ရှေ့ခရီး၌ (ခင်မြဇင်)
=================
(၁)
ဘိုင်ဘာ (နှုတ်မေးခွန်း) ဖြေဆိုရမည့်နေ့ဆိုလျှင် အလိုလို
ရင်ခုန်သည်။ ကြော်ငြာသင်ပုန်းမှာ ကိုယ့်ခုံနံပါတ်အလိုက် ဘယ်ဆရာနှင့် ကျမလဲ
ပြေးကြည့်ရသည်။
ကတ်ကတ်သတ်သတ် မေးတတ်တဲ့ ဆရာ၊ ကျောင်းသူတွေဆီက မျက်ရည်စတွေ ချူယူတတ်သည့် ဆရာမနဲ့များ ကျရင်တော့ ဘုရား ... ဘုရား ...။
မြတ်စွာဘုရားသခင် ဘဝတစ်လျှောက် ပြုပြုခဲ့သမျှ ရှိစုမဲ့စု ကုသိုလ်လေးတွေ ထောက်ထားပြီး ကယ်တင်တော်မူပါ။
ဘာပဲဖြစ်ဖြစ် နာရီတွေ၊ စက္ကန့်တွေ ရပ်မနေ။ ဘိုင်ဘာ ဖြေရတော့မည်။
အခန်းဝမှာ ရပ်နေရပြီ။
ရင်ထဲက တထိတ်ထိတ်။
***
(၂)
ရေးဖြေ ဖြေပြီးသည့်တိုင် ညက စိတ်အေးလက်အေး မအိပ်ရ။
မိုးကလည်း တခြိမ်းခြိမ်းနှင့် သဲကြီးမဲကြီး ရွာလို့။
တကယ်ဆို စာမေးပွဲအပြီး မိုးကလေးအေးအေးနဲ့ ကွေးနေဖို့ မကောင်းဘူးလား။
ခုတော့ မကွေးနိုင်။ ဘိုင်ဘာအတွက် စာတမ်း (Term paper) ပြန်ဖတ်ရဦးမည်။
သို့သော် မဖတ်ဖြစ်။
တစ်စုံတစ်ယောက်က တံခါးခေါက်လာသည်။
တံခါးကို ဖွင့်လိုက်တော့ အိပ်နိုးထစ ကပိုကရိုနှင့် ခင်နှင်းထွေး။
“ညကြီးမင်းကြီး ဘာလာရှုပ်တာလဲ”
သူ့လက်ထဲမှာလည်း ပလတ်စတစ် ရေပုံး အပြာရောင်တစ်လုံး ကိုင်လျက်။ တစ်ရေးနိုးသော် ဘာတွေများ အကြံပေါ်လာပြန်ပါလိမ့်။
“ငါ အောက်ထပ်ဆင်းမလို့ လိုက်ခဲ့စမ်းပါ”
“ဘာလုပ်ဖို့”
“အောက်ကျသိမှာပေါ့ဟယ်၊ လိုက်မှာ လိုက်ခဲ့စမ်းပါ”
သူက အညို့လက်ကို ဆွဲခေါ်သည်။
အိမ်သာသွားချင်လျှင် အောက်ထပ်ထိ သွားဖို့မလို။ အပေါ်ထပ်မှာလည်း
အိပ်သာတွေအပြည့်။ ဘာကြောင့်များ မိုးသည်းသည်းထဲ အောက်ထပ်ကို
သွားချင်ရပြန်ပါလိမ့်။ အခန်းအပြင်ဘက်မှာ မိုးသက်လေ၊ မိုးရေ၊
မိုးငွေ့ကြောင့် အေးနေသည်။
မနှစ်ကတော့ ဝင်းလဲ့ညိုနှင့်
ခင်နှင်းထွေးက အခန်းဖော် သူငယ်ချင်းတွေ မတည့်အတူနေ ဆိုသလို စိတ်ကောက်လိုက်၊
ရန်ဖြစ်လိုက်၊ တည့်လိုက် နေခဲ့ကြသမျှ နောက်ဆုံးနှစ်မှာတော့ တစ်ယောက်ခန်း
မဲနှိုက်ရာမှာ တစ်ခန်းစီ ရကြသဖြင့် ဘယ်သူမှ မနေချင်သော လှေကားထိပ်
ထောင့်အခန်း မှောင်မှောင်ကလေးတွေမှာ သီးခြား စံမြန်းနေကြရရှာသည်။ သီးခြား
စံမြန်းကြတော့မှ သူတို့သည် ပို၍ ရင်းနှီးချစ်ကြည်လျက်
မခွဲနိုင်မခွာရက်ဖြစ်ကာ သူ့အခန်း လည်လိုက်၊ ကိုယ့်အခန်းရှုပ်လိုက်
လုပ်နေကြသည်။
စာမေးပွဲရက်တွေတုန်းကတော့ လှည်းတန်းဈေးက လက်ဖက်တွေ၊
မုန့်တွေ ဝယ်ကာ စာကျက်လိုက်၊ စားလိုက် လုပ်ကြရင်း တစ်ယောက်နှင့် တစ်ယောက်
နှစ်အကြာကြီး ကွဲခဲ့ပြီး ခုမှပဲ ပြန်ဆုံရတော့သလို စကားတွေချည်း
ပြောနေဖြစ်ကြသည်။ စားပြီးပြောပြီး ကုတင်တစ်လုံးပေါ်မှာ
အိပ်ပျော်သွားတတ်ကြသည်။
တစ်ယောက်ယောက်က လန့်နိုးမှ ခြေသလုံးကိုင်ကာ အတင်းလှုပ်နိုးပြီး ...
“ထ ထ ... စာကျက် စာကျက်”
ဦးရာလူက နှိုးတတ်သည်။
အိပ်ငိုက်လိုက်၊ စာဖတ်လိုက်၊ မျက်စိကလေး ကျယ်လာအောင် ဟိုအကြောင်း
ဒီအကြောင်း ပြောလိုက် လုပ်နေတတ်ခဲ့သည်။ ပြောသမျှတွေမှာလည်း
မနက်ဖြန်ဖြေရမည့် စာတွေအကြောင်းထက် ခွဲရတော့မည့် သူတို့ချစ်သူတွေအကြောင်း
ဖြစ်နေတတ်သည်။
“တော်ပြီဟာ ... သည်အကြောင်းတွေ မပြောချင်တော့ဘူး”
မပြောချင်တော့ဘူး ဆိုသော်လည်း စကားတွေက ဝဲကတော့လှည့်ကာ ဒါတွေပဲ
အပ်ကြောင်းထပ်နေပြီး ပြောသူကလည်း နားထောင်သူ စိတ်ဝင်စားမစား မသိ၊ ရင်ထဲက
ခံစားရသမျှတွေ ကိုယ့်နှလုံးသားကို ပြန်ပြောသလို ပြန်ပြောနေတတ်သည်။
နားထောင်သူကလည်း သူ့အတွေးနှင့်သူ၊ သူ့အငေးနှင့်သူ။
ညနေကျတော့ ...
