အဖေ၏ အမေ (၂) (သုမောင်)
======================
“အဖေ၏ အမေ” ဆိုပြီး ရွှေအမြုတေမှာ ကျွန်တော် ရေးလိုက်တော့ နံပတ်(၁)
အကျိုးရိုသွားတာက အဖေ၏ ငယ်ဘဝကို စာဖတ်သူတွေ စိတ်ဝင်စားလာခဲ့ခြင်းပါပဲ။
ထိုငယ်ဘဝနှင့် ပတ်သက်၍ အဖေ ရေးခဲ့သော “အတာ” ဆိုသည့် ဝတ္ထုရှည်
လုံးချင်းစာအုပ်ကို စာဖတ်သူ သက်ကြီး၊ သက်လတ်များ ပြန်လည် တမ်းတမိခြင်း၊
မမီလိုက်သော စာဖတ်သူ လူငယ်များက စိတ်ဝင်တစား မေးဖော် မြန်းဖော် ရလာခြင်း
ပါပဲ။ နံပါတ်(၂) အကျိုးရှိလာပုံကတော့ အဖေ၏အမေ (ဘွားဘွား) အကြောင်းကို
စာဖတ်သူက စိတ်ဝင်စားလာတော့ ကျွန်တော့်မှာ “မိသားစုပုံပြင်” ထဲမှ
အဘွားအကြောင်းတွေ ပြန်ဖော်ခွင့် ရလိုက်ခြင်း ပါပဲ။
ကျွန်တော်
ရွှေအမြုတေ၊ ဧပြီလထုတ်မှာ ရေးခဲ့သလို အဘွားသည် အဖေ့အပေါ် ဆိုးခဲ့ပုံများမှာ
အမှန်ဖြစ်သော်လည်း ဒါတွင်မက အဘိုး (သူ့ယောက်ျား) အပေါ်
ဆိုးခဲ့သည်များကိုလည်း ဖော်ပြချင်ပါတယ်။ ဒါမှ “ဆိုးသောသူများ ထက်မြက်တတ်၏”
ဟူသော စကားကို ထောက်ခံရာ ကျပါလိမ့်မယ်။ မှန်ပါသည်။ အဘွားသည် သူ့ခေတ်နှင့်
သူ၊ သူ့ပတ်ဝန်းကျင်နှင့်သူ ထက်မြက်ခဲ့သူသာ ဖြစ်ပါ၏။ ဆိုးလည်း တော်တော်
ဆိုးခဲ့သည့် အဘွားကြီးပါပဲ။ ဆိုးရလောက်အောင်လည်း အဘွားဘဝကို ကြည့်ဦး။
အဘွားသည် စာလုံးဝမတတ်သည့် ပျံကျဈေးသည်။ ကျွန်တော် ရေးခဲ့ဖူးသားပဲ။
အဘွားသည် ကိုယ့်အရင်းအနှီးနှင့်ကိုယ် ဈေးရောင်းနိုင်ခဲ့သူပင် မဟုတ်ဟု။
ဒီလိုပဲ ဟို“အသည်” ထံမှ ပစ္စည်းကလေး၊ သည်“အသည်” ထံမှ တောက်တိုမယ်ရကလေးတွေ
မကုန် ပြန်အပ်စနစ်ဖြင့် ယူပြီး ဗန်းကလေး ခေါင်းပေါ်တင် ဈေးထဲလှည့်
ရောင်းရသော ဈေးသည်မျိုး ဖြစ်ပါသည်။ နေစရာအိမ်လည်း မရှိ။ အဖေ
ပြန်ပြောပြသလောက် ကုန်ဈေးတန်းလမ်းပေါ်ရှိ တိုက်နှစ်လုံး ကြားတွင်
ပျဉ်ခင်းအဖီထိုးပြီး နေခဲ့ ကြရသည်တဲ့။ အဖေသည်လည်း ထိုနေရာမှာပင်
လူလားမြောက်ခဲ့ရခြင်း ပါတဲ့။ ကိုင်း ... ထိုစရိုက်၊ ထိုဝန်းကျင်မှာ
ထိုအဆင့်အတန်းနှင့် နေခဲ့ရသူ အဘွား မဆိုးခံနိုင်ရိုးလား။ (ဤနေရာတွင်
သူ့ပင်ကိုယ်ဗီဇနှင့် အတိတ်ကံ အကျိုးပေးကြောင့် ကျွန်တော့်အဖေသည် လူဆိုး
သူခိုးလေး ဖြစ်မလာဘဲ စာကြိုးစား၊ တစ်ဝမ်းတစ်ခါး ရှာစားပြီး နောင်တစ်ချိန်
“သာဓု” ဟူ၍ ဖြစ်လာခဲ့ရသည်မှာ ထူးခြားပါ၏)
