ကောင်လေးးရဲ့ နံနက်ခင်း (ဂျိုဇော်)
=========================
“ကောင်လေး” နေတဲ့ မြန်မာပြည်ကြီးဟာ ဧရိယာ စတုရန်းမိုင်ပေါင်း
နှစ်သိန်းခြောက်သောင်း ကျော်လောက် ရှိပြီး လူဦးရေက သန်းလေးဆယ် နီးပါး
ရှိတယ်။ ဒါကို ကောင်လေး မသိဘူး။
ကောင်လေးနေတဲ့ မြို့ကလေးက
မြန်မာပြည်ရဲ့ အလယ်လတ်တန်းစား အဆင့်ရှိတဲ့ မြို့ဖြစ်ပြီး တစ်မြို့နယ်လုံး
လူဦးရေက နှစ်သိန်းနီးပါးလောက် ရှိတယ်။ ဒါပေမယ့် ဒါကို ကောင်လေး မသိဘူး။
ကောင်လေးနေတဲ့ (အလုပ်လုပ်နေတဲ့) လက်ဖက်ရည်ဆိုင်ဟာ မြို့ကလေးရဲ့ အချက်အချာ
နေရာမှာရှိပြီး အင်မတန် ရောင်းကောင်းတဲ့ လူစည်တဲ့ ဆိုင်ကလေး ဖြစ်တယ်။
တစ်နေ့တစ်နေ့ ရောင်းကြေး သုံးထောင်နဲ့ လေးထောင်အကြားမှာ ရှိပြီး အသားတင်
အမြတ်ကိုက တစ်နေ့ သုံးလေးရာလောက် ကျန်တယ်။ ဒါပေမယ့် ဒါကိုလည်း ကောင်လေး
မသိဘူး။
အ,သော၊ န,သော၊ ထုံထိုင်းသော၊ မပါးနပ်သော၊ တစ်ထွာပြ တစ်ညိုသာ
မြင်သော၊ အို … အဓိပ္ပါယ်တူ နာမဝိသေသနာတွေ၊ ဝေါဟာရ ကြွယ်ဝသမျှ တပ်ချင်သလို
တပ်ကြပါ။ ကောင်လေးဟာ တကယ်ကို ဘာဆိုဘာမှ မသိတဲ့ နလပိန်းတုံး ကောင်လေးပါ။
ဒီလိုမသိတဲ့ ကောင်လေးကို ဒါလောက် မသိရကောင်းလားလို့ ဒေါမနဿ မပွားကြပါနဲ့။
သူ့နေရာမှာ အစားဝင်၊ သူ့ရဲ့ “မျက်မှန်” ကလေးကို ခဏလောက်စွပ်ကြည့်လိုက်ရင်
သူ့လိုပဲ ဘာမှမြင်ကြမှာ မဟုတ်ဘူး။ မယုံလျှင် ကောင်လေးရဲ့ မျက်မှန်ကလေးကို
ခဏလောက် ကောက်စွပ်ကြည့်ကြပါ။ စစ်ဆေးချေးချွတ် ကြည့်ကြပါ။
ကောင်လေးရဲ့ မျက်မှန်ကလေးမှာ “မြန်မာပြည်ရဲ့ တောအခေါင် ချောင်အကျဆုံး
ဇနပုဒ်ကလေးမှာ မွေးဖွား၊ ဆယ့်ခြောက်နှစ်နီးပါး ကြီးပြင်းခဲ့ရတဲ့
ကျေးလက်ချေးက တစ်ထပ်။ ကကြီး ခခွေးကို အစဉ်လိုက် မရေးတတ်ဘဲ ဝ၊ ထ၊ က၊ လ၊ သ
နဲ့ ကိုယ့်နာမည်ကို အနိုင်နိုင် စာလုံးပေါင်းရတဲ့ ပညာရေးချေးက တစ်ထပ်။
အဲသည်ချေးက အထပ်ထပ်တက်နေတဲ့ မျက်မှန်ကလေးကို “ရွာငယ်ဇနပုဒ်၊ မီးကလေး
မှိတ်တုတ်” ဆိုတဲ့ ဘဝကနေ လျှပ်စစ်မီး ဝင်းဝင်းပြက်ပြက်နဲ့ ဧရာမှမြို့ကြီး
(ကောင်လေး အဖို့တော့ ဧရာမမြို့ကြီး ပေါ့လေ) ရဲ့ အလင်းရောင်ရှိန်က
ဟပ်လိုက်သေးဆိုတော့ ကောင်လေးဟာ ဘာဆို ဘာမှ မမြင်ရှာတော့ဘူးပေါ့။
တကယ်ပါပဲ။ ကောင်လေး သည်ဆိုင်ကို စရောက်လာခါစက ဘာဆို ဘာမှ မလုပ်တတ်တဲ့
နလပိန်းတုံးကလေးပါ။ အရွယ်ကလေးကလည်း လူပျိုကလေး။ လူပျို မဖြစ်တဖြစ် ၁၆ နှစ်။
ဆိုင်ကို နောက်ဆုံးမှ ရောက်လာတဲ့ လုပ်သက်အနုဆုံး၊ အ,အဆုံး ကျေးတောသားကလေး
ဆိုတော့ ဟိုက ငေါက်၊ သည်က ငေါက်နဲ့ ဝိုင်းငေါက်နေကြတာ။ ကောင်လေးခမျာမှာ
အမြဲတမ်း ပြူးပြူးပျာပျာ ဖြစ်နေတော့တာပဲ။ “ချွတ်” ခနဲဆို စွတ်ခနဲ
ထပြေးတော့မယ့် ယုန်ကလေးလို ဖြစ်နေတော့တယ်။
ရောက်စက ဘာဆိုဘာမှ
လုပ်တတ်တာ မဟုတ်ဘူး။ ဆိုင်ကို သန့်ရှင်းရေးလုပ်ဆို လုပ်တာပဲ။ ရေခပ်၊
ထင်းခွဲဆို ခွဲတာပဲ။ မီးထိုး၊ ရေနွေးအိုးကျိုဆို ကျိုတာပဲ။ ခိုင်းတာပဲ
လုပ်တတ်တယ်။ ခိုင်းသမျှ အကုန်လုပ်တယ်။ အဲသလို အောက်ခြေသိမ်းက စရတာပေါ့။
“ဧည့်ကြို၊ လက်ဖက်ရည်မှာ၊ လက်ဖက်ရည်ချ၊ ငွေသိမ်း၊ စားပွဲရှင်း” ဆိုတဲ့
ပီပီပြင်ပြင် စားပွဲထိုးအလုပ်မျိုး ဘယ်လုပ်တတ်ဦးမလဲ။ “အဖန်ရည်နှပ်၊
လက်ဖက်ရည်ဖျော်၊ ဂျုံနယ်၊ နံပြားဖုတ်၊ ပလာတာကြော်” ဆိုတဲ့ အဆင့်မြင့်
လက်ဖက်ရည်ဆိုင် ပညာတွေကတော့ ကောင်လေးအဖို့ လက်တစ်ကမ်းမကဘူး။ ဟိုး …
တာဝတိံသာမှာ ရှိသေးတယ်။
ဒါပေမယ့် ကောင်လေးမှာ ဗီဇခေါ်မလား၊ မွေးရာပါ
