ချောင်းဟန့်သံ (ဂျိုဇော်)
================
လည်ချောင်းတစ်လျှောက် ကင်းခြေများတစ်ကောင် တက်လာသလိုမျိုး ရွစိ ရွစိ
ယားကျိ ယားကျိနှင့် အခံရခက်လှသည်။ တံတွေးတွေ ဂလုဂလုနှင့် မျိုချနေရသော်လည်း
ဝေဒနာသည် သက်သာမသွား။ ပျောက်မသွား။ တစ်ကိုယ်တည်း ကြားလောက်ရုံ
တအင်းအင်းနှင့် ခံတွင်းရှင်းကြည့်တာလည်း မရ။ အားရပါးရ
ချောင်းဟန့်လိုက်ရလျှင် လည်ချောင်းထဲ ယားယံ ကပ်ငြိ ပိတ်ဆို့နေတာတွေ
ချက်ချင်း အနေချောင်သွားမည်ကို သိသော်လည်း လွတ်လွတ်လပ်လပ် မဟပ်နိုင်သေး။
ပတ်ဝန်းကျင်ကို ကြည့်ရသေးသည်။ အခြေအနေ ကောင်းပြီထင်မှ အားရပါးရ
ချောင်းဟန့်ချလိုက်သည်။
"အဟမ်း ... အဟမ်း ... အဟမ်း"
* * *
သည်ဝေဒနာ၊ သည်အကျင့်ကြီး ဘယ်အချိန်က ကျွန်တော့် ခန္ဓာကိုယ်ထဲ ခိုးဝင်
ပုန်းအောင်း နေခဲ့သည် မသိ။ ယခု အချိန်မှာတော့ ကျွန်တော့်မှာ အနုကြမ်းစီး
ခံရသလိုမျိုး ခံစားနေရပါပြီ။
ဝေဒနာသည် ဗြုန်းဒိုင်းကြီး
ကောက်ကာငင်ကာ ရောက်လာသည်တော့ မဟုတ်ပါ။ ပထမ လည်ချောင်းကလေး ယားတယ်ဆိုရုံ၊
အာခြောက်တယ် ဆိုရုံမျှလောက်ပင်။ တံတွေး မျိုချလိုက်လျှင် ဝေဒနာ
ပျောက်ကင်းသွား၏။ ရေ သို့မဟုတ် ရေနွေး တစ်ခုခု မျိုချလိုက်လျှင်လည်း
ပျောက်၏။ တစ်နေ့ ဘယ်နှစ်ခါ ဖြစ်လို့ တံတွေး ဘယ်နှစ်ခါ မျိုရတယ်
ဆိုတာကိုတော့ မမှတ်မိတော့ပါ။ ခန္ဓာကိုယ်၏ ဝေဒနာနှင့် တုံ့ပြန်မှုသည်
အသိစိတ်မဲ့စွာ လွတ်လွတ်လပ်လပ် ဖြစ်ပွားနေခဲ့သည်ဟု ဆိုရပါမည်။
ထိုသို့ ထိန်းချုပ်မှုမဲ့ လွတ်လပ် အပြုအမူ တစ်ခုသည် စွဲမြဲသော
အကျင့်တစ်ခုဆီသို့ ဦးတည်နေမှန်း အစက ကျွန်တော် မသိခဲ့။ သိမိ၊ သတိထားမိသည့်
အချိန်မှာတော့ နောက်ကျသွားခဲ့ပြီ။
နောက်ပိုင်း လည်ချောင်း
ယားလာသောအခါ၊ တစ်ဆို့ဆို့ ဖြစ်လာသောအခါ တံတွေး မျိုချရုံ၊ ရေသောက်ရုံနှင့်
မသက်သာတော့။ အာရုံမပြေတော့။ တစ်ကိုယ်တည်း ကြားလောက်ရုံ
