Sunday 8 May 2016

အာလာဒင်ဇော်မြင့် အကြောင်း ဝတ္ထုတို (ဇော်ဇော်အောင်)

အာလာဒင်ဇော်မြင့် အကြောင်း ဝတ္ထုတို (ဇော်ဇော်အောင်)
========================================
အိပ်မက် ဆိုသည်မှာ တစ်ခါတစ်ရံ အတော် ဆန်း၏။ ဘာအိပ်မက်မျိုး မက်မည်ဟု ကြိုမသိ။ မက်ပြန်တော့လည်း ဘာကြောင့် မက်သည်ဟု မသိ။ ဘာ အဓိပ္ပာယ်မှန်းလည်း မသိ။ တစ်ခါတစ်ခါ မမှတ်မိ။ ပိုဆန်းသည်က အိပ်မက် ဘာ့ကြောင့် မက်သည်လဲ ဆိုသော အကြောင်းကို မသိကြသေးသော အကြောင်း ဖြစ်၏။
အဆန်းဆုံး ရှိသေးသည်။ အဆန်းဆုံးမှာ အိပ်မက်အကြောင်း သိပ်သိသော ဆစ်ဂမန် ဖရွိုက်သည် တစ်ခါမှ အိပ်မက် မမက်ဖူး ဟူသော သတင်းစကားပင် ဖြစ်သည်။
(ဘယ်သူက လာပြောသည်ကို မသိ။) ဆန်းတာတွေ၊ အဆန်းဆုံးတွေ အသာထား၊ မောင်ဇော်မြင့် အိပ်မက် မက်၏။
တစ်ညက။
သခင်ဗသောင်း ဘာသာပြန်သော တစ်ထောင့်တစ်ည ပုံပြင် စာအုပ်ကြီးကို စာအုပ် အဟောင်းဆိုင် တစ်ဆိုင်မှ မောင်ဇော်မြင့် ဝယ်ခဲ့၏။
ထို စာအုပ်ကြီးကို အတော် သဘောကျသည်။ ညအတော် နက်အောင် ဖတ်၏။ နောက်မှ ပြန်စဉ်းစားသောအခါ ထိုအိပ်မက် မက်ရခြင်း အကြောင်းရင်းသည် သခင်ဗသောင်း၏ စာအုပ်ကြီးပင် ဖြစ်သည်။
မောင်ဇော်မြင့်သည် စိတ်ပညာ သီဝရီ အသစ်တစ်ခု တွေ့ရှိလိုက်သည့်အလား အလွန် ပီတိ ဖြစ်သွား၏။ မြောက်ကြွကြွပင် ဖြစ်၍ လာသည်။
တကယ်တော့ အိပ်မက် မက်တယ်ဆိုတာ ညဦးပိုင်းက ဖတ်တဲ့ စာအုပ်ကို စိတ်စွဲရင် မက်တာပဲဟု မောင်ဇော်မြင့် တွေ့ရှိသွားသည်။
ဆစ်ဂမန် ဖရွိုက်ကို ပြေး၍ ပြောလိုက်ချင်၏။ ဘယ်နေမှန်း မသိလို့သာ။ မောင်ဇော်မြင့် အိပ်မက် မက်၏။
တစ်ညက။
* * *
အာလာဒင် ဆိုသူ မောင်ဇော်မြင့်ထံ လာ၏။ ဖိနပ်ဦး ကော့ကော့ချွန်ချွန်နှင့် ပိုးဘောင်းဘီမှာ ဘော်ကြယ်တွေ စီလို့။ အင်္ကျီကလည်း ပွပွ၊ ခေါင်းမှာ ဗောင်းထုပ်ကြီး ပေါင်းထားသည်။ ဗောင်းထုပ် ထိပ်လယ် တည့်တည့်တွင် ကြက်ဥလောက် ပတ္တမြားကြီး တပ်ထားသည်။
အဝတ်အစားတွေက ပိုးသားတွေ၊ ဘော်ကြယ်တွေ၊ ပုလဲတွေ၊ စိန်အစစ် မြအစစ်တွေ စီခြယ်ထားသည်မှာ နေရာလပ် မကျန်သလောက်ပင် တဖိတ်ဖိတ် တောက်လက်နေ၏။
အာလာဒင်သည် ကော်ဇောပျံကြီး စီးလာသည်။ ကော်ဇောပျံက ဆင်းပြီး မောင်ဇော်မြင့် အနား လာ၏။ သူ့ကိုယ်က ရေနံဆီစော် နံသည်ဟု မောင်ဇော်မြင့် ထင်သည်။
ဘာမှ မပြော၊ မောင်ဇော်မြင့်ကို ပြုံးပြပြီး သူ့အင်္ကျီ ပွပွကြီး အတွင်း လက်နှိုက်လိုက်သည်။
