Tuesday 24 May 2016

မောင်စိန်သောင်းနှင့် ဝေါကင်းရှူး (မောင်ဝဏ္ဏ)

မောင်စိန်သောင်းနှင့် ဝေါကင်းရှူး (မောင်ဝဏ္ဏ)
---------------------------------------------------
မောင်စိန်သောင်း ဆိုတဲ့ ငတိ စာ မရေးဖြစ်တာ တော်တော် ကြာသွားပါပြီ။ ဒီငတိဟာ စာရေးစားတဲ့ ကောင်ပဲ။ စာမရေးတော့ ဘာနဲ့ ဘယ်လို စားနေသတဲ့လဲ။ ဟဲဟဲ၊ မောင်စိန်သောင်းဆိုတာ လူပါးခင်ဗျ။ ငတိက ခင်ပိန်ပိန် ဆိုတော့ ပိန်ပိန်ပါးပါးလို့ ခေါ်နိုင်သပေါ့။ ပိန်တယ် ဆိုတာကတော့ ရှင်းပြုစရာ မလိုပါဘူး။ ပါးပါးကတော့ အဓိပ္ပါယ်နှစ်မျိုး ထွက်သဗျ။ လူပါးဆိုတဲ့ အဓိပ္ပါယ်ကို ယူလျှင်လည်း ရပါတယ်။ ပါးပါးလျားလျား ဆိုတဲ့ အဓိပ္ပါယ်လဲ ယူနိုင်ပါရဲ့။ ဒါပေမယ့် လူပါးဆိုတဲ့ အဓိပ္ပါယ်ကိုပဲ ယူပြီး စဉ်းစားရအောင်ပါ။
သူ ပါးပုံပါးနည်းက တခြားလူတွေ အပေါ် လူပါးလူနပ် လုပ်၊ ကတုံးပေါ် ထိပ်ကွက်တာမျိုး မဟုတ်ပါဘူး။
သူ့ မိန်းမ မနှင်းရည်က အိမ်ရှေ့မှာ အသုပ်ဆိုင်လေး ဖွင့်ထားတယ်လေ။ အဲဒီ အသုပ်ဆိုင်က ဟင်းလျာဖိုးကလေး ထွက်နေတော့ ငတိအပါးခိုလို့ ရတာပေါ့။ အပျင်းကြီးပြီး စာမရေးဖြစ်တိုင်း အနုပညာ ဆိုတာ ဘာညာနဲ့ လေလုံး မိုးလုံး ထွားပြီး နေခဲ့သပေါ့။ ကြာတော့ အဲဒီ ဖြီးလုံး လှိမ့်လုံးတွေကို သူ့မိန်းမက နားကြားပြင်း ကတ်လာတာပေါ့။ ဒါ့အပြင် သူဖြီးနေ လှိမ့်နေမှန်းလည်း သိသွားရော ဆိုပါတော့ဗျာ။ "ရှင့်ဟာက စာရေးတယ်လို့မှ မရှိဘဲ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး၊ လေပစ်လိုက်၊ သူငယ်ချင်းတွေနဲ့ လျှောက်သွားလိုက်၊ အိမ်ပြန်လာတော့လဲ စာအုပ်ဖတ်နေ၊ ဆေးပေါ့လိပ် ဖွာနေနဲ့ အချိန်ကုန်တာပဲ"
မနှင်းရည်က သည်လို ပြောလာပါတယ်။
မောင်စိန်သောင်း ကလည်း သူ့ ဓာတ်ပြားဟောင်းကြီးကို အပ်တုံးတုံးနဲ့ ပြန်ဖွင့်ပြန်ပါတယ်။
