Sunday 8 May 2016

“ ကောင်းကင်သစ်ကို တောင်းဆိုခြင်း ”

“ ကောင်းကင်သစ်ကို တောင်းဆိုခြင်း ”
============================
 
ယောနယ် ဂန့်ဂေါကအပြန် ပခုက္ကူစာပေပွဲတော်ကို ၀င်ရ
ပါသည်။ ထူးခြားချက်မှာ စာပေ ဟောပြောပွဲသာမဟုတ်၊
စာပေပွဲတော်ဖြစ်ပါသည်။ စာအုပ်အရောင်းပြခန်းပါသလို
ပန်းချီပြပွဲလည်း ပါသည်။ ပွဲတော်ဖြစ်မြောက်ရေးအဖွဲ့က
စာအုပ်ဆိုင်များကို ၅-ရက်လုံးလုံးနေ့လည်စာ တာဝန်
ယူသည်။ စာအုပ်ဆိုင်များ အနေဖြင့် စာအုပ်များကို
တတ်နိုင်သမျှ အသက်သာဆုံးလျှော့ဈေးဖြင့် ရောင်းပေး
ရန်သာ တိုက်တွန်းသည်တဲ့။ ငါးညတိုင်ဆိုတော့ ဟော
ပြောမည့်သူများက ဆယ်ဂဏန်းကျော်နေပြီ။ အမျိုး
စုံအောင် ထင့်။ ပန်းချီ ဆရာတွေလည်း ပါနေသည်။
.
ကျနော်ကလည်း ခုခရီးမှာ ပန်းချီဆရာတွေအကြောင်း
ပြောချင်တာဖြစ်သည်။ ၁-၄-၂၀၁၆ က ပန်းချီ
ကျော်သောင်းပါ။ ၂-၄-၁၆မှာ ပန်းချီတင်လှဝင်းထင်က
ကျနော်နှင့်တွဲလျက်။ နှစ်ဦးလုံးက ကျနော့်ဆရာများ။
ဆရာ ကျော်သောင်းက တရပ်ကွက်ထဲ ကျောချင်းကပ်မို့
ကျနော့်ငယ်ဘ၀က သူတို့၊ ဆရာဝသုန်တို့ ၊ မြိတ်ဝင်းထိန်
တို့ ၀ိုင်းတွေမှာ ကျနော်က နောက်နားကုပ်ကုပ်ထိုင်
နားထောင်သင်ယူနေကြ။ စောင်းတီးကောင်း၊ အဆို
ကောင်းသူ ပန်းချီဆရာ ကျော်သောင်းအဖြစ် ရင်းနှီး
ပြီးသား။
.
ဆရာတင်လှဝင်းထင်ကိုမူ တင်လှဝင်း ဘ၀ထဲက သူ့
သီးခြားဟန်ကို ကျနော်တို့ အကျွမ်း ၀င်ပြီးသား။
သူကား ရှန်တိနိုကေတန်ကျောင်းထွက် ဆရာဗဂျီ
အောင်စိုး၏ အဆိုအမိန့်များကို ကိုးကားတတ်သူ။
စကားပြောနူးညံ့သလို အလှတရားကိုသာ ရှာကြည့်
နေတတ်သူ။ ဆိုပါစို့ သူငယ်စဉ်က ခဲတံဝယ်သည့်
အခါ ဆယ်တန်ကျသင့်လျှင် “ တစ်ဆယ်ထား
လိုက်ပါ အစ်မရယ်။ တဆယ်ဆိုတာလေးက “လှ”
ပါတယ်ဟု နားဝင်အောင် အရေးဆိုတတ်သူ။ သူက
လောကကြီးကိုလည်း အင်မတန်သင့်မြတ်စေချင်သူ။
ခေါ်သူ နှင့် ထူးသူတို့ ဘယ်လို ညီစေချင်ကြောင်း
အသံကို ဂီတပါအောင် အလေးအမြတ်ပြုကာ ဂရု
ဓမ္မနှင့် တိုက်တွန်းသူမျိုး ဖြစ်သည်။
.
