Saturday, 7 May 2016

ဦးထုပ်တစ်လုံး ပုံပြင် (ကျော်ရင်မြင့်)

ဦးထုပ်တစ်လုံး ပုံပြင် (ကျော်ရင်မြင့်)
==========================

တောတွေ တောင်တွေ အင်းတွေနဲ့ ဝန်းရံနေတဲ့ မြို့ကလေး တစ်မြို့မှာ ပင်စင်စား အဘိုးကြီး နှစ်ယောက် ရှိကြတယ်။ ပင်စင်စား ကျောင်းဆရာကြီး ဦးဘရှိန်နဲ့ ရဲပင်စင်စား ဦးခင်မောင်တဲ့။ ကျောင်းဆရာကလည်း မူလတန်း ကျောင်းအုပ်ဆရာ၊ ရဲကလည်း ရဲတပ်ကြပ် အဆင့်လောက်က ပင်စင် ယူလာခဲ့ကြတာ ဆိုတော့ ပင်စင်လစာ သိပ်များများစားစားတော့ မရကြဘူး။
သူတို့ မြို့ကို မြို့သစ်ရယ်လို့ ချဲ့ထွင်တော့ အိမ်မြေကွက်တွေကို ခွဲဝေပေးတယ်။ ကျောင်းဆရာကလည်း ကျောင်းဆရာ အလျောက်၊ ရဲတပ်ကြပ်ကလည်း ရဲတပ်ကြပ် အလျောက် အဆက်အစပ်ကလေး တွေကလည်း ရှိကြတော့ အိမ်ယာ မြေတစ်ကွက်စီ မြို့သစ်ထဲမှာ ရကြတယ်။
အရင်ကတော့ ကျောင်းဆရာနဲ့ ရဲတပ်ကြပ် ဘယ်လိုမှ ဆက်စပ်စရာ အကြောင်း မရှိပေမယ့် အခုတော့ ပင်စင်စားတွေလည်း ဖြစ်နေပြန်၊ တစ်မြို့တည်း တစ်ရပ်တည်း တစ်လမ်းတည်း နေကြရတော့ ဆက်စပ်မှုလေးတွေ ရှိလာကြတယ်။ သာမှု၊ နာမှု ရှိတဲ့အခါ တစ်ဝိုင်းတည်း အတူတူထိုင်လို့ လက်ဖက်သုပ်၊ ဂျင်းသုပ်စားရင်း၊ ဂြိုဟ်တုသတင်းနဲ့ ကမ္ဘာ့သတင်း ဝေဖန်ချက် ပြောလား ပြောမိကြရဲ့။ ဝိပဿနာ တရားနဲ့ မမြဲကြတဲ့ အနိစ္စကို ဆင်ခြင်လား ဆင်ခြင်မိကြရဲ့။ ဒီလို နေကြရင်း ခင်မင်လာခဲ့ကြတယ်။
ဟော - အခုဖြင့် ကျန်းမာရေးအတွက် မနက်တိုင်း အတူတူ လမ်းလျှောက်ကြရာက ရင်းနှီးသွားပြီး ငယ်ပေါင်း ကြီးဖော်တွေလို ပြောမနာ ဆိုမနာ ကျွမ်းဝင်လာကြတယ်။
ပင်စင်စား ဆိုတော့လည်း သိကြတဲ့ အတိုင်းပဲ။ အလုပ်အကိုင် ရယ်လို့ကလည်း မယ်မယ်ရရ မရှိတော့ ယောင်ချာချာနဲ့မို့ အဖော်က သိပ်မင်တာ၊ အဖော်ရှိလို့ကတော့ တစ်နေကုန် တစ်နေခန်း လေပန်းနေရတော့ မမောဘူး။ သူတို့မှာ ပြောစရာ စကားကလည်း မရှားဘူးလေ။
ကျောင်းဆရာကြီးကလည်း ကျောင်းဆရာ အတွေ့အကြုံ၊ သူ့တပည့်ဟောင်းတွေ အကြောင်းက ပြောရမယ်ဆိုရင် တစ်ထောင့်တစ်ည ပုံပြင်ထက် များလိမ့်မယ်။ ငယ်ငယ်ကတည်းက ဇတ်ဇတ်လန် မဟုတ်မခံ ကောင်၊ ငယ်ငယ်ကတည်းက သေသေဝပ်ဝပ် ကြိုးစားပြီး အခုအခါ သူဌေးသမက် ဆရာဝန် ဖြစ်နေတဲ့ ကောင်၊ ကြိုးစားပေမယ့် တိုးပွား မလာသေးတဲ့ ကောင်၊ ငယ်ငယ်ကတည်းက လူပေါ်လူညွန့် ခူးစားတတ်ပြီး အခုလည်း တိမ်ညွန့် ချူစားနေဆဲ ကောင်၊ ပြောစရာ အကြောင်းက သောင်းခြောက်ထောင်လေ။ တပည့်မျိုးစုံ ကြုံခဲ့ရတဲ့ ဆရာကြီး မဟုတ်လား။
