Tuesday, 24 May 2016

ရေခဲခြစ်နှင့် ရေခဲချစ် (မစန္ဒာ)

ရေခဲခြစ်နှင့် ရေခဲချစ် (မစန္ဒာ)
-------------------------------
“ကိုရေခဲ”
မစိန်မြက မာဆတ်ဆတ် ခေါ်သည်။ အိမ်ခါးပန်းကို ခေါင်းအုံးပြီး အိပ်နေသော လင်တောင်မောင် ကိုရေခဲအား ခပ်စူးစူးကြည့်သည်။
“ဘာလဲဟ”
ကိုရေခဲက သူ့လက်ထဲမှ ဆေးလိပ်တိုကို နို့ဆီခွက်လွတ်ထဲမှာ လှမ်းထည့်ရင်း ပျော့နဲ့နဲ့ထူးသည်။
“ဒီအကောင် ဖျားနေတာ ကြာလှပြီတော့”
“ဟုတ်လား”
“ချောင်းကလည်း တဟွတ်ဟွတ်နဲ့”
“အင်း”
“လည်ပင်းကလည်း နာတယ်တဲ့၊ တစ်ခုခုလုပ်မှ ဖြစ်မယ်”
“ဟေ ဘာလုပ်ချင်လို့လဲ”
“ဆေးခန်းလေး ဘာလေးသွား၊ ဆရာဝန်လေး ဘာလေးပြကြည့်ဦးပေါ့”
“သွားလေကွာ”
“ဟင်း သွားတာက လွယ်လိုက်တာ၊ ဘယ်မှာလဲ ပိုက်ဆံ”
“ဟင် မနေ့က အစိတ်ကရော”
“ဆန်ဝယ်ရတယ်၊ ဆီဝယ်ရတယ်၊ အကြီးကောင်ကြီး စာအုပ်ဖိုးပေးရတယ်၊ တော်ပြန်ယူသွားတာက ငါးကျပ်၊ မနက်က ဟင်းချက်ဖို့ ငါးဝယ်ရတာ ခြောက်ကျပ်၊ ကျုပ်လက်ထဲမှာ ၃၅ပြားပဲ ရှိတော့တယ်”
“ဒါဆိုလည်း နက်ဖြန်ကျမှပဲ သွားတော့ပေါ့ကွာ”
ကိုရေခဲက ခပ်အေးအေးပြောကာ မီးငြိမ်းခါနီးနေသော ဆေးလိပ်တိုကို ပြန်၍ကောက်ယူသည်။ မျက်စိကိုမှေးပြီး ဆက်တိုက်ဖွာရှိုက်သည်။
“ကိုရေခဲနော်၊ ရှင်က ဖအေ သိရဲ့လား၊ ဖအေဆိုတာ ဖအေစကား ပြော၊ အဖျားအနာဆိုတာ နက်ဖြန်သန်ဘက် စောင့်လို့ရသလား၊ တော်ကြာ ဆိုးသည်ထက် ဆိုးလာတော့ ဘယ့်နှယ်လုပ်မလဲ”
“ဪ မိန်းမရယ်၊ ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ၊ ငါရှာလို့ရသမျှ တစ်ပြားမကျန် အကုန်အပ်နေတာပဲ၊ ဒီကြားထဲက မလောက်ဘူး၊ ဆေးတိုက်သွားစရာ ပိုက်ဆံမရှိဘူးဆိုတော့ ငါဘာလုပ်ရမလဲ၊ ဓားပြ ထွက်တိုက်ရမလား”
ကိုရေခဲက စိတ်ညစ်ညူးစွာပြောသည်။ သူ့ကို မျက်စောင်းကြီးခဲ၍ ကြည့်နေသော မိန်းမအား ခပ်စွေစွေလှမ်းကြည့်ရင်း သက်ပြင်းချသည်။
“တော့ကိုပြောလိုက်ရင် ဒါမျိုးချည်းပဲ၊ တော်ရှာလို့ရသမျှ ပိုက်ဆံလေး တစ်ပဲခြောက်ပြားကို မှန်မှန်အပ်တိုင်း တော့်ကိုယ်တော် တကယ့် လင်ကောင်း လင်မြတ်ကြီး ထင်မနေနဲ့”
မစိန်မြက အော်သည်။ သူ့ပေါင်ပေါ် ဖက်တက်နေသော အငယ်ဆုံးကောင်ကို လက်နှစ်ဖက်ဆွဲပြီး ကြမ်းပြင်ပေါ်သို့ ဆောင့်ချလိုက်သည်။
“ငါ့မှာ ပေါ့ပေါ့ပါးပါး မဟုတ်ဘူးဟဲ့၊ ဗိုက်ထဲမှာ တစ်ကောင်ရှိသေးတယ်။ အားတိုင်းယားတိုင်း ကုတ်ကတ်တက်မနေကြနဲ့၊ တကတဲ” ဟူသော အသံနှင့်အတူ ဖင်ညှောင့်ရိုးအောင့်သွားသော အငယ်ကောင်၏ အသံကပါ ပြိုင်ပြီးထွက်လာသည်။
