ပိုးတုံးလုံး (နေဝင်းမြင့်)=================
(၁)
ရန်ကုန်မှာက ခင်ဗျားတို့လည်း သိသားပဲ။ ဘယ်ဟာမှ လွယ်တာမဟုတ်ဘူး။
ကျုပ်တို့တောလို မဟုတ်ဘူး။ ထမင်းတစ်နပ် ရေတစ်ပေါက်လောက်ကတော့ တောမှာက
ဘယ်အိမ်ဝင်စားစား၊ ဘယ်အိမ်ဝင်သောက်သောက်လေ။ ကျွေးချင်လွန်းလို့မှ။
ရန်ကုန်မှာက ရေသောက်ချင်ရင်လည်း ရေခဲရေသည် ရှာပေတော့ပဲ။ ထမင်းစား
ချင်ရင်လည်း ခင်ဗျားအိတ်ကပ်ထဲ ပိုက်ဆံတော်တော်လေးပါရင် ဆိုင်ကောင်းကောင်း
မှာစား၊ မပါရင်တော့ ဗယာကြော်သုပ်ကို ပဲဟင်းပူပူနဲ့ မဆလာနဲ့ ရောမွှေထားတာ ကို
စားချင်စား၊ တစ်ပွဲတစ်ဆယ် မုန့်ဟင်းခါးတစ်ပွဲတလေကို စားချင်လည်း စားမှပဲ။
ကျန်တာကတော့ မလွယ်ဘူး။ စားဖို့လည်း မလွယ်ဘူး။ သောက်ဖို့လည်း မလွယ်ဘူး။ ဒါက
မြို့ထဲကို အကြောင်းကိစ္စတစ်ခုခုနဲ့ ရောက်သွားတဲ့အခါကို ပြောတာပါ။
ပိုက်ဆံများများတတ်နိုင်လို့ ဆိုင်ကြီးကနားကြီးမှာ စားချင်ရင်တော့
တစ်မျိုးပေါ့လေ။ ကျုပ်က ချွေချွေတာတာ ပြောတာပါ။ မိတ်ဆွေအပေါင်းအသင်းရှိလို့
ဖိတ်လို့ကြားလို့ကတော့ မြန်မာတွေပဲဗျာ မရိုင်းပါဘူး။ ကျွေးကြတာ ရှိပါတယ်။
ဒါပေမဲ့ ရန်ကုန်ကတော့ လိုသလောက်ပဲ။ ကိစ္စဝိစ္စရှိသလောက်ပဲ။ သူ့အကြောင်းနဲ့သူ
ကိုယ့် အကြောင်းနဲ့ကိုယ် ပြေးလွှားနေကြရတာပဲ။ လမ်းဘေး လက်ဖက်ရည်တစ်ခွက်
တစ်ဖလား ကတိုက်ကရိုက်သောက်ပြီး လက်ဖက်ရည်ဆိုင်မှာပဲ ဆုံကြ ပြောကြရ တာ။
ကျုပ်တို့တောမှာလိုများ အိမ်ဦးခန်းကြွပါဆိုပြီး ရေနွေးကြမ်းနဲ့၊
ထန်းလျက်ခဲနဲ့၊ လက်ဖက်နဲ့ဆိုတာမျိုး အလေ့က မရှိသလောက်နည်းတယ်။
ထားပါတော့ဗျာ။ ပြောချင်တာ ဒါလည်းမဟုတ်ပါဘူး။ စကားက ဘေးချော်သွားပြီ။
ပြောချင်တာက ရန်ကုန်မှာ အပေါ့အပါးသွားရတာ လည်း မလွယ်ဘူးဆိုတာကို ကျုပ်က
ပြောချင်တာပါ။ ဒါလည်း မနေနိုင်မထိုင်နိုင်လို့ တိုက်တစ်တိုက်ဝင်ပြီး
တပိုတပါးလေး သွားပါရစေလို့ တောမှာလို့ လုပ်လို့မရဘူး။ ဘယ်ခြံကြို
ဘယ်ခြံကြားလည်း ဝင်ပြီး စခန်းသွားမယ်လုပ်မရဘူး။ အဲသည်ဒုက္ခက ရန်ကုန်မှာ
