Sunday 8 May 2016

ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)

ကျောက်ဖြုံးကျော်ကြီး (သော်တာဆွေ)
===========================
ဒီမယ် … မိတ်ဆွေတို့ …
ကျွန်တော့်နာမည်က “အံ့ထူးကျော်” ပါ ခင်ဗျာ၊ ဒါပေမယ့် အများတကာကတော့ “ကျောက်ဖြုံးကျော်ကြီး” လို့သာ ခေါ်ကြသဗျ။
ကျွန်တော်တို့မြို့ကလေးမှာ ကျွန်တော် ၄-နှစ်သား အရွယ်လောက်က ကျောက်ရောဂါ စဖြစ်တာ ကျွန်တော်နေတဲ့ မြို့ပြင်သုဿာန် အနီးရှိ နိဗ္ဗာန် ရပ်ကွက်ဟာ အဆိုးရွားဆုံး ခံရပါတယ်။ ကျွန်တော်တို့ မိသားစု အဖေအမေနဲ့ ညီမလေး နှစ်ယောက်စလုံး သေကုန်ကြပါတယ်။ ကျွန်တော်သာ ထူးထူးကဲကဲ အသက်မသေဘဲ ကျန်ခဲ့တဲ့အတွက် သုဿာန်ကျောင်း ဆရာတော် ကျွန်တော့် ဘကြီးက ကျွန်တော့်ကို ကောက်ယူ မွေးစားပြီး “အံ့ထူးကျော်” လို့ နာမည် ပေးပါတယ်။ ဒါပေမယ့် ဆိုခဲ့တဲ့အတိုင်း အရပ်ကတော့ ကျောက်ဖြုံးကျော်ကြီး လို့ပဲ ခေါ်နေကြတော့ ဘဘုန်းကြီးပေးတဲ့ “အံ့ထူးကျော်” ဟာဖြင့် အသက် ၁၂၀ ရှည်စေသတည်းဆိုတဲ့ ဇာတာခွင်မှာ ပေထက်အက္ခရာ အဖြစ်သာ ရှိနေပါတော့တယ်။
ကျွန်တော်တို့ ရပ်ကွက်ဟာ ဆင်းရဲသား ရိပ်မြုံကြီး ဖြစ်လို့မို့ လက်လုပ်လက်စား လူတန်းစား အမျိုးမျိုး ရှိပါတယ်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်၊ လမ်းလျှောက်ပျံကျ ဈေးသည်၊ ပန်းရံ ကူလီက အစ သူတောင်းစားနဲ့ ပြည့်တန်ဆာမ အဆုံး အို … စုံလို့ … စုံလို့။ မစုံ ခံနိုင်ရိုးလား၊ သားသတ်ရုံ၊ သားရေစိမ် အလုပ်ရုံ၊ မုန့်ဟင်းခါးဖို စတဲ့ နံစော်ညစ်ပတ်တဲ့အလုပ်ရုံတွေကို မြူနီစပယ်က မြို့ပြင်မှာ ထားလေတော့ ကျွန်တော်တို့ စံဌာနေဟာ “နိဗ္ဗာန် ရပ်ကွက်” ဆိုတာနဲ့ ဆန့်ကျင်ဘက်၊ သူ့အလုပ်ရုံနဲ့၊ သူ့အလုပ်သမားနဲ့၊ အုံးအုံးကျက်ကျက် စည်စည်ကားကားပါပဲ။
အဲသည် ရပ်ကွက် ဆိုတဲ့ အဲသည် လူတွေက ကျွန်တော့်ကို ကျောက်ကြီးရောဂါ ပေါက်ပြီး ကျောက်ပေါက်မာတွေ ဗလဗွေနဲ့ မသေဘဲ ရုပ်ပျက်ဆင်းပျက် ကျန်ခဲ့တဲ့အတွက် ကျောက်ရူး ရှိတယ် ထင်ကြပြီး အမျိုးမျိုး စကြ နောက်ကြ ပြောင်ကြ လှောင်ကြ လုပ်ကြပါတယ်။ သူတို့က ကျွန်တော့်ကို အရူးအပေါ ရယ်လို့ ခင်မင်လို့ စကြပေမယ့် တစ်ခါတလေ ကျွန်တော့်မှာ တော်တော် ဒုက္ခ တွေ့ရပါတယ်။
ပြောရဦးမယ်။ ကျွန်တော် ငယ်စဉ်ကဆို ကျောင်းမှာ သူငယ်ချင်းတွေက “မြို့လယ် ဘုရားက ခြင်္သေ့ကြီး ဖင်တုန်နေတယ်။ ဟေ့ ကျော်ကြီး မင်းသွားကြည့်စမ်း” ဆိုတော့ အဟုတ်မှတ်ပြီး သွားကြည့်မိတာ ပြန်လာတော့ ဘုန်းကြီးက စာသင်နေတုန်း ကျောင်းပြေးကောင်းလား ဆိုပြီး ရိုက်လိုက်တာ လူကို သေလုရောလား ခင်ဗျာ။
တစ်ခါလည်း ဘုန်းကြီးက ခိုင်းလို့ ဈေးကို သွားတာ ဈေးဝနား ရောက်တော့ ခွေးအူသံ ကြားရတယ်။ ခွေးသံကလဲ ရိုးရိုးခွေးမျိုး မဟုတ်ဘူး။ ဆွဲဆွဲငင်ငင် ကြောက်စရာကြီး၊ မကောင်းဆိုးရွား အသံမျိုး။ ဒါနဲ့ ကျွန်တော် ရှေ့မတိုးဝံ့တော့ဘဲ ပြန်ပြီး သုတ်ခြေတင်ခဲ့တော့ နောက်က တဟားဟားနဲ့ ရယ်မောတဲ့ အသံတွေ ကြားရတယ်။ ဒီတော့မှ ကျွန်တော်ရပ်ပြီး ပြန်ကြည့်လိုက်တော့ လား ... လား ဈေးဂျပိုးလေး ဖိုးထူးရယ်ဗျာ။ သူက ကျွန်တော် ခွေးရူး ကြောက်တတ်မှန်း သိတာနဲ့ ဈေးရှေ့ လူပုံလယ်မှာ ခွေးလို အူပြီး ကျွန်တော့်ကို အရှက်ခွဲတာကိုးဗျ။ ပြီးတော့ သူကပြောသေးတယ်။ “အောင်မာ ကျောက်ရူးကများ ခွေးရူး ကြောက်တယ်လို့ဘဲ၊ ကျောက်ရူးနဲ့ ခွေးရူး ဘာခြားနားသလဲ”။ ဘယ့်နှယ် ခွေးရူးမကြောက် ဘယ်သူ ရှိပါ့မလဲ ခင်ဗျာ။ ဘဘုန်းကြီးက ပြောဖူးတယ်။ ခွေးရူးများ ကိုက်ရင် နာရီတစ်ပတ် ပြန်ရန် ဂန့် ... ဂန့် နဲ့ ပါးစပ်က အမြှုပ်တွေ ထွက်ပြီး သေတာဘဲ။ ဆေးမရှိဘူးတဲ့။ ကဲ ... ဒါကိုကြောက်တာ အရူးမို့လားဗျ။
ဒါထက်ဆိုးတဲ့ အဖြစ် ရှိသေးတယ်။ တစ်နေ့ နေ့လည်ပေါ့ဗျာ။ ကျွန်တော့်လိုပဲ မိဘမရှိလို့ ဘုန်းကြီးကျောင်းမှာ နေရတဲ့ ဘဝတူ ဆိတ်သိုး ဆိုတဲ့ အကောင်ဟာ အမောတကော ပြေးလာပြီး “ဟေ့ကောင် ကျော်ကြီး နွားခြံနားက စက်ချုပ်တဲ့ အပျိုကြီး မဂျမ်းစိန်ရယ်လေ ... ဝက်ကလေး မွေးနေတယ်တဲ့ဆရာ … သွားကြည့်စမ်း” ဆိုတော့ ကျွန်တော်က အံ့အားသင့်ပြီး …
“ဟင် … သူ့မှာ လင်မရှိဘဲနဲ့”
“ဟ ... ကောင်ရ လင်မရှိကော ဝက်မမွေးရတော့ ဘူးလား။ မင်းကို ဒါကြောင့် လူတွေက အရူးလို့ ပြောကြတာ”
တကယ်တော့ ကျွန်တော့်ကို အရူးလို့ ပြောကြတာ မခံချင်ပါဘူး။ ဒါကြောင့် …
“အေး … မင်းပြောတာ ဟုတ်မဟုတ် ငါသွားကြည့်မယ်” ဆိုပြီး ဘုန်းကြီး အလစ်ထွက်ခဲ့ပြီး မဂျမ်းစိန် အိမ်ရှေ့မှာ မယောင်မလည်နဲ့ အသာ ချောင်းကြည့်နေတာ၊ ခဏကြာတော့ မဂျမ်းစိန်ဟာ ဝက်ဖြူဖြူငယ်ငယ်လေး တစ်ကောင် ပိုက်ပြီး အိမ်နောက်ဖေးက ထွက်လာတာ တွေ့တာနဲ့ ကျွန်တော်က ဆိတ်သိုး ပြောတာတော့ ဟုတ်နေပြီလို့ ပိုသေချာအောင် မဂျမ်းစိန်ကို လှမ်းမေးလိုက်တယ်။
“ဗျို့ ... အစ်မကြီး မဂျမ်းစိန်၊ ဒါ ခင်ဗျားမွေးတဲ့ ဝက်လေးလားဗျ …”
“ဒါပေါ့ဟဲ့ ... သေနာကောင်လေးရဲ့”
“ဟင် … ခင်ဗျားကလဲ လင်မရှိဘဲနဲ့ ခလေးမွေးလဲ လူကလေး မွေးရောပေါ့ဗျာ၊ ခုတော့ ဝက်ကလေး မွေးရတယ်လို့ပဲ၊ လူတွေက ခင်ဗျား တစ်လွဲ ထင်မကုန်ကြပေဘူးလားလို့ …”
