Thursday, 26 May 2016

အပျိုကြီးပဲ ဒါပေမယ့် ဆရာဝန် (ဝင်းဝင်းလတ်)

အပျိုကြီးပဲ ဒါပေမယ့် ဆရာဝန် (ဝင်းဝင်းလတ်)
-----------------------------------------------
သည်လူနာ အမျိုးသမီး ကိုတော့ မြင်မြင်ချင်းပဲ ဒေါက်တာ သဘောကျမိ၏။ အမျိုးသမီးက ကြည်လင် သန့်စင်စွာ ချောမောသည်။ ပြီးတော့ ပြေပြစ်စွာ ခြယ်သထားသည်လေ။ မျက်ခုံးထူထူကို ခဲအနက် ရေးရေး ထပ် တင်ထားတာ၊ မျက်ခွံမှာ ညိုလဲ့လဲ့ ရှိတာ၊ နှုတ်ခမ်းက လိမ္မော်နု ဝတ်ဆင်ထားတဲ့ ပါတိတ်ဆင်လေးနှင့် အရောင်တူ၊ ဒေါက်တာက ကိုယ်ပိုင် မခြယ်သပေမယ့် ခြယ်သထားလို့ ပြေပြစ်နေသော အလှပတိုင်းကို နှစ်လိုမိတတ်မြဲ။ T-V မှာ မြင်ရတတ်သော မာဂရက် သက်ချာနှင့် ကာရီတို့ရဲ့ သမိုင်းဝင် စကားများကို မှတ်သားရင်း သူမတို့ရဲ့မျက်ခွံထိပ်က ပြာလဲ့လဲ့ အရောင် ပြေပြေလေးများကို သဘောတကျ ရှိလိုက်မိမြဲ၊ အမျိုးသမီး ဆိုတာ အခြယ်အသလေးနှင့် အမျိုးသမီး ဆန်ဆန်လေးတော့ ရှိသင့်တယ်လေ။ ဒေါက်တာက ခံယူသည်။
ဒေါက်တာလည်း အမျိုးသမီး တစ်ယောက်ပဲ။ ခြယ်သ ဆင်ပြင် ကြည့်ခဲ့ဖူးတာပေါ့။ ကိုယ့်ရုပ်သွင်က ခြယ်သရင် ပိုလှပ မလာပဲ ပင်ကိုယ်ရုပ်ပင် ခြယ်သလို့ ရှိလာရသပေယာင် အနုတ်လက္ခဏာ ပြလာသည်မို့ နှုတ်ခမ်းလေး ပန်းရောင်ပျော့ပျော့ တင်သည်က လွဲလို့ မပို ဖြစ်ခဲ့တော့ခြင်းပါပဲ။
ဒေါက်တာရှေ့က အမျိုးသမီးကတော့ ပင်ကိုယ် မျက်နှာ ချောချောလေးကို သဘာဝဆန်စွာ ခြယ်သ ထားသည်နှင့် အမျှ ပိုလို့ ချောမွေ့ ပြေပြစ်နေခဲ့သည်။ အသက်အရွယ်ကတော့ ဒေါက်တာ အသက်အရွယ်မျှပင် ရှိပါလိမ့်မည်။ ဒေါက်တာနှင့်တော့ မတူ၊ ခြားနားနေခဲ့တာ အမှန်ပင်။ အမျိုးသမီးရဲ့ မျက်လုံး၊ နှုတ်ခမ်းများက သိုဝှက်စွာ ရှက်နေခဲ့သည်။ အတိုင်ပင်ခံ ဆရာဝန်က အမျိုးသမီးချင်းပင် ဖြစ် နေသည့်တိုင် သူမက သိမ်မွေ့စွာပင် ရှက်ယောင် နေသေးတော့။ ထို အမူအရာကပင် သူမနှင့် ဒေါက်တာ့ကို ခြားနား ကွဲပြားစေတာ ထင်သည်လေ။ အဆင့်မြင့် ရုံးဝန်ထမ်း ထိုအမျိုးသမီး လူနာကို ခေါ်လာခဲ့သူက သူငယ်ချင်း ဆိုင်မန်နေဂျာ ဖြစ်သည်။ သည် သူငယ်ချင်းမလည်း အိမ်ထောင်ကျ မစောလှ။ လွန်ခဲ့တဲ့ နှစ်နှစ်က အိမ်ထောင်ကျသည်။ အဲသည် နှစ်နှစ်အတွင်း ပြဿနာတွေ တစ်ခုပြီး တစ်ခု ဘယ်နှစ်ကြိမ်မှန်း မမှတ်မိအောင် သယ်ဆောင် လာရောက်ခဲ့ဖူးပြီ။