တော်တော်ကြီးတယ်။ အထူးသဖြင့် မြို့ထဲမှာ တော်တော်ကြီးတယ်။
အခုပြောချင်တာလည်း အဲဒီ အကြောင်းပဲ။ အပေါ့အပါးသွားလို့ တွေ့ခဲ့ကြုံခဲ့ရတဲ့
အကြောင်းပဲ။ ကျုပ်စိတ်ထဲ အမှတ်ထင်ထင်လည်း ဖြစ်မိရဲ့။ တကယ်တကယ်။
ရယ်စရာလည်းကောင်းရဲ့။ စဉ်းစားစရာလေးလည်း ပါရဲ့။ သည်လို။
(၂)
ရန်ကုန်မှာ အပေါ့အပါးသွားချင်ရင် ပလက်ဖောင်းပေါ်က မြေအောက်အိမ် သာတွေတော့
ရှိတယ်။ ဒါပေမဲ့ ကျုပ်သိသလောက် သိပ်များများမရှိဘူး။ ရန်ကုန် မြို့လယ်မှာ
၃၊ ၄ နေရာရှိတယ်။ ဆူးလေဘုရားလမ်းမကြီးပေါ်မှာ လမ်းမျက်နှာ ချင်းဆိုင်
ဟိုဘက်သည်ဘက်မှာ တစ်နေရာစီ ရှိတယ်။ ငါးသုံးလုံးစီးကရက်ကြော်ငြာ
ဆိုင်းဘုတ်ကြီးအောက်က အိမ်သာဆိုရင် ဘယ်တော့မှ လူမပြတ်ဘူး။ ခင်ဗျားဟာ
ခင်ဗျား မရိုသေ့စကား ပြောပါရစေတော့ ဗိုက်နာလို့ပဲဖြစ်ဖြစ်၊
ဝမ်းရစ်လို့ပဲဖြစ်ဖြစ် ဆီးအောင့်နေတာ ချွေးသီးချွေးပေါက်တွေ
ကျနေလို့ပဲဖြစ်ဖြစ် ခင်ဗျားရှေ့မှာ လူ ၂၀ ယောက် အမြဲရှိနေလိမ့်မယ်။
ပြောချင်တာက ရောက်ရောက်ချင်း ခင်ဗျားအလှည့် မဟုတ်ဘူး၊ စောင့်ပဲ။ ခင်ဗျား
မယုံဘူးလား။ မယုံရင် သွားသာကြည့်ဗျာ။ အမြဲကို ကျပ်ညပ်နေတာ။ အိမ်သာကို
အလှည့်ကျ စောင့်နေရတာ ထားပါတော့။ အခင်းကြီး သွားချင်တဲ့အခါ လူက ဘယ်လိုမှကို
အန္တရာယ်မတားနိုင်လို့ အိမ်သာတံခါးဝမှာ တန်းစီနေကြတာ ထားပါတော့။
အပေါ့သွားချင်လို့လည်း သိပ်မလွယ်ဘူး။ အထဲမှာ နေရာက ကျဉ်းကျဉ်းရယ်။
တစ်ခါရှူးရှူးပေါက် ၄ ယောက်နှုန်းနဲ့ကိုပဲ မလောက် နိုင်ဘူး။ ကိုယ့်အလှည့်
မရောက်နိုင်ဘူး။ သည်ဘက်လမ်းတစ်ဖက်က မြေအောက် ရေအိမ်ကတော့ လူတော့ကျဲပါရဲ့။
နည်းလည်း နည်းပါရဲ့။ ဒါပေမဲ့ သူလည်း လူတော့မပြတ်ဘူး။ ရှိတော့ရှိနေတာပဲ။
ရန်ကုန်မြို့ထဲကို အကြောင်းအမျိုးမျိုးနဲ့ရောက် လာတဲ့ လူတွေဆိုတာ
နေ့စဉ်နဲ့အမျှ နည်းတာမှ မဟုတ်တာကလား။ မိုးတွင်း ပုရွက်ဆိတ်တွေ
အသိုက်ပြောင်းတာ ခင်ဗျားတွေ့ဖူးတယ် မဟုတ်လား။ သူ့ထက်ပိုဆိုးတာပေါ့။
