အဖေ၏အမေ (၃) (သုမောင်)
======================
ကျွန်တော်၏ စာဖတ်သူများက အဘွား အကြောင်းတွေ ရေးစမ်းပါဦးဟု ဆိုသဖြင့်သာ
ရေးရပါသည်။ တကယ်တော့ လက်က ခပ်ရွံ့ရွံ့ ပါပဲ။ အကြောင်းမှာ ကျွန်တော်က
အဘွားအကြောင်းကို အရှိအတိုင်း ရေးလိုက်သောအခါ အဖေ့အပေါ် အဘွားဆိုးခဲ့ပုံတွေ
ကွက်ကွက် ကွင်းကွင်း ပေါ်ကုန်ပါသည်။ ထိုအခါ ကျွန်တော့်အဖေ (သာဓု)ကို စာဖတ်သူ
က ပို၍ သနားကရုဏာ သက်လေ၏။
ကျွန်တော် မကြာခဏ ရေးဖူးပါသည်။
နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက် အကြောင်း အဆိုးဖြစ်စေ၊ အကောင်းဖြစ်စေ
အရင်းအတိုင်း ရေးလျှင် စာဖတ်သူက ပို၍ စိတ်ဝင်စားသည်။ လိုအပ်သည်ထက် ပို၍
အရသာ ရှိသလို ခံစားရသည်။ ဒါသည် လူ့သဘာဝ ဖြစ်သော်လည်း ထိုစာပေမျိုးကို
ရေးသောအခါ စာရေးဆရာသည် အလွန် သတိထားရပါသည်။ ထိုနာမည်ကြီး ပုဂ္ဂိုလ်ကို
ဇာတ်ကောင် နေရာထားပြီး ပရိသတ်ကို ဖမ်းစားသည် မှန်သော်လည်း အများသူငှာကို
ကိုယ်စားပြုသော အကျိုးပြု စေတနာ ရည်ညွှန်ချက်တော့ ပါရပါမည်။ အသားလွတ်
လူစိတ်ဝင်စား ပြီးပြီးရော ရေးဖို့ မသင့်ပါ။ ထို့ထက်ကား မိမိ ဗဟိုပြုသော
ပုဂ္ဂိုလ်အပေါ် ထိခိုက်နစ်နာစေသော အကြောင်းများကို တတ်နိုင်သလောက်
ရှောင်သင့်ပါသည်။ မိမိနှင့် ရန်ဘက်ပင် ဖြစ်ပါစေ။ အမနာပ ရေးမိသော
စာပေများသည် နောင်တစ်ချိန် နောင်တတရား ရစရာ ဖြစ်သွားပါလိမ့်မည်။ (ဤနေရာတွင်
အတ္ထုပ္ပတ္တိ စာပေမျိုးကို ခြွင်းချက်ထားပါသည်။ ဝေဖန်ရေး စာပေကိုတော့
ကျွန်တော် မကျွမ်းကျင်သဖြင့် မပြောလိုပါ) ယခု ကျွန်တော် ပြောနေသည်မှာ
ကျွန်တော် ရေးနေကျ ဖြစ်သော အသိုင်းအဝိုင်း အတွေ့အကြုံ စာပေမျိုးလေးမျှကိုသာ
ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော် ထိုအကြောင်းမျိုး ရေးလျှင် တတ်နိုင်သမျှ
အကောင်းကိုသာ ရှာကြံရေးပါသည်။
ဤစာစုတွင် ကျွန်တော်က အဘွားကို
ရည်ညွှန်းသော်လည်း အဖေ့ကို ပင်တိုင်ထားပါသည်။ ထို့ကြောင့် နာမည်ကြီး
