Tuesday, 24 May 2016

ဘယားအိတ်

ဘယားအိတ် (ခင်ခင်ထူး)
----------------------------
ကျွန်မတို့ မန္တလေးမှာ သည်လိုပဲ ပါတော်မူတာတွေ များလှပေါ့။
ကျွန်မတို့ အိမ်ထောင်ကျခါစ တိုက်ခန်းငှားနေဖူးတယ်။ မန္တလေးမြို့ရဲ့ အနောက်တောင်ထောင့်မှာ မြစ်မဘက်ကို မျက်နှာမူပြီး ဆောက်ထားတဲ့ တိုက်ခန်းတွေက ဆောက်ပြီးစ, ဆိုတော့ ကျွန်မတို့လည်း နောင်မှ လျောက်လျား၊ လောလောဆယ်တော့ တိုက်ခန်း ငှားကြရအောင်ရယ်လို့ ဆုံးဖြတ်ပြီး နေခဲ့ကြ တာပါ။ အကြောင်းနှစ်ချက်လည်း ရှိပါရဲ့။ တစ်ချက်က အမေ့အိမ်နဲ့ မဝေးလှ တာရော၊ နောက်တစ်ချက်က စက်ဘီး၊ ဆိုင်ကယ်မစီးတတ်တဲ့ ကျွန်မအိမ်သား ဆရာနေ့ အဖို့ရာရော စဉ်းစားရလို့ပါ။ အမေ့အိမ်နဲ့ တိုက်ခန်းနဲ့က ခြောက်ဖာလုံလောက် ဝေးလို့ သွားချင်တဲ့အခါ နေ့နေ့ညည သွားနိုင်တယ်။ ဆရာနေ့အဖို့ရာ ဆိုတာက မြို့ထဲမှ သွားချင်ပြီဆိုရင် တိုက်ခန်းရှေ့ တာရိုးပေါ်ကိုတက်၊ တောင်ဘက်ထိပ် ကားဂိတ်က ထွက်လာတဲ့ လိုင်းကားကို စောင့်စီးနိုင်တယ်။ ကျွန်မက ကျောင်းဆရာမဘဝ ရှိသေးတာဆိုတော့ နေ့စဉ် မနက်ဘက် ကျောင်းသွားတော့ လည်း စက်ဘီးနဲ့၊ ဈေးသွားချင်တော့လည်း စက်ဘီးနဲ့၊ ဘာလေးလိုသဟဲ့၊ ညာလေးလိုသဟဲ့ ဆိုတော့လည်း စက်ဘီးနဲ့ဆိုတော့ အဆင်ပြေတယ်။ သည်လိုနဲ့ တိုက်ခန်းငှား နေဖြစ်တယ် ပြောပါတော့။
သည်လို လူနေတိုက်ခန်းတွေ မှိုကျင်းထ,သလို ပေါ်လာတာကလည်း အကြောင်းရှိတယ်။ သည်ရပ်ကွက်တစ်ဝိုက် ပြန့်ကျဲနေတဲ့ ကျူးကျော်တဲတွေကို ဖျက်သိမ်းပြီး တဲပေါ်က တိုက်ပေါ်တင်မယ်ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပေါ်လာတာပါ။ နေ့ချင်း ညချင်းဆိုသလို တဲကလေးတွေဖျက်၊ ဆောက်ထားတဲ့ တိုက်ခန်းတွေပေါ် နေခွင့် စလစ်စာရွက် တစ်ထွာတစ်ညိုနဲ့ ရောက်လာကြသူတွေ များတယ်။ သည်တော့ သည်နားတစ်ဝိုက် ဖြစ်သလို တဲထိုးနေခဲ့ကြသူတွေ အဖို့ရာ လူစုလူလုံး မကွဲကြတော့ဘဲ ချက်ချင်းကြီး နတ်မ,လိုက်သလို တိုက်ပေါ် ရောက်ကြရတာ ဆိုတော့ ရွာလုံးကျွတ် တိုက်ခန်းတွေပေါ် အထွေးလိုက်ကြီး ရောက်နေကြသလိုပဲ သူတို့ကိုယ် သူတို့လည်း အံ့ဩကြလို့။ တခြား တိုက်တွေအကြောင်းတော့ ကျွန်မ ပြောတတ်ဘူး။ ကျွန်မတို့ ငှားနေကြတဲ့တိုက်က လူတွေက မန္တလေးကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသူတွေပါ။ ကနဦး ရောက်နှင့်ကြသူတွေက နည်းနည်းလေး အိုးသား အိမ်သားကျပြီ ဆိုတာနဲ့ ရွာကလူတွေကို ခေါ်ကြတယ်။ လာခဲ့ကြပေါ့။ သည်လိုနဲ့ တစ်ယောက်တစ်ယောက် ချိတ်မိကြရာက တစ်နေရာတည်းမှာ စုနေကြသူတွေ ဆိုတော့ တစ်ရွာတည်းက လူတွေချည်း ဖြစ်နေတယ်။ မြင်းခြံလား၊ တောင်သာလား မမှတ်မိတော့ပါဘူး။ အဲသည်ဘက်နယ်က တောသူတောင်သားတွေ များတယ် ပြောပါတော့။ သဘောကောင်းကြတယ်။ မန္တလေးလို မြို့ကြီးကို ရောက်လာကြ သူတွေပေသိ တောသူတောင်သားများ သဘာဝ စကားပြောရင် ကျယ်ကျယ် လောင်လောင် ပြောတတ်ကြတယ်။ ရင်ထဲရှိတာ ပိုးပိုးပေါက်ပေါက် ပြောတာများ တစ်ဖက်သား မခံချင်ရင်လည်း မတတ်နိုင်ဘူး ဆိုတာမျိုး။ မြို့မှာ ကြုံသလို၊ ကျသလို လုပ်စားမယ် ဆိုတဲ့စိတ်နဲ့ ရောက်လာကြသူတွေဆိုတော့ ပိုက်ဆံနည်းနည်းပါးပါး လက်တွင်းဆုပ်မိရင် ပျော်နေကြတော့တာ။ တောသံတောဟန်တွေ မပျောက်ကြသေးဘူး။
""ကျုပ်တို့ရွာမှာ မိုးလင်းရင် ပက်ဆပ်မြင်ရသာ မှုတ်ဘူး ဆရာမနှယ်၊ မန်းလေးကျမ ယောက်ျား ဆိုက်ကားနင်းလို့၊ ဘောက်လုပ်လို့ လက်ထဲ ပက်ဆပ် ကိုင်ရသာ။ ကျုပ်ယောက်ျားက ဆိုက်ကား အပေါင်ယူနင်းသာ""
""နာမည်က ဘယ်သူတဲ့လဲ""
""ကျုပ် နာမည်လား၊ ကျုပ်ယောက်ျား နာမည်လား""
""နှစ်ယောက်စလုံးပေါ့""
""ကျုပ်က ဖွားစုံတဲ့။ ကျုပ်ယောက်ျားက ကျန်ကောင်း""
""နာမည်တွေက ဆန်းတယ်နော်""
""ဆန်းဆို ဆရာမနှယ်၊ ကျုပ်အမေက ကလေးချည်း ခုနှစ်ယောက် မွေးခဲ့သာမှာ ကျုပ်က နကျယ်အိမ်ရွံ့ပိတ် အထွေးဆုံး။ ကျုပ်မွေးတဲ့အထိ သားသမီးတွေဖွားသမျှ စုံစုံလင်လင် အဖတ်တင်လို့ ကျုပ်ကို ဖွားစုံမှည့်သာ။ ကျုပ်ယောက်ျားကျတော့ သူ့မအေက အရင်မွေးတဲ့ ကလေးတွေ တစ်ယောက်မှ အဖတ်မတင်ဘူး။ သည်တစ်ခါ ကလေးတော့ ကောင်းကောင်းကျန်ရော့ဆိုပြီး ကျန်ကောင်း မှည့်သာ""
သူတို့မှာ အဲသလို အညာလေ၊ ရွာလေ ထူးထူးဆန်းဆန်း စကားတွေလည်း ရှိတတ်ရဲ့။ ကျွန်မတို့ ငှားနေတဲ့ တိုက်တန်းလျား အပါအဝင် ဆောက်ထားတဲ့ တိုက်တွေက မြစ်တာရိုးခြေ အနိမ့်ထဲမှာ ဆောက်ထားတာဆိုတော့ အောက်နှစ်ထပ်က တာရိုးကြီး ပိတ်နေသလို ဖြစ်နေတယ်။ အပေါ်နှစ်ထပ်က မြစ်လေ ရတာရော၊ မြစ်ကွင်း ကောင်းတာရော ဆိုတော့ ကျွန်မတို့က အပေါ်ဆုံးထပ်မှာ ငှားနေကြတာပါ။ တိုက်က ဆယ်ခန်းတွဲ လေးထပ်ဆိုတော့ အခန်းလေးဆယ်။ အိမ်ထောင်စု လေးဆယ်ပေါ့။ သည်ဘယားအိတ် လေးဆယ်ထဲမှာ တက္ကသိုလ်ဆရာလင်မယား၊ ရှေ့နေလင်မယား၊ ဇာတ်မင်းသားမိသားစုနဲ့ ကျွန်မတို့ စာရေးဆရာလင်မယား တို့လောက်သာ သူစိမ်းပါတယ် ပြောပါတော့။ ကျန်တာ သူတို့နယ်၊ သူတို့ရွာတွေက လူတွေချည်းပဲ။ တစ်ရွာတည်းက ဆိုပေသိ ကျေးရွာချင်းနီးလို့၊ ဆွေမျိုးနီးစပ် တော်ကြလို့ ရောက်လာကြသူတွေလည်း ရှိတာပါပဲ။ ရွာမှာ မပြေလည်ကြတော့ ရောက်နှင့်သူကခေါ်ရင် ရွာက ပိုင်ဆိုင်တာလေး ရောင်းချပြီး ပြေးလာကြပုံ ပေါ်ပါတယ်။