ခံတွင်းရှင်းလိုက်ရမှ၊ ချောင်းဟန့်သံမျိုး ပြုလိုက်ရမှ သက်သာရာ ရတော့၏။
အာရုံ ပြေတော့၏။ သည်အခြေအနေ အထိလည်း ကျွန်တော့်အတွက် ပြဿနာ မရှိသေးပါ။
အလုပ်လုပ်ရင်း၊ စကားပြောရင်း၊ သွားရင်းလာရင်း ခန္ဓာကိုယ်က သူ့ဟာသူ
ဖြေရှင်းနေခြင်း ဖြစ်၏။ တစ်ခါတစ်ရံ ကျွန်တော်ပင် မသိလိုက်။ သတိမထားမိလိုက်။
(အကျင့် ဖြစ်နေပြီဟုတော့ ဆိုနိုင်သည်။)
တဖြည်းဖြည်းနှင့်
ချောင်းဟန့်သံက ဒီဂရီ တိုးလာ၏။ တစ်ကိုယ်ကြားမှ နှစ်ကိုယ်ကြားသံလောက်
ဖြစ်လာ၏။ နှစ်ကိုယ်ကြားသံလောက် ချောင်းဟန့်မှ သက်သာရာ ရ၏။ သို့သော် ပြဿနာ
မဟုတ်သေး။ ချောင်းဆိုးတာလည်း မဟုတ်။ သလိပ်ဟပ်တာလည်း မဟုတ်။ နှုတ်ခမ်းစိ၊
ပါးစပ်ပိတ်လျက် အသံထွက်ရုံကလေး ချောင်းဟန့်တာဆိုတော့ ပတ်ဝန်းကျင် အတွက်လည်း
အနှောင့်အယှက် မဖြစ်ပါ။ သိပင် မသိကြပါ။
သို့သော်
ချောင်းဟန့်သံကတော့ ကျွန်တော် သတိကွယ်ရာမှာ တစ်စ တစ်စ အတင့်ရဲ
ကျယ်လောင်လာတော့၏။ နှုတ်ခမ်းစိ၊ ပါးစပ်ပိတ် 'အဟွန်း' မှ နှုတ်ခမ်းဖွင့်၊
ပါးစပ်က 'အဟမ်း' အထိ ဖြစ်လာ၏။ မသိမသာမှ သိသိသာသာ ဖြစ်လာ၏။ ပထမဆုံး သိသိသာသာ
ဖြစ်သည့်နေ့ကို ကျွန်တော် ကောင်းကောင်းကြီး မှတ်မိနေပါသည်။
ထိုနေ့က ကျွန်တော်တို့ ရုံးမှာ (ကျွန်တော်သည် စာရေးကြီး အဆင့်ရှိ
ရုံးဝန်ထမ်းတစ်ဦး ဖြစ်ပါ၏။) ဦးစီးမှူး အပြောင်းအလဲ မိတ်ဆက်ပွဲ လုပ်ပါသည်။
ပြောင်းသွားသော ဦးစီးမှူး မမ နေရာတွင် အစားဝင်လာသော ဦးစီးမှူး ဆရာက
နှုတ်ခွန်းဆက် မိန့်ခွန်းခြွေပါသည်။ နောက်တန်း တစ်နေရာမှာ ထိုင်ရင်း
ကျွန်တော်က ဝေဒနာကို အားရပါးရ ပါးစပ်ဟ ဖြေရှင်းနေဆဲ။
"ဟို နောက်က
တဟမ်းဟမ်းနဲ့ ချောင်းဆိုးနေတဲ့ ပုဂ္ဂိုလ် ဘာပြောချင်လို့လဲ၊ ထပါ၊ ပြောပါ" ဟု
ကျွန်တော့်ကို လက်ညှိုးထိုးပြီး ခပ်ဆတ်ဆတ် ပြောလေသည်။
ကျွန်တော်လည်း ထိတ်ထိတ်ပျာပျာ မတ်တတ်ရပ်ပြီး ...
