ခေတ်အဆက်ဆက် သူတို့နဲ့ ကျွန်တော်တို့ (ဖေမြင့်)
====================================
ဘတ်စ်ကားပေါ်က ကျွန်တော် ဆင်းလိုက်တော့ ကိုးနာရီ ခွဲပြီ။ ဆိုက်ကားဂိတ်ဆီသို့ ကျွန်တော် လျှောက်လာခဲ့သည်။
မျက်မှန်းတန်းမိနေသည့် ဆိုက်ကားသမား တစ်ယောက်က မေးသည်။
"ဆရာ နောက်တစ်ယောက် စောင့်ဦးမလား"
"စောင့်တာပေါ့ဗျာ"
တစ်ယောက်တည်း စီးလျှင် ရှစ်ကျပ် ပေးရမည်။ နောက်တစ်ယောက် စောင့်စီးလျှင်
ငါးကျပ်ပဲ ကျမည်။ ကားခနှင့် ဆိုက်ကားခ ပေါင်းလျှင် တစ်နေ့ တစ်နေ့
ခရီးစရိတ်က မနည်း။
သုံးကျပ် သက်သာအောင် နည်းနည်းတော့ စောင့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။
"ကဲ အလှည့်သမား ထွက်ထားလေ"
ကျွန်တော့်အား နှုတ်ဆက် မေးမြန်းသူက သူ့အပေါင်းအသင်းများဘက်သို့ လှည့်၍ ပြောလိုက်သည်။
မှောင်ရိပ် ခပ်ကျကျ တစ်နေရာက ဆိုက်ကားတစ်စီးပေါ်မှာ ဣနြေ္ဒရရ ထိုင်နေသည့် လူငယ်လေး တစ်ယောက် ဆိုက်ကားကို တွန်း၍ ထွက်လာသည်။
"ဦးလေး၊ တက်ထိုင်နေလိုက်ပါ" ဟု ကျွန်တော့်အား ဆိုက်ကားခုံပေါ်မှာ ထိုင်ခိုင်းသည်။
တစ်ဆက်တည်းမှာပဲ သူက
"တစ်ယောက်လို၊ တစ်ယောက်လို" ဟု လှမ်းအော်နေလိုက်သည်။
ဆိုကားနင်းမည့် ချာတိတ်ကို ကျွန်တော် ကြည့်မိသည်။ လူက ပိန်ပိန်ပါးပါး
ဖြူဖြူဖွေးဖွေးလေး။ ဆယ်တန်းတက်နေသည့် ကျွန်တော့်သားနှင့် ရွယ်တူလောက်ပဲ
ရှိမည်။ ကျွန်တော့်သားလာက်ပင် ကြံ့ခိုင်ပုံ မရ။ ရွပ္အက်ႌအျဖဴ
ခပ်နွမ်းနွမ်းလေး တစ်ထည်ကို ဝတ်ထားသည်။ လက်မြှောက်ပြီး လှမ်းအော်တော့
အင်္ကျီချိုင်းကြား ပြဲနေတာ မြင်ရသည်။
သို့သော် သူ့ကို ကြည့်ရသည်မှာ
သိပ်ဆင်းဆင်းရဲရဲ မိဘက မွေးဖွားခဲ့သည့် ပုံမျိုးတော့ မဟုတ်။
သိပ်ကြမ်းကြမ်းတမ်းတမ်း လုပ်ကိုင်ခဲ့ရသည့် လက္ခဏာမျိုးလည်း မရှိ။
သူဘာကြောင့် ဆိုက်ကား နင်းနေရသလဲ။ မိဘက ရုတ်တရက် အခြေအနေ ပျက်သွား၍လား။
ဘယ်လို အခြေအနေ ပျက်တာမျိုး ဖြစ်မလဲ။ အဖေ အလုပ်ပြုတ်သွား၍လား။ ဒါမှ မဟုတ်
အဖေ ဆုံးသွား၍များလား။ သူ့အမေကော ဘယ်လို နေမလဲ။ သူ့မှာ ညီအစ်ကို မောင်နှမ
ဘယ်နှစ်ယောက် ရှိလေမလဲ။ သူအကြီးဆုံးလား။ ခမျာ မိသားစုကို