“ငါ နင့်ဆီ မလာတော့ဘူး၊ ဟိုအဖွဲ့တွေဆီ သွားလိုက်ဦးမယ်”
ခင်နှင်းထွေးက သူ့တစ်မြို့ထဲ သူငယ်ချင်းတွေ အခန်းဆီ သွားမည် ပြောခဲ့သည်။ ခုမှ ဘာတွေအကြံရပြီး ရောက်လာခဲ့ရပြန်ပါလိမ့်။
အောက်ထပ် ရေချိုးခန်းတွေဘက်မှာ မီးရောင်က ခပ်မှိန်မှိန် လင်းနေသည်။
ခင်နှင်းထွေး လက်ထဲက ပလတ်စတစ် ရေပုံးတွေမှာတော့ စာတွေ၊ ကျောင်းစာအုပ်တွေ၊
မှတ်စုတွေတော့ မဟုတ်။ ဖြူဖြူနီနီ၊ ပြာပြာ၊ ဝါဝါ၊ ပန်းရောင်၊ အစိမ်းရောင်၊
တက်ကနီကာလာ ရည်းစားစာတွေ။
သည်စာတွေကလည်း သူ့သမိုင်းကြောင်းနှင့်သူ
ရှိခဲ့ကြဖူးသည်။ နှလုံးသည်းပွတ်မှာ အပ်၊ ပါးမှာကပ်လျက် မြတ်မြတ်နိုးနိုး
ကြည်ကြည်နူးနူး ရင်ခုန်သံတွေ ကွန့်မြူးလာစေခဲ့ဖူးသည့် စာတွေ။
နှင်းထွေးက သည်စာတွေကို အိမ်ယူမသွားရဲ။ နောက်ဆုံးနှစ်
ကျောင်းပြီးပြီဆိုတော့ ရှိသမျှ အထုပ်အပိုးမှန်သမျှ အိမ်ပြန်သယ်ရမည်။
ဒီစာတွေသာ အမေမြင်လျှင် ရွှေရင်ဆို့လောက်သည်။ တက္ကသိုလ်က ဘာတွေ
သင်ပေးလိုက်ပါလိမ့်။ ကျောင်းပို့မိတာ မှားပြီ အောက်မေ့ရှာလိမ့်မည်။
နှင်းထွေးခမျာမှာတော့ ကိုယ့်ဝမ်းစာ ကိုယ်မရှာနိုင်ခင် အိမ်မှာ
ကပ်နေရဦးမှာမို့ သူ့ပြဿနာသူ လိမ္မာပါးနပ်စွာ ဖြေရှင်းရတော့မည်။
နှင်းထွေးက စာရွက်တွေကို ဖွကာ မီးခြစ် ထုတ်ခြစ်လိုက်သည်။ အညိုက သူ့လက်ကို လှမ်းဆွဲကာ ဟန့်တားလိုက်ပါသည်။
“မလုပ်ပါနဲ့ နှေမြာစရာကြီးဟယ်”
“အို ... အသာနေစမ်းပါ၊ နင်မသိပါဘူး”
“ဘာလဲ ငါ ကိုကိုနဲ့ တိုင်ပြောလိုက်မှာနော်၊ သူ့စာတွေ မီးရှို့ပစ်တာ”
“အဲဒါကြောင့် နင့်ကို ခက်တယ် ပြောတာပေါ့”
“ဘာခက်လို့လဲ”
“အို ... သူ့စာတွေမှ မဟုတ်ဘဲ”
သည်တော့မှ မိညိုခမျာ သဘောပေါက်သွားရှာသည်။
“ဝမ်းနည်းလိုက်ပါရဲ့၊ ပန်းခြောက်ကလေးတွေရယ်”
“သူ့ခမျာ အိပ်ရေးပျက်ရှာမှာပဲနော်”
“ဪ ... အချစ် ... အချစ်”
“မီးညွန့်မီးတောက်တွေကြား ရောက်တော့လည်း ပြိုက်ခနဲ ပြိုက်ခနဲပါလား၊ ညှော်လိုက်တာဟာ”
တစ်ခဏအတွင်း မီးခိုးတွေ အူလာပြန်သည်။ နှင်းထွေးက မီးတောက်သထက် တောက်အောင် စာတစ်အုပ်နှင့် ယပ်ခတ်ပေးနေသည်။
“နင် တင်ဝင်းအောင်ကို တကယ်မုန်းလိုက်ပြီပေါ့”
“မမုန်းပါဘူးဟာ၊ စိတ်နာတာ တစ်ခုပဲ”
“နင် သူ့စာတွေ ပြန်ပို့လိုက်ရင် ပြီးတာပဲ၊ အေးပါလေ၊ အေးပေါ့လေ၊ နင်
ထင်ယောင်ထင်မှား ဖြစ်ခဲ့တာပေါ့ ဟုတ်လား၊ စာတွေကလည်း များလှချည့်လား”
နှင်းထွေးက စိတ်မရှည်သံဖြင့် ...
“တင်ဝင်းအောင်ရယ်၊ စိုးအောင်ရယ်၊ နှစ်ကောင်စလုံးရဲ့ စာတွေပေါ့ဟာ”
ပြာလဲ့လဲ့ မီးတောက်က မိုးသက်လေကြောင့် ဝှေ့ရမ်းလျက် ပန်းခြောက်ကလေး တစ်ခက်မှာ မီးထဲတွင် တကျွတ်ကျွတ် မြည်နေသည်။
“အင်း ... စာကလေးတွေ၊ ပန်းကလေးတွေတော့ သေကုန်ပြီ၊ ညကျ နင့်ကို တစ္ဆေ လာခြောက်လိမ့်မယ် သိလား၊ စိုးအောင်ကြီးတော့ သနားပါတယ်ဟာ”
မီးတောက်က မညီ။ မိုးသက်လေကြောင့် စွဲလောင်ကျွမ်းပြီးစ စာအိတ်ကလေးတွေမှာ
ညိုမည်းမည်း။ တစ်စွန်းတစ်စ မီးရဲရဲကလေးတွေ လက်နေသည်။ ညှော်နံ့နှင့်
မီးခိုးနံ့က တစ်ဆောင်လုံး ပျံ့တော့မည်။
လေကြောင့် စာရွက်တစ်ချို့ ရှပ်တိုက်ပြေးသွားတော့ မနည်းလိုက်ကောက်ရသေးသည်။
“ကိုကိုကတော့ နင့်ကို တကယ်ချစ်တာပဲနော် သူ့စာတွေကော”
နှင်းထွေး မျက်လုံးကလေးတွေက ရယ်လျက် အညို့ဘက်သို့ လှည့်ကာ ...
“ငါတို့ နေ့တိုင်း တွေ့နေတာပဲဟယ်၊ စာ ဘယ်ရေးဖြစ်မလဲ၊ ရေးဖြစ်တာလည်း
ဘယ်မီးရှို့ပစ်ရက်မလဲဟာ။ ဒီမီးတောက်ထဲမှာ ငါအသည်းနှလုံး အပုပ်အသိုး
အဆွေးအမြည့်တွေ အကုန်ပါသွားပြီ။ ဟိုသေနာလေးလည်း သူ့ကောင်မနဲ့သူ
ပျော်နေမှာပဲ”
“အံမာ နင်က ကိုယ့်ဘက်ကိုလည်း ကြည့်စမ်းပါဦး”
အညိုက နှင်းထွေးကို မျက်စောင်းထိုးလိုက်သည်။
နှင်းထွေးကတော့ ...
“အေးပေါ့လေ။ နင်ကတော့ ဒါမျိုးတွေ ဘယ်နားလည်တတ်ပါ့မလဲ။ ဖိုင်နယ်ရီးယား (Final Year) ရောက်မှ ကံကောင်းထောက်မလို့”
“သေနာနော်”
အညိုက နှင်းထွေးကို ထုသည်။
စာအိတ်ကလေးတွေက မီးထဲမှာ တွန့်လိမ်လျက်။ ရက်စက်သော သခင်မကို တဖျစ်ဖျစ်မြည်ပြီး ကျိန်ဆဲနေကြသည်။ ညှော်နံ့က ခပ်တိုးတိုး။
“မြန်မြန်လုပ်ဟာ ငါ ကြောက်လာပြီ”
“နင်ကလည်း အရေးထဲ သရဲ မရှိပါဘူးဟ ...”