တပည့်ဟောင်းတွေ အကြောင်း ပြောပြတဲ့အခါ ရိုးရိုးသားသားနဲ့ ကြိုးစားတဲ့ တပည့်တွေ အကြောင်း ပြောရရင် ဆရာကြီး မျက်နှာက ရွှင်လို့။ မရိုးမသား မကြိုးစားတဲ့ တပည့် ကံအလှည့်သင့်ပြီး ကြီးမြင့်နေတဲ့ လူအကြောင်း စကားစမိရင် မချင့်မရဲနဲ့ ပြောပြတတ်တယ်။ ကျောင်းဆရာ ဆိုတော့လည်း တပည့်တွေကို မှန်တဲ့လမ်းကို ပြနေကြ၊ လမ်းမှန်မှ ကြိုက်တာက အရိုးစွဲနေပြီကိုး။
ရဲကြပ် ပင်စင်စားကြီးကတော့ သူကြုံခဲ့ရတဲ့ မှုခင်းတွေ၊ သူဖမ်းခဲ့ရဖူးတဲ့ သူခိုးဓားပြတွေ၊ စွန့်စားခန်း ဇာတ်လမ်းပမာတွေကို အပို မဆလာတွေနဲ့ ဖွယ်ဖွယ်ရာရာ ပြောပြတတ်တယ်။ သူလည်း ပုထုဇဉ်သား ဆိုတော့ ဇာတ်သိမ်းခန်းမှာ လူဆိုးကို ရဲက လက်ထိပ် ခတ်လိုက်တဲ့ ဇာတ်လမ်းတွေကိုချည်း ပြောပြတတ်တယ်။
ရဲဟောင်းကြီး ဦးခင်မောင်က ဒီလို ဇာတ်လမ်းမျိုး တစ်ခုကို ပြောပြပြီးတိုင်း ပင်စင်စား ကျောင်းဆရာကြီးက -
"မဟုတ်တာ လုပ်ရင် နောက်ဆုံးမှာတော့ မဟပ်တာ ဖြစ်မှာ ကျိန်းသေပဲ၊ အခုလည်း တွေ့တယ် မဟုတ်လား နောက်ဆုံးမှာတော့ မပြုံးနိုင် ကြတော့ဘူးလေ၊ ဟဲ-ဟဲ" လို့ ကျေကျေနပ်နပ်ကြီး မှတ်ချက် ချတတ်ပါတယ်။
သူတို့နှစ်ယောက်က မိုးလေ သာသာယာယာ ရှိတဲ့ နံနက်တိုင်း လိုလိုပဲ မြို့အပြင်ဘက်ကို လမ်းလျှောက် ထွက်တတ်ကြတယ်။ နေကြတာကလည်း မြို့အစွန် မြို့သစ်ပိုင်း ဆိုတော့ မြို့ထဲနဲ့ စာရင် မြို့အပြင်ကပဲ သွားလို့လာလို့ ပိုလွယ်တာကိုး။ တစ်ခါတလေ အဝေးပြေး ကားလမ်းမကြီး တစ်လျှောက် တစ်ခါတလေ မြို့တောင်ဘက်စ နားက အင်းတွေဘက် တစ်ခါတစ်ရံတော့ သစ်တော ပျိုးဥယျာဉ်ဘက် ဒီလို သင့်သလို လျှောက်ဖြစ်ကြတယ်။