သန္ဓေခေါ်မလား၊ စရိုက်ခေါ်မလား၊ ဒါမှမဟုတ် (ရွာတုန်းက) ပတ်ဝန်းကျင်ရဲ့
အစဉ်အလာက လေ့ကျင့်သွန်သင် ပေးလိုက်တဲ့ အကျင့် ခေါ်မလား။ (တချို့က
အဲသည့်နှစ်ခုကို ခွဲခွဲခြားခြား လုပ်ချင်ကြတယ်။ အများအားဖြင့်တော့
ခပ်ရောရောပါ) အဲ … အဲဒါကလေး တစ်ခု ကောင်းတယ်။
ကြည့် … ကောင်လေးဟာ
ညမှာ ဘယ်လောက်ညဉ့်နက်ခဲ့ ညဉ့်နက်ခဲ့၊ ဘယ်လောက် အိပ်ရေးပျက်ပျက် မနက် (၄)
နာရီဆို ကြည်ကြည်လင်လင်နဲ့ကို နိုးနေပြီ။ သည့်ပြင်အကောင်တွေဆို
အဲသည်အချိန်မှာ ဟောက်တဲ့အကောင်က ဟောက်တုန်း။ ပျင်းကြောဆွဲပြီး မြွေလို
တွန့်လိမ်နေတဲ့ အကောင်က တွန့်လိမ်နေတုန်း။ ကောင်လေးအဖို့တော့ မနက် (၄) နာရီ
ထရတာ အဆန်းမှ မဟုတ်တာ။ ဘုန်းကြီးကျောင်းသား ဘဝကစပြီး ရွာမှာနေခဲ့တဲ့
သက်တမ်းတစ်လျှောက်လုံး အကျင့်ဖြစ်နေပြီပဲ။ တစ်ရွာလုံးရဲ့ အကျင့်၊
ရွာကျင့်ပဲဥစ္စာ … အလိုလို နိုးနေတာပေါ့။ မနက် (၄) နာရီ မထိုးခင်မှာ
မျက်နှာသစ်ပြီးပြီ။ အိပ်ရာသိမ်းပြီးပြီ။ အိပ်ရာဆိုတာ ဆိုင်ထဲက
ခုံရှည်ကလေးပါ။ အိပ်ရာသိမ်းတယ် ဆိုတာကလည်း ခေါင်းအုံးနဲ့ စောင်ကလေး
ခေါက်ပြီး ဆိုင်အပေါ်ထပ် ထပ်ခိုးကလေးအပေါ် တင်ထားလိုက်ရုံပါပဲ။
အဲ …
နောက်တော့ တစ်ဆိုင်လုံးကို ရေလောင်း (ဆိုင်က အုတ်သမံတလင်း ခင်းထားတယ်)
တံမြက်လှည်း၊ ဂုန်နီအိတ်ကြမ်းနဲ့ ပွတ်။ စားပွဲတွေ ကုလားထိုင်တွေ ဆေးကြော၊
နေရာတကျစီ၊ မီးမွှေး၊ ရေနွေးအိုးကျိုပြီးပြီ ဆိုမှ သည့်ပြင်ကောင်တွေ “ဝါး”
ဆို သမ်းပြီး ထ,လာကြတာ။ ရောက်လာကြတာ။ တချို့က ထပ်ခိုးကလေးပေါ်မှာ အိပ်ကြတာ။
တချို့က မြို့ထဲက သူ့တို့အိမ်ကနေ လင်းမှ လာကြတာ။
အစကတော့
သူ့တို့အားလုံးက ကောင်လေးကို ဝိုင်းနှိမ်ကြတာပဲ။ ဝိုင်းအနိုင်ကျင့်ကြတာ။
ဒါပေမယ့် ကော်လေးက သဘောကောင်းတော့ (ကောင်လေးဟာ နှိမ်လို့ နှိမ်မှန်း
မသိဘူး၊ ခိုင်းလို့လည်း ခိုင်းမှန်း မသိဘူး။ မခံချင်ဖြစ်ရမှန်း၊
စိတ်ဆိုးရမှန်းလည်း မသိဘူး။ အဲဒါကို သဘောကောင်းတယ်လို့ ခေါ်မယ်ဆိုရင် …)
ကောင်လေးကို ခင်လာကြတယ်၊ သနားလာကြတယ်။ သူ့တို့ တတ်သမျှ နပ်သမျှ
စားပွဲထိုးပညာတွေ သင်ပေးကြတယ်။ ဒီလိုနဲ့ ကောင်လေးဟာ စားပွဲထိုးပညာတွေ
တစ်စတစ်စ တတ်မြောက်ကျွမ်းကျင် လာတော့တယ်။
သန့်ရှင်းရေး အဆင့်မှာ၊
ပညာသင် အဆင့်မှာ ဆိုင်ရှင်က လခမပေးရသေးဘူး။ ထမင်းကျွေး၊
လက်ဖက်ရည်တိုက်ရုံပဲ ရှိသေးတယ်။ တစ်ခါတလေ ပွဲလေးလမ်းလေးရှိမှ မုန့်ဖိုး
နည်းနည်းပါးပါး ပေးတယ်။
ပန်းကန်ဆေး၊ ပန်းကန်သယ် အဆင့်ရောက်လာမှ
လခကလေး တစ်လ ငါးဆယ် ရလာတယ်။ ကောင်လေးဟာ လခရကတည်းက သူ့လုပ်အားခကလေးရဲ့
တစ်ဝက် တစ်ဝက်ကို လတိုင်း လတိုင်း စုတယ်။ ရွာလူကြုံရင် အိမ်ကို
ထည့်ပေးဖို့တဲ့။ အဲလောက်အထိ လိမ္မာတယ်။ ရိုးသားတယ်။
ကောင်လေး
ရိုးသားမှန်း၊ လိမ္မာမှန်း၊ ခိုင်းကောင်းမှန်း ဆိုင်ရှင်ကလည်း သိတယ်။
စားပွဲထိုးအချင်းချင်းတွေကလည်း သိတယ်။ ဆိုင်လာသောက်နေကျ ဖောက်သည်တွေကလည်း
သိတယ်။
ဘယ်လောက် အအ နန ကာယအလုပ်ဆိုတာ လုပ်သက်ရလာလျှင်
ကျွမ်းကျင်လာစမြဲပဲ ဆိုတော့ ရှစ်လလောက်လည်း နေရော ကောင်လေးဟာ သည်ဆိုင်မှာ
စိတ်အချရဆုံး၊ ခိုင်းအကောင်းဆုံး၊ အသွက်လက်ဆုံးကောင်လေး ဖြစ်လာတယ်။ လခလည်း
တစ်လ တစ်ရာအထိ တိုးပြီး ရလာတယ်။ တစ်လ တစ်လကို ငါးဆယ်တိတိ စုလာနိုင်တယ်။
လက်ဖက်ရည်ဆိုင် ထိုင်သူတွေ အထဲမှာလည်း ဟိုစားပွဲက “ကောင်လေး” ဒီစားပွဲက “ကောင်လေး” နဲ့ ရေပန်းအစားဆုံး စားပွဲထိုးလေး ဖြစ်လာတယ်။