သူ့ဟောပြောပွဲက ပြီးမှန်းမသိ ပြီးသွားရအောင် ကျနော်
မျောပါသွားသည်။ စင်ပေါ်မှာ ကင်းဘတ်စကိုတင်ပြီး
ရေလှိုင်း များသည်ပင် ငှက်များဖြစ်သွားရပုံကိုလည်း
လောကအလှကို ဖွဲ့ဆိုသော သူကိုယ်တိုင် ရေးစပ်သည့်
သီချင်းကို ဖွင့်ပြရင်း လက်တွေ့ ရေးပြသေးသည်။
.
နောက်နေ့နံနက် ကျနော်တို့သုံးယောက်အပြင် ပန်းချီ
ဆရာ ကျော်ဖြူစံပါ ရောက်လာပြီး ဧည့်ခံရင်း အဓိက
ဆွေးနွေးဖြစ်သောအကြောင်းအရာမှာ ကျောင်းများတွင်
ပန်းချီပညာအခြေခံကို မိတ်ဆက် သင်ကြား ပေးသည့်
အကျိုးဆက်များအကြောင်း ဖြစ်သည်။ တိုးတက်
ခေတ်မီသော ကမ္ဘာကိုဦးဆောင် လိုသော နိုင်ငံများနှင့်
အနုပညာကို တန်ဖိုးထားသော နိုင်ငံများတွင် အခြေခ
ပညာကျောင်းများ၌ ပန်းချီပညာအခြေခံကို သင်ပေး
စမြဲဖြစ် ပါသည်။လူတိုင်းပန်းချီဆွဲတတ်ရမည်ဟု မဆို
လိုပါ။ သို့သော် ပန်းချီသဘောတရားများကို နားလည်
ရန်တော့ လိုအပ်ကြောင်း ကျနော်တို့ ငယ်စဉ်တည်း
ကပင် နားရည်ဝခဲ့ပါပြီ။
မူလတန်း၊ အလယ်တန်း၊ အထက်တန်းများ၌ ကျနော်တို့
ခေတ်က ဖွံ့ဖြိုးရေးဆိုသည့်အချိန်တွင် ပုံဆွဲခြင်းအတတ်ကို
အမြည်းအစမ်းမျှ သင်ယူဖူးပါသည်။ တိုတောင်းသော
ကာလသာ သင်ခွင့်ရခဲ့ပြီး နောက်ပိုင်းတွင် ဖွံ့ဖြိုးရေးအချိန်
ဆိုသည်မှာ ယောင်ချာချာ အားလပ် ချိန်လိုလို ပြီးဆုံး
သည်က များပါသည်။ ပန်းချီပညာအတွက် သင်ထောက်
ကူပစ္စည်းများ စရိတ်ကြီးမြင့်မှု ၊ ပြသနိုင်သူ ဆရာခေါ်
ယူရန်ခက်ခဲမှု၊ သက်ဆိုင်ရာကျောင်းများ၏ စိတ်အား
ထက်သန်မှု လျော့နည်းလာခြင်းတို့ကြောင့် ကျောင်းသား
ငယ်များ ပန်းချီပညာနှင့် ရှင်ခန်းပြတ်သလို ခံစားခဲ့
ရပါသည်။
.
ကလေးများကို သတိထားကြည့်ကြပါ။ ကလေးတိုင်းလို
ပုံဆွဲခြင်ကြသည်။ ဆွဲလည်း ဆွဲခဲ့ကြသည်။ ဆရာ၊ မိဘ
များက မည်မျှအားပေးနိုင်ခဲ့ကြပါသနည်း။ ဤနေရာတွင်
ပုံဆွဲခြင်းဟုသာ ကျနော်သုံးနှုန်းပါသည်။ ပန်းချီဟု မသုံး
နှုန်းပါ။ ကလေးတို့ထုံးစံအတိုင်း တကြောင်းဆွဲ ပန်းချီဟု
ခေါ်ရမည့် အမျိုးအစား ခဲခြစ်ပန်းချီ စသည်တို့ကပင်
စရစမြဲပါ။
.