"ဘာမှ ပြောစရာ မရှိပါဘူး ဆရာ၊ ချောင်းဟန့်တာ အကျင့်ပါနေလို့ပါ" ဟု ဖြေလိုက်ရာ ဝါးခနဲ ပွဲကျသွားပါသည်။
"ရှင် တော်တော် နောက်တဲ့လူ"၊ "ခင်ဗျား တော်တော် နောက်တယ်ဗျာ" ဟု
အစည်းအဝေးပြီးတော့ ကျွန်တော့်ကို ဝိုင်းပြောကြပါသည်။ ဦးစီးမှူး
ကိုယ်တိုင်က "ဒီရုံးမှာ ဒီလူက လူပြက်လား" မေးသည်ဟု ကြားရပါသည်။
ထိုနေ့သည် ကျွန်တော့် ခန္ဓာကိုယ်ထဲ ခိုးဝင်နေသော အကျင့်ဆိုးကြီး
လူပုံအလယ်မှာ လက်ပူးလက်ကြပ် မိသောနေ့ပင် ဖြစ်ပါ၏။ ပတ်ဝန်းကျင်ကို
အနှောင့်အယှက် ပေးလာပြီ ဖြစ်သော အကျင့်ကြီးကို ကျွန်တော် ကြိုးစား
နှိပ်ကွပ်ပါသည်။ ခက်တာက ဖိလေ ကြွလေ၊ နှိပ်ကွပ်လေ ရုန်းထလေ ဆိုသလို
သတိထားနေကာမှ လည်ချောင်းက ပိုယားသည်။ ပိုပြီး ချောင်းဟန့်ချင်သည်။
တစ်ယောက်တည်း နေချိန်မှာ ပြဿနာ မရှိ။ လူတောထဲမှာ ဆိုလျှင် ရုပ်ပျက်ဆင်းပျက်
နိုင်လှသည်။ လက်ကိုင်ပဝါနှင့် ဇွတ်ဖိပြီး တခွီးခွီး ဖြစ်နေတာတို့၊
အိမ်သာထဲ အမြန် ပြေးဝင်ရတာတို့၊ လူရှင်းတဲ့နေရာ ခပ်သွက်သွက် သွားပြီး
ချောင်းဟန့် ပစ်ရတာမျိုးတွေ ဖြစ်လာသည်။
ပြဿနာ ဖြစ်ချင်တော့ တစ်နေ့ ...
လက်နှိပ်စက် စာရေးမလေး ဦးစီးမှူး အခန်းထဲ အဝင်၊ အခန်းဘေးမှာက စာရေးတွေ၊
စားပွဲတွေ ကိုယ်စီနှင့်။ ကိုယ့်အကြောင်း ကိုယ်သိနေသော ကျွန်တော်က ကောင်မလေး
အခန်းထဲ ရှိနေချိန် ချောင်းမဟန့်မိအောင် ကြိုတင်ပြီး ချောင်းဟန့်လိုက်သည်။
ကောင်မလေးက မျက်စောင်းထိုး၏။ ကျန်တဲ့ စာရေးတွေက ပြုံးစိ ပြုံးစိ။
ကိုယ့်ဝေဒနာနှင့် ကိုယ်မို့ ကျွန်တော်ကတော့ ဂရုမစိုက်နိုင်အား။ အလုပ်တွေ
ဖိလုပ်ရင်း နောက်ထပ် လည်ချောင်း မယားခင် ကောင်မလေး ပြန်ထွက် လာပါစေဟု
ဆုတောင်း နေရသည်။ သို့သော် ဆုတောင်းကား မပြည့်။ အခန်းထဲမှာ ဦးစီးမှူးနှင့်
ကောင်မလေးကလည်း စကား မပြတ်သေး။ လည်ချာင်းထဲက ကင်းခြေများ တစ်ကောင်
တက်လာသလို ရွစိ ရွစိနှင့် မခံနိုင်အောင် ယားလာတော့၏။ တံတွေး မျိုချလည်း မရ။
တိုးတိုးလေး ခံတွင်း ရှင်းတာလည်း မရ။ စားပွဲပေါ်က ရေ မော့သောက်တာလည်း မရ။
အာရုံစိုက်လေ ပိုယားလေ၊ ထိန်းထားလေ ပိုပြီး ချောင်းဟန့်ချင် လာလေ။
ထိန်းမရတော့။ ကျွန်တော် နေရာက ထသွားမှ ဖြစ်တော့မည်။ စားပွဲက အထမှာပဲ အဟမ်း
ဟူသော ချောင်းဟန့်သံကြီးက မိုးခြိမ်းသလို ကျွန်တော့် ပါးစပ်က
ထွက်သွားတော့၏။
မရှေးမနှောင်းပင် ဦးစီးမှူး၏ ဆင်နားရွက် တံခါး ဝုန်းခနဲ ပွင့်လာကာ -
"ခင်ဗျား ဘာသဘောလဲ၊ ဒါ ရုံးဗျ၊ တာဝန်ချိန်ဗျ၊ လူကြီးလူကောင်းတွေ အလုပ် လုပ်နေကြတာ။ ကလေကချေ ဆန်ဆန် အပြောင် အပြက်တွေ မလုပ်ပါနဲ့"
ဦးစီးမှူးသည် အလွန်ပင် ဒေါသ ထွက်နေပုံ ရ၏။ မျက်နှာကြီး နီမြန်းပြီး
တစ်ကိုယ်လုံး ဆတ်ဆတ် ဆတ်ဆတ် တုန်နေသည်။ ကျွန်တော့်မှာလည်း နေရာက
ထပြီးသားမို့ ကုန်းကုန်းကွကွကြီး ဖြစ်နေသည်။ ကြောက်တာရော အားနာတာပါ
ပေါင်းပြီး ဘာက စပြောရမှန်း မသိ။
"မ ... မဟုတ်ပါဘူး ဆရာ။ အ ... အကျင့် ပါနေလို့ပါ။ ခုကို အပြင်ထွက် ..."