လုပ်ကျွေးနေရလေသလား။
အိမ်က သားမျက်နှာကို မြင်ယောင်ကာ ကရုဏာ
သက်မိသည်။ ငါ့သားကလေးသာ ဆိုရင် ဘယ်လောက် သနားစရာ ကောင်းလေမလဲ။ အကယ်၍
ယခုနေခါ ငါသာ တစ်ခုခု ဖြစ်သွားခဲ့လျှင် သားတို့ ဘဝသည် အဘယ်မျှ
နိမ့်ပါးသွားလေမလဲ။ ယခု ကြည့်စမ်း။ ဒီကလေးခမျာ ဒီအရွယ်ကလေး၊ လူပုံ
နုနုနယ်နယ်ကလေးနှင့် ဆိုက်ကား နင်းနေရသည်။ သူ့မိခင်ခမျာ
ကြည့်ရက်နိုင်ပါ့မလား။
သူနင်းသည့် ဆိုက်ကားကို စီးရမှာပင်
ကျွန်တော် ဝန်လေးလာသည်။ ကျွန်တော့် ခန္ဓာကိုယ်ကို သူ့ခမျာ မနည်း
နင်းရလိမ့်မည်။ နောက် တစ်ယောက်နှင့်သာ ဆိုလျှင် လွယ်မည် မဟုတ်။ အထူးသဖြင့်
ဟိုရှေ့နားက ကုန်းတက်ကို သူ ဘယ်လိုနည်းနှင့်မျှ တက်နိုင်မည် မဟုတ်။
"တစ်ယောက်လို၊ တစ်ယောက်လို" သူက လှမ်းအော်နေသည်။ သူ့လေသံက ခပ်မှန်မှန်။ တည်တည်ငြိမ်ငြိမ်။
"ကဲပါကွာ၊ ခေါ်မနေပါနဲ့တော့၊ တစ်ယောက်တည်းပဲ သွားတာပေါ့" ကျွန်တော် မနေနိုင်၍ ပြောလိုက်သည်။
ကောင်လေးက ကျွန်တော့်ကို တစ်ချက် စောင်းငဲ့ကြည့်ပြီးနောက် ဆိုက်ကားကို
တွန်း၍ ထွက်လာသည်။ ထို့နောက် နိုင်နိုင်နင်းနင်းပင် တက်နင်းခဲ့သည်။
အလျင်စလို မရှိ။ နှေးလည်း မနှေး၊ မြန်လည်း မမြန်၊ ဆိုက်ကား နင်းနေကျ
လူတစ်ယောက်၏ ကျွမ်းကျင်မှုမျိုးဖြင့် စိတ်အေးလက်အေး နင်းပုံမျိုး။
မဆိုးဘူး။ ဒီကလေး ကြည့်ရသည်မှာ လူပုံပန်းနှင့် မလိုက်အောင်ပင်
စိတ်ဓာတ်ကြံ့ခိုင်ပုံ ရသည်။ ကောင်းသည်။ ဒါမျိုးကို ကျွန်တော် သဘောကျသည်။
လူဆိုသည်မှာ ဘဝကို ရင်ဆိုင်ရဲသော သတ္တိ ရှိရလိမ့်မည်။ ဒီလို
စိတ်ဓာတ်မျိုးနှင့်ဆို ဒီကလေးသည် တစ်နေ့ အောင်မြင် ကြီးပွါးရလိမ့်မည်။
သူ့ဘဝနှင့် သူ့စိတ်ဓာတ်ကလေးကို စူးစမ်း ကြည့်ချင်စိတ် ပေါက်လာသည်။
"မင်း ဆိုက်ကား နင်းတာ ဘယ်လောက် ကြာပြီလဲကွ"
"တစ်နှစ်လောက် ရှိပါပြီ"
"ငါနဲ့ တစ်ခါမှ မတွေ့ဖူးပါဘူး၊ အေးလေ ငါကလဲ နေ့တိုင်း ဆိုက်ကား စီးနေတာမှ
မဟုတ်တာ၊ မြို့ထဲက နောက်ကျပြီး ပြန်လာတဲ့ ရက်တွေမှ စီးဖြစ်တာကိုး" သူက
ကုန်းတက် မရောက်မီ အရှိန်ရအောင် ခပ်သွက်သွက်ကလေး ဖိနင်းသည်။ ကုန်းထိပ်သို့
အရှိန်ကလေးနှင့်ပင် အလွယ်တကူ ရောက်သွားသည်။