မည်သို့ပင် ရှိစေ၊ ဤစာစု၌
အဘွားကိုသာ ရိုးမယ်ဖွဲ့မည်မို့ အဖေ့အကြောင်း မရေးတော့ပါ။ အဘွားကို
ပင်တိုင်ထားမည် ဆိုသော်လည်း ကျွန်တော်ရေးပြမည့် အကြောင်းအရာမှာ ယခု
စာရေးနေစဉ် ဖျတ်ခနဲ မှတ်မိသော အကြောင်းကလေးများသာ ဖြစ်နေပါလိမ့်မည်။
ဟိုခုန် သည်ကူးလည်း ဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ ကျွန်တော့်စာက အဘွား၏
ဘဝအတ္ထုပ္ပတ္တိမှ မဟုတ်ဘဲ၊ ငယ်ငယ်က ကြည့်ဖူးခဲ့သော ရုပ်ရှင်မှ ပြကွက်
အတိုအစလေးများကို မှတ်မိသရွေ့ ပြန်ပြောပြသည်လောက်သာ ဖြစ်ပါလိမ့်မည်။
ကိုင်း ... အဘွား နာမည်မှာ ဒေါ်ဖွားမြှင်။ (အဘိုးက ဦးမြမောင်၊ တရားရုံးမှာ ရှေ့ဖတ်စာရေး။ တစ်နေ့ရမှ တစ်နေ့စား)
ဒေါ်ဖွားမြှင်သည် သားအပေါ်တွင်သာ ဆိုးခဲ့သည်မက သူ့ယောက်ျား ဦးမြမောင်
အပေါ်လည်း တော်တော်ဆိုးခဲ့ပါသည်။ ဟော ... ပျံကျဈေးသည် မို့လို့လားတော့ မသိ။
သူ့အသိုင်းအဝိုင်း၊ သူ့အပေါင်းအဖော်များ အပေါ်တော့ ကောင်းချင်တိုင်း
ကောင်းသူသာ ဖြစ်၏။ အဖေနှင့် အဘိုးအပေါ် ဆိုးသလောက်ပင် တန်ဖိုးညီစွာ
ကောင်းခဲ့သည် ဟုဆိုက လွန်အံ့မထင်။ အဘွား မြင်းပွဲနိုင်လျှင် သူ့
အပေါင်းအသင်းများ၊ အိမ်နီးချင်းများကို အလှူပေးသလို ကျွေးမွေး၏။
(ဟင်းချက်ကလည်း အလွန်ကောင်း) အဘိုးခမျာမှာတော့ ထိုအသိုင်းအဝိုင်းတွေ
နောက်မှ။ အဲ ... အဖေကျတော့ ကျန်မှကျွေး၊ မကျန်လျှင် “ရော့ ဆန်ပြုတ် သွားဝယ်
သောက်” ဟု ပိုက်ဆံတစ်ပြား ပစ်ပေးလိုက်ရုံမျှ။ တစ်ခါတစ်ရံများ အဖေ့ခမျာ
သူ့ဘာသာသူ ရှာဖွေ စုဆောင်းထားသော ကျောင်းစရိတ် မုန့်ဖိုး ကလေးများကို
ဗိုက်ခေါက်လိမ်၊ ခေါင်းခေါက်ပြီး မရအရတောင်း မြင်းလောင်း ပစ်တတ်သတဲ့။ အဲ
... စကားမစပ် ပြောရဦးမယ်။
အဘွားသည် စာမတတ်ဟု ကျွန်တော်ဆိုခဲ့၏။
သို့သော် ထူးခြားသည်မှာ ဘရင်လေးတို့၊ ဘကျော်လေးတို့၊ Steward တို့၊ Win
တို့၊ Place တို့ စသည်များကိုတော့ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ကောင်းစွာ
ဖတ်တတ် မှတ်တတ်ပါသည်တဲ့။ ဒီစကားလုံးတွေ၊ ဝေါဟာရတွေက မြင်းပွဲနှင့်
သက်ဆိုင်တာတွေကိုး။ သူအလွတ်ကျက်ထား၊ ရထားတာ နေမှာပေါ့။ ဒါကြောင့်ပဲ ထင်သည်။
စာမတတ်သူများသည် မှတ်ဉာဏ် အလွန်ကောင်းတတ်သည်တဲ့။ မျက်စေ့မမြင်သူများ