တစ်ယောက် ဖြစ်သော အဖေ့သိက္ခာကို ဂရုစိုက်ရပါသည်။ အဖေ ကိုယ်တိုင်ကလည်း
ကျွန်တော့်အပေါ် တော်တော်ကြီး စိတ်မကောင်း ဖြစ်သွားခဲ့တာ ကြုံဖူးပါသည်။
“ပင်တိုင်စံ စိတ်မကောင်းပါဘူးကွယ်” ဟူသော လုံးချင်းဝတ္ထုရှည် တစ်ပုဒ်ကို
(၁၉၇၇ ) ကျွန်တော် ရေးခဲ့စဉ်က ဖြစ်သည်။ ကျွန်တော်က ဝတ္ထုရှည် ပုံသဏ္ဍာန်ဖြင့်
ဇာတ်အိမ်ဖွဲ့ပြီး ရေးသော်လည်း ဇာတ်လမ်းတွင် ဇာတ်လိုက်မင်းသား၏ဖခင်
နောက်အိမ်ထောင်ပြုသဖြင့် သားသမီးတွေ ခံစားရပုံ ဇာတ်ကွက် ပါဝင်သွားသည်။
ထိုအခါ တကယ့် ကျွန်တော်၏ အရှိဘဝ ငယ်စဉ်က ခံစားချက်တွေကို
ထည့်ရေးဖြစ်ခဲ့သည်။ ကျွန်တော်က ဝတ္ထုသဘောမျိုး ကွယ်ဝှက်ရေးသော်လည်း စာရေးဆရာ
ရင့်မကြီး ဖြစ်သော အဖေ (သာဓု) မရိပ်မိဘဲ ဘယ်ရှိပါမည်နည်း။ ထိုဝတ္ထု
ဖတ်ပြီးသော် အဖေ တော်တော် စိတ်မကောင်း ဖြစ်သွားရရှာသည်။ သူ၏
မှတ်စုစာအုပ်ကလေးထဲတွင် ကျွန်တော့်ဝတ္ထုနာမည်ကို တပ်ပြီး “မုန်းလျှင် အပြစ်
ချစ်လျှင် အကျိုး” ဟု စာတိုကလေး ရေးခဲ့သည်။ အဖေ ဆုံးပြီးမှ သူ့စာအုပ်စင်မှာ
ကျွန်တော်ပြန်တွေ့ခြင်း ဖြစ်သည်။ ဒါကို ကျွန်တော် ဖတ်ရတော့ မျက်ရည်ကျရသည်။
ကြည့်စမ်း၊ ရေးသူအတွက်ရော၊ အရေးခံရသူ အတွက်ပါ ထိခိုက်သွားတော့သည်
မဟုတ်လား။ ဒါတောင် ကျွန်တော်က လိမ္မာပါးနပ်စွာ ကွယ်ဝှက် ရေးတာနော်။
ထို့ကြောင့်ပင် နောင်သောအခါ ပုဂ္ဂိုလ်ရေး ပါလာလျှင် အကောင်းသို့သာ ညွှန်းသော
ဟာသဆန်သော အဖြစ်တို့ကိုသာ ကျွန်တော် ရွေးချယ်လာတတ်တော့သည်။ ထို့အတွက်
နောင်တစ်ချိန် ရှေးဟောင်း နှောင်းဖြစ် ပြန်ပြောလို့ပင် ကောင်းသေးတော့ဟု
မှတ်ယူပါသည်။
စကားမစပ် ပြောရဦးမည်။ ကျွန်တော် စာရေးဆရာ ပေါက်စ ဘဝက
ထိုစဉ်နာမည်ကြီး စာရေးဆရာ တစ်ယောက်သည် ကိုယ်ရေး မှတ်တမ်းတစ်ပုဒ်ကို
မဂ္ဂဇင်းတွင် ရေးပါသည်။ သူ၏သမီးက သူ့ကို ကလန်ကဆန် လုပ်သဖြင့် သမီး၏
မင်္ဂလာဆောင်သို့ သူမသွားဘဲ ဆန္ဒပြခဲ့သည့်အကြောင်း ဖြစ်သည်။
ထိုမဂ္ဂဇင်းထွက်လာတော့ အဖေသည် ထိုစာမူကို ဖတ်ပြီးပြီးချင်း ထိုစာရေးဆရာ