ဒီမနက်တော့ အဝေးပြေး ကားလမ်းမကြီးအတိုင်း လျှောက်ကြမယ် ဆိုပြီး အဘိုးကြီး နှစ်ယောက် ထွက်လာကြတယ်။ ဒီလိုနဲ့ မြို့အထွက်စက ဂိတ်ဝနားကို ရောက်ကြရော ဆိုပါတော့။ မြို့အထွက်စမှာ စည်ပင် သာယာရေးက ဂိတ်တဲကလေး တစ်လုံး ရှိတယ်။ ဘီးခွန် ကောက်တဲ့ နေရာပေါ့။ မြို့ထဲ ဖြတ်သွားကြတဲ့ ကားကြီး ကားငယ်တွေဟာ ဒီတဲလေးမှာ ရပ်ပြီး ဘီးခွန် ဆောင်ကြရတယ်။ များသောအားဖြင့် ကတော့ ဘီးခွန် ကောက်ရမယ့် လူက တဲကလေးရှေ့ ထွက်ရပ်နေပြီး ကားပေါ်က ချပစ်ခဲ့တဲ့ ပိုက်ဆံကို လိုက်ကောက်ရတာ များပါတယ်။
ဒီတဲနဲ့ မလှမ်းမကမ်း မှာတော့ သစ်ပင် တစ်ပင်အောက်မှာ ခုံကလေး တစ်လုံး ရှိတယ်။ ဦးထုပ်တစ်လုံး တင်ထားတယ်။ ခုံပေါ်မှာ ဦးထုပ် တင်ထားပေမယ့် ဦးထုပ်ပိုင်ရှင် ကိုတော့ မမြင်ရဘူး။ ဦးထုပ်ရှင် မရှိပေမယ့် ကားတွေကတော့ ဦးထုပ်အောက်ကို တစ်စုံတစ်ခု ထားပြီးမှ ဆက်သွားကြတယ်။ ဘီးခွန်ဆောင်တဲ့ နေရာမှာ ပိုက်ဆံကို ပစ်ချခဲ့ပေမယ့် ဒီတစ်ခါတော့ ကားကို နှေးနှေးလေး မောင်းပြီး စပယ်ယာက ခပ်သုတ်သုတ် ပြေးပြီး ထားခဲ့ရတာ။
ဒါကို မြင်တော့ ကျောင်းဆရာ ပင်စင်စားကြီးက စကားစတယ်။
"အရင်က မူလတန်း ကလေးတွေကို ကျုပ်သင်ပေးရဖူးတဲ့ ပုံပြင်တစ်ခု ရှိတယ်ဗျ၊ နိုင်ငံခြားက အဖြစ်အပျက်ပေါ့ဗျာ၊ ဆွစ်ဇာလန် ထင်ပါရဲ့"
ရဲပင်စင်စားကြီးကတော့ ဘာမှ ပြန်မပြောဘဲ တုတ်ကောက်ကိုသာ ဟန်ပါပါ လွှဲလျှောက်ရင်း နားစွင့်လာတယ်။ ကျောင်းဆရာကြီးကတော့ သူ့တပည့်ကလေး တွေကို ပုံပြောသလိုပဲ အသံနေ အသံထား ဆွဲဆောင်မှု အပြည့်နဲ့ သူ့ပုံပြင်ကို စပြောပြတယ်။
"တစ်ခါတုန်းက ပေါ့ဗျာ ... ဘုရင်ကြီး တစ်ပါးဟာ သူ့ သရဖူကို လူသွားများတဲ့ လမ်းနံဘေးက တိုင်ထိပ်မှာ တင်ထားစေတယ်တဲ့၊ လမ်းသွား လမ်းလာတွေက သရဖူကို အရိုအသေ ပြုပြီးမှ သွားရကြတာပေါ့။ တစ်နေ့တော့ လေးသည်တော်ကြီး ဝီလျှံတဲဟာ သရဖူကို အရိုအသေ မပြုဘဲ သွားတာကို မင်းချင်းတွေက တွေ့ရောတဲ့"
ဒီအကြောင်းကို ပြောပြနေတဲ့ အချိန်မှာ ပင်စင်စားကြီး နှစ်ယောက် အနားက မီးသွေးလှည်းတစ်စီး ဖြတ်မောင်းသွားတယ်။ မြို့လေးနားက တောရွာတွေမှာ မီးသွေးဖုတ်တဲ့ လူတွေ ရှိကြတယ်။ သူတို့က မနက်မနက်ဆို ဒီလိုပါပဲ။ မြို့ကို လှည်းနဲ့လာပြီး မီးသွေး ရောင်းကြတယ်။ ဒီလို မီးသွေး ဖုတ်ရောင်းတာက သစ်တော စည်းကမ်းတို့ ဘာတို့နဲ့တော့ မလွတ်ကင်းပါဘူး။ ဒါပေမယ့်လည်း တစ်ဝမ်းတစ်ခါး အတွက် စွန့်လုပ်ကြတာပေါ့။