“တော်ကြီးကြောင့် လူဖြစ်လာတဲ့ သတ္တဝါတွေ ကြည့်စမ်း၊ အပြင်မှာက လေးကောင်၊ ဟောဒီဗိုက်ထဲမှာ တစ်ကောင်၊ တော်ကြီးရတဲ့လခက တစ်လမှ သုံးရာရယ်၊ ကဲ ဒီပါးစပ်ပေါက်တွေကို ဝအောင် ဘယ်လိုကျွေးရမလဲ”
ကိုရေခဲက သက်ပြင်းချမိပြန်သည်။
“ဒါကတော့ မင်းစီမံသမျှပဲ မဟုတ်လား မိန်းမရယ်၊ ငါလည်း အပို တစ်ပြား မသုံးပါဘူး။ မင်း ကန်စွန်းရွက်နဲ့ကျွေးလည်း မျိုချလိုက်တာပဲ၊ ငါးပိရည်နဲ့ကျွေးလည်း မျိုချလိုက်တာပဲ။ အသားစားမယ်၊ ငါးစားမယ် ပြောဖူးသလား၊ ငါသိပ်ကြိုက်တဲ့ ဝက်ခေါင်းသုပ်တောင် ငါးမူးဖိုးလောက် ဝယ်စားဖူးသလား”
ကိုရေခဲက သူ့ပုံစံအတိုင်း ခပ်ပျော့ပျော့ ပြန်ပြောသည်။ သူ့ကိုစူးစူးဝါးဝါး ကြည့်နေသော မိန်းမအား ပြန်မကြည့်ဘဲ သူ့မိန်းမ၏ စွဲချက်အတိုင်း သူ့ကြောင့် လူဖြစ်လာရသော သတ္တဝါလေးကောင်ကို လှမ်းကြည့်သည်။
ငါးနှစ်ခွဲအရွယ် အကြီးကောင်က စာရွက်လွတ် တစ်ရွက်ပေါ်တွင် ခဲတံတို တစ်ချောင်းနှင့် အရုပ်ရေးနေသည်။ သူ့အနားတွင် ဖျားနေသည်ဆိုသော နို့ညှာကောင်က ထိုင်နေသည်။ ခန္ဓာကိုယ် အပေါ်ဘက်တွင် ဖလန်နယ် အင်္ကျီလေးကို ဝတ်ထားသော်လည်း အောက်ဘက်တွင်တော့ ဘောင်းဘီတိုလေးပင် မပါ။ အလတ်မလေးကတော့ လေးနှစ်ကျော်ကျော်ပင် ရှိသေးသော်လည်း မိန်းကလေးမို့ သိတတ်သည်။ ငိုနေသော မောင်အငယ်ဆုံးလေးကို လာပြီးချော့နေသည်။ မနိုင့်တနိုင်နှင့် ဆွဲ၍ချီသည်။
“အင်း နောက်လေးငါးလဆိုရင် နောက်တစ်ကောင် ရောက်လာဦးမယ်၊ ဘာတတ်နိုင်ပါ့မလဲကွာ။ ဘုရားပေးတာ မတားကောင်းပါဘူး။ ဒီ မိန်းမကလည်း လူမဟုတ်ဘဲ ဝက်သာဆိုရင် ဘယ်လောက် အဖိုးတန်မလဲ မသိပါဘူး။ သားပေါက်က ကောင်းလိုက်တာ၊ တစ်သားနဲ့ တစ်သားကလည်း နီးလိုက်တာ လွန်ရော။ နောက်ပြီး ငါ့ကိုချည်းပဲ တော်ကြီးကြောင့် တော်ကြီးကြောင့်နဲ့ လက်ညှိုထိုးတော့တာပဲ”
သူကတွေးရင်း ပြုံးမိသည်။ ထို့နောက် လက်ဝဲနံတောင်းမှ လက်ယာနံတောင်းသို့ ပြောင်း၍အိပ်ရန် ဟန်ပြင်သည်။ သို့သော် မိန်းမက “အဲဒါ ဘယ်လို လုပ်မတုံးတော့” ဟု ခပ်ဆောင့်ဆောင့် အော်လိုက်တော့ သူလန့်သွားသည်။ ဘာကိုဘယ်လိုများ လုပ်ချင်လို့ပါလိမ့်ဟု အပြေးအလွှား စဉ်းစားရင်း မျက်တောင်ကို တဖျတ်ဖျတ်ခတ်သည်။
“ဒီအတိုင်းဆိုရင်တော့ ကာလနာတိုက်သွားမှာပဲ၊ ဖျားနေတာ သုံးရက်ရှိပြီ။ ဟဲ့ကောင်လေး လာစမ်း ဒီကို”