“နင့်အမေ သရဲကြောက်တာ မဟုတ်ဘူး။ ဝါဒင် တွေ့သွားမှာ စိုးတာ”
“တွေ့လည်း ဘာအရေးလဲ၊ နက်ဖြန်ဆို အဆောင်က သွားရတော့မှာ။ သူ့အဆောင်က ထုတ်ပစ်လို့ မရပါဘူး”
ချောင်းဟန့်သံကြောင့် လန့်ဖျပ်သွားကြသည်။ အလန့်တကြား လှည့်ကြည့်လိုက်တော့
ဟော ... ကျူတာဆရာမ (အဆောင်နည်းပြ) က မျက်မှန်တဝင်းဝင်းနှင့်
စောင့်ကြည့်နေသည်။ ဘယ်လောက်ကြာပြီလည်း မသိ။ အသံက ခပ်မာမာ။
“ဘာလုပ်နေကြတာလဲ”
“စာအုပ်တွေ မီးရှို့နေတာ”
နှင်းထွေးက ခပ်သွက်သွက် ဖြေသည်။
“အိုး ... ညှော်နံလိုက်တာ၊ စာအုပ်ပဲ၊ ပြန်ရောင်းစားရင် မုန့်ဖိုးတောင် ရဦးမယ်”
ဆရာမက ရောင်စုံစာရွက်တွေကို သင်္ကာမကင်း ကြည့်နေသည်။ မိုးစက်တွေ ပက်လာသည်။
အပြင်ဘက်မှာ မိုးက တဝုန်းဝုန်း ရွာဆဲ။ မီးခိုးတွေကြောင့် ဆရာမ
ချောင်းတဟွတ်ဟွတ် ဆိုးရှာသည်။ ကြာကြာမနေနိုင်။
“မြန်မြန်လုပ်ကြ၊ တော်ကြာ ဝါဒင် တွေ့ဦးမယ်”
“ဟုတ်ကဲ့ မမ၊ ပြီးခါနီး ပါပြီ”
မိုးရွာနေ၍ တော်သေးသည်။ နို့မို့ဆို အဆောင်ကို မီးနှင့် ရှို့သည်လို့
အပြောခံရလေမလား မသိ။ ဆရာမ ထွက်သွားမှ အပြီးသတ်ရှို့ကာ ရေနှင့်
ငြိမ်းလိုက်ကြသည်။ ပြာစတွေ ရေမှာ စီးမျောသွားကြသည်။
“သွားတော့ အချစ်ရေ၊ ဘိုင့်ဘိုင်”
နှင်းထွေးက နောက်နေသည်။
အညိုက မနောက်နိုင်။
ပြာရေတွေကို စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေမိသည်။ ဒီလောက် ဒုက္ခခံပြီး
နှစ်အကြာကြီး ချစ်ခဲ့၊ ရေးခဲ့ကြသည့် စာရွက်တွေ။ အချစ်ဆိုတာ နောက်ဆုံးတော့
ပြာဖြစ်သွားတာပဲလား။ နှလုံးသွေးမင်နဲ့ ရေးထားတယ် ဆိုကြတာတွေ၊
ကိုမင်းမောင်လည်း သူ့ကို သည်လိုပဲ။ အို ... မဟုတ်ဘူး။ မဟုတ်ဘူး။ တို့အချစ်က
သည်လိုအချစ်မျိုး မဟုတ်။
အညို မျက်မှောင်ကြုတ်နေသည်။
အဆောင်အပြင်ဘက်မှာတော့ မိုးသံတွေကြားကပင် တေးသံတွေ ဝေစီလျက်။
ကျောင်းသားတွေက ညအမှောင်ကို တေးသံနှင့်အပြိုင် ဖြိုခွင်းနေကြသည်။ မိုးစက်နှင့်အတူ ညကို တေးပန်းပွင့်များနှင့် ပစ်ပေါက်နေကြသည်။
နောက်ဆုံးညမို့ နှုတ်ဆက်နေကြသည့်အလား။ သီချင်းတိုင်းက အလွမ်းသီချင်းကို
ကျူးရင့်လျက်။ နက်ဖြန် သန်ဘက်ခါဆိုသလို တစ်နယ်ဆီ၊ တစ်ရပ်ဆီ ပြန်ရတော့မည်။
မိုးစက်တွေအောက်မှာ အဆောင်က ငြိမ်တိတ်ပြီး လွမ်းမျက်ရည်တွေကို တိတ်တဆိတ်
ခြွေချနေသည်နှယ်။
လှေကားထစ်တွေပေါ် လေးလေးမှန်မှန် တက်လာခဲ့ကြသည်။ နှင်းထွေး သီချင်းတစ်ပုဒ် ညည်းသည်။
“ဘယ်လောက်ဝေး ... ဘယ်လောက်ဝေးလဲ စိတ်တွေက ချစ်သူထံ အမြဲကျန်နေတယ်”
***
(၃)
ညို့ရှေ့က သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် အခန်းထဲ ဝင်သွားကြသည်။
ပြန်ထွက်လာတော့ တစ်ချို့လည်း မျက်ရည်စတွေနှင့် ခေါင်းခါပြသည်။ တချို့က
ပြုံးပြလို့။ အားရပါးရ စကားတွေ ဖောင်လို့။
ဆယ့်နှစ်နာရီ ခွဲပြီးပြီ။ ရပ်နေတာ ကြာပြီး သွေးတောင့်လှပြီ။ ဝင်းလဲညို အလှည့် မရောက်သေး။
အပြင်မှာ နေကျဲကျဲပူလျက်။ ကျောင်းနောက်ဘက် လမ်းများပေါ်တွင် သစ်ရွက်တွေ
ဖြာလျက်။ လင်းလက်သည့် နေရောင်ကြောင့် မိုးစက်တွေကို ထွေးပွေ့ထားသည့်
သစ်ရွက်တွေက စိမ်းမြတောက်ပနေသည်။ လေတစ်ချက် ဝေ့လိုက်သည်နှင့်
မိုးစက်များကို လမ်းပေါ်သို့ သွန်းကြဲဖြန့်ချလိုက်ပြန်သည်။ ကျောင်းလမ်းပေါ်မှ
သွားသူပြန်သူတွေကို ရေစင်ဖြန်းပက်ပြီး နောက်ဆုံး နှုတ်ဆက်နေသည့်နှယ်။
နေရောင်ကျသည့် လမ်းပေါ်မှာ လူတစ်ယောက် လျှောက်လာနေသည်။ အရပ်ရှည်ရှည်
ကလန်ကလား အသားက ခပ်မည်းမည်း။ တခြားသူမဟုတ် စိုးအောင်။ သည်နေ့မှ
ဘာစိတ်ကူးပေါက်လာသည် မသိ။ တိုက်ပုံအင်္ကျီ၊ ရခိုင်ပုဆိုးနှင့် သားနားနေသည်။
ခဏကြာတော့ စင်္ကြံအတိုင်း ကျောင်းပေါ်လျှောက်လာသည်။
“ဟေ့ ... ဝင်းလဲ့ညို”
ခုနှစ်သံချီနှင့် အဝေးက လှမ်းခေါ်သည်။
အညိုက မျက်မှောင်ကြုတ်ပြီး ပြန်ကြည့်သည်။ အနားရောက်လာတော့ ...
“နင့်မျက်နှာက ဘာဖြစ်နေတာလဲဟ၊ အဖျားတက်နေတဲ့ လူမမာအတိုင်းပဲ၊ ဒီမှာရပ်ပြီး ဘယ်သူ့ကို စောင့်နေတာလဲ”
“ဘာစောင့်နေရမှာလဲ၊ ဘိုင်ဘာ ဖြေမလို့ပေါ့”
စိုးအောင်အနားက ရေမွှေးနံ့စူးစူးကို ရသဖြင့် အညိုမျက်နှာ ပြုံးလာသည်။
ရွှေကိုယ်တော်က သည်နေ့မှ ခြယ်သလာလိုက်သည်မှာ ရေမွှေးတစ်ပုလင်းလုံး
မှောက်လာလေသလား မသိ။ အနံ့ တထောင်းထောင်း ထနေသည်။ အညိုက နှာခေါင်းရှုံ့ပြသည်။
“ခပ်ဝေးဝေး သွားရပ်စမ်းပါဟယ်၊ ခေါင်းကို ကိုက်လာတာပဲ”
“အဟဲ”
စိုးအောင် မျက်နှာကလည်း ပြုံးဖြဲဖြဲ ဖြစ်လာသည်။ အရှက်ပြေး လက်ကို ဝှေ့ရမ်းပြီး ...