"ဟ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီ စကားပြောရင်း စိတ်ကူးစိတ်သန်း ရတယ်ကွ။ ဆေးလိပ် ဖွာနေတာကလည်း စိတ်ကူးကောင်းလေး ဘာလေး ထွက်အောင်ပေါ့။ မင်းကို ပြောပြရဦးမယ်။ ဆရာ ကျားဘညိန်းက သူ့ လေဒီကြီးကို ပြောဖူးတယ်ကွ။ စာရေးတယ်ဆိုတာ ဘယာကြော် ကြော်သလို အောက်မေ့နေသလားတဲ့။ အဲဒါပါပဲ။ ဘယာကြော် ကြော်တာ မဟုတ်ဘူး"
“ရှင့်စကားတွေက ထပ်နေပြီ။ ခု ဘယာကြော်တစ်ခု ဘယ်လောက် ထင်သလဲ။ တစ်ကျပ်ရှင့် တစ်ကျပ် သိရဲ့လား။ တစ်ခါတလေ ဆီမရရင် ဘယာကြော်သယ်တောင် မထွက်ဘူး။ ခု ရှင်ဖွာနေတဲ့ ဆေးလိပ်ကကော ဘယ်လောက်လဲ သိလား"
"သိပါ့၊ ငါးမူး၊ တစ်လိပ်တည်း ယူရင် သကြားလုံး အမ်းတယ်”
"အဲဒါ ရှင်အရင်တုန်းက ဘယ်လောက်နဲ့ ဝယ်သောက်တာလဲ”
ဒီမေးခွန်း ရောက်တော့ မောင်စိန်သောင်း ‘ဂိန်' လို့ မအော်မိအောင် ကြိုးစားထားရသပ။ ဟိုတစ်ချိန်က ဆယ်ပြားတန် ဆေးပေါ့လိပ်၊ နှစ်လိပ်မှ ဆယ့်ငါးပြား၊ နောက် နှစ်လိပ်တစ်မတ်။ ခု တစ်လိပ်ငါးမူး။
"ဒါ ဒါက ဝိသမ လောဘသမား ..."
"ဒီမယ် ရှင် ကျောင်းတုန်းက အလွတ်ကျက်ခဲ့တဲ့ စကားကြီး စကားကျယ်တွေ လာမပြောနဲ့။ ခုဟာက ရှင်းရှင်းလေး၊ အလုပ် များများလုပ်၊ ပိုက်ဆံ များများရှာ၊ တက်တဲ့ဈေးနဲ့ လိုက်သုံးနိုင်အောင် အလုပ်ပိုလုပ်ဖို့ပဲ ရှိတယ်။ ခုတော့ ရှင်က ဆေးလိပ်ကလေး ဖွာလိုက်၊ စဉ်းစားလိုက်၊ စာအုပ်ကလေး ဖတ်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်နဲ့ ဘယ်မှာလဲ ရှင်လုပ်တဲ့ အလုပ်"
"အနုပညာဆိုတာ စက်နဲ့ လှည့်ထုတ်သလို ..."
"တော်စမ်းပါ ရှင် အဲဒီ စကားမျိုး ပြောတာ အကြိမ်ပေါင်း တစ်သိန်းလောက် ရှိပြီ။ ရှင် အနုပညာစကား တစ်ခွန်း ပြောတိုင်း ပိုက်ဆံတစ်ကျပ်ပဲ ရဦး၊ ခုဆို ငွေတစ်သိန်းလောက် စုမိရော့မယ်"
"ဒီမယ် မင်း အနုပညာကိုတော့ မစော်ကားနဲ့ကွ။ ငါ့ကို ပြောချင်ပြော"