(ဖေဖေ့ထက်ဝါ ငယ်ပါသည်) ထံ တယ်လီဖုန်းဆက်ပြီး ပက်ပက်စက်စက် ပြောခဲ့တာကို
မှတ်မိနေပါ သေးသည်။
ထို့ကြောင့်ပင် ရွှေအမြုတေ၊ အမှတ် ၁၁၃နှင့် ၁၁၉ တို့တွင် ကျွန်တော် ရေးခဲ့သော အဖေနှင့် အဘွားအကြောင်း တို့သည် ပရိသတ်
ဖတ်လို့ကောင်းသည် ဆိုတာကပင် ကျွန်တော့်အဖို့ မထိတ်သာမလန့်သာ ဖြစ်ရပါသည်။
ပထမတစ်ပုဒ် “ကျွန်တော့်အဖေ၏ အမေအကြောင်း” ရွှေမှာ ပါလာတော့ “ကိုသုမောင်ရဲ့
အဘွား ဒါလောက်တောင် ဆိုးသလား” ဟု အမေးခံရသဖြင့် ဒုတိယတစ်ပုဒ် “အဖေ၏ အမေ
(၂)” တွင် ကျွန်တော်က အဘွားဆိုးခဲ့ပုံကို တစ်ဖက်၌ သတ္တိကောင်းပုံနှင့်
ထေပြီး ရေးခဲ့ရခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မရေးမဖြစ် ရေးရတော့မည် ဆိုလျှင်
ယခု အပုဒ်၌ အဘွားဆိုးခဲ့ပုံကို ဟာသသဘော၊ ပျော်စရာ ကောင်းသောသဘော ဖြစ်အောင်
ကျွန်တော် ရေးပါမည်။ အထူးသဖြင့် မိခင်ဖြစ်သူ၏ အနွံအတာအား အမေကို ချစ်သော
သားက ကပ်သီးကပ်သပ် ခံယူတတ်ပုံကို ဖော်ကျူးချင်ပါသည်။
* * *
ကျွန်တော့်အဖေ၏အမေ စာစုတွင် အဖေရေးခဲ့သော“အတာ” ဝတ္ထုရှည်ကြီးအကြောင်း
တစ်စွန်းတစ်စ ကျွန်တော် ဖော်ခဲ့ပါသည်။ “အတာ” သည် အဖေငယ်စဉ်က ဘဝဖြစ်သည်
ဟုလည်း ဝန်ခံခဲ့သည်။ ဒါသည်လည်း အဖေက သူကွယ်လွန်ခါနီးကျမှ ကိုဝင်းငြိမ်းကို
Interview တစ်ခုတွင် လူသိရှင်ကြား ဝန်ခံခဲ့သောကြောင့် ကျွန်တော်က
ရေးရဲခြင်း ဖြစ်သည်။ ကျွန်တော်တို့ကို ဆိုလျှင် ထိုဝတ္ထုသည်
သူ့ကိုယ်တွေ့ပါဟု အဘွား ဆုံးပါးပြီး အတော်ကြာမှ ဖွင့်ပြောခြင်း ဖြစ်သည်။
သူ့အမေ အပေါ် ကျွန်တော်တို့ စိတ်ကွက်မှာ စိုးလို့တဲ့။ ထို့ကြောင့်ပင်
ကျွန်တော်ကလည်း သူရို့ သားအမိအကြောင်းကို အဖေကွယ်လွန်ပြီးမှ
ဖောက်သည်ချခြင်း ဖြစ်ပါသည်။ အဖေ့အလိုအရ ပြောရလျှင်တော့ “အဖေ တစ်ယောက်
သူ့အမေအကြောင်းတွေ ပြန်သတိရပြီး စိတ်မချမ်းမသာ ဖြစ်သွားမှာ ကျွန်တော်က
စိုးရိမ်လို့ပါပဲ”။ ထို့ကြောင့် အဖေ ကွယ်လွန်ခါနီး အချိန်ကလေးကို စပြီး
