Saturday, 7 May 2016

ဘဝစေးမျှင် (နုနုရည် (အင်းဝ))

ဘဝစေးမျှင် (နုနုရည် (အင်းဝ))
=======================
နေပူကျဲကျဲမှာ တောင်တော်ဆိပ်ကနေ ဆင်ကျုံးဘက်ကို ကူးရတဲ့ လမ်းလောက် စိတ်ပျက်စရာ ကောင်းတာတော့ မရှိဘူး။ သေချင်စော်ကို နံရော။ လမ်းက အရိပ်မရှိရတဲ့အထဲ ဂျင်းကျောက်ခဲတွေကို လောလောလတ်လတ် ခင်းထားလိုက်သေး။ ဒီနေ့မှ ချစီးလာခဲ့တဲ့ သားရေဖိနပ် အသစ်လေးတော့ ကုန်ပါပြီ။ ဖုန်နေအောင် သနပ်ခါး လိမ်းထားတဲ့ ခြေထောက်တွေမှာလည်း မြေနီမှုန့်တွေ လူးကုန်ပြီ။ နေသိပ်မပူခင် ဒီလမ်း လာရရင်တော့ ဒီလောက်ဆိုးမှာ မဟုတ်ဘူး။ စောစောကတည်းက မလှမေလည်း ကူးဖို့ပါပဲ။ အလကား ဟိုကောင်တွေ မပြီးနိုင်တာနဲ့ နေပူရတာ။
မနက် ၉ နာရီလောက် မလှမေ ရောက်ပြီဆိုကတည်းက ပါသမျှပစ္စည်းတွေကို ကြည့်လိုက် ရှုလိုက်၊ ဖွလိုက်ကြတာ မပြီးဘူး။ ကြိုက်တဲ့ ပစ္စည်းကို ယူမှာဖြင့် ယူလိုက်ပါလား။ ဒီလို မဟုတ်ဘူး။ စနိုးဘူးကို ဖွင့်ပြီး အကြာကြီး အနံ့ခံနေတဲ့သူနဲ့။ ကလစ်တွေကို ဖြုတ်ပြီး ခေါင်းမှာ ညှပ်ကြည့်တဲ့သူက ကြည့်။ ကလစ်တွေ ဟ,ကုန်လိမ့်မယ်လို့ ပြောတာလည်း မရဘူး။ ပါးအို့နီဘူးထဲက ကျပ်ပြားလောက် မှန်လေးထဲမှာ ကိုယ့် မျက်နှာကိုယ် ပြုံးကြည့်တဲ့သူကလည်း ရှိသေးတယ်။ ဟိုကောင်မ စိန်လေးတို့များ အိရှံ ပန်းရဲရောင် အစကို သူ့ကိုယ်ပေါ် ကပ်ကြည့်ရုံတင် အားမရဘူး။ လည်ပင်းမှာ သိုင်းထားတဲ့ပြီး ‘ကတ်’ သွားရက် နေလိုက်သေးတယ်။
ဒီလိုပဲ သည်းခံရတာပဲ။ ကိုယ်က ရောင်းချင်တာကိုး။ အင်း မြတ်လည်း မြတ်တာကိုး။ မြတ်တယ် ဆိုပေမဲ့လည်း ငွေက ချက်ချင်း ပေါ်တာ မဟုတ်ပါဘူး။ ‘ကတ်’နဲ့ ထပ်ရတာ။ ‘ကတ်’ ဆိုတာက အိမ်မိုးတဲ့ ကတ်လေ။ အညာအခေါ်ပေါ့။ သက်ကယ်လိုပဲ ရက်ရတာမျိုးပဲ၊ ဒါပေမဲ့ ကတ်က ဝါးကို အတိုင်းနဲ့ဖြတ်။ အများအားဖြင့်ကတော့ တစ်တောင်လောက်ပါပဲ။ အဲဒီ ဝါးလုံးပြတ်လေးတွေကို ရှစ်ခြမ်းလောက် စိတ်ပြီးမှ အဲဒီဝါးခြမ်းတွေကို ပါးပါးလေးတွေ လွှာရတာ။ အဲဒီအလွှာ ‘ကတ်စာ’တွေကို ‘ကတ်တိုင်’လို့ ခေါ်တဲ့ လေးတောင်လောက် ဝါးခြမ်းတိုင် လေးခုထဲမှာ ရက်သွားရတာ။ ခု ကတ်တစ်ရာ ပေါက်ဈေးက ရှစ်ဆယ် ဖြစ်နေတယ်။ ဒါပေမဲ့ မလှမေက ခုနှစ်ဆယ်ဈေးပဲ ထားတယ်။ နောက်ပြီး နှစ်ဆ ဈေးတင်ထားတဲ့ သူ့ပစ္စည်းတွေနဲ့ ထပ်တော့တာပဲ။