လူတွေဆိုတာ တရွရွနဲ့ကို ဖြစ်နေတော့တာကလား။
* * *
နောက်တစ်နေရာက ဆူးလေဘုရားက ဘုရားဖူးများ သုံးကြတဲ့ ရေအိမ်ကို
ပြေးချင်ရင်လည်း ပြေးနိုင်တယ်။ သူက နည်းနည်းလှမ်းတယ်။ တော်ရုံတန်ရုံက
အခုပြောခဲ့တဲ့ နှစ်နေရာကိုပဲ ပြေးကြရတာ များတယ်။
ကျုပ်ကတော့
မီးရထားလက်မှတ်ရုံ ရေအိမ်ကို သွားလေ့ရှိတယ်။ သန့်တယ်။ လူနည်းတယ်။
နည်းနည်းလေးလှမ်းတယ်ဆိုပေမယ့် သီးသန့်ဖြစ်တယ် ပေါ့ဗျာ။ တစ်ခါတစ်ခါ
ကားစီးလာရင်း ဆီးသိပ်အောင့်ရင်တော့ ဘုရားရေအိမ်ကို တက်လိုက်တာပါပဲ။
အလှူငွေပုံးထဲ တစ်ကျပ်လောက် ထည့်လိုက်တယ်။ ဒါတွေ ပြောနေတာက အကြောင်းရှိတယ်။
မြို့ထဲမှာ ရေအိမ်နည်းတယ်။ သန့်ရှင်းမှုနည်းတယ်။ လူဦးရေနဲ့ ရေအိမ်နဲ့
အချိုးမကျဘူး။ နောက်တစ်ခု ဆိုးတာက ဒီနားတစ်ဝိုက်မှာ ဗိုက်နာရင်တော့
ဘာအကြောင်းလဲ။ ဆီးသွားချင်တာကလည်း အဲသည်နားရောက်မှ ဆိုရင် အကြောင်း
မဟုတ်ဘူး။ တခြားနေရာတစ်နေရာ (ရေအိမ်မရှိတဲ့နေရာ)ဆိုရင် ဘယ်လိုလုပ်မလဲ။
စဉ်းစားသာကြည့်လေ။ ဒါက ပြဿနာခပ်ကြီးကြီးတော့ မဟုတ် သေးဘူးပေါ့ဗျာ။
ဘယ်သူကမှလည်း အော်ဟစ်နေရတဲ့ ကိစ္စလည်း မဟုတ်တော့ဘူးပေါ့။
ဒါပေမဲ့ ခင်ဗျား ဒီကိစ္စ စဉ်းစားကြည့်ဖူးသလား။ အခုကလည်း ရေအိမ် တစ်ခုထဲမှာ ဖြစ်ခဲ့တဲ့ ကျုပ်အတွေ့အကြုံတွေထဲက တစ်ခုပါ။
တစ်ခါက ရန်ကုန်အရှေ့ပိုင်းဘက် ကျုပ်ရောက်သွားတော့၊ မဂ္ဂဇင်းတိုက် ကလည်း
ရန်ကုန်အရှေ့ပိုင်းမှာ ရှိတော့ စာမူလေးကိုင်ပြီး သွားနေရင်းက ဆီးသွား
ချင်လာရော။ သွားချင်တာမှ မတရားကို သွားချင်တာ။
အဲဒီမှာ ပြဿနာ တက်တော့တာပဲ။ ဒါနဲ့ ကျုပ်လည်း အနားက ကွမ်းယာ ဆိုင်လေးကို မေးရတယ်။ ဘယ်နားသွားရင် ရမလဲပေါ့။
'အိမ်သာသွားချင်တယ်ဗျာ။ ဘယ်နားမှာ သွားရမလဲ'
'ဟိုမှာလေ မြေအောက်အိမ်သာ'
ဟာ ဟုတ်သားပါလား။ ကျုပ်တစ်ခါမှ သတိမထားမိဘူး။ သည်ဘက်လည်း ရောက်ခဲတာကိုး။
ဝမ်းလည်းသာလိုက်တာ မပြောပါနဲ့တော့။ ကွမ်းယာသည် ကောင်လေးတောင်
ကျေးဇူးတင်ကြောင်း မပြောခဲ့ရဘူး။ ပြေးရတော့တာပေါ့။