“ဘိုင်ဘာ ဖြေတာများ အလွယ်လေးပါဟာ၊ ငါတောင် မနက်က ဖြေပြီးပြီ”
သံဗုဒ္ဓေါ ဂါထာကို စိတ်ထဲက တတွတ်တွတ် ရွတ်နေသော အညိုပင် ရွတ်လက်စကို မေ့သွားသည်။
“နင့်အတွက် အမိန့်စာ ပြန်ပြီးပြီ မဟုတ်လား၊ လွတ်လွတ်ကျွတ်ကျွတ် သွားပါတော့လား”
“အဟီး ... အစွဲ မကျွတ်သေးလို့ပါဟာ”
“စွဲနေ၊ စွဲနေ အဲဒီ အစွဲနဲ့ပဲ နင်သေမှာ”
“ဒါနဲ့ ခင်နှင်းထွေးကို မတွေ့ဘူးလား”
“ဘယ်သိမလဲ၊ ငါက သူ့ကို ထိန်းနေတာမှ မဟုတ်ဘဲ”
“ဒီလိုတော့ မရက်စက်ပါနဲ့ဟာ၊ ငါ့ညီမလေးကလည်း”
အညိုက မျက်စောင်းထိုးလိုက်သည်။
ခင်နှင်းထွေးက မနက်ကတည်းက ဖြေပြီးပြီ။ သူ့ ကိုကို စောင့်ပြီး
ခေါ်သွားလေပြီ။ ခုလောက်ဆို ရုပ်ရှင်ရုံထဲ ရောက်နေရော့မည်။ စိုးအောင်
နောက်ကျသွားပြီ။ အညို့ရင်ထဲမှာ နောက်ချင်ပြောင်ချင်စိတ်တွေ ဖိတ်လျှံလို့
နေသည်။
“နှင်းထွေး အိမ်ပြန်သွားပြီ၊ မနက်ကတည်းက”
“မဟုတ်ပါဘူးလား”
“ဪ ... ဟုတ်သမှ သူ့အမေကိုယ်တိုင် လေးဘီးငှားပြီး လာခေါ်တာ”
စိုးအောင် ခေတ္တငိုင်သွားသည်။
အညိုက လက်ထဲမှ စာတမ်းကို ပြန်ဖတ်နေသည်။ ပုံပြမျဉ်းတွေ
လျှောက်ကြည့်နေသော်လည်း စိတ်ထဲက မမှတ်မိ။ ဘေးနားက ကျောင်းသူတစ်ယောက်ကတော့
စာတမ်းကို ဖတ်စာလုပ်ပြီး အသံထွက် ဖတ်နေသည်။
“နှင်းထွေးက နင့်ကို ဘာမှာသွားသလဲ”
“ဟင့်အင်း ဘာမှ မမှာပါဘူး”
“ဪ ... ဪ”
ဘာဆက်ပြောရမည်မသိ။ ငြိမ်နေသည်။
အတန်ကြာမှ ...
“သူက ကျောင်းပြီးရင် ဘာလုပ်မှာတဲ့လဲ”
“ဘယ်သူလဲ နှင်းထွေးလား၊ ကျောင်းပြီးရင် ယောက်ျားယူမှာပေါ့ဟ၊ သူ့အမေ ပေးစားတဲ့လူကို ယူမှာတဲ့”
စိုးအောင် စိတ်ဆိုးသွားသည်။ လေသံမာမာနှင့် ...
“အဲဒါ နင့် အိုင်ဒီယာတွေ မဟုတ်လား”
“အို ... ငါနဲ့ ဘာဆိုင်လို့လဲ”
ငြင်းခုန်နေလို့ကတော့ အကျိုးရှိပုံ မမြင်။
စာအုပ်မှာ မျက်နှာအပ်လိုက်မှ စိုးအောင်က ...
“ငါသွားမယ်ဟာ” ဆိုကာ ထွက်သွားသည်။
သည်လိုဆိုတော့လည်း သနားစရာ။
စင်္ကြံတစ်လျှောက် လေးလေးကန်ကန် လျှောက်သွားရှာလေပြီ။ အတန်းထဲမှာတော့
စိုးအောင်က အပြောင်အလှောင်ဆုံး။ ဘယ်သူကမှလည်း သူ့ကို အကောင်းမထင်။
နှင်းထွေး နောက်လိုက်နေသည်မှာလည်း လေးနှစ်လေးမိုး ရှိပြီ။ နှင်းထွေးမှာ
ချစ်သူရှိမှန်း သိသိကြီးနှင့်ပင် အဆောင်ကို စာတိုစာရှည်တွေရေးပြီး
နှင်းထွေး သွားလေရာ လိုက်ငေးနေတတ်သည်။ သူ့ကို ကြောင်သည် ပြောတော့လည်း
မကြိုက်ချင်။
“ကြောင်တာ မဟုတ်ပါဘူး။ ချစ်တာ”
“သူ့ရည်းစားတွေ ဘယ်လောက် တွဲပါစေကွယ်”
“ကိုယ် သဘောထားကြီးပါတယ်။ နောက်ဆုံးတော့ ကိုယ့်ရင်ခွင်ပဲ”
အညိုနှင့် အေးအေးရီက စာအုပ်တွေနှင့် ဝိုင်းရိုက်ခဲ့ကြသည်။ ခုလောက် ညှိုးငယ်သည့် မျက်နှာကိုသာ နှင်းထွေးမြင်ရလျှင် ဘယ်လိုနေမည် မသိ။
စောစောက စာဖတ်နေသည့် မိန်းကလေးပင် အခန်းထဲဝင်သွားပြီ။
“ဘုရား ... ဘုရား ကိုယ့်အလှည့် နီးလှပါပေါ့လား”
***
(၄)
“မိညိုရေ ရော့ ... စာ”
အေးအေးရီက အပေါ်ထပ်က ဆင်းလာပြီး စာကလေး တစ်စောင်ကို လက်ထဲ ကပျာကယာ
ထိုးထည့်သွားသည်။ စောစောက မိန်းကလေး ဝင်သွားသည်မှာ ဆယ့်ငါးမိနစ်ရှိပြီ။
အညို့အလှည့် ရောက်တော့မည်။ ရင်က တထိတ်ထိတ်ဖြစ်ဆဲ။
စာရွက်ကလေးကြောင့် လက်ဖျားတွေ အေးစက်သွားသည်။ အသက်မှ မရှူမိ။ အမောတကော ဖွင့်ဖတ်လိုက်သည်။
ညိုလဲ့
ညနေ ကိုယ့်ကို စောင့်နေပါ။
မင်း
လက်ရေးက ခပ်သော့သော့၊ ဧကန္တ ဘိုင်ဘာဖြေဖို့ စောင့်ရင်း ရေးလိုက်တာနေမှာပဲ။
သူနှင့် အညိုက မေဂျာမတူ။ ဖြေရမည့် အခန်းချင်းလည်း မတူ။ သူက အပေါ်ထပ်မှာ။
စာမေးပွဲမပြီးခင် မလာရလို့ ရာဇသံ ပေးထားကတည်းက ပေါ်တော်မူမလာ။
ရေးဖြေဖြေမည့် နေ့တွေကတော့ တစ်ဘာသာပြီးတိုင်း “ဖြေနိုင်လားဟင်” လို့
ရောက်ရောက်လာတတ်သည်။ ကင်တင်းမှာထိုင် စကားဝိုင်းဖွဲ့ပြီး အချိန်တွေ
ကုန်သွားတတ်လွန်း၍ အညိုကိုယ်တိုင် တွေ့ချင်သည့် စိတ်တွေ ချုပ်တည်းကာ
အားလုံးဖြေပြီးသည့် ညနေမှ လာတွေ့ရမည်လို့ ပြောထားရသည်။ နှစ်ယောက်သား
ကျလို့က မဖြစ်။ အညိုအိမ်က ရည်းစားရှိသည်ကို သိသွားတော့ စာမေးပွဲကျလျှင်