"တော်ဗျာ၊ ခင်ဗျား နှစ်ခါ ရှိပြီ၊ သုံးခါ အထိတော့ သည်းမခံနိုင်ဘူး"
ဦးစီးမှူးသည် သူ့ဒေါသသူ ပြန်ပြီး ထိန်းသွား၏။ သူ ဆွဲထိုးလည်း ကျွန်တော်
ခံရုံပင်၊ သူ ကြမ်းကြမ်းတမ်းတမ်း ပြောလည်း ခံရုံပင်။ သို့သော် သူ့ဒေါသသူ
ချွန်းအုပ်နိုင်သွား၏။ ကျွန်တော်ကသာ ...။
ထိုနေ့က အဖြစ်အပျက်မှာ
ဘယ်သူမှ ကျွန်တော့်ဘက်က မရှိ။ ကျွန်တော့်ကို နားမလည်ကြ။ ခင်မင်
ရင်းနှီးသူတွေက ဗြောင်ပင် ဝေဖန် ရှုတ်ချ၏။ မရင်းတရင်း မိတ်ဆွေတွေက
ခပ်တန်းတန်း ဖြစ်ကုန်သည်။ သူစိမ်းတွေကတော့ တမင်ပင် ဝေးဝေးက ရှောင်ကြတော့၏။
သည်လို အလုပ်ခွင်မှာ နာနာကျင်ကျင် ဖြစ်ခဲ့ရသဖြင့် ဝေဒနာကြီးကို ထိန်းထား
နိုင်ပြီလား မမေးနှင့်၊ ပိုလို့တောင် ဆိုးလာ ချေသေး၏။ သတိထားလေ ဆွပေးသလို
ဖြစ်လေ။ ထိန်းချုပ်ထားလေ ပေါက်ကွဲချင်လေ။ ကျွန်တော် အတတ်နိုင်ဆုံးတော့
သတိနှင့် နေပါသည်။ ကျွန်တော့် ဝေဒဒနာက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ထားလို့
မရ။ တစ်ချက်တစ်ချက် ပေါက်ကွဲခွင့် ပေးထားလျှင် အခါကျဲ နေတတ်သည်။ စိတ်ပိုင်း
အရကော ရုပ်ပိုင်း အရပါ နေသာထိုင်သာ ရှိပါသည်။ ထိုကြောင့် တစ်ယောက်တည်း
ရှိနေချိန်မှာ သို့မဟုတ် ချောင်းဟန့်သံအတွက် ပြဿနာ မတက်လောက်သည့်
ပတ်ဝန်းကျင်မှ ကျွန်တော် အားရပါးရ ချောင်းဟန့် နေရပါသည်။
ဒါတောင်
ကားမှတ်တိုင်မှာ ချောင်းဟန့်မိ၍ ရည်းစား စုံတွဲတွေက မျက်စောင်းထိုးတာ၊
စတိုး ဆိုင်ကြီးတွေမှာ ချောင်းဟန့်မိ၍ အရောင်း စာရေးမတွေက ဘုတော လွှတ်တာ၊