နားပါးသကဲ့သို့ပင်။
စောစောက ပြောသလို အဘွားက စာမတတ်သော်လည်း
စာအလွန် ဖတ်ချင်သူ ဖြစ်၏။ အထူးသဖြင့် သူရှိစဉ် ခေတ်က သတင်းစာတွေများကို
အဘွားက နေ့စဉ်မပြတ် ဖတ်လို၏။ ထိုအခါ စာတော်ဖတ် တာဝန်ကို အဘိုးက
ယူရရှာတော့သည်။ အဘိုးသည် တရားရုံးဖတ် စာရေး ဖြစ်လေရာ ညနေတိုင်း
ရုံးကပြန်လျှင် ထိုနေ့ထွက်သမျှ သတင်းစာတွေ အကုန်လုံး အိမ်ပြန်သယ်ဆောင်
လာခဲ့ရ၏။ ညပိုင်း အဘွား အနားရချိန်တွင် အဘိုးကရှိသမျှ သတင်းစာတွေကို
ခေါင်းစဉ်မှအစ အယ်ဒီတာ့အာဘော်၊ သတင်းနှင့် ကြော်ငြာအဆုံး အကုန်လုံး
ဖတ်ပြရ၏။ သတင်းချင်း တူနေလို့ ကျော်ဖတ်လည်းမရ။ ၏, သည်မလွဲ၊ တစလုံး
မကျန်အောင် ဖတ်ရခြင်းပါတဲ့။ အဘိုးခမျာ အဘွား၏ စာတော်ဖတ်ဘဝ မည်မျှ ဒုက္ခ
ရောက်ရမည်ကို စဉ်းစားကြည့် နိုင်ပါသည်။ အဓိက အလေးထား ဖတ်ပြရသော
သတင်းများမှာ ကုန်ဈေးနှုန်း၊ လူဆိုးသူခိုးနှင့် မြင်းပွဲ။ ပြီးတော့ သတင်းတူ၊
ကြော်ငြာများရယ်လို့ ကျော်ဖတ်သွားလို့လည်း မရ။ အဘွားက စာမတတ်သော်လည်း
အဘိုးဖတ်သော လေသံ၊ မျက်လုံးနှင့် စာမျက်နှာ၊ စာကြောင်းရေတွေကို
မျက်တောင်မခတ် လိုက်ကြည့်ပြီး “ချက်ကင်”လုပ်နေတတ်ပါသတဲ့။ မတော်တဆ
ကျော်သွားလို့ကတော့
“ဟင်း ... ကိုမြမောင်၊ ရှင့်စိတ် ‘မသင်း’ဆီ ရောက်နေသလား” ဆိုလျှင် အဘိုး ငြိမ်ကျသွားရမြဲ ဖြစ်သည်။
ဒါကလည်း အဘွား၏ နိုင်ကွက်၊ အဘိုး၏ ပျော့ကွက် ဖြစ်ပါ၏။ အဘိုးတွင်
မသင်းဆိုသူ အငယ်အနှောင်း ရှိ၏။ (ကျွန်တော်တို့ ငယ်စဉ်ကပင် ထိုဒေါ်သင်းကို
မီလိုက်ပါသေးသည်)
ဒေါ်သင်းနှင့်အဘိုးတို့၏ ဇာတ်လမ်းကတော့
ကုန်ဈေးတန်းမှ ပြောင်းခဲ့ပြီး သင်္ကန်းကျွန်းရှိ (ယခု သာဓုခြံ) သို့
ရောက်သောအချိန်မှ စတင်ခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင် ကောင်းကောင်း
မှတ်မိနေတာ တစ်ခုရှိသည်။ အဘွားသည် သာဓုခြံရှေ့မှ ရေမြောင်း အုတ်ခုံပေါ်တွင်
ညနေတိုင်း အဘိုး ရုံးအပြန်ကိုထိုင်၍ စောင့်တတ်သည်။ ထိုစဉ်ကခြံရှေ့မှ
ပြေးဆွဲသော ဘတ်စ်ကားများမှာ “ယုန်” တံဆိပ် ဖြစ်၏။ ယုန်တံဆိပ်
ဘတ်စ်ကားမှန်သမျှ ပိုင်ရှင်၊ ဒရိုင်ဘာ၊ စပယ်ယာ အကုန်လုံး အဘွားကို
ကြောက်ရ၏။ (အဘွားက အရပ် လူကြီး) အဆဲအဆို ကြမ်းသလောက် အကျွေးအမွေး