အချို့မိဘတွေက စိုးရိမ်ကြသည်။ ကလေးက ပုံတွေပဲ
ဆွဲနေပြီး စာစိတ်မ၀င်စားရင် ဘယ်လိုလုပ်ကြမလဲ
ဆိုသည့် စိုးရိမ်စိတ်ကို အမှတ်ရကြပါလိမ့်မည်။ တကယ်
တော့ ပုံဆွဲခြင်း သို့မဟုတ် ပန်းချီ ရေးချယ်ခြင်းသည်
ကျောင်းစာစိတ်မ၀င်စားခြင်းနှင့် တိုက်ရိုက်လည်း အချိုး
မကျပါ။သို့သော် မိဘ အများစုက စာမကျက်ဖူး၊ ပုံချည်း
ဆွဲနေသည်ဟု ဆိုကာ အားမပေးပဲ တားမြစ်ခဲ့ကြသည်
ကပင် များပါသည်။
.
များစွာသော ကလေး တို့မှာ သူတို့ချစ်သော ခွေးရုပ်၊
ကြောင်ရုပ်၊ ငှက်နှင့် လိပ်ပြာ တောင်တန်း၊ နေလုံးနှင့်
မြက်ခင်း၊ တိမ်တိုက် တို့အား စိတ်ကြိုက်ဆေးရောင်ချယ်
ခွင့်ပင် ကောင်းစွာမရပဲ ဆုံးရှုံးခဲ့ရသူ များပါသည်။
ဘယ်စာသင်သင်၊ ဘယ်အလုပ်အကိုင်ရွေးရွေး ပန်းချီ
ပညာနားလည်ထားခြင်သည် မည်သည့် နည်းနှင့်မျှ
အချည်းနှီးမဖြစ်ပါ။ အရေးကြုံလျှင် အထောက်အပံ့
ကောင်းဖြစ်လာမည်ဟု ကျနော်တထစ်ချ ပြောဝံ့
ပါသည်။
.
အရောင်များတွင် မိတ်ဖက်၊ ဆန့်ကျင် သဘောတရား
များရှိနေသလို မျဉ်းကြောင်းများတွင်လည်း အဖြောင့်
အကွေး၊ အ၀ိုက် ၊ ထောင်မတ်၊ ရေပြင်ညီတို့တွင်
လည်း အဓိပ္ပာယ်ကိုယ်စီ။ ဥပမာ - ပိန်သော၊ရှည်သော
သူများအတွက် ကန့်လန့် စင်းများက ( ရှည်သည့်
အရာကို တိုသွားမည်ဟု အထင်ရောက်စေသည့်
အစွမ်းရှိသဖြင့် ) ပြေပြစ်စေသလို ၀သော ၊ တိုသော
သူများအတွက် မတ်တပ်စင်းများက သက်ရှိသက်မဲ့
အရာဝတ္ထုများကို မြင့်သည်၊ ရှည်သည်ဟု ထင်ရအောင်
လှည့်စားနိုင်စွမ်း ရှိကြကြောင်း နားလည်ထားခြင်းသည်
အကျိုးရှိပါသည်။
အရောင်များတွင်လည်း အပူရောင်၊ အအေးရောင် ၊
ကြားနေအရောင်များ ရှိသဖြင့် ဒီပန်းချီကားလေးကြည့်
လိုက်မှ ရင်ထဲကို အေးသွားတာပဲ (သို့မဟုတ်) ဒီပန်းချီ
ကားမြင်မှ အချမ်းပြေတော့တယ် နွေးသွားတာပဲဟု
ကျနော်တို့ခံစားဖူးကြပါသည်။ သို့ကြောင့်ပင် ဧည့်ခန်း၊
အလုပ်ခန်း၊ အိပ်ခန်း နားနေခန်း စသည်တို့၌ ပန်းချီနှင့်
စိတ်ပညာကို တတ်ကျွမ်းသူတို့က အရောင်များ စနစ်
တကျရွေးချယ် သုံးစွဲနိုင်မှုအပေါ် လူတို့ သက်သာရာ
ရကြ။ ခံစားမှုအပြောင်းအလဲများရကြခြင်း ဖြစ်ပါသည်။
.