***
ကောင်လေးရဲ့ နံနက်ခင်းကလေးဟာ ထုံးစံအတိုင်း မွေးလာပါတယ်။
သင်္ကြန်တက်ပြီးမှ ဆိုင်ကိုရောက်လာတဲ့ ကောင်လေးရဲ့ နံနက်ခင်းကလေးတွေဟာ
တဖြည်းဖြည်း အေးအေးလာလိုက်တာ၊ ခုဆို တော်တော်လေး သိသိသာသာ အေးလာပြီ။
ဒါပေမယ့် ကောင်လေးအဖို့တော့ ညပဲ အေးတာပါ။ မနက်လည်းရောက်ရော အလုပ်နဲ့လက်နဲ့
မပြတ်ရတာနဲ့ကို သွေးပူလေ့ကျင့်ခန်းလို ဖြစ်နေတော့ အေးဖို့ အခွင့်အရေး
မရပါဘူး။ အနွေးထည် ဝတ်ဖို့တောင် မလိုသေးပါဘူး။ မိုးရွာတုန်းက ဝတ်တဲ့
နို့ဆီကြော်ငြာ ဒီဇိုင်းပါတဲ့ တီရှပ်ပုံစံ စွပ်ကျယ်လက်စက ကလေးကိုပဲ
ဝတ်ဆင်ထားတုန်းပဲ။
ဆိုင်လာသောက်နေကျ၊ မြင်နေကျ ဖောက်သည်တွေမှာတော့ တော်တော် ပုံစံပြောင်းကုန်ကြပြီ။ အရောင် ပြောင်းကုန်ကြပြီ။
ဟောသည်ထိပ်ပိုင်း စားပွဲတွေမှာ ထိုင်လေ့ရှိတဲ့ အဘိုးကြီးတွေ အုပ်စုဟာ
ခေါင်းစွပ်တွေ၊ တိုက်ပုံတွေနဲ့ ဖြစ်လာတယ်။ စားပွဲမှာ ထိုင်မိလိုက်တာနဲ့
“အေးလာပြီဗျာ” လို့ တစ်ယောက်ယောက်က စပြောတော့တာပဲ။
“ဟုတ်ပါ့ဗျာ …
အရွယ်ကလေး ရလာတော့ ငယ်ငယ်တုန်းကလိုတော့ အအေးဒဏ် မခံနိုင်တော့ဘူး” လို့
တစ်ယောက်က ထောက်ခံလိမ့်မယ်။ အဲသည်နောက်တော့ “ကံ၊ စိတ်၊ ဥတု၊ အာဟာရ” တွေ
“ဥတုနဲ့ သပ္ပါယဖြစ်အောင် နေရမှာ” တွေ ခေါင်းတညိတ်ညိတ်နဲ့ ပြောကြတော့မယ်။
တစ်နာရီ၊ တစ်နာရီခွဲလောက်တော့ အဘိုးကြီးတွေရဲ့ တရားဓမ္မ စကားဝိုင်းကလေး
နွေးထွေးနေလိမ့်မယ်။ ကောင်လေးကတော့ ရေနွေးပဲ ဖြည့်ဖြည့်ပေးနေရတယ်။
သူ့တို့စကားတွေကိုတော့ ဘယ်နားလည်မှာတုန်း။ ငယ်သေးတာကိုး။
ဆိုင်အဝင်ပေါက်နဲ့ တည့်တည့်စားပွဲတွေမှာတော့ သည်ဆိုင်နဲ့
မျက်နှာချင်းဆိုင်က မြင်းလှည်းဂိတ်မှာ ဂိတ်ထိုးရင်း၊ ခရီးသည်စောင့်ရင်း
ထိုင်ကြတဲ့ မြင်းလှည်းသမားတွေနဲ့ သူ့တို့မိတ်ဆွေတွေကို တွေ့ရမယ်။
သူ့တို့လည်း ဖျင်ကြမ်းအင်္ကျီတွေ၊ အဟောင်းဆိုင်တွေမှာ ရောင်းတဲ့ “လေဘေး”
လို့ခေါ်တဲ့ အနွေးအင်္ကျီတွေနဲ့ ဖြစ်ကုန်ကြပြီ။ သူ့တို့ကတော့ အေးတဲ့အကြောင်း
သိပ်မညည်းဘူး။ ခရီးသည်မရတဲ့ အကြောင်းပဲ ညည်းကြတာ များတယ်။ ဝါခေါင်ပွဲတော်
ပြီးကတည်းက ညည်းနေလိုက်ကြတာ၊ နောက်တစ်နှစ် ဝါခေါင်ပွဲအထိ ညည်းကြဦးမှာနဲ့
တူပါရဲ့။
သူ့တို့စားပွဲတွေကတော့ သိပ် ရေနွေးမဖြည့်ရဘူး။ သူ့တို့က
လက်ဖက်ရည်တောင် သောက်ချင်တဲ့အခါ၊ အဲ … သောက်နိုင်တဲ့အခါမှ သောက်တာ။
ခရီးသည်စောင့်ရင်း လာထိုင်ရုံသက်သက်ပဲ။ အဲ ဆေးပေါ့လိပ်တော့
မီးခိုးတထောင်းထောင်း ထအောင် ဖွာကြတယ်။ မကျေနပ်မှုမှန်သမျှ ဆေးပေါ့လိပ်ကို
မီးရှို့ပြီး ဖြေသိမ့်နေကြတယ်။
ခရီးသည် ရပြီဆို တစ်ယောက်ထသွား။
နောက်မြင်းလှည်းတစ်စီး ဆိုက်လာ၊ အဲသည့်မြင်းလှည်းသမား ဆိုင်ထဲဝင်လာ။
စားပွဲမှာ ထိုင်၊ ဆေးပေါ့လိပ် ကောက်ကိုင်တော့တာပဲ။ မီးခိုးတထောင်းထောင်း
ထအောင် ဖွာရင်းနဲ့ မြင်းစာဈေးတွေ ကြီးတဲ့အကြောင်း၊ လူစာဈေးတွေ
ကြီးတဲ့အကြောင်း သောင်းပြောင်း ညည်းကြပြန်ရော။ တစ်ခါတလေ အိမ်တွင်းရေး၊
မိန်းမတွေ၊ ကလေးတွေ အကြောင်းပါ ပါလိုက်သေး။ ကောင်လေးကတော့
သိပ်စိတ်မဝင်စားပါဘူး။ ငယ်သေးတာကိုး။
ဟော ဟိုချောင်ကျကျ
စားပွဲတွေမှာ သူဌေးတွေ ထိုင်နေကြတယ်။ ကောင်လေးကတော့ သူ့တို့ကို
သူဌေးတွေလို့ပဲ သတ်မှတ်ထားတယ်။ ဘာတွေလုပ်လို့ ဘယ်လောက် ဌေးနေမှန်းတော့
ကောင်လေး မသိပါဘူး။
သူတို့တစ်တွေက ဆိုင်ကို ကိုယ်ပိုင်ကား
အမျိုးမျိုး၊ ဆိုင်ကယ် အမျိုးမျိုးနဲ့ လာကြတယ်။ ဓာတ်ဆီဆိုင်ကလည်း