မစိန်မြက နို့ညှာကောင်ကို လှမ်းဆွဲကာ ခန္ဓာကိုယ် အောက်ပိုင်းအား ပုဆိုးဟောင်းတစ်ထည်နှင့် ပတ်ပေးသည်။
“ကွမ်းယာဆိုင်က ဆေးလေးဘာလေး ဝယ်တိုက်မကြည့်ဘူးလား၊ ပါရာစီတမောလေး ဘာလေးပေါ့”
“တိုက်တုန်းခဏ ချွေးထွက်ပြီး နောက်တော့ အဖျားပြန်တက်တာပဲတော့၊ လည်ချောင်းကလည်း နာသတဲ့”
“ဒီလိုဆိုလည်း ခေါင်းရင်းခန်းက ဒေါ်ဒေါ်အေးဆီမှာပဲ ချေးပါတော့လားကွာ”
ဒေါ်ဒေါ်အေးက ငွေတိုးချေးစားသူဖြစ်သော်လည်း အပေါင်ပစ္စည်း မပါလျှင် သိပ်ချေးချင်သူ မဟုတ်။
“ကိုရေခဲ သွားလိုက်မလား”
“ဟာကွာ၊ မင်းပဲ သွားလိုက်ပါ”
မစိန်မြ၏ မျက်စောင်းကို ရင်ဆိုင်ရပြန်သည်။
ပိုက်ဆံလိုချင်သော်လည်း ဒေါ်ဒေါ်အေးဆီသို့ မစိန်မြ မသွားချင်ပေ၊ အေးအေးနေချင်သော ကိုရေခဲကတော့ မစိန်မြထက် နှစ်ဆပိုပြီး မသွားချင်ပေ။
“ဒီမိန်းမကြီးဆီမှာ အပေါင်ပစ္စည်း မပါဘဲ ပိုက်ဆံ သွားချေးရမယ့်အစား ကျားဖင်ပဲ နှိုက်လိုက်ချင်သေးတယ်”
“ဘာလို့လဲ မေမေ၊ ကျားဖင်ထဲမှာ ပိုက်ဆံရှိလို့လား”
အရုပ်ရေးနေသော အကြီးကောင်က ခေါင်းထောင်လာပြီး အူတူတူနှင့် မေးသည်။ ကိုရေခဲက အတီးအတနိုင်လှသော သူ့သားကြီးကို လှမ်းကြည့်ရင်း “အင်း အကြီးဆုံးဆိုတော့ နည်းနည်းတော့ ပေါတာပဲ ထင်တယ်” ဟု တွေးမိစဉ် မစိန်မြက “သေမင်း ရှိတယ်ဟဲ့၊ သေမင်း” ဟု ခပ်ဆောင့်ဆောင့် အော်လေသည်။ ထို့နောက် ကြမ်းပေါ်မှ ဖန်ဂေါ်လီလုံးကို ကောက်ပြီး ပါးစပ်ထဲထည့်မည် ပြင်သော အငယ်ကောင်ကို လှမ်းဆွဲသည်။ လက်ကို အတင်းဖြေကာ ဂေါ်လီလုံးကို လုယူသည်။
“ဒီဂေါ်လီလုံးကို ဟိုပစ် ဒီပစ်နဲ့နော်၊ ကလေးနားမှာ မထားနဲ့ ဆိုရင်လည်း မရဘူး၊ ငါလွှင့်ပစ်မိမယ် သိလား”
ပါးစပ်ကသာ လွှင့်ပစ်မိမယ်ဟု ပြောသော်လည်း လက်ကတော့ တကယ်ပင်လွှဲပြီး အိမ်အပြင်သို့ လွှင့်ပစ်လိုက်သည်။ ငိုမဲ့မဲ့ဖြစ်သွားသော အကြီးကောင်ကို မျက်နှာထားတင်းတင်းနှင့် ကြည့်သည်။ “ငိုရဲ ငိုကြည့်၊ ကျောကော့သွားမယ်” ဟု အသံတိတ် ပြောလိုက်ခြင်းဖြစ်၍ အကြီးကောင်က အော်ပြီး မငိုရဲရှာပေ။ ဂေါ်လီလေး ကျသွားရာ အိမ်ရှေ့ ရေဘုံဘိုင်အနီးမှ ငွေပန်းပင်အုပ်အုပ် နေရာကို အမောတကော လိုက်ကြည့်ရင်း နက်ဖြန်ကျမှပြန်ရှာမယ်ဟု အားတင်းလိုက်ရဟန် ရှိသည်။