ရက်ရောသဖြင့် ဘတ်စ်ကားသမား များသာမက ဤ ထိုခေတ်က (ပုလိပ်) များပင် အဘွားကို
ကြောက်ရ၏။
စောစောကပြောသလို အဘွားတစ်ယောက် ညနေတိုင်း အဘိုးကို
ခြဝထွက်မျှော်ပြီဆိုလျှင် သူ့စိတ်ထဲ မသင်္ကာသည့် ဘတ်စ်ကား မှန်သမျှ “ရပ်” ဟု
တစ်လုံး လှမ်းအော်လျှင် ကျိခနဲ ရပ်ပေးရသည်။ ထိုအခါ အဘွားသည် ကားပေါ် တက်၍
အဘိုးကို ရှာလေသည်။ ဆယ်ခါရံ ရှစ်ခါလောက်တော့ မိတာပါပဲ။ အဖြစ်က အဘိုးသည်
ရုံးမှအပြန် ဒေါ်ဖွားမြှင် မှတ်တိုင် (အဘွားကို ရပ်ပေးရသဖြင့် အလိုလို
ဒေါ်ဖွားမြှင်မှတ်တိုင်ဟု တွင်သွားခဲ့ခြင်း ဖြစ်၏) မှာ မဆင်းဘဲ သင်္ကန်းကျွန်း
မြို့တွင်းအထိ ပုန်းလျှိုး ကွယ်လျှိုး ခရီးဆက်တတ် ပါသည်။ ဟိုမှာက
ဒေါ်သင်းအိမ် ရှိတာကိုး။ သည်တော့ ဒရိုင်ဘာခုံ နံဘေးမှာ စပယ်ယာဘီးကြီး
ထားသည့် ထောင့်ကွယ်မှာ ဆောင့်ညောင့်ကလေး ထိုင်၍ ပုန်းနေသော အဘိုးကို
မိတော့သည်ပဲပေါ့။
“ဘယ်ကားမှာ အဘိုးပါလာမယ် ဆိုတာ အဘွား ဘယ်လို သိသလဲ” ဟု ကျွန်တော်က မေးသောအခါ
“ဟဲ့ ... ဟိုဒရိုင်ဘာ၊ စပယ်ယာတွေရဲ့ မျက်ခွက်တွေ လှမ်းကြည့်တာနဲ့ ငါက
သိတာပေါ။ မအေပေး သူခိုး အားပေးတွေ။ မလုံမလဲ အခွက်တွေနဲ့ ဟာပဲ။”
ထိုအခါမျိုးတွင် အဘိုး မသက်သာဘူးသာ မှတ်ပေတော့။ ရိုက်မောင်း၊
ပုတ်မောင်းတော့ မလုပ်ပါ။ လူကြား သူကြား တစ်တစ်ခွခွ ပြောရင်း
အိမ်ပြန်ရောက်လျှင် ရှိသမျှ ဟင်းအိုးတွေ သွန်မှောက်တတ်ခြင်းတို့သာ
ပြုလုပ်တတ်ပါသည်။
နောက်တစ်ခု မှတ်မိတာက အဘိုးသည် “ဒေါ်သင်း”နှင့်
သားနှစ်ယောက် ထွန်းကားခဲ့ပါသည်။ ကျွန်တော့်ထက် အသက်များစွာ ကြီးပါသည်။
နာမည်ရင်းတွေကိုတော့ ကျွန်တော် မေ့နေပါပြီ။ အဘွားပေးထားသော နာမည်ပြောင်များ
ကိုသာ မှတ်မိပါသည်။ “မောင်စာ” နှင့် “မောင်လင်း” တဲ့။ သူရို့ကိုတော့
အဘွားက တော်တော် ချစ်သည်။ အိမ်ကိုလည်း အလည်ခေါ်သည်။ ကျွေးမွေးဆင်မြန်းသည်။
(သားအရင်း ဖြစ်သူ အဖေ့ထက်ပင် အချစ်ပိုနေတာ ဘာကြောင့်မှန်း စဉ်းစားလို့မရပါ)
အဲ ... အဘွားနာမည်ပေးသည့် “မောင်စာ” နှင့် “မောင်လင်း” ကိစ္စ။
နောင်အချိန် ကျွန်တော် အရွယ်ရောက် လာတော့ အဘွားကို မေးသည။ “အဲဒီ
အစ်ကိုကြီးနှစ်ယောက်ကို ဘာကြောင့် “မောင်စာ” နှင့် “မောင်လင်း” လို့
ခေါ်ရတာလဲ ဘွားဘွားရဲ့” ဟု။ ထိုအခါ အဘွားက ရယ်မောပါသည်။
“ဟဲ့ ...