"ဟုတ်ပါတယ် ကျုပ်ကလဲ ရှင့် အနုပညာကြီးကို သိပ်စိတ်ဝင်စားတာ မဟုတ်ပါဘူး။ တစ်နေ့ တစ်နေ့ ဈေးဖိုးလောက်ပဲ စဉ်းစား နေရတာ၊ ရှင်တို့ဖာသာ အနုပညာတွေ ဘာတွေ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်၊ ကျုပ် လိုချင်တာ ဈေးဖိုးပဲ"
"ခု ဈေးဖိုး မရှိလို့လား"
“ကျုပ်ဆိုင်က ရတဲ့ဟာလေးကို ဈေးဖိုး လုပ်နေရတာ ဘယ်လောက် ကြာပလဲ၊ ရှင့်စာမူခများ မျှော်ကိုးနေလို့ကတော့ ပြောလိုက်ချင်ဘူး"
"မပြောချင် မပြောနဲ့ပေါ့ကွ၊ အချိန်တန် စာရေးဖြစ်မှာပဲ။ အဲဒီတော့ စာမူခ ရမှာပေါ့”
"ရှင့် အချိန်က ဘယ်တော့ တန်မှာလဲ၊ ဒီလိုချည်း ဆေးပေါ့လိပ် ထိုင်ဖွာနေလို့ကတော့ မီးခိုးပဲ ထွက်မှာပဲ၊ စာမူခ ထွက်လာမှာ မဟုတ်ဘူး”
"ဟိုတလောက ရတဲ့ စာမူခတွေရော"
“ဘာ ဘယ့်နှယ့် ပြောလိုက်တယ်။ စာမူလေး သုံးလေးပုဒ် ရေးရုံနဲ့ တစ်သက် ထိုင်စားရော့လို့များ မှတ်နေလား"
"မဟုတ်ပါဘူး၊ စာမူ သုံးလေးပုဒ် ဆိုရင်ပဲ ငွေ တစ်ထောင်ကျော် ရတာ ဥစ္စာ"
"ငွေ တစ်ထောင်ကျော်ကို ဘယ်နှစ်လ သုံးရမယ် ထင်နေသလဲ၊ ရှင် စာမရေးတာ ခြောက်လလောက် ရှိပြီ၊ အဲဒီ ခြောက်လအတွင်းမှာ ငွေတစ်ထောင်နဲ့ ဟင်း ...”
"အေး ဟုတ်ပါပြီ၊ ငါကလဲ ငွေ တစ်ထောင်နဲ့ ခြောက်လ လောက်အောင်
သုံးရမယ်လို့ မဆိုလိုပါဘူး၊ မင်းဆိုင်က ရတာနဲ့ အဆင်ကလေး ပြေနေတာလဲ ရှိသေးတယ် ဆိုပြီး ငါလဲ ခဏတစ် ဖြုတ် အားနေတာပါ”
“ရှင့်ကိုယ်ရှင် ဘီလျံနာများ အောက်မေ့ နေသလား၊ အဲဒီ ဘီလျံနာတွေတောင် ခြောက်လ အနားမယူဘူး။ တစ်နှစ်မှ တစ်လလောက်ပဲ အနားယူသတဲ့၊ တချို့ သူဌေးတွေဆို လေယာဉ်ပျံနဲ့ သွားရင်းတောင် အလုပ် အဆက်မပြတ် လုပ်နေသတဲ့။ အိပ်ရာဘေးမှာ တယ်လီဖုန်း ထားပြီး တရေးနိုး အကြံရရင် ထ အလုပ် လုပ်တာတဲ့၊ ဒါကြောင့် သူတို့ ချမ်းသာတာ"
"ဒီမယ် ပိုက်ဆံ ချမ်းသာပြီး လူက လူလို မနေနိုင်တဲ့ ဘဝမျိုးကိုတော့ ငါတို့ အားမကျဘူးဟေ့"
"အောင်မယ် ကြီးကြီးကျယ်ကျယ် သူဌေးတွေက လူလို မနေလို့ ဘယ်လိုများ နေလို့လဲ"
“အေး ငါရှင်းပြမယ်။ မင်းစိတ်ဝင်စားရင် နားထောင်၊ လူဆိုတာ ..."