""မဖွားစုံက ဘယ်ရွာကတုံး၊ ကျွန်မလည်း မြင်းခြံသူပဲ""
""မြင်းခြံရောက်ဖူးပ၊ ကျုပ်တို့က တောင်သာ အနောက်ထဲ ကျမှာပေါ့။ ရွာနာမည်က တဲတော်ကုန်းတဲ့။ ကျုပ်တို့မိဘများ ပြောသာလောက်တော့ ရှေးက ဘယ်ဘုရင်ဆိုလား တိုင်းခန်းလှည့်ရင်း ကျုပ်တို့ရွာနားရောက်တော့ တဲနန်းကြီး ထိုးနေသာ။ အဲသာနဲ့ တဲတော်ကုန်း ဖြစ်ရသာ""
""ဘယ်ဘုရင်တဲ့တုံး မဖွားစုံရဲ့""
""မပြောတတ်ပေါင် ဆရာမရယ်။ ဘုရင်တွေကလည်း ပတူအုံ မီးတိုက်သလို အများသား။ ကျုပ်တို့အခန်းဘေးက မဲညိုမတို့က ကျုပ်တို့ရွာရဲ့ အနောက်က၊ ရွာနာမည်က တကောင်းကွဲ။ ရှင်ဘုရင် ရေတကောင်း ကျကွဲလို့တဲ့။ ကျုပ်တို့ မြောက်နားရွာကျတော့ ထီးကြက်တော်တဲ့။ ထီးကြက်တော်ဆိုသာလည်း ဘုရင့်ထီးလို့ ပြောသာပဲ""
မဖွားစုံက ကျွန်မတို့အောက်ထပ်က တစ်ခန်းခန်းမှာ နေသူပါ။ ဘယ်အခန်း ရယ်လို့ ပြောဖို့တော့ခက်တယ်။ ကျွန်မ ဘယ်အခန်းမှ စုံအောင် မရောက်ဖူးတာလည်း ပါပါတယ်။ အိမ်သူမိန်းမသားတွေ ဆိုရင်လည်း သူတို့နဲ့ အတူနေရပြီဆိုတော့ နာမည်နဲ့ လူတွဲမိအောင် မျက်နှာပေါက် မှတ်ထားရတာ များတယ်။ အသားညိုညို စကားပြောမြန်မြန် အင်္ကျီရင်ဖုံး ကြယ်သီးတပ်တွေနဲ့ချည်းကိုး။ မဖွားစုံက ရက်ကန်း ခတ်တတ်သတဲ့။ ဝါကောက် ဗိုင်းငင် ချည်ချ ရက်ကန်းတန်း ဆင်တတ်သတဲ့။ အနှိပ်အနင်းလိုတော့လည်း ခေါ်ပေါ့တဲ့။ ဖအေက ရွာမှာ အနှိပ်သည်တဲ့။
""အဖေ့ကို ကျုပ် အဆင်ပြေပြီ၊ မြို့မှာ တိုက်နဲ့နေရပြီ လာခဲ့ပါဆိုသာ မလာဘူးလေ။ ရွာမှာ အနှိပ်သည်က ငါပဲ ရှိသာတဲ့။ မဟုတ်သာ။ ရွာမှာ ဘယ်လိုလူကမှ ညောင်းလို့ ခေါ်မနှိပ်နိုင်ဘူး။ ညောင်းလို့ ပုံကျကာမှ ကျကရော အနှိပ်မခံကြဘူး။ ပက်ဆပ် ထွက်မှာစိုးလို့။ တောသူတောင်သားများ ညောင်းဖို့လည်း အချိန်မရပါဘူး ဆရာမရယ်။ ရွာတွေမှာက မိုးမကောင်း ယာခြောက် ဆိုတော့ မငတ်ရုံတမည် နေနေကြရသာရယ်။ ကျုပ်တို့တောင် မြို့ရောက်လို့ လက်ဖက်တစ်ရိုး ကွမ်းတစ်ရိုး နေနိုင်သာရယ်""
"ကျွန်မတို့မိဘများ ရွာတွေလည်း သည်လိုပါပဲ။ မဖွားစုံရယ်။ မိုးမကောင်း ချောင်းမစီးပါဘဲ။ သားသမီး ရှိသလား""
""သမီးချည်း သုံးယောက်၊ သား မမွေးဘူး။ ကျုပ်ပဲ မှားသလား၊ ကျုပ် ယောက်ျားဘက်ကပဲ မှားသလား မပြောတတ်ပါဘူး။ ရိုးရာ မှားသာတဲ့၊ သား ယောက်ျားလေး မရနိုင်ဘူးတဲ့။ သားယောက်ျားလေး မမွေးမယ့်အတူတူ ရွာက ခွေးထီးနှစ်ကောင် ခေါ်လာပြီး သား လုပ်ရသာပဲ""
""ခွေးတွေက ဘယ်မှာတုံး၊ ဟုတ်ပါရဲ့ ကျွန်မတို့ တိုက်ခန်းလည်း ခွေးတွေချည်းပဲ""
"ခွေးနှစ်ကောင်က အောက်မှာလေ၊ ပွေးကြီးတဲ့၊ ပွေးလေးတဲ့။ ခေါ်ကြည့်လိုက် အင်မတန် ခင်တတ်သယ်။ ဆရာမအပေါ် ပတတ်ရပ် တက်လိမ့်မယ်""
ကျွန်မဖြင့် ပွေးကြီး ပွေးလေး ဘယ်ဟာလဲသာ မသိတယ်၊ တစ်တိုက်လုံးမှာ ခွေးတွေ မနည်းလှဘူး။ ခွေးတွေဆိုလို့ နိုင်ငံခြားခွေး၊ မျိုးစပ်ခွေးတွေ ဘယ် ဟုတ်ပါ့မလဲ။ လမ်းတွေပေါ်မှာ လေလေလွင့်လွင့် ရှိနေတတ်တဲ့ခွေးတွေပါ။ ပတတ်ထိုးတက်လိမ့်မယ် ဆိုလို့ ပွေးကြီး၊ ပွေးလေး နာမည်တွေ စိတ်ထဲ မှတ်ထားလိုက်မိတယ်။ မခေါ်မိအောင်ပါ။
* * *
တိုက်ခန်းဖွဲ့စည်းပုံကို ကျွန်မ ပြောခဲ့ပါပြီ။ တိုက်အပေါ်ထပ်မှာ နေသူတွေက တောင်ဘက်လှေကားက ဆင်းတော့လည်း ဖြစ်တယ်။ မြောက်ဘက် လှေကားက ဆင်းချင်တော့လည်း ဖြစ်တယ် သေချာတာက ဘယ်လှေကားမှ ခွေး မလွတ်ဘူး။ တိုက်လှေကားတွေရဲ့ ထုံးစံ ကွမ်းသွေး မလွတ်ဘူး။ အမှိုက်တွေ ဆိုတာကလည်း အချသာရှိပြီး အကောက်အပြု မရှိလေတော့ (ဘယ်သူကမှလည်း ထွက် မလှည်း လေတော့) များချင်တိုင်း များနေတော့တာပါ။ ကွမ်းတံတွေးနဲ့ အမှိုက်လှေကားကို သုံးဆစ် ဆစ်ချိုးတက်မှ အပေါ်ထပ်ရောက်တယ်။ သုံးဆစ်ချိုး ဆင်းမှ အောက်ထပ်ရောက်တယ်။ ကျွန်မ ကျောင်းသွားဖို့ ဆင်းဆင်း၊ ကျောင်းက ပြန်လို့ တက်တက် သုံးဆစ်စလုံးမှာ အသက်အောင့်ထားရတယ်။ အဆိုးဆုံးက လှေကား သုံးဆစ်ချိုးကို သုံးခါ အသက်အောင့်ထားရတာ ထားပါတော့။ လှေကား တစ်ထစ်စီမှာ ခွေးတစ်ကောင်နှုန်းနဲ့ ကန့်လန့် အိပ်နေကြတဲ့ခွေးတွေကို မနင်းမိအောင် သတိထားရသေးတာပါ။ တောင်ဘက်လှေကား အောက်ဆုံးထပ် ထောင့်ခန်းမှာ အဆောင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နေတာဆိုတော့ ကျွန်မ ကျောင်းသွားတဲ့ စက်ဘီးက အောက်ဆုံးထပ်က ဥက္ကဋ္ဌအခန်းမှာ ထားရတာပါ။ သူကလည်း တဲတော်ကုန်းသားပဲ။ စက်ဘီးထုတ်ရင်း တစ်ခါတော့ ညည်းမိတယ်။
"ဥက္ကဋ္ဌ ခွေးတွေ လုပ်ပါဦး"
"ဘယ်နှယ် ဥက္ကဋ္ဌ ခွေးရမှာတုံး ဆရာမရဲ့။ သူများခွေးတွေပါ"
"သူများခွေး ဆိုတော့လည်း စည်းကမ်းလုပ်လေ ဥက္ကဋ္ဌရဲ့"
"ခွေးကို ဘယ့်နှယ်လုပ် စည်းကမ်းလုပ်ပါ့မတုံး"