မင်းပဲ စဉ်းစားကြည့်။ မင်းအဘိုးက ငါ့လက်ကလွတ်မှ မသင်းအိမ် အလစ်ချောင်းပြီး
သွားရတာ။ “စာကလေး” တွေ အစာ လုစားရတာ မင်းမမြင်ဖူးဘူးလား။ သုတ်သုတ်
သုတ်သုတ်နဲ့လေ။ အဲဒါကြောင့် တစ်ကောင်က “မောင်စာ” ဖြစ်ကရောပေါ့”
ကျွန်တော့်မှာ ထိုစဉ်တုန်းကတော့ ငယ်သေးတော့ သိပ် သဘောမပေါက်။ ခုပြန်စဉ်းစားတော့မှ အင်း ... ရယ်လိုက်ရ တာလေ။
“နော့ ... မောင်လင်းဆိုတာကရော ဘွားဘွားရဲ့”
“ဒါက မင်းအဘိုးဟာ ရုံးပြန်ချိန်ဆို ငါက စောင့်စောင့်ဖမ်းတော့ သင်း(ဒင်း)က
အကြံတစ်မျိုး ထုတ်တယ်ကွယ့်။ ရုံးအသွား မနက်မိုးလင်းပိုင်းမှာ ဘတ်စ်ကားကို
ပြောင်းပြန်စီးပြီး သင်္ကန်းကျွန်း မသင်းတို့အိမ်ကို အရင်ဝင်တာ။ ပြီးမှ
ဟိုကတစ်ဆင့် မြို့ထဲပြန်သွားတာကိုး။ ဒီတော့ အဲဒီ အငယ်ကောင်နာမည်
“မောင်လင်း” ဖြစ်ကရော ပေါ့ကွယ်” တဲ့။
ဪ ... အဘွားနှယ်၊ စာရေးဆရာ၏အမေ မပြောရဘူး။ နာမည်ပေး တော်တော်ကောင်း။
* * *
ကိုင်း ... ကျွန်တော် မပြောဘူးလား။ အဘွား အကြောင်းတွေ ရေးရာမှာ
ဟိုခုန်သည်ကူး ဖြစ်ပါလိမ့်မည်ဟု။ ဘာပဲဖြစ်ဖြစ် ယခု ကျွန်တော်ပြောလိုသော
အချက်မှာ အဘွားသည် ဈေးသည်တစ်ယောက် ဖြစ်ပါလျက် စာမတတ်သော်လည်း သတင်းစာ
မှန်မှန်ဖတ်သည့် အကျိုးကျေးဇူးပါ။
ပြီးတော့ သူ၏ ဉာဏ်ရည်
ထက်မြက်မှုကို အကောင်းဘက်တွင် အသုံးချတတ်မှုပါ။ တစ်ခါသော် ရာဇဝင်လူဆိုး
တစ်ယောက်အကြောင်း သတင်းစာများတွင် ဓာတ်ပုံနှင့်တကွ မျက်နှာဖုံးသတင်းအဖြစ်
ပါလာလေ၏။ လူကြီးလူကောင်း “လူဆိုး” ဟု ဆိုရမလား မသိ။ ခုခေတ် မျက်စိထဲ
မြင်ယောင်လာအောင် ပြောရလျှင် ပိုးပုဆိုးနှင့်၊ ရှူးဖိနပ်နှင့်၊