လက်ဖက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးမှာ ရှိတော့ ဓာတ်ဆီတန်းစီရင်းနဲ့
ထိုင်ကြတယ်။ လက်ဖက်ရည် စပါယ်ရှယ်တို့၊ နက်စ်ကော်ဖီတို့ သောက်ကြတယ်။
ကြက်ဥဟပ်ဖရိုက်ဆိုတာ ကြော်ခိုင်းတယ်။ ပေါင်မုန့် ထောပတ်သုပ် စားတယ်။ ဒူးယား
မှာသောက်တယ်။ ငွေရှင်းရင် အစိတ်တန်တို့၊ ခုနှစ်ဆယ့်ငါးကျပ်တန်တို့၊
သုံးဆယ့်ငါးကျပ်တန်တို့နဲ့ ရှင်းတယ်။ ဒါကြောင့် ကောင်လေးက သူ့ဌေးတွေလို့
သတ်မှတ်ထားတာပေါ့။
အဲသည် သူဌေးတွေလည်း အရောင် ပြောင်းကုန်ကြပြီ။
တချို့က ကုတ်အင်္ကျီ၊ တချို့က ယုန်မွေးဆွယ်တာ၊ တချို့က ဖီးဂျက်ကက်ခေါ်တဲ့
အင်္ကျီထူထူကြီးတွေ။ တချို့က ကောင်လေးတို့ တစ်ခါမှ မမြင်ဖူးတဲ့
ဘာအမျိုးအစားမှန်း မသိတဲ့ အင်္ကျီတွေနဲ့ ဖြစ်ကုန်ကြပြီ။ သူ့တို့တစ်တွေဟာ
တစ်နေ့လာရင် အင်္ကျီတစ်မျိုး၊ နောက်တစ်နေ့လာရင် အင်္ကျီတစ်မျိုးနဲ့ဆိုတော့
ကောင်လေးတို့ တစ်တွေလည်း တစ်နေ့လာ တစ်ခါအံ့သြ၊ တစ်နေ့လာ တစ်ခါသွားရည်ကျနဲ့
နေ့တိုင်းပဲ ဂရုတစိုက် ကြည့်နေမိကြတယ်။
ပြီးတော့ သူ့တို့စားပွဲက
မှာတာလည်း များတော့ တော်တော်လေး ဂရုစိုက်ရတယ်။ ဆိုင်ရှင်ကလည်း “အဲဒီ
စားပွဲတွေ ဂရုစိုက်” လို့ မှာထားတာကိုး။ ကောင်လေး ကိုယ်နှိုက်ကလည်း
ဂရုစိုက်ချင်တယ်။ အကြွေပိုရင် ပြန်မအမ်းရဘူး။ အမ်းရင်လည်း
သူ့ပြန်ပေးသွားကြတာပဲ။ ဒါကြောင့် အဲသည့်စားပွဲတွေကို ငွေရှင်းမဟေ့ဆို
ကောင်လေးတို့တစ်တွေ လုယက်ပြီး သွားကြတာ များတယ်။ ဦးတဲ့ကောင်က ကံကောင်းရင်
အကြွေရတယ်။ အဲဒါကြောင့် ကောင်လေးလည်း အခွင့်ရ ရသလို သူ့တို့စားပွဲနား
တရစ်ဝဲဝဲ လုပ်နေမိတာ များတယ်။
သူ့တို့အနား ကပ်ရပ်နေပေမယ့် သူ့တို့ပြောတဲ့ စကားတွေကိုတော့ ကောင်လေး နားမလည်ပြန်ဘူး။
“အဲဒါလေး ဆွဲထားလိုက်တော့ နှစ်လမကြာဘူး … နှစ်ခုလောက် ကျန်တယ်” တို့။
“နောက်ဆုံးမော်ဒယ်မို့ မရအရ လိုက်နေရတယ်” တို့။
“လူသစ်လို့ပြောတယ် … ထည့်ပေးထားလိုက်ဦးနော်” တို့။
ဘာအဓိပ္ပါယ်မှန်းကို ကောင်လေး နားမလည်ဘူး။ ငယ်သေးတာကိုး။
မန်ကျည်းပင်အောက်က သီးခြားကွဲနေတဲ့ စားပွဲမှာတော့ လူ သုံးလေးယောက်က
လိုင်စင်ဆွဲထားသလို အမြဲထိုင်လေ့ ရှိတယ်။ ကောင်လေး အံ့သြနေတာ တစ်ခု
ရှိသေးတယ်။ လူတွေဟာ ဘာကြောင့် ကိုယ့်အုပ်စုကလေးနဲ့ကိုယ် ဖြစ်နေကြတာပါလိမ့်။
အပြင်ပန်းက ကြည့်ရင်တော့ ဆိုင်က လူတွေထိုင်နေကြတာပဲ။ ဝင်လာလိုက်ကြ၊
ပြန်သွားလိုက်ကြနဲ့ စည်ကားနေတာပဲ။ ဒါပေမယ့် အတွင်းကျကျ
နေ့စဉ်စောင့်ကြည့်ရင် လူတွေဟာ ရောလို့မရဘူး။ မရောကြဘူး။ သူ့အုပ်စုနဲ့ သူ၊
သူ့အတန်းအစားနဲ့သူ့ သီးခြားရှိနေတယ်ဆိုတာ ကောင်လေး အံ့သြနေတယ်။
ခု
မန်ကျည်းပင်အောက်က ဝိုင်းဆို ဒီလူတွေပဲ အမြဲထိုင်လေ့ ရှိတယ်။
သူ့တို့ရှိနေလို့ကတော့ ဒီပြင်လူက ဝင်မထိုင်ဘူ။ အဲ သူတို့ကတော့
အရောင်မပြောင်းသေးဘူး။ အရောင်မွဲမွဲ၊ ရေညှိစိမ်း ရှပ်အင်္ကျီတွေနဲ့
ကွမ်းသွေးတနီနီနဲ့ပဲ ရှိသေးတယ်။ သူ့တို့အဖွဲ့က ကွမ်းသိပ်စားတယ်။
သူ့တို့စားပွဲနားက မန်ကျည်းပင်စည်အခြေဟာ သူ့တို့ထွေးတဲ့ ကွမ်းသွေးတွေနဲ့
အမြဲ နီနေတာပဲ။
အဲ သူ့တို့စကားတွေကိုလည်း ကောင်လေး နားမလည်ပြန်ဘူး။
“အီရန် … အီရတ်” တဲ့။ ကောင်လေး ရပ်နားထောင်နေတုန်း ရေနွေး တောင်းတယ်။
“ဂေါဘာချက် … သက်ချာ” တဲ့။ သက်တော့ မသက်သာဘူး။ ဆေးပေါ့လိပ် ယူပေးရပြန်ရော။
“ကားလမတ် … အိန်ကျယ်” တဲ့။ ဒါတော့ ဟိုသူဌေးတွေထဲက ကားနဲ့ စမတ်ကျနေတဲ့