ပြောပါမည်။
“ဆေးရုံက ဆင်းရင် အဖေ ဝင်ဒါမီယာအိမ်ကို မပြန်ဘူး။
သင်္ကန်းကျွန်း မင်းအိမ်ကို လိုက်နေမယ်” ဟု သူ့ကို ဆေးရုံ လက်လွှတ်လိုက်မှန်း
သိသော အချိန်တွင် အဖေက ပြောပါသည်။ သူခေါင်းချရန်အတွက် ကျွန်တော့်အိမ်ကို
ရွေးချယ်ခြင်းအတွက် ကျွန်တော့်မှာ အဆိုးထဲမှ အကောင်း တွေ့ရသလို
ဝမ်းနည်းဝမ်းသာ ဖြစ်ရပါသည်။ သို့သော် ကျွန်တော့် အထင်နှင့် အဖေ့စိတ်ကူးက
တခြားစီ ဖြစ်ပါသည်။
“မင်းအိမ်ဆောက်ထားတဲ့ နေရာက အရင် ငါ့အမေ ထမင်းချက်တဲ့ ဂိုဒေါင်နေရာ မဟုတ်လား”
ဪ ... သူမှတ်မိနေရှာပါတကား။
ကျွန်တော်ထင်သည်။ အကယ်၍သာ ကိုမင်းလူနှင့် ကိုရူပ ယခုနေထိုင်ကြသော
အိမ်ကလေးသည် ကျယ်ကျယ်ဝန်းဝန်း ရှိပါက ထိုအိမ်ကိုသာ သူခေါင်းချရန်
ရွေးပါလိမ့်မည်။ အကြောင်းမှာ ထိုအိမ်သည် အဖေ့အမေ (ဘွားဘွား)
ခေါင်းချသွားသော အိမ်ဖြစ်သောကြောင့်ပင်။ ပြီးတော့ ထိုစဉ်က ကိုမင်းလူမှာ
ခရီးရက်ရှည် ထွက်နေသဖြင့် အိမ်မှာ မရှိ။ တကယ်တော့ အဖေသည် ကျွန်တော့်ကို
အချစ်ပိုသော်လည်း မင်းလူနှင့် ရူပကို အားကိုးသူ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အဖေသည် (သတိ ကောင်းသူပီပီ) သူ၏အသုဘကို သူ့စိတ်တိုင်းကျ စီမံခဲ့ပါသည်။ နံပါတ်တစ် အစီအစဉ်အရ-
“သား ဗလကြီး၊ ကျိုက္ကဆံ သင်္ချိုင်းကိုသွား၊ ခလယ်ပေါက်တည့်တည့် ဝင်သွား၊
ဇရပ်ရဲ့ ဘယ်ဘက်၊ မင်းရဲ့ မျက်နှာချင်းဆိုင်ဆိုရင် ညာဘက် ပေါ့ကွာ၊ အဲဒီမှာ
အုတ်ဂူ တစ်ခု ရှိတယ်။ “ဒေါ်ဒေါ်ဥ (အသက် ၁၀၁ နှစ်)” လို့ ရေးထားတယ်။ အဲဒီ
ဒေါ်ဒေါ်ဥ ဂူနဲ့ ဆယ့်လေးငါးလှမ်း ခြားလောက် ပတ်ဝန်းကျင် မြေနေရာ
ကျန်နေသေးလားလို့ သွားစုံစမ်း”
အဖေက အမောဖောက်သံဖြင့် လေအကြော ရှည်နေသော်လည်း လိုရင်းကို ကျွန်တော်က သိနှင့်ပါပြီ။
“အဲဒီနေရာမှာ အမေနဲ့ မမကို မြှုပ်ခဲ့တာကွ။ ငါ့ကို အဲဒီနားမှာမြှုပ်။ အုတ်ဂူ မလုပ်နဲ့၊ မှတ်တိုင် မစိုက်နဲ့”