"ခွေးပိုင်ရှင်တွေကိုပေါ့"
"ဆရာမနှယ်, တိုက်က လက်ရှိခွေးတွေရော တခြား တိုက်တွေက ခွေးလေခွေးလွင့်တွေရော သည်မှာ လာစုကြသာဗျ။ ခွေးပိုင်ရှင် ဘယ်လိုလုပ် ရေစစ္စရီ လုပ်မှာတုံး။ ကျုပ်လည်း မောင်းချသာပဲ၊ မရပါဘူးဗျာ။ မိုးများရွာတဲ့နေ့ ဆိုရင် ခွေးတွေက ကျုပ်ဆိုင်က ဆန်အိတ်တွေပေါ်တောင် တက်အိပ်ကြသာ ဆရာမရဲ့။ ကျုပ်တို့ ခုတင်အောက်များ ခွေးနှစ်ကောင်၊ သုံးကောင် အမြဲရှိသယ်။ ကျုပ်အခန်း မီးဖိုချောင်ထဲဝင်ပြီး ကလေးမွေးတဲ့ ခွေးသအုပ်မတောင် ရှိသဗျာ။ ကိုင်း, ဘယ်နှယ်လုပ်မတုံး။ ခွေးက သည်လိုဗျ။ သည်တိုက်ခန်းမှာ နေကြသူတွေက တဲပေါ်ကလူ တိုက်ပေါ်သို့ အစီအစဉ်နဲ့ ရောက်လာကြသာကိုး ဆရာမရဲ့။ သူတို့တဲကလေးတွေ ဖျက်ပြီး တိုက်ပေါ် တက်နေကြသာပေသိ သူတို့မွေးထားတဲ့ခွေးတွေက တိုက်ခန်းရသာ မဟုတ်ဘူးကိုး။ သည်တော့ သခင်နဲ့ နီးတဲ့နေရာ ပုံတော်သလို ခိုနေကြသာပဲ"
"ခွေးတွေကတော့ တိုက်ခန်း မရဘူးပေါ့ ဥက္ကဋ္ဌရယ်၊ အခုဟာက လှေကားထစ်တွေမှာ အိပ်နေကြတာဆိုတော့ ခက်သားပဲ။ ခွေးတွေကို တက်နင်းမိရင် အကိုက်ခံရမှာက ရှိသေး။ ခွေးစော်တွေကလည်း နံလိုက်တာ လွန်ရော"
"ခက်သားပဲ ဆရာမရဲ့၊ ဆရာမတို့လို အပြင် သူစိမ်းက ရှိလှ ဆယ်ခန်းပေါ့။ ကျန်တဲ့ အခန်းသုံးဆယ်က ကျုပ်တို့ ရွာကဟာတွေ၊ တဲနဲ့ နေကြတုန်းက မွေးထားသမျှခွေး တစ်ခန်း နှစ်ကောင်ကျနဲ့ပဲ တွက်ဗျာ။ အကောင်ခြောက်ဆယ်။ တခြားက ဧည့်ခွေး ဆယ်ကောင်ထား။ ပေါင်းတော့ ဘယ်လောက်ပါလိမ့်။ ဆရာမ မိန်းမတွက် တွက်ကြည့်စမ်းပါဦး"
"ခုနစ်ဆယ်"
"ကိုင်းဗျာ, ခွေးအကောင် ခုနစ်ဆယ်။ ကျုပ်က ဘယ်နှယ်လုပ် ခွေး စာရင်းလုပ်လို့ ရမှာတုန်း"
အဆောင်သာယာရေး ကော်မတီ ဥက္ကဋ္ဌလုပ်နေတဲ့ ကိုချစ်မုန်းက လူရိုးပါ။ တိုက်ခန်းတွေမှာ သူတို့တစ်တွေ နေခွင့်ရကြတော့ ကိုချစ်မုန်းကို လူကြီးခန့်ကြတယ်။ ရပ်ကွက်ရုံးကလည်း အသိအမှတ် ပြုထားလေတော့ ကိုချစ်မုန်းက လည်ကတုံးအင်္ကျီ ဘယ်တုန်းကမှ မချွတ်ဘူး။ အင်္ကျီအိတ်ကပ်ထဲမှာ မင်နီမင်ပြာ ဘောပင်နှစ်ချောင်းက ပြူးပြူးပါလို့။ သူ့ရွာသားတွေကတော့ သူတို့ တင်ထားတဲ့ လူကြီးပေမဲ့ ငမုန်း ခေါ်ကြတာများတယ်။ ကိုချစ်မုန်း ရွာက ရောက်စ,တုန်းက ဆိုက်ကားနင်းပါ သေးတယ်။ နောက်မှ အိမ်ဆိုင်ကလေးတည်ပြီး တိုက်ခန်းစလစ် အရောင်းအဝယ်လေး ဘာလေးလုပ်လို့ အဆင်ပြေရာက ဆိုက်ကားဖြုတ်သတဲ့။ ကိုချစ်မုန်းတို့ မိသားစုက သဘောကောင်းတွေ။ သမီးနှစ်ယောက်ကလည်း အားကိုးရပါပြီ။ အိမ်ဆိုင်ကို သည်ကလေးမတွေ တာဝန်ယူကြတယ်။ ကိုချစ်မုန်းမိန်းမက မပေါရွှေတဲ့။ မပေါရွှေက သူ့အခန်းအုတ်နံရံမှာ ဗလာစာရွက်နဲ့ စာရေးကပ်ထားတယ်။
"လူကြီးလက်မှတ်ထိုး သုံးထောင်" တဲ့။ ကိုချစ်မုန်းက လူကြီးဆိုတော့ ထောက်ခံစာတွေ ဘာတွေမှာ တစ်ဆင့် လက်မှတ်ထိုးပေးရတာ ရှိတယ်။
"တချို့က လက်မှတ်သာလိုချင်သာ မသိတတ်လို့ ရေးထားရသာ ဆရာမရေ" လို့ ပြောဖူးတယ်။ သူတို့ အခန်းကျဉ်းထဲမှာ စက်ဘီးထားရင်လည်း စက်ဘီးထားခ လကြေး ယူတတ်ပါရဲ့။ ကျွန်မ စက်ဘီးအပ်တော့ မယူရှာပါဘူး။ ပြောတာလည်း ကြည့်ဦး။
"ဆရာမ စက်ဘီးတော့ ဘေးမဲ့ပါ ဆရာမရယ်။ ကျောင်းဆရာမ ဆိုတော့ ပက်ဆပ် မယူပါဘူး"
ကျွန်မက စက်ဘီးထုတ်တိုင်း ခွေးကိစ္စတွေ ပြောလွန်းတော့ ကိုချစ်မုန်းက အားပဲနာလို့လား၊ စိတ်ပဲတိုလို့လားတော့ မပြောတတ်ဘူး။ တစ်ခါတော့ ပြောလေရဲ့။
"ကိုင်းပါဗျာ၊ ဆရာမ ဒီလောက်ဖြစ်နေမှဖြင့် ကျုပ် ခွေးအစည်းအဝေး ခေါ်ကြည့်ပါဦးမယ်" တဲ့။
ခွေးကိစ္စ အဆောင်လူကြီးတချို့နဲ့ တိုင်ပင်ကြည့်ပါဦးမယ်လို့ ပြောတာပါ။
* * *
ကျွန်မဖြင့် တိုက်ခန်းမှာ သုံးလေးနှစ် နေခဲ့ပေသိလို့ ခွေး အစည်းအဝေး ခေါ်တာ တစ်ခါမှ မကြုံခဲ့ရပါဘူး။ သည်လိုပဲ ခွေးတွေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေခဲ့ရတာနဲ့ ပြီးခဲ့ရတာပါ။ ခွေးတွေက ဘယ်သူ့တော့ ကိုက်သွားလို့၊ ဘယ် ကလေးတော့ ထွက်ဆွဲလို့ ဆိုတာတော့ မရှိဘူး။ သားပေါက်ထားလို့ ကိုက်ချင် ခဲချင်တဲ့ ခွေးသားအုပ်မတွေကလည်း ရှိတော့ စိတ်ကို တုံးတုံးချလို့တော့ မရဘူးပေါ့လေ။ ငေါက်ရလှန့်ရတာတော့ လုပ်ရတယ်။ ခွေးတွေများသလောက် နာမည်တွေလည်း ရှိတယ်။ ကိုယ့်နာမည်ခေါ်တာ မဟုတ်ရင် မဟုတ်တဲ့ခွေးက ခေါင်းတောင် မငဲ့ဘူး။ တိုက်အောက်ဘက် မြေညီခန်းတွေရှေ့ တာရိုးခြေမှာ ရုပ်ဝတ္ထု နှစ်မျိုးပဲ ရှိတယ်။ တစ်မျိုးက ပလတ်စတစ် မိုးကာစကလေးတွေ ဖုံးထားတဲ့ ဆိုက်ကားတွေနဲ့ တစ်မျိုးက ခွေးစာကျွေးတဲ့ ခွေးအင်တုံတွေပါ။ အင်တုံဆိုလို့ အကောင်းတွေ ဘယ်ဟုတ်ပါ့မလဲ။ ခွေးစာ အရည်ကလေး အဖတ်ကလေး တည်ရရုံ အင်တုံကွဲ၊ အိုးကွဲ ပက်ပက်ကလေးတွေ များတယ် ဆိုင်ရာဆိုင်ရာ ခွေးရှင်က ဘယ်သူရေ၊ ဘယ်ဝါရေ ခွေးနာမည် တပ်ခေါ်လိုက်ရင်တော့ ခွေးတွေက သိကြပြီ။ လှေကားထစ်တွေပေါ် ရှေ့လက်နှစ်ချောင်းဆန့် လက်ပေါ် မေးစေ့တင်ပြီး အိပ်နေကြရာက တဝုန်းဝုန်း ပြေးဆင်းကြတော့တာပဲ။ ဟပ်ထိုးလဲအောင် စားကြ။ မာန်ဖီကြ၊ ကိုက်ကြခဲကြ၊ နပမ်းလုံးကြ။ ပြီးရင်လည်း ပြီးသွားကြတာပါပဲ။ ပြီးရင် လှေကားထစ်တွေပေါ် ပြန်တက်သွားကြပြန်ရော။
