့်ပြီးစီစဉ်တယ်။ ကိုစန်းလွင် ပြန်လာတာ နေမြင့်နေယင်တော့ နံဘေး အိမ်က လှည့်တဲ့အခါ လှည့်တယ်။ နံဘေးအိမ်က အခက်အခဲ ရှိယင်လည်း ကိုယ်က လှည့်ပေါ့။ နှစ်အိမ်စလုံး အဆင်မပြေတဲ့ အခါ၊ ဒိပြင် အဆင်ပြေမယ့်အိမ်က လှည့်ကြ ပဲ့ကြရပြန်ရော။ သူက အဝတ်ဖွပ်၊ ကိုစန်းလွင်က ရေစည်တိုက်၊ ကလေး ၂-ယောက်ရှိတဲ့ သူတို့မိသားစုက ငွေကြေး မပြေလည်ယင် ကပ်လျက်အိမ်က ကလေးတယောက်ခွဲနဲ့ အဝတ်ဖွပ်သမ စန်းမေက ပိုမပြေလည်ပဲ နေတော့မပေါ့။ ဘဝတူ အဝတ်ဖွပ်သည် အချင်းချင်း အခက်အခဲရှိနေပြန်ယင် ဒိပြင် အရပ်သွားပြီး လှည့်ချေးကြရတယ်။
မနက်က အကြီးကောင် ဖိုးလမင်းကို ထင်းအဝယ် လွှတ်လိုက်တော့ ဝယ်နေကျဆိုင်က ထင်းပြတ်နေလို့ ဟိုးဂတ်တဲထဲအထိ သွားဝယ်ရသတဲ့။ ထင်းရောင်းတဲ့ အိမ်ကလည်း အနုတ်အမ်းစရာ မရှိလို့ အနုတ်လဲတာ စောင့်နေရပြန်ရော။ ဖိုးလမင်းလာတော့ နေ နည်းနည်းမြင့်နေပြီ။ ဒီနေ့ ကိုစန်းလွင်က ရေစည်ပို့နေကျ ဖောက်သည်အိမ်တွေအပြင် ဦးစိန်သော်တို့တိုက်က ဆွမ်းကျွေးရှိလို့ ရေ ၅-စည်မှာထားတာမို့၊ သူပြန်အလာကို မျှော်နေမိတယ်။ ကိုစန်းလွင် အပြန်အခြေအနေကောင်းယင် ထမင်းအိုးတည်ပြီး၊ ဟင်းအိုးပါ ဆက်တည်လိုက်ချင်တယ်။ လူလည်းသက်သာ၊ ထင်းကုန်လည်း သက်သာမယ့်နည်းလေ။
သူတို့ သားအဖကိုစောင့်ယင်း နေတောင်အတော်မြင့်လာပြီ။ မခင်သောင်းရဲ့ အဖော်တချို့တောင် ရေဆိပ်ကပြန်လာ ကြပေါ့။ တနင်္ဂနွေလို၊ ဥပုသ်လို၊ ဒီနေ့လိုနေ့မျိုးတော့ ရေဆိပ်ရောက်တာ နောက်ကျယင် အဝတ်ဖွပ်ဖို့ အဆင်မပြေချင်တော့ဘူး။ မြို့ထဲက မိသားစုတွေ ဂေါဝိန်ဆိပ်ကိုလာပြီး ရေချိုးကြ၊ အဝတ်လျှော်ကြတယ်။ ရေဆိပ်က စည်ကားရှုပ်ထွေးနေတတ်တယ်။ တာရိုး မျက်နှာပြင်ပေါ်မှာ အဝတ်လှမ်းစရာ နေရာမရှိတော့ဘူး။ အခုချိန်လောက်ဆိုယင် အင်္ဂတေတာရိုးဟာ သက်တန့်ရောင်တာရိုး ဖြစ်နေ လောက်ပြီ။ ဒီလို စည်ကားယင် အဝတ်ချင်း မှားမှာစိုးရတယ်။ မခင်သောင်းတို့လို မပြောင်မယောင်လူတွေကို မရှိခိုးနိုးမျက်လုံးနဲ့ လှမ်းကြည့်တတ်ကြတယ်။ အင်္ဂတေတာရိုးကလည်း မတ်မတ်ကြီးမို့ နေမြင့်လေ လှန်းစရာမရှိလေ၊ အထက်တိုးလှန်းလေ အန္တရာယ်ကြီးလေပဲ၊ အလှန်းမတော်ယင် ချော်ကျနိုင်တယ်လေ။ သူများတွေ လှန်းထားတဲ့ အဝတ်တွေကို မနင်းမိအောင် ရှောင်ကွင်းပြီး မတ်တဲ့ တာရိုးပေါ် တက်ရတာကိုက မလွယ်ဘူး။
လျှော်စရာတွေလည်း များပါရဲ့၊ ပင်ပန်းယင် ပင်ပန်းပါစေတော့၊ ဒီနေ့တော့ ရေဆိပ်မဆင်းချင်တော့၊ နက်ဖြန်မှပဲ စုပြီး လျှော်တော့မယ်လို့ အောက်မေ့တယ်။ ပြီးတော့ အငယ်ကောင် ကိုယ်နွေးနေတာ ၂-ရက်ရှိပြီ၊ နှာရည် တရွှဲရွှဲနဲ့၊ ကလေးဆိုတော့ ဘာမှ မပြောတတ်ဘူး။ တအီထဲ အီနေတာကို မခင်သောင်း စိတ်မကောင်း ဖြစ်မိတယ်။ ဒီကောင်က ဗိုက်ခွဲမွေးထားရတာမို့ အကြီးကောင်ထက် သံယောဇဉ် ပိုမိတယ်။ “ငွေခဲ”ကလေး မဟုတ်လား။