သူတွေ၊ အိမ်ကျယ်ကျယ်နဲ့ နေတဲ့သူတွေကို ပြောတာပဲလို့ ကောင်လေး
နားလည်လိုက်တယ်။ ဒါပေမယ့် အဲသည်အထဲက သူဌေးတစ်ယောက်က နောက်ဆုံးပေါ်ဆိုတဲ့
ကားကို မောင်းထွက်သွားတော့ ကွမ်းသွေးရဲနေတဲ့ တစ်ယောက်က ကွမ်းသွေးကို ထွီခနဲ
ထွေးထုတ်ပြီး တောက်ခေါက်တယ်။ ကောင်လေး နားကို မလည်တော့ဘူး။ ငယ်သေးတာကိုး။
သည့်ပြင်စားပွဲတွေကတော့ သိပ်အတည်တကျရယ်လို့ မရှိလှပါဘူး။ သည်နားတစ်ဝိုက်က
ရုံးဝန်ထမ်းတွေ၊ လမ်းကြုံတဲ့ ခရီးသွားတွေ၊ နေရာလွတ် လွတ်သလို၊ ကြုံ
ကြုံသလို ထိုင်ကြတယ်။ သူတို့လည်း တတ်နိုင်သမျှ အနွေးအင်္ကျီကလေးတွေနဲ့
အရောင်ပြောင်းကုန်ကြတယ်။ တချို့ကျတော့ သိပ်မထူးခြားဘူး။ နွေ၊ မိုး၊ ဆောင်း
တိုက်ပုံဝတ်နေကျ လူတွေကိုး။ သူ့တို့စားပွဲတွေမှာလည်း စကားအမျိုးမျိုး
ကြားရတာပဲ။ ဒါပေမယ့် အများအားဖြင့်တော့ ကောင်လေး နားမလည်တာ များပါတယ်။
ငယ်သေးတာကိုး။
သည်ဆိုင်ရဲ့ ထူးခြားချက်က ကက်ဆက်သိပ်မဖွင့်ဘူး။
တိုးတိုးတိတ်တိတ် ကျိတ်ပြီး စကားပြောကြတယ်။ ဒါကြောင့် ဆူဆူညံညံ ကြိုက်တဲ့
ကျောင်းသားတွေ၊ လူငယ်တွေ အလာနည်းတယ်။ ပြီးတော့ ည သိပ်မစည်ဘူး။
မနက်ခင်းပိုင်းက အစည်ဆုံး။ မနက် ၅ နာရီခွဲ၊ ၆ နာရီလောက် ကတည်းက
လက်မလည်အောင် စည်လိုက်တာ၊ နေ့လယ် ၁၁ နာရီလောက်မှပဲ လူပါးသွားတော့တယ်။
အဲသည်အချိန်ကျမှပဲ ကောင်လေးတို့တစ်တွေ အနားရတော့တယ်။ နံနက်စာ စားရင်းနဲ့
ရယ်နိုင်၊ မောနိုင်၊ နောက်ပြောင်ကျီစယ် နိုင်ကြတော့တယ်။
လူစည်နေတုန်းကတော့ ဆိုင်ရှင်လင်မယားဟာ ပြုံးဟယ် ရယ်ဟယ်၊ ငွေတွေ
အထပ်လိုက်စီဟယ်၊ ဖောက်သည်တွေကို နှုတ်ဆက်ဟယ်နဲ့ သွက်လို့ လက်လို့။
ကောင်လေးတို့ ထမင်းစားတဲ့အချိန်လည်း ရောက်ရော ခပ်တည်တည်နဲ့ မလှုပ်တလှုပ်
ဖြစ်သွားကြပြန်ရော။ မျက်နှာကြော တင်းသွားပြန်ရော။ ဒါကိုလည်း ကောင်လေးက
နားမလည်ပြန်ဘူး။ ငယ်သေးတာကိုး။
***
ကောင်လေးရဲ့
နံနက်ခင်းကလေးဟာ ထုံးစံအတိုင်း မွေးဖွားလာပြန်တယ်။ နံနက်ခင်းကလေးတွေ
အထဲမှာတော့ သည်နံနက်ခင်းကလေးဟာ အတော် မင်္ဂလာရှိတယ်လို့ ဆိုရမယ်။ မနေ့ညက ညဉ့်
(၁)ချက်ကျော်ကျော်လောက်မှ အိပ်ခဲ့ရပေမယ့် သည်နေ့မနက် (၄) နာရီမှာ ကောင်လေး
ကြည်ကြည်လင်လင်နဲ့ နိုးလာတယ်။ အိပ်ရေးဝနေတယ်။ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်။
လုပ်နေကျ လုပ်ငန်းတွေကို မနားတမ်း ဆက်တိုက်လုပ်ပစ်လိုက်တယ်။ ဘယ်သူ့မှ
စောင့်မနေပါဘူး။ ဘယ်သူ့မှ နှိုးမနေပါဘူး။ လူများပြီး ပွဲမစည် တွက်ကပ်နေတာ
ကြာသေး။ ကိုယ့်ဟာကိုယ် ထလုပ်လိုက်တော့ ဟော … ခဏလေး။
ဆောင်းတွင်း
အလယ်လောက် ရောက်လာတော့ တော်တော်လေး အေးချင်လာပြီ။ အိမ်က ပါလာတဲ့
ဖျင်ကြမ်းစောင် ပါးပါးလေး တစ်ထည်တည်းနဲ့ မနွေးတော့ဘူး။ ညက တစ်ညလုံး
ကွေးအိပ်ခဲ့ရတယ်။ ဒါကြောင့်လည်း စောစော နိုးနေတာလားမှ မသိ။
ဒါပေမယ့်
အိပ်ရာထ၊ အလုပ်တွေ တရစပ် လုပ်ပစ်လိုက်တာနဲ့ နွေးသွားတော့တာပါပဲ။ သယ်ဟယ်၊
မ,ဟယ်၊ မီးဖိုနား ကပ်ဟယ်နဲ့ဆိုတော့ ချွေးတောင်ပြန်လာတယ်။ အိုက်စပ်စပ်
ဖြစ်လာတယ်။ ဒါကြောင့် အလုပ်တွေပြီးတော့ ကောင်လေးဟာ ရေကန်ကိုသွားပြီး ရေတွေ
တဗွမ်းဗွမ်းနဲ့ လောင်းချိုးနေတော့တယ်။
အဲဒါကို ရေကန်နဲ့
မျက်နှာချင်းဆိုင် တိုက်အပေါ်ထပ်က အခန်းထဲက ပြတင်းပေါက်က ဆိုင်ရှင်ရဲ့သမီး
ဆယ်တန်းကျောင်းသူ ကောင်မလေးက တအံ့တသြ လှမ်းကြည့်နေတယ်။ ဆိုင်ရှင်ရဲ့သမီး
အဲသည့် ဆယ်တန်းကျောင်းသူ ကောင်မလေးဟာ အနွေးထည် အထပ်ထပ်နဲ့ အစောကြီး