ဒီတော့ မဂျမ်းစိန် ဒေါပွပြီး …
“ဟာ … ဒီသေနာကျ ကျောက်ရူး၊ ငါ့ကို ဘာတွေ လာပြောနေတာလဲ၊ ဒီဝက်က ငါ့ဗိုက်ထဲက ထွက်လာတာ မဟုတ်ဘူးဟဲ့။ ငါ့ပိုက်ဆံနဲ့ ငါ ဝယ်မွေးတာ၊
ကောင်စုတ်ကလေး၊ အရူး ... အရူးနဲ့ အိမ်ဦးလာ ချီးပါတယ်၊ ကဲဟယ် ... ကဲဟယ် ... ငါ့လာနောက်ဦး” ဆိုပြီး ဝင်းဘေး ထောင်ထားတဲ့ တံခါးဂလန့်နဲ့
လိုက်ရိုက်တာ လူကို မူးဝေ ဖူးရောင်သွားတာဘဲ။
ဒီတစ်ခါတော့ ကျွန်တော် တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ ဘယ့်နှယ်ဗျာ၊ ကိုယ်နဲ့ ဘဝတူ ဘုန်းကြီးကျောင်း ကပ်နေရတဲ့ မိဘမဲ့ အချင်းချင်း
ဒီလို ဂျောက်တွန်းတာ ကောင်းရဲ့လား ခင်ဗျာ၊ ဒါနဲ့ ဘုန်းကြီးကျောင်း ပြန်ရောက်တော့ …
“ဟေ့ကောင် ဆိတ်သိုး၊ မင်းက ငါ့ ဂျောက်တွန်း လွှတ်တယ်ပေါ့လေ၊ ကြည့်စမ်း ခုငါ့မှာ အပျိုကြီး ဆော်လွှတ်လိုက်တာ ခေါင်းမှာ ချိုတွေတောင် ထွက်ကုန်ပြီ၊ ငါ ဘုန်းကြီးသွားလျှောက်မယ်” ဆိုတော့ ဆိတ်သိုးက စပ်ဖြီးဖြီးနဲ့ …
“အောင်မယ် ငါက ဘာဂျောက်တွန်းသလဲ၊ နို့ မဂျမ်းစိန်အိမ်မှာ ဝက်ကလေး မတွေ့ခဲ့ဘူးလား …”
“ဒါ သူ့ဗိုက်ထဲက မွေးတာ မဟုတ်ဘူးတဲ့။ ပိုက်ဆံနဲ့ဝယ်မွေးတာတဲ့ …”
“အေးလေ မင်းငါက မဂျမ်းစိန် ဝက်ကလေးမွေးတယ်ပဲ ပြောတာပဲ၊ သူ့ဗိုက်ထဲက မွေးတယ် မပြောရပါလား …”
ကျွန်တော့် ဘဝကို ကျွန်တော် စိတ်ကုန်လောက်အောင် အကျီစား ခံလိုက်ရတာကတော့ ကျွန်တော် အင်မတန်ချစ်တဲ့ ဘဘုန်းကြီး နှမအရင်းက မွေးတဲ့
ကျွန်တော့် တစ်ဝမ်းကွဲညီမလေး ပိုးမြပေါ့ ခင်ဗျာ။
သူဟာ ငယ်စဉ်တုန်းကတော့ သူတကာတွေ ကျွန်တော့်စရင် သူကပဲ ကက်ကက်လန်အောင် ရန်တွေ့ လွှတ်တတ်ပါတယ်။ နောက်တော့ ကျွန်တော်လည်း လူပျိုပေါက်၊ သူလည်း အပျိုဖျန်းလေး ဖြစ်လာရော၊ လူချင်း အနေဝေးသွား ကြပါတယ်။ သူ ၄ တန်းအောင်တော့ ကျောင်းက ထွက်ပြီး သူတို့အိမ်မှာ မွေးတဲ့ နွားတွေ အစာကျွေး၊ နို့ညှစ်တဲ့ အလုပ်တွေ လုပ်ရပါတယ်။ တစ်ခါတလေ လမ်းမှာ တွေ့ကြမှ မေးထူးခေါ်ပြောလောက် ပါပဲ။
ဒီအချိန်မှာ ကျွန်တော်ကလည်း ကျောင်းက ထွက်ပြီး မုန့်ဟင်းခါးဖို တစ်ခုမှာ အလုပ်ဝင်လုပ် နေရပါပြီ။ မုန့်ဖိုက စက်ဖို မဟုတ်ဘူး။ လက်ဖို ဆိုတော့ မုန့်ကြိတ်ရ၊ ကျိုရ၊ ညှစ်ရနဲ့ အင်မတန် ပင်ပန်းပါတယ်။ နို့ပြီး မုန့်တွေကို တောင်းတစ်လုံးနဲ့ ထမ်းပြီး မုန့်ဟင်းခါးဆိုင်တွေကိုလဲ လိုက်ပို့ရတယ်။ တစ်နေကုန် အားတယ်မရှိပါဘူး။
တစ်နေ့သော မနက်စောစောမှာ မုန့်ဟင်းခါးဆိုင် တစ်ခု မုန့်သွားပို့ပြီး အပြန် ပိုးမြတို့ အိမ်ရှေ့ ရောက်တော့ သူတို့ ခြံထဲမှာ ပိုးမြရယ်၊ သူတို့အိမ်က ငှားထားတဲ့ ဇေဇဘာရီ ကုလား ကပြားလေး မန်ဇူးရယ်၊ နွားမ တစ်ကောင်ကို နို့ညှစ်ဖို့ လုပ်နေရာက ပိုးမြက ကျွန်တော့်လှမ်းမြင်တော့ …
“ဟော … ကျော်ကြီးရေ အဆင်သင့်ပဲ၊ ဒီမှာ တို့နွားမ နို့ညှစ် မရတာနဲ့ လာကူစမ်းပါကွာ”
“အေး … ဘယ်လို ကူရမှာလဲ၊ ငါက မုန့်ဟင်းခါးပဲ ညှစ်တတ်တာ၊ နွားနို့မှ မညှစ်တတ်ဘဲ”
“နို့ညှစ်ခိုင်းဖို့ မဟုတ်ပါဘူး။ ဒီနွားမက နို့ကြောင်း ပိတ်နေလို့၊ လက်နဲ့ ညှစ်မထွက်ဘူး၊ မိန်းမတွေ နို့ချောင်း ပိတ်ရင်တော့ အားသန်သန် လူတစ်ယောက်ကို စို့ခိုင်းရင် နို့ကြောင်း ပွင့်တာပဲတဲ့၊ ဒါကြောင့် ဒီနွားမကို ကျော်ကြီးက စို့ပေးပါလားကွာ၊ မင်းက အားသန်တယ် မဟုတ်လား” လို့ ပြောပြီး သူ့ ဇေကောင်လေးကို မျက်စလေးချီ ပြုံးပြတော့ ကျွန်တော်က
“ဟဲ့ … ပိုးမြရဲ့ သူ့ကို နင်တို့ ငှားထားတာ ဘာလုပ်ဖို့လဲ၊ သူ့စို့ခိုင်းပါလား၊ ငါ့မှာ အချိန်မရှိဘူး၊ သွားတော့မယ်” ဆိုတော့ ပိုးမြက ကျွန်တော့်ကို
လက်ဖမ်းဆွဲပြီး
“အို … ကျော်ကြီးကလဲ သူ့ စို့ခိုင်းတာ မရလို့ပေါ့၊ ကြည့်ပါလား၊ သူက ပိန်ပိန်သေးသေးလေး၊ ကျော်ကြီးလို ဗလမကောင်းတော့ အားမရှိဘူးပေါ့။ အစ်ကို တစ်ယောက်လုံး လုပ်နေပြီး ဒီလောက်ကလေးမှ အားမကိုးရဘူး”
ဒီလိုဆိုတော့လဲ ကျွန်တော့်ဗလ ကျွန်တော်ကြည့်ပြီး အင်း ... ဟုတ်ပေသားရယ်လို့ ဘာမှ အထူးအထွေ ပြောမနေတော့ဘူး။ နွားမနောက်က ပေါင်နှစ်လုံးကြားထဲ ခေါင်းလျှိုပြီး နို့သီးနဲ့ ပါးစပ် တပ်ရုံရှိသေး၊ တကတည်းဗျာ ... သောက်ကမြင်းမ နွားမ၊ ကျွန်တော့်မျက်နှာ တအား ကန်ထည့်လိုက်တာ လူ့ကို ပက်လက်လန် လဲကျပါရောလား။ ဒါတင်မကသေးဘူး၊ ပက်လက်လန်နေတဲ့ ကျွန်တော့်မျက်နှာပေါ် နွားမက သေးတဖြန်းဖြန်းနဲ့ ပါချလိုက်သေးဗျ၊ ပြီးတော့ ချေးတွေလဲ ယိုချသဗျ။
အဲဒါကို ကျွန်တော့်ညီမ ပိုးမြနဲ့ ဟိုကောင်လေးက အားရပါးရ ရယ်နေကြပြီး နှမတော် ပိုးမြက ဘယ်လို ပြောလိုက်သေးသလဲ ဆိုရင်
“ကဲ … ငါပြောတာ တွေ့ပြီ မဟုတ်လား၊ သူက ကျောက်ရူး လူပေါဟဲ့၊ ဘာမှ သိတာ မဟုတ်ဘူး” တဲ့။