“သူ့ မင်္ဂလာဆောင်ကနေ ဆက်လာတဲ့ နောက်ဆက်တွဲ ကိစ္စတွေက ဘယ်တော့ ရပ်တန်းက ရပ်မှာလဲ”
ဒေါက်တာက ညည်းညူ ယူရသည်။
“ကိုယ့် မြေးကလေးကို မင်းပဲ မွေးပေးရဦးမှာလေ”
သူငယ်ချင်းက ပြန်လည် စ,နောက် ပေးတတ်မြဲ။
သူငယ်ချင်းသို့ မော်ကြည့်ရင်း ပခုံး အလိုလို တွန့်မိလျက်
“သူကတော့ လုပ်တော့မယ်၊ သူလာရင် ပြဿနာလေးတော့ ပါမှ။ ဒါမျိုးက ကြိုလုပ်ထားမှ ရတာကို”
ပြဿနာ စကားကြောင့် အမျိုးသမီး မျက်နှာ ပျက်မယောင် တွေ့လိုက်ရသည်မို့ -
“ယူ့ကို ပြဿနာလို့ ဆိုတာ မဟုတ်ပါဘူးနော်။ ဒီမိန်းမက ဒီလိုပဲ သူလုပ်ချင်တာ ဖြစ်ချင်တာပဲ သိတတ်တာ။ တို့များကို ဖန်တီးရှင်များ အောက်မေ့ နေသလား မသိဘူး”
အပျိုကြီး မမလေးတွေ နားက စိစစ်လွန်းတတ်တာ ဒေါက်တာ သိ၍ အလျှင်အမြန် ဖြေရှင်းဖြစ်ရ၏။ အမျိုးသမီးက လက်ထပ်တော့ဖို့ ရက်ရွေး ပြီးနေပြီ။ ပြီးတော့ ရက်ကလည်း တကယ့် ရက်မှာမှ။
“အိမ်ထောင်ပြုမယ်၊ ကလေး မရချင်သေးဘူး ဆိုရင် ကြိုတင်ပြင်ဆင်ထားဖို့က အနည်းဆုံး နောက်ဆုံး ဓမ္မတာ လာတဲ့ အချိန်က စရမှာပါ၊ လစဉ် ဓမ္မတာရက်နဲ့ လိုက်ပြီး သန္ဓေတားဆေး ညွှန်ရတာ ဆိုတော့ အနီးကပ်ပြီးမှ လုပ်ချင်လို့ မဖြစ်ဘူးလေ”
“လက်ထပ်မှာက သုံးရက် လိုပါသေးတယ်”
အမျိုးသမီးကား ရှက်ပြုံးဖြင့် တိုးတိုး ဝင်ပြောသည်။
ရိုးလွန်းသော အပျိုကြီးလေးကို ဒေါက်တာတော့ မချင့်မရဲ ဖြစ်ရတော့ မလိုဘဲ။ အချို့သူတွေ အလွန် ကျွမ်းဝင်နေပြီး ဖြစ်တဲ့ ဘာသာရပ်ကို သူမခမျာ ဘာမျှ နားဝယ် မလည်ရှာပါကလား။ သူမကို ရှင်းလင်းစွာ နားလည်စေချင် ဇောနှင့် ဒေါက်တာ့ အသံ ကျယ်လောင်စွာ -
“၃-ရက်လောက်နဲ့ ဘယ်ရမှာလဲ။ တကယ် စိတ်ချချင်ရင် တစ်လကြိုပြီး ဆေးထိုး ဆေးသောက် တားထားမှ၊ မျိုးဥ မထွက်လာမှ သေချာမယ့် ကိစ္စ”
သူငယ်ချင်းက ဇွတ်တရွတ်၊ အနိုင်အထက် ဝင်ပြော လိုက်ခဲ့သေးသည်။
“လက်မထပ်ခင် ဆရာဝန်နဲ့ ကြိုတိုင်ပင် ဆိုလို့ တို့များ အခု လာ တိုင်ပင်တာနော်၊ မဖြစ်လာဖို့က သူငယ်ချင်း အပိုင်းပဲ”
အမျိုးသမီးကမူ စကား မဆိုတော့၊ ရှက်ရွံ့ ပြုံးရယ်၍သာ နေပေတော့၏။
“သူ့ရုံးက လေ့ လာရေး အတွက် သူ့ကို ရွေးထားပြီကွ၊