မတတ်သာသည့်အဆုံး ကျွန်တော်က ကျိုက္ကဆံ သင်္ချိုင်း ဟူ၍ မရှိတော့ကြောင်း၊ စံပြဆေးရုံကြီး ဆောက်ထားကြောင်း ပြောသောအခါ သာဓုခေါ်ပါသည်။
အဖေသည် သူသေလျှင်ပင် သူ့အမေနားမှာပင် နေချင်သူ ဖြစ်သော်လည်း တကယ်တမ်း
သူ့အမေ သေကောင်ပေါင်းလဲ ဖြစ်နေစဉ်ကတော့ အနီးကပ်ပြုစုခဲ့သူ မဟုတ်ပါ။
ကျွန်တော့်အဘွား အသက်ထွက်သွားသော အချိန်ကလေးတွင် မလှမ်းမကမ်းမှာ အဖေသည်
ရုပ်ရှင် ရိုက်နေဆဲ ဖြစ်သည်။ မှတ်မှတ်ရရ “အဖြေ” ဆိုသော ရုပ်ရှင်
ဇာတ်ကားတွင် မြတ်မွန် ပျော်ပျော်ပါးပါး သီချင်းဆိုခန်း ရိုက်နေဆဲ ဖြစ်သည်။
ထိုစဉ်က ကျွန်တော်သည် “ကလက်” ရိုက်နေသူမို့ မှတ်မိနေခြင်းပါ။
“ဘွားဘွား ဆုံးပြီ” ဟု တပည့်တစ်ယောက်က လာအကြောင်းကြားတော့ ကွက်ခနဲ
မျက်နှာပျက်သွားရုံမှ တစ်ပါး လက်ကာပြပြီး ရုပ်ရှင် ဆက်ရိုက်သည်။ နောက်ဆုံး
ပျော်ပျော်ပါးပါး၊ သီချင်းဆို သရုပ်ဆောင်ရန် မြတ်မွန် ခမျာ မတတ်နိုင်တော့ဘဲ
ဟီးချ ငိုကြွေးလေမှ အဖေက လုပ်ငန်းရပ်သည်။ သူ့အမေထံ သွားသည်။ ကန်တော့သည်။
အသုဘ အစီအစဉ်တွေ လုပ်သည်။
ထိုအဖြစ်အပျက်ကို အဖေ့အစ်မက
အပြစ်တင်သောအခါ “ကျွန်တော် အလုပ်ပျက် မခံတတ်တာ မမ သိသားဘဲ၊ အမေ့ အသက်ကို
ဆွဲထားလို့မှ မရတာ။ ဆရာဝန်က အစ အပြည့်အစုံ ရှိနေသားပဲ”
အဖေ
ပြောတာလည်း မှန်ပါသည်။ အဘွားသည် မကွယ်လွန်မီမှာပင် ဆရာဝန်လက်လွှတ်၍
မြောနေခဲ့တာ ကြာပါပြီ။ သို့သော် အဘွား ဆုံးစရက်တွေက အဖေသည်
ညဉ့်နက်သန်းခေါင် သူ့အမေ မြေပုံရှိရာ သင်္ချိုင်းမှာတစ်ယောက်တည်း
သွားသွားထိုင်နေခဲ့ရှာသည်။
ဒါနှင့်ဆက်စပ်၍ အဘွားမကွယ်လွန်ခင်
သုံးနှစ်လောက်က အဖြစ်အပျက်ကိုလည်း ကျွန်တော် မှတ်မိနေသည်။ ထိုစဉ်ကလည်း
အဘွားသည် သေကောင်ပေါင်းလဲ ပါပဲ။ ဆရာဝန်ကလည်း လက်လွှတ် လိုက်ပါပြီ။ (ထိုစဉ်က
မိသားစုဆရာဝန်မှာ ယခု ကျောက်ကုန်းက ဆရာဝန်ကြီး ဦးစိုးမြင့် ဖြစ်သည်။ ယခင်က
အဏုမြူဓာတ်ရောင်ခြည် ဌာနမှူးကြီး ဒေါက်တာ စိုးမြင့်) ဆရာ ဦးစိုးမြင့်က-
“အစ်ကိုသာဓု၊ အမေကတော့ ရက်ပိုင်း၊ လပိုင်းပဲ။ ဒီတော့ သူစားချင်တာကျွေး၊