သူ့ဆိုက်ကားလေးက
အတော့်ကို သွက်လှသည်။ သေသေချာချာ ဂရုတစိုက် သထားပုံရသည်။ တချို့
ဆိုက်ကားသမားများမှာ လူကလည်း မနင်းနိုင်။ ဆိုက်ကားကလည်း မကောင်းသဖြင့်
ကုန်းတက်ရောက်လျှင် ဆင်းတွန်းလို တွန်းရ၊ ချိန်းပြုတ်သွားတာနှင့်၊
စပုတ်တိုင် ကျိုးတာနှင့်၊ စီးရသူအတွက် စိတ်ညစ်စရာ ဖြစ်ရတတ်သည်။
ဒီကောင်လေးကတော့ လူတော်လေးပဲ။ ငယ်ငယ်ရွယ်ရွယ်နှင့် မိသားစုကို ရှာဖွေ
ကျွေးနေသည်။ ဆိုက်ကားကိုလည်း ဂရုတစိုက် ပြုပြင်တတ်ပုံ ရသည်။ သူ့ကိုယ်ပိုင်
ဆိုက်ကားလား၊ ဒါမှမဟုတ် အုံနာဆီက အခနဲ့ ယူနင်းရသည်လား။ ခမျာ
ကိုယ်ပိုင်ဆိုက်ကားပဲ ဖြစ်ပါစေ။
"ဆိုက်ကားက ကိုယ်ပိုင်လားကွ"
ကောင်လေးက ဆိုက်ကား နင်းနေရင်းက ကျွန်တော့်ကို လှည့်ကြည့်သည်။ ဒီလူကြီး
အတော် စပ်စုတာပဲဟု ထင်လေသလား မသိ။ "ဟုတ်ကဲ့" ဟု တစ်ခွန်းတည်း ဖြေသည်။
စပ်စုတယ် မထင်ပါနဲ့ကွာ၊ မင်းအပေါ် စေတနာထားလို့ မေးတာပါ၊ ကိုယ့်သားအရွယ်လေး
နင်းနေတဲ့ ဆိုက်ကား စီးရတာ စိတ်မကောင်းပါဘူးကွာ၊ ဆိုက်ကား တစ်ဘက်နဲ့
ကျောင်းတက်ရတော့ ပညာရေး ထိခိုက်မှာပဲ၊ ဘယ်လောက် လိမ္မာတဲ့ ကလေးဖြစ်ဖြစ်
ဒီလောက် ပင်ပင်ပန်းပန်း အလုပ် လုပ်ရရင် ဘယ် စာဖတ်နိုင်တော့မလဲ၊ အင်း
ကျောင်းမှ နေနိုင်သေးရဲ့လား။ သူ့အတွက် တွေးကာ ကျွန်တော် စိတ်မကောင်း
ဖြစ်နေမိသည်။
"ဒါနဲ့ မင်း ဘယ်နှစ်တန်းလဲကွ"
"ဒီနှစ်ပဲ ဆယ်တန်း အောင်ပါတယ်"
"ဟေ ဟုတ်လားကွ၊ ဂုဏ်ထူးတွေ ဘာတွေ ပါသေးလား"
"လေးဘာသာ ပါ ပါတယ်"
"ဟာ တယ်ဟုတ်ပါလားကွ၊ ဆိုက်ကား တစ်ဘက်နဲ့ ဂုဏ်ထူး လေးဘာသာ ထွက်တယ် ဆိုတာ
တကယ် တော်လို့ပေါ့၊ သူများတွေမှာ ဘာသာစုံ ကျူရှင် ယူပြီးတော့တောင်
အောင်ချင်မှ အောင်ကြတာ၊ ပညာဆိုတာ ပိုက်ဆံပေးတိုင်း ရတာ မဟုတ်ဘူးကွ၊
ကိုယ်ကြိုးစားမှ ကိုယ်ရတာ၊ ဉာဏ်ကောင်းဖို့လဲ လိုတာပေါ့ကွာ၊ မင်း ကြည့်ရတာ
ဉာဏ် အတော် ကောင်းပုံပဲ"
ကျွန်တော်က သူ့အား လှိုက်လှဲစွာ ပြောနေမိသည်။
ကောင်လေးက ရယ်သည်။
"မဟုတ်ဘူး ဦးလေးရ၊ ကျွန်တော်လဲ ဘာသာစုံ ကျူရှင် ယူပါတယ်၊ ဆိုက်ကားက
နင်းသား မလာတဲ့ နေ့တွေမှာ တစ်ခါတလေ အညောင်းပြေ နည်းနည်းပါးပါး နင်းတာ၊