ကလေး ရလာလို့ကတော့ မဖြစ်ဘူး၊ အဲဒါပဲ သူက စိတ်ညစ်နေတာ”
ဒေါက်တာလည်း စိတ်ညစ်နေတာပါပဲ။ သူငယ်ချင်း၊ မိတ်ဆွေတွေ၊ လူနာတွေက ကျန်းမာရေး အကြောင်းပြုလို့ လာတိုင်ပင်ကြ၊ ကလေးဆိုးကြီးတွေလို လိုချင်တာတွေ ပူဆာကြ၊ အာမခံ ခိုင်းကြ၊ အစကပင် ရှုပ်ထွေးပြီးသား၊ အိမ်ထောင်သားမွေး ကိစ္စတွေပ် ပါလာပြီဆိုတော့ ပိုစိတ်ညစ်ရပါ၏။ သည်လိုပဲ၊ ကလေး မရချင်သေးတဲ့ အိမ်ထောင်ဦးတွေ များစွာ တွေ့ဖူးခဲ့တာပေါ့၊ နည်းအမျိုးမျိုး သုံးပြီး တားဆီး ပေးခိုင်းကြ။ ကလေးယူဖို့ အချိန်ကြပြီ ယူဆပြန်တော့ ဧည့်သည်လေး ချက်ခြင်း ရောက်လာအောင် ပူဆာပြန်ကြ၊ ဧည့်သည်တော်လေး တော်တော်နှင့် ရောက်မလာသေးပြန်ရင်၊ စိတ်တွေ ပူပန်ကြရ၊ ရောက်လာအောင် ပြင်ဆင် ပေးခိုင်းပြန်ကြ၊ ကလေးရဖို့ မပြည့်စုံရှာဘဲ၊ ပင်ကို ချို့ယွင်းချက် ရှိလာရှာတဲ့ ဧနီးမောင်နှံတွေကျမှ ကုသရ ပိုလို့ ခက်ခဲကာ ကလေးမရအောင် တားဆီးမိလို့ မရတော့တာ ဟူသော စိတ်စွဲရောပါ ကျန်ခဲ့တာ ကုသဖို့ ခက်ခဲတော့သည်လေ။ သန္ဓေတည်ပြီးကာမှ ဆေးထိုးပြီး လုပ်ပစ်လိုတ်ပါဟု မဆင်မခြင် လာ တောင်းဆို တတ်သူတွေလည်း ရှိ၊ အိမ်ထောင်သားမွေး၊ ရှုပ်ထွေး ကိစ္စကြီးက၊ ဒေါက်တာတို့ကိုချည်း လာပတ် ချည်နေသေးတော့ ဒေါက်တာလည်း စိတ်ညစ် နေရတာပင်။
“သူငယ်ချင်းက နားလည်တဲ့ သူပဲကွာ၊ နည်းလမ်းတော့ ရှာပေးပါဦး၊ ဒီဟာကြီးတော့ ခေါင်း မရှောင်လိုက်ပါနဲ့”
သူငယ်ချင်းက ရယ်ရွှန်းပတ်ရွှန်း ဆိုနေဆဲမို့၊ ခေါင်း ရှောင်တာ မဟုတ်ဘဲ၊ နည်းလမ်း ရှာကြံနေတာသာ ဖြစ်သော ဒေါက်တာ အနည်းငယ် စိတ်တိုချင်လာရကား
“အဲ ဒါဆိုရင်တော့ စိတ်အချရဆုံး နည်းက သတို့သမီးကို သော့တစ်လုံး ပေးထားလိုက်ရုံ ရှိတော့တာပဲ။ အထဲမှာ သော့ခတ်ပြီး စိတ်ချရတဲ့ရက် ရောက်အောင်နေ ဒါမှ သတို့သမီးကို မယုံကြည်ရရင်တော့ သော့ကို အပြင်ကခတ်ပြီး သော့တွဲကိုတော့ ကိုယ့်ဆီမှာပဲ သိမ်းထား ပေးရမလိုတောင် ဖြစ်နေပြီ”
စိတ်တိုတိုဖြင့် ရယ်မောပစ်မိ၏။
“ဒီမှာ ယူ့ အမျိုးသားကိုလဲ ညှိနှိုင်းဦးလေ၊ သူ့ဘက်က မသုံးတတ်ဘူးတွေ ဘာတွေ လုပ်မနေစေနဲ့”
(ဒီလို ပြောပြနေရင်း ဒေါက်တာ့စိတ်ထဲ ဒီလူကြီးမင်းက ဒါမျိုးပဲ အတွေ့အကြုံ မရှိခဲ့ဖူးသလို၊ သူကိုယ်သူ ဖိုးကင်းရှင်းကြီး လုပ်လို့ဟု မမြင်ဖူးသော သတို့သားလောင်းကို လှမ်း၍ စိတ် ငြိုငြင်လိုက် မိသေး၏။)