မောင်ဇော်မြင့်သည် ဇော်ဇော်အောင်၏ ဝတ္ထုတွေ ဖတ်ထားသူ ဖြစ်သောကြောင့် ခြေကိုခွဲ၍ လက်နှစ်ဘက် ကြက်ခြေခတ်ကာ အတွင်းအား လက်ဖျားသို့ ပို့လွှတ်၍ အသင့် စောင့်လိုက်သည်။ ဘယ်ရမလဲ။ အင်္ကျီ ပွပွကြီး ထဲက ပစ္စတို ထုတ်လိမ့်မည်ဟု မောင်ဇော်မြင့် ထင်လိုက်သည်။
အမှန်တော့ ပစ္စတို မဟုတ်။ ပန်းခက် ပန်းနွယ်များ ဖော်ထားသော ကြေးဝါမီးခွက် တစ်ခွက်။
အာလာဒင်က မောင်ဇော်မြင့်ကို ပေး၏။ မင်းမှာ စိတ်ကောင်း ရှိတယ်။ မင်းနဲ့ ထိုက်လို့ မင်းရတာ။ ရော့-ယူ ဟုပြော၍ ကော်ဇော်ပျံပေါ် ပြန်တက်ကာ ရှိတ်ခနဲ ပျောက်သွားသည်။ မောင်ဇော်မြင့်၏ လက်ထဲမှာ အာလာဒင်၏ မီးခွက်ဆန်း။ အဟား။
* * *
ငါ့ကို စိတ်ကောင်း ရှိသတဲ့။ မောင်ဇော်မြင့် ရယ်လိုက်သည်။ သူ့ အကြောင်းသူ အသိဆုံးပဲ မဟုတ်လား။ အာလာဒင်လဲ ခံသွားရတာပဲ။
ငါ့ကို စိတ်ကောင်း ရှိသတဲ့။ ဘာပဲ ဖြစ်ဖြစ် ငါနဲ့ ထိုက်လို့ ငါရတာပဲလေ။ မီးခွက်ကို ပွတ်လိုက်သော အခါ မီးခွက်စောင့် ဘီလူး ပေါ်လာသတဲ့။
ပုံပြင်ထဲမှာ သည်အတိုင်း ပါ၏။ ဘီလူးထံမှ လိုချင်တာ တောင်း၊ လိုချင်တာ ရသတဲ့။ ဘီလူးက တန်ခိုးနှင့် ဘီလူး။
မောင်ဇော်မြင့်သည် မီးခွက်ကို ပါတ်ရန် ပြင်လိုက်၏။ မပွတ်ခင် တစ်ခုခု ရွတ်ရသည်ဟု ကြားဖူးထား၏။ ဘာရွတ်ရသလဲ မသိ။ စာအုပ်ထဲမှာလဲ မပါ။
မောင်ဇော်မြင့်သည် ယားဟု ခေါ်၍ မီးခွက်ကို ပွတ်လိုက်သည်။ အဝါနုနု မီးခိုးလုံးကြီး ဝုန်းခနဲ ပေါ်လာ၍ ပတ်ဝန်းကျင်ကို ဖုံးသွား၏။
မီးခိုးတွေ စဲသွားသောအခါ မောင်ဇော်မြင့် ရှေ့မှာ မီးခွက်စောင့် ဘီလူး ရပ်လျက်သား။ ကိုယ်နေဟန် ခပ်နွဲ့နွဲ့၊ အရုပ် သိပ်မဆိုး။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်၊ ဝပ်ကင်းရှူးနှင့် လက်ထဲမှာ ငါးသုံးလုံး စီးကရက်ဘူးနှင့် ဓာတ်ငွေ့မီးခြစ်ကို ထပ်ကိုင်ထားသည်။ အခြား လက်တစ်ဖက်နှင့် နေကာမျက်မှန်ကို ချွတ်၏။
မောင်ဇော်မြင့် အံ့ဩ သြွးသည်။ မီးခွက်စောင့် ဘီလူးသည် သူ့ သူငယ်ချင်း တစ်ယောက်နှင့် ချွတ်စွပ် တူနေ၏။ “ဘာ အလိုရှိပါသလဲ သခင်” ဘီလူးက အင်္ဂလိပ်လို မေး၏။ အဲ ... အဲ ... ဟိုနင်း ... ဟို ...။ မောင်ဇော်မြင့် ထစ်နေ၏။
* * *
ဤစာပိုဒ်တွင် မောင်ဇော်မြင့်က မီးခွက်စောင့် ထံမှ သူလိုချင်တာတွေ တောင်းသော အခန်းနှင့် မီးခွက်စောင့်က ဖန်ဆင်းပေးသော အခန်း ဖြစ်၏။
ဤအခန်းကို ရေးရလျှင် ဖတ်၍ သိပ်ကောင်းမည်မှာ သေချာသည်။ သို့သော် မောင်ဇော်မြင့် လိုချင်တာတွေ များ၏။ သူ အကုန် လိုချင်၏။ သူ လိုချင်တာတွေ အကုန် ရေးရလျှင် ဝတ္ထုရှုပ် ဖြစ်သွားလိမ့်မည်။