ထူးဆန်းတာက သည်တိုက်ခန်းက အခန်းစုံမှာ နေကြတဲ့ ဘဝတူချင်း တစ်ရွာတည်း တစ်နယ်တည်းက လာကြသူချင်းဆိုတော့ တစ်ဦးမရှိတော့ တစ်ဦး ဖေးဖေးမမ ရှိကြပါရဲ့။ တစ်ပင့်တစ်မ ရှိကြပါရဲ့။ ခွေးကိစ္စ ခွေးစာကျတော့ သည်းမခံတတ်ကြဘူး။ ဆိုပါတော့ မမဲညို ဆိုရင် သူ့ခွေးရယ်လို့ ကျွန်မ သိသလောက် ရှိတာမဟုတ်ဘူး။ ဒါပေသိ သူချစ်တဲ့ ခွေးငါးကောင်လောက်ကို နေ့ခင်းစာ အမြဲကျွေးလေ့ရှိတယ်။ ဒါကို ကျွန်မက သိလို့ရယ် မဟုတ်ဘူး။ မမဲညို ခွေးစာကျွေးတာကို ကျွန်မ ကျောင်းမသွားရတဲ့ ရက်တွေမှာ အပေါ်ဆုံးထပ် ဝရန်တာက လှမ်းမြင်ရလေ့ ရှိလို့ပါ။ မမဲညို ခွေးစာကျွေးရင် တခြားခွေးတွေ မပါဘူး။ သည်ငါးကောင်ပဲ။ တခြား ခွေးတွေ ဝင်လာမှာစိုးလို့ ထင်ပါရဲ့။ သူ့ အရပ်လောက်ရှိတဲ့ အဝေရာပင်သား တုတ်ရှည်ကြီးတစ်ချောင်း ကိုင်ပြီး စောင့်နေတတ်တယ်။ ကျွန်မက အပေါ်ထပ်က လှမ်းကြည့်လို့ မြင်ရတဲ့အခါ တစ်ခါတော့ မမဲညိုကို မေးကြည့်ဖြစ်တယ်။
"မမဲညိုက ခွေးတွေဒဏ် တော်တော်ခံတယ်နော်။ ကျွေးရင်လည်း သည်ငါးကောင်ပဲ။ မမဲညို ခွေးတွေလား"
မမဲညိုက အသံကြားရာ ကျွန်မကို မော့ကြည့်ရင်းက ဖြေတယ်။
"ဘယ်က ကျုပ်ခွေးတွေ ရမှာတုံး။ ခွေးတော့ ရှိခဲ့ဖူးပါရဲ့။ ကားတိုက်လို့ သေပြီ။ တာရိုးပေါ်ပြေးတဲ့ လိုင်းကားမောင်းတဲ့ ကောင်တွေလေ။ ခရီးသည် မဲခေါ်ကြသာနဲ့ ကျုပ်ခွေးကို တိုက်သွားသာ သေပါရောလား။ သည်ခွေး ငါးကောင်က ကျုပ် သဒ္ဒါလို့ကျွေးတဲ့ ခွေးတွေ။ ကျုပ်အပေါ် ကောင်းတဲ့ခွေးတွေ"
"ဘယ်လို ကောင်းတာတုံး မမဲညိုရဲ့"
"ကျုပ် မနက်မနက် ကောင်းညှင်းပေါင်း၊ ပဲပြုတ်ရောင်းထွက်ရင် မိုးမလင်းသေးဘူး ဆရာမရဲ့။ သည် ငါးကောင်က ကျုပ် အခန်းဝကထွက်သာနဲ့ ဘယ်ဆီဘယ်မှာ အိပ်နေမှန်း မသိရပေသိလို့ ကျုပ်မှ တာရိုးပေါ်ရောက်သာနဲ့ ငါးကောင်စလုံး ကျုပ်ရှေ့က ရောက်နှင့်ကြပြီ။ မှောင်ကြီးမည်းမည်းထဲ ကျုပ်ကို တခြားက ခွေးတွေလိုက်ဆွဲမှာ မပူနဲ့။ သည်ငါးကောင်က အသေခံ ကိုက်ကြသာရယ်။ မိုးလင်းလို့ ရောက်တဲ့နေရာက ပြန်ကြတော့ဆိုတော့မှ ပြန်ကြသာ။ ပြန်တော့လည်း ကျုပ်ကို ခပ်လှမ်းလှမ်းက ရပ်ကြည့်နေကြသေးသာ"
"မမဲညိုကို ခွေးတွေက တော်တော်ချစ်ကြတာပါကော"
"ချစ်လှချည့်ပေါ့ ဆရာမရယ်။ အိမ်က လင်တောင် ခွေးလောက် အားမကိုးရဘူးရယ်။ တစ်ခါတော့ ပြောရသယ် မောင်မင်း ဘယ်နှခါ စောစော ထ,ဖူးလို့တုံးလို့။ သည်ခွေးတွေက ကျုပ်အပေါ် ကောင်းတော့ ကျုပ်ကလည်း ကျွေးသလေ"
သည်အချိန်မှာပဲ မီးသွေးနှစ်တွေ အိုးနဲ့ထည့်လာတဲ့ မဆင့်တုံးက အိုးကြီးမ,ပြီး ထွက်လာတယ်။ အိုးထဲက မီးသွေးနှစ်တွေကို လက်နဲ့ ဆုပ်ဆုပ်လုံးရင်း တာရိုးခြေ မြေပြန့်မှာ စီစီရီရီလှန်းတယ်။ ကျွန်မက မီးသွေး ဘယ်လို လုံးတာလဲလို့ စပ်စုတော့ မီးသွေးမှုန့်နဲ့၊ ထမင်းရည်နဲ့ လုံးတာပဲတဲ့။ ရွှံ့စေးကလေးထည့်လုံးရင်း ပိုကောင်းသတဲ့။ ဒါပါပဲ။ မီးသွေးလုံးလေးတွေ စီလှန်းပြီးတော့ မမဲညိုကို လှမ်းပြောတယ်။
"မိညို, ညည်းခွေးကိစ္စပြီးရင် ခွေးတွေ မောင်းထုတ်လိုက်တော့။ ငါ့မယ် နေလေးပွင့်တုန်း လှန်းရသာ။ တစ်နေ့က ညည်းခွေးတွေ နင်းလို့ မီးသွေးလုံး အလုံးငါးဆယ်လောက် ဖွာထွက်ကုန်သယ်။ ညည်းတို့မှ ဖြစ်ရလေအေ၊ အိမ်မရှိ ခွေးမွေး။ သည်ကြားထဲက ခွေးကပဲ လင်ထက်ကောင်းသယ် ဖြစ်ရသေး၊ ညည်း နဂိုက ခွေးယူပါ့လား။ ဘယ့်နှယ်ကြောင့် ငါ့မောင် သောင်းစိန် ယူရသာတုံး"
"ခွေး ယူမလို့ဘဲ တော်ရေ့။ တော့်မောင်က ကျုပ်ကို ကြိုက်လှချည့်ရဲ့ ဆိုလို့။ ဆရာမနှယ် လင်ယူမှားသာတော့ မပြောနဲ့တော့၊ ယူထားတဲ့ လင်မို့လို့ ပါတော်၊ တည်မိတဲ့ဘုရား လင်းတ နားနား ဆိုသာလိုပဲ။ ဆိုက်ကားသာ နင်းသာ သင်းများ သူများဆိုက်ကားလို အိမ်ပြန်လို့ ပက်ဆပ်ပါသာ မှုတ်ဘူး။ ကျုပ် ကောက်ညှင်းပေါင်း ခုလို့ပေါ့ ဆရာမနှယ် လူက လူပျင်း၊ လူပေါ့။ ကျုပ်က လှပ်လှပ်ကလေးရယ်။ ကောင်းကင်လွင့်ချင်နေသာ"
"ညည်း ကောင်းကင်တက်တော့ လူတွေက အောက်မေ့မှာပါ။ ချေးစားစုန်း တိမ်ညွှန့် တက်စားသယ်လို့"
"တော် ဘာစကားပြောသာတုံး၊ ကျုပ်များ ဘာအောက်မေ့လို့တုံး၊ တွေ့လား သည်မှာ တုတ်။ မဆင့်တုံးနော်, ခေါင်းရိုက်ခွဲပစ်လိုက်မယ်"
"ညည်းက တုတ်, ဟုတ်လား၊ ကိုင်းတော်"
မဆင့်တုံးက အနားက မီးသွေးနှစ်တွေ ထည့်ထားတဲ့အိုးကို နှုတ်ခမ်းက ကိုင်ပြီး မြေပေါ် ဆောင့်ချလိုက်ကရော။ သည်တော့မှ အိုးလည်ခွေဖင်ကျွတ်ကို ကိုင်ပြီး ဆတ်ခနဲ ထ,တယ်။ တစ်ယောက်က လူ့အရပ်လောက်ရှိတဲ့ တုတ်ကြီးနဲ့၊ တစ်ယောက်က အိုးလည်ခွေ အခွေလိုက်ကြီးနဲ့။ အမှုထဲ ကိုယ်ပါ ပါနေတော့ ကျွန်မလည်း အပေါ်ထပ်ကနေ အော်ရတော့တာပါ။ ကျွန်မ အော်သံကြောင့် ထင်ပါရဲ့၊ ဥက္ကဋ္ဌလုပ်တဲ့ ကိုချစ်မုန်းနဲ့ သမီးတွေ ထွက်လာရော။ ဥက္ကဋ္ဌက ပြေးလာရင်း စကားတစ်ခွန်း ပြောလိုက်တော့ တုတ်တစ်ဖက်၊ အိုးလည်ခွေတစ်ဖက် ကိုင်ထားကြတဲ့ မိန်းမနှစ်ယောက် ငြိမ်သွားကြတယ်။