“သူ့ဘက်ကပဲ သုံးထားဦးလို့၊ အခုဟာက မ မျိုးဥ ထွက်တဲ့အချိန်ကို ကွက်တိကျနေတော့ ယူ့ဖက်က သုံးတာတွေက၊ စိတ်ချရမှာ မဟုတ်ဘူး၊ သူ့ဘက်ကပဲ သုံးထားပါစေဦး ယူ့ ဦးနီကြီး တစ်လ တစ်ခါ ရုံးဆင်းလာတဲ့ အချိန်ကျမှ ယူ့ဘက်က လုပ်လို့ရမယ်လို့ ပြော၊ ဒါမှ မဟုတ်ရင်လဲ အတူတူနေပြီး အရေးကြီးတဲ့ ရက်တွေမှာ ဘာမှ မဖြစ်ကြစေနဲ့ပေါ့။ ဝတ္ထုတွေ ရုပ်ရှင်တွေထဲမှာလဲ ဘာမှမှ မဖြစ်ကြတာပဲ။ တွေ့ဖူးတာလေ။ ညှိနှိုင်းလို့ မရတဲ့အဆုံးတော့ သော့မာသဒ်က အကောင်းဆုံးပဲနော့”
သူငယ်ချင်းက တသောသော ရယ်မော၊ သတို့သမီးက ပါးပြင်မှာ ရှက်သွေးလွှမ်းပစွာ ပြုံးရယ် ထ,ပြန်သွားတော့ ဒေါက်တာမှာ ပခုံးတစ်ချက် တွန့်မိရပြန်၏။
ဒေါက်တာက ငယ်ရွယ်သူ ကျောင်းဆင်းစ ဒေါက်တာ သစ်လွင်လေး မဟုတ်တော့ပြီလေ။ အရွယ်လတ် အမျိုးသမီး ဆရာဝန် တစ်ဦးဆိုတော့ အချင်းချင်းရယ်လို့ သူတို့ တိုင်ပင် လာကြတာတွေက သည်လိုပင်၊ ပခုံး တွန့်ချင်စရာ တွေချည်း။ သူတို့ တိုင်ပင်စကားများ ကြားရလျှင် သမား ဣနြေ္ဒကြားက “ဟဲ့” တို့ “ဟိုက်” တို့က လွတ်ထွက်သွားချင် ပါသေးတော့။
* * *
တီးတိုး တိုင်ပင်ရအောင် ဆို၏။ သူငယ်ချင်းမ,နှင့် အဖော်ကို အခန်းထဲ ခေါ်သွင်းခဲ့ရတာ အချိန် လင့်သွားခဲ့ရ၏။
ဝဒ်ထဲ ထွက်လိုက်တော့ ၂၄-နာရီ တာဝန်ကျကလွဲလို့ ဆေးခန်းတွေ ပြေးကုန်ကြပြီမို့ လူသူ ရှင်းလင်းနေပြီ။ ဒေါက်တာလည်း သွက်သွက်လှုပ်ရှား ပေးဦးမှ။ ဆေးခန်းအသွား အန်တီပုပုတို့ အိမ်လည်း လှည့်ဝင် သွားရဦးမယ်လေ။ အလုပ်ကိစ္စနှင့် လာရင်း အန်တီပုပုတို့ အိမ်မှာ တည်းခိုနေတဲ့ ဆောက်လုပ်ရေးက အေအီး လူပျိုကြီးနှင့် သူမကို တွေ့ဆုံ ပေးချင်သတဲ့လေ။ သူ အိမ်လာပေမယ့် အလုပ်များလှသော ဒေါက်တာနှင့် တစ်ကြိမ်မျှ မဆုံရသေးတော့ ညနေဘက် အန်တီပုပုတို့ အိမ်မှာ အမြဲ ရှိနေပါသည် ဆိုတဲ့ သူ့ကို ဆေးခန်း အသွားမှာ ဝင်တွေ့ သွားလိုက်မည်လေ။ ဂျီတိုက်နေသော အန်တီပုပုရဲ့ ဆန္ဒလည်း ပြည့်၊ မတင်မကျ အလုပ်တစ်ခုလည်း ပြီးပြတ် သွားဖို့ပေါ့။ အလုပ်တစ်ခုဟု စဉ်းစားလိုက် မိတာကတော့ ချစ်ချင်းမေတ္တာကို မလေးစားလို့လည်း မဟုတ်၊ ဒေါက်တာ့ အပြစ်လည်း မဖြစ်နိုင်ဘဲ အရွယ်နှင့် အသိရဲ့ အပြစ်ကြောင့်ပင် ထင်သည်လေ။