လုပ်ချင်တာ လုပ်ပေးလိုက်ပါတော့” ဟုဆိုသည်။ အဘွားကို ဘာလုပ်ချင်သလဲ မေးတော့
“မြေးတွေ ရှင်ပြုပေး” ဆိုသဖြင့် ကျွန်တော်တို့ ညီအစ်ကို တစ်တွေ
ငယ်ငယ်ရွယ်ရွယ်နှင့် ရှင်ပြုလိုက် ကြရသည်။ အဖြစ် သဘောမျိုးပေါ့။ ဒါကို အဖေက
ရုပ်ရှင်ဖလင်ဖြင့် မှတ်တမ်းတင် ရိုက်ကူးပေးရသည်။ သူ့ အမေ အိပ်ရာထက်မှ
ပက်လက် ကြည့်ရှုနိုင်ရန် ကုတင်ခြေရင်းတွင် ပိတ်စအဖြူ ကာပြီး ပြန်ပြသပေး
ခဲ့ရသည်။ သို့သော်-
“အမေ ဘာလေးများ စားချင်သလဲ” ဟု အဖေက မေးတော့
“လိပ်ဥ၊ ဒူးရင်းသီး၊ ငါးသလောက်ပေါင်း”တဲ့။
လက်လွှတ်ရတော့မည့် အတူတူမို့ အဖေ့ခမျာ မြိတ်ကျွန်းစုဘက်က လူလွတ်ပြီး
လိပ်ဥရှာခဲ့ရသည်။ ထိုအချိန်တွင် အဘွားသည် ခြေရောလက်ရော၊ ပါးရောဗိုက်ရော
ဖောနေပါ ပြီ။ သို့ရာတွင် နောက်ဆုံး ဆန္ဒအနေနှင့် သူစားချင်ရာတွေကို
ကျွေးလိုက်သောအခါတွင်မူကား ဘယ်လိုကဘယ်လို ဖြစ်သည် မသိ။ ကျွန်တော်
စောစောကပြောသော သူတကယ် ကွယ်လွန်ချိန် နောက်ထပ် သုံးနှစ်အထိ
ဒေါင်ဒေါင်မြည်မြည် နေသွားခဲ့ ပါတော့သတည်း။
ဒါကို ခုတလော
ကျွန်တော်ထမင်းမစားချင်ဘဲ ခေါက်ဆွဲလိုမျိုး၊ ပလာတာ လိုမျိုး စသဖြင့်
စားချင်နေသဖြင့် ခုနကပြောသော ဆရာကြီး ဦးစိုးမြင့်အား တိုင်ပင်သောအခါ
ဆရာကြီးက-
“အဲဒါ မင်းရဲ့ သွေးသားက တောင်းဆိုတာပဲကွ။ မင်းဘွားဘွား
အကြောင်း မမှတ်မိဘူးလား။ အဟာရဖြစ်မယ့်ဟာဆို ထမင်းလွတ် စား သာစား။ မင်းမှာ
သွေးတိုး၊ ဆီးချို၊ နှလုံး စတဲ့ ရောဂါကြီးတွေမှ မရှိဘဲ။ ခံတွင်းတွေ့ရင်
အဝသာ စားကွ။ အေး ... ခွေးကောင်၊ အရက်တော့ မပါဘူးနော်” ဟု ရယ်ပွဲ ဖွဲ့၍
ပြန်ပြောပါသည်။
အဘွားအကြောင်း ပြန်ဆက်ရလျှင် ထိုကဲ့သို့
မဟုတ်ကဟုတ်က သူ အာသာငမ်းငမ်း ရှိတာတွေ တစ်ဝတစ်ပြဲ စားပြီး သေရွာပြန်ခဲ့သော
သုံးနှစ်တာ ကာလအတွင်း နောက်ဆုံး တောင့်တသော ဆန္ဒသည်ကား သူ့အိမ်တွင် ဖဲဝိုင်း
ထောင်ခိုင်းခြင်း ဖြစ်သည်။
“ဟဲ့ ... သာဓု၊ ငါက ဘယ်အချိန်
ပြန်သေဦးမလဲ မသိဘူး။ ဒီတော့ ငါ့အိမ်မှာ မသာဖဲဝိုင်း ခုကတည်းက လုပ်မယ်။