အိရှံအစဆို အရင်းက လေးဆယ့်ငါးကျပ်။ မလှမေက ကတ်တစ်ရာနဲ့ ထပ်တယ်။ ခုနှစ်ဆယ်ပေါ့၊ အစိတ်မြတ်ပေါ့။ တက္ကသိုလ်မိတ်ကပ်တို့၊ ပလေးဘွိုင်းတို့ဆို ဝယ်ရတာက အလွန်ဆုံး တစ်ဆယ် ဆယ့်နှစ်ကျပ်ပဲ။ ဒါပေမဲ့ မလှမေက ကပ် သုံးဆယ်ပဲ။ နှစ်ဆယ့်လေးကျပ်ပဲ။ တခြား အလှကုန် ပစ္စည်းတွေလည်း ဒီလိုပဲ။ သူ့ဈေးနဲ့သူပေါ့။ ကတ်နှစ်ဆယ်နဲ့ ထပ်တန်တာထပ်။ သုံးဆယ်နဲ့ ထပ်တန်တာ ထပ်ပေါ့။
အမယ်လေး … ဟန်ကျလိုက်တာ၊ မြတ်လိုက်တာလို့တော့ မထင်လိုက်နဲ့ဦး။ ‘ပေးပစ္စည်း ရော့ ကတ်’လို့များ မမှတ်နဲ့။ ပစ္စည်းတွေကိုတော့ ဘယ်လောက် ဈေးပဲကျကျ ကတ် ဘယ်လောက်ပဲ တောင်းတောင်း မငြင်းဘူး။ ‘အင်း၊ ဟုတ်’ ဆိုပြီး အလျှိုအလျှို ယူသွားကြတာပဲ။ အဲ၊ ကတ်ကတော့ ဘယ်နေမှန်း မသိသေးဘူး။ နောက်တစ်ပတ်ကြာမှ နောက်သုံးရက်ကြာမှ ဘုရားကြီးပွဲ ပြီးမှ ဆိုတာမျိုးတွေ။ အဲ၊ လိုက်သိမ်းပေရော့။ တစ်အိမ်ဝင် တစ်အိမ်ထွက်၊ စာရင်း စာအုပ်နဲ့။
အဲဒီအချိန်ဆို မလှမေ သိပ်စိတ်ညစ်မိတယ်။ ကိုယ့်ဆီက နှုတ်ခမ်းနီကို ရဲနေအောင် ဆိုးထားတဲ့ နှုတ်ခမ်းကို ထော်တဲ့ပြီး ကလေး စောင်းဆဲလား ဆဲရဲ့၊ ခွေးစောင်းဆဲလား ဆဲရဲ့။ အင်း၊ မှန်မှန်ကန်ကန် ပေးတဲ့လူကလည်း ပေးပါတယ်။ ဒါပေမဲ့ နည်းတယ်။ တစ်ခါတလေ သူတို့ ရက်နေတဲ့ အောက်ကနေ ကတ်ကို အတင်းဝင်ဆွဲတန် ဆွဲရတယ်။ ကတ် အပုံလိုက် မြင်နေရက်သားနဲ့လည်း မရဘူး။ အဲ သူတို့ကလည်း အမျိုးမျိုး ကြွေးဆပ်ရဦးမှာလေ။ ဝါးကြွေးယူ၊ ကတ်ပြန်ပေး လုပ်ထားတဲ့အတွက် ဝါးကုန်သည်ကို ကတ် ပြန်ပေးရမယ်။ မလှမေလို နှစ်ဆတင်ပြီး ရောင်းတဲ့၊ ဝက်သားလို ငါးခြောက်တို့လို ကတ်နဲ့ ထပ်စားထားတဲ့ အကြွေးကိုလည်း ဆပ်ရဦးမည်။အို ရှုပ်လို့၊ ပွလို့၊ သူတို့ကတော့ မပြောနဲ့။ ကတ်နဲ့ ထပ်ရလို့ကတော့ လေယာဉ်ပျံတောင် ဝယ်စီးကြမယ့် ဟာတွေ။
အဲဒီ၊ ဒီရက် မရ နောက်ရက်၊ နောက်ရက် မရ ဟိုရက်၊ ဆဲတန်ဆဲ၊ အော်တန် အော်ပြီး တောင်းရတာ အမော။ လှည်းတစ်စီးစာ ပြည့်တော့မှ ကိုယ့်အိမ် တိုက်ယူစုထား။ ကတ်တစ်ထောင်လောက် ရတော့မှ ကပ်ကုန်သည်ကြီးတွေဆီကို သွားရောင်းရတာ။ ဈေးကတော့ ပေါက်ဈေးပေါ့။ ပေါက်ဈေး ရှစ်ဆယ်ဆို၊ သူတို့ဆီက ခုနှစ်ဆယ်နဲ့ ယူတာဆိုတော့ တစ်ဆယ် ထပ်မြတ်သေးတာပေါ့။ ဒါပေမဲ့ တစ်ခါတလေ ကတ်ဈေး ထိုးကျသွားရင်လည်း ပြီးရော၊ သွားရော။ ခုလည်း ထုံးစံအတိုင်း ရွှေကြက်ယက် ညောင်သွန်း ပြီးမှတဲ့၊ အလျှိုအလျှို ယူကုန်ကြပြီ၊ အင်း စာရင်း မှတ်ရတာကတော့ လက်ကို အောင့်လို့။ ခဲတံ တံတွေး ဆွတ်ရတာကလည်း အကြိမ်ကြိမ်။ ပြီးတော့သာ ဘယ်နှလလောက် တောင်းရဦးမယ် မသိဘူး။