ဒီလို ကိုယ့်နှမက အစ ကိုယ့်အပေါ် အထင်သေးကြတော့ ကျွန်တော် ဒီအရပ်မှာ မနေချင်တော့ဘူး။ ဒိပြင် ကျွန်တော့်ကို အရူးလို့ မထင်ဘဲ လူကောင်း တစ်ယောက်လို ဆက်ဆံကြမယ့် အခြားမြို့ တစ်မြို့ကို သွားနေဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒါပေမယ့် တစ်ရပ်တစ်ကျေး သွားနေမယ် ဆိုတော့ လက်ထဲ ငွေကလေး ထုပ်ထုပ်ထည်ထည် ပါဦးမှ၊ ဒါကြောင့် အသင့်အတင့် စုဆောင်းမိအောင်လို့ အောင့်အည်း နေလိုက်ပါတယ်၊ သို့သော် ဒီအရပ်က မခွာဖြစ်နိုင်တဲ့ အကြောင်းတစ်ရပ်က ဖန်လာပြန်တော့တယ်။
ဘယ်လိုလဲ ဆိုတော့ အရပ်ထဲက ကာလသားခေါင်းနဲ့ ကာလသား တစ်သိုက်က ကျွန်တော့်ကို မိန်းမယူဖို့ နားချနေကြတယ်။ သူတို့ပြောတဲ့ ကောင်မလေးက သုဿာန် အုတ်နံရံကို အဖီလေး ချပြီး နေတဲ့ မိန်းကလေးပဲ။ သူ့မှာ နှစ်ခါလည်ကျော် ကလေးတစ်ယောက် ရှိတယ်။ လင်ယောက်ျားတော့ မရှိဘူး။ သူ့အလုပ်က တောက်တိုမယ်ရပဲ၊ အများအားဖြင့် တိုက်တွေ ဘာတွေ ဆောက်တာမှာ မဆလာသယ်တယ်၊ ရုပ်ကလေးက သနားကမား၊ ဒါပေမယ့် လျှာချောင်တယ်၊ ပါးစပ်ကြမ်းတယ်။
ဒါကို ကာလသားခေါင်း ကိုဖိုးချိန်ကြီးက
“ဟေ့ကောင် ကျော်ကြီး၊ လုံးတင်က မင်းဗလကြီးကို သဘောကျလို့တဲ့ကွ၊ တစ်နေ့က ငါ့ပြောတယ်။ သူနဲ့သာ ဆိုရင် မယ်တစ်ရွက် မောင်တစ်ထမ်းနဲ့ သိပ်ဟန်ကျမှာပဲတဲ့။ အဲဒီလောက်တောင် စကားခေါ်နေမှ ဂျီးများ မနေနဲ့တော့ကွာ၊ မင်းမလဲ အခြေတကျ ဖြစ်ကရော၊ ကောင်မလေးလဲ အားကိုးအားထား ရကရော၊ နို့မို့ သူတစ်ယောက်ထဲ နေရတာ အပျိုလေးတန်မဲ့နဲ့”
ဒီတော့ ကျွန်တော်က
“ဟင်း ... ဘယ်က အပျိုရမှာလဲ၊ ကလေးတစ်ယောက်နဲ့ ဟာပဲ၊ ဒီကောင်လေးကလဲ ဆိုးပါ့ဗျာ”
“အား ... အဲဒါ သူ့မောင်လေးကွ၊ လုံးတင် ၁၅ နှစ် သမီးလောက် ကတည်းက သူတို့မိဘများ ဆုံးတော့ ဆွေမျိုး မရှိဘူး၊ တစ်ကောင်ကြွက်ကွ၊ ဒါကြောင့် ဒီကောင်လေးကို သူပဲ ရှာဖွေကျွေးမွေး နေရတာ၊ ဒို့အစိုးရကျောင်း ဆောက်နေတဲ့ ပန်းရံဆရာ ကိုမွတ်တားက ဟိုမြို့က ပြောင်းလာတော့ သူတို့ မောင်နှမပါ သနားလို့ ခေါ်လာတာ၊ ဒီရောက်တော့ ဒီကောင်မလေးကလဲ အာဂသတ္တိကွ၊ ဘယ်သူ့အိမ်မှ မခိုဘဲ သူ့ဘာသာ သူ ခုလို တဲကလေး ထိုးနေတာသာ ကြည့်၊ မင်း အထင်မလွဲနဲ့၊ အပျိုမှ အပျိုအစစ်”
“ဟာ ... ခင်ဗျားတို့ အရပ်ပျက်မ အပျိုစစ်ပေမယ့် ကျွန်တော် မလိုချင်ပါဘူးဗျာ” လို့ လွှတ်ခနဲ ပြောလိုက်မိပြီးတော့ ကိုဖိုးချိန်ကြီးက ဒေါပွပြီး
“ဟိတ် … ဘာကွ၊ သူများ သမီးပျိုကို သွားပုပ်လေလွင့် မပြောနဲ့၊ ငါသူကြီး သွားတိုင်ရင် သရေဖျက်မှုနဲ့ တရားစွဲလို့ ထောင်တစ်သက် လွတ်ရက်မရှိ
ကျနေဦးမယ်၊ ငါက ကောင်းတယ် ထင်လို့ စီမံ ပေးတာ၊ မင်းက ငါ့ကို အာဏာ ဖီဆန်တဲ့ သဘောလားကွ ဟင်၊ မင်း လုံးတင်ဆီ သွားရင်သွား၊
မသွားရင်တော့ ငါနဲ့ အသိပဲ”
ဒီလို ဆိုတော့ ကျွန်တော် သူ့ကို ကြောက်တယ်၊ ဒါကြောင့် ကျွန်တော် နောက်တစ်နေ့ ညနေမှာ လုံးတင်ဆီကို ကြောင်းလမ်းရအောင် သွားရတယ်၊ ကျွန်တော့် နောက်က ကာလသားတွေ ဟေးလားဝါးလားနဲ့ အားပေး အားမြှောက် ပါလာကြတယ်၊ လုံးတင်ကို သူ့တဲရှေ့မှာ လှန်းထားတဲ့ အဝတ်တွေ ရုပ်နေတာ တွေ့ရတယ်။ လုံးတင်က ကျွန်တော့်ကိုမြင်တော့ ခါးထောက်လိုက်ပြီး
“အမယ် … ဘယ်သူများလဲလို့၊ လက်စသတ်တော့ ကုသမင်း ကြွလာတော်မူသကိုး”
ကျွန်တော်က ရှက်လို့ ဘာမှ ပြန်မပြောနိုင်ပါဘူး။ ခေါင်းငုံ့ပြီး မြေကြီးကိုပဲ ခြေမနဲ့ ကုတ်ခြစ်နေမိပါတယ်။ ဒီတော့ လုံးတင်က
“ကိုယ်တော် ရှက်တော်မူသဖြင့် အတွင်းဆောင်သို့ ကြွတော်မူပါ” လို့ သူကြည့်ဖူးတဲ့ ဇာတ်တွေထဲက မင်းသမီးဟန် ပါပါ ပြောတယ်။ သူညွှန်းတဲ့အတိုင်း
သူ့တဲ အဖီကလေးထဲ ဝင်မိတယ် ဆိုရင်ပဲ ကျွန်တော်ကို ထင်းရှူးသေတ္တာ တစ်လုံးပေါ် ထိုင်ခိုင်းပြီး
“ကဲ … ဘာကိစ္စ”
“ဟို … ဟို” ကျွန်တော် အထစ်ထစ် ဖြစ်နေပြီးမှ “ကိုဖိုးချိန်ကြီး စီမံတဲ့ ကိစ္စပဲ”
“ဪ ... ဒါလား၊ ဒါဆိုရင်တော့ ငွေငါးဆယ် တင်ရလိမ့်မယ်၊ နောက် ကာလသားတွေ ခဲဖိုးပေးဖို့နဲ့ အရပ်ထဲ အသိအမှတ်ဖြစ် ကျွေးမွေးဖို့လဲ လိုလိမ့်မယ်၊ ဒါတွေ ရှင် တတ်နိုင်ပါ့မလား”
ဒီတော့ ကျွန်တော်က
“ဟ … မင်းလို ငါ့လို တစ်ကောင်ကြွက်ချင်းပဲ၊ ငွေတင်တောင်း နေရဦးမလား လုံးတင်ရယ်၊ ဒီ ကာလသားတွေ နည်းနည်းပါးပါး တိုက်ကျွေးလိုက် ပြီးရော မဟုတ်လား”
“အို … ကျုပ်ကို ဈေးဆစ်မနေနဲ့၊ ကြိုက်ရင်ယူ မကြိုက်ရင်သွား၊ ဒါပဲ”
မှန်တာပြောရင် သူ့ကို ကျွန်တော် ဒီလို နီးနီးကပ်ကပ် ပြောဆိုမိတော့လဲ အဟီး … ဟီး
ဒါနဲ့ မပြောပါရစေနဲ့တော့။
ကျွန်တော်တို့ ရပ်ကွက်က ဆင်းရဲသား ရပ်ကွက်ပေမယ့် သာရေးနာရေးမှာ ညီညာကြပါပေတယ်။ ကျွန်တော့် မင်္ဂလာဆောင်မှာ ကျွန်တော်လုပ်တဲ့ မုန့်ဖိုပိုင်ရှင် အဖိုးကြီး အမယ်ကြီးက မုန့်ဟင်းခါး ခွက်တစ်ဆယ် ကျွေးပါတယ်။ မင်္ဂလာပွဲကို လုံးတင်တို့ တဲနဲ့ ခပ်လှမ်းလှမ်း သင်္ချိုင်းတံခါး ရှေ့က ကွက်လပ်မှာ ကနားဖျင်း ထိုးပြီး ကျင်းပပါတယ်။ ကာလသားတွေ အတွက် ခဲဖိုး ၂၅ ကျပ်နဲ့ လုံးတင်အတွက် တင်တောင်းရတဲ့ ငွေငါးဆယ်ကို နှုတ်လိုက်ရင် ကျွန်တော် သတို့သားကြီးမှာ တစ်သက်လုံး စုထားတဲ့ ငွေ ၆ ကျပ် တစ်မတ်ပဲ ကျန်ပါတော့တယ်။
ကြွရောက် လာကြတဲ့ ပရိသတ်များကလဲ သူတို့ တတ်နိုင်သလောက် လက်ဖွဲ့ကြပါတယ်။ အိုးခွက်၊ ပန်းကန်၊ ယောက်မ၊ ငရုတ်ဆုံ၊ ကြွေရည်သုတ် သံဇွန်း စသည်တို့ပေါ့။