ပေါ်ပေါက်လာသော အခွင့်အရေးကို ကိုရေခဲက အပြည့်အဝ အသုံးချလိုက်နိုင်သည်။ မစိန်မြ၏ မျက်လုံး သူ့အပေါ်မှ လွဲဖယ်သွားသည်နှင့် နံရံဘက်ကို ဘေးကင်းရန်ကင်း မျက်နှာမူပြီးပြီမို့ မျက်စိ တော်တော်အေးသွားသည်။ မစိန်မြ၏မျက်စောင်းကို ရင်ဆိုင်စရာ မလိုတော့။ သူ့ကျောမှာ မျက်စိ ပါမလာလေတော့ ကျောဘက်မှနေပြီး ကြည့်ချင်သလိုကြည့်၊ အခိုးထွက်အောင် ကြည့်ကြည့်၊ မီးထွက်အောင် ကြည့်ကြည့် ဘာမှုစရာမလို။ အမျိုးစပ်ချင်းစပ်လျှင် ဝက်နှင့်သာ အမျိုးစပ်နိုင်ပြီး နဂါးသွေး တစ်စက်တလေပင် ပါမည်မဟုတ်သည့် မစိန်မြ၏ မျက်စောင်းကြောင့် ပြာမကျ၊ မီးမလောင်သည်ကလည်း သေချာသည်။
ဆူသံ၊ ဆောင့်သံ၊ ဆဲသံ၊ ဆိုသံ ကလေးငိုသံများကိုလည်း ထည့်တွက်စရာ မလို။ မည်မျှ ဆူညံသောအသံ ဖြစ်ပါစေ၊ နားထဲသို့ မဝင်ဘဲ လျှံထွက်သွားအောင် နားထောင်တတ်သော အကျင့်ကို ရခဲ့သည်ကား ကြာချေပြီ။
ထို့ကြောင့် ကိုရေခဲသည် မကြာမီမှာပင် အိပ်ပျော်ခြင်းသို့ ရောက်သွားလေတော့သည်။
* * *
မထွေးစိန်ကမ်းပေးသော တစ်ဆယ်တန် လတ်လတ်ကလေးကို ဆတ်ခနဲ ဆွဲယူကာ အထက်ဆင်ကြားထဲ လိပ်ထည့်လိုက်သည်။
“ပြန်တော့ရွေးနော် အစ်မ”
“အေးပါဟယ်၊ ငါ့ထဘီက ငါးဆယ်လောက် တန်တာ၊ အဆုံးမခံပါဘူး”
“ဒါကတော့ အသစ်ဈေးကိုး အစ်မရဲ့၊ အစ်မဝတ်ထားလို့ ဟောင်းနေတာလည်း ကြည့်ပါဦး”
ဟုတ်တော့လည်း အဟုတ်သားပင်။ သူ ဖန်တစ်ရာတေအောင် ဝတ်ထားသဖြင့် ပါတိတ်ထဘီက အဆင်အသွေးပင် မှိန်နေချေပြီ။
“ငါ ပြန်ရွေးမှာပါဟယ် စိတ်ချ၊ ငါ့ထဘီကို တစ်ဆယ်နဲ့ အဆုံးမခံပါဘူး၊ တကတဲ”
မစိန်မြက ခပ်ဆောင့်ဆောင့် ပြောပြီး ခပ်သုတ်သုတ် ပြန်သွားသည်။ တော်ကြာ ဆေးခန်းပိတ်သွားလျှင် ဆရာဝန်မပြဖြစ်ဘဲ ဖြစ်နေချေဦးမည်။
“မစိန်မြ ဘယ်နားက ပြန်လာတုံး”
“ဒီနားကပဲ”
မျက်စောင်းထိုးအိမ်မှ လှလှချစ်က နှုတ်ဆက်သည်။ အိမ်လှေကားထစ်တွင် ငုတ်တုတ်ထိုင်ရင်း လမ်းမဘက်သို့ မျှော်ကြည့်နေသည်။
“လင်တော်မောင် မလာသေးဘူးလား”
“ထုံးစံအတိုင်းပဲ မစိန်မြရေ၊ သန်းခေါင်သန်းလွဲကျမှ မူးရူးပြီးပြန်လာမယ် ထင်ပါရဲ့၊ စိတ်ညစ်ပါတယ်”
လှလှချစ်က အသံနွမ်းနွမ်းလေးနှင့် ပြောသည်။
“ကိုရေခဲတို့များတော့ အေးလိုက်တာနော်၊ အသောက်အစား အပျော်အပါး လောင်းကစား ဘာဆိုဘာမှ မရှိဘူး၊ တကယ့်ကို ရေခဲတုံးပဲ”