သင်းတို့ မယူလို့ ကျန်တဲ့ ပစ္စည်းလေးတွေကို ဒီဆင်ကျုံးက ဟာမတွေကို ရောင်းရဦးမယ်။
“မလှမေကြီး လာပြီဟေ့” ဆိုပြီး၊ ကလေးရော၊ ခွေးရော၊ ဝက်ရော ဝိုင်းလာကြဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒါတွေကို မလှမေ သည်းညည်းခံရမှာပဲ။ ခဏပါ မကြာတော့ပါဘူး။ ဒါတွေဟာ ‘ခွေးနီမ’ တက္ကသိုလ် ကျောင်းကြီးက ဆင်းလာရင် အားလုံးပြီးသွားမှာပါ။ ခဏပါ။
သင်းကလေးကြောင့် မလှမေ ဒါလောက် လုပ်နေရတာ။ ခွေးနီမကြောင့်၊ နို့မို့ဆို မပူသေး၊ အေးဆေးပဲ။ ကိုယ့်ဘာသာ အပျိုကြီး တစ်ကိုယ်တည်းသာဆို တစ်နေကုန် ရွာရိုးကိုးပေါက်၊ ခြေတိုအောင် လျှောက်ပြီး မောလာတာကိုတောင် အမောအပန်း မဖြေအားလဲ၊ ခုလို မီးခွက်လေး မှိတ်တုတ်နဲ့ သင်ဖြူး ရက်မနေရဘူးပေါ့။
ခုတော့ တစ်ဖက်တစ်လမ်းက ဝင်ငွေလေး၊ သင်း ကျောင်းစရိတ်လေး ရပါစေတော့ဟဲ့ဆိုပြီး သင်ဖြူးတစ်ချပ် နှစ်ကျပ်နဲ့ အငှားရက်ရသေးတယ်။ နဂိုကတည်းက သင်ဖြူးရက်လာတဲ့သူ ဆိုတော့၊ ညဆယ်နာရီလောက်ဆို သင်ဖြူတစ်ချပ် ပြီးလုပြီးခင်ပဲ။ မနက်ကျမှ နည်းနည်းလေး လက်စသတ်လိုက်။ ပြီးရော။ သင်ဖြူးတစ်ချပ် ဖြစ်လာအောင်က “အူလွှာ”ဆိုတာရော၊ ‘အကြောလွှာ’ ဆိုတာရော၊ နှစ်လွှာရက် ပေးရတာ။ အဲဒီနှစ်လွှာပေါင်းချုပ်မှ တစ်ချပ် ဖြစ်တာကိုး။
ဟိုတုန်းကတော့ အဖေတို့ အမေတို့ မသေခင်တုန်းကတော့ မလှမေတို့က သင်ဖြူးပဲ လုပ်တာ။ သင်စည်းတွေကို ကိုယ့်ဘာသာဝယ်၊ ကိုယ့်ဘာသာ သင် ရေစိမ်ပြီး၊ ကိုယ့်ဘာသာ သင်ငင်။ ကိုယ့်ဘာသာ ရက်။ နောက်ပြီး အဖေက ချုပ်ပြီး အတော်ကလေးရတော့မှ အမေက မန္တလေး တက်ရောင်းပေါ့။ မလှမေက တကယ်တော့ အိမ်တွင်းပုန်း။ ဘယ်မှ သွားတာ ရောက်တာ မဟုတ်ဘူး။ သင်ဖြူးပဲ နေ့ရောညပါ တွင်တွင်ရက်နေတာ။ အဲဒီတုန်းက အကြီးဆုံးအစ်မ မလှရွှေလည်း မသေသေးဘူ။ သူက သင်ငင်။ မလှမေနဲ့ ခွေးနီတို့အမေ မလှငွေက ရက်ပေါ့။
ဒါပေမဲ့ မလှငွေက ညပိုင်းလောက်ပဲ ကူရက်တာ။ နေ့ဘက် သူက ကျောင်းသွားရသေးတာကိုး။ မလှရွှေနဲ့ မလှမေတို့ကတော့ ဘုန်းကြီးကျောင်းမှာ သေစာရှင်စာ သင်ပြီးကတည်းက တစ်ခါတည်း ပြီးပြီ။ တော်ပြီ။ အငယ်ဆုံးမ မလှငွေကတော့ စာလေးကလည်း တော်တော့ ကျောင်းဆက်ထားဖြစ်တယ်။ ဒါလည်း အဖေက ထားလို့ပါ။ အမေက အင်တင်တင်ပဲ။ အဲဒီခေတ်က မိန်းကလေးဆို ဘယ်သူမှ အတန်းကြီးထိ ဆက်မနေကြဘူးလေ။