အန္တရာယ် မရှိလောက်ဘူး ထင်ပြီး ချောင်းဟန့် မိရာက သူ့ဟာသူ မလုံမလဲ ကိစ္စ
တစ်ခုခု ရှိနေသော သူများ၏ ရန်သတ္တရု ပြုတာကို ခံနေရ ပါသည်။
အဆိုးဆုံးကတော့ ကျွန်တော် အိမ်ငှါးနေသော အိမ်ရှင် အန်တီကြီးနှင့် ပြဿနာ
တက်ရခြင်း ဖြစ်၏။ အန်တီကြီးက သားနှစ်ယောက် အမေ မုဆိုးမ ဖြစ်၏။ သားအကြီးက
ကျွန်တော့်ထက် နည်းနည်းလောက်ပဲ ငယ်မည်။ သားတွေ အိမ်ထောင် ကျကုန်တော့
သားအကြီးက မွေးသည့် မြေးကလေး တစ်ယောက်နှင့် နေသည်။ အိမ်တစ်ခြမ်းကို
ကျွန်တော့်အား ငှါးသည်။
ကျွန်တော် သူတို့ မိသားစု အားလုံးနှင့်
ဆက်ဆံရေး အဆင်ပြေ ပါသည်။ အိမ်မှာ ဘယ်လောက်ပဲ ချောင်းဟန့် ချောင်းဟန့်၊
ပြဿနာ မတက်ခဲ့ပါ။ အဲသည် နေ့ကလည်း ရုံးသွားခါနီးမို့ အန္တရာယ် ကြိုတင်
ဖြေရှင်းထားသည့် အနေနှင့် အားရပါးရ ချောင်းဟန့် နေမိခြင်း ဖြစ်ပါသည်။
အန်တီကြီး ခြေသံ ပြင်းပြင်း နင်းလာသည် အထိ ကျွန်တော် သဘော မပေါက်သေး။
ချောင်းဟန့်ကောင်းတုန်း။
"ဘာ သဘောလဲကွယ့်၊ မင်းဟာက လွန်လွန်း လာပြီ"
"ခင်ဗျာ၊ ကျွန်တော် ဘာလုပ်မိလို့လဲ အန်တီ"
"ဒီမယ် အဲဒါ ငါ့မောင် သုံးဝမ်းကွဲ တော်တယ်။ ခမျာ ရိုးရိုးသားသား
ဝင်ထွက်နေတာ၊ မင်းက လှောင်သလို ပြောင်သလို တဟမ်းဟမ်းနဲ့ တစ်ရက်လည်း မဟုတ်၊
နှစ်ရက်လည်း မဟုတ်။ မလာရဲတော့ဘူး တဲ့၊ ပြန်သွားပြီ။ ဒါ မင်း တရားခံပဲ"
"ဟာ အန်တီ ကျွန်တော် ဒါတွေ လုံးဝ မသိရိုး အမှန်ပါ။ ဒီလူ့ကိုလည်း မသိပါဘူး။
သိဦးတော့ ကျွန်တော်နဲ့မှ မဆိုင်တာ၊ ခုဟာက အကျင့်ပါနေ ..."