တစ်ဆက်တည်း ချီးကျူးတော့ မစိန်မြ စိတ်တိုသွားသည်။ သူ၏ အိမ်ထောင်သက် ခုနစ်နှစ်တာ အတွေ့အကြုံအရတော့ မစိန်မြသည် ကိုရေခဲ အရက်သောက်ချင် သောက်ပါစေ၊ ဖဲရိုက်ချင် ရိုက်ပါစေ၊ သို့သော် သားရေး သမီးရေး၊ နေရေး ထိုင်ရေး၊ ရပ်ရေး ရွာရေး၊ အိမ်မှုကိစ္စ အသေးအဖွဲလေးတွေကို “မင်း ကြည့်လုပ်လေကွာ” ဟုလွှဲကာ နံရံဘက်လှည့်ပြီး တခူးခူးဟောက်ကာ အိပ်တတ်သူ မဟုတ်ဘဲ တိုင်တိုင်ပင်ပင် ဖြေရှင်းတတ်သူဖြစ်လျှင် တော်ပါပြီဟု မကြာခဏ စိတ်ကူးမိနေသည်။
“ကျုပ်ကတော့ အဲဒီရေခဲတုံးကြီးကို ရေခဲတိုက်ထဲတောင် ပို့ပစ်ချင်နေပြီ တော်ရေ့”
မစိန်မြက မကြည်မသာပြောပြီး ထွက်လာခဲ့သည်။ ခြေရင်းအိမ်က လင်မယား ရန်ဖြစ်ကြတုန်းက“မင်းကို တစ်သက်လုံး အိမ်ဦးခန်းမှာတင်ပြီး ဆီဦးထောပတ် ကျွေးပါ့မယ်လို့ ငါကတိပေးခဲ့ဖူးလို့လား” ဟူသော ယောက်ျား၏စကားကို သတိရသည်။ ထို့နောက် တစ်ဆက်တည်းမှာပင် သူနှင့် လက်မထပ်ခင်က “ကိုက အေးအေးဆေးဆေး နေချင်တာပါပဲကွာ၊ အရက်သောက် ဖဲရိုက်လည်း ဝါသနာမပါဘူး။ နောက်ပြီး ဒီတစ်သက်မှာ မင်းတစ်ယောက်တည်းကိုသာ ချစ်ဖူးတာပါ။ အိမ်ထောင်သည်ဘဝ ရောက်ရင်လည်း ပွေပွေရှုပ်ရှုပ် မလုပ်သင့်တာတွေ ဘယ်တော့မှ မလုပ်ဖူးဆိုတာ ဟောဒီ ကမ္ဘာမြေကြီးကိုတောင် သက်သေတည်ပြီး ပြောရဲပါရဲ့ကွာ” ဟု ကိုရေခဲ ပြောခဲ့သော စကားကို သတိရသည်။
“မလုပ်သင့်တာ မလုပ်တာနဲ့ မပြီးဘူးတော်ရေ့၊ လုပ်သင့်တာကိုလည်း လုပ်ရဦးမယ်”
မစိန်မြက စိတ်ထဲမှ အော်ပြောနေမိသည်။
စိတ်ထဲမှ မဟုတ်ဘဲ ပါးစပ်မှ အော်ပြောလျှင်လည်း ကိုရေခဲက ကြားမည်မဟုတ်။
တခူးခူးနှင့်ဟောက်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသောကြောင့် ဖြစ်လေသည်။
* * *
“ကဲ နောက်တစ်ယောက်လာ”
ဆရာဝန်လေး၏ အသံကြားတော့ မစိန်မြသည် အငယ်ဆုံးကောင်ကို ချီရင်း ဆေးခန်းထဲသို့ ဝင်ခဲ့သည်။ တအိအိငိုနေသော နို့ညှာကောင်က သူ့ထဘီစကို တန်းလန်းဆွဲပြီး နောက်မှပါလာသည်။ နို့ညှာကောင်၏ နောက်တွင်တော့ လေးနှစ်အရွယ် သမီးနှင့် ငါးနှစ်ခွဲရွယ် သားတို့က ဆုတ်ကန်ကန် လိုက်လာကြသည်။
“ဟ အင်အားကောင်းလှချေကလား”
ဆရာဝန် မျက်လုံးပြူးသွားသည်။ သားအကြီးက နှာရည်တွေ တရွှဲရွှဲ ရှိုက်သွင်းနေသည်။ အလတ်မလေးက ချောင်းတဟွတ်ဟွတ် ဆိုးသည်။ နို့ညှာကောင်က ငိုနေသည်။ အငယ်ဆုံး ကောင်လေးကလည်း ရွှင်ရွှင်လန်းလန်း မရှိလှ။ ကိုယ်လေးလက်ဝန်ကြီးနှင့် အမေကလည်း ဖြူတူတူ ဖျော့တော့တော့မို့ ဆရာဝန်၏ အမြင်တွင်တော့ သူတို့အားလုံး လူမမာပုံ ပေါက်နေကြလေသည်။
“ကိုင်း နေမကောင်းတာက ဘယ်သူလဲ”