ကျူရှင်သွားရမှာ တွေးပြီး စိတ်ညစ်နေတုန်း တဗွမ်းဗွမ်း ရေချိုးနေသံကြားလို့
တံခါးကို လှပ်အကြည့် ကြွက်သားတွေ အဖုအထစ်နဲ့ ရေပုံးကြီးကို မြှောက်မ
ခေါင်းကနေလောင်းပြီး ရေကို အားရပါးရ ချိုးနေတဲ့ ကောင်လေးကို မြင်တော့
ကြက်သီးထသွားတယ်။
ကောင်လေးကတော့ ကောင်မလေး သူ့ကြည့်ပြီး
ကြက်သီးထနေတာ ဘယ်သိမှာလဲ။ ရေပုံးကြီး မ,မပြီး ချိုးကောင်းနေတုံး ကောင်မလေးက
မနေနိုင်တော့ဘူး။ ခုခေတ်လူငယ်တွေ လုပ်သလို “ရှီး ရှီး” လို့ လှမ်းပြီး
အသံပေးလိုက်တယ်။ ကောင်လေးက တအံ့တသြနဲ့ မော့ကြည့်တော့ “မအေးဖူးလား” လို့
ပါးစပ်အမူအရာနဲ့ အသံတိတ် မေးလိုက်တယ်။ ကောင်လေးက (ပြောခဲ့သလို) အ,ပါတယ်
ဆိုနေမှ။ “မအေးဖူးလား” ကို “မလေးဖူးလား” လို့ မေးတာမှတ်ပြီး
ခေါင်းရမ်းပြလိုက်တယ်။ သူ့အတွေးနဲ့သူ ပေါ့လေ။ ရေပုံးကြီးချပြီး
လက်မောင်းကြွက်သား တွေတောင် ထုတ်ညှစ်ပြလိုက်သေးတယ်။ ကောင်မလေးက
သွားတန်းကလေးတွေ ပေါ်အောင် ပြုံးပြပြီး ပြတင်းပေါက်က ခွာသွားတယ်။
ကောင်မလေးရဲ့ စိတ်ထဲမှာတော့ ရင်အုပ်ကားကား၊ လက်မောင်းကြွက်သားတွေ အဖုအဖုနဲ့
မျက်လုံးအဝိုင်းသားနဲ့ အပေါ်မော့ကြည့်နေတဲ့ ကောင်လေးကို “ရမ်ဘို” နဲ့
တူလိုက်တာလို့ စိတ်ထဲမှာ ထင်သွားတယ်။ ဒါကြောင့်လည်း ပြတင်းပေါက်ကခွာပြီး
သူ့ကုတင်ခေါင်းရင်းမှာ ကပ်ထားတဲ့ ရမ်ဘိုဆိုတဲ့ မင်းသားစတားလုံးရဲ့
ပုံကြီးကို သွားကြည့်မိလိုက်တာပေါ့။ “ဟုတ်တယ် … တူလိုက်တာ” လို့
အာမေဍိတ်ပြုပြီး ပြတင်းပေါက်ဆီ ပြန်လာတော့ ကောင်လေးက မရှိတော့ဘူး။
ရေချိုးပြီးသွားပြီ။
ကောင်မလေးကတော့ ကောင်လေးကို “ရမ်ဘို” လို့ တိတ်တိတ်ကလေး ကြိတ်ပြီး နာမည်ပေးလိုက်တယ်။
***
လူတစ်ယောက်က အမှတ်တမဲ့ ပေါ့ပေါ့ဆဆ ပြောလိုက်တဲ့ စကားတစ်ခွန်းဟာ
အခြားလူတစ်ယောက်အတွက် ဘဝတစ်ဆစ်ချိုး ကွေ့သွားရလောက်အောင်
ပြောင်းလဲစေတတ်ပါသလား။ ကောင်လေးအဖို့မှာတော့ သည်အတိုင်း ဖြစ်ခဲ့ရပါတယ်။
အဲသည်နေ့ နံနက်ခင်းကလေးဟာလည်း ကောင်လေးရဲ့ ထုံးစံနံနက်ခင်းကလေးပါပဲ။
တစ်ဆိုင်လုံးကို လှည်းကျင်းပြင်ဆင်ပြီးလို့ ကောင်လေးလည်း
ရေမိုးချိုးပြီးပြီ။ သည့်ပြင်စားပွဲထိုးတွေလည်း လူစုံတက်စုံ ရောက်နေကြပြီ။
ဆိုင်ရှင်လင်မယားလည်း ကောင်တာမှာ ထိုင်နေပြီ။ အစောကြီး
လမ်းလျှောက်ပြန်လာတဲ့ ဖောက်သည် တစ်ယောက်စ နှစ်ယောက်စတောင် လက်ဖက်ရည်
သောက်နေကြပြီ။
ဖြစ်ချင်တော့ ကောင်လေးကလည်း ကောင်တာမှာ ငွေလာအရှင်း
ဆိုင်ရှင့်သမီး ဟိုတစ်ခါ ကြက်သီးထဖူးတဲ့ ဆယ်တန်းကျောင်းသူ ကောင်မလေးကလည်း
ကျူရှင်သွားမလို့ မုန့်ဖိုးလာအတောင်း ကောင်တာရှေ့မှာ ဆုံကြတော့ “ဟယ် …
ရမ်ဘိုက အပြတ်မိုက်နေပါလား” လို့ ကောင်လေးကို စ,လိုက်တယ်။ ကောင်မလေးကတော့
ဘာရယ်မဟုတ်ပါဘူး။ ကိုယ့်ဆိုင်က စားပွဲထိုးလေးတစ်ယောက်ကို
စိတ်ထဲရှိတဲ့အတိုင်း ကလေးကလား စ,လိုက်တာပါပဲ။
ဒါပေမယ့် ရမ်ဘိုဆိုတာ
နိုင်ငံခြားက နာမည်ကြီး ဇာတ်လိုက် တစ်ယောက်ရဲ့ နာမည်ပဲ။ သည်လောက်တော့
ကောင်လေး သိတာပေါ့။ လူပျိုပေါက်ကလေးလည်း ဖြစ်ပြန်၊ အပျိုပေါက်ကလေးက
ဇာတ်လိုက်နဲ့ တူတယ်လို့လည်း ပြောပြန်ဆိုတော့ ကောင်လေးရဲ့ မျက်နှာဟာ
ရှက်သွေးနဲ့ ရဲသွားတယ်။ အမ်းငွေယူပြီး ပြန်ထွက်လာတဲ့အထိ ကောင်လေးဟာ
ရှက်နေတုန်းပဲ။
ဆိုင်ရှင်လင်မယားမှာတော့ သမီးနဲ့