အဖေ့ဘက်က ပါလာတဲ့ ပန်းနာမြစ်ခြောက်ရောဂါနဲ့ မလှရွှေက ဆုံး။ နောက် အဲဒီရောဂါနဲ့ပဲ အဖေက ဆုံးနဲ့၊ မလှမေတို့ သားအမိသုံးယောက်တည်း လုပ်ကိုင်စားတုန်း၊ အမိုက်မ မိလှငွေက ကျောင်းနေရင်း လင်ယူရော။ အင်း။ ယောက်ျားမရှိတဲ့ အိမ် အားကိုးလေး ရသဟဲ့လို့ ဖြေနေတုန်း မလှငွေက ခွေးနီမကို မီးဖွားပြီး ဆုံးပြန်ရော။ ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးဖိုဖြစ်တဲ့ သူ့ကောင်ကလည်း မိန်းမ ယူသွားတာပေါ့။ မကြာပါဘူး။ မလှငွေစိတ်နဲ့ အမေလည်း ဆုံးတော့ အိမ်တွင်းပုန်း အပျိုကြီး မလှမေမှာ ကလေးတစ်ကောင်နဲ့ ယောင်ချာချာ ကျန်ရစ်ခဲ့ရတယ်။
ဒါပေမဲ့ ခွေးနီမကိုတော့ မလှမေ သိပ်ချစ်တယ်။ ခွေးနီမအတွက် အိမ်တွင်းပုန်း အပျိုကြီး သတ္တိမွေးရတယ်။ ခုတော့လည်း မလှမေတို့က ဟုတ်လို့။ အိမ်ပြင်ထွက်ပြီး စီးပွားလည်း ရှာတတ်ပြီ။ အမေ သေရာက ထလာနိုင်တဲ့ အဆဲမျိုးစုံနဲ့လည်း ကြွေးတောင်းတတ်နေပြီ။ ခွေးနီမ တက္ကသိုလ်ကျောင်းကြီး စရိတ် သုံးရာ မှန်မှန်ပေးနိုင်ဖို့ အိမ်နေရင်း၊ စပ်ထဘီကို ဝတ်၊ ကောက်သင်းကောက်ထားတဲ့ ပဲကို စားပြီး၊ မလှမေမှာ တစ်ပြား နှစ်ပြားမှတ်လို့ ခွာရတယ်၊ ဒါပေမဲ့ ပစ္စည်းပစ္စယလေးတွေ မန္တလေးတက် ဝယ်ပြီး ရွာတွေကို ကတ်နဲ့ သင်ဖြူးနဲ့ထပ်ရအောင် သွားရင်တော့အပျိုကြီး ဗီဇစိတ်နဲ့ ခြေဆုံးခေါင်းဆုံး သနပ်ခါးလေး လူးပြီး အင်္ကျီလုံချည် လတ်လတ်လေးနဲ့ မလှမေ ထွက်ချင်တယ်။ ဒါလည်း ‘နေဟဲ့’ ဆိုပြီး မလှမေ မျိုသိပ်ပါတယ်။ မနေနိုင်တဲ့ အဆုံးသာ စက်ဘီးနဲ့ လာရောင်းတဲ့ ပြာလောင်သနပ်ခါးအစို တစ်မတ်ဖိုးလောက် ဝယ်လိမ်း လိုက်တာပဲ။ ရွှေဘိုခေါက်နဲ့ ဝေးတာလည်း ကြာပေါ့။ ဒါတွေကို မလှမေ ဝမ်းမနည်းပါဘူး။ စိတ်မညစ်ပါဘူး။ သင်းကလေး နေပူစပ်ခါး မထွက်ရဘဲ အရိပ်ထဲမှာ ကလောင်လေးတစ်ချောင်းနဲ့ သက်သောင့်သက်သာ နေရ ပြီးတာပဲ။ ဒါပဲ။
စက်ဘီးလေးက တစ်ပတ်ရစ်သာ ဆိုရတယ် မဆိုးပါဘူး။ အတော်လေး လတ်ပါသေးတယ်။ ခုနှစ်ရာ ဆိုတော့ တန်ပါတယ်။ ဒါကလည်း ကိုယ်က ကတ်သွား ရောင်းနေကျဆိုတော့ ခင်မင်ပြီး လျှော့ပေးလိုက် လို့သာပါ။ သူများဆို ခုနှစ်ရာ ဘယ်ရမလဲ။