ငါ့ကို ဖဲရိုက်ဖို့ ပိုက်ဆံမှန်မှန် ပေးရမယ်။ နင့်အလုပ်သမားတွေထဲက အလှည့်ကျ
ငါနဲ့ ဖဲရိုက်ဖို့ နှစ်ယောက်၊ သုံးယောက် စီစဉ်ပေးရမယ်”
အဘွား၏
ဆန္ဒထူးကို အဖေက စီစဉ်ပေးရှာပါသည်။ (ထိုစဉ်က မြင်းပွဲတွေ မရှိသဖြင့်
တော်သေးသည်။ နော့မို့ဖြင့် မလွယ်ပါကလား) သို့သော် ကျွန်တော် မှတ်မိသလောက်
အဘွားအတွက် ဖဲရိုက်ဘက်များ ဖြစ်ကြရသူများ ထိုစဉ်က အဖေနှင့် (ဗိုလ်ကာတွန်း
ရိုက်နေဆဲမို့) လုပ်ဖော်ကိုင်ဖက် ဦးလေး ဖိုးပါကြီး၊ ဦးလေး ဂျော်လီဆွေ၊
ဦးလေး သန်းနွဲ့တို့၏ ဇနီးသည်များ ဖြစ်တတ်ကြပါသည်။ တစ်ခါတစ်ရံ သူတို့
အားလပ်ပါမှ အဖေ့ အလုပ်သမားတွေက အလှည့်ကျ ဝိုင်းထိုင်ပေးရသည်။
နောက်တစ်ကြိမ် အဘွား တကယ် မသေဆုံးမီ သုံးနှစ်လောက်အတွင်း အဘွား၏ ဖဲဝိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိသော အကြောင်းကို မှတ်မိနေပြန်ပါသည်။
အခြား မဟုတ်ပါ။ ဖဲဝိုင်းတို့ သဘာဝ အရှုံးအနိုင် ဆိုတာ ရှိပါသည်။ အမြဲတမ်း
မနိုင်ပါ။ အထူးသဖြင့် အရှုံးများပါသည်။ အဘွားသည် မကြာခဏ ရှုံးပါသည်။ သို့သော်
သူ့ အလိုကိုလိုက်၍ ကျန်လူများက လက်လျှော့ပေးလျှင်လည်း မကြိုက်ပါ။ မအေတွေ၊
နှမတွေ စုံအောင် ဆဲတတ်ပါသည်။ သူ့ကို အရှုံးပေး ကစားခြင်းကိုပင် “ငါ့ကို
ဖဲလိမ်ရိုက်ကြတယ်” ဟု ပြောင်းပြန်အသုံးဖြင့် အပြစ်ဖို့သည်။ အဘွားက သစ္စာတော့
ရှိသည်။
အဘွား ဖဲရှုံးလျှင် လုပ်လေ့လုပ်ထ တစ်ခုရှိသည်။ ပိန်မသာ
လိမ်မသာ ရှုံးနေလျှင်တော့ သူ့သမီး (အဖေ့အစ်မ) ထံမှ လည်းကောင်း၊
မမြတ်မွန်ထံမှ လည်းကောင်း ချေးပြီး ဆက်ရိုက်သည်။ မဆံ့အင်ကာ
ရှုံးပြီဆိုလျှင်တော့ ဖဲဝိုင်းထဲမှာပင်လျှင် ရုတ်တရက် ထပြီး (မရိုသေ့စကား)
ရှူရှူးတွေ တဖြန်းဖြန်း ပေါက်ချ ပါတော့သည်။ ဖဲဝိုင်းပေါ် ပစ်လှဲချပြီး
“မူးတယ် ... မူးတယ်၊ ငါသေတော့မယ်” ဟု လုပ်ချလိုက်ပါတော့သည်။
အဘွား
ထိုသို့ဖြစ်ပြီဆိုလျှင် ကျွန်တော် အဖေ့ကို ပြေး၍ ခေါ်ရပါသည်။ ဒါမျိုးက