မုန့်ဟင်းခါး အချိန်တစ်ဆယ် ကုန်လို့ ပရိသတ် စဲတော့ ကာလသား နှစ်ယောက်က ကြိမ်ပုခက် တစ်လုံးကို တစ်ယောက်တစ်ဖက် ကိုင်ပြီး ပြုံးစေ့စေ့နဲ့ ရောက်လာကြတယ်။ ကျွန်တော်က ဒါဘာလုပ်ဖို့လဲ မေးတော့
“ဟာ … မင်္ဂလာဆောင်တာမှာ ဒါဟာ အဓိကအကျဆုံး လက်ဖွဲ့ပစ္စည်းပေါ့ကွ” တဲ့။
လုံးတင်ကဖြင့် ကျေးဇူးမတင်တဲ့ပြင် ဆဲတောင် လွှတ်လိုက်သေး။
“မအေသရာတွေ၊ ဒါပဲ စိတ်ကူးနေကြ” သတဲ့။
ဒီလိုနဲ့ မင်္ဂလာကိစ္စတွေဟာ သိုက်မြိုက် စည်ကားစွာပဲ ပြီးစီးသွားပါတယ်။
ဒါပေမယ့် ညကျတော့ လုံးတင် တဲက တစ်ခုတည်းသော အိပ်ခန်းထဲ ကျွန်တော် ဝင်မယ်လုပ်တော့ သတို့သမီးက
“ဒါ ဘာလဲဟဲ့”
“ဟဲ့ ... မေးနေရသေးလား၊ မင်္ဂလာဆောင် ပြီးရင် လင်နဲ့မယား အတူအိပ်ကြတာပဲ မဟုတ်လား”
“အို အို … ဒီည ကျုပ် နေမကောင်းဘူး၊ မသန့်မရှင်း ဖြစ်နေတယ် ရှင် ... အပြင်မှာ အိပ်ပါ”
အဲဗျာ အဲ့သည် ပထမဦးည ကတည်းက စပြီး ကျွန်တော် သူ့ဩဇာကို နာခံခဲ့ရပါတယ်။ နေ့ရွှေ့ ညရွှေ့ ဗိုက်နာတယ်၊ ခေါင်းကိုက်တယ်၊ လေထိုးတယ် စတဲ့ အကြောင်းအမျိုးမျိုး ပြချက်နဲ့ သူ့အနား ကပ်ရတယ်ပဲ မရှိခဲ့ပါဘူး။ ဒါပေမယ့် မင်္ဂလာဆောင်ပြီး ၅ လလောက် အကြာမှာတော့ မိလုံးတင်ကို မီးကပ်ပေါ် တက် တော့တာပါပဲဗျို့။ သူ ဗိုက်နာတယ် ဆိုကတည်းက အော်လိုက် ဟစ်လိုက်တာ မပြောပါနဲ့တော့။ အိမ်နီးချင်း မိန်းမတွေလည်း ပြေးလာကြပြီး ရေနွေးတည်တဲ့ လူနဲ့၊ နနွင်းမှုန့် သွားဝယ်တဲ့ လူနဲ့၊ စမုံနက်နှမ်းထုပ် လုပ်တဲ့ သူနဲ့ ယောက်ယက်ခတ် နေကြတာပါပဲ။ ဒီအထဲ မရွှေစာက အော်ဟစ်ညည်းညူ လိုက်ပုံက
“အောင်မယ်လေး ကိုကျော်ကြီးရဲ့၊ ကျုပ်တော့ သွားရတော့မယ် ထင်ပါရဲ့၊ ကျုပ်ကို မကယ်နိုင်တော့ဘူးလား၊ နောက်များ လင်ဆိုရင် ဇပလင်ပင်တောင် မမြင်ပါရစေနဲ့”
ကျွန်တော့်မှာ သူ့အော်သံတွေကြောင့် နေစရာကို မရှိတော့ဘူး။ ဒါကြောင့် ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ညောင်ပင်ကြီက နတ်စင်အောက် သွားထိုင်ပြီး သူ့အတွက် ဆုတောင်းနေပါတယ်။ အနီးဖြတ်သွားတဲ့ လူတစ်ချို့က “အမ်မာ ... ငကျော်ကြီး ဘာလုပ်နေတာလဲ” မေးလို့ ကျွန်တော်က
“ကွာ ... ငါ့မိန်းမ ဝမ်းနာနေလို့ ချောချောမောမော ဖြစ်အောင် ရုက္ခစိုးမင်းကို ဆုတောင်း နေတာကွ”
ဒီတော့ သူတို့ရယ်မောကြပြီး တစ်ယောက်က
“ဘယ်လိုလဲ လမစေ့ဘဲနဲ့ မွေးလို့လား”
“အေးကွာ ... ငါနဲ့ မင်္ဂလာဆောင်ပြီး ၅ လ ထဲနဲ့”
“ဪ … နောက်တော့ လစေ့မှပဲ မွေးတော့မှာပါကွာ စိတ်ချ၊ ရော့ရော့” အနီးမှာရှိတဲ့ မြက်တွေ နုတ်လာပြီး ကျွန်တော့်ပါးစပ်ထဲ ခွံ့ကာ “ဒီမြက်စားပြီး
ဆုတောင်းကွ၊ ဒါမှ မင်းဆန္ဒပြည့်မှာ”
အတော်နောက်တဲ့ ကောင်တွေ။
ကျွန်တော် အိမ်ပြန်ရောက်တော့ မရွှေစာက သားယောက်ျားကလေး မွေးပြီးနေပါပြီလေ၊ နနွင်းရောင်လေး ဝါဝါနဲ့ ကျုံ့ကျုံ့လေး ထိုင်လို့ အနီးပါးနားက လူအားလုံး လိုလိုပဲ ပွဲတစ်ခုအလား လာကြည့်ကြပါတယ်၊ မီးနေသည်နဲ့ သင့်လျော်ရာ ပစ္စည်းလေးများလည်း ယူလာကြပါတယ်။ ကျွန်တော့်ကို မြင်တော့ ကာလသားခေါင်း ကိုဖိုးရှိန်ကြီးက သူ့အသံ ကျယ်ကျယ်ကြီးနဲ့ …“ဪ ... သူဌေးမင်း ကြွလာတော်မူပြီ၊ သူဌေးမင်းရဲ့ သားဦးသားမြတ် သက်တော်ရာကျော် ရှည်ပါစေသောဝ်” လို့ ဆိုလိုက်တော့ အားလုံး ဝိုင်းရယ်ကြတယ်။ ကျွန်တော့်မှာတော့ ငိုရမလိုလို ရယ်ရမလိုလို အဲသည်တုန်း ဝမ်းဆွဲသည် အဒေါ်ကြီးက …
“ကဲ ... လူလဲစုံတုန်း ကလေး ကင်ပွန်းတပ် တစ်ခါထဲ လုပ်ရအောင်၊ မောင်ကျော်ကြီး မင်းသားကို ဘယ်လို နာမည်ပေးမတုန်း”
ကျွန်တော်လဲ သောက်မြင်ကပ်ကပ်နဲ့
“မျိုးမြတ်ထွဋ်ခေါင်” လို့ ပြောလိုက်တယ်။
ပရိသတ်က သဘောကျလိုက် ကြတာလေ။
ဧည့်သည်တွေ အားလုံးပြန်ကြတော့ ကျွန်တော် တစ်ယောက်ထဲ ကွပ်ပျစ်ပေါ်မှာ ဒူးနှစ်လုံးပေါ် မေးတင်ပြီး ငူငူကြီး ကျန်ခဲ့တဲ့အခါမှာ လုံးတင်က အခန်းထဲက ခေါင်းတစ်လုံး ပြူထွက်လာပြီး …
“တိတ်လှချည့်လား ကိုကျော်ကြီးရဲ့၊ ကျုပ်ကို နေကောင်းရဲ့လား ဘာလား မေးဖော်တောင် မရဘူး၊ ဘာလဲ တေမိဇာတ် ခင်းနေတာလား”
ကျွန်တော်က စိတ်ပျက်စွာနဲ့ …
“ဘာပြောစရာ လိုသလဲကွ၊ မင်းလုပ်ပုံက ငါ့ဘဘုန်းကြီးသာ ဘဝနတ်ထံက ကြားရင် နှစ်ပြန်တောင် ပျံတော်မူချေသေးရဲ့”
“ရှင် ဘာဖြစ်နေသလဲ ရူးနေသလား”
“ရူးရုံ တော်သေးတာပေါ့ကွာ၊ ခုတော့ နွားဖြစ်ရသေးတယ်၊ ငါလို တစ်ကောင်ကြွက်ကို မင်းအသုံးချပုံ သဘောကျလှသကွဲ့၊ နို့မို့ရင် ဖအေမပေါ်တဲ့သား မွေးနေရမယ် မဟုတ်လား”
“ကြံကြံဖန်ဖန်၊ ဒါ ရှင့်သားပဲဥစ္စာ”
“ဘယ်နှယ် ... ငါ့သား ဖြစ်နိုင်မလဲ၊ ငါ အရူး ဆိုပေမယ့် ရက်လကို တွက်နိုင်ပါသေးတယ်၊ မင်းနဲ့ငါ မင်္ဂလာဆောင်တာ ၅ လပဲ ရှိသေးတာ၊ နို့ပြီး”
“ရှင် ဒီလို မပြောနဲ့၊ ရှင်နဲ့ မင်္ဂလာဦးညမှာတောင် ကျွန်မ မီးယပ်တွေ လာနေလို့ ရှင်အပြင်ဖက်မှာ အိပ်ရတာ ရှင်အသိ၊ ဒါက လမစေ့ဘဲ မွေးတဲ့ ကလေးရှင့်”
“ငါးလနဲ့ မွေးတဲ့ ကလေးတွေ မကြားဖူးပေါင်ဟယ် အလွန်စော ၇ လပါပဲ”
“ကျွန်မတို့ အဖွားဆို ၃ လနဲ့တောင် မွေးသေး၊ ကျုပ်တို့က မျိုးရိုး လိုက်တာရှင့်”