ဆေးဖတ်မ၀င်သည့်အပင်မရှိ ဆိုသည့် ရှေးသမားပညာ
အဆိုရှိသည့်အလျောက် အကျိုးရှိအောင် သုံးဖို့က
သိဖို့လည်း လိုသေးသည်ကိုး။ အရောင်/မျဉ်းတို့ဖြင့်
ဖွဲ့စည်းထားသည့် ပန်းချီပညာတွင်လည်း သိသူဖော်
စားစမြဲဖြစ်ပါသည်။ ကမ္ဘာကျော်ဗိသုကာပညာရှင်များ
နှင့် အအောင်မြင်ဆုံး ဒီဇိုင်းနာဆရာများ မှန်သမျှ
ပန်းချီ ပညာနှင့် ကင်း၍ မရစကောင်းပါ။ ဒီဇိုင်းနာ
ဆိုရာတွင် အ၀တ်အစားတီထွင်သူမျှသာ မကပါ။
မော်တော် ယာဉ်များ၊ လူ့အသုံးအဆောင်မှန်သမျှ
ဒီဇိုင်းထုတ်သူတွေကို ဆိုပါသည်။ တီထွင်ဆန်းသစ်နိုင်မှု
အရည်အသွေးခြင်း တူသည်ဆိုလျှင် ပန်းချီအမြင်ရှိသူက
သာစမြဲဆိုတာ အားလုံးသိပြီးဖြစ်ပါသည်။
.
တီထွင်ဆန်းသစ်မှုအတွက် ကွင်းကျယ်လာသလို ပြိုင်
ဘက်တွေလည်း များလာသည့် ခေတ်ကြီးထဲ မည်မျှ
အရေးကြီးသည်ကို တွေးဆနိုင်ကြပါသည်။ ဒါက စီးပွားရှာ
အသက်မွေးမှုပဲလို့ ယူဆလိုက နောက်တမျိုး ကျနော်
တင်ပြပါရစေ။ ဘ၀အဓိပ္ပာယ်၏ အစိတ်အပိုင်းဖြစ်သော
မိမိနှင့်ဝန်းကျင်ကို အလှဆင်လိုသည့် လူတိုင်း ပန်းချီ
ပတ်သက်သည့် အခြေခံအသိအမြင် မရှိမဖြစ် လိုသေး
သည်ကိုလည်း ထောက်ပြလိုပါသည်။ စိတ်အပန်းဖြေ
ဖျော်ဖြေရေးပဲဖြစ်ဖြစ် ယုံကြည်ရာ အနာဂါတ်အတွက်
စည်းရုံးလှုံ့ဆော်သည်ပဲ ဖြစ်ဖြစ် အကျုံးဝင်ပါသည်။
ဥပမာ ရုပ်ရှင်တကားဖြင့် တင်ဆက်စည်းရုံးမည်
ဆိုလျှင်ပင် ဒါရိုက်တာတယောက်တွင် ပန်းချီအမြင်
ရှိရမည် ။ တတ်နိုင်ပါက ပန်းချီပညာရှင်ထံ အကြံယူ
ရိုက်ကူးရစမြဲဖြစ်ပါသည်။
.
အများပြည်သူ၏ ဘ၀အမောများဖြေဖျောက်ရန် ပန်းခြံ
တခု တည်ဆောက်မည်ပဲ ဆိုပါစို့ မြေပြင်အလှဆင်
ပညာရှင်တွေ ပန်းချီအသိအမြင် မလွဲမသွေ ရှိရပါ
တော့မည်။ ပန်းချီပညာ၏အရေးပါမှုကို သာဓကများ
ပြရလျှင် ဆုံးမည်မထင်ပါ။ ထိုအဖိုးတန် ပညာ၏
အခြေခံသဘောတရားများကို ကလေးတိုင်း သင်ယူဖူး၊
နားလည်ဖူးသင့်သည်ဟု ကျနော်တို့ ယုံပါသည်။
.