ဆရာဝန်ကမေးတော့ မစိန်မြသည် ညာဘက်လက်နှင့် ချီထားသော ကလေးကို ဘယ်ဘက်လက်နှင့် ပြောင်းချီသည်။ ထို့နောက် သူ့ထဘီစကို ဆွဲထားသော နို့ညှာကောင်အား လှမ်းဆွဲသည်။ နို့ညှာကောင်က အဆွဲ မခံ။ ထဘီထဲသို့ တိုးဝင်ရင်း “ဆေးထိုးဘူး၊ ဆေးထိုးဘူး” ဟု အော်လေသည်။
“လာ လာ ဦးဦးက မထိုးပါဘူးကွ”
ဆရာဝန်၏ အသံကြားတော့ နို့ညှာကောင်က ပိုပြီးငိုလေသည်။ မစိန်မြက လက်ပေါ်မှ ကလေးကို ခါးထစ်ခွင်ချီလိုက်ပြီး ကြမ်းပေါ်တွင် ဖင်တရွတ်ဆွဲ ထိုင်ချနေသော နို့ညှာကောင်ကို ကုန်း၍ဆွဲသည်။ ဆရာဝန်ဆီသို့ တွန်း၍ပို့သည်။ ဆရာဝန်က လှမ်းဆွဲပြီး နဖူးကို စမ်းကြည့်တော့ ချောင်းတဟွတ်ဟွတ် ဆိုးနေသော နို့ညှာကောင်က ပဋိသန္ဓာရ စကားကို ယဉ်ယဉ်ကျေးကျေးလေး ဆိုလိုက်သည်။ “အေရိုးကြီး” တဲ့။
“ဟ ဒီပုဂိ္ဂုလ်လေးက တယ်ကြမ်းပါလား”
သူတို့ရပ်ကွက်ထဲတွင် ဆေးခန်းလာဖွင့်ထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်၍ ထုသားပေသား ရနေပြီဖြစ်သော ဆရာဝန်ကလေးက ခပ်ပြုံးပြုံး မှတ်ချက်ချသည်။
“ကိုယ်က တော်တော်ပူနေတာပဲ၊ ဖျားနေတာ ဘယ်နှရက် ရှိပြီလဲ”
“သုံးရက်လောက် ရှိပြီ”
“စောစောက ဘာလို့ မလာလဲဗျာ”
“လာချင်တာပေါ့ ဆရာရယ်၊ ဒါပေမဲ့ ပိုက်ဆံက ရှာရသေးတာ”
မစိန်မြက ခပ်ရှင်းရှင်းပင် ပြောသည်။ ထို့ပြင် ရိုးရိုးသားသား ဝန်ခံရလျှင် ဆရာဝန်ကလေးက သနားပြီး ပိုက်ဆံလျှော့ယူလေမလား ဟူသော မျှော်လင့်ချက်လည်း ပါလေသည်။
“လည်ချောင်းထဲ နာတယ်ပြောတယ် ဆရာ”
“ဟုတ်လား ၊ ကဲ သားသား ပါးစပ်ဟစမ်း”
“ဟ ဘူး”
“ခဏလေးပါကွာ နော်”
“ဟ ဘူး”
“ဦးဦးက ဘာမှမလုပ်ပါဘူး၊ သားသား အာခေါင်မှာ အရိုးစူးနေသလားလို့ ကြည့်ပေးမလို့၊ တွေ့လား ဟောဒီမှာ လက်နှိပ်ဓာတ်မီး”
နို့ညှာကောင်က ဆရာန်ဝန်ကို မယုံမရဲကြည့်ပြီး သူ့ပါးစပ်ကို မဟချင် ဟချင်နှင့် ဟပေးသည်။
“ဟာ နည်းတဲ့ အာသီးကြီး မဟုတ်ဘူး၊ ဒါကြောင့်မို့ ဖျားတာ”
ဆရာဝန်ကလေးက နို့ညှာကောင်၏ အာခေါင်ကို လက်နှိပ်ဓာတ်မီးလေးနှင့် အသေအချာ ထိုးကြည့်သည်။
“ဟေ့ ချာတိတ်၊ မင်း ဘာတွေစားသလဲ၊ ဦးဦးကို ပြောစမ်း”
“ထမင်း”
“ပြီးတော့ရော”
“ချံပြုတ်”
“အေး ဆန်ပြုတ် ပြီးတော့ရော”
“ရေဒဲခြစ်”
“ရေခဲခြစ် ဟုတ်လား၊ နေ့တိုင်းစားလား”
နို့ညှာကောင်က ခေါင်းညိတ်သည်။
“ကျွန်မတို့လမ်းထိပ်မှာ ရေခဲခြစ်ဆိုင် ရှိတယ်ဆရာ၊ သူတို့တစ်တွေ အဲဒီမှာပဲ သွားမော့နေကြတာ”