မှန်တာ ပြောရရင် သူ့စကားကို ကျွန်တော် မယုံပါဘူး၊ ဒါကြောင့် တစ်နေ့ လမ်းမှာတွေ့လို့ ကျောင်းဆရာလေး ကိုကျော်စွာကို အကျိုးအကြောင်း ပြောပြီး မေးကြည့်မိတော့ … “ကိုကျော်ကြီးရယ် ကျွန်တော်တို့ရဲ့ ဗုဒ္ဓဝင် ဇာတ်နိပါတ်တော်မှာ ချက်တော်ကို လက်တော်နဲ့ ရစ်ရုံနဲ့ သုဝဏသာမတောင် မွေးသေးတာပဲ၊ ခင်ဗျာ့ ကိစ္စလဲ
ဖြစ်နိုင်ပါတယ်။ ကိုယ့်ဟာကိုယ် ယုံရင် စိတ်ချမ်းသာတာပေါ့ဗျာ” လို့ နှစ်သိမ့်ရှာတယ်။
ကျွန်တော်ကလည်း ကြာကြာ စိတ်ညစ်မနေတတ်ပါဘူး။ ကလေးကို ကျွန်တော်က ချစ်ခင်နေပြီကိုဗျ။ ဘယ်သူနဲ့ မွေးမွေး ကလေးက ကလေးပဲ။ အမယ် … တစ်ဦးမေတ္တာ တစ်ဦးမှာ ဆိုတဲ့အတိုင်း ကလေးကလည်း ကျွန်တော့်ကို ချစ်ပုံရသဗျ။ ကျွန်တော့်ကို မြင်ရင် ၃-၄ လသား ကတည်းက လက်ကလေး ကမ်းတတ်တယ်၊ ပြုံးပြတယ်၊ ချီခိုင်းတယ်၊ ကလေး နေထိုင်မကောင်းရင် ကျွန်တော်ပဲ ပြုစုရတယ်၊ သူ့အမေကတော့ အိပ်ပျက် မခံဘူး။
ကျွန်တော်က ကလေး ကျန်းမာအောင် ဆင်မြီးလက်စွပ်ကလေး ဝယ်ပေးထားတယ်၊ အံကြိုးလည်း ချည်ပေးတယ်၊ ဗေဒင်ဆရာက လိုတယ် ဆိုလို့ ကြက်ဖြူမ တစ်ကောင်လည်း ဝယ်ပြီး ခမည်း ပေးထားတယ်၊ ဒီကလေးအတွက် ကျွန်တော်ပိုပြီး အလုပ်ကြိုးစား လုပ်ရတယ်။ တတ်နိုင်သလောက် ငွေရှာရတယ်။ အချိန်အားလေးမှာ ဈေးပြေးပြီး ကူလီထမ်းလိုက်သေးတယ်။ ကလေး နို့ဝဝ စို့ရအောင်လည်း သူ့အမေကို နွားမြီးတွေ ဝက်မြီးတွေ ရေမုန်ညင်းရွက်နဲ့ မပြတ် သောက်ရအောင် ဝယ်ပေးရတယ်။
လုံးတင်လည်း စားကောင်း သောက်ကောင်းနဲ့ တစ်သားမွေး တစ်သွေး လှလာတယ်။ သားကို ချစ်တော့ ကျွန်တော် သူ့ကိုလည်း ဂရုစိုက် ရတယ်။ ဒါပေမယ့် သူကတော့ ကျွန်တော့်ကို မျက်နှာသာ မပေးပါဘူး။ သူ့မျက်လုံး တစ်ချက် ကြည့်လိုက်ရင် ကျွန်တော် ကျောယားတယ်။ သူ့ပါးစပ် ဟလိုက်ရင် မီးခိုးလုံးတွေ ထွက်လာတယ်တောင် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သည်းခံပါတယ်။ စင်စစ်တော့ ကျွန်တော်ဟာ သူ့ရဲ့ စေသည့်ကျွန် ထွန်သည့်နွားပါ။ သည်ဒဏ်တွေကို ခံနိုင်တဲ့ အားဆေးကတော့ ကလေးအပေါ်မှာ ထားတဲ့ ကျွန်တော်ရဲ့ မေတ္တာအဟုန်ပါပဲ။
သူ့မောင် ဆိုတဲ့ ဟိုကလေးဟာလည်း ခုတော့ ဝလို့ လှလို့ဗျ။ ဆိုးလိုက်တာကလည်း လွန်ပါရော၊ ကျွန်တော့်ဆို တက်လိုက်၊ ခွလိုက်၊ ထုလိုက်၊ နှက်လိုက်နဲ့ တစ်ခါတလေ ကျွန်တော်က ပြောဆိုမရလို့ တစ်ချက်လောက်များ ရိုက်လိုက်မိရင် မိလုံးတင်တို့ ဒေါသ အမျက်ချောင်းချောင်း ထွက်ပြီး ကွာမယ် ရှင်းမယ်နဲ့ လုပ်ပါရော၊ ကျွန်တော့် နေရာမှာ သည့်ပြင်ယောက်ျားသာ ဆိုရင် ကိစ္စပြတ်တာ ကြာလှရောပေါ့။ ဒါပေမယ့် ကျွန်တော့် အဖို့တော့ ရိုးနေပါပြီ။ ကိုယ့်ဘဝပေး တာဝန်တွေပဲလို့ သဘောထားရပါတော့တယ်။
ဒီလိုနဲ့ လတွေ ကုန်ပြီး နှစ်တွေ ပြောင်းခဲ့တယ်။ ကျွန်တော်ဟာ နေ့ဆိုရင် မုန့်ဟင်းခါးဖို၊ ညဆိုရင် ဈေးထဲက ကာကာ လက်ဖက်ရည်ဆိုင်မှာ အိပ်ပြီး မနက်စောစော နံပြား ထဖုတ်ရပါတယ်။ သောကြာနေ့ည တစ်ညပဲ အိမ်ပြန် အိပ်ရပါတယ်။ သောကြာနေ့ ဆိုတာ မူဆလင် ဘာသာဝင်တွေရဲ့ ဘုရားရှိခိုးနေ့မို့ အအားရတာပါ။
ဒါနဲ့ တစ်ညမှာတော့ သောကြာနေ့ မဟုတ်ဘဲနဲ့ ဂျုံမရလို့ နံပြားဖုတ်စရာ မရှိတဲ့အတွက် ည ၁၂ နာရီလောက် လက်ဖက်ရည်ဆိုင် ပိတ်တဲ့အချိန် အိမ်ပြန် အိပ်ရတယ်။ ခါတိုင်းတော့ လက်ဖက်ရည်ဆိုင်က စားပွဲတွေပေါ်မှာ ကွေးကွေးကောက်ကောက်နဲ့ ဖြစ်သလို အိပ်ရတာ၊ ဒီညတော့ ကိုယ့်အိမ်က အိပ်ရာမှာ ကျကျနန အိပ်မဟဲ့လို့ စိတ်ကူးပြီး အိမ်ပြန်ရောက်တဲ့အခါ ကလေးလည်း နိုးမှာစိုးလို့ အသာခြေဖွပြီး အထဲဝင်လိုက်တော့ ဟောက်သံတွေ ညံနေတာ ကြားရတယ်။ ဟောက်သံမှ ကြီးကြီးက တစ်ခု သေးသေးက တစ်ခု၊ ဒါနဲ့ အခန်းထဲ လှမ်းကြည့်လိုက်တော့ … လား-လား- မိလုံးတင်ရဲ့ နံဘေးမှာ လူတစ်ယောက်။
ကျွန်တော့် မျက်လုံးတွေ ပြာသွားတာပဲ၊ အနားမှာ ရှိတဲ့ တံခါးကဲလားဒေါက်ကို ကောက်ကိုင်ပြီး ခွေးမသားကို အသေရိုက်မယ် စိတ်ကူးတုန်း ဗြုန်းဆို အသိဉာဏ် ဝင်လာတယ်။ ရိုက်ရင်နှက်ရင် ဆူဆူညံညံ ဖြစ်မယ်။ အရပ်က ကြားမယ်။ ငါပါ အရှက်ကွဲမယ်၊ ဒါတွေထက် အရေးကြီးတာက ပုခက်ထဲမှာ အိပ်နေတဲ့ ကလေး နိုးသွားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် တုတ်ကို အသာပြန်ချပြီး ခြေသံဖွဖွနဲ့ အပြင်ထွက်၊ လက်ဖက်ရည်ဆိုင်ဖက် ပြန်လာခဲ့တယ်။ အဲဒီည လက်ဖက်ရည်ဆိုင်က စားပွဲပေါ်မှာ လှဲရင်း ကြောင်တောင်လင်းခဲ့တယ်။ နောက်ဆုံး လင်းရောင်ခြည်လာတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။
“တော်ပြီ … သည်ထက် နွားကျ မခံနိုင်တော့ဘူး။ ကျော်ကြီးဟာ အရူး ... အရူး ဆိုပေမယ့် လူကောင်းတွေ စည်းကမ်းကို မကျော်နိုင်သေးပါဘူး”
မနက် လင်းလင်းချင်း သူကြီးအိမ် သွားပြီး အကျိုးအကြောင်းကို တိုင်တယ်။ ခဏအတွင်း ရပ်ကွက်က သိသွားပြီး သူကြီးအိမ်မှာ လူတွေ ပြည့်သွားတယ်။ သူကြီးက လုံးတင်ကို ခေါ်ခိုင်းတော့ လုံးတင်က ကလေး ခါးထစ်ခွင် ချီလာပြီး သူကြီးက မေးတော့ အားလုံး ဗြောင်ငြင်းတဲ့ အပြင် ကျွန်တော် ခုတလော ရောဂါ ထချင်နေတယ်။ လပြည့်လကွယ် ရက်တွေမှာဆို ဒီလိုပဲ၊ ကျွန်တော့် မျက်စိထဲမှာ တောင်တောင်အီအီတွေ တွေ့တတ် မြင်တတ်တယ် ဆိုတာ၊ သူလို နီးနီးနားနား လူအဖို့ မဆန်းတော့ပါဘူး။ စိတ်မငြိမ်လို့ ပြောချင်ရာတွေ လျှောက်ပြောနေတာ မယုံကြပါနဲ့လို့ မှင်သေသေနဲ့ ပြောတယ် ခင်ဗျ။