"အို တော်ပြီ တော်ပြီ။ ဒီလို ရိုင်းပျတဲ့ လူမျိုး ငါ့အိမ်မှာ ဆက်မထား နိုင်ဘူး၊ မင်း အိမ်ရှာပါ။ လကုန်ရင် ပြောင်းတော့။ ဒါပဲ"
အန်တီကြီး ဘာကြောင့် သည်လောက် ဒေါသ ထွက်သွားသလဲ။ ချောင်းဟန့်သံက အိမ်မှ
နှင်ချလောက်သည် အထိ အနှောင့်အယှက် ဖြစ်သွားသလား။ သူ မကြိုက်မှန်း သိရင် ဘယ်
အခုလို အားရပါးရ ချောင်းဟန့် ပါ့မလဲ။ ခုတော့ ဘာမှ ရေရေရာရာ မသိရခင်မှာပင်
ကျွန်တော် အိမ်ပေါ်မှ ဆင်းခဲ့ရ ပါသည်။
* * *
"ဖြစ်ကြောင်းရယ် ကုန်စင် ရာဇဝင် ကတော့ အဲဒါပါပဲ ဆရာ။ ကျွန်တော် ရိုးရိုး
ဆရာဝန်နဲ့လည်း ပြပြီးပြီ။ လည်ချောင်း အထူးကုနဲ့လည်း ပြပြီးပြီ။
ဓာတ်မှန်ရိုက်၊ သလိပ်စစ်၊ လည်ချောင်းကို မှန်ပြောင်းနဲ့ ကြည့်၊ ဘာရောဂါမှ
မရှိဘူးတဲ့။ နောက်ဆုံး ဆရာ့ဆီ လမ်းညွှန်လိုက်လို့ ရောက်လာတာ ပါပဲ"
စိတ်ရောဂါ အထူးကု ဆရာဝန်ကြီးသည် ကျွန်တော် ပြောသမျှကို စိတ်ရှည် လက်ရှည် နားထောင်၏။ ခေါင်း တဆတ်ဆတ် ညိတ်နေ၏။
"အေးဗျာ၊ ခင်ဗျားဟာက စိတ်ရောဂါ အဆင့်ထိ မရောက်သေး ပါဘူး။ အကျင့် ပါနေတာပဲ။
အကျင့် ဆိုတာက မွေးရာပါ မဟုတ်ဘူးလေ။ ကိုယ့်ဟာကိုယ် လက်ခံထားမိတဲ့
အမူအကျင့် တစ်ခုကို ကိုယ့်ဟာ ကိုယ်ပဲ စွန့်ပစ်ရမှာ။ ကိုယ့်ကိုယ်ကို ကုရမှာ။
ဘယ်သူမှ ဝင် ကုပေးလို့ မရဘူး။ အဲဒီတော့ ...
ဒီအကျင့်ဟာ ပတ်ဝန်းကျင်
အတွက် မကောင်းဘူး၊ ငါ့အတွက်လည်း မကောင်းဘူးလို့ ဒီလို ကိုယ့်စိတ် ကိုယ်
ပြဋ္ဌာန်းပါ။ ပြဋ္ဌာန်းပြီးရင် ဒီအကျင့် ငါ မပျောက် ပျောက်အောင် ဖျောက်မယ်၊
အများနည်းတူ နေမယ်လို့ ဆုံးဖြတ်ချက်ချ၊ သန္နိဋ္ဌာန် ချပါ။ အဲဒီလို စိတ်ကို
ပြဋ္ဌာန်း ဆုံးဖြတ်လိုက်ရင် ခင်ဗျားရဲ့ အကျင့်ကြီး ပျောက်သွားပါ လိမ့်မယ်။
ကျွန်တော် အကြံပေးသလို စမ်းကြည့်ပါ။ ဟုတ်လား"
ကျွန်တော် ဆရာဝန်ကြီး
ရုံးခန်းက ထွက်လာတော့ ခြေလှမ်းတွေ သွက်နေပါသည်။ ခေါင်းထဲမှာလည်း ပေါ့ပါး
ကြည်လင်နေသည်။ ဆရာဝန်ကြီး ပြောတာ သဘာဝ ကျပါ၏။ ပတ်ဝန်းကျင် အတွက်လည်း
အနှောင့်အယှက် ဖြစ်၊ ကိုယ့်အတွက်လည်း အန္တရာယ် ဖြစ်စေတဲ့ အကျင့်ကြီးကို
ကိုယ့်ဟာ ကိုယ်ပဲ ကြိုးစား ဖျောက်ဖျက် ပစ်ရမယ်။
သို့သော် ကြိုးစား ဖျောက်ဖျက်လို့ မရခင် ကျွန်တော့် အကျင့်ကြီးနဲ့ မလုံမလဲ လောကကြီး ဘယ်လောက်ထိ ပြဿနာ တက်ကြဦးမည်လဲ မသိ။
အခုကို လည်ချောင်းထဲက ယားနေပါသည်။
----------
ဂျိုဇော်
ပန်းဝေသီ မဂ္ဂဇင်း၊ အမှတ် (၉၆)၊ ဩဂုတ်လ၊ ၁၉၉၆။
No comments:
Post a Comment