ကျွန်တော်က တခြား အားကစားလဲ ဝါသနာ မပါတော့ ကျန်းမာအောင် လေ့ကျင့်တဲ့ သဘောလဲ
ဖြစ်တာပေါ့"
"ဒါဆို မင်းက မင်းအဖေအမေ ထောင်ထားတဲ့ ဆိုက်ကားကို အပျော် ဝင်နင်းတာပေါ့"
ကောင်လေးက ဆိုက်ကားကို အရှိန်လျှော့လိုက်ပြီး ကျွန်တော့်အား ဇာတ်ရေလည်အောင် ရှင်းပြသည့် လေသံမျိုးဖြင့် ပြောပြသည်။
"ဒီဆိုက်ကားက ကျွန်တော့် ကိုယ်ပိုင် ဆိုက်ကား အစစ်ပါ ဦးလေး၊ ကျွန်တော့်
ပိုက်ဆံနဲ့ ဝယ်ပြီး ထောင်ထားတာ ဆိုက်ကားလေးစီး ရှိတယ်။ လူငှါးထဲက တစ်ခါတလေ
နေမကောင်းလို့ ဘာလို့ မထွက်နိုင်တဲ့အခါ ကျွန်တော်လဲ အားနေရင် ခဏတစ်ဖြုတ်
ထွက်တယ်၊ ဒီလို ထွက်ခြင်းအားဖြင့် ဆိုက်ကားနင်းနေသူတွေနဲ့
ရင်းရင်းနှီးနှီးလဲ ရှိတယ်၊ သူတို့ လုပ်ပုံကိုင်ပုံတွေလဲ သိထားတော့ ကိုယ်
အလိမ်မခံရဘူး၊ ပြီးတော့လဲ တခြား အတွေ့အကြုံတွေ ရတာပေါ့၊ လူအမျိုးမျိုး
ဘဝအထွေထွေရဲ့ စိတ်နေသဘောထားတွေကိုလဲ သိရတယ်"
ဩော် အတော်လာတဲ့ ချာတိတ်ပါလား၊ ငါ သနားတာ နည်းနည်း များသွားပြီ။
ကျွန်တော်က ကောင်လေးမျက်နှာကို သေသေချာချာ မော့ကြည့်မိသည်။ ဒီကောင်လေး ငါ မြင်ဖူးတာပဲ၊ ဘယ်နားမှာပါလိမ့်။
"ဟေ့ နေပါဦးကွ၊ မင်းက ဘယ်မှာ နေတာလဲ"
"ဈေးကြီးနားက စေတနာဆိုင်လေ"
ကောင်လေးက ပြုံး၍ ပြောသည်။
ဟုတ်ပါပြီ၊ ကျွန်တော် ယခုမှ သဘောပေါက်သည်။ စေတနာဆိုင် ဆိုသည်က
ဈေးကြီးရှေ့နားက မိသားစု ဆိုင်ခန်းတွဲကြီး ဖြစ်သည်။ စးသောက်ဆိုင်ခန်း၊
မီနီမားကတ်၊ လက်ဖက်အကြော်ဆိုင်၊ ဗီဒီယိုတိတ်ခွေ အငှါးဆိုင်၊ မိတ္တူကူးစက်
စသဖြင့် စီးပွါးရေး လုပ်ငန်းမျိုးစုံ ရှိသည်။ မောင်နှမ တပြုံကြီးနှင့်
အလုပ် လုပ်နေကြသည့် မိသားစု လုပ်ငန်းကြီး။ ကျွန်တော် လူကဲခတ် အတော်ကြီး
လွဲသွားခဲ့ပြီ။
သို့သော် ဟန်မပျက် ဆက်မေးသည်။
"မင်းတို့ မောင်နှမ ဘယ်နှစ်ယောက် ရှိလဲကွ"
"ငါးယောက် ပါ၊ ကျွန်တော်က အငယ်ဆုံး၊ အစ်ကိုကြီးက အဖေတို့နဲ့ စားသောက်ဆိုင်
လုပ်တယ်၊ အဲဒါက မိရိုးဖလာ လုပ်ငန်းပေါ့၊ ကျန်တာတွေက ကျွန်တော်တို့
မောင်နှမတွေ ကြီးလာမှ လုပ်ကြတာ၊ မီနီမားကတ်က အစ်မကြီးဟာ၊ ဗီဒီယိုက