တချို့ လူတွေက သူ့ဘက်က ပါကြတယ်။ နွားသတ်ရုံက ကောင်လေး တစ်ကောင်ကများ ကျွန်တော့်ကို “ကိုယ့်လူ လည်လှီး ပစ်ဖို့ ကောင်းနေပြီ” လို့တောင် ပြောတယ်။
ကျွန်တော်က “မင်း ငရဲကြီးမှာပေါ့” လို့ပဲ ပြန်ပြောလိုက်တယ်။
ဒီတော့ သူက “ခွေးရူး သတ်ရသလို ကျောက်ရူး သတ်ရတာပဲ၊ ဘာအပြစ် ရှိမှာလဲ”တဲ့။
ဒီအချိန်မှာပဲ လုံးတင် ကလေးက ဝမ်းတွေ သွားချလိုက်တာ သူကြီးက သူတို့ သားအမိကို ချက်ချင်း နှင်ချလိုက်တာပဲ။ သည့်ပြင်လူတွေလည်း ပြန်ကြရော
အားလုံး လူရှင်းသွားတော့ သူကြီးကို ကျွန်တော်က ဘာလုပ်ရမလဲ မေးတယ်။ သူကြီးက ကျွန်တော့်ဘက်ကပဲ။
“ဒီမိန်းမကို ချက်ချင်း ကွာလိုက်ကွာ” တဲ့။
“သူက မကွာချင်ဘူး ဆိုရင်ကော”
“ကွာရှင်းလိုကြောင်း လျှောက်လွှာ ရေးပြီး ငါ့ဆီ တင်ကွာ၊ ကျန်တာ ငါကြည့်လုပ်ပေးမယ်”
“ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော် စဉ်းစားပါဦးမယ်”
“ဘာမှ စဉ်းစားမနေနဲ့၊ ငါပြောသလိုသာလုပ်၊ ဒီအတွင်း မင်းက သူ့ဆီ မသွားနဲ့တော့”
“ကျွန်တော့်ကလေး ကျွန်တော် တွေ့ချင်သေးတယ် ခင်ဗျာ”
“အောင်မယ်၊ မင်းကလဲ အိုးကမပူ စလောင်းကပူ နေပြန်ပြီ။ နေပလေ့စေ၊ ပစ်ထားလိုက်၊ မင်းက ကွာရှင်းခွင့် မရခင် သူတို့နဲ့ ကင်းကင်းရှင်းရှင်းနေ၊ အိမ်ရိပ်တောင် သွားမနင်းလေနဲ့”
အင်း … သူကြီးစကား နားထောင်ရပါတယ်။
နေ့မှာတော့ အလုပ်နဲ့ လက်နဲ့ မပြတ်တာမို့ မထောင်းတာလှပေမယ့် ည ညကျတော့ရင် ကျွန်တော် သူတို့ သားအမိကို သတိရတယ်ဗျာ။ အထူးသဖြင့် ကျွန်တော့် ကလေးပဲ၊ ပေပေကြီး ... ပေပေကြီးနဲ့၊ သူ့အမေအပေါ် စိတ်ဆိုးပေမယ့် နာရီညောင်းတာနဲ့အမျှ ကျွန်တော့်အမျက်က ပြေလည်ခဲ့ပြီ။ သူ့အပေါ် ခွင့်လွှတ်ဖို့ အမျိုးမျိုး ကြံဖန် တွေးနေမိတယ်။
သူ့ဘေးနားမှာ အိပ်နေတဲ့ ကောင်က သူ့ကို လက်ကောက်လှလှလေး ဝယ်ပေးမယ်လို့ သွေးဆောင်လေသလား၊ (ကျွန်တော်က ဝယ်မပေးနိုင်ဘဲကိုး) မိန်းမဆိုတာ ခက်သားပဲ၊ ငယ်လည်း ငယ်သေးတော့ လုပ်သင့်တာ၊ မလုပ်သင့်က မချင့်ချိန်တတ်သေးဘူး။ နို့မဟုတ်ရင်လည်း သူဒီလောက် လူကြီးစုံရာ ရှေ့မှာ ကျိန်တွယ်ပြီး ငြင်းနေပုံ ထောက်တော့၊ သူပြောသလို ကျွန်တော့်မျက်စိ မှားတာများလား၊ ကျွန်တော်ကလည်း နေ့ရောညရော လောဘတကြီး ငွေရှာနေတော့ အိပ်ရေးပျက် ဘာပျက်နဲ့ သွေးလေချောက်ချားပြီး အရိပ်လည်း လူထင်ရင် ထင်နေမှာ၊ ဒီလိုဆို ငါ့မယားလေး ငါသနားပါတယ်။ သားတစ်ယောက်နဲ့ မျက်စိသူငယ် နားသူငယ် နေရှာရော့မယ်။
ဒီအတွေးတွေ ဝင်လာတော့ ကျွန်တော့် မျက်ရည်တွေ ဖြိုင်ဖြိုင် ယိုစီးပြီး ခေါင်းအုံး အိပ်တဲ့ ဂျုံအိတ်မှာ ရွှဲရွှဲစိုပါရော။
မနက်ကျတော့ သူကြီးအိမ်သွားပြီး ကျွန်တော့်မိန်းမနဲ့ ကျွန်တော် မကွာရှင်းလိုတော့ပါဘူး၊ တကယ်ဆိုတော့ ကျွန်တော့် အပြစ်ပါ၊ လုံးတင်မှာ အပြစ်မရှိပါဘူး ပြောတော့၊ သူကြီးက မင်းအမှု ရုံးရောက်နေပြီ၊ ပြန်ရုတ်လို့ မလွယ်တော့ဘူး၊ ဒါပေမယ့် အတတ်နိုင်ဆုံး ငါကြည့် စီစဉ်ပေးပါမယ်။ ဒီအတောအတွင်းတော့ မင်းသူ့အိမ် မသွားနဲ့ဦး။ ကလေးတွေ့ချင်ရင် ငါတစ်ယောက်ယောက် လွှတ်ခေါ်ပေးမယ်။ ဒီအတွင်း မင်းလည်း မင်းမိန်းမအခြေ ဟုတ်မဟုတ် စောင့်ကြည့်ပေါ့၊ အမှုတစ်ခု ရုံးပြင်ကန္နား ရောက်တယ် ဆိုတာ ခုလုပ် ခုရုပ် လွယ်တာ မဟုတ်ဘူး၊ မင်းမိန်းမကို မင်းမကွာချင်တော့ဘူး၊ အမှုပြန်ရုတ်သိမ်းတဲ့ အကြောင်း ဒီကနေ့ပဲ ငါ စာတင်ပေးပါမယ် မပူနဲ့၊ ဒီအတွင်းသာ မင်းဥပဒေ လွတ်အောင် ကင်းကင်းရှင်းရှင်း နေပေရော့ ဟုတ်လား”
သူကြီး ပြောတာတွေ ဟုတ် မဟုတ် မသိပေမယ့် ကျွန်တော်ကတော့ ဥပဒေ ဆိုတာကြီး သိပ်ကြောက်တာပဲဗျို့၊ ဒါကြောင့် သားလွမ်းစိတ် မယားလွမ်းစိတ်တွေ ဥပဒေနဲ့ ကိုယ့်ကိုယ်ကို ချောက်ချားပြီး မျိုသိပ်နေရတယ်၊ တစ်ခုတော့ တော်သေးတာပေါ့၊ ကျွန်တော့်သားလေးကို တစ်ပတ်နှစ်ခါ သူကြီးက ဆယ်အိမ်ခေါင်း မောင်တင့်နဲ့ ခေါ်ခိုင်းပြီး တွေ့ပေးတယ်ဗျ။ သားကလည်း ကျွန်တော့်ကို မမြင်ရတာ ကြာလေ ပိုကပ်လေပဲ၊ ပြန်တော့မယ် ဆိုရင် မခွဲချင် ခွဲချင်ပဲ၊ ငိုများတောင် ငိုရဲ့။
အမှုတစ်ခု ဖြစ်ရတာ ကြာတာပဲဗျာ၊ ဟိုရက်ချိန်း ဒီရက်ရွှေ့နဲ့ ၈ လကျော် ၉ လ နီးပါး ရောက်သွားတယ်၊ မိလုံးတင်လည်း ကလေးတစ်ယောက် မွေးပြန်ရော၊ ဒီတစ်ခါတော့ မိန်းခလေးပဲ။
ကျွန်တော့် ဒုက္ခကို အရပ်က ဝိုင်းပြီး သနားကြပါရဲ့၊ ဒါပေမယ့် လုံးတင်ရဲ့ သတင်းတွေကလည်း ခုတစ်မျိုး ခုတစ်မျိုးနဲ့၊ လင်နဲ့ ကွဲရတဲ့ မိန်းမဆိုတော့ စေတနာနဲ့ ပြောတာလည်းရှိ၊ အမနာပ ပြောတာလည်း ရှိမှာပေါ့လေ၊ ကလေးမွေးပြန်တယ် ဆိုတော့ ကျွန်တော်လည်း သူ့အတွက် စားကောင်းဖွယ်လေးတွေ ဝယ်ခြမ်း ပို့ပါတယ်၊ ဆယ်အိမ်ခေါင်း မောင်တင့်ကလည်း သူတို့ သားအမိကို ဂရုဏာသက်တယ် ဆိုပြီး မုန့်ပဲသားရေစာလေးတွေ ဝယ်ဝယ်သွားတာလည်း တွေ့ရပါရဲ့၊ မောင်တင့်နဲ့ ကျွန်တော်လည်း တော်တော် အကျွမ်းဝင်လာတယ်၊ လုံးတင်ဆီက သူပြန်လာရင် ဟိုသားအမိတွေ သတင်းပြောရင်း ကျွန်တော့်ကို ခေါင်းပုတ်၊ နှာခေါင်းဆွဲ ကျီစယ်ပြီး