အသစ်စက်စက် ဆရာမကြီး ဒေါ်ခွေးနီမ အဲ ဒေါ်ခင်မြဦးပေါ့လေ။ သူ့ကျောင်းနာမည်ကို မလှမေ ခေါ်နေမကျတော့ မေ့မေ့နေတတ်တယ်။ အဲဒီ ဆရာမကြီး ခွေးနီမကတော့ စက်ဘီးလေးကို ကြည့်ပြီး မြူးနေပုံပဲ။ သူ မြူးနေတာ မြင်ရတော့ ချစ်တီးစု စုထားခဲ့တဲ့ ငွေလေး ငါးရာနဲ့လက်က လက်စွပ်လေး ပျောက်သွားတာကို မလှမေ နှမြောမနေတော့ဘူး။
သူ့ခမျာလည်း ခုမှပဲ စက်ဘီးဆိုလို့ စီးရရှာတာ။ အထက်တန်းကျောင်း တက်နေတဲ့ တစ်လျှောက်လုံး ခြေကျင်ပဲ။ ခုဟာကတော့ မဝယ်မဖြစ်ဘူး။ ခွေးနီမ ဆရာမ သွားလုပ်ရမှာက ဒီကနေ အသွား ရှစ်မိုင်၊ အပြန် ရှစ်မိုင်တဲ့။ ဘယ်လိုလုပ် သွားမလဲ။ ဟိုရွာမှာ သွားနေလို့လည်း မလွယ်ပါဘူး။ နောက်ပြီး သူ့ထက် ဝေးတဲ့ ရွာတွေက သူ့သူငယ်ချင်းတွေတောင် ဒီလိုပဲ သွားကြ ပြန်ကြမှာတဲ့။ ကဲ၊ လုပ်ပေါ့၊ ကြိုက်သလိုပေါ့။ ဘာပြောပြော ခုချိန်မှာတော့ မလှမေ အူမြူးနေတယ်။ ခွေးနီမအတွက် ‘တာဝန်’ လျော့သွားတာကလည်း တစ်ကြောင်း၊ နောက်ပြီး တူမချော လိမ္မာက“ဒေါ်ကြီး နားပါတော့တဲ့၊ ဒေါ်ကြီး ဈေးလျှောက် မရောင်းပါနဲ့တော့”တဲ့။ အမယ်လေး ချိုလိုက်တဲ့ နားဝင်။ ဖြစ်လိုက်ရတဲ့ ပီတိ။
မလှမေတို့ ငယ်ငယ်တုန်းက မလှမေ သူငယ်ချင်း ဆရာမ သားအမိကို မျက်စိထဲ ပြေးမြင်လိုက်မိတယ်။ ကျောင်းဆက်နေတဲ့ မလှမေ သူငယ်ချင်းက ဆရာမကြီး ဖြစ်ပြီး မအေနဲ့ မတောင့်မတ မကြောင့်မကြ။ လူကလည်း အရိပ်ထဲမှာ ဆိုတော့ ဖြူ၊ အု၊ နုလို့။ အဲဒီတုန်းက ကလေးတစ်ကောင်နဲ့ ရုန်းနေရတဲ့ မလှမေက သူတို့ကိုကြည့်ပြီး အားကျရ၊ ဝမ်းနည်းရတာက အမော။ ဒါကြောင့် ခွေးနီမ ငယ်ငယ် ဒေါ်ကြီးနဲ့ ဈေးရောင်းလိုက်မယ်ဆိုပြီး ပေကပ်နေတုန်းက ဝါးခြမ်းပြားနဲ့ စပ်နေအောင် ရိုက်ပစ်လိုက်ရတယ်။ အင်း ခုတော့လည်း မလှမေတစ်ယောက် ပင်ပန်းခံရကျိုး နပ်တော့မယ် ထင်ပါရဲ့။
လက်ကျန်ကြွေးလေးကို လျှောက်တောင်းရင်း “မလှမေကြီးက ဆရာမရဲ့ ကြီးဒေါ်ဆိုပြီး ကျုပ်တို့တောင် အဖက်မလုပ်ချင်တော့ဘူးလား” ဆိုတာတို့။ “အလည်လေးတော့ လာပါဦးတော့ မလှမေကြီး” ဆိုတာတို့။ “ရှင့်တူမက လခတွေ အများကြီးရမှာပေါ့နော်” ဆိုတာတို့ကို ဝိုင်းပြောလိုက်ကြတာ။ ရင်ထဲမှာ ကျေနပ်နေပေမယ့် ခပ်တည်တည်နဲ့ “ဒါတွေ ညည်းတို့ နားမလည်ပါဘူးအေ” လို့ ပြောပစ်လိုက်တယ်။
ဟော ဆရာမကြီး ဒေါ်ခွေးနီမက “အဒေါ်ကြီး ဘာနားလည်လို့လဲ” တဲ့။ မလှမေကို သူ့ကျောင်းက ကလေးတွေများ အောက်မေ့နေသလား မသိ။ ဟင်း … မပြောချင်ဘူး။ သူ့ထက်အရင် ထမင်းစားလာတဲ့သူ။ သင်းကို ဗိုက်ထဲက မွေးမထုတ်ရတာ တစ်မည်ပဲ။ အစစ ကျွေးမွေးပြုစုလာတဲ့ သူ့ကို သိလို့ နားလည်လို့ ပြောရင် သင်းက မရဘူး။