ကမ္ဘာကို ဦးဆောင်နေသော နိုင်ငံတကာကျောင်းများ၌
ပန်းချီပညာသာမက ဂီတိအခြေခံကိုပါ သင်ပေးကြစမြဲမို့
ခေတ်ကောင်း သို့ပြောင်းရန် အားထုတ်နေကြသော
ယခုကာလမျိုးတွင် ပျိုးခင်းနှင့်တူလှသော အခြေခံပညာ
ကျောင်းများတွင် သင်ရိုးညွှန်းတမ်းများ ပြန်သုံးသပ်
ရာတွင် အလေးအနက်ထားစဉ်းစားစေလိုကြောင်း
ကျနော်ချစ်ခင်သော ပန်းချီဆရာ များနှင့် စကားဝိုင်း
အပြီးတွင် ကျနော်တွေးနေမိပါသည်။
.
ပန်းချီပညာဆိုသည်မှာ ဖန်တီးနိုင်စွမ်း၊ အလှဆင်
လိုခြင်း ၊ လောကသစ္စာကို ရှာဖွေခြင်းတို့အတွက်
မရှိ မဖြစ်သလို နုနယ်သောနှလုံးများအတွက်လည်း
အရေးပါပါသေးသည်။ အချို့ဂိမ်းကစားပွဲများမှာ
ရည်ရွယ်ချက် ကောင်း ရှိလျှင်ရှိနိုင်သော်လည်း
အမှတ်တက် အနိုင်ရရေးအတွက် မညှာမတာ သတ်
ဖြတ်နေရရင်း ကြမ်းတမ်းသော စိတ်အလျင်များ
တရစပ်ကြီးစိုးနေတတ်ပါသည်။ စစ်ဆင်ရေး မစ်ရှင်
တခုပြီးမြောက်ဖို့အတွက် ရှင်းလင်းသုတ်သင် နေတဲ့
စိတ်အပြုအမူအစား၊ ကလေးတယောက်၏ အလှ
ဆင်လိုသော စိတ်အခြေခံဖြင့် ကောင်းကင်၊
မြေပြင် အပါ အ၀င် သက်ရှိသက်မဲ့များအပေါ်
ကြည်လင်သောအရောင်ကိုရွေး ဆေးချယ်နေသည့်
စိတ်က ငြိမ်းချမ်းမှု ၊သိမ်မွေ့ နူးညံ့မှုတို့ ပြွန်းသီး
နေမှာ အမှန်ဖြစ်ပါသည်။
.
ပန်းချီကားတချပ်ဆွဲမည်ဆိုလျှင်တော့ မတူညီမှုများ
ပေါင်းစပ်ရ မည်ဆိုသည့် အသိ၊ ဆန့်ကျင်ဘက်
အမှောင်၊ အလင်းနှင့် အရောင်များ၊ မျဉ်းများ တွဲဖက်
ရမည်ဆိုသည့် နားလည် မှုများ မလွဲမသွေ ရရှိလာ
ပါလိမ့်မည်။
.
ပန်းချီဆွဲခြင်းဖြင့် ကလေးတို့စိတ်များ နုညံ့သိမ်မွေ့
လာမည်။
နုညံ့သိမ်မွေ့ခြင်းသည် ပျော့ညံ့ခြင်း မျိုးမဟုတ်။
အပြုစိတ်၊ အကောင်းစိတ်။
ထိုစိတ်များ..
ကလေးတို့နှလုံးသား၌ မွေးမြူခွင့် ရသင့်ပါသည်။
.
ဒီရာသီကူးကို
အရင်နှစ်တွေလို အရောင်မညစ်စေချင်ဘူး
နွေဦးရေ လာ…
ကလေးရဲ့စုတ်ဖျားမှာ လိုက်ခဲ့
ဒီမှာ ပိတ်စအသစ်၊ ဆေးအသစ်
ကောင်းကင်သစ်ကသာ ကြည်လင်ပေးစမ်းပါ ….။
.
- ‪#‎မင်းကိုနိုင်‬
( ဂန့်ဂေါ၊ ပခုက္ကူ အထက်မြန်မာပြည် စာပေဟောပြောပွဲခရီး )

No comments:

Post a Comment