ကျောင်းပြန်မထားတော့ဟု ခြိမ်းခြောက်ထားသည်။ သူတို့ကိုယ်တိုင်ကလည်း
မကျလိုပါ။ မြန်မြန်ဘွဲ့ရ၊ အလုပ်ရမှ နီးရမှာ မဟုတ်လား။
စာကလေးကို
ဖတ်လက်စ စာအုပ်ကြားထဲ ညှပ်လိုက်သည်။ နှစ်စက္ကန့်လောက်ကြာတော့ ပြန်ထုတ်
ဖတ်လိုက်မိပြန်သည်။ စာရွက်ကလေးက နွေးနေသည်။ အညို့ နှလုံးသားထဲမှာလည်း
လှိုက်ဖိုနွေးထွေးလျက်။
နေခြည်ထဲက သစ်ရွက်ကလေးတွေပေါ်တွင် သူ့အရိပ်တွေ ထင်လျက်။
သူ့မျက်လုံးညိုညိုတွေကို သတိရသည်။
“ညိုလဲ့” လို့ သူများနှင့်မတူဘဲ ခေါ်ခဲ့သည်။
ဒုတိယနှစ်လောက်ကတည်းက သူ့အတန်းရှေ့မှာ တဝဲလည်လည် လာလုပ်တတ်ခဲ့သူ။
သည်တုန်းကတော့ ချစ်တယ်ဆိုတာ ဧရာမ အပြစ်ကြီးတစ်ခုလို ယူဆနေသူ ညိုက
ငြင်းခဲ့သည်။
“မုန်းလိုက်တာ” တဲ့။
နှုတ်ခမ်းစူ ခြေဆောင့်လို့ပင် ပြခဲ့မိသေး ထင်သည်။
ချစ်မိပြီ ဆိုတော့လည်း သူ့မျက်နှာသွယ်လေး ညှိုးမှာကို စိုးရိမ်မိလာသည်။
ရင်ထဲမှာ တဒိတ်ဒိတ်ခုန်ကာ လက်ဖျားတွေ အေးစက်လျက်။ သူ့ရှေ့မှာ
ခြေမလှမ်းရဲသည့် ကြားကပင် ညိုကလည်း သူ့ကို အမြဲမြင်ချင်လာသည်။
ညအိပ်တော့လည်း သူ့အရိပ်တွေပဲ။ သူ့အတန်းလည်း မဟုတ်ပါဘဲနှင့် ညိုတို့အတန်းကို
လိုက်တက်ခဲ့တာတွေ၊ နှင်းထွေးက သူတို့နှစ်ယောက်ကို နောက်ပြောင်တိုင်း
ရင်ထဲက တဒိတ်ဒိတ် ခုန်ခဲ့ရတာတွေ ...။
ချစ်သူဖြစ်လာတော့လည်း သူ့မျက်နှာ သူ့လှုပ်ရှားပုံကလေးတွေပဲ စူးစိုက်လို့ ကြည့်နေမိတတ်သည်။
သူဟာ ကိုယ့်အရုပ်ကလေးပါပဲ။
ညိုအပေါ်မှာ အညှာတာတွေ၊ အကြင်နာတွေဖြင့် အရုပ်ကလေး သက်ဝင်လှုပ်ရှားလာခဲ့သည်။
ဘာကြောင့်များ သည်လောက်တောင် ချစ်ခဲ့မိကြပါလိမ့်။
ကင်တင်းတွေမှာ ထိုင်လောက်အောင် ပိုက်ဆံမရှိကြတော့သည့် နေ့ကလေးတွေကို
သတိရသည်။ ညိုရော သူပါ ပိုက်ဆံပြတ်သွားပြီဆိုလျှင် ပြောင်းဖူးကလေး
တစ်ဖူးဖြစ်ဖြစ်၊ မာလကာသီးလေး တစ်လုံးဖြစ်ဖြစ် ဝယ်ပြီး အပန်းဖြေရိပ်သာဘေးက
ကျောက်ခုံကလေးတွေပေါ်မှာ သွားထိုင်နေခဲ့သည်။
“ချစ် မာလကာသီး စားပါဦး”
ဆိုပြီး တစ်ယောက်တစ်ကိုက်စီ ကိုက်ခဲ့ကြတာတွေ ...။
“ချစ် ပြောင်းဖူးလေး စားပါဦး”
ဆိုပြီး သူက ပြောင်းဖူးစေ့လေးတွေ ခြွေပြီး သူ့လက်ထဲ ထည့်ပေးတတ်တာတွေ ...
ညိုက အမှတ်တမဲ့ ပြုံးလိုက်မိသည်။
“ခုံနံပါတ် ၃၈၀ ဝင်းလဲ့ညို၊ ဝင်းလဲ့ညို”
အညို လန့်ဖျပ်သွားသည်။
“ဘုရားရေ ... တကယ့်ကို ဖြေရတော့မှာပါလား”
***
(၅)
အခန်းထဲက ထွက်လာတော့ လွတ်ပြီ ကျွတ်ပြီ မအော်မိရုံတမယ်။ လှေကားထစ်တွေကို
ခုန်ပေါက်ဆင်းလာခဲ့သည်။ သူ့စာတမ်းမှာက လက်နှိပ်စက်ရိုက်တဲ့ အမှားကလွဲလို့
အမှားသိပ်မရှိ။ မေးသမျှလည်း ဖြေနိုင်ခဲ့ပြီးပြီ။
အထဲဝင်စကတော့
ခြေဖျားလက်ဖျားတွေ အေးလိုက် တစ်ကိုယ်လုံးလည်း ကတုန်ကယင်နှင့်
မေးခွန်းထုတ်မည့် ဆရာ ဆရာမတွေကိုပင် မကြည့်ရဲခဲ့။ တဖြည်းဖြည်းနှင့်
မေးလိုက်ဖြေလိုက်လုပ်ရင်း ကိုယ့်ကိုယ်ကို ရဲတင်းယုံကြည်လာခဲ့သည်။ တစ်ဧက
သီးထွက်နှုန်းတွေ၊ မြေလွတ်မြေရိုင်း ဖောက်ထုတ်မှုတွေ၊ ဓာတ်မြေသြဇာနဲ့
ပိုးသတ်ဆေး သုံးစွဲမှု ကိန်းဂဏန်းတွေ ကြက်တူရွေးလို ရွတ်ပြနိုင်ခဲ့သည်။
“မိညိုကတော့ ဖြေပြီးပြီ၊ ကိုယ့်ရဲ့ မစ္စတာမင်းမောင်ကတော့ ဖြေနိုင်ပါလေမလားလို့”
အညိုက တွေးရင်း လှေကားရင်းမှာ စာအုပ်ကြားထဲက စာကလေးကို တစ်ခါပြန် ထုတ်ဖတ်လိုက်ပြန်သည်။
***
(၆)
အဆောင်ဝင်းထဲမှာ ကားတွေ စီတန်းနေကြသည်။ တချို့လည်း ပြန်ကြပြီ။ ပစ္စည်းသယ်ယူ
နှုတ်ဆက်သူတွေနှင့် ဧည့်ခန်းထဲမှာ ဆူညံရှုပ်ထွေးလျက်။ ဝင်းလဲ့ညိုက
သူ့အခန်းနီးချင်း သူငယ်ချင်းတွေ၏ သေတ္တာတွေ ကူသယ်ပေးပြီး အော်ဟစ်
နှုတ်ဆက်နေသည်။ အတန်ကြာမှ အပေါ်ပြန်တက်လာခဲ့သည်။
ကော်ရစ်တာ တစ်ခုလုံး
အခန်းတွေမှာ တချို့လည်း ပွင့်လျက် ဟာလာဟင်းလင်း၊ တချို့လည်း သော့ပိတ်လျက်
ငြိမ်သက်နေသည်။ ပြန်သူပြန်ကြ။ မြို့ထဲသွားသူ သွားကြပြီ။ အညို သူ့ဖိနပ်သံ
သူပြန်ကြားနေသည်။
“ဪ ... ငါလည်း သွားရတော့မှာပါလား”
အညို
အခန်းထဲမှာ ပစ္စည်းတွေ ရှုပ်ပွလျက် စာအုပ်တွေ၊ အင်္ကျီတွေ၊ တန်းပေါ်က လုံချည်တွေ
အားလုံးသိမ်းရမည်။ အမေက ကျောင်းပိတ်ပိတ်ချင်း ပြန်လာလို့ စာရေးမှာလိုက်သည်။