"အေး, နေရတုန်း သတ်ကြပုတ်ကြဟေ့၊ မနက်ဖျင် သန်ဘက် ဘယ်ရောက်မှန်း မသိတဲ့ဟာတွေ"
မမဲညိုကလည်း သူ့တုတ်ကြီးပစ်ပြီး အခန်းထဲ ဝင်သွားသလို မဆင့်တုံးကလည်း ကိုင်ထားတဲ့ အိုးလည်ခွေကျိုးကို ခွမ်းခနဲ ပစ်ချပြီး ဝင်သွားလေရဲ့။ ဥက္ကဋ္ဌ ကိုချစ်မုန်း ပြောလိုက်တဲ့စကား ဆန်းတယ်လို့တော့ သတိထားမိသား။
* * *
ကျွန်မတို့နေတဲ့ တိုက်ခန်းရှေ့တည့်တည့် တာရိုးပေါ်မှာ ကွမ်းယာဆိုင် တစ်ဆိုင်ရှိတယ်။ အဲသည်တုန်းကတော့ တစ်ဆိုင်တည်းသော ကွမ်းယာဆိုင်ပါ။ ကွမ်းယာတင် မကပါဘူး။ ကလေးသရေစာထုတ်တွေ၊ ငှက်ပျောဖီးကြီးတွေ တန်းထိုးပြီး ချိတ်ထားတတ်လေတော့ လူကြီး၊ ကလေး ဝယ်စားတတ်ကြတယ်။ ဆိုင်ရှေ့ ခုံတန်းရှည်နှစ်လုံး တစ်ဖက်တစ်ချက် ချထားလို့ ထိုင်စရာဖြစ်ရတယ်။ လိုင်းကား တစ်စီးတလေ စောင့်ချင်တော့လည်း အဲသည် ခုံတန်းတွေပေါ် ထိုင်ရုံပါ။ တိုက်ခန်းက လူတွေကသာ တစ်ခါတလေမှ ထိုင်ဖြစ်ကြတာပေမဲ့ အဲသည် ခုံရှည် နှစ်လုံးပေါ်မှာ အမြဲထိုင်တဲ့လူ နှစ်ယောက် ရှိတယ်။ တစ်ယောက်က ကိုပေါက်ရှန်။ ဗမာတရုတ် ကပြားလား၊ မသိဘူး။ ဗမာစကား ကောင်းကောင်းပြောတတ်တယ်။ နောက်တစ်ယောက်က ကိုပေါက်ရှန်ရဲ့မိန်းမ မရှုဝမ်။ မရှုဝမ်ကလည်း တရုတ်မ ပါပဲ။ မရှုဝမ်က ကျွန်မတို့ ရှေးဗမာတွေအခေါ် ဘယားအိတ်ဆိုတဲ့ ပိုက်ဆံအိတ် ကြီးကြီးတစ်လုံး ချိုင်းလွယ်ပြီး၊ သည် ကွမ်းယာဆိုင်မှာ နေကုန် ထိုင်တယ်။
သည်ကွမ်းယာဆိုင်က ကိုပေါက်ရှန်နဲ့ မရှုဝမ်ရဲ့ ရုံးခန်းဆိုလည်း ဟုတ်တယ်။ သတင်းရရာ ရကြောင်း စုံထောက်စခန်း ဆိုတော့လည်း ဟုတ်တယ်။ သည်တိုက်ခန်းတွေမှာ ကိုပေါက်ရှန်လက်ထဲ ရောက်နေတဲ့ အခန်းတွေက အများကြီး။ လက်ထဲရောက်တယ် ဆိုတာက တိုက်ခန်း နေထိုင်ခွင့်စလစ်ကို မတန်တဆဈေးနဲ့ ဈေးနှိမ်တာမျိုး၊ အတိုးကြီးကြီးနဲ့ နှစ်ချုပ်ပြီး အပေါင်ခံထားတာမျိုးကို ပြောချင်တာပါ။ တရုတ်တွေပေမဲ့ စကားပြောကောင်းကြတယ်။ သူတို့လက်သုံးစကားက "မရှိရင်ယူလေ" တဲ့။ မရှိသူတွေ စုနေတဲ့နေရာဆိုတော့ ယူရတာပေါ့။ ယူမိပြီ ဆိုရင်တော့ အိမ်ထရံ ခြ,တက်သလိုသာ အောက်မေ့တော့။ ကျွန်မတို့တောင် ကိုပေါက်ရှန်တို့ လင်မယားလက်ထဲက သူတို့ပိုင် အခန်းတစ်ခန်းမှာ အခန်းငှားနေရတာပါ။ တစ်လလေးထောင် တစ်နှစ်စာ လေးသောင်းရှစ်ထောင် ပေး၊ သူတို့စာချုပ်မှာ လက်မှတ်ထိုး၊ တက်နေရုံပဲ။ လျှပ်စစ်မီးကတော့ မန္တလေးတစ်မြို့လုံး ပျက်တဲ့ကာလဆိုတော့ အမှောင်ထဲနေရတာ ကိုယ့်ကိစ္စ။ ရေကတော့ ရေစက်နဲ့ မောင်းတင်တာကိုသုံး။ စက်မောင်းသမားကို လခပေးရတာ ၊ စက်ပျက်ရင် ဝိုင်းပြင်ရတာမျိုး ရှိလေတော့ သည်ကုန်ကျစရိတ်ကို တိုက်ခန်း နေကြသူတွေက ဝေပုံကျ ခံကြရတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကလည်း အိမ်ထောင်ကျစ, ဆိုတော့ နေရေး ကိစ္စလေးမှ အဆင်ပြေစေတော့ရယ်လို့ ကိုပေါက်ရှန်တို့ဆီက အခန်း ငှားနေရတာပါပဲ။ တစ်နှစ်မပြည့်ခင်တော့ ကိုပေါက်ရှန်တို့လင်မယားက တိုက်ခန်းပေါ် ယောင်လို့တောင် တက်မလာကြဘူး။ တိုက်ဝ တာရိုးပေါ်က ကွမ်းယာဆိုင်မှာ ထိုင်နေကြတာပဲ။ ဥစ္စာပုံကို စောင့်နေကြတဲ့ သိုက်စောင့်လင်မယားလို တစ်တိုက်လုံးကို လှမ်းကြည့်နေကြတော့တာပါ။ သည်လိုနဲ့ တောသူတောင်သားများ နေခွင့်ရထားကြတဲ့ တိုက်ခန်းစလစ်တွေက သူတို့ ပိုက်ဆံအိတ်ကြီးထဲ ရောက် ရောက်သွားကြတာ များပြီ။ ပိုက်ဆံ ငါးသောင်းလောက် ယူထားမိသူက ဘယ်လိုမှ အတိုးမသတ်နိုင်ဘူး။ ဘယ်တော့မှလည်း အရင်းမကျေနိုင်ဘူး။ သည်လိုနဲ့ တိုးရင်းတွေ၊ ပွားချင်းတိုင်းပွားပြီး အချိန်တန်တော့ ကိုပေါက်ရှန်တို့ လင်မယားကို ထိုးအပ်လိုက်ရတာ များပြီ။
တစ်ခါတော့ တာရိုးခြေကို ဆင်းလာတဲ့ မရှုဝမ်ကို ခွေးတစ်ကောင်က ကိုက်လိုက်ပါလေရော။ ခြေဖနောင့်ကို လှမ်းဆွဲလိုက်တာပါ။ သည်တိုက်ခန်းရှေ့မှာ ဈေးသည်တွေ သွားနေကြတာ၊ ရဟန်းတွေ ဆွမ်းခံကြွတော်မူကြတာ၊ သီလရှင်တွေ အတန်းလိုက် ဆွမ်းဆန်တော် ခံကြတာ၊ သူ့ဧည့် ကိုယ့်ဧည့် ဝင်ထွက်နေကြတာတွေ များလှပေါ့။ ဘယ်သူမှ ခွေးကိုက်ခံရတယ် မရှိခဲ့ဖူးဘူး။ ခွေးတွေ များတာလည်း မှန်ပါရဲ့။ ဘယ်ခွေးကမှ သူစိမ်း၊ သူကျက်ရယ်လို့ လှည့်လို့တောင် မကြည့်ကြတဲ့ကြားက အကိုက်ခံလိုက်ရတယ် ဆိုတာက သတင်းဖြစ်ကရော။ ခက်တာက ခွေးပိုင်ရှင် ပြဿနာရှာချင်လို့လည်း မရဘူး။ ဘယ်သူမှ ခွေးပိုင်ရှင် မဟုတ်ဘူးကိုး။ သည်လိုပဲ ဟိုက သည်က ရောက်လာကြတဲ့ ခွေးတွေထဲက တစ်ကောင်က ကိုက်လိုက်တာဆိုတော့ ဘယ်ခွေးက ကိုက်လိုက်မှန်းတောင် မသိလိုက်ကြဘူး ပြောပါတော့။