ရိုးနေပြီ ဆိုတာလိုမို့ အဖေကလည်း အဘွားအတွက် အသက်ကယ်ဆေးကို တစ်ပါတည်းယူပြီး
လာရရှာပါသည်။ ထို အသက်ကယ်ဆေးကား အခြားမဟုတ်။ ထိုစဉ်က သုံးသော ငွေစက္ကူ
အချပ်ကြီး တစ်ချပ်မျှသာ ဖြစ်ပါသည်။
ထူးခြားသည်မှာ (သို့မဟုတ်) အသေအချာ စီစဉ်ထားရသည်မှာ ထိုငွေစက္ကူ အချပ်ကြီးသည် အသစ်ကျပ်ချွတ် ဖြစ်ရပါမည်။ ပိုက်ဆံနံ့ သင်းနေရပါမည်။
အဖေသည် ရုပ်ရှင်ထဲက မင်းသားနှင့် သူ့အမေ ဇာတ်ဝင်ခန်း အိုက်တင်လုပ်သလို
အဘွားကို ကျောမှာ သိုင်းပြီး ပွေ့ပါသည်။ ပြီးတော့ စောစောကပြောသော
သူအဆင်သင့် ယူလာသည့် ငွေစက္ကူ အသစ်ကျပ်ချွတ် အရွက်ကြီးကို သူ့အမေ၏
နှာခေါင်းဝတွင် ယပ်ခတ်သကဲ့သို့ တဖျပ်ဖျပ်ခတ်ရင်း-
“အမေ ... အမေ
ကျွန်တော် အနားမှာ ရှိတယ်လေ” ဟု ပြောရရှာပါသည်။ ထိုအခါမှ အဘွားသည်
နတ်ဝင်သည် နတ်ထွက်သွားသလို ဟင်းခနဲ သက်ပြင်းချပြီး သတိ ပြန်လည်လာသည်
ဟူသတတ်။
ကောင်းပါပြီ။ အဖေ ခရီးထွက်တာလိုမျိုး အခိုက်၌ အဘွား ထိုသို့ ဖြစ်နေပြီဆိုလျှင် ဘယ့်နှယ်လုပ်မည်နည်း။
အဘွားအဖို့ကတော့ လွယ်လွယ်ကလေး ဖြစ်သည်။
အဖေက သူ့အမေနှင့် အစ်မကို ရွှေဘီးကုပ် တစ်ခုစီ လုပ်ပေးထားသည်။ ရှေးလူကြီး
အမယ်အိုများ ရွှေဘီးကုပ်တွေ၊ ဆံထုံးတွေ စိုက်ထားဦကတာ မြင်ဖူးကြပါလိမ့်မည်။
အဘွားသည် နလံ မထူနိုင်အောင် ဖဲရှုံးလျှင်၊ အဖေကလည်း ခရီးထွက်နေလျှင်
ထိုရွှေဘီးကုပ်ကို သူ စိတ်ချရသော ဖဲရိုက်ဘက် အဖော်ထံတွင်
ပေါင်နှံလိုက်ရုံပေါ့။ သို့သော် သူ့အမေ ခေါင်းပေါ်တွင် အမြဲထိုးထားသော
ရွှေဘီးကုပ် ထိုသို့ ရျုတ်တရက် ပျောက်သွားတာကို အဖေသိမှာ မပးရပါ။
အဘယ်ကြောင့်ဆိုသော် အဘွားတွင် ရွှေဘီးကုပ်နှင့် တစ်ထေရာတည်း အသင့်လုပ်ထားသော
ဦးဖိုးချမ်း ရှိနေသောကြောင့်ပင်။ (ဦးဖိုးချမ်းဆိုတာ ခုခေတ်လူငယ်တွေ
သိအောင် ပြောရရင် ရွှေရည်စိမ် အတုပေါ့)
--------
သုမောင်
ရွှေအမြုတေ၊ နိုဝင်ဘာလ၊ ၁၉၉၉။
(မျိုးရိုးထဲမှ ဆိုးပေကြီးများ)
No comments:
Post a Comment