"မီးသွေးလှည်းတွေ မြင်တော့ အဖြစ်အပျက် တစ်ခုကို သတိရသဗျာ၊ ကျုပ် အလုပ်ထဲမှာတုန်းက ဆောင်းခဲ့တဲ့ ဦးထုပ် အဟောင်းကလေးက အခုထိ ရှိနေသေးသဗျ၊ ပင်စင် ယူလိုက်တော့လဲ ဘာရယ် မဟုတ်ပါဘူး၊ ဒီအတိုင်းပဲ ထားမိလိုက်တာပေါ့လေ"
ကျောင်းဆရာ ပင်စင်စားကြီးက-
"အေးပေါ့ဗျာ လူဆိုတာ ကိုယ့်အလုပ်အကိုင်နဲ့ သက်ဆိုင်ခဲ့ ဘူးတာလေးတွေကို သံယောဇဉ်က ရှိနေတော့ ဒီလိုပဲ အမှတ်တရ သိမ်းထားမိကြတာ ကလား" လို့ စကား ထောက်ပေးပါတယ်။ ပင်စင်စားကြီးတွေ ဆိုတော့လည်း စကားက တောင်ရောက် မြောက်ရောက်ပါပဲ။ ဘုရင်ကြီးက ဝီလျှံတဲကို သူ့သားကလေး အသက်နဲ့ သူ့အသက်ကို အလောင်းအစား လုပ်ခိုင်းတဲ့ အပိုင်းကို ဆက် မပြောဖြစ်ကြတော့ဘဲ စကားဦးက ဦးထုပ်ဆီကို ရောက်သွားကြပြန်ရော။
"တစ်နေ့တော့ နေပူပူ ရှိတာနဲ့ အဲဒီဦးထုပ် အဟောင်းလေးကို ဆောင်းပြီး အိမ်ဝင်းထဲမှာ စိုက်ပျိုးထားတဲ့ သစ်ပင်လေးတွေကို ရေလောင်းနေတုန်း အိမ်ရှေ့လမ်းက ဖြတ်သွားတဲ့ မီးသွေးလှည်းကို မြင်တယ်။ မီးသွေး တစ်အိတ်လောက် ဝယ်ဦးမယ်လို့ လှည်းကို လှမ်းတားလိုက်တယ်။ စိတ်ကြိုက်အိတ်ကို ရွေးယူပြီး ပိုက်ဆံပေးတော့ အတင်းငြင်းတယ်။ ဘယ်လိုမှ ပေးလို့ မယူဘဲ မီးသွေးအိတ်ကို အိမ်ထဲအရောက် ထမ်းပို့ ပေးသွားတယ်။ ကျုပ်လည်း ဘာကြောင့် ပိုက်ဆံ မယူရတာပါလိမ့်လို့ အမျိုးမျိုး စဉ်းစားတယ်။ အရင်က ငါ ဖမ်းခဲ့ဘူးတဲ့ တရားခံလား၊ ငါ့ကျေးဇူးခံ ကျေးဇူးစားထဲကလား၊ ဒီ မျက်နှာမျိုး ငါလည်း မမြင်ဖူးပါဘူး။ တော်တော် ခေါင်းချောက်အောင် စဉ်းစားရတယ်။ အိမ်ပေါ်မှာ နားနားနေနေ ထိုင်နေရင်း နံရံမှာ ချိတ်ထားတဲ့ ဦးထုပ်ဟောင်းက တံဆိပ်ကို မြင်မှပဲ အဖြစ်မှန်ကို သဘောပေါက်လာတယ်"
"ခင်ဗျား ဒီဦးထုပ်နဲ့ အတုအယောင် လုပ်ပြီး မဟုတ်တာ၊ မတော် မတရားတာတွေ လျှောက်လုပ် မနေနဲ့နော်၊ ဆင်းရဲသား အချင်းချင်း ကိုယ်ချင်းစာတရား ထားကြရမယ်"
လို့ ကျောင်းဆရာကြီးက လမ်းမှန်ကို တည့်ပြီး ပြောပါတယ်။
"အတု လုပ်တယ်ရယ် မဟုတ်ပါဘူးဗျာ၊ စပ်မိလို့ ဆက်ပြောရဦးမယ်၊ တစ်ခါကလဲ ငါးကလေး လတ်လတ်ဆတ်ဆတ် ဈေးချိုချို စားရအောင် ဆိုတဲ့ စိတ်ကူးနဲ့ မြို့တောင်ဘက်က အင်းတဲကို ငါးဝယ်သွားတယ်၊ နေပူမိမှာ စိုးတာနဲ့ ဒီ ဦးထုပ်ကို အမှတ်မထင် ကောက်ဆောင်းသွားမိတာ အင်းတဲက လူတွေကို ငါးဖိုးပေးတော့ မယူကြပြန်ဘူးဗျ"