ကောင်လေးကိုကြည့်ပြီး မျက်နှာတွေ ကွက်ခနဲ ပျက်ကုန်ကြတယ်။ တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်လိုက်မိကြတယ်။ ကောင်မလေးကတော့ ကလေးစိတ် မကုန့်တကုန်ဆိုတော့
ဖအေနဲ့ မအေ ဘာတွေ အတွေးပေါက်နေတယ် ဆိုတာ ဘယ်သိမှာလဲ။ သူ့တောင်းတဲ့မုန့်ဖိုး
ရတော့ “ရမ်ဘိုနော် မာနကြီးမသွားနဲ့” လို့ လှမ်းအော်ပြောပြီး လျှာတောင်
ထုတ်ပြ သွားလိုက်သေးတယ်။
အဲသည့်အချိန်က စပြီး ဆိုင်ရှင်လင်မယားဟာ
တယ်မျက်နှာ မကောင်းကြတော့ဘူး။ ကောင်လေးကိုပဲ ခဏခဏ ကွက်ကြည့်ကွက်ကြည့်
လုပ်နေကြတယ်။ အသားညိုညို၊ ရုပ်ကလေး သနားကမားနဲ့ နုနုထွားထွား ကောင်လေးကို
သည်နေ့ကျမှ ဂရုတစိုက် ကြည့်မိကြတယ်။ သမီးရဲ့ လျှာထုတ်ပြနေတဲ့ မချိုမချဉ်
မျက်နှာဟာလည်း သူ့တို့မျက်စိထဲ တရစ်ဝဲဝဲ ပေါ်နေတယ်။ ကောင်လေးကများ
လက်ဖက်ရည်ဆိုင် လာနေကျ ဖောက်သည်တွေကို သွားစွယ်ကလေး ဖွေးနေအောင်
ပြုံးပြပြီး ကြိုဆိုနေတာ မြင်လိုက်ရရင် ဆိုင်ရှင်လင်မယားက အလိုလို
မဲ့မဲ့သွားကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် တိုးတိုး တိုးတိုးနဲ့
တိုင်ပင်ကြပြန်တယ်။
သူ့တို့လည်း ငယ်ရာက ကြီးလာတာဆိုတော့ ရှေ့တစ်ခေါ်
မကဘူး။ ရှေ့တစ်မိုင်လောက်ကို ကြိုမြင်နေတယ်။ ကြိုတင် သောကတွေ ဖိစီးပြီး
စိတ်အပျက်ကြီး ပျက်နေကြတယ်။ “မီးဘေးရှောင် မလောင်ခင်တား” ဆိုတဲ့
မီးသတ်ပိုစတာဟာ မျက်နှာချင်းဆိုင်နံရံမှာ ထင်းထင်းကြီး ဖြစ်လာတယ်။
ဆောင်းတွင်းကြီးမှာကို အဲသည်ပိုစတာက ချွေးပြန်အောင် ခြောက်လှန့်နေတော့တယ်။
အဲသည်နေ့က ညလည်းရောက်ရော ကောင်လေးကိုခေါ်ပြီး တိုးတိုးတိတ်တိတ်
ကြိတ်ပြောကြတော့တာပါပဲ။ ပြောကြတယ်ဆိုပေမယ့် ကောင်လေးတို့တစ်တွေ အန်တီလို့
ခေါ်ရတဲ့ ဆိုင်ရှင်မိန်းမကြီးကပဲ ပြောတာပါ။ အန်ကယ်လို့ ခေါ်တဲ့
ဆိုင်ရှင်ယောက်ျားကြီးကတော့ ဒူးယားပဲ မဲဖွာနေတယ်။ ဘာမှ ဝင်မပြောဘူး။
ခေါင်းကတော့ တဆတ်ဆတ် ညိတ်နေတယ်။
အန်တီပြောတဲ့ စကားတွေက အများကြီးပဲ။
ရှည်ရှည်ဝေးဝေးနဲ့ ကွေ့ပတ်ပြီး ပြောနေတာ။ အားလုံးကို ကောင်လေး နားမလည်ဘူး။
သူ နားလည်သလောက်တော့ “နေ့လယ်က သူတို့ နတ်သွားမေးကြတယ်” တဲ့။ “ဒီဆိုင်ဟာ
ကံဇာတာ ညှိုးမှိန်ပြီး မကောင်းတဲ့ရက်ပိုင်းမှာ ကျနေတယ်” လို့ အဟောထွက်သတဲ့။
ဆိုင်မှာ အလုပ်သမား အရေအတွက်က “စုံ” ဖြစ်နေလို့ ဆိုးကျိုးတွေ
အစုံကျလာနိုင်တယ်တဲ့။ အဲဒါကို ဆိုင်ရာက “မ”နိုင်ဖို့အတွက် အလုပ်သမားဦးရေ
“မ” ဖြစ်အောင် လုပ်ရမတဲ့။ တစ်ယောက်ကို ခဏလျှော့ပစ်ရမတဲ့။ အဲသလို နတ်က
ဟောဆိုပဲ။
အဲသည်တော့ သူ့တို့ကို ကူညီတဲ့အနေနဲ့ ကောင်လေးကို
ခဏလောက်တော့ ရွာပြန်နေလိုက်ပါဦးပေါ့။ လျှော့ရမယ့်ရက်ပိုင်း ပြီးသွားရင်
လှမ်းခေါ်လိုက်ပါ့မယ်ပေါ့။ ကောင်လေး စုထားတဲ့ငွေ ၁၅၀ ရယ်၊
ရွာပြန်မုန့်ဖိုးဆိုပြီး ငွေ ၅၀ ရယ်၊ စုစုပေါင်း ငွေ ၂၀၀ တစ်ခါတည်း
ထုတ်ပေးတယ်။ ဒီညတော့ ဒီမှာပဲ အိပ်ပြီး မိုးလင်းရင် ဆိုင်မှာ
မရှိရတော့ဘူးတဲ့။ ဒီကိစ္စကို ဘယ်သူ့မှလည်း မပြောနဲ့တဲ့။ ဒါမျိုးဆိုတာ
လျှောက်ပြောရတာ မဟုတ်ဘူးတဲ့။ ဘယ်သူက မေးမေး ရွာခဏပြန်တာလို့သာ ပြောတဲ့။
အဲဒီလိုလည်း ကောင်လေးကို နှုတ်ပိတ်လိုက်သေးတယ်။
ကောင်လေးက
သဘောကောင်းပါတယ် ဆိုမှ၊ အ,ပါတယ် ဆိုမှ၊ သူ့တို့ပြောသမျှ အကုန်ယုံတယ်။ နတ်က
ဟောတယ်ဆိုတာလည်း ယုံတယ်။ “စုံ” ကနေ “မ” ဖြစ်ချင်ရင် တစ်ယောက်မလျှော့ဘဲ
တစ်ယောက်တိုးပါလား ဆိုတဲ့ အတွေးမျိုးလည်း မတွေးတတ်ဘူး။ ဆိုင်အတွက်
စိတ်မကောင်းတောင် ဖြစ်နေလိုက်သေးတယ်။
ငွေ ၅၀ မုန့်ဖိုးပေးတာလည်း