တိုက်ခန်းက မဂျိုးမဆိုတဲ့မိန်းမ ခွေးကိုက်မန်း ကောင်းတယ်ကြားလို့ မရှုဝမ်က ငွေနှစ်ရာ၊ ကွမ်းနှစ်ယာနဲ့ သွားရတယ်။ မဂျိုးမကလည်း ရှားရှားပါးပါး ခွေးကိုက်လူနာ ရောက်လာတယ်ဆိုတော့ မန်းပေးတာပါပဲ။ ကျွန်မက သည်သတင်းကြားလို့ မဂျိုးမကို မေးကြည့်တယ်။ ဖင်ထိုင်ခုံကို မီးသွေးခဲနဲ့ ခွေးမန်းကိုရေး၊ ခုနစ်အုပ်ရွတ်ပြီး ခွေးကိုက်ရာပေါ် ဖင်ထိုင်ခုံပေါ်က မီးသွေးစာနဲ့ ပွတ်တိုက်ရသတဲ့။ ခွေးကိုက်ပြီးစမှာ အလွန်ပူနေလေတဲ့ ဝေဒနာဟာ မီးသွေးမန်းနဲ့ တွေ့တာနဲ့ ချက်ချင်းအေးတာပဲ ဆိုတာလည်းပါရဲ့။
"ကျုပ်တို့ရွှာတွေတော့ သူ့ခွေးနဲ့သူ ခွေးမန်း ပျောက်သာပဲ ဆရာမရဲ့။ မြို့မှာလို ခွေးဆေးတက်ထိုးကြသယ် ဘယ်ရှိမှာတုံး။ မြို့ကခွေးတွေတော့ ကျုပ် တို့ဆေးက စွန်း (စွမ်း) မစွန်း မသိဘူး။ ဆေးစွန်းရင် ပျောက်မှာပဲ။ မစွန်းရင် ရောင်လာမှာပဲ။ ကျုပ်တို့ဆေးမန်းက ဗမာတော့ ပျောက်သာပဲလေ။ တလုတ်မတော့ မပြောတတ်ဘူး"
"ခွေးကိုက်မန်းတယ်ဆိုတဲ့ စာက ဘယ်လိုတဲ့တုံး"
"မပြောရဘူး ဆရာမရဲ့၊ ပြောရင် ဆေးမစွန်းတော့ဘူး။ သည်ပညာက ကျုပ်အဘက သင်ပေးလိုက်သာရယ်။ ကျုပ်အဘက ခွေးများတော့ လာခဲ့ထဲက။ အိမ်မှာ ခွေးမွေးမယ်ဆိုရင် ဆရာမကို သင်ပေးရဦးမယ်။ ခွေးက ခြေသည်း လက်သည်း မည်းရမယ်၊ အမြီးက ပုတ်သင်မြီး ဖြစ်ရမယ်၊ မျက်ဆန် ပြူးရမယ်၊ အမွေးကြောင်ရမယ်၊ နားရွတ်ရှည်ရမယ်၊ ကျုပ်တို့ အဘများ ပြောဖူးသာပါ"
"ကျွန်မတို့ တိုက်ခန်းက ခွေးတွေကကော ခွေးကောင်းတွေလား"
"ကျုပ်ပြောတဲ့ ခွေးမျိုး တစ်ကောင်မှ မပါဘူး"
မရှုဝမ်ကတော့ သူ့အိမ်ရောက်လို့ အင်္ဂလိပ်ဆေး ကူ, မကူတော့ မပြောတတ်ဘူး။ တစ်ပတ်လောက် လူပျောက်သွားရာက ကွမ်းယာဆိုင် ခုံတန်းရှည်ပေါ် ပြန်ထိုင်တာပါပဲ။ မဂျိုးမ ဆေးက စွမ်းလို့တဲ့။ အဲသည်ကတည်းက မရှုဝမ်လည်း ခွေးတွေ တရုန်းရုန်းထ,နေတဲ့ ကျွန်တို့ တိုက်ခြေကို သိပ် မကပ်ရဲတော့ဘူး။ မရှုဝမ်က တိုက်ခြေမကပ်ပေသိ တိုက်ခန်းစလစ်တွေကတော့ မရှုဝမ်ရဲ့ ဘယားအိတ်ကြီးထဲ သွားသွားကပ်ကြတာပါပဲ။
သည်သတင်းတွေကို အဆောင်သာယာရေး ကော်မတီ ဥက္ကဋ္ဌကတော် မပေါရွှေက မနက်မနက် ကျွန်မ စက်ဘီးထုတ်တဲ့အခါ ခွေးသတင်းပေးတတ်လို့ သိရတာပါ။ ဥက္ကဋ္ဌအိမ်ဆိုင်မှာ မနက်မနက် ဈေးဝယ်သူ၊ အကြွေးယူသူတွေ များတတ်တော့ ကျွန်မကျောင်းသွားဖို့ စက်ဘီးထုတ်ပြီဆိုရင် မိန်းမတစ်ယောက် ယောက်၊ ဒါမှမဟုတ် အနားရှိတဲ့ ယောက်ျားသားတစ်ယောက်ယောက်က တာရိုးပေါ်အထိ စက်ဘီး တွန်းပို့တတ်တယ်။ အဲသည် မနက် တာရိုးပေါ် တွန်းပို့ပေးသူက မသေးလှီတဲ့။ အပေါ်သွားခေါခေါ ရှည်ရှည်ကြီးနှစ်ချောင်းက အောက်နှုတ်ခမ်းပေါ် တင်နေလို့ မသေးလှီ စကားပြောရင် သွားနှစ်ချောင်းက တက်ချည်ကျချည်နဲ့ မောင်းထောင်းနေသလို ဖြစ်နေတတ်တယ်။ သဘောကလည်း ကောင်းပါရဲ့။ မသေးလှီက တာရိုးပေါ်ရောက်တော့ စက်ဘီးကို ဒေါက်ထောက် ပေးတယ်။ ကျွန်မကိုလည်း စက်ဘီးပေါ် မတက်ခင် ထဘီ နောင်းနောင်း ဝတ်လိုက်ဦးတဲ့။ နောင်းနောင်းဆိုတာ မြဲမြဲလို့ပြောတာပါ။
"မသေးလှီ စက်ဘီးတွန်းသွားတာများ သွက်လိုက်တာ၊ စက်ဘီး စီးတတ်တယ်ပေါ့"
"ကျုပ် မြို့ထဲ ပွဲရုံတွေကိုပဲ ရွေးသွားရင် စက်ဘီးနဲ့သွားသာ ဆရာမရဲ့။ စက်ဘီးစုတ်ပါတော်။ ဆရာမ စက်ဘီးလို ငှက်မြီးရှည် မဟုတ်ပါဘူး"
ကျွန်မစက်ဘီးတံဆိပ်က ရစ်ငှက်တံဆိပ် (Phesant) ကို ပြောတာပါ။
"ပဲရွေးတာ ကြာပြီပေါ့"
"မန်းလေး ရောက်ကတည်းက ပြောပါတော့ ဆရာမရယ်။ အခု ဥက္ကဋ္ဌ လုပ်နေတဲ့ကောင် ငမုန်းနဲ့ ကျုပ်တို့ လင်မယားက အရင်ဆုံး မြို့ရောက်တဲ့ဟာကို။ ကျုပ်တို့ ရောက်စကလည်း သည်လိုပါပဲ။ တဲတွေနား ခွေးတွေနဲ့ တစ်စပ်တည်း နေရသာပါ။ ခွေးဆိုသာကလည်း လူစာ မှီစားရသာဆိုတော့ လူတွေအနား နေသာပေါ့။ ကျုပ်ဖြင့် ရောက်စက မုန့်ပဲဆုပ်လုပ်ပြီး ဈေးထဲ လှည့်ရောင်းဖူးသေးသာ။ ဈေးကွဲတော့ အမဲရိုး၊ ဆိတ်ရိုး အကျိုးကြေတွေ ဈေးကတောင်းလာပြီး ဆန်ကွဲနှစ်ဘူးနဲ့ အရင်ကျိုသာပဲ။ လူစာက ဈေးမသွားခင်က ချက်ပြီးသား။ ယောက်ျားကို ထမင်းထုပ်, ထုပ်ပေးရသေးသာကိုး။ ဈေးက ပြန်လာသာနဲ့ ခွေးစာကို ကျကျနန ကျိုကရော။ ပျစ်ပြီဆိုသာနဲ့ ကျုပ်က ယောက်ချိုကြီး တစ်ဇွန်းစာခပ်လောက် သောက်သေးသာ၊ ကောင်းလိုက်သာ ဆရာမနှယ်။ အဲသလို ကျွေးခဲ့တဲ့မိန်းမ အခု မလုပ်နိုင်တော့ဘူး"
"ဘာဖြစ်လို့လဲ"
"ရော်, ဆရာမနှယ်၊ လူစာမှ အနိုင်နိုင် ထမင်းကျင်းက နက်ပါဘိသနဲ့၊ မုန့်ပဲဆုပ်အမြတ်နဲ့ နေ,မဖြစ်ဘူး။ တစ်နေကုန် မြို့ထဲက ပွဲရုံမှာ ပဲရွေးရသာ ခါးကိုချည့်ကရော့"
တစ်ခါတစ်ခါတော့ ကျွန်မတို့နဲ့အတူ တိုက်ကြီးတစ်လုံးတည်း နေကြတဲ့ နေဖော်နေဖက်တွေအကြောင်း စဉ်းစားကြည့်မိတယ်။ အားလုံးလိုလိုပါပဲ။ တောသူ တောင်သားတွေပီပီ အနေရိုးကြတယ်။ ဝမ်းရေးအတွက်ရယ်လို့ တောကနေ မြို့တက်လာကြပေသိ သူတို့ဘဝ နေနည်းအတိုင်း နေကြသူတွေပါ။ တောဓလေ့ တောဟန်မပျောက်ကြသူချည်းပါပဲ။ ယောက်ျားသားတွေလည်း သည်လိုပဲ။ ကျွန်မတို့အိမ်မှာ လေးလေးပင်ပင် မ,ရမယ့် အလုပ်မျိုး၊ ရေစက်ပျက်လို့ ရေ နှစ်ထမ်း၊ သုံးထမ်း၊ ထမ်းတင်ပေးပါဦး ဆိုတာမျိုးကအစ သူတို့ပဲ အားတဲ့သူက အားသလို လုပ်ပေးကြတယ်။ အိမ်က ဆရာဆိုရင် လိုင်းကားတောင် မစီးတော့ပါဘူး။ သူတို့ နင်းတဲ့ ဆိုက်ကားပဲ စီးတော့တာပါ။ တချို့ အရက်သောက်တတ်ကြတာက လွဲလို့ ကျန်တဲ့ သီလလေးပါး လုံကြတယ်။ မိန်းမသားတွေကတော့ ငါးပါးစလုံး လုံတယ်လို့တောင် ပြောနိုင်ပါရဲ့။