ဒီကောင် တခါဖျားယင် ၃-ရက်၊ ၄-ရက် ကြာတတ်တယ်။ တခါတလေတော့လည်း ၇-ရက်၊ ၈-ရက်။ သူ့ဘော်လီအိတ် ထဲက ကျပ်တန် အနွမ်းလေးတွေဟာ ဆရာဝန်ရဲ့ ပိုက်ဆံအိတ်ထဲကို ဘယ်နှစ်ခါ ချီတက်ကြမယ်မသိ။ ဒါကြောင့် ကလေးဖျားမယ့် အစား လူကြီးဖျားလိုက်ချင်သေးရဲ့၊ လူကြီးက တော်ရုံတန်ရုံဆိုယင် အခိုးပွင့်ဆေးကို ရေနွေးပူပူနဲ့ သောက်ပြီး စောင်ခြုံ ချွေးအောင်း လိုက်ယင် သက်သာသွားတာ။ ဒါပေမယ့် ဘယ်သူမှ မဖျားတာအကောင်းဆုံး၊ ဘယ်သူဖျားလို့ နာလို့မှ မသက်သာတဲ့ မိသားစု။
ကိုစန်းလွင် အဆင်ပြေလာခဲ့ယင် ဆီကလေး၊ ပြားကလေးနဲ့ မိသားစု ထမင်းဝိုင်း ဖွဲ့ချင်သေးတယ်။ ဖိုးလမင်းက ကြက်ဥနဲ့ ပန်းမုန်လာကြော်ဟင်းကို ပူဆာနေတာကြာလှပြီ။ ဒီဟင်းကို သူတို့သားအဖ သိပ်ကြိုက်ကြသတဲ့။
ဒီနေ့ ရေဆိပ်မဆင်းဖြစ်တာ ခပ်ကောင်းကောင်းလို့ မခင်သောင်း နောက်မှတွေးမိတယ်။ ကိုစန်းလွင်ရဲ့ မိတ်ဆွေ ပန်းချီ ဆရာ ကိုညီညီက ကြော်ငြာပိတ်စတစ လျှော်ဖို့လာအပ်တယ်။
“ရှင့်ပိတ်စက ဘယ်တော့လိုချင်တာလဲ”
“မြန်မြန်ရလေ ကောင်းလေပေါ့ အမသောင်းရယ်”
“သိပ်အရေးကြီးရင်တော့ မနက်ဖြန်ညနေ ယူလိုက်လေ၊ ဒါမျိုးဆိုတာ အချိန်ယူပြီးလျော်မှ ဖြူတာ၊ ဖိန်းနွှဲခါမှယူပါလား”
“ဖြူချင်တာပါပဲ အစ်မရယ်၊ ဖိန်းနွဲခါလည်း မှီပါတယ်၊ မီးပူသာ ပြန့်နိုင်သလောက် ပြန့်အောင် တိုက်ထားလိုက်ပါဗျာ”
“အေး အေး ... ဖိန်းနွှဲခါညနေလာယူ”
ပန်းချီဆရာ သူ့စက်ဘီးစုတ်ကလေးကို တွန်းပြီးထွက်သွားတော့မှ မခင်သောင်းက ဘာရောင်တွေနဲ့ ရေးထားတဲ့ ပိတ်စပါလိမ့်လို့ ကြော်ငြာပိတ်စကို ဖြန့်ကြည့်မိတယ်။ ခါတိုင်းတော့ ကိုညီညီဆီက ဆေးကြော်ငြာ ပိတ်စတွေ၊ ဗေဒင်လက္ခဏာ ပိတ်စတွေ ခဏခဏ လာအပ်နေကျ မဟုတ်လား။
မခင်သောင်း- အမလေး တလိုက်မိတယ်။ ရင်တွေတောင် ဖိုသွားရပါလား၊ လှလိုက်တာ လွန်ပါရော၊ ကျက်သရေ ရှိလိုက် တဲ့ မျက်နှာကလေး။ ပိတ်စပေါ်က အရုပ်ကိုကြည့်ယင်း မခင်သောင်း မျက်တောင်ခတ်ဖို့ မေ့နေတယ်လေ၊ ကိုညီညီ ပန်းချီ ဒီလောက် ရေးတတ် ဆွဲတတ်မှန်း သူအစကမသိ၊ တကယ့် လူအတိုင်းပဲ၊ တူလိုက်တာ တူလိုက်တာ တထေရာတည်းပဲ၊ အသက် ဝင်လိုက်တာနော်၊ မီးပူအိုးထဲမှာ မီးမရှိလို့ပေါ့၊ နို့မို့ယင် ခေါက်ရိုးကျိုးကလေးတွေကို မီးပူနဲ့ လိုက်ဖိပါသေးရဲ့၊ လျှော်စရာအပ်ထည် မဟုတ်ပဲ အိမ်မှာအလှချိတ်ဖို့ လက်ဆောင်ပေးတဲ့ ပန်းချီကားကြီးပဲ ဖြစ်လိုက်ပါတော့လို့ အောက်မေ့တယ်။ ပိုက်ဆံရှိယင် ဒီကြော်ငြာပိတ်စကို ဝယ်ထားလိုက်ချင်သေးတယ်။ မခင်သောင်း စိတ်ကူးယဉ်လို့သာ ယဉ်နေတာပါ၊ တကယ်လို့ ကိုညီညီက အလကားပေးတောင် ဒီလောက်ကြီးတဲ့ ပိတ်စကိုချိတ်ဖို့ သူတို့အိမ်မှာ နေရာမရှိပါဘူး။