မြေအောက်အိမ်သာက
အမျိုးသားသီးသန့်အိမ်သာဗျ။ (ရန်ကုန်မှာ တချို့ နေရာတွေမှာ
အမျိုးသမီးသတ်သတ်၊ အမျိုးသားရေအိမ်သတ်သတ် မနီးမဝေးမှာ တွဲထားတာမျိုး
ရှိတတ်တယ်။) သည်နေရာမှာက အမျိုးသမီးအိမ်သာကို မရှိဘူး။ အမျိုးသားမြေအောက်
အိမ်သာတစ်လုံးတည်း သတ်သတ်ရှိတယ်။ ဒါလည်း ကျုပ် ကံကောင်းတာပေါ့လေ။
တကယ်လို့သာ သည်အိမ်သာက အမျိုးသမီး သီးသန့်အိမ်သာ ဆိုရင် ကျုပ်
ဒုက္ခရောက်မှာလေ။ ဒါမှမဟုတ်ရင်လည်း မဂ္ဂဇင်းတိုက်ရောက်မှ အယ်ဒီတာကို
တောင်းပန်ပြီး သွားဖို့ပဲရှိတာ မဟုတ်လား။ ထားပါတော့။
ဒါနဲ့ ကျုပ်
ပိုက်ဆံတစ်ကျပ် ထုတ်ပေးလိုက်တယ်။ အပေါက်စောင့်တာက အသက်ကြီးကြီး
အဘိုးကြီးတစ်ယောက်ဗျ။ အိပ်ငိုက်နေတယ်။ ကျုပ်ပေးတဲ့ ပိုက်ဆံ ကို
မယူချင်သလိုလို၊ ယူချင်သလိုလိုနဲ့ ယူပြီး ပြန်ငိုက်နေတယ်။ အရောင်းအဝယ်
ပါးတဲ့သဘော ဆိုပါတော့ ဒါနဲ့ ကျုပ်လည်း ကမန်းကတန်းပဲ အုတ်လှေကားထစ်
တွေအတိုင်း ဆင်းလာခဲ့တယ်။
(၃)
အဲသည်မှာ၊ အဲသည်မှာ ပြဿနာစတာပဲ။
အိမ်သာထဲမှာ ကျုပ်လို အပေါ့အပါးသွားတဲ့လူ တစ်ယောက်မှ မရှိဘူး။ ရေအိမ်က
သန့်ရှင်းရေးဝန်ထမ်းသုံးယောက်ပဲ ရှိတယ်။ ကျုပ် ခြေလှမ်းတွေက
လှေကားထစ်တွေကို ဆင်းရင်း အောက်ဆုံးလှေကားထစ်မှာ ရပ်သွားတယ်။
သူတို့ကို ကျုပ် အဲ- ဘယ်လို ပြောရမလဲ။ လန့်သွားတယ်ပေါ့ဗျာ။
လန့်သွားတယ်ဆိုလို့ ကျုပ်မြင်လိုက်ရတဲ့ မြင်ကွင်းက ကျုပ်ဆီက ပစ္စည်းလုဖို့
စောင့်နေတဲ့ပုံစံနဲ့ စိန်းစိန်းကြီး ဝိုင်းကြည့်နေတာမျိုး မဟုတ်ပါဘူး။
သူတို့အလုပ် သူတို့ လုပ်နေတာပါ။ ကျုပ်ကို တစ်ချက်ကလေးတောင်
လှည့်မကြည့်ပါဘူး။ ဂရုတောင် မစိုက်ဘူး။ အရေးတောင် မလုပ်ဘူး။ အသိအမှတ်တောင်
မပြုဘူး။
သုံးယောက်စလုံးလည်း ရေတွေစိုရွှဲလို့။ တစ်ယောက်က
ထိုင်နေတယ်။ ခဏမောလို့ ထိုင်နေတာမျိုး။ တစ်ယောက်က ပြုတ်တူကြီးတစ်လက်နဲ့
ပိုက်ခေါင်းကြီး တစ်ခုကို တအားလှည့်တပ်နေတယ်။ တစ်ယောက်က မတ်တတ်ရပ်ပြီး
အဲဒါကိုပဲ (ပြုတ်တူနဲ့ လှည့်နေတာကိုပဲ) စိုက်ကြည့်နေတယ်။ သူ့လူ မရရင်