"ခင်ဗျားက ရှင်းမပြဘူးလား"
"ရှင်းပါသော်ကောဗျာ၊ ကျုပ်က ပင်စင်စားပါ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိပါဘူး၊ ဘယ်သူ့ ပစ္စည်းမှလဲ အလကား မယူချင်ပါဘူး၊ အသက်လဲ ကြီးပါပြီ၊ တရားတော်နဲ့ အညီ နေချင်ပါတယ်၊ စုံနေအောင် လျှောက်ပြောပြီး ပေးပေမယ့် ငါးဖိုးကို မယူပါဘူး"
"ခင်ဗျားနဲ့ ဒီ ဦးထုပ်တော့ ဒုက္ခပါပဲ"
ဆိုပြီး ကျောင်းဆရာကြီးက မှတ်ချက်ချတော့
"ကျုပ်လဲ ဒီ ဦးထုပ်ကို မဆောင်းတော့ဘဲ သိမ်းထားလိုက်ပါပြီဗျ"
လို့ ဦးခင်မောင်က ဆိုပါတယ်။
"ခင်ဗျားသေရင် အဲဒီ ဦးထုပ်ကိုပါ ထည့်မြှုပ်လိုက်ကြလို့ သားသမီးတွေကို မှာထားခဲ့ဦး၊ မဟုတ်ရင် ခင်ဗျား သားသမီးတွေက ဆိုးမွေခံနေကြမှာ စိုးရတယ်"
တဲ့။ ဆရာကြီး ဦးဘရှိန်က ရယ်ကျဲကျဲနဲ့ နောက်ပြောင်ပါတယ်။ ရဲပင်စင်စားကြီး ကတော့ ...
"အမယ်လေး ... ဆရာကြီး အပြော နောက်ကျ နေပါပြီကော။ အငယ်ဆုံးကောင် အေးကြူရယ်၊ ကျုပ် မသိအောင် ဦးထုပ် ယူဆောင်းပြီး အကြံအဖန် လုပ်တယ် ပြောလို့ မနည်း ဟန့်ထားရတယ်။ အယောင်ဆောင်မှု၊ ထောင်ကျသွားချင်လား၊ ဘာညာနဲ့ လှန့်ထားရတယ်"
ပင်စင်စား ကျောင်းဆရာကြီးကတော့ သက်ပြင်း လေပူကြီးကို မှုတ်ထုတ်လိုက်ရင်း ...
"ခင်ဗျား အရင်တောင် ဒီ ဦးထုပ် အဟောင်းကို မြေမြှုပ်ပစ်မှ ဖြစ်တော့မယ် ထင်တယ်၊ သူလဲ အကျိုးမရှိ၊ ကိုယ်လဲ အကျိုးမရှိ"
လို့ ခပ်တည်တည်ပဲ ပြောလိုက်တယ်။
ဒီလို ပြောပြီး မကြာခင် ပင်စင်စားကြီး နှစ်ယောက်ဟာ လျှောက်နေကျ နေရာဆုံးလို့ မြို့ဘက်ကို လှည့်ပြန်လာခဲ့ ကြပါတယ်။
မြို့အဝင် ဂိတ်တဲနားကို ရောက်တော့ ဟို ခုံကလေးပေါ်မှာ ဦးထုပ် ရှိနေသေးသလား။ တခြားဟာ တစ်ခုခု ရှိနေသလား ဆိုတာကို သူတို့နှစ်ယောက် သတိထားပြီး မကြည့်ခဲ့မိ ကြတော့ပါဘူး။
ဒီအချိန်မှာတော့ မျက်နှာဖုံး စွပ်ပြီး တိုက်တတ်တဲ့ ဓားပြကြီးအကြောင်း ဦးခင်မောင် ပြောပြတာကိုပဲ စိတ်ဝင်စားနေမိကြ ပြန်ပါရော ...။
-----------------
ကျော်ရင်မြင့်
စပယ်ဖြူ မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၁၉၉၁။

No comments:

Post a Comment