“ဒီမှာ ကျော်ကြီး ... မင်းမိန်းမနဲ့ မင်းကလေးတွေက ချစ်စရာကွ၊ မင်းနဲ့တောင် မတန်ဘူး၊ ခဏတစ်ဖြုတ် သွားကြည့်ပါလား၊ ခုဆို လုံးတင်က ပိုတောင် လှလာသေး”
ဒီတော့ ကျွန်တော်က “အေးကွာ ဒါပေမယ့် သူကြီးက ရုံးမိန့် မကျမချင်း အိမ်ရိပ်တောင် မနင်းရဘူး ဆိုလို့၊ ဒီအမိန့်ကလည်း ကြာလှချည်လားဗျာ၊ ခုဆို ၉ လကြီးတောင် ကျော်ကမင့်ပဲ ”
ဒီလို တစ်စတစ်စနဲ့ သားမယား လွမ်းနာ ကျလိုက်တာ နောက်ဆုံး တစ်နေ့တော့ မနေနိုင်တော့ဘူးဗျ၊ ယောက်ျားကြီးတန်မဲ့နဲ့
သူကြီးဆီ မျက်ရည်စက်လက်နဲ့ သွားပြီး ကျွန်တော့်အိမ် ကျွန်တော် ပြန်ရအောင် ကြည့်ရှုမစပါလို့ တောင်းပန်ရတော့တယ်။ သူကြီးလည်း ကျွန်တော့် အဖြစ်ကိုသာ မသက်မသာ ကြည့်ရင်း …
“ကဲ ... မောင်ကျော်ကြီး မင်းကိုတော့ ငါဇိကုတ်ပြီး နတ်ပြည်တင်ဖို့ လက်လျှော့လိုက်ပါပြီ၊ တကယ်တော့ မင်းအမှုက ရုံးက မကျသေးလို့ ဆိုတာ မဟုတ်ဘူး၊ မင်းအမှုမျိုး ရုံးက လက်ခံတာလည်း မဟုတ်ဘူး၊ ငါ့ဆန္ဒက မင်းဟာ မီးဝေးချိပ်မာ သဘောမျိုး ဖြစ်ပါစေ၊ ကြာကြာနေလို့ ဒီကောင်မအပေါ် မင်းစိတ်ကုန်သွားရင် ဒီဒုက္ခကြီးက လွတ်ပါစေဆိုတဲ့ စေတနာနဲ့ တမင်သက်သက် မင်းကိုငါ လှည့်ထားတာ။ ခုတော့ မင်းကိုယ်၌က ဒီမီးကို ပြန်တိုးချင်တယ် ဆိုတော့ ငါမတတ်နိုင်ဘူး၊ အဲ ငါတစ်ခုတော့ မေးမယ်၊ မင်းမိန်းမမှာ အပြစ်မရှိဘူး၊ ဟိုညက လင်ငယ်နဲ့ အိပ်နေတာ မင်းမျက်စိ မှောက်မှားတာ ဆိုတာ မင်းကိုယ်မင်း စိတ်ချ ယုံကြည်သလား”
“ဟုတ်ကဲ့ ... ကျွန်တော့် မယားလေးမှာ အပြစ်မရှိပါဘူး ခင်ဗျာ၊ ကျွန်တော်ဟာ အိပ်ချင်မူးတူးနဲ့ ထင်ရာတွေ ပြောမိတာပါ”
ဒီတော့ သူကြီးကတော်က …
“ဟဲ့ ... အဲဒီတုန်းကတော့ မင်းကိုယ်တိုင် သေသေချာချာ မြင်ရတယ်ဆို”
“ကျွန်တော် မြင်မိတာက လရောင်ကြောင့် အရိပ်ထိုးနေတဲ့ ထုပ်တန်း ဖြစ်လိမ့်မယ် ခင်ဗျ”
ဒီတော့ သူကြီးက …“အေး ... အေး ဒါဖြင့်လဲ ပြီးရော၊ ဒို့များ တစ်ခုတော့ နောက်ဆုံး မှာလိုက်ပါရစေ၊ မင်းမိန်းမ မင်းဒီလောက် စိတ်စွဲနေတာဖြင့် နောက်များ ဘာပဲမြင်မြင်
ဘာပဲကြားကြား မျက်စေ့နဲ့ နားပိတ်သာထား ကြားလား၊ ဒါမှ မင်းလဲ စိတ်ချမ်းသာမယ်၊ ဒို့လဲ နားချမ်းသာမယ်၊ ကဲ ကဲ သွားတော့၊ မင်းအိမ် မင်းပြန်နိုင်ပါပြီ”
ဒါပေမယ့် ကျွန်တော့် အလုပ်က ရှိနေသေးတော့ ည ကာကာဆိုင် ပိတ်တော့မှပဲ ဝယ်ထားတဲ့ စားသောက်စရာ ကလေးတွေနဲ့ ပြန်ခဲ့တယ်၊ ဒီည လမင်းကြီးကလည်း ထိန်ထိန်သာလို့၊ ကြယ်တွေကလည်း စုံလို့၊ အိမ်နားရောက်ခါနီး လမ်းချိုးမှာ အင်္ဂလိပ် သင်းင်္ချိုင်းစောင့်ရဲ့ ခွေးတွေက ဆီးဟောင်လို့ သူတို့ ပြန်ပြောခဲ့ရသေးတယ် …
“အေး ... ဟောင် ဟောင် အားရအောင် ဟောင်၊ ငါတော့ ငါ့မယား ငါ့သားဆီ ပြန်ခဲ့တာမို့ မင်းတို့ကို ရန်မလုပ်နိုင်အားသေးပါဘူးကွယ်” လို့ …။
အိမ်တံခါးကို အသာတွန်းဖွင့်ပြီး ပုခက်ထဲမှာ အိပ်နေတဲ့ ကလေးငယ်ကို ငုံ့ကြည့်လိုက်တော့ လရောင်ထိုးနေတဲ့ သူ့မျက်နှာလေးဟာ တကတည်း ချစ်စရာပါပဲဗျာ။ ခြင်ကိုက်မှာစိုးလို့ လက်ကလေးကို အသာ စောင်နဲ့ ဖုံးပေးခဲ့ပြီး အခန်းထဲ လှမ်းဝင် လိုက်တော့လား မိလုံးတင်ဘေးမှာ ဆယ်အိမ်ခေါင်း မောင်တင့်က အစန့်သား အိပ်ပျော်နေတယ်။ ခေါင်းရင်းပေါက်က ဝင်တဲ့ လရောင်နဲ့ အထင်းသား။
ကျွန်တော့်မှာ ဝမ်းသာလာသမျှ တစ်ခါထဲ သဲရေကျ ဖြစ်တော့သပေါ့။ ရုတ်တရက် ကတုန်ကရင် ဖြစ်ပြီး သူတို့စားဖို့ ဝယ်လာခဲ့တဲ့ သားရေစာထုပ်တွေဟာ လက်ထဲက လွတ်ကျကုန်တယ်၊ ဒီအသံကြားတော့ မိလုံးတင်က နိုးပြီး …
“ဟင် ဘယ်သူလဲ”
မားမားကြီးရပ်နေတဲ့ ကျွန်တော့်လည်း မြင်ရော
“သူခိုး ... သူခိုး” လို့ အော်ပါလေရော။
အဲသည်မှာ အမှောင်ထဲ ဒေါင့်တစ်ဒေါင့် အိပ်နေတဲ့ သူ့မောင်ဆိုတဲ့ ကောင်ကလေးဟာ အိပ်ရာက ထလာပြီး ကျွန်တော့် နောက်စေ့ကို ကဲလားဒေါက်နဲ့ ကောက်တီးလိုက်တာ လူကို မိုက်ခနဲ ဖြစ်သွားပြီ ကပြာကသီ …
“လုံးတင်ရ ... ငါပါဟ ... ငါပါဟ”
“ဟင် ... ဪ… ကိုကျော်ကြီးလား၊ နို့ ရှင့်ကို သူကြီးက ဒီမလာရသေးဘူး ပြောထားတယ်ဆို”
“အေး ... ခုတော့ ပြန်ချင် ပြန်နိုင်ပြီ ဆိုတာနဲ့ ပြန်လာတာ”
“ဒါဖြင့် အတော်ပဲ စောစောက ရှင့်သားရဲ့ ဆိတ်မလေး ညည်းနေသံ ကြားတယ်၊ ကလေးများ မွေးနေပလား မသိဘူး၊ သွားကြည့်လိုက်ပါဦး”
ဒီတော့လည်း ကျွန်တော့် သားလေးကို ကျွန်တော် ဝယ်ပေးထားတဲ့ ဆိတ်မလေး မမြင်ရတာ ကြာပြီမို့ နံဘေးက ဆိတ်ထားတဲ့ တဲကလေးထဲ ဝင်ခဲ့တယ်၊ ဆိတ်မလေးက တစောင်းလေး လှဲလို့ စားမြုံ့ခတ်နေတယ်၊ ဘာမျှ မဖြစ်ပါဘူး၊ ဒါနဲ့ ကျွန်တော် သူ့နဖူးလေး တစ်ချက် ပွတ်ပြီး အိမ်ထဲ ပြန်ဝင်တော့ လုံးတင် ဘေးမှာ ဟိုလူ မတွေ့ရတော့ဘူး။ ဒါနဲ့ ကျွန်တော်က …
“ဟဲ့ လုံးတင်၊ မောင်တင့် ဘယ်ရောက်သွားလဲ” မေးတော့ သူက အံ့အားသင့်သံနဲ့ …
“ဘယ်က မောင်တင့်လဲ”