အကုန် မရေးတော့။ တိုက်၊ ကား၊ ခြံဝင်း၊ ရေကူးကန်၊ တင်းနစ် ရိုက်ကွင်း၊ စိန်ရွှေရတနာ၊ ဗီဒီယို၊ သူ့စိတ်ကူးထဲက အမျိုးသမီး ချောချော၊ အသက် လေးဆယ်လောက်။ သည်လောက်ပဲ ရေးပြလျှင် စာဖတ်သူ သဘောပေါက် လိမ့်မည်။
ကျွန်တော်လည်း သိပ်မသိ။ တွေးယူပါ။ လူတစ်ယောက် လိုချင်တာတွေ ဘယ်လောက် များမလဲ။ ထိုအရာတွေ အားလုံး တွေးယူပါ။ နည်းနည်း ပိုရွှေးလိုက်ပါ။
အဘယ်ကြောင့် ဆိုသော် မောင်ဇော်မြင့်သည် အလွန်ကဲသော အကောင် ဖြစ်၏။ သူများထက် နည်းနည်းတော့ ပိုမည်။ ထိုအရာ အားလုံးကို မီးခွက်စောင့်က မောင်ဇော်မြင့်အား ဤအပိုဒ်တွင် ပေးသွားသည်ဟုသာ သဘောပေါက် ပါတော့။
* * *
မောင်ဇော်မြင့်သည် ပါးစပ်တွင် ငါးသုံးလုံး စီးကရက် ခဲထား၏။ လက်တစ်ဖက်က ဝီစကီ ဖန်ခွက်၊ အခြား လက်တစ်ဖက်က ပန်းသီး တစ်လုံးကို ကိုင်ထားသည်။ အစိမ်းနုရောင် ဆိုဖာကြီး ပေါ်မှာ မြိုင့်မြိုင့်ကြီး ထိုင်နေ၏။
အခန်းထဲမှာ လေအေးစက်နှင့် ထား၍ ခပ်စိမ့်စိမ့်။ အခန်းထောင့် သီချင်းစက်မှာ နော်လီဇာသည် ပပဝင်းဝင်း ပတ်ပျိုး ဆိုနေ၏။ ဘာအလို ရှိပါသေးသလဲ သခင်။ သူ့ သူငယ်ချင်းနှင့် တူသော ဘီလူးက အင်္ဂလိပ်လိုပင် ထပ်မေး၏။
မောင်ဇော်မြင့် စဉ်းစား၏။ သူလိုချင်သော အရာကို အင်္ဂလိပ်လို မခေါ်တတ်။ မြန်မာလိုပင် ပြောလိုက်သည်။
သိက္ခာ။
မီးခွက်စောင့် ဘီလူးသည် ဝုန်းခနဲ ကြမ်းပြင်ကို ဖနောင့်နှင့် ပေါက်၏။ သီချင်းစက်မှ ကရောင်း ရိုက်သံ ထွက်လာ၏။
“ဟေ့ ... ခွေးသခိုး၊ သိက္ခာဆိုတာ အလကား မရဘူးကွ။ ဒါကို မင်း မသိဘူးလား”
“ဗြောင်း”
မောင်ဇော်မြင့်ကို နားရင်း အုပ်လိုက်သည်။ မောင်ဇော်မြင့် ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွား၏။ မျက်လုံးထဲမှာ ကြယ်တာရာ စစ်ပွဲ ဖြစ်သွား၏။
ဝုန်း။ ဘီလူးရော မီးခွက်ပါ ပျောက်သွားသည်။ မောင်ဇော်မြင့် အိပ်ရာက လန့်နိုး၏။
* * *
ထိုအိပ်မက် အကြောင်းကို သူ့ သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံသောအခါ ပြန်ပြောပြ၏။ ထိုနေ့က စ၍ မောင်ဇော်မြင့်ကို အာလာဒင် ဇော်မြင့်ဟု သူ့ သူငယ်ချင်းများ အားလုံးက ခေါ်ကြတော့သည်။
အာလာဒင်ကို သတိရစေသော အထိမ်းအမှတ်လား၊ သိက္ခာကို သတိရစေသော အထိမ်းအမှတ်လား ခွဲခြား၍ သူ့ သူငယ်ချင်းများက မပြောကြ။
သို့သော် မော်ဇော်မြင့် နာမည်အသစ် တစ်လုံးတော့ ရလိုက်သည်။ အာလာဒင် ဇော်မြင့်။
----------
ဇော်ဇော်အောင်
(ပီတာဇော်မြင့်၏ ယုဇနမခင်ပျို)

No comments:

Post a Comment