"စကားကြီး စကားကျယ်တွေ သိပ် မပြောပါနဲ့၊ ကျုပ် လိုချင်တာက စာမူခပဲ။ အဲဒါ ရှင် စာရေး"
"ငါ ပြောပြီးပါပကော ဘယာကြော် ကြော်တာ မဟုတ်ဘူးလို့ ဆရာကျား"
"အို ရှင့် ဆရာကျားတွေ ဆရာကျက်တွေ ကျွန်မမသိဘူး ရှင် စာရေးဖို့ပဲ လိုတယ်"
"ငါ့ခေါင်းက စာလုံးတွေ ထုတ်တဲ့ စက် မဟုတ်ဘူး၊ ဦးနှောက် ဦးနှောက်နဲ့တင် ပြီးသလားဆိုတော့ မပြီးသေးဘူး ခံစားချက် ဝေဒနာ စေတနာ"
“အဲဒီဟာတွေ ကျုပ် နားထောင်ရလွန်းလို့ နားငြီးနေပြီ ရှင် စာရေးပါ ဒါပဲ ကျုပ် အိပ်တော့မယ် မနက် အစောကြီး ထပြီး လုပ်စရာတွေ ရှိသေးတယ်"
"မိန်းမဘဲကွ အိမ်မှုကိစ္စတော့ လုပ်ရမှာပေါ့"
"အိမ်မှုကိစ္စတင်လား၊ ဆိုင်တစ်ဖက်နဲ့ ဈေးဝယ်သွားရတာနဲ့ ဆိုင်မှာတင်ဖို့ ပစ္စည်းသွားဝယ်ရနဲ့ ရှင် အဲဒါတွေသိလို့လား၊ ကူညီဖော်ကော ရရဲ့လား၊ ကိုယ့်ဘာသာ ပြန်စဉ်းစားစမ်းပါဦး”
"အို ငါက ဈေးရောင်း ဈေးဝယ်မှ ဝါသနာ မပါဘဲ"
"ဝါသနာ ပါပါ မပါပါ စားဖို့ အလုပ်ကတော့ လုပ်ရမှာပဲ ရှင့်ကို အဲဒါတွေ ကူညီခိုင်းရင် တလွဲတွေ ဖြစ်တတ်လွန်းလို့ စာရေးပါလို့ပဲ ပြောတာ ဒါပဲ ကြာရင် ရှင်နဲ့ ကျုပ် စကားများ ရလိမ့်မယ်၊ ခု အိပ်တော့မယ် ရှင့် ထုံးစံအတိုင်း ဆေးလိပ်ဖွာရင်း ဟိုစဉ်းစား ဒီစဉ်းစား လုပ်မနေနဲ့ စာရေးပါ ဒါပဲ"
ပြောပြောဆိုဆို မနှင်းရည် အိပ်ခန်းထဲ ဝင်သွားပါတယ်။
မောင်စိန်သောင်းကတော့ ဆေးပေါ့လိပ် ဖွာရင်း ကျန်ရစ်ပါတယ်။
တယ်ခက်တဲ့ မိန်းမဘဲ၊ ညားခါစတုန်း ကတော့ “အစ်ကိုရေးတဲ့ ဝတ္ထုလေးတွေက ဖတ်လို့ ကောင်းတယ်။ ဘယ်ဝတ္ထုကဖြင့် ဘယ်လို ခံစားရတယ်။ ဘာညာနဲ့ ခုတော့ စာမူခ ဘယ်တော့ ရမလဲ စာရေးလေ စာရေးမှ ပိုက်ဆံရမှာပေါ့ ဆိုတဲ့ စကားမျိုးချည်း ပြောလာတယ်။ ပြီးတော့ တစ်နေ့ကို ဆန် နို့ဆီဘူး ဆယ်လုံး ချက်ရတယ်။ ဒါတောင် ဧည့်မထ ဆန်ကွဲပါ ရောချက်တာ ငစိန် ကောင်းကောင်းလေး ရရင် ကောင်းမှာပဲ။ ပဲဆီဆိုတာ အရည်လား အဖတ်လား မေးရမလို ဖြစ်နေပြီ။ စားအုန်းဆီတောင် ဆိုင်ကြီးမှာ တန်းစီပြီး နှစ်ဆယ်သားကို ခွက်ခြင်ပြည့်ပြည့် မပြည့်ပြည့် မျက်နှာအောက်ကြို့ ဝယ်ရတာ တလောက သမဝါယမက ဆန်နဲ့ ဆီထုတ်ပေးထားလို့ ခုသာ ခံသာ ရှိတာ၊ ဈေးထဲမှာရောင်းတဲ့ တို့စရာ ငါးမူးဖိုး ရောင်းတဲ့ ဈေးသည်ဆို ထိုင်တောင် ရှိခိုးလိုက်ချင်တယ်။ ကြက်သားဆို ရေထိုးထိုး လေထိုးထိုး မျက်စောင်းတောင် မထိုးရဲဘူး၊ တလောက ကလေးတွေ ပူဆာလို့ ကန့်သတ်ဈေးနဲ့ ရတာနဲ့ ဝယ်မိတာ ငါးပါးကို မှောက်ပါရောလား၊ နှစ်ရက် သုံးရက် စားရအောင် ပြုတ်ကြော်လေး လုပ်ပါတယ်။ ရေလုံပြုတ် မဖြစ်ရုံ တမယ်ပဲ၊ ဒါကြောင့် ရှင့်ကိုပြောတာ စာရေးပါလို့ ခံစားချက်တွေ ဘဝတွေ စေတနာတွေ ဝေဒနာတွေ လုပ်မနေနဲ့ ဘာဖြစ်ဖြစ် ရေးသာရေး စာမူခရဖို့ပဲ လိုတယ်၊ ဒီမယ် ရှင့်ကို ပြောရဦးမယ်၊ ရှင့် သူငယ်ချင်း၊ အရူးတွေ ပြောတဲ့ ဂန္ထဝင်တို့ ရိုမန့်တို့ မော်ဒန်တို့တွေ လျှောက်လုပ်မနေနဲ့ ဘာဖြစ်ဖြစ် ရေး စာမူခ များများရတဲ့ဟာ ရေးတဲ့ တရေးတည်း ရေးခိုင်းနေတော့တာပဲ။
မောင်စိန်သောင်းတစ်ယောက် လူဖြစ်နေပေလို့ပဲ လက်ဖက်သာ ဖြစ်လို့ကတော့ ဒါမှမဟုတ် လက်ဖက်လိုသာ ကြိတ်လို့ရလို့ကတော့ ကြက်သွန်ဖြူ ငရုပ်သီးစိမ်းနဲ့ ရောပြီး တရုတ်ပြည်ဖြစ် လက်လှည့် ကြိတ်စက်ထဲထည့် ကြိတ်ပစ်တာ ကြာလှပြီ ဖြစ်မှာပဲ။
မောင်စိန်သောင်းဟာ သူ့ ဘက်ကပဲ သူ စဉ်းစားနေတော့တယ်။
သူ့ မိန်းမဘက်က ပြန်စဉ်းစားရင် သူ့ လုပ်ပေါက်ဟာ ရိုက်ပေါက် ဖောင်းရှော့ကြီး ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
စဉ်းစားကြည့်လေ ခြောက်လလောက် စာမရေးပဲ မိန်းမဈေးရောင်းတာ ထိုင်စားနေတယ်၊ ဒီကြားထဲ လက်ဖက်ရည်ဆိုင် ထိုင်လိုက်သေးတယ်။ ပြီးတော့ `ရှယ်´မှ သောက်တယ်၊ ချက်နို့ဆီနဲ့ ရိုးရိုး လက်ဖက်ရည် မသောက်ဘူး တစ်ခါတလေ အိတ်စပို့ ဒူးယား ခဲသေးတယ်။ ပြောလိုက်ရင်လဲ ဂျွန်ဖွိုင်းတို့ ပရက်ဂမာတစ်ဇင်တို့ မိုဒန်စင်စီဘလတီတို့က တစ်ပြားသားမှ မလျှော့ဘူး၊ ဒါကြောင့် သူ့ မိန်းမ မနှင်းရည်က သူနဲ့ သူ့ အပေါင်းအသင်းတွေကို အရူးတွေလို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ လူတကာ နားမလည်နိုင်တဲ့ သူတို့လည်း ရေရေရာရာ မသိတဲ့ စကားကြီး စကားကျယ်တွေ လျှောက်ပြောနေတော့ ချဉ်တင်တင်နဲ့ အရူးတွေလို့  သမုတ်လိုက်တာပါပဲ။