အစ်ကိုလတ်၊ လက်ဖက်ဆိုင်က အစ်မလေး၊ မိတ္တူကူးစက်က ကျွန်တော့်လုပ်ငန်း၊
မနျစ်ကမှ စလုပ်တာ၊ ဆိုက်ကားကတော့ ကျွန်တော် ငယ်ငယ်တုန်းကတည်းက
ထောင်ထားတာပါ"
"ဟေ၊ မင်းမှာလဲ ငယ်ငယ်တုန်းက ဆိုတာ ရှိသေးလားကွာ"
"ရှိတာပေါ့ဗျာ၊ ဦးလေးကလဲ"
ကောင်လေးက ရယ်၍ ပြောသည်။
"ကျွန်တော် ပထမဆုံး ဆိုက်ကားတစ်စီး ထောင်တော့ ကျွန်တော့်အသက် ဆယ်နှစ်ပဲ ရှိသေးတယ်"
ကျွန်တော် အတော်အောင့်သွားသည်။
ကျွန်တော်ဆိုသည်က စာနယ်ဇင်းများထဲမှာ အောင်မြင်ရေး၊ ကြီးပွါးရေး
ဆောင်းပါးတွေ မပြတ်ရေးနေသည့် ကောင်တစ်ကောင် ဖြစ်သည်။ နိုင်ငံတကာက
ကြီးပွါးကြသူတွေ အကြောင်း၊ အကြံဉာဏ် ကောင်းသူ၊ ဝီရိယကောင်းသူတွေ
အကြောင်းကို မြန်မာလူငယ်တွေ အားလုံး အတုယူဖြစ်အောင် နိုငံတကာ
စာအုပ်စာတမ်းများထဲက ကျွန်တော် မှီငြမ်းရေးသားနေခဲ့တာ အတော်ပင် ကြာခဲ့ပြီ။
သို့သော် အခုဟာလေးနှင့် တွေ့လိုက်ရတော့ ကျွန်တော် တစ်ယောက်တည်း
အရှက်ကွဲသလို ခံစားရသည်။ ကောင်လေးကလည်း ကျွန်တော့်ကို ကျိတ်ပြီး ရယ်နေမည်
ထင်သည်။
"ကဲ ရောက်ပါပြီကွာ၊ ဒီနားပဲ ရပ်ပါ" ကျွန်တော့် အိတ်ထဲက ပိုက်ဆံနှိုက်သည်။ ဆယ်တန်တစ်ရွက် ထွက်လာသည်။
"ရော့ကွာ၊ ပြန်မအမ်းနဲ့တော့"
"ဟာ နေပါဦး ဦးလေးရဲ့၊ အဲဒီလို မလုပ်ပါနဲ့" သူက အိတ်ထဲက ကျပ်တန်နှစ်ရွက်
ခပ်သွက်သွက် ထုတ်ပြီး ကျွန်တော့်ကို အမ်းပေးသည်။ ထို့နောက် သူက
ကျွန်တော့်မျက်နှာကို အကဲခတ်သလို ကြည့်ကာ စကားတစ်ခွန်း ပြောသည်။
"ဦးလေး၊ ဆရာ စားတယ်လဲ မထင်နဲ့နော်၊ ဦးလေးက ကျွန်တော့် စီးပွါးရေးကို
စိတ်ဝင်တစား မေးလို့ ကျွန်တော်လဲ ဦးလေးကို ရင်းနှီးမှုနဲ့ ပြန်ပြောတာ၊
ကျွန်တော် ဆိုက်ကား နင်းတဲ့အခါ ဖြစ်စေ၊ မိတ္တူကူးတဲ့အခါ ဖြစ်ဖြစ်
ကျသင့်ငွေကို တိတိကျကျပဲ ယူတယ်၊ ပိုက်ဆံ ပိုတောင်းတာမျိုး၊ မှားပြီး
ပိုယူတာမျိုး ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး၊ အပိုပေးတဲ့ ပိုက်ဆံမျိုးကိုလဲ
ကျွန်တော် လက်ခံလေ့ မရှိဘူး၊ ကျွန်တော်လဲ သူများကို တစ်ကျပ်တစ်ပြား ဆိုပြီး
ဘယ်တော့မှ အလွယ်တကူ ပေးလေ့ မရှိဘူး၊ ပိုက်ဆံဆိုတာ တစ်ကျပ်တစ်ပြားကို