သူပါဝင်ကူတော့မယ့် ပုံမျိုး။
ဒါပဲ မြင်ကွင်းက ဒါပဲ။ ဘာမှလည်း
မထူးဆန်းဘူး။ ရေအိမ်က ဝန်ထမ်း သုံးယောက်
ရေအိမ်သန့်ရှင်းရေး(ရေရရှိရေးကိစ္စ)လုပ်နေတယ်။ ကျုပ်က ကျုပ်နေရာ လေး
ကျုပ်သွားပြီး အပေါ့သွား၊ ပြီးရင်ပြန်၊ ဒါပဲ ဖြစ်ရမှာ မဟုတ်လား။
မဟုတ်ဘူး။ ကျုပ် ရှေ့တိုးလို့ မရဘူး။ သူတို့ကလည်း ကျုပ်ကို မလာနဲ့ တားတာ
မဟုတ်ဘူး။ ကျုပ် ပြောပါပကော၊ အရေးတောင် မလုပ်ကြပါဘူးလို့။ ကျုပ်ဟာကျုပ်ကို
ဖြစ်နေတာ။ ကျုပ်လည်း မရှက်တတ်ပါဘူးဗျာ။ ယောက်ျားလေး အိမ်သာထဲ
ယောက်ျားသုံးယောက်ရှိတာ ဆန်းတာမှတ်လို့။
ဒါပေမဲ့
မြင်ကွင်းကိုကြည့်ပြီး ကျုပ်မျက်နှာ မထားတတ်ဘူး ဖြစ်နေတယ်။ ကျုပ်
မျက်နှာတွေလည်း ထူပူနေတယ်။ ကျုပ်တစ်သက်နဲ့ တစ်ကိုယ်လည်း ဒါမျိုး
မမြင်ဖူးဘူး ပြောပါတော့။
'လာလေ သွားပါ ရပါတယ်။ ရေပိုက်ကွဲသွားပြီး ရေတွေလျှံနေလို့ဗျာ။ လွတ်တဲ့နေရာသာ ကြည့်သာသွားတော့'
မတ်တတ်ရပ်နေတဲ့ အလုပ်သမားက ကျုပ်ကို လှမ်းပြောရှာတယ်။ ကျန်
တဲ့နှစ်ယောက်ကတော့ လှည့်တောင်မကြည့်ဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်နေကြတယ်။
ခပ်တည်တည် ခပ်အေးအေးပဲ။
အလုပ်သမားတွေကို ကျုပ် ခဏလေး
အကဲခတ်လိုက်တယ်။ အသားကတော့ သုံးယောက်စလုံး ခပ်မည်းမည်းပါ။ တစ်ယောက်က
အရပ်ပုပု ဂင်တိုတိုရယ်၊ ထိုင်နေတဲ့တစ်ယောက်ကတော့ ဆံပင်တွေ ကောက်လိမ်နေတယ်။
ကျောပေးထားတဲ့ ကျောပြင်ကလည်းပြောင်ပြီး အဖုကြီးနဲ့။ ရေပိုက်ကိုလှည့်ပြီး
ပြုတ်တူနဲ့ လှည့်နေသူကတော့ တကယ့်လူကြမ်းရုပ်။ တစ်ခုခုကို မဖြစ် ဖြစ်အောင်
လုပ်မယ်ဆိုတဲ့ ပုံစံမျိုး၊ မရရင် ရိုက်ချိုးမယ်ဆိုတဲ့ ရုပ်မျိုး။
'အရစ်တွေ ချော်နေတယ်ကွ စွတ်လှည့် မနေနဲ့'
'မချော်ပါဘူးဗျ။ ကျုပ်လုပ်နေတာ ကျုပ် သိပါတယ်'
'ပြန်ဖြုတ်ကြည့်ကွာ၊ မင်းဟာက ရေကို မလုံဘူး'
'ဒါဆို ခင်ဗျား ဆင်းလုပ်ဗျာ'
သူတို့ချင်းလည်း ကြည်ပုံတော့ မရဘူး။ ပင်ပန်းလို့နေမှာပေါ့လေ။ ကျုပ် ကတော့