အမေက သူများနှင့်မတူ။ သူ့သမီးမှာ ချစ်သူရှိတယ် ကြားကတည်းက နည်းနည်းမှ
စိတ်မချ။ တစ်ရက်လောက် နောက်ကျရင် တစ်ပတ်လောက် ဆူဦးပူဦးမည်။ အမျိုးမျိုး
အထင်လွဲဦးမည်။
အညိုက သူ့ပစ္စည်းတွေ သူကြည့်ပြီး စိတ်မောနေသည်။ ဟင်းခနဲ သက်ပြင်းချလိုက်သည်။
ညနေဆို သူရောက်လာဦးမည်။ မင်းမောင်က စလင်းသား၊ အညိုက ဘိုကလေးသူ၊ နေရာက
တောင်နှင့်မြောက်။ တကူးတက မလာဘဲ တစ်ယောက်နှင့်တစ်ယောက် ဆုံကြဖို့မလွယ်။
ခင်နှင်းထွေး ပြန်ရောက်လာသည်။ လက်ထဲက လက်ကိုင်အိတ်ကို အညို့ ကုတင်ပေါ် ပစ်တင်လိုက်သည်။
“ဟင် ... နှင်းထွေး၊ နင် ပြန်လာတာ စောလှချည့်လား”
“အေး ... ငါလည်း ပစ္စည်းသိမ်းရမှာမို့ ပြန်လာတာ”
သူ့မျက်နှာက မကြည်မလင်။
“ကိုကိုက နင့်ကို မန္တလေးထိ လိုက်ပို့မှာဆို”
နှင်းထွေးက လားရှိုးအထိ ပြန်ရမည်။ အရင်က မနက်ဖြန်ညမှ ပြန်မှာလို့ ပြောပြီး
ခုမှ ဘာများ အလောသုံးဆယ် ဖြစ်လာပါလိမ့်။ အညိုက သူ့ကို နားမလည်။
နှင်းထွေးဆို ဘယ်လောက် အဆင်ပြေသလဲ။ သူ့ကိုကိုကပင် လိုက်ပို့ဦးမည်။ ဒါပေမယ့်
နှင်းထွေးလေသံက ခပ်ထန်ထန်။
“နင်မသိပါဘူး။ လိုက်ပို့လို့လည်း မဖြစ်ပါဘူး”
နှင်းထွေးက ပြောပြောဆိုဆို ကုတင်ပေါ်မှာ မှောက်ကာ ရှိုက်ငိုနေသည်။
မျက်ရည်စတွေက ခေါင်းအုံးကို ရွှဲစိုသွားစေသည်။ ဆံပင်တွေ ဖွာရာကျဲလျက်
အူလှိုက်သည်းလှိုက် ရှိုက်ရင်း ...
“သူက ငါ့ကို ချက်ချင်း လက်ထပ်ပါတဲ့ဟာ။ ငါ ဘယ်လိုလုပ်ရမလဲ မိညို၊ ငါ သူ့ကို မထားခဲ့ချင်ဘူး။ ငါ ကိုကို့ကို ချစ်တယ်”
“တိတ်ပါဟာ မငိုပါနဲ့။ နင် စဉ်းစားဦးပေါ့”
“စဉ်းစားလို့ မရဘူး မညို၊ ခု အောက်မှာ စောင့်နေတယ်။ ခုကို လိုက်ခဲ့ရမတဲ့”
“ဘုရားရေ ...”
“ငါ သေချင်တယ် မိညို၊ ငါ ဘာလုပ်ရမှာလဲ၊ လိုက်သွားရမှာလား”
နှင်းထွေးက မျက်ရည်တွေတွေ စီးကျကာ နံရံဘက် ငေးစိုက်ကြည့်နေသည်။ အညိုက
ခေါင်းကုပ်သည် ဘာပြောရမည် မသိ။ နှင်းထွေးက ဆို့နင့်သော အသံဖြင့် ...
“တင်ဝင်းအောင်နဲ့တုန်းကလည်း ဒီလိုနဲ့ ကွဲခဲ့ရပြီးပြီ။ ငါ ဘာလုပ်ရမှာလဲ မိညိုရယ်”
တစ်နေ့က နှင်းထွေးအဒေါ် လိုက်လာသည်။ နှင်းထွေးအမေ ဆေးရုံတင်ထားရကြောင်း
လာပြောပြီး ကျောင်းပိတ်ပိတ်ချင်း လာခေါ်မည်လို့ မှာသွားသည်။ သူ့အဒေါ်
လာခေါ်ရင် မခက်ပါလား။ အကြံမပေးတတ်။ နှင်းထွေးမှာ အဖေမရှိ။ သူ့အမေမှာလည်း
စိတ်သောကကြောင့် ခဏခဏ ဆေးရုံတက်နေရသည်။ သူ့အဖေ ဆုံးပြီးကတည်းက
အထီးကျန်အားငယ်ကာ စိတ်ကယောက်ကယက် ဖြစ်နေခဲ့သည်။
ပြီးတော့ အညိုကလည်း ကိုယ့်အပူနှင့်ကိုယ်။
သူငယ်ချင်း နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ငိုင်ကြည့်နေခဲ့သည်။
နှင်းထွေးက ဗြုန်းဗြုန်းဒိုင်းဒိုင်း ထလာပြန်သည်။ ဆံပင်တွေကို သပ်တင်လိုက်သည်။ သက်ပြင်းတစ်ချက် ဝူးခနဲ ချလိုက်သည်။
“လိုက်လို့မဖြစ်ဘူး မိညို၊ ငါ လိုက်သွားရင် အမေ သေမှာပဲ”
သူက မျက်ရည်စတွေသုတ်ကာ ပေါင်ဒါဖို့နေသည်။ အဆက်မပြတ် စီးကျလာသည့်
မျက်ရည်တွေကို ပေါင်ဒါက မဖို့နိုင်။ အညို ပစ္စည်းသိမ်းနေသည်ကို ကြည့်ပြီး
...
“နင်က ဘယ်တော့ ပြန်မှာလဲ မိညို”
စိတ်မပါ လက်မပါ မေးလိုက်သည်။ အဖြေကိုလည်း နားမထောင်။ ရေတစ်ခွက်သောက်ရင်း ...
“ငါ ဒီနေ့ကြည့်ခဲ့တဲ့ ကားကလည်း နိမိတ်မကောင်းဘူးဟာ၊ မင်းသမီးသေတဲ့
ကားကြီး၊ ငါ့စိတ်တွေ သိပ်လေးတာပဲ။ နောင်ဆို ငါတို့ တွေ့ကြမယ် ငါမထင်ဘူး”
နှင်းထွေးက နှုတ်ခမ်းကိုကိုက်ကာ တွေနေသည်။ အညိုက သူ့စာကလေးတွေ
ဘယ်မှာသိမ်းရပါ့မလဲ စဉ်းစားနေသည်။ နှင်းထွေးက အညိုပခုံးကို ဖျတ်ခနဲ
ပုတ်လိုက်ပြီး
“ငါ သွားပြောလိုက်ဦးမယ် မိညို။ နင်
ထမင်းမစားနှင့်နဲ့ဦး၊ ဒါ နောက်ဆုံးပဲ သူငယ်ချင်း။ ငါတို့အဖို့ နောက်ဆုံး
နှုတ်ဆက်ခြင်းပဲ မတတ်နိုင်ဘူး၊ အမေမရှိရင် အမေအစား မရနိုင်ဘူး”
သူက ပြောပြောဆိုဆို ဆင်းသွားသည်။
အညိုက မလျော်ရသေးသည့် အဝတ်ဟောင်းတွေ သေတ္တာထဲ ထိုးထည့်နေသည်။ တစ်ဖက်ခန်းက
အေးအေးရီက အညိုအခန်းသို့ ကူးလာသည်။ အညိုဘေးမှာ ဝင်ထိုင်ရင်း ...