သူတို့ ဘဝတွေနဲ့အတူ ရှိနေကြတဲ့ နိမ့်ပါးတဲ့ သတ္တဝါတွေကိုတောင် မေတ္တာ ထားနိုင်တဲ့ စိတ်မနောဓာတ်ဟာ အံ့ဩစရာကောင်းလိုက်ပုံများ။ ဝိုင်းလုံခြုံလုံဖို့ သည်ခွေးတွေကို သူတို့ ကျွေးခဲ့မွေးခဲ့ကြတာလည်း မဟုတ်ဘူး။ သူတို့မှာရှိတဲ့ တိုက်ပေါ်နေထိုင်ခွင့် စလစ်ကလေးကလွဲလို့ ဘာ လက်ဆုပ် လက်ကိုင်မှလည်း ရှိတာမဟုတ်ဘူး။ သူတို့အားလုံးမှာ တူတဲ့ အချက်တစ်ချက်တော့ ရှိတယ်။ အဲဒါက သူတို့အားလုံး မဟုတ်ရင်တောင် အတော်များများက တိုက်ခန်းပေါ်နေထိုင်ခွင့် စလစ် (Slip) တွေ ပေါင်ထားကြတာပါ။ သည်လိုနဲ့ ဆုံးကြတာများလို့ တိုက်ခန်းပေါ်က ဆင်းပေးရတာတွေ ရှိလာတယ်။
တစ်ညနေ ကျွန်မ ကျောင်းကပြန်တော့ စက်ဘီးတစ်ဖက်နဲ့ တာရိုးပေါ်က ဇောက်ထိုးဆင်း၊ စက်ဘီးကို မြေညီထပ် လှေကားခြေက ဥက္ကဋ္ဌအခန်းမှာအပ်၊ ခွေးတွေ တန်းစီအိပ်နေတဲ့ လှေကားထစ်တွေကို ဝါးညှပ်က, ကသလိုရှောင်ရင်း တစ်ထစ်ချင်း နင်းတက်လာတော့ အပေါ်က လူဆင်းလာသံကြားတာနဲ့ ဘေးနား ကပ်ပေးလိုက်တယ်။ လှေကားကွေ့မှာ ဘွားခနဲ ပေါ်လာသူက မဖွားစုံ။ ခေါင်းပေါ်မှာ စောင်ထုပ်ကြီးတစ်ထုပ်၊ လက်မှာ မြွေရေခွံအိတ်ကို ထိပ်စကြိုးချည်ထားတာက တစ်ဖက်၊ ဘယ်ဖက်လက်မှာတော့ ကြိမ်ခြင်းကြီးတစ်ခြင်းနဲ့ မနိုင်မနင်း ဆင်း လာတာပါ။ ကျွန်မက အထုပ်ကို လှမ်းယူတော့ နေပစီ ဆရာမ၊ ကျုပ်က နိုင်သယ်ရယ်တဲ့။ ကလေးသုံးယောက်နဲ့ ခွေးနှစ်ကောင်သုံးကောင်က နောက်က။ မဖွားစုံက လက်နှစ်ဖက်က အထုပ်နဲ့ခြင်းကို ဖုတ်ခနဲ ပစ်ချရင်း ခဏနားတယ်။
"ဆရာမရေ, သွားပြီနှော"
"ဘယ်တုံး မဖွားစုံရဲ့၊ ရွာပြန်ကြမလို့လား"
"မဟုတ်ဘူး ဆရာမရေ၊ ကျုပ်တို့ကို နတ်က နှင်ချပြီ"
"ဘယ်လိုနှင်ချတာတုံး၊ ဘယ်သူက နှင်ချတာတုံး"
"ကျုပ်တို့ တိုက်ခန်းရခါစ ကတည်းက ပေါင်ထားတဲ့ စလစ်စာရွက်က ဆုံးပြီလေ။ ကျုပ်က ကိုပေါက်ရှန်ရယ် ခြောက်လ၊ တစ်နှစ်တော့ စောင့်ပါ ဆိုသာတောင် မရပါဘူး ဆရာမရယ်"
"အို, ဖြစ်ရလေရှင်၊ နေပါဦး။ အခုက ဘယ်မှာ နေကြမှာတုံး"
"ကမ်းနားတာရိုးနဲ့ လက်ပံပင်ခြေမှာ တဲတစ်လုံး ထိုးထားကြသယ်။ တဲကလည်း ကြီးကြီးထိုးလို့ဖြစ်သာ မှုတ်ဘူး။ သည်လိုပဲ ပြုံတိုးနေကြရမှာပဲ ခဏတော့"
ကျွန်မက ဘာစကားမှ မပြောနိုင်ခင် ချထားတဲ့ မြွေရေခွံအိတ်ထုပ်နဲ့ ကြိမ်ခြင်းကြီးကို ကောက်မ,တယ်။ ကျွန်မက ကလေးသုံးယောက်ကို မုန့်ဖိုး ပေးတော့ မဖွားစုံက သာဓုပါတော်တဲ့။
"နေပါဦး အခုက ဘယ်လိုသွားကြမှာတုံး"
"တာရိုးပေါ်မှာ ကျုပ်အိမ်သား ဆိုက်ကားနဲ့ စောင့်နေလေရဲ့၊ ကိုင်း, သွားရော့မနှော"
ကျွန်မ အပေါ်ထပ် ဆက်မတက်နိုင်သေးဘူး။ ပထမထပ် ဝရန်တာ ထောင့်က ရပ်ကြည့်နေမိတယ်။ မဖွားစုံက တာရိုးခြေရောက်တော့ လင်လုပ်သူက အထုပ်ကြီး ဆင်းယူတယ်။ ဆိုက်ကားပေါ် မဖွားစုံတက်တော့မှ မဖွားစုံပေါ် စောင်ထုပ်ကြီး တင်တယ်။
ကလေးသုံးယောက်က နောက်ခုံမှာ။ ကယ်ရီယာခုံပေါ်မှာ ခြင်းတွေနဲ့ မြွေရေခွံထုပ်။ ဆိုက်ကားထွက်တော့ မဖွားစုံက ကိုယ်နေခဲ့သကောရယ်လို့ နေခဲ့တဲ့ တိုက်ခန်းဘက် လှည့်လို့တောင် မကြည့်ပါဘူး။ ပွေးကြီးနဲ့ပွေးလေး ခွေးနှစ်ကောင်က နောက်က တကောက်ကောက် လိုက်သွားလေရဲ့။
* * *
ကျွန်မတို့မိသားစု တိုက်ခန်းကပြောင်းပြီး မြို့သစ်မှာ အခြေချကြတာ ဆယ်စုနှစ် တစ်စုစာ ရှိခဲ့ပါပြီ။ မြို့သစ်ကနေ တစ်ပတ်တစ်ခါ အမေ့အိမ်ကို သွားတဲ့အခါ မြို့ထဲဘက်ကချည်း သွားကြတာဆိုတော့ တိုက်ခန်းတွေဘက် မရောက်ဖြစ်တော့ပါဘူး။ လူသစ်တွေ ရောက်နေကြပြီ ဆိုတာလောက်တော့ ကြားပါရဲ့။ ကျန်တော့ ကျန်ကြဦးမှာပါ။ ဘယ်သူတွေကျန်လို့ ဘယ်သူတွေ ပြေးရှာကြပြီလဲလို့တော့ မသိနိုင်ဘူးပေါ့လေ။
တစ်ရက်သား ကျွန်မတို့ သားအမိနှစ်ယောက် အိမ်မှာ လိုတာလေးဝယ်မယ် ရယ်လို့ ဈေးချိုကို သွားဖြစ်တယ်။ ဈေး တော်တော်ဝယ်ပြီးတော့ ငါးခြောက်ကလေး၊ ငါးပိကလေးဝယ်ချင်လို့ ကုန်ရုံတန်းဘက် ကူးကြတယ်။ ကျွန်မကို မိန်းမ တစ်ယောက်က တို့,လိုက်တယ်ထင်လို့ လှည့်ကြည့်လိုက်တော့ ကျွန်မ မြင်ဖူးတဲ့ မျက်နှာ။ ဘယ်သူများပါလိမ့်။ နည်းနည်း ဝ,လာတာရယ်၊ ရွှေဆွဲကြိုးတွေ ရွှေလက်ကောက်တွေ ဝတ်ထားတာရယ်ကလွဲရင် မျက်နှာက မမှတ်မိစရာမရှိဘူး။ မပေါရွှေ။ အခန်းနံရံမှာ ဘောပင်နဲ့ "လူကြီးလက်မှတ်ထိုး သုံးထောင်" လို့ ရေးတဲ့ မပေါရွှေ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က နေခဲ့ဖူးတဲ့ တိုက်ခန်းမှာ ကျွန်မတို့ကို စောင့်ရှောက်ခဲ့တဲ့ မပေါရွှေ။ ဥက္ကဋ္ဌ ကိုချစ်မုန်းကတော်က သောင်သောင်သာသာ ဖြစ်နေလို့ ဝမ်းသာရတယ်။
"မပေါရွှေ ဈေးလာဝယ်တာလား၊ သမီးတွေကော"
"မှတ်မိသားပဲ၊ ကျုပ်က ဆရာမ မမှတ်မိလောက်ဘူး ထင်နေသာ၊ သမီးတွေ လင်ရကြပြီ။ ကျုပ်ဖြင့် မြေးတောင် ချီရပေါ့"