ကျောင်းသူ ဘဝကတည်းက မောင်းလာခဲ့သော ဘောက်စ်ဝက်ဂွန်းလေး ထဲမှာ ဝင်ထိုင်ပြီး ကားစက်နှိုးဖို့ သော့ကို လက်အလှမ်းလိုက်တွင် ကား နောက်ကြည့်မှန်လေးထဲမှာ ထင်လာသော သူမ မျက်နှာရိပ်ကို ကြည့်မိသည်။ အကျင့်ပါစွာ ကြည့်လိုက်မိရာက သေသေချာ စိမ်းစိမ်းကြည့်ဖြစ်ရသည်။ ကျောလည်ဝဲ ဆံပင်ကို လည်ဂုတ် အထက်မှာ ဆံညှပ်ကြီးကြီး တစ်ခုဖြင့် တင်းတင်းညှပ်ထားသည့် ဆံပင်ပုံစံနှင့်လေ။ အမျိုးမျိုး အပြားပြားလည်း မထုံးဖွဲ့၊ မဆင်ပြင်တတ်၊ လွန်ခဲ့တဲ့ ၃-နှစ်ကလို ဆံပင်တိုလည်း ထားဖို့ မသင့်တော့ဘူး ထင်မိလာတော့၊ ဆံပင်ရှည် ထားကာ နောက်မှာ ဆံညှပ်တစ်ခုနှင့် သိမ်းညှပ်၊ သည်လို သိမ်းဆွဲယူ ညှပ်ထားသော ရှေ့ဆံပင်တွေ တင်းမလာအောင် နဖူးထိပ်မှာ ဆံပင်ဝဲဝဲ ညှပ်ထားသည်။ သည်ပုံစံနှင့်ပင် အဘွားကြီး ဖြစ်ကာ ပင်စင်ယူသည်ထိ နေရတော့မယ် ထင်ရဲ့။
မနက်က လိမ်းခြယ် သလာသည့် မက်စဖက်တာပင်စတစ် ပါးပါးခံ၊ ရှင်မတောင် သနပ်ခါး လူးခြယ်ကာ နှုတ်ခမ်း ပန်းရောင် ပျော့ပျော့လေးက ပြန်လည် ခြယ်သခြင်း မရှိခဲ့ရလို့ ပြယ့်တပြယ်။ နေ့လယ် အရေးပေါ် ခွဲစိပ်ခန်း ဝင်ရသေးတော့ မှုန်နံ့သာတွေ အားလုံး ခေါင်းစည်း၊ နှာခေါင်းစည်း အဝတ်ပိုင်း ဖြူဖြူတွေမှာ ကပ်ငြိ ပါသွားပြီမို့ ပါးပြင်နှစ်ဖက်က ပြောင်ပြောင် တင်းတင်း။ ကား နောက်ကြည့်မှန်ကို ကြည့်လို့ နဖူးထိပ် ဝဲဝဲ ဆံပင်များကို လက်တစ်ဖက်ဖြင့် သိမ်းဆည်း သပ်တင်လိုက်ရင်းက ဒေါက်တာ စိတ်ကူးလေး တစ်ခု ယှက်သန်း သွားမိသည်။
သူမကို ရိပ်သာ အလှူပွဲ တစ်ခုမှာ မြင်တွေ့ဖူးခဲ့သည် ဆိုသော ကိုဧည့်သည်နှင့် ဆုံတွေ့ချိန်မှာတော့ စောစောက အဆင့်မြင့်ရုံးဝန်ထမ်း အမျိုးသမီး၊ အပျိုကြီးမလေးလို ရှက်ရိပ်ယောင် သွေးတွေ သူမ ပါးပြင် နှစ်ဖက်မှာ ပန်းနုပြေးလို့ နေရပါလျှင် မကောင်းပေဘူးလား။
ထို အဆင်လေးက မေတ္တာသက်ဝင် အားကိုးဆင်လေးသာ ဆိုရင်ဖြင့် ပန်းရောင်သွေး မပြေးဖူးတော့တာ ကြာပြီ ဖြစ်သော ပါးပြင်တွေက ခပ်နွေးနွေးလေး ရှိန်းလာလိမ့်မယ် မျှော်လင့်ရတာပါပဲ။
----------
ဝင်းဝင်းလတ်
ဟန်သစ်၊ မေ၊ ၁၉၉၁။

No comments:

Post a Comment