“ခုန နင့်နံဘေးမှာ အိပ်နေတာ မြင်ပါတယ်ဟ”
လုံးတင် အိပ်ရာထဲက ဖြုန်းကနဲ ထထိုင်လိုက်တယ် နောက်ပြီး လည်ပင်းကို ဆန့်၊ ပါးစပ်ကျယ်ကျယ် ဟပြီး
“လာပြန်ပလား၊ ဒီအချိုးမျိုး သေခြင်းဆိုး၊ နင့်ဘာသာနင် ငါနဲ့ မပေါင်းချင် တော်ရာ သွားသေ၊ ငါ့ကိုလာပြီး နာမယ် ဖျက်မနေနဲ့၊ ဘယ်လူမှ ငါ့နံဘေးမှာ မရှိဘူး၊ နင်မြင်တယ် ဆိုတာလဲ သက်သက် ငါ့ကို အပြစ်ရှာချင်လို့ နင်မွေးထားတဲ့ သရဲတွေ၊ တစ္ဆေတွေ နေမှာပေါ့၊ ရုပ်ကိုက ရူးကြောင်ကြောင်နဲ့၊ မှော်ဆရာယောင်ယောင် ဘာယောင်ယောင်၊ ရှင်ကျုပ်ကို အစိမ်းတိုက် နေတာလားမှ မသိဘဲ”
ခုနစ်သံချီ အော်တော့ ကျွန်တော်လည်း အရပ်က ကြားရင် နောက်ထပ် အရှက်ကွဲရဦးမှာမို့ သူ့ခြေသလုံးကို လှမ်းကိုင်ပြီး …
“ကဲ မဟုတ်လဲ တော်တော့ လုံးတင်ရယ်၊ တော်ကြာ ငါ့ကို အရပ်က တကယ့် မှော်ဆရာ အောက်မေ့ပြီး ငါလုပ်တဲ့ မုန့်တွေ မဝယ်ဘဲ နေပါဦးမယ်၊ နင်နဲ့ ခွဲနေရတဲ့ ၉ လမှာ ငါစုထားတဲ့ ငွေလေးတွေနဲ့ ကိုယ်ပိုင်မုန့်ဖို ထောင်မယ်လို့။ တော်ကြာ မင်းကြောင့် ဖောက်သည် ရှာမရ ဖြစ်နေပါဦးမယ်၊ တော်ကွာ … လုံးတင်က လိမ်မာပါတယ်”
ငွေစကား ကြားတော့ လုံးတင် ချက်ချင်း ဘဝင်ကျသွားပြီး “ဒါဖြင့် ဒီမှာ လာအိပ်၊ နောက် မဟုတ်မဟပ်တွေ မပြောနဲ့နော်၊ ကျူပ်က ဒါမျိုး သိပ်ရှက်တတ်တာ သိလား”
ကဲ ... အပိုမသွင်းဘဲ လိုရင်း အတိုချုပ်ပါတော့မယ်၊ ဒီလုံးတင်နဲ့ ကျွန်တော်ဟာ နှစ်ပေါင်း နှစ်ဆယ်တိတိ ပေါင်းခဲ့ပါတယ်၊ သားနှစ်ယောက်နဲ့ သမီးလေးယောက်၊ ပေါင်း ခြောက်ယောက် ထွန်းပေါက်ခဲ့ပါတယ်၊ သူကြီး ဆုံးမဩဝါဒ အတိုင်းပဲ ကျွန်တော်ဟာ မျက်စိမှိတ် နားပိတ်ထားတော့ လုံးတင်နဲ့ ကျွန်တော် နောက်ထပ် ဘာပြဿနာမှလည်း မဖြစ်တော့ပါဘူး။ ကျွန်တော့်ကိုယ်ပိုင် မုန့်ဟင်းခါးဖိုကလည်း ကျွန်တော့်ကို ခင်မင်ကြင်နာတရားနဲ့ မေတ္တာထားကြတဲ့ လူတွေ များတာကြောင့် စီးပွားလည်း တော်တော် ဖြစ်ထွန်းပါတယ်၊ ကျွန်တော်တို့ အရပ်မှာ မုန့်ဟင်းခါးဖို ပိုင်တယ်ဆိုရင် ကြေးရည်တတ် စာရင်း ဝင်တာပါပဲဗျာ၊ ရပ်ရွာလူကြီး အရာလည်း ကျွန်တော် ရောက်ခဲ့ပါပြီ၊ သာရေးနာရေး ဆိုရင် ကျွန်တော့်ကို အားအထားကြဆုံးပေါ့၊ ကျွန်တော့်ကို ဟိုတုန်းကလို အရူးအပေါကြီးလို မနောက်ပြောင်ကြတော့ဘူး၊ လူ့သဘောကောင်း မနောကောင်းကြီးလို့ ဂုဏ်ပြုကြပါတော့တယ်။
အဲ ... လုံးတင် တစ်ယောက်တော့ ကံဆိုးရှာပါတယ်၊ ကျွန်တော် လူရာဝင်ပြီး စီးပွားဖြစ်လာတော့မှ သူရောဂါ ရရှာတယ်၊ ရင်သား တစ်ဖက်မှာ အစက အကြိတ်တစ်ခု ဖြစ်လာရာက နောက်တော့ အိပ်ရာထဲ ဘုန်းဘုန်းလဲတော့တာပဲ။ ကျွန်တော်လည်း ကောင်းတယ်ဆိုတဲ့ ဆရာအမျိုးမျိုး ကုပါရဲ့၊ ဒါတောင် မရတော့ဘဲ လုံးတင် သေရရှာရော၊ သူသေခါနီးမှာ စိတ်ကောင်းဝင်ပြီး ပြောသွားရှာပါတယ်။
“ဒီမှာ ကိုကျော်ကြီး၊ ကျုပ်တော့ မနေရတော့ဘူး၊ ရှင့်အပေါ်မှာ ကျုပ်ဆိုးခဲ့တာတွေ၊ ခုသေခါနီးမှာ ကောင်းတာလေး တစ်ခု ပြုခဲ့ချင်တယ်။ ဘာလဲဆိုတော့ ခုရှိတဲ့ သားသမီး ၆ ယောက်ဟာ ရှင်နဲ့ရတာ တစ်ယောက်မှ မဟုတ်ဘူး၊ ဒီတော့ ကျုပ်သေပြီးရင် ဒီကလေးတွေ ရှင် တာဝန် ယူချင်မှ ယူတော့”
“အို ... လုံးတင်ရယ်၊ ဘယ်လို ပြောလိုက်တာလဲ၊ ဒီကလေးတွေက ကျုပ်ကို အဖေ ခေါ်နေတာ၊ ကျုပ်သားသမီးတွေပဲပေါ့၊ ကျုပ်တာဝန် ယူရမှာပေါ့၊ နို့ သူတို့က ကျုပ်ကလေး မဟုတ်ဘူးဆိုရင် ဘယ်သူ့ ကလေးတွေလဲ”
“အဲဒါ ကျုပ်လည်း မသိဘူး တော်ရေ့၊ ဘယ်ကလေး ဘယ်သူနဲ့ ရလိုက်မှန်းတောင် ကျုပ် မမှတ်မထားမိဘူး၊ ဒီကလေးတွေ ရှင်မပစ်ဘူး တာဝန်ယူမယ် ဆိုလဲ ကျုပ်စိတ်ချလက်ချ သွားရတော့မှာပေါ့၊ ကျုပ်အပြစ်လဲ ကျုပ်ဝန်ချသွားရတာ စိတ်သန့်ရှင်းသွားတယ်၊ ကဲ ... ကျုပ်ကို ခွင့်လွှတ်ပါတော် ကိုကျော်ရယ်”
အနှစ်၂၀ ပေါင်းခဲ့တာ ဒီသေခါနီး နောက်ဆုံး စကားလေး တစ်လုံးပဲ ကျွန်တော့အပေါ် ကြည်ကြည်သာသာ ပြောသွားဖော်ရတယ် ခင်ဗျာ့၊ အဲဒါလေး တစ်ခုပဲ ကျွန်တော် သူ့အပေါ်မှာ ကြည်နူးလို့ မဆုံးပါဘူး၊ ဒါကြောင့် သူ့သားသမီးတွေ ကျွန်တော်နဲ့ ရတာ မဟုတ်ဘူးပဲ ပြောပြော၊ ကျွန်တော့် စိတ်ထဲမှာတော့ ကိုယ့်သားသမီး အရင်းပဲ။ သူတို့မှာလည်း တခြား အဖေခေါ်စရာမှ မရှိတာဘဲ၊ သူတို့ကို ကျွန်တော် ကောင်းကောင်း ပြုစုတယ်။ ငယ်ငယ်က ဆရာတော်ဘုရား သင်ကြားလိုက်တဲ့ မိဘတို့ ဝတ္တရားအတိုင်း မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း ဆိုတဲ့အတိုင်း ဟော ... အခုအားလုံး လက်လွှတ်ရလို့ ကျုပ်လည်း လူ့ပြည် ငြီးငွေ့တာနဲ့ ရှိပစ္စည်းတွေ လှူတန်ကလှူ၊ သားသမီး ပေးသင့်က ပေးပြီး ပျံတော်မူတဲ့ ဘဘုန်းကြီး သုဿန်ကျောင်းမှာပဲ ညသင်္ကန်း ဆီးနေပါတော့တယ်၊ ရဟန်းဝတ်ဖြစ်ပေမယ့် တခြားပုဂ္ဂိုလ်များလို စာပေကျမ်းဂန် မတတ်တော့ အခုပြောခဲ့တဲ့ ကိုယ့်ဘဝ သုဿန်ပဲ ဟောရပါတော့တယ်။ တကာ တကာမတို့ရေ … နှစ်သက်လျှင် အနုမောဒနာ ပြုကြပါကုန်။
နိဗ္ဗာန် ရပ်ကွက်၊ သုဿန်ကျောင်း ဆရာတော်။
--------------
သော်တာဆွေ
ငွေတာရီ မဂ္ဂဇင်း၊ အမှတ်-၁၃၅၊ စက်တင်ဘာ၊ ၁၉၇၁။

No comments:

Post a Comment