ကုတ်အင်္ကျီနှင့်၊ လည်စည်း မာဖလာနှင့်၊ မော်တော်ကားနှင့်။ ဆိုပါစို့ရဲ့၊
ဗိုလ်အောင်ဒင် စတိုင်လ်။
ထိုခေတ်က ပုလိပ်များလည်း လက်လျှော့ထားရသည်
ဟုဆို၏။ အလွန်ဖျံကျပုံ ရလေသည်။ ပြီးတော့ မျက်နှာဖြူ ကြီးကြီး
မာစတာပိုင်းနှင့်လည်းအဆက်အသွယ် ရှိပုံရ၏။
တစ်နေ့တွင်
ထိုပုဂ္ဂိုလ်သည် ရှိုးကျကျ ဝတ်ဆင်လျက် ရုပ်ဖျက်ပြီး အဘွားတို့ ဈေးရောင်းသော
သိမ်ကြီးဈေးရှေ့သို့ မယောင်မလည် ရောက်ရှိလာခဲ့၏။ သူ့ကို မည်သူမျှ ရုတ်တရက်
မမှတ်မိချေ။ သို့သော် မျက်စိလျင်သော၊ ဉာဏ်ရည် ထက်မြက်သော၊ ပါးသော၊ လျင်သော
အဘွားက ထိုပုဂ္ဂိုလ်ကို လှစ်ခနဲတွေ့ ချက်ချင်းမှတ်မိ သွားလေတော့သည်။
ကျွန်တော် ပြောခဲ့ဖူးသည်နော်။ အဘွားသည် ပျံကျဈေးသည် ပါဟု။
ခေါင်းရွက်ဗျပ်ထိုး လမ်းလျှောက်ဈေးသည် ပါဟု။ သူ့ ဈေးဗန်း ထဲမှာလည်း
တိုလီမုတ်စ အစုံအလင်ပါဟု။
အဘွား ဘာလုပ်သည် မှတ်သနည်း။
ဈေးရောင်းရင်း၊ အော်ရင်း၊ ဟစ်ရင်းက ထိုပုဂ္ဂိုလ်နား ကပ်သွား၏။ အဆင်သင့်
လက်ထဲဆုပ်ထားသော ငရုတ်သီးအစိမ်းမှုန့်ကို ထိုလူဆိုးကြီး၏ မျက်စိထဲ ပက်ခနဲ
ပက်သွင်းလိုက်လေတော့သည်။
မျက်စိထဲ ငရုတ်သီးမှုန့်ဝင်ပြီး
အကန်းတစ်ယောက်ပမာ ချာလည် ပတ်လည် ဖြစ်နေတော့မှ ထိုလူဆိုးကြီးကို သူ့
အဖော်ဈေးသည်တွေနှင့် ဝိုင်းဖမ်းပြီး ဂုတ်ကနေဆွဲ၊ ဂတ်တဲ (ရဲစခန်း)
ပို့လိုက်ပါတော့သည်။
* * *
ထိုကိစ္စနှင့် ပတ်သက်၍ ထိုစဉ်က
အင်္ဂလိပ်ဘုရင်ခံက ဆင်စွယ်ရိုးတပ် မိန်းမကိုင် ခြောက်လုံးပြူး တစ်လက်နှင့်အတူ
ရပ်ကွက်လူကြီးဘွဲ့ကိုပါ အပ်နှင်းလေတော့သည်။ (မယုံရင် ဓာတ်ပုံရှု)
သို့သော် ထိုဆင်စွယ်ရိုးတပ် သေနတ်ကို အဘွားခမျာ လက်ထဲကြာကြာ မကိုင်လိုက်ရပါ။ အကြောင်းကား ...