မစိန်မြက ဝင်ဖြေသည်။ သူတို့လမ်းထိပ်က ကိုလှမောင်တို့ လင်မယားက ရေခဲခြစ် ရေခဲသုပ် ရောင်းသည်။ ကလေးသားငယ် မရှိ၍ ကလေးလည်း ချစ်တတ်သည်။ အိမ်က သတ္တဝါလေးများသည် ထိုဆိုင်နားတွေင် တဝဲလည်လည်နှင့် တမော့မော့ ရှိတတ်သည်။ ကိုလှမောင်တို့က ရေခဲခြစ်ကို အလကား မကျွေးနိုင်သော်လည်း ရေခဲခြစ်ပြီး ပါး၍လွှာသွားသော ရေခဲခြစ်ကလေးများကိုကား အလကား ကျွေးတတ်သည်။ နို့ညှာကောင်က ရေခဲခြစ် စုပ်ရလျှင် စုပ်၊ မစုပ်ရလျှင် ထိုရေခဲများ ငုံနေရမှ ကျေနပ်သည်။
“ကလေးတွေကို ရေခဲမစားပါစေနဲ့ အစ်မကြီးရဲ့၊ ရေခဲလုပ်တဲ့ ရေတွေက သန့်တာမဟုတ်ဘူး၊ နောက်ပြီး ရေခဲခြစ်ဆိုင်တွေမှာက ဖွဲထဲက ရေခဲတုံးကိုထုတ်ပြီး ရေကလေး တစ်ချက် နှစ်ချက်လောက်သာ ပက်ဆေးတာ”
ဆရာဝန်ကလေးက နို့ညှာကောင်၏ ရင်ဘတ်ကို နားကြပ်နှင့် ထောက်စမ်းသည်။ အသက်ပြင်းပြင်းရှူ ဟူ၍ ရှူခိုင်းတော့ နို့ညှာကောင်က အသက် ပြင်းပြင်းရှူသည်။ လမ်းတစ်လျှောက်လုံး တရှပ်ရှပ်နှင့် ရှပ်သွင်းလာကာ တယုတယ ထိန်းသိမ်းလာသော နှပ်များက ရှူးခနဲ ထွက်ကျလာသည်။ မစိန်မြက ကမန်းကတန်းလှမ်း၍ လက်ညှိုးနှင့် လက်မကို အသုံးပြုကာ ညှစ်ယူလိုက်သည်။ အကျင့်ပါနေသည့်အတိုင်း ဘေးဘက်သို့ ပက်တော့မည် ပြင်မိသည်။ ဆရာဝန်ကလေး တွန့်ခနဲ ဖြစ်သွားသည်ကို မြင်မှ သူ့လက်ကို တင်ပါးမှ ထဘီစနှင့် ပွတ်သုတ်လိုက်သည်။
“ကလေးရဲ့အာခေါင်က အာသီးက ရေခဲနဲ့တွေ့ရင် ရောင်လာတတ်တယ်။ အာသီး ခဏခဏ ရောင်ရင်လည်း နှလုံးတို့ ဘာတို့ကို ထိခိုက်တတ်တယ်”
ဆရာဝန်ကလေးက မစိန်မြ နားလည်ရန် အရှင်းဆုံး ပြောသည်။ ထို့နောက် ဆုတ်ကန်ကန် ရပ်နေသော အကြီးကောင်နှင့် အလတ်မကို လှမ်းခေါ်သည်။
“သူတို့က နေကောင်းပါတယ် ဆရာ”
“ဟုတ်ကဲ့ ဒါပေမဲ့ တစ်လက်စတည်း သူတို့ရဲ့အာသီးကို ကြည့်လိုက်ချင်လို့ပါ”
ဆရာဝန်ကလေးက အကြီးကောင်၏ ပါးစပ်ကို ဟခိုင်းသည်။ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်သည်။
“သူုတို့အားလုံး ဘာလို့ခေါ်လာသလဲ၊ အိမ်မှာထားခဲ့လို့ မရဘူးလား”
“မရဘူးဆရာ၊ သိပ်ဆော့တယ်။ ဟိုတစ်ခါတုန်းက ထားခဲ့တာ နောက်ဖေးက စည်ပိုင်းပြတ်ထဲမှာ ဇောက်ထိုးနစ်နေတာ၊ ကံကောင်းလွန်းလို့ မသေတာ ဆရာရေ့”
“ကိုယ်ခွဲမရှိတော့လည်း ခက်တယ်ဗျာ၊ ကလေးတွေ အဖေကရော”
“သူတို့အဖေကတော့ မပြောနဲ့တော့ ဆရာရေ၊ နာမည်ကလည်း ကိုရေခဲတဲ့။ ကိုရေခဲဆိုတဲ့အတိုင်း အေးလိုက်တာ စက်လို့။ အိမ်မှာ ဘာဖြစ်ဖြစ် သူက အေးအေးပဲ၊ အခုလည်း အိပ်ကျန်ခဲ့တယ်လေ”