ရှေ့ကိုမတိုးနိုင်သေးဘူး။ ကျုပ် မြေပေါ်ပြန်တက်ဖို့ ကြိုးစားလိုက်တယ်။
မဂ္ဂဇင်းတိုက်ရောက်မှပဲ တောင်းပန်ပြီး သွားတော့မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။
ကျုပ်လည်း ပြန်လှည့်ရော မတ်တတ်ရပ်နေတဲ့လူက-
'ဟေ့ ဆရာသမား၊ လာလေဗျာ သွားပါ။ ရပါတယ်'
'နေပါစေတော့ဗျာ'
အဲသည်တော့မှ ကျန်နှစ်ယောက်စလုံးက ကျုပ်ကိုမော့ကြည့်တယ်။ သုံးယောက်စလုံးက
ကြည့်နေတာပေါ့ဗျာ။ ကြည့်တာမှ ကျုပ်ကို အထူးအဆန်းသတ္တဝါ တစ်ကောင်လိုကို
ကြည့်နေတာဗျ။ ကျုပ်သိတာပေါ့။ သည်ငနဲ ဘာဆင်းကြောင် တာလဲဆိုတဲ့ ပုံပေါ့ဗျာ။
ကျုပ်လည်း ထူထူပူပူနဲ့ ပြန်တက်လာခဲ့တယ်။
ခင်ဗျား
စဉ်းစားကြည့်တော့ဗျာ။ ခင်ဗျား သိပ္ပံစာအုပ်တွေမှာ၊ ဒါမှမဟုတ်
စွယ်စုံကျမ်းတွေမှာ ကမ္ဘာဦးလူတွေကို သရုပ်ဖော်ထားတာ တွေ့ဖူးတယ် မဟုတ် လား။
အဲသည့်အတိုင်းပဲ။ ကျောက်ဂူထဲမှာ ကမ္ဘာဦးလူသား သုံးယောက်ဟာ ပစ်
ခတ်ရလာတဲ့အမဲကို ကျောက်လက်နက်တွေနဲ့ ဖျက်နေကြတဲ့အတိုင်းပဲ။ သူတို့
သုံးယောက်လုံး တစ်ယောက်မှ အဝတ်မပါဘူးဗျ။ မပါဘူးဆိုမှ ဘာကိုမှမပါတာ။ တကယ့်
ပကတိအတိုင်းပဲ။ လူတွေက ရေတွေရွှဲနစ်နေတော့ သူတို့အဝတ်အစား လည်း
အစိုမခံနိုင်ဘူးနဲ့ တူပါတယ်။ သည်အတိုင်း လုပ်နေကြတာ။ ကျုပ်လည်း အသက်လေးဆယ်
ရှိပါပြီဗျာ။ လူသားသုံးယောက် အဲဒီ လိုနေနေတာ တစ်ခါမှ မတွေ့ဖူးခဲ့ဖူးပါဘူး။
ဘုရားစူးရစေရဲ့။
(၄)
ပလက်ဖောင်းပေါ် ရောက်တော့မှ
ကျောက်ခတ်မဟုတ်မှန်း သတိထား မိတော့တယ်။ မျက်နှာပူတဲ့ကြားက ရယ်ချင်ရဲ့။
ပြီးတော့ တစ်ခုလည်း စဉ်းစားမိ တယ်။ ဘယ့်နှယ်၊ ငါက အဝတ်အစားအပြည့်အစုံနဲ့လူက
ရှက်နေပြီး သည်လူတွေ က ဘာလို့ မရှက်ကြတာလဲပေါ့လေ။
မရှက်တဲ့လူတွေ စုမိရင်လည်း မရှက်ကြတော့ဘူးလား။ သည်လိုလား။ ရေများ ရေနိုင်ဆိုတာ ဒါလားပေါ့။
အင်းလေ- ခင်ဗျားလည်း စဉ်းစားကြည့်လေဗျာ။ ပြောင်းတော့ ပြောင်းပြန် ကြီးဗျနော့။
-------------
နေဝင်းမြင့်
ရွှေအမြုတေ၊ ဒီဇင်ဘာ၊ ၁၉၉၃။
No comments:
Post a Comment