“ဟာ ... သားအဘွားက အလွန် ဒေါသကြီးတာကွ။ အဲဒီသေနတ် လက်ထဲ ရောက်ပြီးကတည်းက
မင်းအဘိုးရော၊ အဖေပါ တုတ်တုတ် မလှုပ်ရဲကြတော့ဘူး။ ထစ်ခနဲရှိ ခါးကြားက
သေနတ်ကို ကိုင်တော့တာကိုး” ဟု အဖေက ပြန်ပြောပြသည်။
“နော့ဖြင့် ဒီသေနတ် ဘယ်လို ဇာတ်သိမ်းသွားသလဲ ဖေဖေ”
“အေး ... နောက်ဆုံး ဒီသေနတ်ကို ပြန်သိမ်းဖို့ ဘုရင်ခံဆီအထိ တက်ပြီး
တောင်းပန်ရတာပေါ့။ ရဲစခန်းကလည်း လက်မခံရဲ။ ရဲအင်စပက်တော်ကလည်း
လက်မခံရဲကိုးကွ”
“ဘုရင်ခံက ပြန်လက်ခံသလား”
“ပထမတော့
အဲဒီဘုရင်ခံကောင်က သူရို့လူမျိုး စည်းကမ်းရှိကြောင်း၊ ကတိတည်ကြောင်း
သက်သေပြတဲ့ အနေနဲ့ “ပေးပြီးသားပစ္စည်း ပြန်မယူနိုင်ဘူး”တွေ ဘာတွေ
လုပ်နေသေးတာ။ နောက်ဆုံး အဘိုးနဲ့ ဖေဖေက ဖြစ်ကြောင်းကုန်စင် ရှင်းပြပြီး
ဘုရင်ခံကိုပဲ ပြန်ပြီး အကြံပေးလိုက်ရတယ်”
“ဘယ်လိုအကြံလည်း ဖေဖေ။ ဘုရင်ခံမှာ အကြံ မရှိလို့လား”
“အေး ... ဘယ်လိုအကြံပေးရသလဲ ဆိုတော့ ဒီပစ္စည်းဟာ အလှပြ သက်သက်ပေးရတာ။
တကယ်တော့ လန်ဒန်ရွှေမြို့တော်ကြီးက ပြတိုက်မှာထားဖို့၊
ကြေးဆိုင်းဘုတ်ကြီးနဲ့ ဂုဏ်ပြု မှတ်တမ်းတင်ဖို့။ ဒါကြောင့် ဒီသေနတ်အစား
ငွေဓားမြှောင်ကို ကိုင်ဆောင်ခွင့် ပြုပါတယ်လို့ ပြောပြီး သေနတ်
ပြန်သိမ်းခိုင်းရတာပေါ့ကွာ”
ဟု အဖေက ဇာတ်ကြောင်းပြန်လှန်
ပြောပြပါသည်။ ဤနေရာတွင် စာဖတ်သူ ဂရုစိုက်မိမလား မသိ။ အဖေ့စကားတွင်
ဘုရင်ခံကောင်ဟု သုံးနှုန်းလိုက်ခြင်းကို။
သည်လိုပါ ...။
အဘွားသည် စာမတတ်သော လမ်းဘေးဈေးသည်။
အဖေကျတော့ စာရေးဆရာဖြစ်လာသည်။
အဘွားသည် ဖဲရိုက်သည်။ မြင်းလောင်းသည်။
အဖေကတော့ အရက်ပင်မသောက်တတ်။
အဘွားသည် အင်္ဂလိပ်ဘုရင်ခံက လက်နက်အပ် ခံရသော အရပ်လူကြီး။
အဖေ မူကား နယ်ချဲ့ဆန့်ကျင်ရေးသမား၊ ရဲရဲတောက် သခင်။
ဤလိုအမေနှင့် ကြီးပြင်းခဲ့ရသော သားတစ်ယောက်၊ ဤလို လူလားမြောက်လာ
ခဲ့ရသည်မှာ ထူးဆန်းသလို ဖြစ်မနေ ဘူးလား။ ကျွန်တော့် အနေနှင့်မူ မထူးဆန်းပါ။
ပတ်ဝန်းကျင်သည် လည်းကောင်း၊ မျိုးရိုးဗီဇသည် လည်းကောင်း လူတစ်ယောက်၏ ဘဝကို
လွှမ်းမိုးနိုင်သည် မှန်သော်လည်း ဉာဏ်ရည်ထက်မြက်မှုကို အကောင်းဘက်လှည့်၍
အသုံးချတတ်ခြင်းနှင့် မေတ္တာထားနိုင်ခြင်းသည် ပို၍ အရေးကြီးသည်ကောာ
မဟုတ်ပါလားလေ။
ကျွန်တော် ပြောခဲ့ဖူးသားပဲ။ အဖေသည် သူ့အမေ (အဘွား) ကို အလွန်ချစ်သူပါဟု။ ထိုအကြောင်းတွေ ကြုံတော့ ရေးပါမည်။
---------
သုမောင်
ရွှေအမြုတေ၊ အောက်တိုဘာ၊ ၁၉၉၉။
No comments:
Post a Comment