“ဪ”
မစိန်မြက ဆရာဝန်ကလေးနှင့် ချက်ချင်း ရင်းနှီးသွားသည်။ ဒီလိုဖော်ရွေစွာ ဆက်ဆံတတ်သော ဆရာဝန်ကလေးဆီသို့ ပိုက်ဆံသာရှိလျှင် နေ့တိုင်းလာပြီး ဆေးကုခံချင်သည်။
“ဒီတော့ အစ်မကြီးပဲ တဖားဖား ဖြစ်နေတာပေါ့ ဟုတ်လား”
“ဟုတ်ပါ့ရှင်”
ဆရာဝန်ကလေးက အငယ်ကောင်လေး၏ အာခေါင်ကိုပါ စစ်ကြည့်သည်။
“သူတို့အားလုံး အားသီး နည်းနည်းစီတော့ ရောင်နေကြတယ်။ ဟိုနို့ညှာကောင်က အဆိုးဆုံးပေါ့။ အိမ်ရောက်ရင် ရေနွေးထဲ ဆားရည်ထည့်ပြီး ဆားရည်နဲ့ ပလုတ်ကျင်း ခိုင်းပါနော်။ ဆေးလည်း ပေးလိုက်မယ်၊ သူတို့ကိုပါ တိုက်ပေးပါ”
မစိန်မြက စိတ်ထဲမှနေပြီး ဘုရားတလိုက်မိသည်။ လေးယောက်စာ ဆေးပေးမယ်ဆိုလျှင် ငွေတစ်ဆယ်နှင့် လောက်မှ လောက်ပါ့တော့မည်လားဟု တွေးမိသောကြောင့် ဖြစ်သည်။
“ငွေ အဲ ငွေကတော့ တစ်ဆယ်ပဲ ပါတယ် ဆရာ”
မစိန်မြက စောစောစီးစီး ကြိုပြောသည်။ ဆေးယူပြီးမှ ငွေမပေးနိုင်လျှင် ပိုပြီးရှက်စရာ၊ အားနာစရာ ကောင်းမည်ဟု ထင်သည်။ ဆေးလုံးကလေးများကို ရေတွက်ပြီး စာအိတ်ဖြူကလေး တစ်လုံးစီ ခွဲထည့်နေသော ဆရာဝန်ကလေးက မသိမသာပြုံးသည်။
“ဆေးထိုးဘူးနော်”
“အေး ထိုးပါဘူးကွ”
နို့ညှာကောင်က အခုမှ ပြုံးလာသည်။
“ဒါပေမဲ့ ရေခဲခြစ်တော့ မစားရဘူးနော်၊ ရေခဲလည်း မငုံရဘူး၊ ဟုတ်လား”
“ဘာဖြစ်ရို့”
“အာသီး ရောင်တတ်တယ်ကွ၊ နောက်တစ်ခါ အာသီးရောင်ရင်တော့ အပ်အကြီးကြီးနဲ့ ဆေးထိုးရမယ် သိလား”
“အင်း ရေခဲခြစ်ကို ငုံမိတော့ အာသီးရောင်ပြီး ဖျားတတ်တယ်တဲ့၊ ငါကတော့ ရေခဲအချစ်ကို ယုံမိတော့ ထဘီပေါင်ပြီး စားရတာပေါ့ဟယ်”
ဆရာဝန်ကလေး၏ နောက်ဘက်နံရံတွင် ချိတ်ထားသော ကလေးဝဝ လှလှကလေးများ၏ ပုံကိုငေးကြည့်ရင်း မစိန်မြက စဉ်းစားမိသည်။ နံရံဘက်သို့ လှည့်ကာ ကွေးကွေးကလေး အိပ်နေရင်း တခူးခူး ဟောက်နေမည့် ကိုရေခဲ၏ အသွင်သဏ္ဌန်ကို တွေးထင် မြင်ယောင်မိတော့ ဆရာဝန်ကလေးက ဆေးထုပ်များ ကမ်းပေးသည်ကို မမြင်မိတော့ချေ။
“ခြောက်ကျပ်ပဲ ပေးပါ အစ်မကြီး”
ထိုအသံကိုလည်း မကြား၊ တင်ပါးတစ်ဖက် စောင်းကာ ကလေးကို ခါးထစ်ခွင်ကာ ရပ်ရင်း စဉ်းစား၍ ကောင်းနေသည်။
“သူတို့ ရေခဲခြစ်က ခဏပဲဖျားတာ၊ ငါ့ရေခဲချစ်ကြီးကတော့ တစ်ဘဝလုံး ဖားတာ။ ဟွန်း ပြောလိုက်ချင်ဘူး ဖားဖားကို လန်လို့ တော်ရေ”
-------------
မစန္ဒာ
ကလျာ၊ ၁၉၈၅။

No comments:

Post a Comment