ဘယ်လောက်ကြာအောင် ငေးနေမိတယ်မသိ၊ ထမင်းအိုးတူးနံ့ကလေးရမှ မီးဖိုဘက် အပြေးသွားပြီး ထမင်းအိုးကို ချလိုက် ရတယ်။ အောက်ပိုင်းနည်းနည်း ကပ်သွားတယ်။ ကိုစန်းလွင်နဲ့ ကလေး ၂-ယောက်ကိုသာ ဝအောင်ကျွေးလိုက်မယ်၊ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ချိုးကပ်တဲ့ထမင်းကိုပဲ၊ ဟင်းရည်နဲ့နှူးပြီး ဖဲ့ရွဲ့စားတော့မယ်။ ဒီနေ့အဖို့တော့ ထမင်းမဝလည်း အရေးမကြီး၊ ထမင်းလည်း သိပ်မဆာ၊ ရင်ပြည့်နေသလိုပဲ။ ကိုစန်းလွင်ပြန်လာယင် ရေနွေးသောက်ရအောင် ရေနွေးတအိုးတည်ထားပြီး မခင်သောင်း ကြော်ငြာ ပိတ်စကို အားရအောင်ကြည့်မလို့၊ ရေစည်လှည်းသံကြားတာနဲ့ ကပျာကယာ သိမ်းလိုက်ရတယ်။ အပြင်ဘက်လှမ်းကြည့်လိုက်တော့ သူ့ယောက်ျားရဲ့ ရေစည်လှည်းမဟုတ်တာနဲ့ ပိတ်စကို သေသေချာချာ ပြန်ဖြန့်ပြီး အားရအောင်ငေးနေလိုက်တယ်။ ပြီးတော့မှ ကျကျနနခေါက်လိုက်တယ်။ ဒီလိုခေါက်နေတုန်း အိမ်ရှေ့မှာ ကစားနေတဲ့ ဖိုးလမင်းကို သူ့အဖေက စ,နေ နောက်နေသံ ကြားလိုက်ရတယ်။ ဒီလို စ,နေလို့လည်း ကြော်ငြာပိတ်စကို အဝတ်ဟောင်း ပုံအောက် သိမ်းလိုက်ချိန် ရသွားတာပေါ့၊ ဒီအကြောင်း သူသိသွားယင် ဘာပြောမယ်မသိ၊ ဆဲမလား၊ အပျော်မက်တယ်လို့ပဲ ဆူမလား၊ ရူးရူးနိုင်လွန်းတယ်လို့ သရော်နေမလားမသိ၊ သူမသိတာ ကောင်းတယ်လို့ မခင်သောင်း ထင်မိတယ်။
“ဒီမနက် ရေဘယ်နှစ်စည် တိုက်ခဲ့ရသလဲတော်”
“ဦးစိန်သောင်းတို့ တိုက်ကပါဆိုယင် ၁၀-စည်ကွ”
“အလဲ့- ဟန်ကျတာပဲ၊ ကျုပ်က ရှင်တို့သားအဖကြိုက်တဲ့ ပန်းမုန်လာ ကြော်မလို့၊ ရှင်ပြန်အလာ စောင့်နေတာ၊ ပေးစမ်းပါအုံး၊ ဈေးကို ကျုပ်ပြေးချေအုံးမယ်”
“ဦးစိန်သော်တို့ ၅-စည်က ညနေမှယူတဲ့၊ အခု ၅-စည်ဘိုး အရင်ယူနှင့်ကွာ”
“ဟွန်း- ဒီလူကြီးက ဒါမျိုးချည်းပဲ၊ ဆွမ်းတော့ ခဏခဏကျွေးပါ့၊ ရေစည်ဘိုးကျ နေ့ရွှေ့ ညရွှေ့နဲ့ ဖောက်သည်မပျက် အောင်လို့သာ သည်းညည်းခံနေရတာ” မခင်သောင်းက မချင့်မရဲနဲ့ ဆက်ပြောပြန်တယ်။
“ကျုပ်က တခါတလေ ထမင်းမြိန်မြိန် စားရအောင် တော်ပြန်အလာစောင့်နေတာ၊ ပြီးတော့ ဗိုက်လည်းနည်းနည်းနာနေလို့ ရေဆိပ်မဆင်းတော့ဘူး”
ကိုစန်းလွင်ဟာ မခင်သောင်းဆီက မမျှော်လင့်တဲ့စကားကြောင့် အံ့ဩသွားတယ်။
“မင်းဗိုက်က ဘယ်လိုဖြစ်ပြီး နာရတာလဲကွ၊ ရိုးရိုးမှဟုတ်ရဲ့လားကွာ”
“အံမာ သေနာရဲ့ ရိုးရိုးပါတော့၊ မနေ့က မိစန်းအဝတ်တွေ ကူလျှော်လိုက်တာ ရေဆိပ်မှာ နည်းနည်းကြာသွားလို့ ထင်တာပဲ”
“မသိပါဘူးကွာ၊ ငါကနောက်တယောက်များလားလို့”
“နောက် မယောက်ချင်တော့ပါဘူး၊ တော်ကြီးကို ဟိုဟာလုပ်ပါဆိုတော့ တော်က ကြောက်နေလို့သာ“
“မကြောက်ပါဘူး မိန်းမရာ တရာဆစ်လို့မရလို့ပါ၊ ပြီးတော့ အဲဒါလုပ်ပြီးယင် အလေးအပင် မဆွဲရဘူးတဲ့၊ အနားယူရအုံးမှာ၊ အဲဒါလုပ်လိုက်ယင် အဲဒီနားတဲ့ရက်တွေကို ဘာနဲ့ သွားစားကြမလဲ”