မနှင်းရည်ဟာ စာနဲ့ ပေနဲ့ သိပ်ဝေး လှတာတော့ မဟုတ်ပါဘူး။ မောင်စိန်သောင်း စာရေးလို့ စာမူခရလို့ ဈေးဆိုင်ကလည်း အဆင်ပြေလို့ ဆိုရင် သူပြောတဲ့ အရူးတွေကို တတ်နိုင်သလောက် ပြုစု ကျွေးမွေးပါတယ်။ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းနဲ့ တစ်နေကုန် တစ်နေခန်း လေပစ်နေလဲ သူခွင့်လွှတ် ပါတယ်။
ဈေးဖိုးကိစ္စ၊ မီးဖိုချောင်ကိစ္စ ဦးစားပေးလာရတဲ့ အခါကျတော့ မော်ဒန်လည်း မသိဘူး၊ ဂေါ်ဒန်လည်း မသိဘူး၊ ဦးပုညလည်း မသိဘူး။ စာမူခပဲ သိတယ်။ ငစိန် သိဘယ်။ ဧည့်မထ သိတယ်။ စားအုန်းဆီ သိတယ်။ လက်ဖက်၊ ကြက်သွန်ကြော်၊ နှမ်း၊ မြေပဲ သိတယ်။ အဲ - လက်ဖက် ချင်းသုပ်ဆိုင်က သိပ်မကိုက်တော့တဲ့ အခါမှာ ငရုပ်သီးမှုန့်တို့၊ မဆလာတို့၊ ဖယောင်းတိုင်တို့၊ မဲနယ်တို့၊ ဆပ်ပြာတို့ နေ့စဉ် မသုံးမဖြစ်တဲ့ ပစ္စည်းလေးတွေ ပြောင်း ရောင်းတယ်။ အဲဒီဆိုင်ကလေးက ဈေးဖိုးထွက်အောင် လုပ်တယ်။ ဂန္ထဝင်တို့၊ ခေတ်သစ်တို့၊ ဘာအစ်ဇင် ညာအစ်ဇင်တို့နဲ့ ရောထွေးနစ်မော၊ စီးမောလူးလှိမ့် ဆေးလိပ် မီးခိုးငွေ့တွေကြား တွားသွား နစ်မြုပ်နေဆဲကို။ ရွှေအိုရောင်ထဲမှာ လေနုအေးနဲ့ နော့နေဆဲကို။ ပေါင်မုန့်တစ်ယှက်၊ ဝိုင်တစ်ခွက်နဲ့ ချစ်ဖက် သက်လျာက လွမ်းမော ဆွတ်ပျံ့ တမ်းတနေဆဲကို။
ဒီတော့ မနှင်းရည်က အတိအလင်း ကြေညာချက် ထုတ်တော့သပေါ့၊ စာမူခ ရရင် ရေးသာရေး၊ ဘာသောညာသော ရေးသာရေး။
ဒါနဲ့ မောင်စိန်သောင်းလည်း ဝတ္ထု ခေါ်လို့ရရင် ပြီးရော၊ စာမူခရရင် ပြီးရောဆိုတဲ့ အယူအဆ ဝါဒသစ်ကြီးကို လက်ကိုင်ထားပြီး ရေးပါရောလား။
အံမယ် ဒါတောင် ငတိက သူ့ သူငယ်ချင်းတွေ ကြားမှာ သိက္ခာဆည်တဲ့ အနေနဲ့ တံခါးဖွင့် စီးပွားရေး စံနစ်နဲ့ အညီ ဘာညာနဲ့ ပြောသေးသဗျ။ ဘော်ဒါထရိဒ်လို သဘောမျိုး ဘော်ဒါ လစ်ထရေးချား ပေါ့ကွတဲ့။ အံ့ရော အံ့ရော။
မောင်စိန်သောင်း ဝတ္ထုရေးတယ်၊ ဆောင်းပါး ရေးတယ်။ မဂ္ဂဇင်းတိုက်တွေ ပို့တယ်။ စာမူတစ်ပုဒ် တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ ငါးရာ။ မဂ္ဂဇင်းတိုက် အမျိုးမျိုးက စာမူခ အမျိုးမျိုးပေးတယ်။