“မိညို ဘာလုပ်ပေးရမလဲ သူငယ်ချင်း”
“ဟာ ... အားနာစရာကြီး၊ မြင်တဲ့အတိုင်းပဲ သူငယ်ချင်း၊ ဘာမှ မသိမ်းရသေးဘူး၊ အမြင်မတော်တာ မှန်သမျှ ခြင်းထဲ၊ သေတ္တာထဲ ကူသာ ထည့်ပေတော့”
အေးအေးရီက နံရံမှ ပြက္ခဒိန်နှင့် အရုပ်ကလေးတွေ ဘုရားပုံ ပန်းချီကားတွေ ဖြုတ်သိမ်းပေးနေသည်။ လုပ်ရင်းကိုင်ရင်း ...
“တို့ ဘိုင်ဘာ မဖြေနိုင်ဘူးဟယ်၊ ကျမလား မသိဘူး”
“မကျပါဘူး ရီလေးရ”
“ဟုတ်တယ် မိညို၊ တို့တော့ ရေးဖြေလည်း ဖြေနိုင်တာ မဟုတ်ဘူး၊ ကျမှာပါ၊ ဆရာတွေကလည်း ရက်စက်လိုက်တာ မေးခွန်းမှန်သမျှ လှည့်ပတ်ထားတာပဲ”
အေးအေးရီက စိတ်ပျက်လက်ပျက် ညည်းနေသည်။ သူက ပိန်မိန်၊ အသားညိုညို၊ စာတော်ပေမယ့် မျက်နှာက အမြဲ ညှိုးရော်ပြီး စိတ်အားငယ်တတ်သူ။
“တို့အားလုံး အောင်မှာပါ ရီလေးရာ၊ ရီလေးက ကွာလီဖိုင်း မဖြစ်မှာ စိုးလို့လား”
“မဟုတ်တာ၊ ကွာလီဖိုင်းဖြစ်လည်း ဆက်မတက်နိုင်ဘူး အညိုရာ၊ တို့မှာက
မွေးချင်းခြောက်ယောက် ရှိတာ၊ တို့က အကြီးဆုံး၊ ကျောင်းပြီးရင် အိမ်ကို
တစ်လှည့် ကူရဦးမယ်လေ”
အေးအေးရီအဖေက ရုံးအုပ်ဘဝက ပင်စင်ယူလိုက်ပြီး
အမေက ဈေးထဲမှာ ကုန်ခြောက်ရောင်းသည်။ သားသမီးများတော့ စီးပွားရေးက
ခြောက်တိခြောက်ချက်သာ။ အေးအေးရီကို စတိုင်ပင် အားကိုးနှင့် တက္ကသိုလ်
ပို့လိုက်ကြသည်။ စတိုင်ပင်က ခုနှစ်ဆယ့်ငါးကျပ်၊ ကျောင်းလခမပါ အဆောင်ကြေးပင်
တစ်ရာ့နှစ်ဆယ် သွင်းရသည်ဆိုတော့ လတိုင်း အေးအေးရီ ငိုရသည်။
ကြော်ငြာသင်ပုန်းမှာ အဆောင်ကြေး မသွင်းနိုင်သူတွေ ထမင်းဖြတ်ခံရမယ်လို့
ကြော်ငြာတော့ အေးရီနာမည်က ထိပ်ဆုံးက။ ခုတော့ ဒုက္ခတွေက လွတ်ပြီ။
“ကျောင်းပြီးရင် ရီလေး ဘာလုပ်မယ် စိတ်ကူးလဲ”
“အမေ့ဆိုင်မှာ ကူရောင်းရမှာပေါ့ ညိုရာ၊ ရုံးအလုပ်က လောလောဆယ် ရမှာမှ မဟုတ်တာ အညိုရာ”
အညိုရောတဲ့။ အညိုက အေးအေးရီကို စိုက်ကြည့်နေသည်။
“ရီလေးကမှ အလုပ်ရှိသေးတယ်။ ညိုက ဘာမှလည်း မလုပ်တတ်ဘူး။ အိမ်မှာ အလုပ်မရမချင်း ကပ်စားနေရမှာပဲ”
“ဒါတော့ တတ်နိုင်တာကိုး မိညိုရ”
အေးအေးရီ စကားကြောင့် အညို ပြုံးမိသည်။ အညိုအဖေက မြို့နယ်တာဝန်ခံ
အရာရှိတစ်ဦး ဖြစ်ပေမယ့် ဝင်ငွေက အညိုတို့ မောင်နှမလေးယောက် ကျောင်းစရိတ်ပင်
အနိုင်နိုင်။ အပိုအကြံအဖန်လည်း မရှာတတ်။ ရိုးရိုးအေးအေး ကုပ်ကုပ်မို့
သူတို့တစ်တွေမှာ မပြည့်စုံမှု၏ ဒဏ်ကို ငယ်ငယ်ကတည်းက စလို့ ခံစားခဲ့ရသည်။
ပြီးတော့ သူ့အလုပ်ကလည်း ကိုယ့်သားသမီးကိုယ် အလုပ်ထဲ ဆွဲသွင်းလို့ရသည့်
အလုပ်မျိုး မဟုတ်။
“အေးလေ ပြောသာနေတာပါ၊ တို့တစ်တွေ ဘွဲ့ကလေးနဲ့ အလုပ်ကလည်း ဘယ်လောက်စောင့်ရမယ် မပြောတတ်ဘူး”
အညို သူ့ကို ပြောရင်း မင်းမောင်ကို သတိရလာပြန်သည်။ သူက ကျောင်းပြီးရင်
သူ့ဦးလေးဆေးဆိုင်မှာ ကူရောင်းပေးရမယ်လို့ ပြောခဲ့ဖူးသည်။ အညိုက
သည်အလုပ်ထဲမှာ နစ်သွားပြီး သူနှင့် တဖြည်းဖြည်း ဝေးသွားရမှာကို
စိုးရိမ်မိသည်။ သို့သော် သူတို့နှစ်ယောက်လုံးမှာ မိသားစုတာဝန်ကလည်း
ရှိသေးသည်မို့ စားဝတ်နေရေးအတွက် တစ်ခုခု လုပ်ရင်း ရုန်းကန်ကြရလိမ့်ဦးမည်။
လောလောဆယ် ကိုယ်လွတ်ရုန်းထွက်ကြလို့တော့ မဖြစ်သေး။
သည်လိုတွေးမိတော့ အညို သူ့ကို မတွေ့ချင်တော့။ ခွဲကြရမည့် အတူတူ
နှောင်ကြိုးရစ်ပတ် မနေချင်တော့ဘူး။ ဘယ်တော့မှ တွေ့ကြမယ်။
ဘယ်လိုဆုံစည်းကြမယ်ဆိုတာ တွေးပင် တွေးဝံ့စရာ မရှိ။ မျှော်လင့်စရာ ဝေးလျက်။
သည်လိုဖြင့် နှင်းထွေးလိုသာ နောက်ဆုံးလို့ နှုတ်ဆက်လိုက်ချင်မိတော့သည်။
တွေးရင်း အညိုပါးပြင်ပေါ်သို့ မျက်ရည်စတို့ အလိုလို စီးကျလာသည်။ ရင်မှာ
တင်းကျပ်ကာ ခေါင်းထဲက တဆစ်ဆစ် ကိုက်ခဲလာသည်။ အသက်ပင် ရှူမဝ။
အေးအေးရီက အညိုပခုံးကို ဖက်ကာ ...