ဟုတ်တယ်လေ။ မလှမေ ပြောမိတာပေါ့။ ဘယ့်နှယ် မလှမေက ညနေတိုင်ဆို ထမင်း ဟင်း ချက်ပြုတ်၊ ရေမိုးချိုးပြီး သူ့ကြိုဖို့ လမ်းထိပ်ညောင်ပင်ထိအောင် ထွက်ထွက်လာတယ်။ အင်း ဒါကလည်း ဒီလိုလေ မလှမေ သူငယ်ချင်း ဆရာမ မအေးမိတို့ အမေ ဒေါ်ခင်ကြီး ညနေတိုင်ဆို စတိုင်အပြည့်နဲ့ သူ့သမီးကို သွားသွားကြိုတာကို မလှမေ မြင်ဖူးတယ်။ သိပ်ကြည့်လို့ကောင်းတာပဲ။
ဒီတော့ မလှမေလည်း ရှိသမျှ အဝတ်လတ်လတ်လေးဝတ်။ အကပ်အသပ် အပွေးလေးတွေ ကျန်သေးတဲ့ ရွှေဘိုခေါက် အကောင်းလေး ကျောက်ပျဉ်မယ် တဂျစ်ဂျစ် သွေးလိမ်း။ ခွေးနီမ လခထုတ်တော့မှ အပွေးကောင်းပေ့ဆိုတဲ့ ရွှေဘိုခေါက်လည်း ဝယ်ရဦးမယ်ဆိုတဲ့အတွေးလေးနဲ့ပေါ့လေ။ အဲ ပြီးတော့ ကြော့ကြော့ ကြော့ကြော့နဲ့ ထွက်လာပါတယ်။
ဘယ့်နှယ်တော် ပြန်လာတဲ့ တူမ ကြည့်ပြီး မလှမေ အမောဆို့ချင်စရာ။ နေလောင်ထားတဲ့ မျက်နှာက မည်းလို့။ လေတိုးထားတဲ့ ဆံပင်တွေက ဖွာလန်ကြဲလို့။ မောနေလိုက်တာ စကားကို မပြောနိုင်ဘူး။ စက်ဘီးပေါ်က ဆင်းလိုက်တော့ လုံချည်နောက်မှာ နည်းတဲ့ချွေးကွက်ကြီး မဟုတ်ဘူး။ အမယ်လေး ဒီလိုသာဆို ချွေးစားတာနဲ့ လုံချည်တွေ ပစ်ရချည်ရဲ့။ အင်း ရှစ်မိုင် နင်းလာခဲ့ရတာလေ။
ဒါနဲ့ လေး ငါးရက်လောက်လည်း ကြိုပြီးရော၊ မလှမေ သိပ်မကြည်လင်ချင်တော့ဘူး။ ဟုတ်တယ်လေ ကြည့်ဦး။ ပုံပျက်ပန်းပျက် မောဟိုက်ပြန်လာတဲ့ တူမနဲ့ လတ်ဆတ်မှုန်ကြော့နေတဲ့ အဒေါ်နဲ့ တွဲပြီး ပြန်လာရတာ ကြိုတဲ့လူက စိတ်မလုံချင်တော့ဘူး။ သေချာတယ်။ မအေးမိတို့ သားအမိလိုတော့ ဘယ်လိုမှ ကြည့်ကောင်းမှာ မဟုတ်ဘူး။
အဲဒီတော့ အဒေါ်လုပ်သူက “တက္ကသိုလ်တို့၊ ပလေးဘွိုင်တို့၊ ထူထူလိမ်းပါဟဲ့၊ သပါဟ့၊ဲ ငါ့မှာ မကုန်တဲ့ မိတ်ကပ်ဘူးတွေ အများကြီးပါဟဲ့” ဆိုပြီး တဟဲ့ဟဲ့ လုပ်တော့ “အဒေါ်ကြီး ဘာနာလည်လို့လဲတဲ့၊ ဘာတွေ လိမ်းလိမ်း အလကားပဲ ထူးမှ မထူးတာကို” တဲ့။ ဘယ်နှယ့်တော်။ နေပူခံအောင်တဲ့ မနက်တိုင်ဆို သနပ်ခါးဘဲကြား အထူကြီးနဲ့၊ ဆရာမတဲ့ ကောက်စိုက်မ လယ်တော ဆင်းတော့မယ့်အတိုင်း။ မလှမေ စိတ်ပျက်တယ်။ သွားမကြိုတော့ဘူး။ နောက်ပြီး တစ်နေ့ တစ်နေ့ ပြန်လာလို့ သူ့စကားတွေ နားထောင်ရပြီ ဆိုမှဖြင့် မလှမေ နည်းနည်းမှ စိတ်မသက်သာရဘူး။