မောင်စိန်သောင်း ကလည်း ခြောက်ပြား ရရ ရေးမယ်ဟေ့  ဆိုတဲ့ စာပေဝါဒ လက်သစ်ကြီးနဲ့ ရေးတာပါပဲ။
တစ်နေ့တော့ မောင် စိန်သောင်း စာမူခ ငါးရာ ရလာပါရောဗျား။ ငါးရာကြီးတောင် ရတော့ မောင်စိန်သောင်း ငါလိုလူ ဇမ္ဗူ ရှိသေးလားဆိုတဲ့ ပုံစံနဲ့ လမ်းသစ် ပလက်ဖောင်းသစ်ကြီးပေါ် လျှောက်လာပါတယ်။
ပြောင်းလဲလာတဲ့ ခေတ်သစ်ကြီးနဲ့ အတူ ဆိုင်သစ် ကန္နားသစ်တွေဟာလည်း တောက်ပြောင် သစ်လွင်နေပါရဲ့။
ဆိုင်ကြီး တစ်ဆိုင်ရှေ့ ရောက်တော့ ဝေါကင်းရှူးလို့ ခေါ်ကြတဲ့ ဖိနပ်တွေ တွေ့ရပါရော။
မောင်စိန်သောင်း ဖျတ်ခနဲ သတိရမိတယ်။ သူ့ သားက ဝေါကင်းရှူး စီးချင်တယ်လို့ ပူဆာတာ ကြာပြီ။ အဲဒီ ဖိနပ်ကြီးက ပူတယ်ကွ၊ ဖိနပ် ပေါက်တတ်တယ်ကွ ဘာညာနဲ့ ကလေးကို လှိမ့်ထားခဲ့တယ်။ ကိုင်း ... ခုတော့ ငွေငါးရာ ပါလာတုန်း ...။
* * *
“တစ်ထောင့်နှစ်ရာပါရှင်"
အရောင်းကောင်တာ မိန်းကလေးရဲ့ လေသံက ချိုပေမယ့် ကြည့်ပုံက အထက်စီး။
ဂိန်လို့ မအော်မီ ဆိုင်ထဲက ပြန်ထွက်ခဲ့လေရဲ့။
ဒီအချိန်မှာ မောင်စိန်သောင်း နားထဲ မနှင်းရည် ပြောသံကို ပြန်ကြားယောင်မိ နေပါတယ်။
"တို့စရာ ငါးမူးဖိုးရောင်းတဲ့ ဈေးသည်ဆို ထိုင်တောင် ရှိခိုးလိုက်ချင်တယ်" တဲ့။
* * *
"သောက်ပေါ၊ သောင်းငါးထောင်တန် ဖိနပ် ရှိတယ်၊ နှစ်သောင်းတန် ဂျာကင် ရှိဘယ်။ စာမူခ ငါးရာနဲ့များ ဆိုင်ကြီးထဲ ဝင်ရတယ်လို့။ ဝိဒေဟရာဇ်ပုတ်သင် ကျနေတာပဲ၊ ပဲစေ့တစ်စေ့ လည်ပင်း ဆွဲရတာနဲ့ ဆောင့်ကြွား ဆောင့်ကြွား သွားလုပ်တာ အရောင်း ကောင်တာက ကောင်မလေး ကတော့ မောင်ရင့်ပုံ ကြည့်ပြီး ၁၉ ရာစုက လူ တစ်ယောက် မျက်စိလည်ပြီး ရောက်လာတယ် ထင်မှာပဲ"
သူငယ်ချင်းများက မောင်စိန်သောင်းကို ပညာပေး ပါတယ်။ မောင်စိန်သောင်း စိတ်ထဲမှာတော့ “လေးဆယ်တန် ခြေညှပ် ဖိနပ်လေးပဲ စီးပါဦး သားရယ်၊ မင်း အမေ ဈေးထဲကို နှစ်ရာတန် နှစ်ချပ်လောက် ကိုင်ပြီး သွားပါစေ။ ဆိတ်သားဟင်းနဲ့ ထမင်းစားကြရအောင်ပါ" လို့ ရေရွတ်နေပါတယ်။
--------
မောင်ဝဏ္ဏ
ပေဖူးလွှာ၊ ဒီဇင်ဘာ၊ ၁၉၉၁။

No comments:

Post a Comment