ငွေတရာ့ငါးဆယ်ကျပ်ချေးရတဲ့အပြင်၊ ကိုစန်းလွင်နားနေတဲ့ရက်တွေအတွက် ကုန်ကျမယ့် စားစရိတ်ကို တွက်မိသမျှ ထည့် ပေါင်းယင်း၊ မခင်သောင်း ခေါင်းခါနေမိတယ်။
ကိုစန်းလွင်ရဲ့ အကြောင်းပြချက်ကလည်း ခိုင်လုံနေပြန်တော့ မခင်သောင်း ဘာမှပြန်မပြောသာဘူး။
ဂေါဝိန်ဆိပ်နားနီးလို့ ကူးတို့တွေ၊ မော်တော်တွေက ဟွန်း တဘော်ဘော် လုပ်တာကြောင့်- အိပ်ကောင်းခြင်း မအိပ်ရ၊ ခဏခဏ နိုးတာကြောင့် ကလေးတွေ ဒီလိုများလာတာလို့ သားသမီးများရတဲ့အကြောင်းကို ရှက်ကိုးရှက်ကန်းနဲ့ ရယ်မောပြောတတ်တဲ့ ကိုကြည်မောင်တို့ လင်မယားကို စိတ်ကူးထဲမှာ မြင်နေမိတယ်။
ခါတိုင်းညဆိုယင် မခင်သောင်းလည်း ကိုစန်းလွင်လိုပါပဲ။ ခေါင်းချလိုက်ယင် အိပ်ပျော်သွားတာ။ ဒီညတော့ မခင်သောင်း ဟိုဘက်လှိမ့်လိုက်၊ တွေးလိုက်၊ ဒီဘက်လှိမ့်လိုက်၊ စိတ်ကူးလိုက်နဲ့၊ ပြီးတော့ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိတယ်။ အိပ်မက် ဆိုတာ ကိုယ်မက်ချင်တဲ့အတိုင်း မက်လို့ရယင် သိပ်ကောင်းမှာပဲလို့လည်း တဆက်တည်း တွေးနေမိတယ်။ ကိုစန်းလွင်နဲ့ ဖိုးလမင်း တို့ညီအကိုကတော့ အိပ်မောကျနေကြပြီ။ အငယ်ကောင်ရဲ့ သွားကြိတ်သံက ပိုကျယ်နေသယောင်၊ သူကတော့ မိုးစင်စင်လင်းပြီး မနက်ဖြန်ရောက်ချင်လှပြီ။
ညဦးက တလှိမ့်ထဲလှိမ့်နေမိတာ ဘယ်အချိန်ကျမှ မေ့ကနဲ အိပ်ပျော်သွားလိုက်တယ်မသိ၊ သူနိုးတော့ ကိုစန်းလွင် အနားမှာ မရှိတော့ဘူး၊ ဘယ်ညာယမ်းပြီး ယိမ်းကနေတဲ့ ရေစည်ဘီးရာတွေပဲ အိမ်ရှေ့မှာ ကျန်ရစ်ခဲ့တယ်။
ထရံအပေါက်တွေကြားကို ဇွတ်တိုးနေတဲ့ ရွှေရောင်ခြည်တန်းကလေးတွေဟာ အိမ်ထဲမှာ နေရာအတော်ယူပြီးနေကြပြီ။
သူ့သားနှစ်ယောက်ကတော့ ရွှေပန်းကလေးတွေ မိုးပေါ်မျှော်လို့ အိပ်ကောင်းနေကြတုန်း၊ အငယ်ကောင်က အပူကျစပြုနေပြီ၊ ဒါပေမယ့် ဆရာဝန်က ဒီညနေလာပြဖို့ ခေါ်ထားသေးတယ်။ မျက်နှာကို အမြန်သစ်ပြီး ဖောက်သည်အိမ်တွေဘက် တခေါက်လျှောက်လိုက်တယ်။ မိစန်းရေ အိမ်ဘက် နားစွင့်လိုက်ပါအုံးလို့လည်း နံဘေးအိမ်ကို အပ်ခဲ့ရသေးတယ်။ ဒီမနက်လည်း လျှော်ဖို့အဝတ်တွေ တော်တော်များများ ရလိုက်ပါတယ်။ မနေ့ကအပ်ထည်တွေလည်း ညနေဆက်ဆက်လာပေးမယ်လို့ ကတိပေးပြီး အိမ်ကို ခပ်သွက်သွက်လျှောက်ပြန်လာတယ်။ အိမ်ရောက်တော့ ဖိုးလမင်းတို့ ညီအကို ဖုန်ထဲမှာ ကစားနေကြပြီ။
ထမင်းအိုးကို ကတိုက်ကရိုက်တည်ပြီး၊ သားနှစ်ယောက်ကို မျက်နှာသစ်ဖို့ အော်ခေါ်လိုက်တယ်။ ဖိုးလမင်းရဲ့ မျက်နှာကို ညစ်ထေးထေး မျက်နှာသုတ်ပုဝါနဲ့ သေသေချာချာ သုတ်ပေးလိုက်ပြီး မုန်းပျားသလက် ၂-ချပ် အဝယ်လွှတ်လိုက်ရတယ်။ ထမင်းအိုး မဆူခင် ကြော်ငြာပိတ်စကို တခါထပ်ကြည့်လိုက်သေးတယ်။ ကြည့်လို့မဝတဲ့ ပိတ်စကို လျှော်ပစ်ဖွတ်ပစ်ရမှာ သူနှမြောနေမိတာပေါ့၊ ပန်းချီဆရာကို ဖိန်းနွှဲခါ နောက်တရက်မှ မချိန်းလိုက်မိဘူးလို့လည်း နောင်တရနေမိတယ်။ ထမင်းကျက်တော့ ထမင်းအိုးကို ချထား နှပ်ထားပြီး၊ ရေနွေးအိုးတက်တည်တယ်၊ ဒီအတွင်းမှာ ရေနွေးအိုးမဆူခင် သနပ်ခါးခဲကို ကျောက်ပြင်ပေါ်မှာ နာနာဖိသွေး လိုက်တာ အရပ်ထဲလည်ရောင်းတဲ့ သနပ်ခါးခဲဟာ မူးဝေသွားရှာတယ်။ သနပ်ခါးခဲကထွက်လာတဲ့ သနပ်ခါး ခပ်ပျစ်ပျစ်ဟာ ကျောက်ပျဉ်ကို တဝက်သိမ်းပိုက်ထားပါပြီ၊ သနပ်ခါးကို ဘယ်လောက်ထူအောင် လိမ်းပေမယ့်လည်း မခင်သောင်းရဲ့ သနပ်ခါးမနှံ့တဲ့ နေရာတွေဟာ နေစားလို့ အရောင်ပြောင်းနေကြတယ်။
ကြော်ငြာပိတ်စထဲကို ၂-ရက်စာအဝတ်တွေ အကုန်သိမ်းကျုံးထည့်လိုက်တယ်။ ဒီလိုထည့်ယင်း သူနဲ့တော်မယ့် မိန်းမဝတ် လက်ရှည်အင်္ကျီကိုရွေးပြီး၊ အထည်တွေရဲ့ အပေါ်ယံထား၊ ပြီးတော့ အထုပ်ကိုကျကျနနထုပ်လိုက်တယ်။ မိန်းမဝတ်လက်ရှည်အင်္ကျီ မပါတဲ့အခါလည်းရှပ်အင်္ကျီပေါ့။ မခင်သောင်းဟာ အိမ်ကနေ ရေဆိပ်ကိုဆင်းတဲ့အခါ ကိုယ်ပိုင်တဲ့အဝတ်တွေထဲက အရောင်ရှိတာလေး လှမယ်ထင်တာလေး ဝတ်ပြီးသွားနေကျ၊ ရေဆိပ်ရောက်တော့မှ လျှော်မယ့်အထဲက ဖယ်ထားတဲ့ အင်္ကျီနဲ့ ထဘီကိုလဲဝတ် ပြီး အဝတ်တွေကို ဖွတ်တယ်။ ဒါမှလည်း ကိုယ်ဝတ်လာတဲ့အဝတ် နေစား သက်သာမယ် မဟုတ်လား၊ ခဏခဏလည်း မလျှော်ရတော့ဘူး။ ကိုယ်ဝတ်ထားတဲ့ အပ်ထည်အဝတ်ကိုတော့ နောက်ဆုံးမှပဲ လျှော်လိုက်တယ်။ ဒီလိုနဲ့ မခင်သောင်း မဝတ်ဘူးတဲ့အဆင်၊ မဝတ်ဘူးတဲ့အမျိုး မရှိသလောက်ပဲ။
ဖိုးလမင်းပြန်လာတော့ သူတို့ညီအကို ၂-ယောက် မုန့်ပျားသလက်တချပ်ကို တဝက်စီ ဖဲ့ပေးလိုက်တယ်။ သူတော့ မုန်းပျားသလက် တချပ်လုံးစားထားမှ ၂-ရက်စာအဝတ်တွေ လျှော်နိုင်မယ်လေ။ အူမထဲကတင်းနေဖို့ လိုတယ်မဟုတ်လား။
အငယ်ကောင်ရဲ့နှာခေါင်းမှာ ယိုစီးနေတဲ့နှပ်တွေကို သုတ်ပေးလိုက်ရတယ်။ နို့မို့ယင် ဒီကလေးဟာ မုန့်ပျားသလက် အချိုရဲ့အရသာကို လျှာပေါ်မှာ တင်လိုက်ရမယ် မဟုတ်ဘူး။ သူကိုယ်တိုင်ကတော့ မုန့်ပျားသလက်တခုကို ကုန်အောင် မစားနိုင်ဘူး၊ စိတ်စောနေတယ်။ ရေဆိပ်မှာ ရောက်နှင့်နေမယ့် ဖွပ်ဖော် ဖွပ်ဖက် ညွန့်ခင်မ၊ မိစန်း၊ လှလှသိန်းတို့ အေးတင်တို့ဆီ စိတ်ကရောက် နေတယ်။
သူစားလို့မကုန်တဲ့ မုန့်ပျားသလက် စားလက်စအကျန်ကို စက္ကူနဲ့ ဖုံးထားခဲ့တယ်။ ဖိုးလမင်း မဝသေးယင် ယူစားဖို့လည်း မှာခဲ့တယ်။
ညီလေးတော့ မကျွေးနဲ့တော့၊ ရင်ပြည့်နေလိမ့်မယ်။ အပြင် ထွက်မဆော့ကြဖို့လည်း မှာပစ်ခဲ့ရတယ်။
အဝတ်ထုပ်ကို ခေါင်းပေါ်ရွက်ပြီး မခင်သောင်း ဂေါဝိန်ဆိပ်ကို လျှောက်လာခဲ့တယ်။ လက်တဘက်ကတော့ အိမ်သုတ်ဆေး ပုံးအဟောင်းကို ဆွဲလာခဲ့တယ်။ ပုံးခွံထဲမှာ ဆပ်ပြာရယ်၊ လက်ရိုက်တုတ်ရယ်၊ ခရမ်းရောင် ပလပ်စတစ်အမွှေးတို ဘရွတ်တခုရယ် ပါလာတယ်။ မြစ်ဆိပ်ကိုလာယင်း ကိုယ့်ပီတိနဲ့ကိုယ်၊ ကိုယ့်အတွေးနဲ့ကိုယ်တွေးပြီး ပြုံးလာမိလို့ ကြီးဒေါ်အေးတင်ကတောင်၊ ကောင်မ ဘာဖြစ်လာသတုန်းတဲ့၊ မခင်သောင်း ရယ်ပဲရယ်နေလိုက်တယ်၊ ကြီးဒေါ်အေးတင်ရဲ့ မျက်လုံးက ခေါင်းပေါ်က အဝတ်ထုပ်ဆီ ရောက်သွားတာလည်း တွေ့လိုက်တယ်။ ညောင်သုံးပင်ဆိပ် ရောက်တော့မှ အိမ်မှာ ဖိနပ်မချွတ်ခဲ့ပဲ မေ့ပြီး ရေဆိပ်ကို စီးလာမိတာကို နောင်တရနေမိတယ်။ မခင်သောင်းတို့ အဖို့တော့ ဖိနပ်က ရေဆိပ်မှာ အသုံးမဝင်ဘူး၊ အခန့်မသင့်ယင် ပျောက်နိုင်သေးရဲ့။