သိပ်အံ့သြ၊ သိပ်ကျေးဇူးတင်နေတယ်။ မကြာခင် ပြန်ခေါ်လိမ့်မယ်လို့လည်း အပြည့်အဝ
ယုံကြည်ထားတယ်။ သည့်ပြင်မှာ အလုပ်ရလျှင်လည်း လုပ်ပါလို့ ပြောတာကိုတောင်
ချက်ချင်း ခေါင်းခါပြလိုက်တယ်။ ဒီဆိုင်ကို သူ ဘယ်လောက် သစ္စာရှိတယ်
ဆိုတဲ့အကြောင်း ပြောတတ်သမျှ စကားလုံးလေးနဲ့ ပြောပြနေလိုက်သေးတယ်။
“ရက်စေ့ရင် ပြန်ခေါ်ပါ … ရွာကနေ စောင့်နေပါ့မယ်” လို့ ဘယ်နှခါ
ပြောမိမှန်းတောင် မသိဘူး။ သူတို့ပေးတဲ့ ငွေ ၂၀၀ ကို ရိုရိုသေသေနဲ့ လက်ခံ၊
ထိုင်ပြီးတော့တောင် ကန်တော့လိုက်သေးတယ်။
အဲသည်ညက ကောင်လေးဟာ ဘယ်လူး ညာလှိမ့်နဲ့ တစ်ညလုံး အိပ်မပျော်ဘူး။
***
သည်နေ့နံနက်ခင်းဟာ ကောင်လေးရဲ့ နံနက်ခင်းတွေထဲမှာတော့ ဆိုးဆိုးရွားရွား
အချမ်းဆုံးပါပဲ။ ဆောင်းလေဟာ သွေးတွေ အေးခဲ၊ အရိုးကွဲမတတ် အေးနေတယ်။
နှင်းတွေကလည်း တဖွဲဖွဲနဲ့ ကျလို့ပေါ့။
ကောင်လေးဟာ
မိုးမလင်းခင်ကတည်းက အစောကြီး နိုးနေတယ်။ အစောကြီး နိုးနေတာ မဟုတ်ပါဘူးလေ။
တစ်ညလုံး ကောင်းကောင်းမှ အိပ်မပျော်တာ။ “ဘယ်လောက်ကြာကြာ နေရမှာပါလိမ့်”၊
“ဘယ်တော့မှ ပြန်ခေါ်မှာပါလိမ့်” ဆိုတဲ့ အတွေးကပဲ ကောင်လေးကို တစ်ညလုံး
နှိပ်စက်နေတော့တယ်။
“မနက်မိုးလင်းရင် ဆိုင်မှာ မရှိရတော့ဘူး” တဲ့။
အဲသည်လိုပြောထားတော့ ကောင်လေးဟာ ရှိစုမဲ့စု အဝတ်အစားကလေးတွေကို
ဖျင်အိတ်ကလေးထဲ သိပ်ထည့်၊ ထိပ်ကနေ ကြိုးနဲ့စုစည်း၊ သူ့အိပ်တဲ့ ကုတင်ဘေးမှာ
ထောင်ပြီး မိုးမလင်းခင် ဆိုင်ကထွက်ဖို့ အသင့်ပြင်ထားတာ။
လုပ်ဖော်ကိုင်ဖက်တွေက မေးတော့ “ရွာခဏပြန်မယ်” လို့ပဲ မှာထားသလို
ဖြေလိုက်တယ်။ သူ့တို့ကတော့ “မြန်မြန်ပြန်ခဲ့ကွာ” လို့ သံယောဇဉ်စကား
ဆိုကြတယ်။
ကောင်လေးကလည်း ပြန်ခါနီး မှ နောက်ဆံတငင်ငင်၊ သံယောဇဉ်
တတင်းတင်းနဲ့ပါပဲ။ ရှစ်လကျော်ကျော် နေခဲ့ရတဲ့ ဂေဟာလေးကို လှည့်ကြည့်
လှည့်ကြည့်နဲ့ ဖျင်အိတ်ကလေးဆွဲပြီး ရွာဘက်သွားမယ့် ကားဂိတ်ဘက်
ထွက်လာခဲ့တယ်။
ကောင်လေးရဲ့ ခြေထောက်တွေဟာ လေးနေတယ်။ ခြေလှမ်းတွေက
နှေးနေတယ်။ ချမ်းရမှန်းလည်း မသိဘူး။ အေးရမှန်းလည်း မသိဘူး။ သူ့စိတ်ကလေးဟာ
ပတ်ဝန်းကျင်ရဲ့ အထိအတွေ့ကို ဘာဆိုဘာမှ မသိတော့လောက်အောင် လက်တွေ့ဘဝနဲ့
အဆက်ပြတ်နေတယ်။ သတိလစ်ဟင်းနေတယ်။ အတွေးနယ်ထဲမှာပဲ လုံးဝဥဿုံ
ရောက်နေတော့တယ်။
သူ ထွက်လာတော့ ဟိုကောင်တွေ မနိုးကြသေးဘူး။
ဆိုင်ရှင်လင်မယားလည်း မနိုးသေးဘူး။ ရမ်ဘိုလို့ခေါ်တဲ့ ကောင်မလေးဆို
သိုးနေအောင် အိပ်ကောင်းတုန်း နေမှာပါ။ လက်ဖက်ရည်ဆိုင်ကလေးဟာ သူ့နောက်မှာ
ငြိမ်ငြိမ်သက်သက်ကလေး အိမ်မောကျကျန်ရစ်တယ်။
ကောင်လေးရဲ့
အတွေးထဲမှာတော့ လက်ဖက်ရည်ဆိုင်ကလေးဟာ ဆူညံ စည်ကားနေတာပေါ့။ အဘိုးကြီးတွေ
ထိုင်တဲ့ စားပွဲ၊ သူဌေးတွေ ထိုင်တဲ့ စားပွဲ၊ မြင်းလှည်းသမားတွေ ထိုင်တဲ့
စကားပွဲ၊ ဟို မန်ကျည်းပင်အောက်က ကွမ်းသွေး တရဲရဲနဲ့ စားပွဲ၊ တစ်စားပွဲပြီး
တစ်စားပွဲ လိပ်ပြာလိုဝဲပြီး အတွေးနဲ့ စားပွဲထိုးနေလိုက်တာ
ပတ်ဝန်းကျင်ကိုတောင် မေ့နေတယ်။
မိုးမလင်းတလင်း နံနက်ခင်းကလေးမှာ
ဆောင်းလေဟာ တဟူးဟူးနဲ့ တိုက်လို့ပေါ့။ နှင်းတွေကလည်း တဖွဲဖွဲနဲ့ ကျလိုက်တာ
ပိန်းပိတ်နေတာပဲ။ အဲသည် ပိန်းပိတ်နေတဲ့ နှင်းထုအောက်မှာ ဖျင်အိတ်ကလေးနဲ့
ကောင်လေးတစ်ယောက် တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတယ်။
----------
ဂျိုဇော်
မိုးဝေ၊ နိုဝင်ဘာ၊ ၁၉၈၇။
No comments:
Post a Comment