“ဒီနေ့လေ ဒေါ်ကြီး၊ လမ်းတစ်ဝက် ရှိသေးတယ်။ သန်းသန်းဌေး စက်ဘီးပေါက်သွားလို့ စိတ်ကို ညစ်သွာကြတာပဲ ဒေါ်ကြီးရာ၊ ကျောင်းအသွားမှာ ဖြစ်တာ၊ ကျွန်မတို့အကုန်လုံး ဒီအတိုင်း တွန်းသွား ကြရတာပေါ့၊ တော်ပါသေးရဲ့၊ ကျွန်မတို့ ကျောင်းက ဆရာမကြီးဒေါ်အုန်းကြင်နဲ့မို့လို့”ဆိုတာက တစ်မျိုး။
“ဒေါ်ကြီးရေ၊ ဒီနေ့လေ နီနီရယ် စက်ဘီးပေါ်က ထိုးကျလို့ မူးတာလေ၊ သူက ကျန်းမာရေး သိပ် မကောင်းဘူး၊ မနက်စောကြီး ထပြီး ဘီးနင်းရတော့ အမောဆို့ပြီး မူးသွားတာတဲ့” ဆိုတာကတစ်ဖုံ။
“ဒေါ်ကြီး ကျွန်မသူငယ်ချင်း အဝင်းကို သိတယ် မဟုတ်လား၊ အိမ်ထောင်ကျသွားတဲ့ တစ်ယောက်လေ၊ အဲဒါလေ ဒီနေ့ လမ်းမှာ စက်ဘီးကြီး ဘေးချပြီး ထိုင်ငိုနေတာ၊ ဆက်မနင်းနိုင်တော့လို့တဲ့၊ သူ့ကျောင်းက ကျွန်မတို့ထက်တောင် ဝေးသေးတယ်၊ နောက်ပြီး သူကမီးဖွားပြီးစလေ၊ အမယ်လေး ဒေါ်ကြီးရယ်၊ နို့တွေ သက်နေလိုက်တာများ မြင်မကောင်းဘူး၊ အင်္ကျီအဖြူကို ရွှဲလို့၊ တော်ပါသေးတယ်၊ စိုးကျော်က အားကောင်းလို့ သူ တင်နင်းသွားရတယ်”
တစ်နေ့ တစ်နေ့ မရိုးရအောင် သူ့တူမ တင်ဆက်တဲ့ ဇာတ်လမ်းတွေလေ။ စိတ်မချမ်းမသာ နားထောင်ရင်းနဲ့ပဲ ကိုယ်သိချင်တာလည်း မလှမေ မေးရသေးတယ်။
“ဟဲ့ နေပါဦး ခွေးနီမရဲ့၊ အဝင်း ယောက်ျားကရော၊ ကျောင်းဆရာပဲ မဟုတ်လား”
“ဟုတ်တယ်လေ၊ ဒါပေမဲ့ သူက အဝေးကြီး၊ ဟိုရွာမှာ သွားနေရတာ”
“ဟင်၊ အဝင်းက အဲဒီကျောင်း လိုက်လုပ်ပေါ့အေ”
မသိရန်ကောဆိုတဲ့ မျက်နှာထားနဲ့ တူမချောက “မရဘူး ဒေါ်ကြီးရ၊ ဒေါ်ကြီး ဒါတွေ နားမလည်ပါဘူး” တဲ့။ ဒုက္ခ။ ငါ့နှယ်။ ဒါပေမဲ့ မလှမေကလည်း မနေနိုင်ဘူး။
“ဟိုဒင်း … နေဦး … ဘယ်သူ၊ စိုးကျော်ဆိုတဲ့ ကောင်လေးက အင်ဂျင်နီယာ ကျောင်းကြီးက ဆင်းတဲ့ကောင် မဟုတ်လား၊ ငါ့လို ငါးပိ ငါးခြောက်တွေနဲ့ ကတ်နဲ့ ထပ်တဲ့ မမှဲ့ကြီး သားလေဟာ၊ သူကလည်း ကျောင်းဆရာလား၊ ဘာတွေတုံး”
ကဲ တော် … မသိလို့ မေးတာကိုများ ထုံးစံအတိုင်း မရွှေချောက “ဒါတွေ ဒေါ်ကြီး နားမလည်ပါဘူး”တဲ့။ ကောင်းကြရော။
သူ့သူငယ်ချင်းတွေ နီနီတို့ ပိုင်ပိုင်တို့ ချိုနွယ်တို့ ဘာတို့ရဲ့ ဇာတ်လမ်းတွေကို မလှမေ ရင်တမမ မျက်လုံး တပြူးပြူးနဲ့ နားဆင်ရင်းကပဲ တစ်နေ့ မရွှေခွေးနီမ ပြောလိုက်တဲ့ သတင်းဇာတ်လမ်းကတော့ မလှမေ မျက်လုံးတွေကို ပြာခနဲ ဖြစ်သွားတာပဲ။
“ဒေါ်ကြီး ကျွန်မတို့ ဟိုဘက်ရွာကို သူတစ်ယောက်တည်း ကွဲကျသွားတဲ့ အနှင်းလေ၊သိလား လှည်းတင် ခံရလို့” တဲ့။