မြစ်ဧရာဟာ စီးတယ်ဆိုရုံလေး အသံတိတ် စီးဆင်းနေတယ်။
လေကတဖြူးဖြူးမို့ အစိမ်းရင့်ဝတ် ညောင်ရွက်အဖျားတွေဟာ သံလိုက်အိမ်မြှောင်လို မြောက်အရပ်ကို ညွှန်နေကြပြီ၊ ရေဆိပ်မှာလည်း အဝတ်ဖွပ်ဖော် လျှော်ဖက်တွေ စုံသလောက် ရှိနေပါပြီ၊ ကျောက်တုံးပေါ်တင်ပြီး အဝတ်ကို ဆောင့်သံ လက်ရိုက်တုတ်နဲ့ အဝတ်ကိုရိုက်သံတွေ၊ အမွှေးတို ဘရွတ်ရဲ့ တေးဆိုသံတွေဟာ ဂေါဝိန်ရဲ့ နံနက်ချိန်ခါ တေးသံသာတွေပါပဲ။ “ပုဏ္ဏပျံ” ကူးတို့ကတော့ တဘော်ဘော်သံပေးယင်း ရေနည်းနေတဲ့ ဧရာဝတီထဲမှာ ရွေ့လျားဖို့ ကြိုးစားနေတယ်။ ရေနည်းနေပြီမို့ မတ်လှတဲ့ အင်္ဂတေလှေကား ၃၈-ထစ်စလုံးလည်း ရေငတ်နေကြလေရဲ့။ မိလုံးက သူ့ လျှော်ပြီး အဝတ်တွေကို သူများထက်ဦးအောင် ကူးတို့ ချည်တဲ့ကြိုး၊ သင်္ဘောချည်တဲ့ အုန်းဆံကြိုး အတုတ်ကြီးပေါ်မှာ လှန်းထားတယ်။ ဖုန်အပေသက်သာတဲ့ အဝတ်လှမ်းနည်း ပေါ့၊ အင်္ဂတေ တာရိုးပေါ်လှမ်းကြတဲ့ အဝတ်တွေလို ရုတ်တဲ့အခါ အားနဲ့ ခါစရာ မလိုဘူးပေါ့။
မြစ်လယ်ခေါင်က “သံဖိုကျွန်း”ရဲ့ တောင်ဖျားမှာတော့ ပြောင်းခင်း၊ ဖရဲခင်း၊ မြေပဲခင်းတွေဟာ နုံးတင်မြေနုဆီကို အရသာ ရှိရှိ စားသောက်နေကြတယ်။ ပြောင်းခင်းကလည်း သူ့ရဲ့ မြစိမ်းရောင်တံခွန်ကို တလူလူလွှင့်နေသလို၊ ဖရဲခင်းကလည်း အစိမ်းရင့် ရောင်ကော်ဇောကို တမျှော်တခေါ်ကြီး ဖြန့်ထားလိုက်တယ်။ “ညောင်ပင်သာ” ရွာသားတစုကတော့ ငှက်တစင်းနဲ့ မန္တလေးကို ကူးလာနေကြရဲ့။ မင်းဝံတောင်တန်းကတော့ ခပ်လှမ်းလှမ်းမှာ အချိုင့်၊ အဝှမ်း၊ အမို့၊ အမောက်တွေနဲ့ နီပြာရောင်ဝတ်စုံကို ဆင်မြန်းယင်း ဧကစာရီ ကျင့်နေတယ်လေ။
ညောင်သုံးပင်ခြေရင်းမှာ အဝတ်ထုပ်ကိုချထားပြီး လှေကားမတ်မတ်အတိုင်း အောက်ကို မခင်သောင်း ခပ်သုတ်သုတ် ဆင်းလာတယ်။ လှေကားရင်းမှာ အဝတ်လျှော်နေတဲ့ မဘီကို သူ့အဝတ်ထုပ်ကို ကူဖမ်းဖို့ပြောပြီး လှေကားကို အပြေးပြန်တက် သွားလိုက်တယ်။ မခင်သောင်းရဲ့ သုတ်သီးသုတ်ပြာ အပြုအမူကို အဝတ်ဖွတ်ဖက်တွေက နားမလည်တဲ့အကြည့်နဲ့ ကြည့်နေကြ တယ်။ လှေကားထိပ်က အဝတ်ထုပ်ကြီးကို ကြည့်ပြီး၊ ခင်သောင်း ပွပေါက်တိုးလာပြန်ပြီထင်တယ်လို့ တွေးတဲ့လူက တွေးကြတယ်။ လေဘေးထည်တွေ လျှော်ဖို့ရလာပြန်ပြီလို့ ထင်တဲ့လူက ထင်ကြသပေါ့၊ နည်းနည်းစောသေးတော့ လှေကားထစ်မှာ အဝတ်မလှမ်းကြသေးဘူး၊ မခင်သောင်း တွန်းချလိုက်လို့ မတ်တဲ့ လှေကားအတိုင်း ခုန်ပေါက်ဆင်းလာတဲ့အဝတ်ထုပ်ကို အဝတ်ဖွတ်သမတွေ စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေကြတယ်။ အောက်ရောက်လို့ အထုပ်ဖြေလိုက်တော့ သူတို့ထင်သလို လေဘေး အထည်တွေ မဟုတ်ဘူး၊ ခါတိုင်းလို ခြင်ထောင်တွေ၊ အိပ်ယာခင်းတွေ၊ စောင်တွေနဲ့ အဝတ်အစားတွေပါပဲ။ ခါတိုင်းတော့ ဒီလို အဝတ်တွေများယင် ၂-ထုပ်ခွဲထုပ်နေကျ၊ ဒီနေ့မှ တထုပ်ထဲထုပ်လာတာ ထူးဆန်းနေလို့ အဝတ်တွေထုပ်လာတဲ့ ပိတ်စကို စိတ်ဝင်စားကြပြန်ရော။ လှလှသိန်းက လက်ရိုက်တုတ်ကိုချ၊ ညွန့်ခင်မက ကျောက်တုံးနဲ့ ရိုက်ဖွပ်တာ ရပ်ပြီး၊ အညောင်းဆန့်ယင်း မခင်သောင်းဘက် လှမ်းကြည့်နေကြတယ်။
ကြော်ငြာပိတ်စကို တထောင့်စီဆွဲဖြန့်ပြီး အဝတ်ဟောင်းတွေကို ပုဆိုးကတပုံ၊ ဘော်လီကတစု၊ စောင်ကသီးခြား ခွဲထားလိုက်တော့၊ ကြော်ငြာပိတ်စပေါ်က အရုပ်က တဖြည်းဖြည်း ပေါ်လာတယ်။
ခြင်းဝိုင်းမှာ တက်ညီလက်ညီနဲ့ ခေတ်ဆန်းခြင်းပေါက်တွေ ခတ်ကစားနေတုန်း ခြင်းလုံးဘေးထွက်သွားယင် ခြင်းသမားတွေရော၊ ပရိသတ်ပါ ဝိုင်းအော်ကြတဲ့ “ဟယ်” မျိုး ရေဆိပ်မှာ လွှမ်းသွားတာပေါ့။
ဇာတ်မင်းသားကလေး၊ အချောအလှကလေး လည်ပင်းမှာ စံပယ်ပန်းကုံး တုတ်တုတ်တကုံး စွပ်ထားပြီး၊ ခေါင်းပေါင်းစမှာ ရွှေချည် ငွေချည် တလက်လက်နဲ့ သွားတက်ကလေးပေါ်ရုံ ပြုံးနေတဲ့ ကိုယ်တပိုင်းပုံ၊ လည်ပင်းမှာ ပုလဲပုတီး ၃ကုံး ရစ်ထားတယ်။
“မြို့တော် စိန်ကြည်အောင် ပုံတော့”လို့ အသံပြုလိုက်ခါ ရှိသေးတယ်၊ အနီးအနားမှာရှိတဲ့ အရွယ်လွန်၊ သားသည်မအေ၊ အပျို၊ အပျိုဟိုင်း၊ တခုလပ် အဝတ်ဖွတ်သမတွေ မခင်သောင်းရဲ့ အဝတ်ပုံကြီးရှိရာ စုပြုံရောက်လာကြတယ်။
စတီးဝင်း၊ ဆန်ဝင်း၊ ရှမ်းဝိုင်း၊ ပဲပုတ်တန်း၊ ရုံးသာလှည်းတန်း၊ ညောင်ကုန်းလှည်းတန်း၊ လန်ဒန်ဝင်း၊ ပတ္တာ၊ မင်းတုန်းလို အရပ်တွေမှာတော့ ဘုရားပွဲ၊ ဓမ္မာရုံပွဲဆိုယင် သူမပါယင်မပြီးတဲ့ စိန်ကြည်အောင်ပေါ့၊ နန်းအောင်မြေဓမ္မာရုံပွဲမှာ ဒီမင်းသားချည်း နှစ်စဉ် ၃-နှစ်ဆက်ကရတဲ့ မင်းသား၊ ဦးပေစိဘုရားပွဲမှာ ၂ည ကပြအသုံးတော်ခံတာကို ပရိသတ်ကအားမရလို့ ဒေါ်ဒေါ်၊ မမ၊ နှမလေးတို့အလိုကျ တညတိုးကပြရတဲ့ မင်းသား။
သူတို့ချစ်တဲ့၊ သူတို့သဘောကျတဲ့၊ ပွဲခွင်တွေ မလွတ်တမ်း ကြည့်ခဲ့ရတဲ့ မင်းသားချောရဲ့ပုံဟာ နေစားသွားလို့ ဆေးရောင် လွင့်ပျက်ပြယ်သွားပေမယ့်၊ သူတို့မျက်စိထဲမှာတော့ လှပသစ်လွင် တောက်ကြွားနေတုန်းပါပဲ။