“မငိုပါနဲ့ အညိုရယ်၊ ငါတို့ အားတင်းထားရမှာပေါ့၊ လူတိုင်း ကိုယ့်လမ်း ကိုယ်လျှောက်ကြရမှာပဲဟာ”
အသံမထွက်ပေမယ့် မျက်ရည်စတို့က စီးကျလာဆဲပင်။ ရင်ထဲမှာ ထိုးအောင့်လျက်။
အခံရခက်လောက်အောင် နာကျင်စူးရှလာသည်။ ဘဝကို မှန်းဆ၍ မရ။ မျှော်လင့်ချက်တွေ
ပိန်းပိတ်မည်းမှောင်လျက် အလိုလို အားငယ်နေသည်။
“မိညိုကလည်း ခွဲရကာနီးမှာ ရယ်ရယ်မောမော နေစမ်းပါ၊ ဘာလဲ တို့ပြောလိုက်တာနဲ့ စိတ်ညစ်သွားတာလား”
အညိုက မျက်ရည်စတွေကို သုတ်လိုက်သည်။ ကြည့်စမ်း အေးအေးရီ ဘဝဆို
ဘယ်လောက်ကောင်းသလဲ၊ သူ့မှာက ကိုယ့်မိဘမွေးချင်းအတွက်သာ ပူပင်စရာ ရှိသည်။
ထမင်းစားခန်းဆီက ဇွန်းသံ၊ ပန်းကန်သံ ကြားနေရပြီ။ အေးအေးရီက အညိုဘေးမှ ထလိုက်သည်။
“လာ ... မိညို။ ထမင်းသွားစားကြစို့၊ ဒီည စပါယ်ရှယ် ဒင်နာတဲ့ ဒံပေါက်ကျွေးမှာ”
အညိုက ခေါင်းရမ်းသည်။ ရင်ထဲမှာ မဆာ၊ သောကဝေဒနာတွေသာ ပြည့်သိပ်လျက်။ နှလုံးသားထဲက တဆစ်ဆစ် ကိုက်ခဲနာကျင်လျက်။
အေးအေးရီက နောက်ဆုံး သိမ်းစရာကျန်သည့် ခန်းဆီးစကို ဆွဲဖြုတ်လိုက်သည်။
“ကဲ ... ကန့်လန့်ကာ ဖွင့်လိုက်ပြီ မင်းသမီးရေ၊ မိညို မဆာလည်း နေခဲ့။ တို့တော့ သိပ်ဆာနေပြီ။ အောင့်ထားလို့ မရတော့ဘူး”
အညိုဆီ ခန်းဆီးစပစ်ပေးပြီး ထွက်သွားသည်။ ပြီးတော့ ချက်ချင်း လှေကားက ပြန်ပြေးတက်လာသည်။ အခန်းတံခါးမှန်ကို လက်နှင့်ခေါက်ပြီး ...
“မိညိုရေ၊ ကိုကိုမောင် အောက်မှာ စောင့်နေတယ်”
နောက်ပြောင် ပြောသွားသည်။
သူ လာပြီ။
အညိုရင်မှာ ထိတ်လန့်သွားသည်။
တစ်ကိုယ်လုံး အေးစက်သွားသည်။
နှလုံးသွေးတွေ ခဲသွားမတတ်။
ညို သူ့ကို ဘယ်လိုတွေ့ရပါ့မလဲ။
ခွဲခွာနှုတ်ဆက်စကားတွေလည်း မပြောရက်။
မရေရာတဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ မပေးရက်။
ပြီးတော့ ညိုးရော်နေမယ့် သူ့မျက်နှာကိုလည်း မကြည့်ရက်။
စားပွဲပေါ်မှာ ခေါင်းမှောက်ပြီး ငြိမ်နေမိသည်။ လေကြောင့် ပြတင်းပေါက်ကလေးက တကျွီကျွီ မြည်နေသည်။ အလွမ်းတေးကို သီနေသည့်နှယ်။
သူနှင့် တွေ့ရမှာကို ဘိုင်ဘာဖြေရမှာထက်ပင် ကြောက်ရွံ့လို့ နေပြန်သည်။
ဆပ်ပြာဖူဖောင်း ကလေးထဲမှာ တဒင်္ဂသာ တည်လိုက်သည့် ရောင်စုံအလင်း
ကြည်ကြည်ကလေးတွေလိုပဲ ပျော်ခဲ့ချစ်ခဲ့သမျှတွေ။
တစ်နေ့ခင်းလုံး
ပစ္စည်းတွေ သိမ်းရင်းကပင် သူရောက်လာမည့် ညနေအတွက် စိတ်စောနေခဲ့သမျှ ခုတော့
ခြေတွေလက်တွေ မသယ်ချင်တော့။ လေးကန်ဖင့်တွဲ့နေသည်။
ဆင်းမတွေ့ရင်လည်း
သူ့ရင်မှာ သံသယတွေ ပွားဦးမည်။ အမုန်းသံသယတွေနှင့် အညို မခွဲချင်ပါ။
သူ့ရင်ခွင်မှာလည်း မျက်ရည်စတွေနဲ့ မစွတ်စိုချင်။ အပြုံးနှင့် ဟန်မပျက်
နှုတ်ဆက်ရအောင်ကလည်း ညို ဟန်ဆောင်ကောင်းသူ မဟုတ်ခဲ့။ ညို ဘာလုပ်ရမလဲ။
ဘဝတစ်ခုလုံးအတွက် အားမန်သတ္တိမွေးဖို့ မပြောနှင့်။ ခုတစ်ခဏအတွက်တောင်မှ
သတ္တိတွေ၊ အားတွေ ဘယ်ရောက်ကုန်ပြီလည်း မသိ။ အရင်က ဖျတ်လတ်သွက်လက်သည့် မိညို။
လှေကားထိပ်မှာ ရပ်လျက် ကျောက်ရုပ်တစ်ရုပ်လို တွေတွေကြီး ငြိမ်သက်နေမိသည်။
အညို့မျက်ဝန်းထဲတွင် ညနေသည် မှုန်ရီဝေဝါးလို့ နေသည်။ မိုးသားပြာပြာပင်
ညို့ညို့မှာင်လျက်။ သစ်ပင်ထိပ်ဖျားက ကံ့ကော်ရွက်တို့သာ အားတက်စဖွယ်
နီရဲလျက် ရွက်ညွန့်တို့ တလူလူ ဝေနေကြသည်။
အညို အံကြိတ်လိုက်သည်။
သည်လှေကားရင်းမှာ သူ ရှိနေမှာပဲ။
အညို ဆင်းအလာကို တမျှော်မျှော် ငံ့လင့်လို့နေမှာပဲ။
လှေကားက တစ်ဆစ်ချိုးကွေ့သွား၍ မမြင်ရသော်လည်း အညို အလိုလို သိနေသည်။
လှေကားထစ်တွေက ခါတိုင်းထက်ပင် ရှည်လျားနေသယောင်ယောင်။
ရီဝေနေသည့် မျက်လုံးအစုံကို မှိတ်လိုက်သည်။ မျက်ရည်စတွေကို သိမ်းဆည်းဖို့
မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်သည်။ ပါးပေါ်ဖြာကျနေသည့် ဆံပင်တွေကို
ပင့်တင်လိုက်သည်။ ပြီးတော့ အညို ပြုံးသည်။
တကယ်ဆိုတော့ ဒီလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် အားပေးကြမှာ မဟုတ်ပါလား။ ကြင်ကြင်နာနာ စကားဆိုကြရမှာ မဟုတ်ပါလား။
“အလိုလေး ... မိညို ညည်း တော်တော် အသည်းငယ်ပါလားဟင်”
သူ့ကိုယ်သူ အပြစ်တင်လိုက်သည်။
မျက်လုံးတွေ ကြည်လင်တောက်ပလျက်။ လှေကားထစ်တွေပေါ်ကနေ ပေါ့ပါးသွက်လက်စွာ ဆင်းသွားသည်။
ညနေခင်း၏ အလှဆုံး တိမ်လိပ်တို့သည် တိတ်ဆိတ်ငြိမ်သက်စွာ
အဆောင်ခေါင်မိုးပေါ်က ရွေ့လျားထွက်ခွာသွားကြသည်။ ထမင်းစားခန်း ပိတ်ချိန်
ခေါင်းလောင်းသံမှာ တလွင်လွင် တညံညံ အဆက်မပြတ် မြည်ဟည်းလျက် ...။
----------
ခင်မြဇင်
ဒဂုန် မဂ္ဂဇင်း၊ ဧပြီ၊ ၁၉၈၈။
No comments:
Post a Comment