ဘာမဆိုင် ညာမဆိုင် အင်္ကျီလက်မောင်း ပင့်မိပြီး ငါ့တူမများ ဆိုရင်ဆိုတဲ့ အတွေး နဲ့ ဟင်း … ပါးသက်စေ့ ရိုက်၊ ဖနောင့်နဲ့ မျက်နှာကို ပေါက်သတ်မှာလို့ ပါးစပ်ကတောင် ထွက်မိတယ်။ တူမစိတ်မွှန်ပြီး အပျိုကြီးတန်မဲ့ အယုတ္တ အနတ္တတွေတောင် မလှမေ ထွက်မိရဲ့။ ညညဆို ထမင်းစားပြီး အိပ်ရာထဲ တိုးဝင်သွားတဲ့ တူမကို အနှိပ်တော်ဆက်ရင်း ဆုံးမရတာကလည်း အမော။
အဲ မလှမေ ပိုပြီးမောရတာကတော့ လကုန်ရက်မှာ ခွေးနီမ စက်ဘီး ဆင်စွယ်ကျိုးလို့တ့။ဲ ရှစ်ဆယ့်ငါးကျပ်တဲ့။ အပြေးအလွှား ပိုက်ဆံထားနေကျ ခေါင်းအုံးအောက်ကို လှန်ကြည့်လိုက်တော့ မလှမေ မျက်လုံးတွေ ပြူးခနဲ။ အရေးထဲ သူ အလွန်အားကျတဲ့ မအေးမိတို့ သားအမိ တစ်လပြီး တစ်လ ရွှေတွဲလွဲ ငွေတွဲလွဲ ဖြစ်လာတာတွေကို သတိရလိုက်မိသေးတယ်။ ခု မလှမေမှာတော့ အမေ ဆင်ခဲ့တဲ့ ပုလဲ နားကပ်လေး ချွတ်ရကိန်းပါလား။
မရောက်တာ ကြာပေမဲ့ ဟောဒီလမ်းရဲ့ ဆိုးရွာပုံကတော့ ပြောင်းလဲမသွားဘူး။ ဒီတိုင်းပဲ။ ဂျင်းကျောက်ခဲ တွေကလည်း အချိန်မရွေး ခင်းလည်းခင်းနိုင်ပေ့။ ထုံးစံအတိုင်း နေပူမှပဲ ဆင်ကျုံးဘက် ကူးရတော့တာပဲ။
အရင်တုန်းက ကြွေးဟောင်းကို တောင်းလို့ဆိုပြီး ဟိုကောင်မ စိန်လေးနဲ့ မလှမေ စကားများ နေရလို့ ကြာနေတာ။ ကောင်မက မလိုတမာနဲ့ ဦးသိန်းမောင် အလှဆီဘူးပေါ် လက်ထောက်လိုက်လို့ ဘူးပိတ်လည်း အကွဲခံခဲ့ရသေးတယ်။
နောက်ပြီး စိန်လေး မကြားတကြား ပြောလိုက်တဲ့ “အသက်ကြီးလေ လောဘကြီးလေဆိုတဲ့ ဟာမျိုးကြီး၊ မုဆိုးဖိုနဲ့ ညားပါစေတော်” ဆိုတာကိုတော့ မလှမေ တနုံ့နုံ့ ဒေါသဖြစ်လို့ မဆုံး။ အသည်းနာလို့ မဆုံးဘူး။
ဟင်း … သိမယ် ကောင်မတော့ နောက်နေ့ တောင်းလို့မရရင် ကောင်စီတိုင်မယ်။ စိတ်တိုတိုနဲ့ မလှမေ တေးလာခဲ့ရတယ်။
အမယ်၊ ဟိုရွာထဲက ထွက်လာတာ စိုးကျော် အမေ မမှဲ့ကြီးပါရောလား။ အိုး … ထွက်လိုက်တဲ့ချွေးကလည်း မျက်လုံးထဲတောင် စီးကျမတတ်။ ပါးပေါ် စီးကျလာတဲ့ ချွေးတွေကြောင့် စို့ထွက်လာတဲ့ သနပ်ခါးနံ့ကလည်း ပုပ်အဲ့အဲ့နဲ့။ ဟင် … ခွေးနီမ။ ညည်း ဆရာမကြီး ဖြစ်တော့လည်း ငါ့မယ် ပြာလောင်သနပ်ခါး အစိုနဲ့ပဲ နှစ်ပါးသွားရတုန်းပါပဲလား။
----------
နုနုရည် (အင်းဝ)
သည်းဦးပန်း မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၈၅။

No comments:

Post a Comment