ကိုယ်က တန်ဖိုးထားမှ တစ်သောင်းတစ်သိန်းက ကိုယ့်ကို တန်ဖိုးထားမယ် ဆိုတဲ့
စကားရှိတယ် ဦးလေး၊ ကျွန်တော် အဲဒီအတိုင်း ကျင့်သုံးတယ်"
ခွေးမသားလေး၊ အလိမ္မာလေးနဲ့ စကားပလ္လင်ခံပြီး ငါ့ကို နှက်နေတာကိုး။
"အေးပါကွာ၊ ဟုတ်ပါပြီ၊ မင်းက အင်မတန် တော်တဲ့ လူပါ၊ ကဲ ငါသွားမယ်၊ မင်းလဲ
အိမ်ပြန်တော့မှာပေါ့"
"မပြန်သေးဘူး ဦးလေး၊ နောက်တစ်ခေါက် ဆွဲလို့ ရသေးတယ်၊ အချိန်ရှိခိုက် လုံ့လစိုက်ပေါ့ ဦးလေးရာ"
သူက ပြောပြီး ဂိတ်ဘက်ဆီသို့ ပြန်လှည့်နင်းသွားသည်။
"သွားပြီနော်" တဲ့။
ခပ်ပျော်ပျော် အသံနှင့်ပဲ လှမ်းအော် နှုတ်ဆက်သွားသေးသည်။
အေး၊ သွားကွာ၊ လုပ်ပေါ့ လုပ်ကြပေါ့၊ ဆိုက်ကားနင်းလဲ မင်းတို့၊
ဘဏ်တိုက်ဖွင့်လဲ မင်းတို့၊ မင်းတို့တွေပဲ ကြံကြဖန်ကြ၊ အချိန်ရှိခိုက်
လုံ့စိုက်ကြ၊ မင်းတို့ပဲ ကြီးပွါးကြ၊ ချမ်းသာကြ၊ တို့ဆီမှာ ရှိသမျှ အားလုံး
ယူသွားကြ။
ကျွန်တော် စိတ်က ကျိတ်၍ ရေရွတ်ရင်း အိမ်ဆီသို့ လျှောက်လာခဲ့သည်။
အိမ်သို့ရောက်လျှင် စာတစ်အုပ်နှင့် ငိုက်နေမည့် ကျွန်တော့်သားကိုပဲ ရိုက်ပုတ်နှိုးကာ
"ဟေ့ကောင် မင်း မနက်ဖြန် စပြီး ဆိုက်ကားနင်းပေတော့" လို့ ကြိမ်းမောင်းရမည်လား။ မိန်းမကိုပဲ
"မင်း ထမင်းချက်တဲ့ အလုပ်တစ်ခုတည်းနဲ့ တာဝန်ကျေနေပြီ မထင်နဲ့၊
မုန့်ဟင်းခါးဆိုင် ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင် ဖြစ်ဖြစ် ထွက်ဖို့လုပ်" ဟု
ပြောရမည်လား။ တစ်ခုခုတော့ လုပ်ကြမှ ဖြစ်တော့မည်။
အင်း သို့သော်
အိမ်မှာလည်း အရမ်းအရမ်း ပြော၍တော့ ဖြစ်မည်မဟုတ်။ တော်ကြာ ကိုယ့်ဘက်
လှည့်လာလိမ့်မည်။ ကိုယ်က စကားတစ်ခွန်း စရုံရှိသေး။
"ရှင်
အရက်မူးလာပြီး ဂဂျီဂဂျောင်တွေ လျှောက်ပြောမနေနဲ့၊ ရှင် ဒီလိုပဲ နေ့တိုင်း
မူးမူးနေမယ် ဆိုရင်" စသဖြင့် အော်ကြီးဟစ်ကျယ်တွေ လျှောက်ပြောလျှင်
ကျွန်တော်ပဲ အရှက်ကွဲမည်။ ကိုယ့်ကိုကိုယ် ပြန်ဘရိတ်အုပ်ကာ ဒီနေ့ လမ်းမှာ
ကျွန်တော် ဘာ ဗဟုသုတမှ မရခဲ့သလို ခပ်ကုတ်ကုတ်ပဲ အိမ်ပေါ်တက်ခဲ့ပါသည်။
----------------
ဖေမြင့်
ရင်ခုန်ပွင့်၊ နိုဝင်ဘာ၊ ၁၉၉၁။
No comments:
Post a Comment