ပန်းချီဆရာက ပိုစတာဆေးတွေကို ပွတ်သပ်ပြီးရေးထားတာမို့ မင်းသားရဲ့ပါးဟာ မို့ပြီး လုံးကြွနေပါတယ်။ စုတ်တံနဲ့ သေသေချာချာ မှုန်းထားတာမို့၊ နှာတံကလေးကစင်းနေပြီး အပြင်မှာထက် ပိုချောနေတယ်လို့ ထင်ကြတယ်။ တချို့ကလည်း ဇာတ်စင်ပေါ်မှာ ပိုလှသတဲ့။ အောက်ပိုင်းကရေးထားတဲ့ စာလုံးအဝိုင်းတွေကတော့ အနုမြူရောင်တွေနဲ့မို့ သစ်လွင်နေတုန်း၊ ပန်းချီ ကိုညီညီက မျက်ဝန်းရဲ့ အလယ်တည့်တည့်မှာ မျက်စေ့ကို ရေးထားတော့ ဝိုင်းကြည့်နေကြတဲ့ ပရိသတ်ကို ဖမ်းစားမိနေတာပေါ့။ ဘယ်နေရာ၊ ဘယ်ထောင့်က ကြည့်ကြည့် မင်းသားနဲ့ အကြည့်ချင်းဆုံနေသလိုပဲ၊ စိန်ကြည်အောင်ရဲ့ မျက်လုံးဟာ အဝတ်ဖွပ်သမတွေရဲ့ ဝိညာဉ်ကို ဖမ်းချုပ်ထားတယ်။
“မင်းသားက ငါ့ကြည့်နေတာတော့” လို့ ညွန့်ခင်မက အားရပါးရ ပြောချလိုက်တော့-
“အံမာ ငါ့ကြည့်နေတာပါ ကောင်မရဲ့” လို့ မဘီက ချက်ခြင်း ကန့်ကွက်လိုက်တယ်။
“ပြောရော့မယ်၊ ငါ့လင်က ငါ့ကြည့်နေတာပါဟယ်” လို့ တယောက်က ဆိုလိုက်ပြန်တယ်။
“ဗိုင်းဒါမ ကိုကို့ကိုများ ပိုင်စိုးပိုင်နင်း ပြောလိုက်တာ” လို့ ညွန့်ညွန့်သန်းက ပြန်ပက်လိုက်တယ်။
ပျော်ပျော်ရွှင်ရွှင် အသံလွင်လွင်တွေ ဂေါဝိန်ဆိပ်မှာ ဝေစည်နေပါတယ်။ မခင်သောင်းရဲ့ ကြည်နူးတဲ့ အပြုံးရိပ်ဟပ်ပြီး မြစ်ဧရာလည်း လိုက်ပြီးပြုံးနေတယ်။
ဒေါ်မြသွင်က၊ ဒီပိတ်စကို နောက်မှလျှော်ဖို့ ပြောလာတယ်။ အဝတ်ဖွပ်ရင်း အမောပြေကြည့်ချင်သတဲ့။
မသိန်းတင်က သူ့အဝတ်ထုပ်ကို ကြော်ငြာပိတ်စနဲ့ နီးရာကို ပြောင်းလာပြီ။ ကြီးဒေါ်မြက “ဟဲ့ ခင်သောင်း နင်မနေ့ညက စန်းလွင်နဲ့ အိပ်တာလား၊ ဒီပိတ်စ ဖက်အိပ်တာလား၊ ငါ့ပြောစမ်း” လို့ မေးလိုက်တယ်။
“အိပ်တာတော့ ကိုစန်းလွင်နဲ့ပါတော်၊ စိတ်ကတော့ ကြီးဒေါ်မြလိုပေါ့” လို့ ပြန်ဖြေလိုက်တယ်။
မင်းသားရဲ့ ဖမ်းစားချက်ကြောင့် ကြီးဒေါ်မြလည်း ခါတိုင်းလို ဆပ်ပြာကို မဆဲတော့ပါဘူး၊ မဘီတို့တတွေ ဟင်းသောက၊ ထမင်းသောက၊ ဆီကြွေးတွေ၊ ထီကြွေးတွေ၊ ငစိန်ကြွေး၊ ထမီကြွေးတွေ၊ သားအပူ၊ ဆားအပူတွေ ခဏမေ့သွားကြတယ်။ မခင်သောင်းရဲ့ အတွေးထဲမှာတော့၊ ဒီပိတ်စကို ရေနဲ့လျှော်ပြီးယင် ပေါင်းအိုးထဲထည့်ပြုတ်ဖို့ ထင်းဖိုး၊ ချွတ်ဆေးမှုန့်ဖိုး၊ ငွေခဲအတွက် ဆေးဖိုး၊ ကိန်းဂဏန်းတွေ တန်းစီနေရာယူနေကြပြီလေ။
အပ်ထည်တွေထဲက အဝတ်တွေဖွပ်ယင်း ဝတ်ဖို့ သပ်သပ်ဖယ်ထားတဲ့ အိရှံ လက်ရှည်ကလေးကို မခင်သောင်း ကောက်ဝတ်လိုက်ပါတယ်။ အသွေးက “အောင်ဗလသွေး”လေး။
စ,စချင်း ဦးစိန်သော်တို့ဆွမ်းကျွေးတုန်းက သုံးထားတဲ့ လက်သုတ်ပုဝါတွေလျှော်မလို့၊ ရေပုံးတဖြစ်လဲ ဆေးပုံးခွံကိုရေထဲ အနှစ်လိုက်မှာ နဖူးက ချွေးတစက် ဧရာဝတီမြစ်ထဲ ခုန်ဆင်းပြီး၊ ဒိပြင်ချွေးတွေနဲ့ ပေါင်းသွားတယ်။
အဝတ်ဖွတ်သမတွေရဲ့ လက်ရိုက်တုတ်နဲ့ အဝတ်ကိုရိုက်သံ၊ ကျောက်တုံးနဲ့ အဝတ်ဆောင့်သံ၊ ဘရွတ်နဲ့ တိုက်သံတွေ၊ အဝတ်ဖွပ်သည်တွေရဲ့ ဝေစည်တဲ့အသံတွေနဲ့ ပေါင်းစုထားတဲ့ ဂေါဝိန်သီချင်းဟာ လေထဲမှာပျံ့လွင့်နေဆဲ။
ဧရာဝတီကတော့ တိုးတိုးတိတ်တိတ်ကလေး စီးဆင်းမြဲ။
----------------
ညီပုလေး
စံပယ်ဖြူ၊ သြဂုတ်၊ ၁၉၈၅။

No comments:

Post a Comment