မပေါရွှေက လေမပြောင်းပါဘူး။ မပေါရွှေကိုကြည့်တော့ အိမ်ဆိုင်အတွက် ထင်ပါရဲ့။ ငါးခြောက်ငါးခြမ်းတွေ ဝယ်ထားတာ မနည်းလှဘူး။ ကုန်စုံဆိုင်ကြီး ဖြစ်ရောပေါ့လေ။
"ဥက္ကဋ္ဌရော"
"ကိုချစ်မုန်းလား၊ အခုလည်း ဥက္ကဋ္ဌပဲ ဆရာမရေ။ သူက တက်လာတဲ့ လူကြီးတွေနဲ့ ပါတီကျတော့ ဥက္ကဋ္ဌမြဲသယ်။ ကျုပ်ကလည်း ပြောရသယ်။ မောင်မင်းတစ်သက်လုံး ဥက္ကဋ္ဌသာ လုပ်ဟဲ့လို့"
မပေါရွှေနဲ့တွေ့တုန်း စကားတွေပြောဖြစ်ပါရဲ့။ ကျွန်မတို့နေတုန်းက တဲပေါ်က တိုက်ပေါ်တင်တွေ မရှိကြတော့ဘူးတဲ့။ တိုက်ပေါ်က တဲပေါ် ပြန်ရောက်သွားကြပြီတဲ့။ တိုက်ခန်း စလစ်ကလေးတွေ လက်ထဲဆုပ်ပြီး နေခဲ့ကြရာက ရသလောက်နဲ့ ရောင်းစား ပေါင်စားမိကြလို့ ဆင်းပေးကြရတာနဲ့၊ အတိုးကြီးမသတ်နိုင်လို့ မဖြစ်စလောက်ငွေနဲ့ အပေါင်ဆုံးရတာနဲ့ တိုက်ပေါ်က ဆင်းပေးကြရတာတွေ မနည်းဘူးတဲ့။ သည်လိုပဲ ဖြစ်မှာပေါ့လေ။ မပေါရွှေ ပြောပုံတော့ တိုက်ခန်းငှားခတွေလည်း ကျွန်မတို့နေစကလို မရတော့ဘူးတဲ့။ တစ်လ သုံး၊ လေးသောင်း ဖြစ်ကုန်ကြတဲ့အကြောင်း၊ တိုက်ခန်း အရောင်းအဝယ် ကလည်း တစ်ခန်းကို သိန်းခြောက်ဆယ်၊ ခုနစ်ဆယ်ဖြစ်ကုန်ကြတဲ့ အကြောင်းတွေလည်း ပါရဲ့။ တစ်ခါက တိုက်တန်းလျားပေါ် တရုန်းရုန်း နေခဲ့ကြတဲ့ တဲတော်ကုန်း၊ တကောင်းကွဲ၊ ထီးကြက်တော် ရွာတွေက ရွာသူရွာသားတွေ ဘယ်များရောက်ကုန်ကြပါလိမ့်။ မပေါရွှေကို မေးကြည့်မိတယ်။
"ကျုပ်တို့ရွာဘက်က ဟာတွေလား၊ ကိုယ့်ရွာ ကိုယ်မပြန်ကြတော့ဘူး ဆရာမရဲ့။ ရွာပြန်ရင် သည့်ထက်ငတ်မှာဆိုတော့ ကြုံရာ တဲထိုးနေကြရုံပေါ့။ ဆရာမတို့ နေတုန်းက လူတွေထဲတော့ ကျုပ်တို့ တစ်ဦးကျန်ရဲ့"
မပေါရွှေက သဘောရိုးနဲ့ ပြောနေတာပေသိ ကျွန်မ စိတ်ထဲမှာတော့ ရာသက်ပန် ဥက္ကဋ္ဌဆိုတဲ့ ကိုချစ်မုန်းကို မြင်ယောင်မိတယ်။ ဘယ်က ဘယ်လို ကျွန်မ ခေါင်းထဲဝင်လာတယ် မသိပါဘူး။ ခွေးတွေကို သတိရလိုက်မိတာနဲ့ ဖျတ်ခနဲ မေးလိုက်မိတယ်။
"ဒါနဲ့ ခွေးတွေရော မရှိကြတော့ဘူးပေါ့"
"လူတွေမှ ကစဉ့်ကလျားဟာကို ဆရာမရယ်။ ခွေးတွေလည်း ကသောင်းကနင်းပေါ့။ အခု အခန်းဝယ်နေကြသူတွေက တိုက်ပေါ် ခွေးအတက် မခံကြတော့ဘူး။ ခွေးတွေကလည်း အပါးပါတော်။ ကျွေးသူမရှိတော့ ကျွေးတဲ့ သခင်တွေနောက် လိုက်ကုန်ထင်ပါရဲ့။ ကြာပြီကော ဆရာမရဲ့။ သေကုန်ကြရောပေါ့။ ခွေးက သက်တမ်းစေ့ဆို ဘယ်လောက်နေရသာတုံး"
"မပြောတတ်ပါဘူး မပေါရွှေရယ်။ ဒါဖြင့် တိုက်ခန်းတွေ ဈေးကောင်းချိန် ဘယ်သူမှ မမိလိုက်ကြဘူးပေါ့"
"အကုန် အပေါင်ဆုံးချည်းပဲ။ တလုတ်ကိုပေါရှန်နဲ့ သူ့မယား မရှုဝမ်လေ ဆရာမ မှတ်မိမလားတော့ မသိဘူး"
"မှတ်မိတယ်"
"အဲသည် မရှုဝမ်ရဲ့ ဘယားအိတ်ကြီးထဲ သူတို့ နေခွင့်ပေးတဲ့ တိုက်ခန်း စလစ်တွေ အကုန်ရောက်ကုန်သာပဲ။ သူတို့လင်မယားက တိုက်ခန်းလိုချင်တော့ ပြန်ရောင်းသယ်။ ဈေးက သူတို့ပါးစပ်ထဲ ရှိသာ။ ချမ်းသာလိုက်သာမှ ကျုပ်တို့နားက တိုက်ခန်းစလစ်တွေ သူတို့ လင်မယားချည်း ရကုန်သာလေ"
ကျွန်မမျက်စိထဲ ကွမ်းယာဆိုင်ရှေ့က ခုံရှည်နှစ်လုံးပေါ် ရုံးခန်းလုပ်ပြီး ထိုင်ထိုင်နေတတ်တဲ့ ကိုပေါရှန်နဲ့ မရှုဝမ်ကို မြင်ယောင်မိတယ်။ ဘယားအိတ် မည်းမည်းကြီးကို ပွေ့ထားတဲ့ မရှုဝမ်ရဲ့ ပုံရိပ်ကိုလည်း မမေ့သေးပါဘူး။ တာရိုးကြီးပေါ်ကနေ တိုက်ခန်းတွေကို ကြည့်ကြတာများ မောင်းခလုတ် တင်ထားတဲ့ ကြွက်ထောင်ခြောက်ကို ကြည့်ကြပုံမျိုး။
ရွာက ပွေးကြီးနဲ့ ပွေးလေးဆိုတဲ့ ခွေးနှစ်ကောင်ကို ကိုယ်နဲ့အတူ မြို့ကို အပါ ခေါ်လာတယ်ဆိုတဲ့ မဖွားစုံ၊ ပဲပြုတ်ရောင်းပြီး ဘယ်ကမှန်း မသိတဲ့ ခွေးငါးကောင်ကို ကျွေးမွေးနေတဲ့ မမဲညို၊ ဈေးထဲ မုန့်ပဲဆုပ်ရောင်းရင်း ဈေးထဲက အရိုးအရင်းလေးတွေဝယ်၊ အိမ်မှာ ဆန်ကွဲနဲ့ ကျကျနနကျိုပြီး ခွေးစာ မကောင်းမှာ စိုးလို့ ကိုယ်တိုင် တစ်ဇွန်းသောက်ကြည့်တတ်တယ် ဆိုတဲ့ မသေးလှီ။ သူတို့ တိုက်ခန်းတွေကို မတန်တဆသိမ်းနေတဲ့ မရှုဝမ်ကိုတောင် ခွေးကိုက်မန်း မန်းပေးတဲ့ မဂျိုးမ။ အားလုံးကို ကျွန်မ အောက်မေ့နေမိတယ်။
ကျွန်မတို့သားအမိ ဈေးက ပြန်လာတဲ့အထိ ကျွန်မရင်ထဲ မကောင်း လိုက်တာ။ တဲတော်ကုန်းသူ မဖွားစုံ ပြောခဲ့တဲ့စကားတွေကိုလည်း သတိရရဲ့။
"ကျုပ်တို့မိဘများ ပြောဖူးသာတော့ ရှေးက ဘယ်ဘုရင်ဆိုလား တိုင်းခန်း လှည့်ရင်း ကျုပ်တို့ရွာနား ရောက်တော့ တဲနန်းကြီး ထိုးနေသာ။ အဲသာနဲ့ တဲတော်ကုန်း ဖြစ်ရသာ။ ဘုရင့်ရေတကောင်းက ကျကွဲတော့ တကောင်းကွဲတဲ့၊ ထီးတော်ကြက်ဆိုသာ ဘုရင့်ထီးတော်တဲ့"
တစ်ခါက ဘယ်ဘုရင်မှန်းမသိတဲ့ ဘုရင်တစ်ပါးနဲ့ သမိုင်းနွှယ်တဲ့ ရွာကလေးတွေက ရွာသူတွေ။ အခုကော ဘယ်ရောက်ကုန်ကြပါလိမ့်။ ရောက်တဲ့နေရာမှာ ခွေးတွေ တရုန်းရုန်းနဲ့ ကျွေးဟယ် မွေးဟယ် ရှိနေကြရော့လား။ ဆန်းတော့ မဆန်းပါဘူးလေ။
ကျွန်မတို့ မန္တလေးမှာ သည်လိုပဲ ပါတော်မူတာတွေ များလှပေါ့။
-------
ခင်ခင်ထူး
(နဝရတ်ရောင်ခြယ် မဂ္ဂဇင်း ဝတ္ထုရှည်များ)

No comments:

Post a Comment